မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာဇီဖိနှိပ်မှုအောက်တွင် သစ္စာရှိကာရဲရင့်မှု

နာဇီဖိနှိပ်မှုအောက်တွင် သစ္စာရှိကာရဲရင့်မှု

နာဇီ​ဖိနှိပ်မှုအောက်တွင် သစ္စာရှိ​ကာ​ရဲရင့်မှု

၁၉၄၆၊ ဇွန်လ ၁၇ ရက်​တွင် နယ်သာလန်​ဘုရင်မ ဝီ​လ​မီ​နာ​သည် အမ်စတာဒမ်​မြို့ရှိ ယေဟောဝါသက်သေ​မိသားစု​တစ်စု​ထံ ဝမ်းနည်း​ကြေကွဲ​စာ​တစ်စောင်​ပေး​ပို့​ခဲ့​သည်။ ၎င်း​၏​ရည်ရွယ်ချက်မှာ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း နာဇီ​များ​ကွပ်မျက်​ခဲ့​သော ထို​မိသားစု​၏​သား​ဖြစ်သူ ယာ​ကော့ပ် ဗာန် ဘဲ​န်​အ​ကို​မ်​ကို သူ​ကြည်ညို​လေးစားကြောင်း ဖော်ပြ​ရန်ဖြစ်​သည်။ လွန်ခဲ့သော​နှစ်​အနည်းငယ်​က နယ်သာလန်​အရှေ့ပိုင်း​ရှိ ဒူး​တီ​ခါ​မ်​မြို့တော်​ကောင်စီ​သည် ထို​စစ်ပွဲ​အတွင်း​၌​ပင် ကွပ်မျက်​ခံ​ခဲ့​ရသော ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သည့် ဘဲ​နာ​ဒ် ပိုလ်မဲန်​၏​အမည်​ဖြင့် လမ်း​အမည်မှည့်​ရန် ဆုံးဖြတ်ချက်​ချ​ခဲ့​သည်။

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း နာဇီ​များသည် နယ်သာလန်​ရှိ ယာ​ကော့ပ်၊ ဘဲ​နာ​ဒ်​နှင့် အခြား​ယေဟောဝါသက်သေ​များ​ကို အဘယ်ကြောင့်​ရန်မူ​ခဲ့​ကြ​သနည်း။ ထို့​ပြင် မည်သည့်​အရာ​က အဆိုပါ​သက်သေခံ​များ​ကို ရက်စက်​သော​ညှဉ်းပန်း​နှိပ်စက်မှု​နှစ်များ​တွင် သစ္စာရှိ​စေနိုင်​ပြီး နောက်ဆုံး​၌ ပြည်သူပြည်သား​များနှင့် ဘုရင်မ​၏​ရိုသေ​လေးစားမှုကို ရရှိစေ​ခဲ့​သနည်း။ သိရှိ​ရန် ယေဟောဝါသက်သေ​အဖွဲ့​ငယ်​နှင့် ဧရာမ​နာဇီ​စစ်​ယန္တရား​တို့​ကြား ဒါဝိဒ်​နှင့်​ဂေါ​လျက်​ကဲ့သို့ ထိပ်တိုက်​ရင်ဆိုင်မှုကို​ဖြစ်စေ​သည့် အဖြစ်အပျက်​အချို့​ကို ပြန်လည်​သုံးသပ်ကြည့်​ကြ​စို့​လေ။

ပိတ်ပင်​ခံရ—သို့သော်လည်း ယခင်​က​ထက် ပို​၍​လှုပ်ရှား

၁၉၄၀၊ မေလ ၁၀ ရက်​တွင် နာဇီ​စစ်တပ်​သည် နယ်သာလန်​ကို တိုက်ခိုက်​သိမ်းယူ​ခဲ့​သည်။ နာဇီ​ဝါဒ​၏​လုပ်ရပ်ဆိုး​များ​ကို လှစ်ဟ​ပြ​ကာ ဘုရားသခင့်​နိုင်ငံတော်​ကို ထောက်ခံ​သည့် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော စာအုပ်စာတမ်း​များ​ကြောင့် နာဇီ​များသည် သက်သေခံ​များ​၏​လှုပ်ရှားမှုများ​ကို ရပ်​ပစ်​ရန် ချက်ချင်း​ကြိုးစား​ခဲ့​ကြသည်။ နာဇီ​များသည် နယ်သာလန်​ကို ကျူးကျော်​တိုက်ခိုက်​ပြီး သုံး​ပတ်​မပြည့်မီ ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​ကြောင်း လျှို့ဝှက်​အမိန့်ပြန်တမ်း​ထုတ်ခဲ့​၏။ သက်သေခံ​များသည် “တိုင်းပြည်​နှင့် ချာ့ခ်ျ​အဖွဲ့အစည်း​အားလုံး​ကို​ဆန့်ကျင်” သည်​ဟု​စွပ်စွဲ​ကာ ပိတ်ပင်​ထား​ကြောင်း သတင်းစာ​က ၁၉၄၁၊ မတ်​လ ၁၀ ရက်​တွင် ဖော်ပြ​ခဲ့​သည်။ ရလဒ်​အနေ​နှင့် သက်သေခံ​များ​ကို အပြင်းအထန်​လိုက်လံ​ရှာဖွေခဲ့​ကြသည်။

အသရေပျက်​ဂက်စတာပို သို့​မဟုတ် လျှို့ဝှက်​ရဲ​အဖွဲ့​သည် ချာ့ခ်ျ​အားလုံး​ကို စောင့်ကြပ်​ခဲ့​ကြသော်လည်း ခရစ်ယာန်​အဖွဲ့အစည်း​တစ်ခု​တည်း​ကို​သာ အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခဲ့​သည်​မှာ စိတ်ဝင်စားစရာ​ကောင်း​လှ​သည်။ “ယေဟောဝါသက်သေ​များ ဘာသာရေး​အဖွဲ့​တစ်ခု​တည်း​သာ သေ​သည့်​အထိ နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည်” ဟု ဒတ်ခ်ျ​သမိုင်း​ပညာရှင် ဒေါက်တာ​လူ​အီ ဒါ ယော​န်​က ထောက်ပြ​သည်။—ဟီ​တ် ခို​နင်​ခ်​ရိုက် ဒါ​ရ်​နာ​ဒါ​လာ​န္ဒန် အင်​န် ဒါ တွာ​ဒါ ဗာရူလ်ဒိုရ်လော့ခ် (ဒုတိယ​ကမ္ဘာ​စစ်​အတွင်း နယ်သာလန်​နိုင်ငံတော်)။

ဂက်စတာပို​သည် သက်သေခံ​များ​ကို ရှာဖွေ​ဖမ်းဆီး​ရာ​၌ ဒတ်ခ်ျ​ရဲ​အဖွဲ့​၏ ပူးပေါင်း​ဆောင်ရွက်မှု​ကို​ရရှိခဲ့သည်။ ထို့​ပြင် ကြောက်ရွံ့​ပြီး အယူဖောက်ပြန်​ခဲ့​သူ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​သည် နာဇီ​များ​အား သူ၏​ယခင်​ယုံကြည်သူချင်း​များ​အကြောင်း သတင်း​အချက်အလက်​များ​ပေး​ခဲ့​သည်။ ၁၉၄၁၊ ဧပြီလ​အကုန်ပိုင်း​တွင် သက်သေခံ ၁၁၃ ယောက်​အဖမ်းခံ​ခဲ့​ရပြီး​ဖြစ်သည်။ အဆိုပါ​တစ်ရှိန်ထိုး​တိုက်ခိုက်​ခြင်း​သည် ဟောပြောခြင်း​လုပ်ငန်း​ကို ရပ်တန့်​သွား​စေ​ခဲ့​သလော။

အဖြေကို ၁၉၄၁၊ ဧပြီလ​တွင် ဂျာမန် ဇ​စ်​ခါ​ရ်​ဟီ​စ်​ဖော​လစ်​ဇိုင် (လုံခြုံရေး​ရဲ) ရေးဆွဲ​ခဲ့​သည့် အစိုးရ​လျှို့ဝှက်ချက်​အဖြစ် သတ်မှတ်​ထားသော​မှတ်တမ်း​ဖြစ်သည့် မဲ​လ်​ဒုန်​ဂ​န် အော့စ် ဒဲန် နီ​ဒါ​ရ်​လာ​န္ဒန် (နယ်သာလန်​မှ​မှတ်တမ်းများ) တွင်​တွေ့ရှိ​ရသည်။ ယင်း​မှတ်တမ်းက ယေဟောဝါသက်သေ​များ​အကြောင်း ဤသို့​ဆို​သည်– “ဤ​တားမြစ်​ထား​ခံရ​သော​ဂိုဏ်း​သည် နိုင်ငံတစ်ဝန်းလုံး​တွင် တရား​မဝင်​အစည်းအဝေး​များ​ကျင်းပ​ခြင်း၊ ‘ဘုရားသခင့်​သက်သေခံ​များ​ကို နှိပ်စက်​ညှဉ်းပန်း​ခြင်း​သည် ရာဇဝတ်မှု​ဖြစ်သည်’ နှင့် ‘ယေဟောဝါ​သည် နှိပ်စက်​ညှဉ်းပန်း​သူများကို ထာဝရ​ဖျက်ဆီး​ပစ်​လိမ့်​မည်’ ဟူသော ဆောင်ပုဒ်​များ​ပါ​သည့် လက်ကမ်း​စာစောင်​များ​ဝေငှခြင်း​တို့ကို အင်း​တိုက်​အားတိုက်​ဆက်လုပ်​ဆောင်​နေကြ​သည်။” နောက်​နှစ်ပတ်​အကြာတွင် “ကျမ်းစာ​ကျောင်းသား​များ​၏​လှုပ်ရှားမှုများ​ကို လုံခြုံရေး​ရဲ​များ​က ပိုမို​တင်းကြပ်​ခဲ့​သော်လည်း သူတို့၏​လုပ်ငန်းများ​သည် ဆက်၍​တိုးတက်​လျက်​ရှိသည်” ဟု​ထို​မှတ်တမ်းက​ပင် ဖော်ပြ​ခဲ့​သည်။ မှန်ပါသည်၊ ဖမ်းဆီးခြင်း​အန္တရာယ်​ရှိ​သော်​ငြား​လည်း သက်သေခံ​များသည် သူတို့၏​အလုပ်ကို ဆက်လုပ်​ကိုင်​ခဲ့​ကာ ၁၉၄၁ တစ်နှစ်​တည်း​၌​ပင် လူထု​ကို စာပေ ၃၅၀,၀၀၀ ကျော်​ဝေငှ​ခဲ့​သည်!

တိုးတက်​လျက်​ရှိသည့် ရာ​ဂဏန်း​သာ​ရှိသော​သက်သေခံ​အုပ်စုငယ်​သည် သူတို့၏​ကြောက်မက်​ဖွယ်​ရန်သူများ​အား ကြံ့ကြံ့ခံ​ရင်ဆိုင်​နိုင်​ရန် မည်သည့်​အရာ​က သတ္တိ​ရှိစေခဲ့​သနည်း။ ရှေး​သစ္စာ​ရှိသူ ပရောဖက်​ဟေရှာယ​နည်းတူ သက်သေခံ​များသည် လူကို​မဟုတ်ဘဲ ဘုရားသခင်​ကို​ကြောက်ရွံ့​ကြ​၏။ အဘယ်ကြောင့်​နည်း။ ဟေရှာယ​ကို​မိန့်မြွက်​ခဲ့​သော ယေဟောဝါ​၏ ဤ​အားရှိစရာ​စကား​များ​ကို သူတို့​အလွန်​ယုံကြည်​စိတ်ချ​ကြသော​ကြောင့်​ဖြစ်သည်– “ငါ​သာ​လျှင် သင်တို့ကို နှစ်သိမ့်​စေသော​အရှင်​ပေ​တည်း။ သေတတ်​သော​လူ . . . ကို . . . တုန်လှုပ်ခြင်း​ရှိသော​သင်သည် မည်သို့သော​သူ​ဖြစ်သနည်း။”—ဟေရှာယ ၅၁:၁၂သ​မ။

ရဲရင့်ခြင်း​သည် လေးစားမှုကို​တောင်းဆို

၁၉၄၁ ခုနှစ်​အကုန်ပိုင်း​တွင် အဖမ်းခံရ​သော​သက်သေခံ​များ​၏ အရေအတွက်​သည် ၂၄၁ ယောက်​အထိ​တိုးလာ​သည်။ သို့ရာတွင် အနည်းငယ်​သာ လူကို​ကြောက်စိတ်​လွှမ်းမိုး​ခံ​ခဲ့​ကြသည်။ နာမည်ကြီး​ဂျာမန်​လျှို့ဝှက်​ရဲ​အဖွဲ့ဝင် ဝီလီ လာ​ဂျက်​စ်​က “ယေဟောဝါသက်သေ ၉၀ ရာခိုင်နှုန်း​သည် အဘယ်အရာကို​မျှ မဖော်​ပြ​ရန် ငြင်းဆို​ခဲ့​ကြ​စဉ် အခြား​အုပ်စု​များ​မှ ရာခိုင်နှုန်း​အနည်းငယ်​သာ နှုတ်ဆိတ်​နေ​ရန်​သတ္တိ​ရှိခဲ့​ကြသည်” ဟု​ပြောဆို​ခဲ့​ကြောင်း​ကိုးကား​ခဲ့​သည်။ သက်သေခံ​အချို့​နှင့်​အကျဉ်း​ချ​ခံ​ခဲ့​ရသော ဒတ်ခ်ျ​ခရစ်ယာန်​ဓမ္မ​ဆရာ ယို​ဟာ​န်စ် ဂျေ. ဘူစ်​ခါ​စ်​၏​ဖော်ပြချက်​သည် လာ​ဂျက်​စ်​၏​စကား​ကို ထောက်ခံ​သည်။ ၁၉၅၁ ခုနှစ်​တွင် ဘူစ်​ခါ​စ်​က ဤသို့​ရေးခဲ့​၏–

“အဲဒီတုန်းက သူတို့ရဲ့​ယုံကြည်​ကိုးစားမှု​နဲ့ ယုံကြည်ခြင်း​အစွမ်း​ကို ကျွန်တော်​အကြီးအကျယ်​လေးစား​မိတယ်။ ဟစ်တလာ​နဲ့​နာဇီ​ခေတ်​ကျရှုံး​မယ်​လို့ ကြိုတင်​ဟောထားတဲ့ လက်ကမ်း​စာစောင်​တွေ​ဝေငှ​ခဲ့​တဲ့ ၁၉ နှစ်လောက်​သာ​ရှိသေး​တဲ့ လူငယ်​တစ်ယောက်ကို ကျွန်တော်​ဘယ်တော့မှ မေ့​မှာ​မဟုတ်ဘူး။ . . . ဒီ​လှုပ်ရှားမှု​ကို​ရပ်တန့်​လိုက်မယ်​လို့ သူက​တိ​ပေး​လိုက်ရင် ခြောက်​လ​အတွင်း​ထောင်​က​လွတ်​နိုင်တယ်။ အဲဒါကို သူ​ယတိပြတ်​ငြင်းဆို​တဲ့​အတွက် ဂျာမနီ အလုပ်ကြမ်း​စခန်း​မှာ အကန့်အသတ်မဲ့​ထောင်ချ​ခံ​ဖို့ အပြစ်စီရင်​ခံ​ခဲ့တယ်။ အဲဒါ​ဘာလဲဆိုတာ​ကို ကျွန်တော်​တို့​ကောင်းကောင်း​သိခဲ့ကြတယ်။ နောက်​တစ်နေ့​မနက်​မှာ သူ့ကို​ခေါ်ထုတ်​သွား​တုန်း ကျွန်တော်​တို့​က​နှုတ်ဆက်​ကြ​တဲ့​အခါ မင်းကို ငါ​တို့​သတိရ​နေကြ​ပြီး မင်း​အတွက် ဆုတောင်းပေး​နေကြ​မယ်​လို့​ပြော​တော့ ‘ကျွန်တော့်​အတွက် စိတ်​မ​ပူ​ကြနဲ့။ ဘုရားသခင့်​နိုင်ငံတော်​လာ​မှာ ကျိန်းသေ​တယ်’ လို့​တစ်ခွန်း​တည်း​ဖြေ​ခဲ့တယ်။ ဒီ​ယေဟောဝါသက်သေ​တွေ​ရဲ့ သွန်သင်ချက်​တွေ​ကို ဘယ်လောက်​ပဲ​လက်မခံနိုင်​ပေမဲ့ အဲလို​ခံယူ​ချက်​မျိုးကို ဘယ်တော့မှ​မမေ့​နိုင်ဘူး။”

ရက်စက်​စွာ​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရ​သော်လည်း သက်သေခံ​အရေအတွက်​သည် တိုးပွားလျက်​ရှိခဲ့​သည်။ ထို​တွင် ဒုတိယ​ကမ္ဘာ​စစ်​မစ​မီ​လေး​၌​လူ ၃၀၀ ခန့်​ရှိခဲ့​သော်လည်း ၁၉၄၃ ခုနှစ်​တွင် ထို​အရေအတွက်​သည် ၁,၃၇၉ ဦး​အထိ တိုးများ​လာ​သည်။ ဝမ်းနည်းဖွယ်​မှာ၊ ထို​နှစ်​အကုန်ပိုင်း​၌ အဖမ်းခံ​ခဲ့​ရသော​သက်သေခံ ၃၅၀ ကျော်​မှ ၅၄ ဦး​သည် ချွေး​တပ်​စခန်း​အသီးသီး​တွင် ကွယ်လွန်​ခဲ့​ကြ​ခြင်း​ဖြစ်၏။ ၁၉၄၄ ခုနှစ်​တွင် နယ်သာလန်​မှ ယေဟောဝါသက်သေ ၁၄၁ ယောက်​သည် ချွေး​တပ်​စခန်း​အသီးသီး​တွင် ရှိနေဆဲ​ပင်။

နာဇီ​နှိပ်စက်​ညှဉ်းပန်း​ခြင်း​၏​နောက်ဆုံး​နှစ်

၁၉၄၄၊ ဇွန်လ ၆ ရက်​နောက်ပိုင်း သက်သေခံ​များ​နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့် နောက်ဆုံး​နှစ်​ထဲ​ဝင်လာ​သည်။ နာဇီ​များနှင့် သူတို့​အပေါင်းပါများ​သည် စစ်ရေး​အရ ရှုံးနိမ့်​နေခဲ့​ကြသည်။ အဆိုပါ​အခြေအနေ​မျိုး​တွင် နာဇီ​များသည် ရိုးသား​သော​ခရစ်ယာန်​များ​ကို နှိပ်စက်​ညှဉ်းပန်းမှု​ရပ်စဲ​သွား​လိမ့်​မည်​ဟု ထင်​ရ၏။ သို့သော် ထို​နှစ်​အတွင်း နောက်ထပ်​သက်သေခံ ၄၈ ယောက်​ကို ဖမ်းဆီး​ပြီး အကျဉ်း​ချထား​သော​သက်သေခံ ၆၈ ယောက်​ကျော် သေဆုံး​ခဲ့​၏။ သူတို့​ထဲ​မှ​တစ်ဦး​မှာ အစပိုင်း​၌ ဖော်ပြ​ခဲ့​သော ယာ​ကော့ပ် ဗာန် ဘဲ​န်​အ​ကို​မ်​ဖြစ်သည်။

တစ်ဆယ့်​ရှစ်နှစ်​အရွယ် ယာ​ကော့ပ်​သည် ၁၉၄၁ ခုနှစ်​၌ ယေဟောဝါသက်သေ​များ​အဖြစ် နှစ်ခြင်း​ခံ​ခဲ့​သော​သူ ၅၈၀ တွင်​တစ်ဦး​ပါဝင်​ခဲ့​သည်။ ထို့နောက်​များ​မကြာမီ သူ၏​ခရစ်ယာန်​ကြားနေ​မှု​ကို အလျှော့ပေး​ဖို့​တောင်းဆို​သည့် ဝင်ငွေ​ကောင်းသော​အလုပ်ကို စွန့်လွှတ်​လိုက်​သည်။ စာပို့​လုလင်​အဖြစ်​အလုပ်လုပ်​ရင်း အချိန်ပြည့်​အမှုဆောင်​တစ်ဦး​အဖြစ် အမှုဆောင်ခဲ့သည်။ ကျမ်းစာ​စာပေ​များ​ကို သယ်ယူ​ပို့ဆောင်​ပေး​နေစဉ် သူ​အဖမ်းခံ​ခဲ့​ရသည်။ ၁၉၄၄၊ ဩဂုတ်​လ​တွင် ၂၁ နှစ်အရွယ်​ယာ​ကော့ပ်​သည် သူ၏​မိသားစု​ထံ ရော့​တာ​ဒမ်​မြို့ရှိ​ထောင်​တစ်ခု​မှ ဤသို့​စာရေး​ခဲ့​သည်–

“ကျွန်တော်​နေကောင်း​ပါ​တယ်၊ အရမ်း​လည်း​ပျော်​တယ်။ . . . အခု​ကျွန်တော့်​ကို လေး​ကြိမ်​စစ်ဆေး​မေးမြန်း​ပြီးပြီ။ ပထမ​နှစ်ကြိမ်​က အတော်လေး​ပြင်းထန်​တယ်၊ မညှာမတာ​အရိုက်ခံ​ခဲ့​ရတယ်၊ ဒါပေမဲ့ သခင်ရဲ့​ခွန်အား​နဲ့​မခံစားထိုက်​တဲ့​ကရုဏာ​ကြောင့် ကျွန်တော်​အခုထိ ဘာကိုမှ​ဖွင့်​မပြောခဲ့​သေး​ဘူး။ . . . ဒီမှာ စုစုပေါင်း​နားထောင်သူ ၁၀၂ ယောက်​ကို ဟောပြောချက်​ခြောက်​ခု​ပေး​နိုင်​ခဲ့ပြီ။ တချို့က တော်တော်လေး​ကို စိတ်ဝင်စားမှု​ပြ​ခဲ့​ပြီး သူတို့​ထောင်​ထဲ​က​ထွက်​တာ​နဲ့ ဆက်​ကြိုးစား​မယ်​လို့ ကတိပေး​ကြတယ်။”

၁၉၄၄၊ စက်တင်ဘာ ၁၄ ရက်​တွင် ယာ​ကော့ပ်​ကို ဒတ်ခ်ျ​နိုင်ငံ အ​မ္မစ်​ဖော့​တ်​မြို့ရှိ ချွေး​တပ်​စခန်း​သို့ ခေါ်သွား​သည်။ သူသည် ထို​နေရာ၌​ပင်​လျှင် ဆက်၍​ဟောပြောခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ ထောင်သား​ချင်း​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​ခဲ့​သည်– “အစောင့်​တွေ​လွှင့်ပစ်လိုက်​တဲ့ စီးကရက်​ဖင်​စီ​ခံ​အပိုင်းအစ​တွေ​ကို ထောင်​သ​မား​တွေ​က​ကောက်ယူ​ပြီး စီးကရက်​စက္ကူ​အဖြစ် ကျမ်းစာ​ရွက်​တွေ​ကို အသုံးပြု​ခဲ့​ကြတယ်။ တစ်ခါ​တ​လေ ယာ​ကော့ပ်​ဟာ စီးကရက်​လိပ်​တော့​မယ့်​ဆဲ​ဆဲ ကျမ်းစာ​ရွက်​ကနေ ကျမ်းချက်​အနည်း​အကျဉ်း​ဖတ်​နိုင်​ခဲ့တယ်။ ချက်ချင်းပဲ သူဟာ အဲဒီ​ကျမ်း​စကား​တွေ​ကို​အခြေ​ပြုပြီး ကျွန်တော်​တို့ကို​ဟောခဲ့တယ်။ မကြာခင် ယာ​ကော့ပ်​ကို ‘ကျမ်းစာ​သ​မား’ လို့​ကျွန်တော်​တို့​ခေါ်​ခဲ့​ကြတယ်။”

၁၉၄၄၊ အောက်တိုဘာ​လ​တွင် တင့်ကား​ထောင်ချောက်များ​တူး​ဖို့ အမိန့်ပေး​ခံ​ခဲ့​ရသော အကျဉ်းသား​အုပ်စုကြီး​တစ်ခု​တွင် ယာ​ကော့ပ်​လည်း ပါဝင်​ခဲ့​သည်။ ယာ​ကော့ပ်​သည် စစ်​ကြိုးပမ်းမှု​ကို ထောက်ပံ့​ရန် သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​က ခွင့်​မပြု​သောကြောင့် ထို​အလုပ်ကို မ​လုပ်နိုင်​ဟု​ငြင်းပယ်​ခဲ့​၏။ အစောင့်များ​က အဆက်မပြတ်​ခြိမ်းခြောက်​ခဲ့​သော်လည်း သူသည် အရှုံးမပေး​ခဲ့​ချေ။ အောက်တိုဘာ ၁၃ ရက်​တွင် အရာရှိ​တစ်ဦး​သည် သူ့ကို တိုက်ပိတ်​ခံ​နေရာ​မှ လုပ်ငန်းခွင်​သို့ ခေါ်သွား​ခဲ့​သည်။ ယာ​ကော့ပ်​သည် ခိုင်မာ​စွာ​ဆက်၍​ရပ်တည်ခဲ့​သည်။ နောက်ဆုံး​၌ ယာ​ကော့ပ်​ကို ကိုယ့်​သင်္ချိုင်းတွင်း​ကိုယ်တူး​ခိုင်း​ကာ သေနတ်​နှင့်​ပစ်သတ်​ခဲ့​၏။

သက်သေခံ​များ​ကို ဆက်၍​ဖမ်းဆီး

ယာ​ကော့ပ်​နှင့်​အခြားသူများ​၏ ရဲရင့်စွာ​ရပ်တည်မှု​သည် နာဇီ​များ​ကို အမျက်​ခြောင်း​ခြောင်း​ထွက်​စေ​ခဲ့​သည့်​အတွက် သက်သေခံ​များ​ကို ဖမ်းဆီး​ဖို့​ပြန်​စတင်​သည်။ သူတို့​ပစ်မှတ်​ထဲ​မှ​တစ်ဦး​မှာ ၁၈ နှစ်အရွယ် အာဗာတ် ကီတ်​လာ​ရေ​ဖြစ်သည်။ အစပိုင်း​တွင် အာဗာတ်​သည် ထွက်ပြေး​ပုန်းရှောင်​နေ​သော်လည်း နောက်ပိုင်း​တွင် အဖမ်း​ခံရ​ပြီး အခြား​သက်သေခံ​များ​အကြောင်း သတင်း​အချက်အလက်​များ​ပေး​စေရန်​အတွက် ရက်စက်​စွာ​အရိုက်ခံ​ခဲ့​ရသည်။ သူသည် ငြင်းဆန်​ခဲ့​သောကြောင့် အလုပ်ကြမ်း​လုပ်ရန် ဂျာမနီ​သို့​အ​ပို့​ခံ​ခဲ့​ရ၏။

၁၉၄၄၊ အောက်တိုဘာ​လမှာ​ပင် ရဲ​အဖွဲ့​သည် အာဗာတ်​၏​ယောက်ဖ ဘဲ​နာ​ဒ် လူ​စ်​မ​စ်​ကို ဖမ်းဆီး​ဖို့​ရှာဖွေခဲ့​သည်။ သူ့ကို​တွေ့ရှိ​ချိန်​တွင် သူသည် အခြား​သက်သေခံ​နှစ်ဦး​ဖြစ်သည့် အန်​တိုနီ ရေမီ​ယာ​ရ်၊ အာလ်ဘာတပ်စ် ဘော့စ်​တို့​နှင့်အတူ​ရှိ​နေသည်။ အာလ်ဘာတပ်စ်​သည် ချွေး​တပ်​စခန်း​တွင် ၁၄ လ​တိုင်​နေခဲ့​ပြီး​ဖြစ်သည်။ သို့​တိုင် သူသည် ထောင်​မှ​ထွက်​လာသော​အခါ ဟောပြောခြင်း​လုပ်ငန်း​ကို စိတ်အား​ထက်သန်​စွာ​ပြန်​စ​လုပ်ကိုင်​ခဲ့​သည်။ နာဇီ​များသည် ဤ​သူ​သုံးဦး​ကို ဦးဆုံး​မညှာမတာ​ရိုက်​ပြီး​နောက် သေနတ်​ဖြင့်​ပစ်သတ်​ခဲ့​ကြသည်။ စစ်​ပြီး​နောက်​မှာ​သာ သူတို့၏​ရုပ်​အလောင်း​များ​ကို​တွေ့ရှိ​ကာ တစ်ဖန်​မြှုပ်နှံ​ခဲ့​ရသည်။ စစ်​ပြီး​နောက်​များ​မကြာမီ ဒေသခံ​သတင်းစာ​အချို့​သည် ဤ​ကွပ်မျက်ခြင်း​ကို ဖော်ပြ​ခဲ့​ကြသည်။ ထို​သက်သေခံ​သုံးဦးသည် နာဇီ​များ​အတွက် ဘုရားသခင့်​ပညတ်​နှင့်​ဆန့်ကျင်​သော မည်သည့်​အလုပ်ကိုမျှ​မ​လုပ်ဖို့ တစ်သမတ်တည်း​ငြင်းပယ်​ခဲ့​ကြသည်၊ “ယင်း​အတွက် သူတို့၏​အသက်ကို ပေး​ဆပ်​ခဲ့​ကြ​ရသည်” ဟု​သတင်းစာ​တစ်စောင်​က ဖြည့်စွက်​ဖော်ပြ​ခဲ့​သည်။

ဤ​အတောအတွင်း ၁၉၄၄၊ နိုဝင်ဘာ ၁၀ ရက်​တွင် အစပိုင်း​၌​ဖော်ပြ​ခဲ့​သော ဘဲ​နာ​ဒ် ပိုလ်မဲန်​ကို​ဖမ်း​၍ စစ်​စီမံကိန်း​တစ်ခု​၌ အလုပ်လုပ်​ရန် ပို့​ခဲ့​သည်။ အလုပ်ကြမ်း​သမားများ​ကြား​တွင် သူ​တစ်ဦးတည်း​သာ သက်သေခံ​ဖြစ်သည့်​အပြင် ဤ​အလုပ်ကို​မ​လုပ်နိုင်​ကြောင်း ငြင်းဆန်​ခဲ့​သူ​တစ်ဦးတည်း​ဖြစ်သည်။ သူအား အလျှော့ပေး​လိုက်လျော​စေရန် အစောင့်များ​က နည်း​ဗျူဟာ​အမျိုးမျိုးကို အသုံးပြု​ခဲ့​ကြသည်။ သူ့ကို အစာ​မ​ကျွေး​ဘဲ​ထားခဲ့​သည်။ တုတ်၊ ဂေါ်​ပြား​နှင့် ရိုင်ဖယ်​သေနတ်​ဒင်​တို့​ဖြင့် ရက်စက်​စွာ​ရိုက်​ခဲ့​ကြသည်။ ထို့​ပြင် ဒူးဆစ်​အထိ​ရှိသည့် ရေ​အေး​တွင် အတင်း​ဖြတ်လျှောက်​ခိုင်း​ပြီး​နောက် အဝတ်​စို​များနှင့် စိုထိုင်း​နေသော​မြေအောက်ခန်း​တွင် တစ်ညလုံး​ထားခဲ့​၏။ သို့​တိုင် ဘဲ​နာ​ဒ်​သည် အရှုံးမပေး​ခဲ့​ချေ။

ထို​အချိန်အတွင်း ယေဟောဝါသက်သေ​များ​မဟုတ်​ကြသော ဘဲ​နာ​ဒ်​၏​အစ်မ​နှစ်ယောက်ကို သူ့​ထံ​လည်ပတ်ခွင့်​ပြု​ခဲ့​သည်။ သူတို့က သူ၏​စိတ်​ကို ပြောင်းလဲ​ရန်​တိုက်တွန်း​ခဲ့​ကြသော်လည်း မည်သည့်​နည်း​နှင့်​မျှ သူ့ကို​မယိမ်းယိုင်​စေနိုင်​ခဲ့​ချေ။ ဘဲ​နာ​ဒ်​အတွက် သူတို့​ပြုလုပ်​ပေး​နိုင်​သည့်​အရာ​တစ်ခုခု​ရှိသလော​ဟု သူတို့က​မေး​သောအခါ သူက အိမ်ပြန်​ပြီး​ကျမ်းစာ​လေ့လာ​ကြ​ပါ​ဟု အကြံပေး​ခဲ့​သည်။ ထို့နောက် သူ့ကို​နှိပ်စက်​ညှဉ်းပန်း​သူများ​က သူ၏​ကိုယ်ဝန်ဆောင်​ဇနီးသည် သူ၏​ခံနိုင်ရည်​ကို​ဖျက်​နိုင်​မည်​ဟူ​သည့်​မျှော်လင့်ချက်​ဖြင့် သူ့​ထံ​လည်ပတ်​စေ​ခဲ့​၏။ သို့သော် သူ​ရောက်​လာ၍ ပြောဆို​ခဲ့​သည့်​ရဲရင့်​သော​စကား​များ​က ဘုရားသခင်​ကို​သစ္စာရှိ​သွား​ရန် ဘဲ​နာ​ဒ်​၏​သန္နိ​ဋ္ဌာန်​ကို ခိုင်မြဲ​စေဖို့​သာ​ဖြစ်စေ​ခဲ့​သည်။ ၁၉၄၄၊ နိုဝင်ဘာ ၁၇ ရက်​တွင် ဘဲ​နာ​ဒ်​ကို အခြား​အလုပ်ကြမ်း​သ​မား​အားလုံး​ရှေ့ နှိပ်စက်​ကလူ​ပြုသူ​ငါး​ယောက်​က သေနတ်​နှင့်​ပစ်သတ်​ခဲ့​သည်။ ဘဲ​နာ​ဒ်​၏​ကိုယ်ခန္ဓာ​ကို ဆန်ခါ​ပေါက်​ဖြစ်အောင် ပစ်​ခဲ့​ပြီး အသက်​ထွက်​ပြီး​နောက်​၌​ပင် တာဝန်ခံ​အရာရှိ​သည် သူ၏​ခြောက်လုံး​ပြူး​သေနတ်​ကို ဆွဲထုတ်​ကာ ဘဲ​နာ​ဒ်​၏​မျက်လုံး​နှစ်လုံး​စ​လုံး​ကို ပစ်​ဖောက်​ခဲ့​သည်​အထိ ဒေါသ​ပြင်းထန်​ခဲ့​သည်။

အဆိုပါ​ရက်စက်​စွာ ကွပ်မျက်​ခံရ​ခြင်း​အကြောင်းကို​သိခဲ့​သော သက်သေခံ​များ​အား ထိတ်လန့်​စေ​ခဲ့​သော်လည်း သူတို့သည် ဆက်၍​သစ္စာရှိ​ရှိ၊ ရဲရဲရင့်ရင့်​ဖြင့် ခရစ်ယာန်​လုပ်ငန်း​ကို​ဆက်လုပ်​ကိုင်​ခဲ့​ကြသည်။ ဘဲ​နာ​ဒ်​အသတ်ခံခဲ့ရ​သော နယ်မြေ​အနီးရှိ ယေဟောဝါသက်သေ​အသင်းတော်​ငယ်​တစ်ခု​သည် ထို​ကွပ်မျက်ခြင်း​ပြီး​နောက်​မကြာမီ ဤသို့​ဖော်ပြ​ခဲ့​သည်– “ဒီ​လမှာ ဆိုးဝါး​တဲ့​ရာသီဥတု​နဲ့ စာတန်​ကြောင့်​အခက်အခဲ​တွေ​ခံရ​တဲ့​ကြား​က တိုးတက်မှု​အများကြီး​ရရှိခဲ့တယ်။ လယ်ကွင်း​မှာ​ပါဝင်​ခဲ့​တဲ့​နာရီ​ပေါင်း ၄၂၉ ကနေ ၇၆၅ အထိ​တိုးတက်​ခဲ့တယ်။ . . . ဟောပြောနေ​တုန်း​မှာ ညီအစ်ကို​တစ်ယောက်​က လူတစ်ယောက်ကို ကောင်းကောင်း​သက်သေ​ခံနိုင်​ခဲ့တယ်။ အဲဒီ​လူက ခင်ဗျား​တို့​ဟာ ပစ်သတ်​ခံ​ခဲ့​ရတဲ့​သူနဲ့ ယုံကြည်ခြင်း​တူ​သူတွေ​လားလို့ မေးခဲ့တယ်။ ဟုတ်တယ်လို့​ကြား​လိုက်တဲ့အခါ ဒီ​လူက ‘တကယ့်​လူ​ပဲ၊ တကယ့်​ယုံကြည်ခြင်း​ပဲ! အဲဒါကို ယုံကြည်ခြင်း​သူရဲကောင်း​လို့ ကျွန်တော်​ခေါ်​တာ!’ ဟု​သူ​ပြော​ခဲ့တယ်။

ယေဟောဝါ​အမှတ်ရ​ခဲ့

၁၉၄၅၊ မေလ​တွင် နာဇီ​တို့သည် စစ်ရှုံး​ပြီး နယ်သာလန်​မှ မောင်းထုတ်​ခံ​ခဲ့​ရသည်။ စစ်​အတွင်း ရက်စက်​စွာ​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရ​သော်လည်း ယေဟောဝါသက်သေ​အရေအတွက်​သည် ရာ​ဂဏန်း​အနည်းငယ်​မှ ၂,၀၀၀ ကျော်​အထိ တိုးတက်​ခဲ့​သည်။ စစ်​ကာလ​မှ​ဤ​သက်သေခံ​များ​အကြောင်းကို ပြောဆို​ကြ​ရာ​တွင် သမိုင်း​ပညာရှင် ဒေါက်တာ ဒါ ယော​န်​က ဤသို့​ဝန်ခံ​သည်– “ခြိမ်းခြောက်​မှု​တွေ​နဲ့ နှိပ်စက်​ညှဉ်းပန်းမှု​တွေ​ရှိ​လင့်​ကစား အများစုဟာ သူတို့ရဲ့​ယုံကြည်ခြင်းကို မငြင်းပယ်ခဲ့​ကြဘူး။”

ထို့​ကြောင့် နာဇီ​အုပ်ချုပ်မှု​ကြား​တွင် ရဲရင့်စွာ​ရပ်တည်ခြင်း​အတွက် ယေဟောဝါသက်သေ​များ​ကို လောက​အာဏာပိုင်​အချို့ အမှတ်ရ​ခဲ့​ခြင်း​သည် အကြောင်းကောင်း​ဖြစ်သည်။ သို့သော် သာ၍​အရေးကြီး​သည်​မှာ ယေဟောဝါ​နှင့်​ယေရှု​တို့သည် စစ်​ကာလ​မှ​ဤ​သက်သေခံ​များ​၏ အလွန်​လေးစားထိုက်​သော​မှတ်တမ်း​ကို အမှတ်ရ​လိမ့်​မည်​ဖြစ်သည်။ (ဟေဗြဲ ၆:၁၀) နီးကပ်​လျက်​ရှိသော ယေရှု​ခရစ်​၏​အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​ကာလ​အတောအတွင်း ဘုရားသခင့်​လုပ်ငန်းတော်​အတွက် အသက်​စတေး​ခဲ့​ကြ​သည့် သစ္စာ​ရှိပြီး​ရဲရင့်​သော အဆိုပါ​သက်သေခံ​များသည် ပရဒိသု​မြေကြီးပေါ်​တွင် ထာဝရ​အသက်ရှင်​ရန်​မျှော်လင့်ချက်​ဖြင့် အောက်မေ့​ရာ​သင်္ချိုင်း​များ​မှ ထမြောက်​လာ​ကြလိမ့်မည်​တကား!—ယောဟန် ၅:၂၈၊ ၂၉

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယာ​ကော့ပ် ဗာန် ဘဲ​န်​အ​ကို​မ်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များ​ကို ပိတ်ပင်​ကြောင်း အမိန့်ပြန်တမ်း​ပါ သတင်းစာ​ဖြတ်ပိုင်း

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

လက်ယာ– ဘဲ​နာ​ဒ် ပိုလ်မဲန်; အောက်​ပုံ– အာလ်ဘာတပ်စ် ဘော့စ် (လက်ဝဲ) နှင့် အန်​တိုနီ ရေ​မီ​ယာ​ရ်; အောက်​ဆုံး​ပုံ– ဟ​င်မ်​စ​တီ​ဒီ​ရှိ အသင်းမ​ရုံး