စုန်းကဝေအတတ်အကြောင်း သင်သိကောင်းစရာ
စုန်းကဝေအတတ်အကြောင်း သင်သိကောင်းစရာ
မျက်မှောက်ခေတ် စုန်းကဝေအတတ်ပညာကို အဓိပ္ပာယ်သတ်မှတ်ရန်မလွယ်ကူချေ။ အကြောင်းမှာ ယင်းကို လိုက်စားသူတို့သည် အလွန်ကွဲပြားခြားနား၍ဖြစ်၏။ တစ်မျိုးတည်းယုံကြည်ရန် သူတို့တွင် အခြေခံကျသောအကိုးအကား သို့မဟုတ် ခံယူချက် သို့မဟုတ် ကျမ်းစာအုပ်မရှိချေ။ သူတို့ဂုဏ်တင်လိုကြသည့်ဘုရားများနှင့်စပ်လျဉ်း၍လည်း သူတို့သည် ထုံးတမ်းစဉ်လာ၊ ဖွဲ့စည်းမှု၊ အခမ်းအနားနှင့် ထင်မြင်ယူဆချက် ကွဲပြားခြားနားကြသည်။ စာရေးဆရာတစ်ဦးက ဤသို့ကောက်ချက်ချသည်– “မှော်အတတ်ပညာလောကသည် တစ်ဦးတစ်ယောက်ကို အတွေးအခေါ်ဆိုင်ရာ ‘ကြိုက်ရာရွေးချယ်နိုင်သောဈေးကွက်’ ကိုကမ်းလှမ်းသည်။” နောက်တစ်ဦးက ဤသို့ဆိုသည်– “ခေတ်ပေါ်နတ်ဘုရားကိုးကွယ်သူတို့သည် အရာရာတိုင်းနီးပါးကို သဘောတူညီကြခြင်းမရှိချေ။”
များစွာတို့အတွက် ဆန့်ကျင်ဖီလာမှုများမှာ ပြဿနာတစ်ရပ်မဟုတ်ချေ။ စုန်းကဝေအတတ်ပညာသည်များဖြစ်လိုသူတို့အတွက် လမ်းညွှန်စာအုပ်တစ်အုပ်က ဤသို့ဆိုသည်– “ဆန့်ကျင်ဘက်ဖြစ်ဟန်ရှိသော သတင်းအချက်အလက်မှာ သင့်အတွက် စိန်ခေါ်ချက်ဖြစ်သောအခါ ဤသတင်းအချက်အလက်ကို ဆန်းစစ်၍ အဘယ်တစ်ခုကိုလိုက်နာမည်ကို ဆုံးဖြတ်ချက်ချပါ။ သင့်အတွင်းစိတ်မှ အလိုလိုသိနားလည်လာမှုကို နားထောင်ပါ။ တစ်နည်းဆိုရလျှင် ပုံနှိပ်ထုတ်ဝေထားသော ထုံးတမ်းစဉ်လာများနှင့် ထုံးတမ်းစဉ်လာလက်စွဲစာအုပ်များမှ လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး မှန်သည်ဟုသင်ခံစားယူမှတ်ရာကို ဆုံးဖြတ်ပါ။”
အမှန်တရား၏သဘောကို သိရှိနားလည်သူတို့အတွက် ယင်းသို့သောဆန့်ကျင်ဖီလာဖြစ်မှုများကို လက်ခံရန်ခဲယဉ်းသည်။ အမှန်တရားသည် တကယ့်အချက်အလက်ဖြစ်ကာ တကယ့်ဖြစ်ရပ်ဖြစ်၏။ လူတစ်ဦးတစ်ယောက်က အမှန်တကယ်ဖြစ်ပေသည်ဟုခံစားရခြင်း၊ သို့မဟုတ် မျှော်လင့်ခြင်း၊ သို့မဟုတ် ယုံကြည်သောကြောင့်သာ အရာများသည် အမှန်တကယ်ဖြစ်သည်မဟုတ်ချေ။ ဥပမာ၊ တစ်ချိန်က ဆရာဝန်များသည် ကြက်တစ်ကောင်ကို အရှင်လတ်လတ်နှစ်ပိုင်းပိုင်းဖြတ်ပြီး ထိုအပိုင်းများကို လူနာ၏ရင်ပတ်ပေါ်တင်ထားခြင်းဖြင့် အဆုတ်ရောင်ရောဂါကို ပျောက်ကင်းစေနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဤကုထုံးက မိမိတို့ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟု လူနာများစွာ အမှန်ယုံကြည်ခဲ့ကြမည်မှာ သံသယဖြစ်စရာမလိုချေ။ သို့သော် သူတို့၏ယုံကြည်ချက်များနှင့် မျှော်လင့်ချက်များသည် ဖြစ်ရပ်မှန်နှင့် တခြားစီဖြစ်သည်—ယင်းသို့သော လုပ်ထုံးလုပ်နည်းကြောင့် အဆုတ်ရောင်ရောဂါ ပျောက်ကင်းသွားခြင်းမရှိ။ လူတို့သည် အမှန်တရားကို မဖန်တီးကြချေ; ယင်းကို သဘောပေါက်နားလည်ရန် ကြိုးစားကြခြင်းဖြစ်၏။
သမ္မာကျမ်းစာ၌ ဝိညာဉ်ရေးရာအမှန်တရားပါရှိသည်ဟု ၎င်းက အဆိုပြုသည်။ မြေကြီးပေါ် ယေရှုခရစ်ရှိစဉ်က ခမည်းတော်ထံဆုတောင်းရာ၌ ဤသို့မိန့်မြွက်ခဲ့သည်– ‘ကိုယ်တော်၏နှုတ်မြွက်စကားတော်သည် အမှန်တရားဖြစ်ပါ၏။’ (ယောဟန် ၁၇:၁၇) တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည်။ (၂ တိမောသေ ၃:၁၆) စုန်းကဝေအတတ်ပညာကို လိုက်စားသူအများစုက ၎င်းကိုသဘောမတူကြချေ။ ယင်းအစား သူတို့သည် ဒဏ္ဍာရီ၊ ရှေးဘာသာရေးများနှင့် သိပ္ပံဆိုင်ရာလုပ်ကြံပြောဆိုခြင်းပင် လှုံ့ဆော်မှုရရှိရန်နှင့် လမ်းညွှန်မှုရရန် ရှာဖွေကြသည်။ သို့သော် သမ္မာကျမ်းစာ၏အဆိုကို အနည်းဆုံးသုံးသပ်ကြည့်ရန် ကျိုးကြောင်းညီညွတ်မည်မဟုတ်ပေလော။ အမှန်မှာ စကြဝဠာတစ်ခွင်လုံးနီးပါးက ၎င်းစာအုပ်ကို သန့်ရှင်းသောစာအုပ်တစ်အုပ်အဖြစ် အသိအမှတ်ပြုထားကြသည်။ ထို့ပြင် ယင်းစာအုပ်သည် ယနေ့ထိတိုင်တည်ရှိသည့် ရှေးအကျဆုံးဘာသာရေးကျမ်းစောင်လည်းဖြစ်သည်။ သမ္မာကျမ်းစာကို အနှစ် ၁,၆၀၀ ကျော်ကာလအတွင်းရေးသားခဲ့သော်လည်း ယင်း၏သွန်သင်ချက်များသည် တစ်လျှောက်လုံး ညီညွတ်မှုရှိ၏။ စုန်းကဝေအတတ်ပညာကို တိုးမြှင့်နေစေကြသူတို့ များသောအားဖြင့်ဖော်ပြသည့် ယေဘုယျယုံကြည်ချက်အချို့ကို သမ္မာကျမ်းစာသွန်သင်ချက်များနှင့် နှိုင်းယှဉ်ကြည့်ကြစို့။
နာမ်ဝိညာဉ်ဘုံတွင် မည်သူတို့နေထိုင်ကြသနည်း
ဝိညာဉ်ရေးရာနားလည်မှုအတွက် ရှာပုံတော်ဖွင့်ကြရာ၌ အခြေခံကျသောမေးခွန်းတစ်ခုမှာ နာမ်ဝိညာဉ်ဘုံတွင် မည်သူတို့နေထိုင်ကြသနည်းဟူ၍ဖြစ်သည်။ ခေတ်သစ်စုန်းမအများစုမှာ သဘာဝကိုအဓိကထားပြီး ဘုရားအဆူဆူကိုယုံကြည်သူတို့၏ နောက်လိုက်များဖြစ်ကြသော်လည်း အချို့သူတို့သည် အခြေခံဘဝအဆင့်ဆင့်ကိုကိုယ်စားပြုသည့် အပျိုစင်၊ မိခင်နှင့် အဖွားအို အခန်းကဏ္ဍသုံးခုဟုရှုမြင်ရသော ကြီးမြတ်သည့်မယ်တော်ဘုရားမကို ဝတ်ပြုကိုးကွယ်ကြသည်။ သူ၏ချစ်သူမှာ ချိုပါသောဘုရားသခင်ဖြစ်၏။ အခြားစုန်းမများသည် ဘုရားသခင်နှင့် ဘုရားမတစ်ပါးကို အတူတကွကိုးကွယ်ကြသည်။ စာရေးဆရာတစ်ဦးက “ထိုဘုရားမနှင့် ဘုရားသခင်တို့ကို ဣတ္ထိလိင်နှင့် ပုလ္လိင်ဆိုင်ရာ သဘာဝစွမ်းအားများ၏ ထင်ရှားပြသမှုတစ်ခုအဖြစ် တွေ့မြင်ကြသည်။ တစ်ပါးချင်းစီ [၌] ထူးခြားသောဝိသေသလက္ခဏာများရှိကာ ပေါင်းစပ်လိုက်သောအခါ သက်ရှိဖန်ဆင်းခြင်းဆိုင်ရာညီညွတ်မှုကိုဖြစ်စေသည်” ဟုဖော်ပြ၏။ နောက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဤသို့ရေးသားသည်– “စုန်းကဝေအတတ်ပညာတွင် အချက်အချာအကျဆုံးဆိုင်ရာ ရွေးချယ်မှုတစ်ရပ်မှာ သင်နှင့်ဆက်နွှယ်မှုရှိမည့် နတ်ဘုရားများ (နတ်ဘုရားများ/နတ်ဘုရားမများ) ကို သင်ရွေးချယ်ခြင်းဖြစ်၏။ . . . ထိုအတတ်ပညာသည် နောက်နောင်၌ ဘုရားသခင်နှင့်ပတ်သက်၍ သင့်ကိုယ်ပိုင်ပုံစံများကို စိတ်ကြိုက်ရွေးချယ်ပြီး ချီးမွမ်းဂုဏ်ပြုခွင့်ရှိစေသည်။”
သမ္မာကျမ်းစာက ဤယူဆချက်တစ်ခုကိုမျှ ထောက်ခံအားမပေးချေ။ ယေရှုခရစ်သည် မိမိ၏ခရစ်ယာန်ဓမ္မအမှုဆောင်ရွက်ချိန်တစ်လျှောက်လုံး “မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော” ယေဟောဝါအကြောင်း အခြားသူတို့ကို သွန်သင်ပေးခဲ့သည်။ (ယောဟန် ၁၇:၃) သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ဘုရား[သခင်]ရှိသမျှတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။”—၁ ရာဇဝင်ချုပ် ၁၆:၂၅၊ ၂၆။
စာတန်ကော အသို့နည်း။ ဝက်ဘ်စတား၏ နဝမအကြိမ်မြောက် အဘိဓာန်သစ်က စုန်းကဝေအတတ်ပညာကို “စာတန်နှင့် အဆက်အသွယ်ပြုခြင်း” အဖြစ်အဓိပ္ပာယ်သတ်မှတ်ဖော်ပြသည်။ ယနေ့ ဤအဓိပ္ပာယ်သတ်မှတ်ချက်ကို သဘောတူလက်သင့်ခံမည့် စုန်းမတစ်ဦးကိုမျှ ရှာတွေ့စရာအကြောင်းမရှိခြင်းမှာ စုန်းမအများသည် စာတန်တည်ရှိခြင်းကိုပင် လက်မခံကြသောကြောင့်ဖြစ်၏။ သည် အိုင်းရစ်ရှ် တိုင်းမ်စ်တွင် “အဆင့်မြင့်စုန်းကဝေမနှင့် အိုင်ယာလန်၏အထင်ရှားဆုံး မှော်အတတ်ပညာရှင်အဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦး” အဖြစ် ဖော်ပြခံရသော အမျိုးသမီးငယ်တစ်ဦးက ဤသို့ကျိုးကြောင်းဆင်ခြင်သည်– “စာတန်ကိုယုံကြည်ခြင်းသည် ခရစ်ယာန်ဘာသာတရားကို လက်ခံခြင်းနှင့်တူသည်။ . . . ဘုရားသခင်မရှိသောစကြဝဠာတစ်ခုတွင် [စာတန်] မတည်ရှိနိုင်ချေ။”
သမ္မာကျမ်းစာက စာတန်တည်ရှိကြောင်းကို အခိုင်အမာဆိုပြီး ကမ္ဘာမြေကြီးပေါ်တွင် ဝေဒနာခံစားရခြင်းနှင့် ဝရုန်းသုန်းကားဖြစ်ခြင်းမှာ များသောအားဖြင့်သူ့ကြောင့်ဖြစ်သည်ဟုဆိုသည်။ (ဗျာဒိတ် ၁၂:၁၂) စာတန်ရှိကြောင်း ယေရှုသွန်သင်ပေးခဲ့ရုံမက စာတန်၏အလိုကို မရည်ရွယ်ဘဲပြုလုပ်မိနိုင်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။ ဥပမာ၊ ပထမရာစုရှိ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်မှတ်ကြသော ဘာသာရေးခေါင်းဆောင်များက မိမိတို့သည် တစ်နည်းအားဖြင့် ဘုရားသခင့်သားများဖြစ်ကြ၏ဟု အခိုင်အမာပြောဆို၍ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ယုံကြည်ကြသည်။ သူတို့၏နှလုံးထဲတွင် အဘယ်အရာရှိကြောင်းကို ခွဲခြားသိမြင်နိုင်သော ယေရှုမူကား ထိုသို့မဟုတ်ကြောင်းသိသည်။ ကိုယ်တော်က သူတို့ကို ဤသို့တဲ့တိုးမိန့်ဆိုခဲ့သည်– “သင်တို့သည် သင်တို့၏အဘတည်းဟူသော [စာတန်]မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။” (ယောဟန် ၈:၄၄) ထို့ပြင် သမ္မာကျမ်းစာ၏ဗျာဒိတ်ကျမ်းစောင်က စာတန်သည် ‘တစ်လောကလုံးကိုလှည့်ဖြားနေသည်’ ဟုဆိုသည်။—ဗျာဒိတ် ၁၂:၉၊ သမ္မာ။
သဘာဝထက်ထူးကဲသောပညာအချို့ ကောင်းသည်မဟုတ်လော
မှန်ပါသည်၊ သဘာဝထက်ထူးကဲသောပညာဟုဆိုလျှင် မှော်ပညာနှင့် အမြဲပင်ဆက်နွှယ်လျက်ရှိသည်။ * ရှေးခေတ်နှင့် ယခုခေတ်နှစ်ခေတ် စလုံးရှိ များစွာသောသူတို့က စုန်းမများပြုသည့် သဘာဝထက်ထူးကဲသောပညာမှာ အခြားသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသည်ဟု ယူဆကြသည်။ စုန်းမများသည် သဘာဝထက်ထူးကဲသောပညာအားဖြင့် ပြင်းထန်စွာနာကျင်စေခြင်းနှင့် သေသည့်အထိပင် ထိခိုက်စေရန် အစွမ်းတန်ခိုးထက်၏ဟုဆိုသည်။ ထုံးတမ်းစဉ်လာအရ ဖျားနာခြင်း၊ သေခြင်းနှင့် သီးနှံများမအောင်မြင်ခြင်းအပါအဝင် အကန့်အသတ်မရှိသလောက်ပင် အကြောင်းမလှမှုအမျိုးမျိုးသည် စုန်းမများကြောင့်ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။
ယနေ့ စုန်းမများသည် ထိုသို့စွပ်စွဲခံရခြင်းကို အပြင်းအထန်ငြင်းဆန်ကြသည်။ အခါအားလျော်စွာ နတ်ဆိုးကိုအမှီပြုသည့် ဖျက်လိုဖျက်ဆီးပြုလိုသောစုန်းမရှိကြောင်းကို အသိအမှတ်ပြုကြသော်လည်း များစွာတို့က မိမိတို့၏သဘာဝထက်ထူးကဲသောပညာမှာ ဘေးဖြစ်စေရန်မဟုတ်ဘဲ အကျိုးကျေးဇူးများအတွက် အသုံးပြုသည်ဟုအဆိုပြုကြ၏။ ဝစ်ကင်းဇ်များက သဘာဝထက်ထူးကဲသောပညာကို လိုက်စားသူများသည် ယင်း၏အကျိုးသက်ရောက်မှု သုံးဆခံစားရမည်ဖြစ်ကြောင်းနှင့် ယင်းက ကျိန်ဆဲခြင်းကိုတားဆီးသည့် အဓိကအချက်တစ်ချက်ဖြစ်သည်ဟု သွန်သင်ကြသည်။ ကောင်းကျိုးပြု သဘာဝထက်ထူးကဲသောပညာဟုခေါ်ဆိုသည့်ပုံစံအချို့တွင် သင့်ကိုသင်ကာကွယ်ရန် မန်းမှုတ်ခြင်း၊ ယခင် အိမ်ငှားများထားရစ်ခဲ့သည့် မကောင်းဆိုးဝါးစွမ်းအားများမှဘေးဆိုး သင့်အိမ်ပေါ်သို့ မသက်ရောက်စေခြင်း၊ တစ်စုံတစ်ဦးကို သင့်အား စွဲလမ်းချစ်ကြိုက်လာစေရန် ပြုလုပ်ခြင်း၊ ရောဂါပျောက်စေခြင်းနှင့် ကျန်းမာစေခြင်း၊ သင့်အလုပ်မပြုတ်စေခြင်းနှင့် ငွေရရှိစေခြင်းတို့ပါဝင် သည်။ စုန်းကဝေအတတ်ပညာနှင့်စပ်ဆိုင်သည့် ဤသို့နယ်ကျယ်သောအစွမ်းတန်ခိုးများ ရေပန်းစားလာကြခြင်းအတွက် အံ့အားသင့်စရာမဟုတ်ချေ။
သို့သော် သမ္မာကျမ်းစာ၌ ကောင်းကျိုးပြုသည့် သဘာဝထက်ထူးကဲသောပညာနှင့် ဘေးသင့်စေသောပညာဟူ၍ ခွဲခြားဖော်ပြထားခြင်းမရှိပေ။ မောရှေအား ပေးသောပညတ်တွင် ဘုရားသခင်သည် မိမိ၏အမြင်ကို အတိအလင်းဖော်ပြသည်။ ကိုယ်တော်က “သဘာဝထက်ထူးကဲသောပညာကို မလိုက်စားရ” ဟုမိန့်မြွက်တော်မူခဲ့သည်။ (ဝတ်ပြုရာ ၁၉:၂၆၊ ကဘ) ဤသို့လည်း ဖတ်ကြရသည်– “သင်တို့တွင် . . . ကာလဗေဒင်ကိုကြည့်သောသူ၊ မကောင်းသောအတတ်ကိုပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ်ယောက်မျှမရှိရ။”—တရားဟောရာ ၁၈:၁၀၊ ၁၁။
ဘုရားသခင်သည် အဘယ်ကြောင့်ဤသို့မိန့်တော်မူရသနည်း။ ကျွန်ုပ်တို့အကျိုးခံစားရမည့်အရာကို မရရှိစေလို၍မဟုတ်ချေ။ ယေဟောဝါသည် မိမိ၏လူတို့ကိုချစ်တော်မူပြီး ကြောက်ရွံ့ခြင်းနှင့် အယူသီးမှုကျွန်များမဖြစ်စေလိုသောကြောင့် ဤပညတ်များကိုပေးရခြင်းဖြစ်သည်။ ယင်းအစား ကိုယ်တော်သည် မိမိ၏ကျေးကျွန်များလိုအပ်ရာကို မိမိထံချဉ်းကပ်၍တောင်းခံရန် ဖိတ်ခေါ်သည်။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးတော်မူသောအရှင်ဖြစ်သည်။ (ယာကုပ် ၁:၁၇) တမန်တော်ယောဟန်က ယုံကြည်သူချင်းတို့ကို ဤသို့အာမခံခဲ့သည်– “ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍၊ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်၊ ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။”—၁ ယောဟန် ၃:၂၂။
နတ်ဆိုးများနှင့်ပတ်သက်၍ အသို့နည်း
စုန်းကဝေမများစွာသည် သမ္မာကျမ်းစာမှ ဤအချက်ကို လက်ခံကြသည်– နတ်ဆိုးများ အမှန်တကယ်ပင်တည်ရှိသည်။ စုန်းကဝေအတတ်ပညာကို တိုးမြှင့်ပေးသူတစ်ဦးက စာစီစာကုံးတစ်စောင်တွင် ဤသို့သတိပေးသည်– “အရိပ်များရှိသည်– ကျွန်ုပ်တို့လောကနှင့်ယှဉ်လျက် မျက်မြင်မရသည့်လောကတွင် သက်ရှိသတ္တဝါများတည်ရှိနေ၏။ . . . ‘မှင်စာ၊’ ‘မကောင်းဆိုးဝါး’ နှင့် ‘နတ်ဆိုး’ ဟူသောအသုံးအနှုန်းများမှာ လုံးဝတော်သင့်မှန်ကန်သည်။ ၎င်းတို့သည် အလွန်ပင်ခွန်အားကြီးမား၏။ . . .
စွမ်းရည်အထက်မြက်ဆုံးမှာ . . . (တစ်ဦးတစ်ယောက်သာ သူတို့အတွက် လမ်းစဖွင့်ပေးရန်အသင့်ရှိမည်ဆိုလျှင်) ကျွန်ုပ်တို့၏လောကထဲသို့ ဝင်လာနိုင်စွမ်းရှိသည်။ . . . သင့်ခန္ဓာကိုယ်ထဲသို့ပင် ဝင်လာနိုင်ပြီး . . . ၊ သင့်ကို အလွန်အကျွံပင် လွှမ်းမိုးထိန်းချုပ်သွားနိုင်သည်။ မှန်သည်၊ ယင်းသည် နတ်ဆိုးစွဲခြင်းနှင့်ဆိုင်သော ပုံပြင်ဟောင်းများအတိုင်း တစ်ထေရာတည်းဖြစ်၏။”သမ္မာကျမ်းစာခေတ်၌ လူတို့သည် နည်းအမျိုးမျိုးဖြင့် နတ်ဆိုးစွဲခဲ့ကြသည်။ နတ်ဆိုးစွဲသူအချို့မှာ စကားအသည်၊ အချို့မျက်စိကန်း၏၊ အချို့ကား အရူးသဖွယ်ပြုမူ၍ အချို့သူတို့သည် လူသာမန်ထက် စွမ်းရည်သာလွန်သောခွန်အားရထားကြသည်။ (မဿဲ ၉:၃၂; ၁၂:၂၂; ၁၇:၁၅၊ ၁၈; မာကု ၅:၂-၅; လုကာ ၈:၂၉; ၉:၄၂; ၁၁:၁၄; တမန်တော် ၁၉:၁၆) တစ်ခါတစ်ရံ လူတစ်ဦးအထဲ နတ်ဆိုးများစွာ တစ်ပြိုက်နက်ဝင်ရောက်သောအခါ စုပေါင်း၍ဝေဒနာပြင်းပြစွာခံရသည်။ (လုကာ ၈:၂၊ ၃၀) ထို့ကြောင့် အကြောင်းကောင်းရှိ၍သာ ယေဟောဝါသည် မိမိ၏လူတို့ကို စုန်းကဝေအတတ်နှင့် အခြားမှော်ပညာကို ရှောင်ရှားရန်သတိပေးခြင်းဖြစ်သည်။
အမှန်တရားကိုအခြေခံသော ဘာသာတရား
ယနေ့ များစွာတို့သည် စုန်းကဝေအတတ်ပညာကို စိတ်ဝင်စားကြခြင်းမှာ ယင်းသည် ဘေးကင်းပြီး နှစ်သက်ဖွယ်ကောင်းကာ သဘာဝဘာသာတရားဖြစ်ပုံရှိ၍ဖြစ်သည်။ အချို့သောလူမျိုးစုတို့တွင် ယင်းကို လက်ခံထားသည်။ မည်သူမျှမကြောက်ရွံ့ကြချေ။ ယင်းအစား ၎င်းသည် သမားရိုးကျဖြစ်လာလေ့ရှိ၏။ ဘာသာရေးတစ်ယူသန်မဖြစ်သောဝန်းကျင်မျိုးတွင် လူများစွာသည် ဆန်းပြားရာကိုပင် လက်သင့်ခံကြရာ စုန်းကဝေအတတ်ပညာသည် အတော်ပင်ဂုဏ်အသရေရှိလာပေပြီ။
လူတစ်ဦး ဖိနပ်တစ်ရန်ဝယ်သကဲ့သို့ပင် ဘာသာရေးလောကသည် မိမိတို့၏စိတ်နှင့်တိုက်ဆိုင်သောဘာသာကို လွတ်လပ်စွာရွေးချယ်နိုင်သည့် ဈေးကွက်တစ်ခုဖြစ်လာလေပြီ။ ယင်းနှင့်ဆန့်ကျင်လျက် ယေရှုက ရွေးချယ်မှုနှစ်ခုကိုသာဖော်ပြခဲ့သည်။ ကိုယ်တော်က ဤသို့ဆိုသည်– “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) မည်သည့်လမ်းကိုမဆို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။ သို့သော် ကျွန်ုပ်တို့၏ထာဝရကောင်းကျိုးအတွက် သေရေးရှင်ရေးကိစ္စဖြစ်နေသောကြောင့် ကျွန်ုပ်တို့၏ရွေးချယ်မှုမှာ အလွန်အရေးကြီးသည်။ ဝိညာဉ်ရေးအရထွန်းလင်းမှု ရရှိရန်အတွက် အမှန်တရားလမ်းကို လိုက်လျှောက်ရကြမည်။ အဆိုပါလမ်းကို ဘုရားသခင်၏နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာ၌သာတွေ့ရှိရသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 အင်္ဂလိပ်ဘာသာစကားတွင် အချို့က “magick” ဟူသော စာလုံးပေါင်းဖြင့် မှော်ပညာအမျိုးမျိုးနှင့် ဇာတ်ခုံပေါ်တွင် အမြင်အာရုံလှည့်စားမှုတို့အကြား ခြားနားမှုကိုခွဲခြားဖော်ပြကြ၏။ ၁၉၉၃ စက်တင်ဘာ ၈ [လိပ်] နိုးလော့! စာမျက်နှာ ၂၆ ရှိ “သဘာဝထက်ထူးကဲသောပညာကိုလိုက်စားခြင်း မှားယွင်းပါသလော” ဆောင်းပါးရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယနေ့ များစွာတို့သည် စုန်းကဝေအတတ်ပညာကို ဘေးကင်းသည့်သဘာဝဘာသာတရားအဖြစ် ရှုမြင်ကြ၏
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သဘာဝထက်ထူးကဲသောအတတ်ပညာသည် မှော်ပညာနှင့် အမြဲပင်ဆက်နွှယ်လျက်ရှိသည်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
စုန်းကဝေအတတ်ကိုလိုက်စားသူတို့သည် စာတန်၏အလိုကို မသိဘဲလျက်လုပ်ဆောင်နေကြခြင်းလော
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက အမှန်တရားလမ်းကိုဖော်ပြ