မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့

ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့

ဘုရားသခင့်​ပရောဖက်ပြုချက် စကားတော်​ကို အာရုံစိုက်​လော့

ထိုသို့​သော​အားဖြင့် ပရောဖက်​တို့၏​စကားတော်​သည် ငါ​တို့​အဖို့​သာ၍​မြဲမြံ​၏။ . . . ထိုစကား​တော်​ကို . . . ဂရုပြု​သင့်​ကြ​၏။”—၂ ပေတရု ၁:၁၉၊ သမ္မာ။

၁၊ ၂။ မေရှိယ​အတုအယောင်​၏ အဘယ်​နမူနာ​တစ်ခု​ကို သင်​ပြောပြ​နိုင်​မည်​နည်း။

ရာစုနှစ်များ​တစ်လျှောက် မေရှိယ​အတုအယောင်​တို့သည် အနာဂတ်​ကို​ဟောကိန်းထုတ်​ရန် ကြိုးပမ်း​ခဲ့​ကြ​၏။ စီ.အီး. ငါး​ရာစုနှစ်​တွင် မိမိကိုယ်ကို​မောရှေ​ဟု​ခေါ်ဆို​သူ​တစ်ဦး​က ကရေတေ​ကျွန်း​နေ​ဂျူး​များ​အား မိမိသည်​မေရှိယ​ဖြစ်​ပြီး သူတို့ကို​ဖိနှိပ်မှု​အောက်​မှ လွတ်မြောက်​စေမည်​ဟု ယုံကြည်​စေ​ခဲ့​၏။ သူတို့ကို​လွတ်မြောက်​ဖို့ ရာ​ထားသော​နေ့တွင် မြေထဲပင်လယ်​ကို အထက်​မှ​စီး​၍​မြင်နိုင်​သော​နေရာသို့ ထို​သူ​နောက်လိုက်​သွား​ကြသည်။ ပင်လယ်​ထဲ​သို့ သူတို့​ခုန်ချ​လိုက်​ရုံ​နှင့် ပင်လယ်​နှစ်ခြမ်း​ကွဲ​သွား​လိမ့်​မည်​ဟု သူ​ပြောဆို​သည်။ ရေ​ထဲ​ခုန်ချ​ခဲ့​သူ​အတော်များများမှာ ရေနစ်​သေဆုံး​ခဲ့​ကြ​ပြီး ထို​မေရှိယ​အတုအယောင်​လည်း ပျောက်​ခြင်း​မလှ​ပျောက်​သွားခဲ့သည်။

၁၂ ရာစု​တွင် ယီ​မင်​နိုင်ငံ​၌ “မေရှိယ” တစ်ဦး​ပေါ်လာ​ပြန်​သည်။ ကဲ​လက်​ဖ်​ဟု​ခေါ်​သော​အုပ်စိုးရှင်​က သူ၏​မေရှိယ​အဖြစ်ကို သာဓက​ပြဖို့​တောင်းဆို​ခဲ့​သည်။ ဤ “မေရှိယ” က​သူ၏​ဦးခေါင်း​ကို​ဖြတ်ပစ်ဖို့​အဆိုပြု​သည်။ ချက်ချင်း​ရှင်ပြန်ထမြောက်ခြင်း​က သာဓက​ဖြစ်​မည်​ဟု သူ​ပရောဖက်ပြု​သည်။ ထို​အကြံ​ကို ကဲ​လက်​ဖ်​သဘောတူခဲ့​ရာ—ထို “မေရှိယ” ဇာတ်သိမ်း​သွားခဲ့သည်။

၃။ စစ်မှန်သော​မေရှိယ​ကား မည်သူ​နည်း၊ ကိုယ်တော်​၏​အမှုဆောင်ခြင်းက အဘယ်အရာကို​သက်သေထူ​သနည်း။

မေရှိယ​အတုအယောင်​များနှင့် သူတို့၏​ပရောဖက်ပြုချက်​များသည် လုံးဝ​အ​ထ​မ​မြောက်​ခဲ့​ကြသော်လည်း ဘုရားသခင့်​ပရောဖက်ပြု​စကားတော်​ကို အာရုံစိုက်​ခြင်း​သည် ဘယ်​အခါ​မျှ စိတ်ဓာတ်​မကျ​စေပါ။ စစ်မှန်သော​မေရှိယ​ဖြစ်သည့် ယေရှု​ခရစ်တော်​သည် ကျမ်းစာ​ပရောဖက်ပြုချက်​များစွာ​၏ သက်ရှိ​ပြည့်စုံချက်​ဖြစ်သည်။ သာဓက​အနေ​နှင့် ဟေရှာယ​၏​ပရောဖက်ပြုချက်​ကိုကိုး​ကား​လျက် ခရစ်ဝင်​ကျမ်း​ရေးသူ​မဿဲ​က ဤသို့​ရေးသားခဲ့​သည်– “‘ဇာဗုလုန်​ခရိုင်​နှင့် နဿလိ​ခရိုင်​တည်း​ဟူသော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်ဒန်​မြစ်​တစ်ဖက်၊ တစ်ပါး​အမျိုးသား​နေရာ ဂါလိလဲ​ပြည်၊ မှောင်မိုက်​ထဲမှာ​ရှိနေ​သော​လူများ​တို့သည် ကြီးစွာ​သော​အလင်း​ကို​မြင်ရ​၍၊ သေ​မင်း​၏​နိုင်ငံ​အရိပ်​တွင် ရှိနေ​သော​သူတို့၌ အလင်း​ပေါ်ထွန်း​လျက်​ရှိ၏။’ ထို​အခါ​မှ​စ၍ ယေရှု​က၊ ‘နောင်တ​ရ​ကြလော့။ ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နီးပြီ’ ဟူသော​တရားကို ဟော​စ​ပြု​တော်​မူ​၏။” (မဿဲ ၄:၁၅-၁၇; ဟေရှာယ ၉:၁၊ ၂) ယေရှုသည် ထို “ကြီးစွာ​သော​အလင်း” ဖြစ်​ပြီး ကိုယ်တော်​၏​အမှုဆောင်ခြင်းက မောရှေ​တင်ကူး​ဟောထား​သော ပရောဖက်​ဖြစ်​ကြောင်း သက်သေထူ​သည်။ ယေရှု​စကား​ကို​နားထောင်ဖို့ ငြင်းပယ်​သူတို့သည် ဖျက်ဆီး​ခံရ​လိမ့်​မည်​ဖြစ်သည်။—တရားဟောရာ ၁၈:၁၈၊ ၁၉; တမန်​တော် ၃:၂၂၊ ၂၃

၄။ ဟေရှာယ ၅၃:၁၂ ကို​ယေရှု​မည်သို့​ပြည့်စုံ​စေ​ခဲ့​သနည်း။

ဟေရှာယ ၅၃:၁၂ မှ​ပရောဖက်ပြုချက်​စကား​များ​ကိုလည်း ယေရှု​ပြည့်စုံ​စေ​ခဲ့​၏—“မိမိ​အသက်ကို​သေခြင်း​၌​သွန်း​၍၊ မတရားသော​သူတို့နှင့်​ရေတွက်​ဝင်​ခြင်း​သို့​ရောက်​သဖြင့်၊ လူများ​တို့၏​အပြစ်ကို​ဆောင်ရွက်၍၊ မတရားသော​သူတို့​အဖို့​တောင်းပန် . . . မည်။” ရွေးနုတ်ဖိုး​အဖြစ် မိမိ၏​လူသား​အသက်ကို မကြာမီ​ပေး​ဆပ်​ရမည်​ဖြစ်​ကြောင်း ယေရှု​သိထား​သောကြောင့် တပည့်တော်​များ​၏​ယုံကြည်ခြင်းကို ကိုယ်တော်​ခိုင်မာ​စေ​ခဲ့​သည်။ (မာကု ၁၀:၄၅) ယင်းကို ကိုယ်ယောင်​ပြောင်းလဲခြင်း​အားဖြင့် ကိုယ်တော်​ထူးခြား​စွာ​ပြုလုပ်​ခဲ့​သည်။

ကိုယ်ယောင်​ပြောင်းလဲခြင်း​က ယုံကြည်ခြင်းကို​တည်ဆောက်

၅။ ကိုယ်ယောင်​ပြောင်းလဲခြင်း​ကို သင့်ကိုယ်​ပိုင်​စကား​ဖြင့် မည်သို့​ဖော်ပြ​မည်​နည်း။

ကိုယ်ယောင်​ပြောင်းလဲခြင်း​သည် ပရောဖက်ပြုချက်​တစ်ရပ်​ဖြစ်သည်။ ယေရှု​က​ဤသို့​ဆို​သည်– “လူသား​သည် မိမိ​အဘ​ခမည်းတော်​၏ ဘုန်း​အာနုဘော်​ကို​ဆောင်​လျက်၊ ကောင်းကင်တမန်​အ​ခြံ​အ​ရံ​တို့​နှင့် ကြွလာ​တော်​မူ​လတ္တံ့။ . . . ငါ​အမှန်​ဆိုသည်ကား၊ လူသား​သည် နိုင်ငံတော်​တည်လျက်​ကြွလာ​တော်​မူ​သည်ကို၊ ဤ​အရပ်၌​ရှိသောသူ​အချို့​တို့သည်​မမြင်​မီ သေခြင်း​သို့​မရောက်ရ​ကြ​ဟု တပည့်တော်​တို့အား​မိန့်တော်မူ၏။” (မဿဲ ၁၆:၂၇၊ ၂၈) ကိုယ်တော်​၏​နိုင်ငံတော်​တည်လျက် ယေရှု​ကြွလာ​သည်ကို တမန်​တော်​အချို့ အမှန်ပင်​တွေ့မြင်​ခဲ့​ကြ​သလော။ မဿဲ ၁၇:၁-၇ က​ဤသို့​ဖော်ပြ​သည်– “ခြောက်​ရက်​လွန်​သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်​ညီ ယောဟန်တို့ကို​ခေါ်​၍၊ မြင့်​လှ​စွာ​သော​တောင်ပေါ်​တွင် ဆိတ်ကွယ်ရာ​အရပ်သို့ ဆောင်​ကြွတော်မူ၏။ သူတို့ရှေ့ ၌ ထူးခြားသော​အဆင်း​အရောင်​နှင့် ပြည့်စုံ​သည်။” ရင်သပ်​ရှုမောဖွယ်​ဖြစ်ရပ်​ပါ​တကား! “မျက်နှာတော်​သည် နေကဲ့သို့​ထွန်းတောက်​လျက်၊ အဝတ်​တော်​သည် အလင်းကဲ့သို့​ဖြူလျက်ရှိ၏။ မောရှေ​နှင့်​ဧလိယ​သည်​ထင်ရှား​၍ ကိုယ်တော်​နှင့်အတူ စကားပြော​လျက်​နေကြ၏။” ထို့​ပြင် “ထွန်းလင်း​သော​မိုးတိမ်​သည် ထို​သူတို့ကို​လွှမ်းမိုး၍၊” “‘ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း။ သူ၏​စကား​ကို​နားထောင်​ကြလော့’” ဟူသော​ဘုရားသခင့်​အသံတော်​ကို သူတို့​ကြား​ခဲ့​ရ၏။ “တပည့်တော်​တို့သည်​ကြား​ရ​လျှင်၊ ပျပ်ဝပ်​၍ အလွန်​ကြောက်လန့်​ခြင်း​ရှိကြ​၏။ ယေရှုသည်​လာ၍ သူတို့ကို လက်​နှင့်​တို့​တော်​မူ​လျက် ‘ထကြ၊ မကြောက်​ကြ​နှင့်’ ဟု မိန့်တော်မူ” ၏။

၆။ (က) ကိုယ်ယောင်​ပြောင်းလဲခြင်း​ကို အဆင်းအာရုံ​ဟု ယေရှု​အဘယ်ကြောင့်​ခေါ်ဆို​ခဲ့​သနည်း။ (ခ) ကိုယ်ယောင်​ပြောင်းလဲခြင်း​သည် အဘယ်အရာ၏​ကြိုတင်​မြင်ကွင်း​ဖြစ်သနည်း။

ဤ​အံ့ဖွယ်​ဖြစ်ရပ်​သည် ယေရှု​နှင့်​တမန်​တော်​သုံးပါး တစ်ညလုံး​နေခဲ့​သည့် ဟေရမုန်​တောင်​၏ တောင်​ကြော​တစ်​နေရာ​ရာ​တွင် ဖြစ်ပျက်​ခဲ့​ပုံ​ရှိသည်။ ကိုယ်ယောင်​ပြောင်းလဲခြင်း​သည် ည​အချိန်၌​ဖြစ်ပျက်​ခဲ့​ရာ ယင်းကို​အထူး​ပေါ်လွင်​ထင်ရှားစေ​ခဲ့​သည်။ ၎င်းကို အဆင်းအာရုံ​ဟု​ယေရှု​ခေါ်ဆို​ခဲ့​သည့်​အကြောင်း​တစ်ခု​မှာ ကြာမြင့်စွာ​ကတည်းက​သေ​ဆုံးသွား​ခဲ့​ပြီး​ဖြစ်သော မောရှေ​နှင့် ဧလိယ​တို့သည် ပကတိ​အတိုင်း ထို​တွင်​မရှိ​နေခြင်း​ကြောင့်​ပင်။ ခရစ်တော်​တစ်ပါး​တည်း​သာ​လျှင် ထို​တွင် အမှန်တကယ်​ရှိ​နေသည်။ (မဿဲ ၁၇:၈၊ ၉) ထွန်းလင်း​တောက်ပ​လှ​သည့် ဤ​ထင်ရှား​ပြသခြင်း​က ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​နှင့် ယေရှု​ရောက်ရှိခြင်း​၏ ခမ်းနား​သော​ကြိုတင်​မြင်ကွင်း​ကို ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့​အား မြင်​စေ​ခဲ့​၏။ မောရှေ​နှင့်​ဧလိယ​တို့သည် ယေရှု၏​ဘိသိက်ခံ​တွဲဖက်​အမွေခံများ​ကို ကောင်းစွာ​ပုံ​တင်ပြ​ပြီး ထို​အဆင်းအာရုံ​သည် ဘုရားသခင့်​နိုင်ငံတော်​နှင့် ကိုယ်တော်​၏​အနာဂတ်​ရှင်ဘုရင်​အဖြစ်​နှင့်​စပ်​လျ​ဉ်း​သော သက်သေခံချက်​ကို အခိုင်အမာ​ခိုင်လုံ​စေ​သည်။

၇။ ကိုယ်ယောင်​ပြောင်းလဲခြင်း​ကို ပေတရု​ကွက်ကွက်ကွင်းကွင်း​အမှတ်ရ​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သိနိုင်​သနည်း။

ကိုယ်တော်​၏​ကိုယ်ယောင်​ပြောင်းလဲခြင်း​သည် ခရစ်ယာန်​အသင်းတော်​အတွင်း ဦးဆောင်​ရသော​ကဏ္ဍ​ကို​ထမ်းဆောင်​ကြ​မည့် တမန်​တော်​သုံးပါး​၏​ယုံကြည်ခြင်းကို ခိုင်ခံ့​မြဲမြံ​စေဖို့​ထောက်ကူ​ပေး​ခဲ့​သည်။ ခရစ်တော်​၏​အရောင်​တောက်ပ​လျက်​ရှိသော​မျက်နှာ၊ တ​လက်​လက်​ဖြစ်သော​ဝတ်ရုံ​တော်​နှင့် ယေရှုသည် တပည့်တော်​တို့​နားထောင်​ရမည့် ကိုယ်တော်​ချစ်​မြတ်နိုးသော သားတော်​ဖြစ်​ကြောင်း ကြေညာ​ခဲ့​သည့် ဘုရားသခင့်​အသံတော်​တို့​က ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်​မြင်​စေ​ခဲ့​သည်။ သို့သော် တမန်​တော်​များသည် ယေရှု​မထမြောက်​မီ​တိုင်အောင် ထို​အဆင်းအာရုံ​ကို အဘယ်သူကိုမျှ​မပြောပြ​ကြ​ရ​ချေ။ နောင် ၃၂ နှစ်​ခန့်​ကြာပြီးနောက် ဤ​အဆင်းအာရုံ​သည် ပေတရု​၏​စိတ်​တွင် ကွက်ကွက်ကွင်းကွင်း​ရှိ​ဆဲ​ဖြစ်သည်။ ကိုယ်ယောင်​ပြောင်းလဲခြင်း​နှင့် ယင်း​၏​အရေးပါမှု​ကို​ညွှန်ပြ​လျက် သူက​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​သခင်​ယေရှု​ခရစ်​၏​တန်ခိုးတော်​ကိုလည်း​ကောင်း၊ ကြွလာ​တော်​မူ​ခြင်း​ကိုလည်း​ကောင်း သင်တို့အား​ကြား​ပြော​သောအခါ၊ ငါ​တို့သည် ပရိယာယ်​နှင့်​ပြင်ဆင်​သော​ဒဏ္ဍာရီ​စကား​ကို​မလိုက်၊ ဘုန်း​အာနုဘော်​တော်​ကို ကိုယ်တိုင်​မြင်​သူ​ဖြစ်​ကြ​၏။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ‘ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း’ ဟူသော​အသံတော်​သည် ထူးမြတ်​သော​အရောင်အဝါ​တော်​ထဲ​က ထို​သခင်​သို့​ရောက်​သောအခါ ခမည်းတော်​ဘုရားသခင့်​အထံတော်​မှ ဂုဏ်​အသရေ၊ ဘုန်း​အာနုဘော်​ကို ခံရ​တော်​မူ​၏။ ကောင်းကင်​က​ရောက်လာ​သော​ထို​အသံတော်​ကို ငါ​တို့သည် သန့်ရှင်းသော​တောင်ပေါ်​မှာ သခင်​ဘုရား​နှင့်အတူ​ရှိသော​အခါ ကြား​ရ၏။”—၂ ပေတရု ၁:၁၆-၁၈

၈။ (က) မိမိ​သားတော်​နှင့်​ပတ်သက်သော ဘုရားသခင့်​ကြေညာ​ချက်​က အဘယ်အရာကို အာရုံ​စူးစိုက်​စေ​သနည်း။ (ခ) ကိုယ်ယောင်​ပြောင်းလဲခြင်း​၌ ပေါ်လာ​သည့်​မိုးတိမ်​က အဘယ်အရာကို​ဖော်ပြ​သနည်း။

အရေးအပါဆုံး​မှာ “ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း။ သူ၏​စကား​ကို​နားထောင်​ကြလော့” ဟူသော ဘုရားသခင်​၏​ကြေညာ​ချက်​ဖြစ်၏။ ဤ​ဖော်ပြချက်​က ဝေနေယျ​သတ္တဝါ​အပေါင်း​နာခံမှု​ပြ​ရမည့် ယေရှု​အား ဘုရားသခင့်​နန်းထိုင်​ဘုရင်​အဖြစ် အာရုံ​စူးစိုက်​စေ​သည်။ ဤ​အဆင်းအာရုံ​သည် မျက်မြင်မရ​နည်းဖြင့်​ပြည့်စုံ​မည်​ဖြစ်​ကြောင်း လွှမ်းမိုး​သော​မိုးတိမ်​က​ညွှန်ပြ​၏။ ဘုရားသခင့်​နိုင်ငံတော်​ဘုန်း​တန်ခိုး​နှင့် ယေရှု၏​အ​ရူပ​ရောက်ရှိ​နေခြင်း “နိမိတ်” ကို​အသိအမှတ်ပြု​သူတို့၏ သိမြင်​နားလည်မှု​မျက်စိဖြင့်​သာ ထို​ပြည့်စုံချက်​ကို​သတိပြုမိ​နိုင်​ကြ​မည်​ဖြစ်၏။ (မဿဲ ၂၄:၃) အမှန်ဆိုလျှင် ဤ​အဆင်းအာရုံ​ကို မိမိ​သေခြင်း​မှ​မထမြောက်​မီ အဘယ်သူကိုမျှ​မပြော​ရန် ယေရှု​သတိပေး​ခဲ့​ခြင်း​က ရှင်ပြန်ထမြောက်​ပြီး​နောက်​မှ ကိုယ်တော့်​ချီးမြှောက်​ခြင်း​နှင့် ဘုန်း​တန်ခိုး​ထွန်းတောက်ခြင်း​ဖြစ်​မည်​ကို ဖော်ပြ​သည်။

၉။ ကိုယ်ယောင်​ပြောင်းလဲခြင်း​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အဘယ်ကြောင့်​ခိုင်ခံ့​စေ​သင့်​သနည်း။

ကိုယ်ယောင်​ပြောင်းလဲခြင်း​ကို ရည်ညွှန်း​ပြီး​နောက် ပေတရု​က​ဤသို့​ဆို​ခဲ့​သည်– “ထိုသို့​သော​အားဖြင့် ပရောဖက်​တို့၏​စကားတော်​သည် ငါ​တို့​အဖို့ သာ၍​မြဲမြံ​၏။ သင်တို့​စိတ်နှလုံး​ထဲ​၌ အရုဏ်​တက်​၍ ကြယ်နီ​ပေါ်ထွက်​သည့်​ကာလ​တိုင်အောင်၊ ထိုစကား​တော်​ကို မှောင်မိုက်​အရပ်၌​ထွန်းလင်း​သော ဆီ​မီး​ကဲ့သို့​မှတ်၍၊ ဂရုပြု​သင့်​ကြ​၏။ ကျမ်းစာ​၌​ပါ​သော​ပရောဖက်​စကား​မည်​သည်​ကား၊ လူ့​အလိုအလျောက်​အနက်​မ​ပေါ်​ဟု ရှေးဦး​စွာ​သိမှတ်​ကြလော့။ အကြောင်း​မူ​ကား၊ ပရောဖက်​စကား​သည် လူ့​အလို​အားဖြင့် ရောက်လာ​ဖူး​သည်မဟုတ်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ တိုက်တွန်း​တော်​မူ​ခြင်း​ကို​ခံရ​၍ လူတို့သည်​ဘုရားသခင့်​အထံတော်​မှ တစ်ဆင့်​ဟောပြောကြ​၏။” (၂ ပေတရု ၁:၁၉-၂၁သမ္မာ) ကိုယ်ယောင်​ပြောင်းလဲခြင်း​က ဘုရားသခင့်​ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​ကို ယုံကြည်​အားထား​နိုင်​ကြောင်း လေးနက်​စေ​ခဲ့​သည်။ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု သို့​မဟုတ် မျက်နှာသာတော်​ကို မရရှိ​သော “ပရိယာယ်​နှင့်​ပြင်ဆင်​သော​ဒဏ္ဍာရီ​စကား” ကို​မဟုတ်ဘဲ ထိုစကား​တော်​ကို​အာရုံ​စူးစိုက်​ကြ​ရမည်။ ကြိုတင်​မြင်ခဲ့​ရသော ယေရှု၏​ဘုန်းတော်​နှင့် ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ဆိုင်ရာ ထို​အဆင်းအာရုံ​သည် အမှန်​ဖြစ်ပျက်​လာပြီ​ဖြစ်​ရာ ကိုယ်ယောင်​ပြောင်းလဲခြင်း​ကြောင့် ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​၌ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပိုမို​ခိုင်ခံ့​သင့်​သည်။ မှန်ပါသည်၊ ခရစ်တော်​သည် တန်ခိုး​ရှိသော​ကောင်းကင်ဘုရင်​အဖြစ် ယနေ့​ရောက်ရှိ​နေကြောင်း မငြင်း​နိုင်သော​သက်သေ​အထောက်အထား ကျွန်ုပ်​တို့​ရရှိ​ထား​၏။

ကြယ်နီ​ပေါ်ထွက်​လာပုံ

၁၀။ ပေတရု​ဖော်ပြ​သော “ကြယ်နီ” ကား​အဘယ်သူ သို့​မဟုတ် အဘယ်အရာ​နည်း၊ ထိုသို့​သင်​အဘယ်ကြောင့်​ဖြေ​သနည်း။

၁၀ ပေတရု​က​ဤသို့​ရေးသားခဲ့​သည်– “သင်တို့​စိတ်နှလုံး​ထဲ​၌ အရုဏ်​တက်​၍ ကြယ်နီ​ပေါ်ထွက်​သည်​ကာလ​တိုင်အောင်၊ ထိုစကား​တော်​ကို မှောင်မိုက်​အရပ်၌​ထွန်းလင်း​သော ဆီ​မီး​ကဲ့သို့​မှတ်၍ ဂရုပြု​သင့်​ကြ​၏။” “ကြယ်နီ” ကား​အဘယ်သူ သို့​မဟုတ် အဘယ်အရာ​နည်း။ “ကြယ်နီ” ဟူသော​စကားလုံး​သည် ကျမ်းစာ​၌​တစ်ကြိမ်​သာ​ပါရှိ​ပြီး “မိုး​သောက်​ကြယ်” နှင့်​အဓိပ္ပာယ်​ဆင်တူ​သည်။ ဗျာဒိတ် ၂၂:၁၆ ၌​ယေရှု​ခရစ်​ကို “ထွန်းတောက်​သော​မိုး​သောက်​ကြယ်” ဟု​ခေါ်ထား​သည်။ နှစ်​တစ်နှစ်​၏​အချို့​ရာသီ​များ​တွင် ထို​ကြယ်​မျိုး​သည် အရှေ့ဘက်​မိုးကုပ်​စက်​ဝိုင်း​တွင် နောက်ဆုံး​ပေါ်ထွက်​လေ့​ရှိသည်။ နေ​မထွက်မီ​လေး​၌ ပေါ်ထွက်​တတ်​ပြီး နေ့သစ်​၏​မိုး​သောက်​ချိန်​ကို ကြေညာ​ပေး​သည်။ ဘုရားသခင့်​နိုင်ငံတော်​ဘုန်း​တန်ခိုး​ကို ယေရှု​ရရှိ​ပြီး​နောက် “ကြယ်နီ” ဟူသော​စကားလုံး​ကို ပေတရု​အသုံးပြု၍ ယေရှု​အား​ရည်ညွှန်းခဲ့​၏။ ထို​အချိန်၌ ယေရှုသည် ကျွန်ုပ်​တို့၏​ကမ္ဘာ​မြေကြီး​အပါအဝင် စကြဝဠာ​တစ်ခွင်လုံး​၌ ပေါ်ထွက်​လာ​ခဲ့​သည်! ကိုယ်တော်​သည် မေရှိယ​ဆိုင်ရာ​ကြယ်နီ​အဖြစ် နာခံမှု​ရှိသော​လူသားတို့​အတွက် နေ့ သို့​မဟုတ် ခေတ်​ကာလ အသစ်​တစ်ခု​ကို ကြေညာ​ပေး​လေ​သည်။

၁၁။ (က) ၂ ပေတရု ၁:၁၉ က “ကြယ်နီ​တစ်လုံး” သည်​ပကတိ​လူ့​နှလုံး​ထဲ​၌​ပေါ်ထွက်​လာ​သည်​ဟု အဘယ်ကြောင့်​မဆိုလို​သနည်း။ (ခ) ၂ ပေတရု ၁:၁၉ ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၁ ဘာသာပြန်​ကျမ်း​များစွာက ၂ ပေတရု ၁:၁၉ ၌​မှတ်တမ်း​တင်ထားသော တမန်​တော်​ပေတရု​၏​စကား​များသည် လူ​၏​ပကတိ​နှလုံးကို​ရည်ညွှန်း​သည့်​သဘော သက်ရောက်​စေ​သည်။ အရွယ်ရောက်​သူ​တစ်ဦး၏​နှလုံး​သည် ၉ အောင်​စ​မှ ၁၁ အောင်​စ​အထိ အလေးချိန်​ရှိသည်။ ယခု ကောင်းကင်​၌ ဘုန်း​တန်ခိုး​ရှိသည့် မသေ​နိုင်သော​နာမ်ဝိညာဉ်​သတ္တဝါ​ဖြစ်သည့် ယေရှု​ခရစ်​သည် ဤမျှ​သေးငယ်​လှ​သော လူ့​အင်္ဂါ​အစိတ်အပိုင်း​ထဲ​၌ အဘယ်​သို့​ပေါ်ထွက်​လာနိုင်​မည်​နည်း။ (၁ တိမောသေ ၆:၁၆) ဤ​ကိစ္စ​၌ ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးများ ပါဝင်​ပတ်သက်​သည်၊ အကြောင်း​မှာ ၎င်း​တို့​နှင့်​သာ ဘုရားသခင့်​ပရောဖက်ပြုချက်​စကား​ကို ကျွန်ုပ်​တို့​အာရုံ​စူးစိုက်​ကြသော​ကြောင့်​ဖြစ်သည်။ သို့သော် ၂ ပေတရု ၁:၁၉ ကို​အသေအချာ​ကြည့်​လျှင် ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​က “ကြယ်နီ​ပေါ်ထွက်​သည့်​ကာလ​တိုင်အောင်” ဟူသော​စကားစု​ကို ထို​အခန်းငယ်​ပါ အစောပိုင်း​စကားလုံး​များနှင့် “သင်တို့​စိတ်နှလုံး​ထဲ​၌” ဟူသော​ဖော်ပြချက်​အကြား ကော်​မာ​များ​အသုံးပြု၍ ဖြတ်တောက်​ပြ​ထား​သည်ကို တွေ့ရ​ပါ​လိမ့်​မည်။ ဤ​အခန်းငယ်​ကို ဤသို့​ဖော်ပြ​နိုင်​ပေမည်– ‘ပရောဖက်​တို့၏​စကားတော်​သည် ငါ​တို့​အဖို့​သာ၍​မြဲမြံ​၏။ အရုဏ်​တက်​၍ ကြယ်နီ​ပေါ်ထွက်​သည်​ကာလ​တိုင်အောင်၊ ထိုစကား​တော်​ကို သင်တို့​စိတ်နှလုံးထဲ​ဖြစ်သော မှောင်မိုက်​အရပ်၌​ထွန်းလင်း​သည့် ဆီ​မီး​ကဲ့သို့​ဂရုပြု​ကြ​ခြင်း​မှာ လျော်​ကန်​လှ​၏။’

၁၂။ ယေဘုယျ​အားဖြင့် လူ့​နှလုံးများ​၏​အခြေအနေ​ကား​အဘယ်နည်း၊ သို့သော် ခရစ်ယာန်စစ်​များနှင့်​ပတ်သက်​၍ အဘယ်အရာ​သည် မှန်ကန်​သနည်း။

၁၂ အပြစ်သား​အများစု​၏ ပုံဆောင်​နှလုံးများ​၏​အခြေအနေ​ကား အသို့နည်း။ သူတို့၏​စိတ်နှလုံး​များသည် ဝိညာဉ်​ရေး​အမှောင်ထု​တွင်​ရှိသည်​တကား! သို့သော် ကျွန်ုပ်​တို့သည် ခရစ်ယာန်စစ်​များ​ဖြစ်​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​နှလုံးများ​ထဲ​၌ မီးအိမ်​ထွန်းလင်း​ထား​သည့်​အလား​ဖြစ်သည်၊ ယင်း​သို့​သာ​မဟုတ်လျှင် မှောင်မိုက်​နေ​မည်​သာ​ဖြစ်သည်။ ပေတရု​၏​စကား​များ​ဖော်ပြ​သကဲ့သို့ ခရစ်ယာန်စစ်​များသည် ဘုရားသခင်​၏​ဉာဏ်​အလင်း​ပေး​သော ပရောဖက်ပြုချက်​ဆိုင်ရာ​စကား​ကို အာရုံ​စူးစိုက်​ခြင်း​အားဖြင့် နိုးနိုးကြားကြား​ရှိ၍ နေ့သစ်​၏​အရုဏ်ဦး​ချိန်​အတွက် အသိဉာဏ်​ပွင့်​နေ​ပေ​လိမ့်​မည်။ ကြယ်နီ​သည် လူ့​အသွေးအသား​နှလုံးများ​ထဲ​တွင်​မဟုတ်ဘဲ ဖန်ဆင်း​ရာ​အားလုံး​ရှေ့ ပေါ်ထွက်​ပြီ​ဖြစ်​ကြောင်း သူတို့​သိရှိ​ကြလိမ့်မည်။

၁၃။ (က) ကြယ်နီ​ပေါ်ထွက်​ပြီးပြီ​ဖြစ်​ကြောင်း အဘယ်ကြောင့်​သေချာ​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့​ခေတ်​နှင့်​စပ်လျဉ်း၍ ယေရှု​ကြိုတင်​ပြော​ခဲ့​သော ခဲယဉ်း​သည့်​အခြေအနေ​များ​ကို ခရစ်ယာန်​များ အဘယ်ကြောင့်​ခံရပ်​နိုင်​သနည်း။

၁၃ ကြယ်နီ​ပေါ်ထွက်​နေပြီ! ယေရှု​ရောက်ရှိ​နေခြင်း​ဆိုင်ရာ မဟာ​ပရောဖက်ပြုချက်​ကို ကျွန်ုပ်​တို့​အာရုံ​စူးစိုက်​ခြင်း​အားဖြင့် ထိုသို့​ဖြစ်​နေကြောင်း ကျွန်ုပ်​တို့​အသေအချာ​သိနိုင်​ပါ​သည်။ ယနေ့ ၎င်း​၏​ပြည့်စုံချက်​အနေ​နှင့် ကျွန်ုပ်​တို့သည် မဖြစ်​စ​ဖူး​သည့်​စစ်ပွဲ​များ၊ ငတ်မွတ်​ခြင်း၊ မြေငလျင်​လှုပ်ခြင်း​နှင့် ကမ္ဘာချီ​သတင်းကောင်း​ဟောပြောခြင်း စ​သည့်​ဖြစ်ရပ်​များ​ကို ကြုံတွေ့​နေကြ​ရသည်။ (မဿဲ ၂၄:၃-၁၄) ယေရှု​ကြိုတင်​ပြော​ခဲ့​သော ခဲယဉ်း​သည့်​အခြေအနေ​များသည် ခရစ်ယာန်​များ​ဖြစ်သည့် ကျွန်ုပ်​တို့ကို​ပါ​ထိခိုက်​နေ​သော်လည်း စိတ်​ငြိမ်သက်​ရွှင်လန်းမှု​ဖြင့် ကျွန်ုပ်​တို့​ခံရပ်​နိုင်​ကြသည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ကျွန်ုပ်​တို့​အာရုံ​စူးစိုက်​ကြ​ပြီး အနာဂတ်​အတွက် ကိုယ်တော်​ကတိထားရာ​များ​ကို ယုံကြည်​ကြသော​ကြောင့်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် “အမှု​ကုန်” သည့်​ကာလ​၏ တကယ့်​အဆုံးပိုင်း​တွင် အသက်ရှင်နေ​ကြသော​ကြောင့် အကောင်းတကာ့​အကောင်းဆုံး​အချိန်ကာလ​၏ တံခါးဝ​တွင်​ရောက်ရှိ​နေကြပြီ။ (ဒံယေလ ၁၂:၄) “ကြည့်ရှု​လော့။ မှောင်မိုက်​သည်​မြေကြီးကို​ဖုံးလွှမ်း​လိမ့်​မည်။ ထူထပ်​သော​မှောင်မိုက်​သည် လူများ​ကို​ဖုံးလွှမ်း​လိမ့်​မည်” ဟု​ဟေရှာယ ၆၀:၂ တွင် တင်ကူး​ဟောထား​သည့်​အတိုင်း ဤ​လောကသည် ဘေးကျပ်နံကျပ်​ဖြစ်​လျက်​ရှိသည်။ ဤ​အမှောင်ထု​တွင် မိမိ၏​လမ်းကို မည်သူ​ရှာတွေ့နိုင်​မည်​နည်း။ နောက်​မကျ​လွန်း​မီ ဘုရားသခင့်​ပရောဖက်ပြုချက်​စကား​ကို ယခု​ပင် နှိမ့်ချစွာ အာရုံ​စူးစိုက်​ရ​ပေမည်။ စိတ်​ရိုး​ဖြောင့်​သူတို့သည် အသက်​နှင့်​အလင်း​၏​ရင်းမြစ်​ဖြစ်သော ယေဟောဝါ​ထံ​သို့​လှည့်လာ​ဖို့​လို​သည်။ (ဆာလံ ၃၆:၉; တမန်​တော် ၁၇:၂၈) ဤသို့​ပြု​မှ​သာ​လျှင် နာခံ​သော​လူသားတို့​အတွက် ဘုရားသခင်​ကတိထားရာ စစ်မှန်သော​အလင်းဖြာ​မှု​နှင့် အံ့ဖွယ်​အနာဂတ်​၌​ပျော်မွေ့နိုင်​ရန်​မျှော်လင့်ချက်ကို ရရှိနိုင်​မည်​ဖြစ်သည်။—ဗျာဒိတ် ၂၁:၁-၅

“အလင်း​သည် ဤ​လောက​သို့​ဝင်” လာပြီ

၁၄။ သမ္မာကျမ်းစာ​၏​အံ့ဖွယ်​ပရောဖက်ပြုချက်​များ ပြည့်စုံခြင်း​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ရဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၄ ယခု ယေရှု​ခရစ်​သည် ဘုရင်​အဖြစ်​စိုးစံ​လျက်​ရှိကြောင်း ကျမ်းစာ​က​အထင်အရှား​ဖော်ပြ​သည်။ ၁၉၁၄ ခုနှစ်​တွင် ကိုယ်တော်​အာဏာ​ရသော​ကြောင့် အံ့ဖွယ်​ပရောဖက်ပြုချက်​များ ပြည့်စုံ​လာ​ရဦး​မည်။ ၎င်း​ပြည့်စုံချက်​များ​ကို ကျွန်ုပ်​တို့​ကြုံတွေ့​နိုင်​ကြဖို့ ယေရှု​ခရစ်​ကို​ယုံကြည်​သော စိတ်​နှိမ့်ချ​သူများ​ဖြစ်​ကြောင်း သက်သေထူ​၍ အပြစ်ရှိ​သော​အမှု​များနှင့် မသိဘဲ​လျက်​ပြု​မိ​သော​အပြစ်​များ​ကို နောင်တ​ယူ​ကြ​ရမည်​ဖြစ်သည်။ အမှောင်​ကို​ကြိုက်​သူများ​မူ အမှန်ပင် ထာဝရ​အသက်​ရ​ကြ​မည်​မဟုတ်။ ယေရှု​က ဤသို့​ဆို​ခဲ့​သည်– “အပြစ်စီရင်​ခြင်း​ကို​ခံရ​ကြောင်း​ကား၊ အလင်း​သည် ဤ​လောက​သို့​ဝင်၍၊ လူတို့သည်​မကောင်းသော​အကျင့်ကို​ကျင့်​သောကြောင့်၊ အလင်း​ထက် မှောင်မိုက်​ကို​သာ၍​နှစ်သက်​ကြ​၏။ ဆိုးယုတ်​သော​အကျင့်ကို​ကျင့်​သော​သူအပေါင်း​တို့သည် အလင်း​ကို​မြင်​ပြင်း​၍ မိမိတို့​အကျင့်​၌​အပြစ်​ပါ​သည်ကို မထင်ရှား​စေခြင်း​ငှာ အလင်း​သို့​မ​ချဉ်းကပ်​ကြ။ သမ္မာတရား​ကို​ကျင့်​သော​သူ​မူ​ကား၊ မိမိ​အကျင့်​တို့သည် ဘုရားသခင်​၏​အလိုတော်နှင့်​ညီ​သည်ကို ထင်ရှားစေ​ခြင်း​ငှာ အလင်း​သို့​ချဉ်းကပ်​သည်။”—ယောဟန် ၃:၁၉-၂၁

၁၅။ ကိုယ်တော်​၏​သားတော်​အားဖြင့် ဘုရားသခင်​ဖြစ်ပေါ်​စေသော ကယ်တင်ခြင်း​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​မည်​ဆိုလျှင် အဘယ်​သို့​ဖြစ်​မည်​နည်း။

၁၅ ဝိညာဉ်​ရေး​အလင်း​သည် ယေရှု​အားဖြင့် ဤ​လောက​သို့​ဝင်လာ​ခဲ့​ပြီး ကိုယ်တော်​ကို​နားထောင်ခြင်း​သည် အရေးပါ​လှ​သည်။ ပေါလု​က “ရှေး​လွန်​လေ​ပြီး​သောအခါ ပရောဖက်​များ​အားဖြင့် ဘိုးဘေး​တို့အား အထပ်ထပ်​အနည်း​နည်း ဗျာဒိတ်​ပေး​တော်​မူ​သော​ဘုရားသခင်​သည်၊ ဤ​နောက်ဆုံးသော​ကာလ​အခါ မိမိ​သားတော်​အားဖြင့် ငါ​တို့အား ဗျာဒိတ်​ပေး​တော်​မူ​ပြီ။ ထို​သားတော်ကို အလုံးစုံ​တို့၏​အမွေခံ​သခင်​အရာ​၌ ခန့်​ထား​တော်​မူ​၏” ဟု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁:၁၊ ၂) ကိုယ်တော်​၏​သားတော်​အားဖြင့် ဘုရားသခင်​ဖြစ်ပေါ်​စေသော ကယ်တင်ခြင်း​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​ကြ​မည်​ဆိုလျှင် အဘယ်​သို့​ဖြစ်​မည်​နည်း။ ပေါလု​က​ဤသို့​ဆက်​ပြော​သည်– “ကောင်းကင်တမန်​များ​အားဖြင့်​ထား​တော်​မူ​သော ဗျာဒိတ်တော်​သည်​တည်​၍ ပြစ်မှား​လွန်ကျူးခြင်း​အမှု​အမျိုးမျိုး​တို့သည် ခံထိုက်သော​အပြစ်ဒဏ်​ကို​ခံရ​သည်​မှန်​လျှင်၊ အစအဦး​၌ သခင်​ဘုရား​ဟော​တော်​မူ​၍ [တရား] စကားတော်​ကို​ကြား​ရသော​သူတို့သည်၊ ယုံ​လောက်​သော​သက်သေ​အားဖြင့် ငါ​တို့အား​ဆင့်ဆို​၍​ဟောပြောသော၊ ဤမျှ​လောက်​ကြီးစွာ​သော​ကယ်တင်​တော်​မူ​ခြင်း​တရားကို ငါ​တို့သည် နားမထောင်​ဘဲ​နေလျှင်၊ အပြစ်ဒဏ်​နှင့်​အဘယ်​သို့​လွတ်​ကြလိမ့်မည်​နည်း။ ထို​သက်သေခံ​သော​သူတို့နှင့်​အတူ ဘုရားသခင်​သည် နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှု​အားဖြင့်လည်း​ကောင်း၊ ထူးဆန်းသော​တန်ခိုး အထူးထူး​အပြားပြား​အားဖြင့်လည်း​ကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် မိမိ​အလိုတော်အတိုင်း​ဝေငှ​သော ဆုကျေးဇူး​အားဖြင့်လည်း​ကောင်း သက်သေခံ​တော်​မူ​ပြီ။” (ဟေဗြဲ ၂:၂-၄) မှန်ပါသည်၊ ယေရှုသည် ပရောဖက်ပြုချက်​စကား​ကြွေးကြော်​ရာ​တွင် အ​ခရာ​ဖြစ်၏။—ဗျာဒိတ် ၁၉:၁၀

၁၆။ ယေဟောဝါ​ဘုရားသခင်​၏ ပရောဖက်ပြုချက်​အားလုံး​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​အပြည့်အဝ​ယုံကြည်​နိုင်​သနည်း။

၁၆ ဖော်ပြ​ခဲ့​သည့်​အတိုင်း ပေတရု​က​ဤသို့​ဆို​ခဲ့​သည်– “ကျမ်းစာ​၌​ပါ​သော​ပရောဖက်​စကား​မည်​သည်​ကား၊ လူ့​အလိုအလျောက်​အနက်​မ​ပေါ်​ဟု ရှေးဦး​စွာ​သိမှတ်​ကြလော့။” လူသည် မိမိ​ဘာသာ စစ်မှန်သော​ပရောဖက်ပြုချက်​ကို ဖော်ပြ​နိုင်​မည်​မဟုတ်ပါ၊ သို့သော် ဘုရားသခင့်​ပရောဖက်ပြုချက်​အားလုံး​ကို ကျွန်ုပ်​တို့​အပြည့်အဝ​ယုံကြည်​စိတ်ချ​နိုင်​သည်။ ၎င်းတို့ကို ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင်​စတင်​ခဲ့​သည်။ ကျမ်းစာ​ပရောဖက်ပြုချက်​များသည် မည်သို့​ပြည့်စုံ​လာ​ကြောင်း သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကိုယ်တော်​၏​ကျေးကျွန်​များ​ကို သိ​နားလည်စေ​တော်​မူ​၏။ အမှန်​မှာ ၁၉၁၄ ခုနှစ်​ကတည်းက ယင်း​သို့​သော​ပရောဖက်ပြုချက်​များစွာ ပြည့်စုံ​လာ​သည်ကို ကျွန်ုပ်​တို့​မြင်တွေ့ခဲ့​ရသော​ကြောင့် ယေဟောဝါ​အား​ကျေးဇူး​တင်​ကြသည်။ ဤ​အစီအစဉ်​စနစ်ဆိုး​၏​ဆုံးခန်း​နှင့်​ဆိုင်သော ကျန်ကြွင်း​သည့်​ပရောဖက်ပြုချက်​များသည် ပြည့်စုံ​လာ​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​လုံးဝ​ယုံကြည်​စိတ်ချ​ကြသည်။ ကျွန်ုပ်​တို့၏​အလင်း​ကို ထွန်းလင်း​နေစဉ် ဘုရားသခင်​၏​တင်ကူး​ဟောပြောချက်​များ​ကို ဆက်၍​အာရုံ​စူးစိုက်​နေဖို့ အရေးကြီး​လှ​၏။ (မဿဲ ၅:၁၆) ယနေ့ “မှောင်မိုက်” ဖုံးလွှမ်း​နေသော​ကမ္ဘာ​တွင် ယေဟောဝါ ‘အလင်းထွန်းလင်း​စေ’ သောကြောင့် ကျွန်ုပ်​တို့​အမှန်တကယ်​ကျေးဇူး​တင်​ထိုက်​သည်​တကား!—ဟေရှာယ ၅၈:၁၀

၁၇။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်​ရေး​အလင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လိုအပ်​သနည်း။

၁၇ ပကတိ​အလင်းရောင်​ကြောင့် ကျွန်ုပ်​တို့​မြင်နိုင်​သည်။ ယင်းကြောင့်​လည်း သီးနှံ​ပင်​အမျိုးမျိုး ရှင်သန်​ကြီးထွား​လာ​သည်။ ပကတိ​အလင်းရောင်​မရှိဘဲ ကျွန်ုပ်​တို့​ဆက်​အသက်မရှင်​နိုင်​ကြ​ပါ။ ဝိညာဉ်​ရေး​အလင်း​နှင့်​ပတ်သက်​၍​ကော။ ယင်းသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​၌​တင်ကူး​ဟောထား​သည့်​အတိုင်း ကျွန်ုပ်​တို့ကို​လမ်းညွှန်​ပေး​ပြီး အနာဂတ်​ကို​ဖော်ပြ​သည်။ (ဆာလံ ၁၁၉:၁၀၅) ယေဟောဝါ​ဘုရားသခင်​သည် မေတ္တာ​ရှိ​စွာ​ဖြင့် ‘ကိုယ်တော်​၏​အလင်းတော်​နှင့် သစ္စာတော်​ကို​စေလွှတ်​တော်’ မူ​၏။ (ဆာလံ ၄၃:၃) ဤသို့​သော​ပြင်ဆင်​ပေး​မှုများ​ကို ကျွန်ုပ်​တို့​အလွန်​တန်ဖိုး​ထား​လေးမြတ်​ကြောင်း အမှန်​တင်ပြ​သင့်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို အလင်းဖြာ​စေဖို့ “ဘုရားသခင်​၏​ဘုန်းတော်​ကို​သိ​သော ဉာဏ်​၏​အရောင်” အလင်း​ကို​ခံယူ​ရန် အတတ်နိုင်ဆုံး​ကြိုးစား​ကြပါစို့။—၂ ကောရိန္သု ၄:၆; ဧဖက် ၁:၁၈

၁၈။ ယခု ယေဟောဝါ​၏​ကြယ်နီ​သည် အဘယ်အရာကို​ပြု​ဖို့​အသင့်ရှိနေ​သနည်း။

၁၈ ၁၉၁၄ ခုနှစ်​တွင် ကြယ်နီ​ဖြစ်သော ယေရှု​ခရစ်​သည် စကြဝဠာ​တစ်ခွင်​ပေါ်ထွန်း​လာပြီး ကိုယ်ယောင်​ပြောင်းလဲခြင်း​အဆင်းအာရုံ​ကို စတင်​ပြည့်စုံ​စေ​ကြောင်း​သိရှိ​ရခြင်း​သည် ကြီးမား​လှ​သည့်​ကောင်းချီး​ပါ​တကား! ယေဟောဝါ​၏​ကြယ်နီ​သည် ယခု​ပေါ်ထွန်း​လျက်​ရှိပြီး ဘုရားသခင့်​ရည်ရွယ်ချက်ကို ဖြစ်မြောက်​စေရန် ထို​အဆင်းအာရုံ​၏ နောက်ထပ်​ပြည့်စုံချက်​ဖြစ်သည့် ‘အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး’ စတင်​စေရန် အသင့်ရှိနေ​တော်​မူ​ပြီ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဤ​စနစ်ဟောင်း​ဖယ်ရှားခံ​ရပြီး​နောက် စကြဝဠာ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​နှင့် စစ်မှန်သော​ပရောဖက်ပြုချက်​၏ ဘုရားသခင်​အဖြစ် ယေဟောဝါ​အား ကျွန်ုပ်​တို့​ထာဝစဉ်​ချီးမွမ်း​နိုင်​မည့် “ကောင်းကင်သစ်​နှင့် မြေကြီး​သစ်” ကတိတော်​ကို ကိုယ်တော်​ပြည့်စုံ​စေပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) ထို​နေ့ရက်​ကြီး​ရောက်​သည့်​တိုင် ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို အာရုံစိုက်​ခြင်း​ဖြင့် ဘုရားသခင့်​အလင်းရောင်​အောက်တွင် ဆက်၍​လျှောက်လှမ်း​နေကြပါ​စို့။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေရှု၏​ကိုယ်ယောင်​ပြောင်းလဲခြင်း​ကို သင်​မည်သို့​ဖော်ပြ​မည်​နည်း။

• ကိုယ်ယောင်​ပြောင်းလဲခြင်း​က ယုံကြည်ခြင်းကို​မည်သို့​တည်ဆောက်​ပေး​သနည်း။

• ယေဟောဝါ​၏​ကြယ်နီ​ကား အဘယ်သူ သို့​မဟုတ် အဘယ်အရာ​ဖြစ်​ပြီး ယင်းသည် အဘယ်​အချိန်၌​ပေါ်ထွက်​ခဲ့​သနည်း။

• ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို အဘယ်ကြောင့်​အာရုံ​စူးစိုက်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုယ်ယောင်​ပြောင်းလဲခြင်း​၏​အဓိပ္ပာယ်​ကို သင်​ရှင်းပြ​နိုင်​သလော

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကြယ်နီ​ပေါ်ထွက်​ပြီး​နေပြီ။ အဘယ်​နည်းဖြင့်၊ အဘယ်​အချိန်၌ ပေါ်ထွက်​ခဲ့​ကြောင်း သင်​သိပါသလော