‘အိုဘုရားသခင်၊ ကိုယ်တော်၏အလင်းကို စေလွှတ်တော်မူပါ’
‘အိုဘုရားသခင်၊ ကိုယ်တော်၏အလင်းကို စေလွှတ်တော်မူပါ’
“အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူပါ။ သူတို့သည် လမ်းပြ၍ . . . အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။”—ဆာလံ ၄၃:၃။
၁။ ယေဟောဝါသည် ကိုယ်တော်၏ရည်ရွယ်ချက်များကို မည်သို့ဖော်ပြခဲ့သနည်း။
ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို မိမိ၏ကျေးကျွန်များအားသိရှိစေရာတွင် အလွန်ထောက်ထားစာနာတော်မူ၏။ အမှန်တရားရှိသမျှကို တစ်ပြိုင်နက်ဖော်ပြမည့်အစား တဖြည်းဖြည်းတိုးသိနားလည်လာစေသည်။ ကျွန်ုပ်တို့၏ဘဝခရီးစဉ်ကို ခြေလျင်ခရီးသည်တစ်ဦး၏ခရီးရှည်နှင့် နှိုင်းယှဉ်နိုင်ပေမည်။ သူသည် နံနက်စောစော ခရီးစတင်ခဲ့၍ ကောင်းစွာမမြင်ရပေ။ မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်းနေထွက်လာသည်နှင့် ခရီးသည်သည် သူ့ပတ်ဝန်းကျင်ရှိ အနေအထားအနည်းငယ်ကို သဲသဲကွဲကွဲသိမြင်လာပေသည်။ အ
ခြားအရာတို့ကို ဝိုးတိုးဝါးတားသာ သူမြင်ရပေမည်။ သို့သော် နေတက်လာသည်နှင့်အမျှ အဝေးသို့တိုး၍တိုး၍မြင်နိုင်လေသည်။ ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်ရေးရာအလင်းသည်လည်း ထိုနည်းတူပင်။ အရာအချို့ကို တစ်ချိန်လျှင် အနည်းငယ်သာ သိနားလည်ခွင့်ပေးတော်မူ၏။ ဘုရားသခင့်သားတော် ယေရှုခရစ်သည် ဝိညာဉ်ရေးထွန်းလင်းမှုကို ထိုနည်းအတိုင်းပေးခဲ့သည်။ ရှေးခေတ်မှ မိမိ၏လူမျိုးတော်ကို ယေဟောဝါသည် ဉာဏ်အလင်း မည်သို့ထွန်းလင်းပေးခဲ့ပြီး ယနေ့မည်သို့ထွန်းလင်းပေးကြောင်းကို သုံးသပ်ကြည့်ကြစို့။၂။ ယေဟောဝါသည် ခရစ်ယာန်ခေတ်မတိုင်မီက ဉာဏ်အလင်း မည်သို့ပေးခဲ့သနည်း။
၂ ၄၃ ခုမြောက် ဆာလံကိုစပ်ဆိုသူများမှာ ကောရ၏သားများဖြစ်ကြသည်။ လေဝိသားများအနေနှင့် သူတို့သည် ဘုရားသခင့်ပညတ်တော်ကို လူတို့အားသွန်သင်ပေးရသည့် အခွင့်ထူးရထားကြ၏။ (မာလခိ ၂:၇) သူတို့၏ကြီးမြတ်သောသွန်သင်ပေးရှင်သည် ယေဟောဝါပင်ဖြစ်ပြီး ဉာဏ်ပညာရှိသမျှ၏ရင်းမြစ်အဖြစ် ကိုယ်တော်အား သူတို့မျှော်ကိုးခဲ့ကြသည်။ (ဟေရှာယ ၃၀:၂၀) “အိုဘုရားသခင်၊ . . . အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်၍ . . . လမ်းပြဖို့ ရောက်စေတော်မူပါ” ဟုဆာလံဆရာဆုတောင်းခဲ့သည်။ (ဆာလံ ၄၃:၁၊ ၃၊ သမ) ဣသရေလလူတို့သည် ယေဟောဝါအား သစ္စာရှိ သမျှကာလပတ်လုံး ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်များကို သွန်သင်ပေးခဲ့သည်။ ရာစုနှစ်များစွာကုန်လွန်ပြီးနောက် အထူးခြားဆုံးအလင်းနှင့် အမှန်တရားဖြင့် သူတို့ကိုယေဟောဝါမျက်နှာသာပေးခဲ့သည်။ မိမိ၏သားတော်ကို မြေကြီးသို့ ဘုရားသခင်စေလွှတ်သောအခါ ထိုသို့ပြုခဲ့သည်။
၃။ ယေရှု၏သွန်သင်ချက်အားဖြင့် ဂျူးများသည် မည်သို့စမ်းသပ်ခံခဲ့ကြရသနည်း။
၃ လူသားယေရှုခရစ်အဖြစ် ဘုရားသခင့်သားတော်သည် အမှန်ပင် “ဤလောက၏အလင်းဖြစ်၏။” (ယောဟန် ၈:၁၂) ကိုယ်တော်သည် “ဥပမာစကားအားဖြင့် များစွာ”—အသစ်သောအရာများ—သွန်သင်ပေးခဲ့သည်။ (မာကု ၄:၂) “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်” ဟုပုန္တိပိလတ်မင်းကို ကိုယ်တော်ပြောခဲ့သည်။ (ယောဟန် ၁၈:၃၆) ယင်းသည် ရောမလူမျိုးတစ်ဦးအတွက်နှင့် လူမျိုးရေးစိတ်ပြင်းထန်သောဂျူးများအတွက် အမှန်ပင် အယူအဆသစ်တစ်ခုဖြစ်သည်၊ အကြောင်းမှာ မေရှိယသည် ရောမအင်ပါယာကိုရှုံးနိမ့်စေပြီး ဣသရေလနိုင်ငံကို ယခင်ဘုန်းတန်ခိုးပြန်ရစေမည်ဟု သူတို့ယူမှတ်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။ ယေရှုသည် ယေဟောဝါထံမှအလင်းကို ထွန်းလင်းပြနေသော်လည်း “ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို သာ၍နှစ်သက်” ကြသော ဂျူးဘာသာရေးခေါင်းဆောင်များသည် ကိုယ်တော်၏စကားကို မနှစ်သက်ခဲ့ကြချေ။ (ယောဟန် ၁၂:၄၂၊ ၄၃) များစွာသောသူတို့သည် ဘုရားသခင်ထံမှ ဝိညာဉ်ရေးရာအလင်းနှင့် အမှန်တရားကိုလက်ခံမည့်အစား လူ့ထုံးတမ်းစဉ်လာများကို ဆည်းကပ်ဖို့ရွေးချယ်ခဲ့ကြသည်။—ဆာလံ ၄၃:၃; မဿဲ ၁၃:၁၅။
၄။ ယေရှု၏တပည့်တော်များသည် နားလည်မှုဆက်တိုးပွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
၄ သို့ရာတွင် ယေရှုသွန်သင်ပေးသောအမှန်တရားကို စိတ်နှလုံးရိုးဖြောင့်သူ အမျိုးသား၊ အမျိုးသမီးအချို့က ဝမ်းပန်းတသာခံယူခဲ့ကြသည်။ ဘုရားသခင့်ရည်ရွယ်ချက်များကို သူတို့သဘောပေါက်နားလည်မှုသည် မှန်မှန်တိုးတက်လာ၏။ သို့သော် သူတို့ဆရာ၏မြေကြီးအသက်တာ ကုန်ဆုံးချိန်နီးကပ်လာသည်အထိ သူတို့၌သင်ယူစရာများစွာ ကျန်ရှိနေဆဲဖြစ်သည်။ သူတို့ကိုယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့အားငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည်ယခုမခံနိုင်ကြ။” (ယောဟန် ၁၆:၁၂) တပည့်တော်များသည် ဘုရားသခင့်အမှန်တရားကို နားလည်ခြင်း၌ ဆက်၍တိုးပွားကြမည်ဖြစ်သည်။
အလင်းဆက်၍ထွန်းလင်း
၅။ ပထမရာစုတွင် အဘယ်မေးခွန်းပေါ်ပေါက်ခဲ့ပြီး ယင်းကိုဖြေရှင်းဖို့ မည်သူတို့၌တာဝန်ရှိခဲ့သနည်း။
၅ ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ဘုရားသခင့်ထံတော်မှအလင်းသည် ယခင်ကထက်သာ၍ထွန်းလင်းလာလေသည်။ ပေတရုကိုပေးသည့်အဆင်းအာရုံတစ်ခု၌ အရေဖျားလှီးခြင်းမခံထားသော တစ်ပါးအမျိုးသားများသည် ခရစ်တော်၏နောက်လိုက်များဖြစ်လာနိုင်ကြောင်း ယေဟောဝါဖော်ပြခဲ့သည်။ (တမန်တော် ၁၀:၉-၁၇) တကယ့်ဖော်ထုတ်ချက်တစ်ရပ်ပါတကား! သို့သော် နောက်ပိုင်းတွင် ဤသို့မေးစရာပေါ်လာသည်– ထိုတစ်ပါးအမျိုးသားများသည် ခရစ်ယာန်ဖြစ်လာပြီးနောက် အရေဖျားလှီးကြရန် သူတို့ကို ယေဟောဝါတောင်းဆိုသလော။ အဆိုပါအဆင်းအာရုံ၌ ထိုမေးခွန်းကို ဖြေကြားခြင်းမရှိသည့်အတွက် ၎င်းကိုခရစ်ယာန်များ အပြင်းအထန်ငြင်းခုံဆွေးနွေးခဲ့ကြသည်။ သူတို့၏အဖိုးတန်စည်းလုံးမှု ပျက်ပြားမည်စိုးသောကြောင့် ၎င်းကိုဖြေရှင်းကြရပေမည်။ ထို့ကြောင့် ယေရုရှလင်မြို့တွင် “တမန်တော်တို့နှင့်သင်းအုပ်တို့သည် ထိုအမှုကိုကြည့်ရှုဆင်ခြင်ခြင်းငှာ စည်းဝေးကြ၏။”—တမန်တော် ၁၅:၁၊ ၂၊ ၆။
၆။ အရေဖျားလှီးခြင်းကိစ္စကို ဆင်ခြင်သုံးသပ်ကြသည့်အခါ တမန်တော်များနှင့် အသက်ကြီးသူတို့သည် အဘယ်အစီအစဉ်ကို လိုက်နာခဲ့ကြသနည်း။
၆ ထိုအစည်းအဝေးကိုတက်ရောက်သူတို့သည် ယုံကြည်သူတစ်ပါးအမျိုးသားများအတွက် ဘုရားသခင့်အလိုတော်ကို မည်သို့ပိုင်းဖြတ်နိုင်ကြမည်နည်း။ ယေဟောဝါသည် ထိုဆွေးနွေးခန်းများကိုကြီးကြပ်ဖို့ ကောင်းကင်တမန်တစ်ပါး မစေလွှတ်ခဲ့သည့်နည်းတူ တက်ရောက်နေသူများအား အဆင်းအာရုံလည်းမပေးခဲ့ချေ။ သို့သော် တမန်တော်များနှင့် အသက်ကြီးသူတို့သည် ညွှန်ကြားချက်လုံးဝမရဘဲ ပစ်ထားမခံခဲ့ကြရပါ။ အရေဖျားလှီးခြင်းမခံထားသော တစ်ပါးအမျိုးသားများအပေါ် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းလျက် လူမျိုးအပေါင်းမှသူတို့နှင့် ဘုရားသခင်မည်သို့စတင်ဆက်ဆံနေကြောင်းကို တွေ့မြင်ခဲ့ကြရသူ ဂျူးခရစ်ယာန်အချို့၏ သက်သေခံချက်ကို သူတို့သုံးသပ်ခဲ့ကြသည်။ လမ်းညွှန်မှုရဖို့အတွက် ကျမ်းချက်များကိုလည်း သူတို့ရှာဖွေခဲ့ကြသည်။ အကျိုးရလဒ်မှာ တပည့်တော်ယာကုပ်သည် ဉာဏ်အတမန်တော် ၁၅:၁၂-၂၉; ၁၆:၄။
လင်းပေးသည့် ကျမ်းချက်တစ်ခုကိုအခြေပြုသော အကြံပြုချက်တစ်ခုတင်ပြခဲ့သည်။ သက်သေအထောက်အထားကို သူတို့ဆင်ခြင်သုံးသပ်ကြရာတွင် လူမျိုးအပေါင်းမှသူတို့သည် ယေဟောဝါ၏မျက်နှာသာခံစားကြရရန် အရေဖျားလှီးစရာမလိုဟူသော ဘုရားသခင့်အလိုတော်ကို ရှင်းလင်းစွာနားလည်လာခဲ့သည်။ တမန်တော်များနှင့် အသက်ကြီးသူတို့သည် ထိုဆုံးဖြတ်ချက်အတိုင်း ခရစ်ယာန်ချင်းများ လမ်းညွှန်ခံရဖို့ ၎င်းကိုမဆိုင်းမတွရေးသားခဲ့ကြသည်။—၇။ ပထမရာစုခရစ်ယာန်များသည် မည်သည့်နည်းလမ်းတွင် အဆင့်ဆင့်တိုးတက်ခဲ့သနည်း။
၇ ၎င်းအစီအစဉ်ကိုလက်ခံခြင်းက တစ်ပါးအမျိုးသားအများစုနှင့် ပတ်သက်သောရှုမြင်ပုံကို ပြောင်းလဲလိုက်ဖို့လိုသည့်တိုင် ဂျူးခရစ်ယာန်အများစုသည် လူမျိုးအပေါင်းမှသူတို့နှင့်စပ်လျဉ်းသော ဘုရားသခင့်ရည်ရွယ်ချက်ကို ဤမှတ်သားဖွယ်နားလည်မှုအသစ်အတိုင်း လက်ခံရရှိကြသောအခါ ဘိုးဘေးများ၏ ထုံးတမ်းစဉ်လာများကိုဆုပ်ကိုင်ထားလိုကြသော ဂျူးဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ ရွှင်လန်းအားရခဲ့ကြသည်။ သူတို့၏နှိမ့်ချသောသဘောထားကို ယေဟောဝါကောင်းချီးပေးခဲ့ပြီး “အသင်းတော်တို့သည် ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွားများပြားကြ၏။”—တမန်တော် ၁၅:၃၁; ၁၆:၅။
၈။ (က) ပထမရာစုကုန်ပြီးနောက် သာ၍ထွန်းလင်းလာမည်ကို ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။ (ခ) အဘယ်ဆီလျော်သောမေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၈ ဝိညာဉ်ရေးရာအလင်းသည် ပထမရာစုတစ်လျှောက် ဆက်၍ထွန်းလင်းခဲ့သည်။ သို့ရာတွင် ယေဟောဝါသည် ကိုယ်တော့်ရည်ရွယ်ချက်များ၏ အသွင်အပြင်အားလုံးကို ကနဦးခရစ်ယာန်များအား မဖော်ပြခဲ့ချေ။ ပထမရာစုမှယုံကြည်သူချင်းတို့အား တမန်တော်ပေါလုကဤသို့ဆိုခဲ့သည်– “ယခုတွင် ငါတို့သည် သတ္တုကြေးမုံအားဖြင့် မှုန်မွှားမွှားသာမြင်ရကြ၏။” (၁ ကောရိန္သု ၁၃:၁၂၊ ကဘ) ထိုသို့သောကြေးမုံသည် အကောင်းဆုံးရောင်ပြန်စေသော မှန်သားပြင်မဟုတ်ပါ။ ထို့ကြောင့် ပထမတွင် ဝိညာဉ်ရေးအလင်းကိုနားလည်မှုသည် အကန့်အသတ်ရှိပေမည်။ တမန်တော်များသေဆုံးပြီးနောက် ခေတ္တမျှအလင်းမှေးမှိန်သွားခဲ့သော်လည်း မကြာမီအချိန်တွင် ဝိညာဉ်ရေးအသိပညာကြွယ်ဝလာလေသည်။ (ဒံယေလ ၁၂:၄) ယေဟောဝါသည် ယနေ့ မိမိ၏လူမျိုးတော်ကို ဉာဏ်အလင်းမည်သို့ပေးသနည်း။ ကျမ်းချက်များကိုတိုးသိနားလည်စေသောအခါ မည်သို့တုံ့ပြန်သင့်သနည်း။
အလင်းအဆင့်ဆင့်ထွန်းလင်း
၉။ အစောပိုင်းကျမ်းစာကျောင်းသားများသည် အဘယ်ထူးခြား၍ထိရောက်သော ကျမ်းစာလေ့လာနည်းကို အသုံးပြုခဲ့ကြသနည်း။
၉ မျက်မှောက်ခေတ်တွင် ၁၉ ရာစု၏လေးပုံသုံးပုံ၌ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးတစ်စုသည် ကျမ်းစာကို စိတ်အားထက်သန်စွာစတင်လေ့လာခဲ့ကြသောအခါ စစ်မှန်သောအလင်း ပထမဦးဆုံး ရေးရေးလေးပေါ်လာလေသည်။ ကျမ်းစာလေ့လာမှုအတွက် လက်တွေ့ကျသောနည်းတစ်နည်းကို သူတို့တီထွင်ခဲ့ကြသည်။ တစ်ဦးဦးက မေးခွန်းထုတ်လိုက်မည်; ထိုအခါ ၎င်းအုပ်စုသည် သက်ဆိုင်ရာကျမ်းချက်များအားလုံးကို လေ့လာဆန်းစစ်ကြပေမည်။ ကျမ်းချက်တစ်ချက်သည် အခြားကျမ်းချက်တစ်ခုနှင့်ဆန့်ကျင်ဟန်ရှိသည့်အခါ ဤစိတ်ရင်းမှန်သောခရစ်ယာန်များသည် ထိုကျမ်းချက်နှစ်ချက်ကိုညီညွတ်စေရန် ကြိုးပမ်းကြ၏။ ကျမ်းစာကျောင်းသားများ (ထိုစဉ်ကယေဟောဝါသက်သေများအား ခေါ်ဆို
သည့်အမည်) သည် ထိုအချိန်မှဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ ထုံးတမ်းစဉ်လာ သို့မဟုတ် လူ့အယူဝါဒကိုမဟုတ်ဘဲ သမ္မာကျမ်းစာကို မိမိတို့၏လမ်းညွှန်ဖြစ်စေရန် အဓိဋ္ဌာန်ချထားခဲ့ကြသည်။ ရနိုင်သည့်ကျမ်းစာအထောက်အထားအားလုံးကို သူတို့သုံးသပ်ကြပြီးနောက် မိမိတို့၏ကောက်ချက်များကို ရေးမှတ်ကြသည်။ ထိုနည်းအားဖြင့် ကျမ်းစာအခြေပြုသည့် အယူဝါဒများဆိုင်ရာ သူတို့၏နားလည်သဘောပေါက်မှုသည် ရှင်းလင်းလာခဲ့လေသည်။၁၀။ ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် ကျမ်းစာလေ့လာရာတွင် အထောက်အကူပြုသည့် အဘယ်စာစောင်များကိုရေးသားခဲ့သနည်း။
၁၀ ချားလ်စ် တေ့ဇ် ရပ်စယ်လ်သည် ကျမ်းစာကျောင်းသားများထဲတွင် ထူးခြားထင်ရှားသူဖြစ်ခဲ့သည်။ သူသည် ကျမ်းစာစောင်များတွင်လေ့လာခြင်းများ အမည်ရှိ ကျမ်းစာလေ့လာရာတွင်ထောက်ကူသည့် အတွဲခြောက်တွဲကိုရေးသားခဲ့၏။ ညီအစ်ကိုရပ်စယ်လ်သည် ယေဇကျေလနှင့် ဗျာဒိတ်ကျမ်းစာစောင်များကို ရှင်းပြပေးမည့်အတွဲခုနစ်ကို ရေးသားရန်ရည်ရွယ်ခဲ့သည်။ “အဖြေရတာနဲ့ အတွဲခုနစ်ကို ကျွန်တော်ရေးမယ်” ဟုသူဆိုခဲ့သည်။ သို့သော် သူကဤသို့ထပ်ဆင့်ခဲ့သည်– “အကယ်၍ သခင်အရှင်က တစ်ယောက်ယောက်ကိုအဖြေပေးခဲ့ရင် သူရေးနိုင်ပါတယ်။”
၁၁။ အချိန်အခါနှင့် ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို နားလည်ခြင်းနှင့်ပတ်သက်၍ အဘယ်ဆက်စပ်မှုရှိသနည်း။
၁၁ စီ. တီ. ရပ်စယ်လ်၏အထက်ပါစကားက ကျမ်းစာပိုဒ်အချို့ကို နားလည်နိုင်သည့် ကျွန်ုပ်တို့၏စွမ်းရည်နှင့်ပတ်သက်၍ အရေးပါသောအချက်တစ်ချက်—အချိန်အခါ—ကိုဖော်ပြသည်။ စိတ်စောသောခြေလျင်ခရီးသည်တစ်ဦးသည် အချိန်မတိုင်မီ နေထွက်ရန် နေကိုမဖျောင်းဖျနိုင်သကဲ့သို့ ဗျာဒိတ်ကျမ်းအပေါ် အလင်းထွန်းလင်းပေးရန် အတင်းအကျပ်ပြု၍မရကြောင်း ညီအစ်ကိုရပ်စယ်လ်သိထား၏။
ဖွင့်ဟဖော်ပြခဲ့—သို့သော် ဘုရားသခင် သတ်မှတ်ထားချိန်တွင်
၁၂။ (က) ကျမ်းစာပရောဖက်ပြုချက်ကို အဘယ်အချိန်၌ အကောင်းဆုံးနားလည်ရသနည်း။ (ခ) ကျမ်းစာပရောဖက်ပြုချက်ကို ကျွန်ုပ်တို့၏နားလည်နိုင်စွမ်းသည် ဘုရားသခင့်အချိန်ဇယားပေါ်မူတည်ကြောင်း အဘယ်ဥပမာကဖော်ပြသနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၁၂ တမန်တော်များသည် ယေရှုသေဆုံး၍ ထမြောက်ပြီးနောက်မှသာ မေရှိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များစွာကို သဘောပေါက်နားလည်ခဲ့ကြသကဲ့သို့ ယနေ့ခရစ်ယာန်များသည် ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံပြီးနောက်မှသာ ယင်း၏အသေးစိတ်အချက်အလက်ကို နားလည်ကြရသည်။ (လုကာ ၂၄:၁၅၊ ၂၇; တမန်တော် ၁:၁၅-၂၁; ၄:၂၆၊ ၂၇) ဗျာဒိတ်ကျမ်းသည် ပရောဖက်ပြုကျမ်းစောင်တစ်စောင်ဖြစ်သောကြောင့် ဖော်ပြထားသောဖြစ်ရပ်များ ဖြစ်ပေါ်လာသောအခါ ယင်းကိုရှင်းရှင်းနားလည်လာရန် ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။ ဥပမာ၊ စီ. တီ. ရပ်စယ်လ်သည် ဗျာဒိတ် ၁၇:၉-၁၁ ၌ဖော်ပြထားသော ပုံဆောင်သားရဲနီ၏အနက်အဓိပ္ပာယ်ကို မှန်ကန်စွာနားလည်နိုင်ခဲ့မည်မဟုတ်၊ အကြောင်းမှာ သားရဲကိုပုံဆောင်သည့် နိုင်ငံပေါင်းချုပ်အဖွဲ့နှင့် ယူအဲန်အဖွဲ့အစည်းတို့သည် သူသေဆုံးပြီးနောက်၌သာ တည်ရှိလာသည့်အတွက်ဖြစ်သည်။ *
၁၃။ ကျမ်းစာဆိုင်ရာအကြောင်းအရာတစ်ခုအပေါ် အလင်းဖြာသောအခါ တစ်ခါတစ်ရံ အဘယ်သို့ဖြစ်သနည်း။
၁၃ အရေဖျားလှီးခြင်းမခံထားသော တစ်ပါးအမျိုးသားများသည် ယုံကြည်သူချင်းများဖြစ်လာနိုင်ကြောင်း အစောပိုင်းခရစ်ယာန်များသိမြင်လာသောအခါ ထိုပြောင်းလဲမှုက လူမျိုးအပေါင်းမှသူတို့ အရေဖျားလှီးခြင်းလိုအပ်မှုနှင့်ပတ်သက်၍ မေးခွန်းအသစ်တစ်ခုပေါ်ပေါက်စေခဲ့သည်။ ယင်းကြောင့် တမန်တော်များနှင့် အသက်ကြီးသူများသည် အရေဖျားလှီးခြင်းဆိုင်ရာ ကိစ္စရပ်တစ်ခုလုံးကို ပြန်လည်စစ်ဆေးကြည့်ကြရလေသည်။ ယနေ့လည်း အလားတူပင်ဖြစ်သည်။ အောက်ပါမကြာမီကသာဓက ဖော်ပြသကဲ့သို့ ကျမ်းစာအကြောင်းအရာတစ်ခုပေါ် ထွန်းလင်းတောက်ပမှုသည် ဘုရားသခင့်ဘိသိက်ခံကျေးကျွန်များဖြစ်သည့် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ အား ဆက်စပ်နေသောအကြောင်းအရာများကို ပြန်လည်သုံးသပ်ရန် တစ်ခါတစ်ရံအကြောင်းပေါ်စေသည်။—မဿဲ ၂၄:၄၅။
၁၄-၁၆။ ဝိညာဉ်ရေးဗိမာန်တော်နှင့်စပ်လျဉ်းသော ကျွန်ုပ်တို့၏အမြင်ကိုပြုပြင်ပြောင်းလဲခဲ့ရခြင်းက ယေဇကျေလ အခန်းကြီး ၄၀ မှ ၄၈ နှင့်ပတ်သက်၍ကျွန်ုပ်တို့၏နားလည်မှုကို မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။
၁၄ ၁၉၇၁ ခုနှစ်တွင် “ငါသည် ယေဟောဝါဖြစ်ကြောင်း လူမျိုးတို့သိရကြလိမ့်မည်”—မည်သို့အားဖြင့်နည်း ဟူသောစာအုပ်၌ ယေဇကျေလပရောဖက်ပြုချက်ကို ရှင်းပြခဲ့သည်။ ထိုစာစောင်မှအခန်းတစ်ခန်းတွင် ဗိမာန်တော်ဆိုင်ရာ ယေဇကျေလ၏အဆင်းအာရုံကို အတိုချုပ်ဆွေးနွေးထားသည်။ (ယေဇကျေလ အခန်းကြီး ၄၀-၄၈) ထိုအချိန်က ကမ္ဘာသစ်တွင် ယေဇကျေလ၏ဗိမာန်တော်အဆင်းအာရုံသည် မည်သို့ပြည့်စုံမည်အကြောင်းကို အာရုံစူးစိုက်ခဲ့ကြသည်။—၂ ပေတရု ၃:၁၃။
၁၅ သို့သော် ၁၉၇၂၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] ၌ပါသော ဆောင်းပါးနှစ်ခုက ယေဇကျေလအဆင်းအာရုံဆိုင်ရာ ကျွန်ုပ်တို့၏နားလည်မှုကို အကျိုးပြုခဲ့သည်။ ဟေဗြဲ အခန်းကြီး ၁၀ ၌တမန် တော်ပေါလုဖော်ပြထားသော ကြီးမြတ်သည့်ဝိညာဉ်ရေးဗိမာန်တော်အကြောင်း ထိုတွင်ဆွေးနွေးထားသည်။ ကင်းမျှော်စင်က ဝိညာဉ်ရေး ဗိမာန်တော်၏ သန့်ရှင်းရာဌာနနှင့် အတွင်းရင်ပြင်သည် ဘိသိက်ခံများ မြေကြီးပေါ်ရှိနေစဉ်အခြေအနေနှင့် ဆက်စပ်သည်ဟု ရှင်းပြသည်။ နှစ်အတန်ကြာပြီးနောက် ယေဇကျေလ အခန်းကြီး ၄၀ မှ ၄၈ ကိုပြန်လည်သုံးသပ်သောအခါ ယနေ့ ဝိညာဉ်ရေးဗိမာန်တော်တည်ရှိသကဲ့သို့ အဆင်းအာရုံ၌ ယေဇကျေလမြင်တွေ့ခဲ့သော ဗိမာန်တော်သည်လည်း ယနေ့ တည်ရှိရမည်ကို သဘောပေါက်လာကြသည်။ မည်သို့အားဖြင့်နည်း။
၁၆ ယေဇကျေလ၏အဆင်းအာရုံ၌ ယဇ်ပုရောဟိတ်များသည် ယဇ်ပုရောဟိတ်မဟုတ်သောအနွယ်များ၏အကျိုးကိုသယ်ပိုးစဉ် ဗိမာန်တော်ရင်ပြင်အတွင်း လှုပ်ရှားသွားလာနေကြသည်ကို တွေ့ရှိကြရသည်။ ဤယဇ်ပုရောဟိတ်များသည် ယေဟောဝါ၏ဘိသိက်ခံကျေးကျွန်များဖြစ်သည့် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်အမျိုး” ကိုပုံတင်ပြသည်မှာရှင်းပါသည်။ (၁ ပေတရု ၂:၉) သို့သော် သူတို့သည် ခရစ်တော်၏အနှစ်တစ်ထောင်စိုးစံရာကာလတစ်လျှောက် မြေကြီးဆိုင်ရာ ဗိမာန်တော်ရင်ပြင်၌ အမှုထမ်းနေကြမည်မဟုတ်ပါ။ (ဗျာဒိတ် ၂၀:၄) ဘိသိက်ခံများသည် ထိုကာလအများစုအတွင်း သို့မဟုတ် ထိုကာလတစ်လျှောက်တွင် ဝိညာဉ်ရေးဗိမာန်တော်၏အသန့်ရှင်းဆုံးအခန်း “ကောင်းကင်ကိုယ်ထဲ” ၌ဘုရားသခင့်အမှုထမ်းကြပါလိမ့်မည်။ (ဟေဗြဲ ၉:၂၄) ယေဇကျေလ၏ဗိမာန်တော်ရင်ပြင်အတွင်း ယဇ်ပုရောဟိတ်များ ဟိုဟိုဒီဒီသွားလာလျက်ရှိသည်ကို တွေ့ရသည်ဖြစ်ရာ ထိုအဆင်းအာရုံသည် ဘိသိက်ခံအချို့မြေကြီးပေါ်ရှိနေစဉ်ပင် မျက်မှောက်ခေတ်၌ပြည့်စုံရပေမည်။ ယင်းနှင့်အညီ ဤမဂ္ဂဇင်းက ၁၉၉၉၊ မတ် ၁ ရက်ထုတ်တွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ပြောင်းလဲထားသောရှုမြင်ပုံကို ပေါ်လွင်စေခဲ့သည်။ ထို့ကြောင့် ယေဇကျေလ၏ပရောဖက်ပြုချက်အပေါ် ၂၀ ရာစုအဆုံးပိုင်းထိတိုင် ဝိညာဉ်ရေးအလင်းဖြာခဲ့သည်။
သင်၏ရှုမြင်ပုံကိုပြုပြင်ပြောင်းလဲရန် အသင့်ရှိပါ
၁၇။ အမှန်တရားနှင့်ဆိုင်သောအသိပညာကို သိရှိလာကတည်းက ကိုယ်ပိုင်ရှုမြင်ပုံနှင့်ပတ်သက်၍ အဘယ်ပြောင်းလဲမှုများကို သင်ပြုလုပ်ခဲ့ပြီး ယင်းတို့က သင့်အတွက်အဘယ်အကျိုးရှိသနည်း။
၁၇ အမှန်တရားနှင့်ဆိုင်သောအသိပညာကို သိလိုသူမည်သူမဆိုသည် “ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်” ရန်အသင့်ရှိရပေမည်။ (၂ ကောရိန္သု ၁၀:၅) ယင်းသည် အထူးသဖြင့် ရှုမြင်ပုံများ အခိုင်အမာစွဲမြဲနေသောအခါ အစဉ်သဖြင့်မလွယ်ကူချေ။ ဥပမာ၊ ဘုရားသခင့်အမှန်တရားကို သင်မလေ့လာမီက သင့်မိသားစုနှင့်အတူ အချို့သောဘာသာရေးပွဲနေ့များကို ကျင်းပခဲ့ပေမည်။ ကျမ်းစာကိုစတင်လေ့လာပြီးနောက် ဤပွဲအခမ်းအနားများသည် အမှန်အားဖြင့် အယူမှားများမှမြစ်ဖျားခံကြောင်း သင်သိရှိခဲ့သည်။ အစပိုင်းတွင် သင်လေ့လာသင်ယူနေသောအရာကို ကျင့်သုံးရန် တွန့်ဆုတ်ခဲ့ပေမည်။ သို့သော် နောက်ဆုံးတွင် ဘာသာရေးအယူအဆထက် ဘုရားသခင်ကိုပိုမိုချစ်မြတ်နိုးလာရာ ဘုရားသခင်မနှစ်သက်သော အခမ်းအနားများတွင် သင်မပါဝင်တော့ချေ။ သင့်ဆုံးဖြတ်ချက်ကို ယေဟောဝါကောင်းချီးမပေးခဲ့ပေလော။—ဟေဗြဲ ၁၁:၂၅ နှိုင်းယှဉ်။
၁၈။ ကျမ်းစာအမှန်တရားဆိုင်ရာ ကျွန်ုပ်တို့၏နားလည်မှုသည် ရှင်းလင်းလာသောအခါ မည်သို့တုံ့ပြန်သင့်သနည်း။
၁၈ ကျွန်ုပ်တို့သည် ဘုရားသခင့်နည်းလမ်းတော်အတိုင်း အရာရာကိုပြုလုပ်ခြင်းဖြင့် အစဉ်သဖြင့်အကျိုးရရှိကြသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ထို့ကြောင့် ကျမ်းစာပိုဒ်တစ်ပိုဒ်အပေါ် ကျွန်ုပ်တို့၏အမြင်ရှင်းလင်းလာသောအခါ တိုးပွားလာသောအမှန်တရား၌ ဝမ်းမြောက်ကြပါစို့! ကျွန်ုပ်တို့အားဆက်၍ထွန်းလင်းပေးနေခြင်းက ကျွန်ုပ်တို့သည်လမ်းမှန်ပေါ်ရှိကြောင်း ခိုင်မာစေသည်မှာအမှန်ပင်။ ယင်းသည် “တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်” သော “ဖြောင့်မတ်သောသူတို့၏လမ်း” ဖြစ်၏။ (သု. ၄:၁၈) လောလောဆယ်တွင် ကျွန်ုပ်တို့သည် ဘုရားသခင့်ရည်ရွယ်ချက်၏ အသွင်အပြင်အချို့ကို “မှုန်မွှားမွှားသာ” မြင်ရကြသည်။ သို့သော် ကျွန်ုပ်တို့၏ခြေကို “လမ်း” ပေါ်တွင် စွဲမြဲစွာစိုက်ထားမည်ဆိုလျှင် ဘုရားသခင်သတ်မှတ်ထားချိန် ရောက်လာသောအခါ အမှန်တရားကို ယင်း၏အလှအပရှိသမျှအတိုင်း မြင်တွေ့ရပါလိမ့်မည်။ ဤအတောအတွင်း ကျွန်ုပ်တို့ရှင်းရှင်းလင်းလင်းနားမလည်ရသေးသော အကြောင်းများနှင့်စပ်လျဉ်း၍ ဉာဏ်အလင်းရရန်စောင့်မျှော်နေစဉ် ယေဟောဝါရှင်းပြထားနှင့်သည့် အမှန်တရား၌ ရွှင်လန်းဝမ်းမြောက်ကြပါစို့။
၁၉။ အမှန်တရားကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း တင်ပြရန်နည်းတစ်နည်းကား အဘယ်နည်း။
၁၉ အလင်းကို ကျွန်ုပ်တို့မြတ်နိုးကြောင်း လက်တွေ့ကျကျ မည်သို့တင်ပြနိုင်သနည်း။ တစ်နည်းမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်—ဖြစ်နိုင်လျှင် နေ့စဉ်—ဖတ်ရှုခြင်းဖြင့်ဖြစ်၏။ ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို သင်ပုံမှန်လိုက်နေပါသလော။ ကင်းမျှော်စင် နှင့်
နိုးလော့! မဂ္ဂဇင်းများကလည်း ကျန်းခံ့သောဝိညာဉ်ရေးအစားအစာကို ကျွန်ုပ်တို့အားကြွယ်ဝစွာကျွေးမွေးသည်။ ကျွန်ုပ်တို့အကျိုးအတွက် ပြင်ဆင်ပေးထားသော စာအုပ်များ၊ ဘရိုရှာများနှင့် အခြားစာပေစာတမ်းများကိုလည်း စဉ်းစားကြည့်ပါ။ ထို့ပြင် ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်၌ဖော်ပြထားသော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းများအကြောင်း အားတက်ဖွယ်မှတ်တမ်းများကော။၂၀။ ယေဟောဝါထံတော်မှ အလင်း၊ အမှန်တရားနှင့် ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်ခြင်းတို့တွင် အဘယ်ဆက်စပ်မှုရှိသနည်း။
၂၀ မှန်ပါသည်၊ ယေဟောဝါသည် ဆာလံ ၄၃:၃ ၌ဖော်ပြထားသော ဆုတောင်းချက်ကို အံ့ဖွယ်နည်းဖြင့်ဖြေကြားတော်မူ၏။ ထိုအခန်းငယ်အဆုံးပိုင်း၌ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “သူတို့ [အလင်းတော်နှင့် သစ္စာတော်] သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့လည်းကောင်း၊ တဲတော်သို့လည်းကောင်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။” မြောက်မြားစွာသောအခြားသူတို့နှင့်အတူ ယေဟောဝါအားဝတ်ပြုကိုးကွယ်နေခြင်းကို သင်စောင့်မျှော်နေပါသလော။ ယနေ့ ယေဟောဝါဉာဏ်အလင်းပေးသော အရေးပါသည့်နည်းတစ်နည်းမှာ ကျွန်ုပ်တို့၏အစည်းအဝေးများ၌ တင်ဆက်သော ဝိညာဉ်ရေးညွှန်ကြားချက်ဖြစ်သည်။ ခရစ်ယာန်အစည်းအဝေးများကို တိုး၍လေးမြတ်တတ်ရန် အဘယ်အရာပြုနိုင်သနည်း။ ဤအကြောင်းကို နောက်ဆောင်းပါးတွင် အလေးအနက်သုံးသပ်ရန် သင့်အားဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 စီ. တီ. ရပ်စယ်လ်ကွယ်လွန်ပြီးနောက် ယေဇကျေလနှင့် ဗျာဒိတ်ကျမ်းစာစောင်များကို ရှင်းပြရန်ကြိုးပမ်းသည့်အနေနှင့် ကျမ်းစာစောင်များတွင်လေ့လာခြင်းများ အတွဲခုနစ်အဖြစ် အမည်ပေးထားသောစာစောင်ကို ပြင်ဆင်ခဲ့ကြသည်။ ထိုအတွဲ၌ပါဝင်သော အပိုင်းအချို့မှာ ထိုကျမ်းစာစောင်များပေါ် ရပ်စယ်လ်ပေးခဲ့သော မှတ်ချက်များအပေါ်အခြေပြုထားသည်။ သို့ရာတွင် ဤပရောဖက်ပြုချက်များ၏အနက်အဓိပ္ပာယ်ကို ဖွင့်ပြချိန်မရောက်သေးရာ ကျမ်းစာစောင်များတွင်လေ့လာခြင်းများ စာစောင်၌ဖော်ပြထားသော ရှင်းပြချက်မှာ အများအားဖြင့် မသေမချာဖြစ်သည်။ နောက်နှစ်များတွင် ယေဟောဝါ၏မခံစားထိုက်သောကြင်နာမှုနှင့် ကမ္ဘာ့မြင်ကွင်းတွင်ဖြစ်ပေါ်လာရာများက ထိုပရောဖက်ပြုစာစောင်များ၏ အနက်အဓိပ္ပာယ်ကို ခရစ်ယာန်များပိုင်းခြားသိမြင်လာရန် ခွင့်ပြုခဲ့သည်။
သင်ဖြေနိုင်သလော
• ယေဟောဝါသည် ကိုယ်တော်၏ရည်ရွယ်ချက်များကို အဘယ်ကြောင့်အဆင့်ဆင့်ဖော်ပြသနည်း။
• ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အသက်ကြီးသူတို့သည် အရေဖျားလှီးခြင်းကိစ္စကို မည်သို့ဖြေရှင်းခဲ့ကြသနည်း။
• အစောပိုင်းကျမ်းစာကျောင်းသားများသည် ကျမ်းစာလေ့လာရန် အဘယ်နည်းကိုခံယူခဲ့ကြပြီး ယင်းသည် အဘယ်ကြောင့်ထူးခြားသနည်း။
• ဘုရားသခင်သတ်မှတ်ထားချိန်တွင် ဝိညာဉ်ရေးရာအလင်းကို မည်သို့ထွန်းလင်းခဲ့ကြောင်း ရှင်းပြပါ။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဘုရားသခင်သတ်မှတ်ထားချိန်၌ ဗျာဒိတ်ကျမ်းအပေါ် အလင်းဖြာမည်ဖြစ်ကြောင်း ချားလ်စ် တေ့ဇ် ရပ်စယ်လ်သိရှိခဲ့