မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ဝိညာဉ်တော် ယနေ့ မည်သို့လုပ်ဆောင်နေသနည်း

ဘုရားသခင့်ဝိညာဉ်တော် ယနေ့ မည်သို့လုပ်ဆောင်နေသနည်း

ဘုရားသခင့်​ဝိညာဉ်​တော် ယနေ့ မည်သို့​လုပ်ဆောင်နေ​သနည်း

သူသည် အမိ​ဝမ်း​တွင်း​က​ပင် ခြေမစွမ်း​သူ​ဖြစ်၏။ နေ့စဉ် ဗိမာန်တော်​အဝင်ဝ တင့်တယ်​အမည်​ရှိ​တံခါး​အနီး​တွင်​ထိုင်၍ ဗိမာန်တော်သို့​ဝင်လာ​သူတို့အား စွန့်ကြဲ​ခြင်း​ငှာ​တောင်း​လေ​သည်။ သို့သော် တစ်ချိန်​တွင် ဤ​မသန်စွမ်း​သော​သူတောင်းစား​သည် အ​ကြွေ​အနည်းငယ်​ထက် များစွာ​တန်ဖိုး​ရှိသည့်​အရာ​ကို စွန့်ကြဲ​ခံ​ခဲ့​ရ၏။ သူသည် ရောဂါ​ပျောက်ကင်း​သွား​သည်​တကား!—တမန်​တော် ၃:၂-၈

သူ၏ “ခြေ​နှစ်ဖက်​ဖ​မျက် . . . တို့သည် စွမ်းအား” ရ​ရန် ‘သူ့ကို ကိုင်ဆွဲ​ချီကြွ’ ပေး​သူတို့မှာ တမန်​တော်​ပေတရု​နှင့် ယောဟန်တို့​ဖြစ်​ကြသော်လည်း မိမိတို့​ကုသ​ပေး​သည်​ဟူ၍ ဂုဏ်​မယူ​ခဲ့​ကြ​ချေ။ အဘယ်ကြောင့်​နည်း။ ပေတရု​ကိုယ်တိုင် ဤသို့​ရှင်းပြသည်– “ဣသရေလလူ​တို့ အဘယ်ကြောင့်​ဤ​အမှုကို​အံ့သြ​ကြ​သနည်း။ ဤ​သူသည်​လှမ်း​သွား​နိုင်သော​အခွင့်​ကို ငါ​တို့သည်​ကိုယ်​တန်ခိုး၊ ကိုယ်​သီလ​အားဖြင့်​ပေး​ဘိ​သကဲ့သို့ အဘယ်ကြောင့်​ငါ​တို့ကို​စေ့စေ့​ကြည့်ရှု​ကြ​သနည်း။” အမှန်​မှာ ထိုသို့​သော​အမှု​ဖြစ်မြောက်​သည်​မှာ မိမိတို့၏​တန်ခိုး​အားဖြင့်​မဟုတ်ဘဲ ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်​ဖြစ်​ကြောင်း ပေတရု​နှင့် ယောဟန်တို့​နှစ်ဦးစလုံး အသိအမှတ်ပြု​ခဲ့​ကြသည်။—တမန်​တော် ၃:၇-၁၆; ၄:၂၉-၃၁

ထို​အချိန်​က တည်ထောင်​ခါ​စ ခရစ်ယာန်​အသင်းတော်ကို ဘုရားသခင်​ကျော​ထောက်​နောက်ခံ​ပြု​ထား​ကြောင်း ဖော်ပြ​ရန် ထိုသို့​သော ‘အံ့ဖွယ်အမှု​များ’ ပြုလုပ်​ပြင်ဆင်​ပေး​ခဲ့​ခြင်း​ဖြစ်၏။ (ဟေဗြဲ ၂:၄) သို့သော် ယင်း​တို့၏​ရည်ရွယ်ချက် ပြီးပြည့်စုံ​သွား​သည့်​နောက် ၎င်းတို့သည် “ကွယ်ပျောက်​လိမ့်​မည်” ဟု​တမန်​တော်​ပေါလု​ဆို​ခဲ့​သည်။ * (၁ ကောရိန္သု ၁၃:၈) သို့​ဖြစ်၍ စစ်မှန်သော​ခရစ်ယာန်​အသင်းတော်တွင် ဘုရားသခင့်​တန်ခိုး​ဖြင့်​ကုသ​ခြင်း၊ ပရောဖက်ပြုချက်​ဆိုင်ရာ​သတင်း​များ​ပေးခြင်း၊ သို့​မဟုတ် နတ်ဆိုး​များ​ကို​နှင်ထုတ်ခြင်း အစ​ရှိသည့် အဘယ်​အမှုကို​မျှ ယခု ကျွန်ုပ်​တို့​မပြု​လုပ်ကြ​ချေ။

သို့သော် ယင်းကြောင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် လုပ်ဆောင်မှု​မရှိတော့​ဟု ဆိုလို​နေခြင်း​လော။ ဝေးလေစွ! ပထမ​ရာစုနှစ်​တွင်​လည်းကောင်း၊ ယနေ့ ကျွန်ုပ်​တို့​အချိန်တွင်​လည်းကောင်း ဘုရားသခင့်​ဝိညာဉ်​တော် လှုပ်ရှား​နေသည့် အခြား​နည်းလမ်း​အချို့​ကို ကျွန်ုပ်​တို့ သုံးသပ်ကြည့်​ကြ​စို့။

‘အမှန်တရား​ဆိုင်ရာ​ဝိညာဉ်​တော်’

ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် လုပ်ဆောင်​သည့်​နည်း​တစ်နည်း​မှာ အမှန်တရားကို​သိစေ​ခြင်း၊ အလင်း​ဆောင်ခြင်း၊ ဖော်ပြခြင်း​တို့​ဖြစ်သည်။ ယေရှု​မ​ကွယ်လွန်​မီ အချိန်တို​လေး​တွင် ကိုယ်တော်​က မိမိ၏​တပည့်တော်​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့အား ငါ​ပြောစရာ​စကား​အများ​ရှိသော်လည်း၊ သင်တို့သည်​ယခု​မခံနိုင်​ကြ။ [အမှန်]တရား​နှင့်​ပြည့်စုံသော ထို​ဝိညာဉ်တော်သည်​ရောက်လာသော​အခါ၊ [အမှန်]တရားကို​သင်တို့အား အကြွင်းမဲ့​သွန်သင်​ပြသ​လိမ့်​မည်။”—ယောဟန် ၁၆:၁၂၊ ၁၃

ယေရုရှလင်​မြို့ရှိ အထက်​ခန်းမ​တစ်ခု​တွင် စုဝေး​နေကြ​သော​တပည့်တော် ၁၂၀ သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် နှစ်ခြင်း​ပေး​ခံရ​သော စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် ‘အမှန်တရား​ဆိုင်ရာ​ဝိညာဉ်​တော်’ သွန်းလောင်းခြင်း​ခံ​ခဲ့​ရသည်။ (တမန်​တော် ၂:၁-၄) ထို​နှစ်ပတ်လည်​ပွဲတော်​ကို တက်ရောက်​ကြ​သူတို့တွင် တမန်​တော်​ပေတရု​ပါဝင်​ခဲ့​သည်။ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့်​ပြည့်​၍ ပေတရု “ထ​လျက်” ယေရှု​နှင့်​ပတ်သက်သော အမှန်တရား​တို့ကို အကျယ်တဝင့် ရှင်းလင်း​ဖော်ပြ​ခဲ့​၏။ ဥပမာ၊ သူက “နာဇရက်​မြို့သား​ယေရှု” ကို “ဘုရားသခင်​သည် လက်ယာလက်​တော်​နှင့်​ချီးမြှောက်​တော်​မူ” ပြီ​ဖြစ်​ကြောင်း ပြန်​ပြောပြ​ခဲ့​သည်။ (တမန်​တော် ၂:၁၄၊ ၂၂၊ ၂၃) ဘုရားသခင့်​ဝိညာဉ်တော်သည် တရား​နာ​သူ​ဂျူး​လူမျိုး​တို့ကို ဤသို့​ရဲရင့်စွာ​ကြွေးကြော်​ရန်​လည်း ပေတရု​အား​လှုံ့ဆော်ပေး​ခဲ့​သည်– “သင်တို့သည် လက်ဝါးကပ်တိုင်​မှာ​ကွပ်မျက်​သော​ယေရှုကို ဘုရားသခင်​သည်​ခရစ်တော်​အရာ​၌​လည်းကောင်း၊ အစိုးရ​သော​အရှင်​အရာ​၌​လည်းကောင်း ခန့်​ထား​တော်​မူ​သည်​အကြောင်းကို ဣသရေလ​အမျိုးသား​အပေါင်း​တို့ အ​တပ်​အမှန်​သိမှတ်​ကြလော့။” (တမန်​တော် ၂:၃၆) ပေတရု​၏​ဝိညာဉ်​တော်​မှုတ်သွင်းခံ​သတင်း​ကြောင့် “ထိုစကား​ကို​အသင့်​နှလုံး​သွင်း​မိ​သော​သူ” သုံး​ထောင်​ခန့်​သည် နှစ်ခြင်း​ယူ​ခဲ့​ကြသည်။ ဤ​နည်း​အားဖြင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် အမှန်တရား​သို့ သူတို့ကို​ပို့ဆောင်​ပေး​ခဲ့​သည်။—တမန်​တော် ၂:၃၇-၄၁

ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ဆရာသမား​တစ်ဦး​နှင့် သတိ​ရစေ​သူ​တစ်ဦး​အဖြစ်​လည်း လုပ်ဆောင်နေ​သည်။ ယေရှု​က ဤသို့​ဆို​သည်– “ခမည်းတော်​သည် ငါ့​အတွက်​ကြောင့် စေလွှတ်​တော်​မူ​သော​ဥ​ပ​ဇ္စျယ်​ဆရာ​တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့အား​ခပ်သိမ်း​သော​အရာ​တို့ကို ပြသ​သွန်သင်​တော်​မူ​၍၊ ငါ​ပြော​ခဲ့​သမျှ​သော​စကား​တို့ကို မှတ်မိ​သော​ဉာဏ်​ကို သင်တို့အား​ပေး​တော်​မူ​မည်။”—ယောဟန် ၁၄:၂၆

သန့်ရှင်းသော​ဝိညာဉ်တော်သည် ဆရာ​တစ်ပါး​အဖြစ် မည်သို့​လုပ်ဆောင်​တော်​မူ​သနည်း။ တပည့်တော်​များသည် ယေရှု​ထံ​တော်​မှ ယခင်​က ကြားသိ​ခဲ့​ရ​၍ အပြည့်အဝ​နားမလည်​ခဲ့​သော​အရာများ​ကို သိရှိ​ရန် ဘုရားသခင်​၏​ဝိညာဉ်​တော်​က သူတို့၏​စိတ်နှလုံး​များ​ကို​ဖွင့်ပေး​ခဲ့​သည်။ ဥပမာ၊ ယေရှု​အား အမှုစစ်ဆေး​ချိန်​တွင် ကိုယ်တော်​က “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်” ဟု​ယုဒပြည်​၏​ရောမ​ဘုရင်ခံ ပုန္တိပိလတ်​ကို​မိန့်တော်မူ​ခဲ့​ကြောင်း တမန်​တော်​များ သိထား​ခဲ့​ကြသည်။ သို့​တိုင် ယေရှု ကောင်းကင်​သို့​တက်ကြွ​ပြီး ရက်ပေါင်း ၄၀ အကြာ​အထိ တမန်​တော်​များ​က ဘုရားသခင်​၏​နိုင်ငံတော်​သည် ဤ​ကမ္ဘာ​မြေကြီးပေါ်​တွင် တည်ထောင်​လိမ့်​မည်​ဟု တလွဲ​ယူမှတ်​ကြ​ဆဲ​ဖြစ်သည်။ (ယောဟန် ၁၈:၃၆; တမန်​တော် ၁:၆) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ပြီး​နောက်​မှ တမန်​တော်​များသည် ယေရှု​မိန့်မြွက်​ခဲ့​သော​စကား​များ​၏​အဓိပ္ပာယ်​ကို အပြည့်အဝ​နားလည်​နိုင်​ခဲ့​ပုံ​ရှိသည်။

ယေရှု၏​သွန်သင်ချက်​အမျိုးမျိုးကို ပြန်​မှတ်မိ​စေခြင်း​အားဖြင့် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် သတိ​ရစေ​သူ​တစ်ဦး​လည်း​ဖြစ်သည်။ ဥပမာ၊ ခရစ်တော်​၏​သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​အကြောင်း​ဆိုင်ရာ ပရောဖက်ပြုချက်​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ​ဖြင့် အဓိပ္ပာယ်​အသစ်​ကို​ဆောင်​လေ​သည်။ (မဿဲ ၁၆:၂၁; ယောဟန် ၁၂:၁၆) ယေရှု၏​သွန်သင်ချက်​များ​ကို မှတ်မိ​သတိရခြင်း​ဖြင့် တမန်​တော်​များသည် ရှင်ဘုရင်များ၊ ဝန်မင်း​များနှင့် ဘာသာရေး​ခေါင်းဆောင်​များ​ရှေ့တွင် မိမိတို့၏​ရပ်တည်မှု​ကို ရဲရင့်စွာ​ထုချေ​ရှင်းလင်း​နိုင်​ခဲ့​ကြသည်။—မာကု ၁၃:၉-၁၁; တမန်​တော် ၄:၅-၂၀

ထို့​ပြင် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် အမှုတော်​ဆောင်​ရာ​တွင် အသီးသီး​ပွင့်​သော​ရပ်ကွက်​သို့ အစောပိုင်း​ခရစ်ယာန်​များ​ကို လမ်းညွှန်​ကူညီပေး​ခဲ့​သည်။ (တမန်​တော် ၁၆:၆-၁၀) သန့်ရှင်းသော​ဝိညာဉ်တော်သည် လူသား​အားလုံး​၏​အကျိုးကျေးဇူး​အတွက် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို ရေးသား​ရာ​တွင်​လည်း ကနဦး​ခရစ်ယာန်​များ​ကို လှုံ့ဆော်ပေး​ခဲ့​သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ထို့​ကြောင့် ပထမ​ရာစု​တွင် သန့်ရှင်းသော​ဝိညာဉ်တော်သည် နည်း​အမျိုးမျိုးဖြင့်​လှုပ်ရှား​နေကြောင်း​ထင်ရှား​ပါ​သည်။ အံ့ဖွယ်အမှု​များ​ကို​ပြုလုပ်​ရန်​အတွက်သာ ၎င်းကို ပေးအပ်​ထားခြင်း မဟုတ်ပါ။

ကျွန်ုပ်​တို့​အချိန်၌ သန့်ရှင်းသော​ဝိညာဉ်​တော်

ကျွန်ုပ်​တို့​အချိန်၌​လည်း စစ်မှန်သော​ခရစ်ယာန်​များ​၏​အကျိုး​အ​လို့​ငှာ သန့်ရှင်းသော​ဝိညာဉ်တော်သည် အလားတူ​လုပ်ဆောင်​လျက်​ရှိ၏။ ယင်းကို ၁၉ ရာစု​အကုန်ပိုင်း​တွင် အမေရိကန်​ပြည်ထောင်စု၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ အ​လ​ဂေ​နီ​ရှိ ကျမ်းစာ​ကျောင်းသား​အုပ်စုငယ်​တစ်စု​က သိမြင်​လာ​ခဲ့​သည်။ ဤ​စိတ်ရင်းမှန်​သော ကျမ်းစာ​ကျောင်းသား​များသည် ‘အမှန်တရား’ ကို​သိရှိ​ရန် စိတ်ဆန္ဒ​ပြင်းပြ​ခဲ့​ကြသည်။—ယောဟန် ၈:၃၂; ၁၆:၁၃

ဤ​အုပ်စု​မှ​တစ်ဦး​ဖြစ်သော ချားလ်စ် တေ့ဇ် ရပ်စယ်လ်​ဆို​သူသည် သမ္မာကျမ်းစာ​အမှန်တရား ရှာပုံတော်ဖွင့်​ခြင်း​နှင့်​ပတ်သက်​၍ ဤသို့​ပြောပြ​ခဲ့​သည်– “အတားအဆီး​ဖြစ်စေ​မယ့် ကျွန်တော်​ရဲ့​စိတ်နှလုံး​ထဲ​က ဘယ်​စိတ်​စွန်းကွက်​မှု​ကို​မဆို ဖယ်ရှားပစ်​နိုင်​ဖို့နဲ့ မှန်ကန်​တဲ့​နားလည်မှု​ရရှိဖို့ ကိုယ်တော်​ရဲ့ ဝိညာဉ်​တော်​ညွှန်ကြား​ပေးဖို့ . . . ကျွန်တော်​ဆုတောင်း​ခဲ့တယ်။” ဤသို့​နှိမ့်ချစွာ​ဆုတောင်းခြင်း​ကို ဘုရားသခင်​ကောင်းချီး​ပေး​ခဲ့​၏။

ရပ်စယ်လ်​နှင့် သူ၏​အပေါင်းပါ​တို့သည် သမ္မာကျမ်းစာ​ကို လုံ့လ​ဝီရိယ​ဖြင့်​သုတေသန​ပြု​ကြ​စဉ် အကြောင်းအရာ​အတော်များများကို သိ​နားလည်​လာ​ခဲ့​ကြသည်။ “ဂိုဏ်းဂဏ​နဲ့ အဖွဲ့​အသီးသီး​တို့​ဟာ ရာစုနှစ်ချီ​ပြီး သမ္မာကျမ်းစာ​အယူဝါဒတွေကို သူတို့​ဘာသာ ခွဲခြမ်း​စိတ်ဖြာ​ပြီး လူ့​ထင်မြင်ချက်​နဲ့ အမှားတွေကို အနည်း​နဲ့​အများ ရောယှက်​ပေါင်းစပ်​ထား​ကြ​မှန်း ကျွန်တော်​တို့ တွေ့ရှိ​ခဲ့​ကြရတယ်” ဟု​ရပ်စယ်လ်​က​ရှင်းပြ​ခဲ့​သည်။ ယင်းကြောင့် သူ​ခေါ်ဆို​ခဲ့​သည့်​အတိုင်း “အမှန်တရား အထားအသို​မှား​ခြင်း” ဖြစ်ပေါ်​လာ​သည်။ အမှန်​မှာ၊ ရာစုနှစ်များ​တစ်လျှောက် ခရစ်ယာန်ဘောင်​အတွင်း​သို့ စိမ့်ဝင်​လာ​သည့် အယူမှား​သွန်သင်မှု​မြောက်မြားစွာ​က သမ္မာကျမ်းစာ​ဆိုင်ရာ​အမှန်တရားကို ကွယ်ဝှက်​မြှုပ်နှံထား​ခြင်း​ဖြစ်သည်။ သို့သော် ရပ်စယ်လ်​သည် အမှန်တရားကို​သိရှိ​ရန်​နှင့် ကြွေးကြော်​ရန်​စိတ်ပိုင်းဖြတ်​ထား​၏။

ဇိအုန်​ကင်းမျှော်စင်​နှင့် ခရစ်တော်​ရောက်ရှိခြင်း​သံတော်ဆင့်​စာမျက်နှာ​များ​မှ​တစ်ဆင့် ရပ်စယ်လ်​နှင့် သူ၏​အပေါင်းပါ​တို့သည် ဘုရားသခင်​အား​အထင်လွဲ​အမြင်မှား​စေ​ခဲ့​ကြ​သည့် မှားယွင်းသော​ဘာသာ​၏​အယူဝါဒ​များ​ကို ရဲရင့်စွာ​အတိအလင်း​ဖော်ပြ​ခဲ့​ကြသည်။ သူတို့သည် ရေပန်းစား​သော ဘာသာရေး​အယူအဆ​များနှင့်​ဆန့်ကျင်​လျက် စိုလ်း​သေ​နိုင်​သည်၊ သေ​သောအခါ ကျွန်ုပ်​တို့ သင်္ချိုင်း​သို့​ရောက်သွား​သည်၊ ယေဟောဝါ​သည် စစ်မှန်သော​ဘုရား​တစ်ဆူတည်း​ဖြစ်​တော်​မူ​သောကြောင့် သုံးပါး​ပေါင်း​တစ်ဆူ​မဟုတ် စ​သည်​တို့ကို ပိုင်းခြား​ဝေဖန်​ပြ​ခဲ့​ကြ​၏။

သို့သော် ဤသို့ မှားယွင်း​သည့်​သွန်သင်ချက်​များ​ကို ဖော်ထုတ်ပြ​ခြင်း​ကြောင့် ခရစ်ဘောင်​ဓမ္မ​ဆရာ​တို့ ဒေါသ​ထွက်​စ​ရာ​ဖြစ်​ခဲ့​သည်ကို သင်​စဉ်းစား​ကြည့်​နိုင်​ပါ​သည်။ ကက်သလစ်​နှင့် ပရိုတက်စတင့်​ဓမ္မ​ဆရာများ​စွာ​သည် သူတို့၏ ဩဇာ​အရှိန်​ရှိသော​ရာထူး​များ​ကို စွဲကိုင်​ထား​ရန် စိတ်​ထက်သန်မှု​နှင့်​အညီ ရပ်စယ်လ်​ကို အကျိုး​ပျက်​စေရန်​ရည်ရွယ်​၍ ကင်ပိန်း​များစွာကို​ဖွဲ့စည်း​ခဲ့​ကြ​၏။ သို့သော် သူနှင့် သူ၏​အပေါင်းပါ​တို့သည် အလျှော့မပေး​ခဲ့​ကြ​ချေ။ သူတို့သည် ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဘုရားသခင့်​ဝိညာဉ်​တော်​လမ်းညွှန်မှုကို မျှော်ကိုး​အားထား​ခဲ့​ကြ​၏။ “ကျွန်တော်​တို့​အရှင်သခင်​က . . . ခမည်းတော်​ရဲ့ သန့်ရှင်းသော​ဝိညာဉ်​တော်​ဟာ ကျွန်တော်​တို့​ရဲ့​ကယ်တင်ရှင်၊ အာမခံ​နှင့် ဦးခေါင်း​ဖြစ်​တဲ့ ယေရှု​အတွက်​ကြောင့်​နဲ့ ကိုယ်တော်​ရဲ့​အမိန့်တော်​ကြောင့် ကျွန်တော်​တို့ကို ညွှန်ကြား​ပေး​ပေ​လိမ့်မယ်လို့ အာမခံ​တော်​မူ​တယ်” ဟု​ရပ်စယ်လ်​ပြော​ခဲ့​သည်။ အမှန်တကယ်​လည်း ညွှန်ကြား​ခဲ့ပြီ​တကား! ဤ​စိတ်ရင်းမှန်​သော ကျမ်းစာ​ကျောင်းသား​များသည် သမ္မာကျမ်းစာ​မှ စင်ကြယ်သော​အမှန်တရား​ရေ ဆက်လက်​ဆည်းပူး​ကြ​ပြီး ယင်းကို ကမ္ဘာချီ​ကြွေးကြော်​ခဲ့​ကြ​၏။—ဗျာဒိတ် ၂၂:၁၇

ယေဟောဝါသက်သေ​များ​၏ ခေတ်​သစ်​အဖွဲ့အစည်း​သည် ယခု ရာစုနှစ်​တစ်ခု​ကျော် ဘုရားသခင့်​ဝိညာဉ်​တော်​၏​ဦးဆောင်မှု​ကို လက်သင့်ခံ​တုံ့ပြန်​လျက်​ရှိနေ​ပေ​ပြီ။ ယေဟောဝါ​၏​ဝိညာဉ်တော်သည် သူတို့၏​ဝိညာဉ်​ရေး​အမြင်​အာရုံ​ကို တဖြည်းဖြည်း​ထွန်းလင်း​နေ​စေ​စဉ် သက်သေခံ​များသည် နောက်ဆုံး​နားလည်မှု​နှင့်​လျော်ညီ​ရန် လိုအပ်သော​ပြုပြင်​ပြောင်းလဲမှု​များ​ကို တလိုတလား​ပြုလုပ်​နေကြပါ​သည်။—သု. ၄:၁၈

“သင်တို့သည် . . . ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်”

ယေရှုသည် မိမိ၏​တပည့်တော်​များ​ကို ဤသို့​မိန့်တော်မူသော​အခါ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အခြား​ပေါ်လွင်​ထင်ရှား​ချက်​တစ်ခု​ကို ကိုယ်တော်​ဖော်ပြ​ပေး​သည်– “သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်​တော်​ဆင်းသက်​သောအခါ၊ သင်တို့သည်​တန်ခိုး​ကို​ခံရ​၍ . . . မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်။” (တမန်​တော် ၁:၈) ဘုရားသခင်​အပ်နှင်း​ထား​သည့်​လုပ်ငန်း​ကို တပည့်တော်​တို့ ဆက်လက်​ဆောင်ရွက်​နိုင်​ရန် “တန်ခိုး” နှင့် “ဝိညာဉ်​တော်” သွန်းလောင်း​ပေး​မည်ဟူသော ယေရှု၏​ကတိပြု​ချက်​ကား ယနေ့​အချိန်အထိ သက်ဆိုင်​လျက်​ရှိသည်။

အုပ်စု​လိုက်​အနေ​ဖြင့် ဟောပြောခြင်း​လုပ်ငန်းများ​ပြုလုပ်ခြင်း​ကြောင့် ယေဟောဝါသက်သေ​များ​ကို လူအများ​သိ​ကြသည်။ (လေးထောင့်ကွက်​ရှု။) အမှန်​မှာ၊ နိုင်ငံ​ပေါင်း ၂၃၀ ကျော်​နှင့် ကျွန်းစု​များ​တွင် ယေဟောဝါသက်သေ​တို့သည် အမှန်တရား​သတင်းကို ဟောပြောလျက်​ရှိကြသည်။ သူတို့သည် စစ်​ဖြစ်နေ​သည့်​နယ်မြေ​များ​အပါအဝင် တွေးတော၍​မရနိုင်​သော​အခြေအနေ​အမျိုးမျိုး​တွင် သက်စွန့်​စံ​ဖျား​ရဲရင့်စွာ​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​ကို​ထောက်ခံ​ပံ့ပိုး​ကြောင်း သူတို့​ကြွေးကြော်​လျက်​ရှိ၏။ ခရစ်ယာန်​အမှုတော်​ဆောင်ခြင်း​အတွက် သူတို့၏​ဇွဲ​လုံ့လ​က ယနေ့ သန့်ရှင်းသော​ဝိညာဉ်​တော် အလုပ်လုပ်​ဆောင်​နေခြင်း​၏ တန်ခိုး​ကြီးမားသော​သာဓက​ဖြစ်သည်။ ယေဟောဝါ​ဘုရားသခင်​သည် သူတို့၏​ကြိုးစား​အားထုတ်မှု​များ​ကို ကောင်းချီး​ပေး​နေ​တော်​မူ​ကြောင်း ထင်ရှား​ပါ​သည်။

ဥပမာ၊ လွန်ခဲ့သော​နှစ်​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​အတွက် နာရီ​ပေါင်း​ဘီလီယံ​တစ်သန်း​ကျော် အကုန်ခံ​ခဲ့​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ လူပေါင်း ၃၂၃,၄၃၉ ဦး​ခန့်​သည် ဘုရားသခင်​ထံ မိမိတို့၏​ဆက်ကပ်​အပ်နှံခြင်း​ကို တင်ပြ​သည့်​အနေ​ဖြင့် ရေ​တွင်​နှစ်ခြင်း​ယူ​ခဲ့​ကြသည်။ ထို့​အပြင် စိတ်ဝင်စား​ခါ​စ​လူသစ်များ​နှင့် အပတ်စဉ်​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ပေါင်း ၄,၄၃၃,၈၈၄ ခု​ကို ကျင်းပ​ခဲ့​ကြသည်။ စုစုပေါင်း​လျှင် စာအုပ် ၂၄,၆၀၇,၇၄၁ အုပ်၊ မဂ္ဂဇင်း ၆၃၁,၁၆၂,၃၀၉ စောင်၊ ဘရိုရှာ​နှင့် စာအုပ်​ငယ် ၆၃,၄၉၅,၇၂၈ အုပ်​တို့ကို ဝေငှ​ခဲ့​ကြသည်။ ဘုရားသခင့်​ဝိညာဉ်​တော်​လုပ်ဆောင်နေ​ခြင်း​၏ တန်ခိုး​ကြီးမား​သည့်​သက်သေခံချက်​ပါ​တကား!

ဘုရားသခင့်​ဝိညာဉ်​တော်​နှင့် အသင်

တစ်ဦး​တစ်ယောက်​သည် သတင်းကောင်းကို​နှစ်သက်​လက်ခံ​၍ သူ၏​ဘဝကို ဘုရားသခင့်​စံနှုန်း​များနှင့်​ကိုက်ညီ​စေ​ကာ ရွေးနုတ်ဖိုး​အစီအစဉ်ကို​ယုံကြည်​ကြောင်း တင်ပြ​သည့်​အခါ ဘုရားသခင့်​ရှေ့တော်၌ သန့်ရှင်းသော​အနေအထား​ရှိရာ​လမ်း​သည် သူ့​အတွက်​ဖွင့်​ထား​လျက်​ရှိသည်။ ထို​သူတို့နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့​ပြော​ခဲ့​သည်– ‘ဘုရားသခင်​သည် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သင်တို့အား ပေး​တော်​မူ​၏။’—၁ သက်သာလောနိတ် ၄:၇၊ ၈; ၁ ကောရိန္သု ၆:၉-၁၁

ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိ​ခြင်း​က အလွန်​ကောင်းမွန်သော​ကောင်းချီး​များ​ကို ခံစား​စေ​သည်။ အဘယ်​ကောင်းချီး​မျိုး​နည်း။ တစ်ခု​အနေ​ဖြင့် ဘုရားသခင့်​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​သည်– “ဝိညာဉ်​ပကတိ​၏​အကျိုး​မူ​ကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်တည်း​ခြင်း​ပေ​တည်း။” (ဂလာတိ ၅:၂၂၊ ၂၃) သို့​ဖြစ်၍ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် ကောင်းမှု​အတွက် တန်ခိုး​ပါ​သော​တွန်းအား​တစ်ခု​ဖြစ်​ရာ ဘုရားသခင့်​ရေးရာ​အရည်အချင်းများ​ကို တင်ပြ​စေခြင်း​ငှာ တတ်စွမ်း​နိုင်​စေ​သည်။

ထို့​အပြင် သမ္မာကျမ်းစာ​ကို သင်​ဖတ်ရှု​၍ သင်​သိရှိရာ​တို့ကို ကျင့်သုံး​မည်​ဆိုလျှင် ဘုရားသခင့်​ဝိညာဉ်တော်သည် ဉာဏ်ပညာ၊ အသိပညာ၊ ထိုးထွင်း​သိမြင်ခြင်း၊ ချင့်ချိန်​သုံးသပ်နိုင်စွမ်း​နှင့် ဆင်ခြင်​တွေးခေါ်မှု​စွမ်းရည် တိုးပွား​လာ​စေရန် ကူညီပေး​နိုင်​သည်။ ရှောလမုန်​ဘုရင်​သည် လူ​ထက် ဘုရားသခင်​၏​အလို​နှင့်​တွေ့​ရန် ရှာကြံ​ခြင်း​ကြောင့် “များစွာသော​ဉာဏ်ပညာ​ကိုလည်း​ကောင်း၊ သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ ကျယ်ဝန်း​သော​နှလုံးကို​လည်းကောင်း” ရရှိခဲ့သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၂၉) ယေဟောဝါ​သည် ရှောလမုန်​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​ပေး​ခဲ့​သည်​နည်းတူ ယနေ့ ကိုယ်တော်​၏​အလို​နှင့်​တွေ့​လို​သူများ​အပေါ် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မ​သွန်းလောင်း​ဘဲ​နေ​မည်​မဟုတ်​သည်​မှာ အမှန်ပင်။

ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် ခရစ်ယာန်​တို့အား စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို ဆိုင်ပြိုင်​တွန်းလှန်​စေရန်​လည်း ကူညီပေး​သည်။ မည်သို့​ဖြစ်​နိုင်​သနည်း။ တမန်​တော်​ပေါလု​က ဤသို့​အဖြေပေး​သည်– ‘ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ကိုယ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။’ (ဖိလိပ္ပိ ၄:၁၃) သန့်ရှင်းသော​ဝိညာဉ်​တော်​က စမ်းသပ်မှု​များ သို့​မဟုတ် သွေးဆောင်မှုများ​ကို ဖယ်ရှား​ပေး​ပေ​လိမ့်​မည်​မဟုတ်သော်လည်း ယင်းက ၎င်းတို့ကို​ခံရပ်​နိုင်​ဖို့ သင့်​အား ကူညီပေး​ပါ​မည်။ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မှီခို​အားထားခြင်း​ဖြင့် မည်သည့်​ပြဿနာ သို့​မဟုတ် စိတ်​ဆင်းရဲမှု​ကို​မဆို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် “တန်ခိုးတော်​၏​ဂုဏ်​အသရေ” ကို ကျွန်ုပ်​တို့​ရရှိနိုင်​ကြသည်။—၂ ကောရိန္သု ၄:၇; ၁ ကောရိန္သု ၁၀:၁၃

ထို​သာဓက​အားလုံး​ကို သင်​ဆင်ခြင်​သုံးသပ်ကြည့်​လိုက်​သောအခါ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် ယနေ့ အလုပ်လုပ်​ဆောင်​နေကြောင်း ယုံမှားဖွယ်​မရှိ​ချေ။ ယေဟောဝါ​၏​ဝိညာဉ်တော်သည် ကိုယ်တော်​၏ ကြီးမြတ်သော​ရည်ရွယ်တော်မူချက်​များ​အကြောင်း သက်သေ​ခံရန် ကိုယ်တော့်​ကျေးကျွန်​များ​ကို အင်အား​နှင့်​ပြည့်စုံ​စေတော်မူ​သည်။ ယင်းက ဝိညာဉ်​ရေးရာ​အလင်း​များ​ကို ဆက်လက်​ထွန်းလင်း​ဖော်ပြ​၍ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ကာ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အပေါ် သစ္စာ​မြဲ​စေရန် ကျွန်ုပ်​တို့ကို ကူညီပေး​နေပါ​သည်။ ယနေ့ ကိုယ်တော်​၏​သစ္စာရှိ​ကျေးကျွန်​များ​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​ဆက်​ပေး​နေခြင်း​အားဖြင့် ကိုယ်တော်​သည် ကတိတော်​တည်လျက်​ရှိသည့်​အတွက် ဘုရားသခင်​အား ကျွန်ုပ်​တို့ အမှန်တကယ်​ကျေးဇူး​တင်​နိုင်​လိုက်​လေ​ခြင်း!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ၁၉၇၁၊ ဩဂုတ် ၁၅ ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၅၀၁-၅ ရှိ “ဝိညာဉ်​တော်​၏​အံ့ဖွယ်ဆု​ကျေးဇူးများ အဘယ်ကြောင့်​ရပ်စဲ​သွား​သနည်း” ဆောင်းပါး​ရှု။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ အခြားသူ​တို့​ပြောဆို​ရာ

“အခြား​ချာ့ခ်ျ​များသည် ဘုရား​ရှိခိုး​ကျောင်း​ရှိ​ခုံတန်း​ရှည်​တွင် လူပြည့်​ဖို့​ဆွဲဆောင်​ရန် သို့​မဟုတ် လိင်​တူ​မေထုန်​နှင့် ကိုယ်ဝန်​ဖျက်ချခြင်း​ကဲ့သို့​သော ယနေ့ခေတ်​အရေးကိစ္စ​များ​ကို ကိုင်တွယ်​ရန် အတိုင်ပင်ခံ​များ​ကို​ငှား​ရမ်း​ကြ​စဉ် သက်သေခံ​များသည် ပြောင်းလဲ​နေသော​ကမ္ဘာကြီး​ကို အလျှော့ပေး​လိုက်လျော​ကြ​ခြင်း​မရှိပေ။ သူတို့သည် ကမ္ဘာ​တစ်ဝန်း စနစ်တကျ​ဖြင့်​ဟောပြော​ဆဲ​ရှိ၏။”—ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယား​ပြည်နယ် ဩ​ရင်​ဂျ်​ကောင်​တီ​၏ ဩ​ရင်​ဂျ်​ကောင်​တီ​ရက်​ဂျစ္စ​တာ​သတင်းစာ။

“ယုံကြည်ခြင်းကို​ဖြန့်ချိ​ရာ​တွင် ယေဟောဝါသက်သေ​များ​ကဲ့သို့ . . . စိတ်အား​ထက်သန်​သော ဂိုဏ်းဂဏ​များ မရှိသလောက်​ဖြစ်သည်။—ယူ.အက်စ်.အေ.၊ အင်​ဒီ​ယန်း​နား၊ ကိုလမ်ဘတ်စ်​၏ သည်​ရီ​ပတ်​ဘ​လစ်​သတင်းစာ။

“သူတို့သည်​သာ သမ္မာကျမ်းစာ​မူများ​ကို​ကျင့်သုံး​၍ ‘သတင်းကောင်း’ နှင့်​တစ်အိမ်​မှ​တစ်အိမ်​သွား​ကြ​သူများ​ဖြစ်​ကြ​၏။ပိုလန်၊ ဇီ​ချီ​လစ်​တာ​ရ​စ်ကီ​သတင်းစာ။

“သိရှိ​ခဲ့​သမျှ အကြီးမားဆုံး​ပြော​ဟောခြင်း​ကင်ပိန်း​တွင် ယေဟောဝါသက်သေ​များသည် ယေဟောဝါ​၏​သတင်း တရားကို ကမ္ဘာ​တစ်ခွင် သယ်ဆောင်​လျက်​ရှိကြသည်။”—ယူ.အက်စ်.အေ.၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ တ​မာ​ကွာ၊ သတင်း​များ​လေ့လာသူ​သတင်းစာ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဘုရားသခင့်​သန့် ရှင်း​သော​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အရ အလင်းထွန်းလင်း​စေ၊

. . . ခရစ်ယာန်​အရည်အသွေး​မွန်​များ​ကို တိုးမြှင့်​ပေး၊

. . . ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့ကို ထောက်ပံ့​ပေး​သည်