မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာသစ်—ထိုတွင်သင်ရှိမည်လော

ကမ္ဘာသစ်—ထိုတွင်သင်ရှိမည်လော

ကမ္ဘာသစ်—ထို​တွင်​သင်​ရှိ​မည်​လော

“ရွှင်လန်းခြင်း​အမှု​နှင့်​အသက်ရှင်စဉ်​တွင် ကျေးဇူးပြု​ခြင်း​အမှု​မှတစ်ပါး အခြားသော​အမှုအရာ​တို့​၌၊ အကျိုးကျေးဇူး​မရှိ​သည်ကို​ငါ​သိ​၏။ လူတိုင်း​စားသောက်ခြင်း​ငှာ​လည်းကောင်း၊ မိမိ​ကြိုးစား​အားထုတ်​သမျှ​သော​အမှု၌ ပျော်မွေ့ခြင်း​ငှာ​လည်းကောင်း ဘုရားသခင်​၏​ကျေးဇူးတော်​ကြောင့်​သာ အခွင့်​ရှိ၏။”—ဒေ. ၃:၁၂၊ ၁၃

၁။ ကျွန်ုပ်​တို့သည် အနာဂတ်​နှင့်​ပတ်သက်​၍ အဘယ်ကြောင့်​အကောင်းမြင်​နိုင်​သနည်း။

များစွာသော​သူတို့က တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော​ဘုရားသခင်​ကို စည်းကမ်း​ကြီးသော၊ ခက်ထန်​သော​အရှင်​အဖြစ် ယူမှတ်​ကြသည်။ သို့သော် အထက်ပါ​ကျမ်းချက်​မှာ ကိုယ်တော်​၏​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​၌ သင်​တွေ့ရှိ​ရမည့်​အမှန်တရား​ဖြစ်၏။ ၎င်း​က ကိုယ်တော်​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​ခြင်း​နှင့် ကျွန်ုပ်​တို့၏​ကနဦး​မိဘကို မြေကြီး​ပရဒိသု​၌​ထားခြင်း​တို့​နှင့် ကိုက်ညီ​သည်။ (၁ တိမောသေ ၁:၁၁; ကမ္ဘာဦး ၂:၇-၉) ဘုရားသခင်​၏​လူမျိုးတော်​အတွက် ကိုယ်တော်​ကတိပြု​ထား​ရာ​အနာဂတ်​ကို ထိုးထွင်း​သိမြင်ဖို့​ကြိုးစား​သည့်​အခါ ကျွန်ုပ်​တို့​ထာဝစဉ်​ပျော်မွေ့​ရမည့်​အခြေအနေ​များ​ကို သိလာ​ရသောအခါ မအံ့သြ​သင့်​ချေ။

၂။ သင်​စောင့်မျှော်​သည့်​အရာအချို့​ကား အဘယ်နည်း။

ရှေ့​ဆောင်းပါး​တွင် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ကို ကျမ်းစာ​တွင်​လေးခု​ကြို​ဟောထား​သည့်​အနက် သုံးခု​ကို​ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြပြီ။ (ဟေရှာယ ၆၅:၁၇) ယုံကြည်​စိတ်ချ​ရသော ၎င်း​တင်ကူး​ဟောကြားချက်​များ​အနက်​တစ်ခု​ကို ဗျာဒိတ် ၂၁:၁ ၌​မှတ်တမ်း​တင်ထား​သည်။ ရှေ့ဆက်​အခန်းငယ်​များ​က မြေကြီး​အခြေအနေ​များ​ကို တန်ခိုးရှင်​ဘုရားသခင် သာ၍​ကောင်းမွန်​လာ​စေရန် အကုန်အစင်​ပြောင်းလဲ​ပေး​မည့်​အချိန်​အကြောင်း ပြောပြ​သည်။ ကိုယ်တော်​သည် ဝမ်းနည်း​မျက်ရည်များ​ကို သုတ်​တော်​မူ​မည်။ အိုမင်း​ခြင်း၊ ဖျားနာခြင်း သို့​မဟုတ် မတော်တဆမှုများ​ကြောင့် လူ​တို့​သေကြ​ရတော့မည်​မဟုတ်။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း​နှင့် နာကျင်ခြင်း​တို့ ရှိတော့မည်​မဟုတ်။ အမှန်​အားရ​နှစ်သက်ဖွယ်​အလားအလာ​ပါ​တကား! သို့သော် ထိုသို့​ဖြစ်လာ​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါသလော၊ ထို​အလားအလာ​က ယခု​ပင် ကျွန်ုပ်​တို့​အပေါ် အဘယ်​သြဇာ​သက်ရောက်​နိုင်​သနည်း။

ယုံကြည်​စိတ်ချ​ရသည့်​အကြောင်းရင်း​များ

၃။ အနာဂတ်​နှင့်​ပတ်သက်သော ကျမ်းစာ​ကတိပြု​ချက်​များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ဗျာဒိတ် ၂၁:၅ က​မည်သို့​ဆက်​ဖော်ပြ​သည်ကို သတိပြုပါ။ ယင်းက ကောင်းကင်​ပလ္လင်​ပေါ်​တွင် ထိုင်​တော်​မူ​သော​ဘုရားသခင်​သည် ဤသို့​ကြေညာ​ကြောင်း ကိုးကား​ဖော်ပြ​သည်– “ငါသည် ခပ်သိမ်း​သော​အရာ​တို့ကို​အသစ်​ပြုလုပ်​သည်။” ထို​မြင့်မြတ်​သောက​တိ​တော်​သည် မည်သည့်​အမျိုးသား​လွတ်လပ်ရေး​ကြေညာ​ချက်၊ မည်သည့်​မျက်မှောက်ခေတ်​အခွင့်အရေး​ရပိုင်ခွင့်​များ၊ သို့​မဟုတ် အနာဂတ်​အတွက် လူသား​တို့၏​မည်သည့်​ရည်မှန်းချက်​ထက်​မဆို သာလွန်​သည်။ ယင်းသည် “မုသာ​နှင့်​ကင်းစင်​တော်​မူ​သော​သူ” ဟု​ကျမ်းစာ​က​ဆို​ထား​သူ၏ လုံးဝ​ယုံကြည်​စိတ်ချ​ရသော​ကြေညာ​ချက်​ဖြစ်သည်။ (တိတု ၁:၁) ဤမျှ​အထူး​ကောင်းမွန်​လှ​သော အလားအလာကို​နှစ်သက်​ပျော်မွေ့​နေ၍ ဘုရားသခင်​အား​ယုံကြည်​ကိုးစား​နေ​ရုံ​ဖြင့် တော်​လောက်​ပေ​ပြီ​ဟု သင်ယူ​ဆ​ကောင်း​ယူဆ​ပေမည်။ သို့သော် ဤမျှ​နှင့်​ရပ်တန့်​စ​ရာ​မလိုပါ။ ကျွန်ုပ်​တို့၏​အနာဂတ်​နှင့်​ပတ်သက်​၍ သင်ယူစရာ​များစွာ ရှိပါ​သေး​သည်။

၄၊ ၅။ သုံးသပ်​ခဲ့​ပြီး​သော အဘယ်​ကျမ်းစာ​ပရောဖက်ပြုချက်​များ​က ရှေ့တွင်​ရှိသော​အရာ​နှင့်​ပတ်သက်​သည့် ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို ခိုင်ခံ့​စေနိုင်​သနည်း။

ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​ဆိုင်ရာ ကျမ်းစာ​ကတိတော်​များနှင့်​စပ်လျဉ်း၍ ရှေ့​ဆောင်းပါး​က အဘယ်အရာကို​ဖော်ပြ​ကြောင်း ပြန်​သုံးသပ်ကြည့်​ပါ။ ယင်း​သို့​သော​အစီအစဉ်​သစ်​ကို ဟေရှာယ​ကြိုပြော​ခဲ့​ပြီး သူ၏​ပရောဖက်ပြုချက်​သည် ဂျူး​များ မိမိတို့၏​နေရင်းပြည်​သို့​ပြန်ရောက်​၍ စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်ချိန်​၌ ပြည့်စုံ​ခဲ့​သည်။ (ဧဇရ ၁:၁-၃; ၂:၁၊ ၂; ၃:၁၂၊ ၁၃) သို့သော် ဟေရှာယ​၏​ပရောဖက်ပြုချက် ညွှန်ပြ​သည်​မှာ ဤမျှ​သာ​လော။ လုံးဝ​မဟုတ်ပါ! သူ​ကြိုတင်​ဟောထား​သည့်​အရာများ​သည် အလှမ်းဝေး​သော​အနာဂတ်​တွင် သာ၍​ကြီးကျယ်​ခမ်းနား​စွာ ပြည့်စုံ​လာပေမည်။ အဘယ်ကြောင့် ထိုသို့​ကောက်ချက်​ချ​ရသနည်း။ ၂ ပေတရု ၃:၁၃ နှင့် ဗျာဒိတ် ၂၁:၁-၅ ၌​ကျွန်ုပ်​တို့​ဖတ်ရှု​ရသည့်​အကြောင်းကြောင့်​ဖြစ်သည်။ ၎င်း​ကျမ်းပိုဒ်​များသည် ကမ္ဘာချီ​အတိုင်းအတာ​ဖြင့် ခရစ်ယာန်​များ​အကျိုး​ခံစားရ​ကြ​မည့် ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​ကို ညွှန်ပြ​ပါ​သည်။

အစောပိုင်း​၌​ဖော်ပြ​ခဲ့​သကဲ့သို့ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူသော​စကားစု​ကို သမ္မာကျမ်းစာ​က လေး​ကြိမ်​အသုံးပြု​ထား​သည်။ ယင်း​တို့​အနက် သုံးခု​ကို​ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြပြီ​ဖြစ်၍ စိတ်​တက်ကြွ​ဖွယ်​ကောက်ချက်​များ​ချ​ခဲ့​ကြ​ပေ​ပြီ။ လို​ရင်း​ပြော​ရ​လျှင် ဘုရားသခင်​သည် ဆိုးသွမ်းမှု​နှင့် ဆင်းရဲခြင်း​ကို​ဖြစ်စေ​သည့် အခြား​အကြောင်းရင်း​များ​ကို ဖယ်ရှား​ပြီး​နောက် ကိုယ်တော်​၏​ကတိထားရာ​အစီအစဉ်​သစ်​၌ လူသားများ​ကို​ထပ်ဆင့်​ကောင်းချီး​ပေး​မည်​ဟု သမ္မာကျမ်းစာ​က​အတိအလင်း​ကြိုပြော​ထား​သည်။

၆။ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ကို​ဖော်ပြ​သော စတုတ္ထ​မြောက်​ပရောဖက်ပြုချက်​က အဘယ်​သို့​ကြို​ဟောထား​သနည်း။

ယခု ဟေရှာယ ၆၆:၂၂-၂၄ ၌​နောက်ဆုံး​အသုံးပြု​ထားသော “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူ​သည့်​အသုံးအနှုန်း​ကို ဆန်းစစ်​ကြည့်​ကြ​စို့– “‘ငါ​ဖန်ဆင်း​သော​ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့၌​တည်​သကဲ့သို့၊ သင်တို့၏​အမျိုးအနွယ်​နှင့် သင်တို့၏​နာမ​သည်လည်း​တည်​ရ​လိမ့်​မည်’ ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။ ‘လူသတ္တဝါ​အပေါင်းတို့သည် ငါ့​ရှေ့မှာ​ကိုးကွယ်​ခြင်း​ငှာ လဆန်းနေ့​နှင့်​ဥပုသ်​နေ့​အစဉ်​အတိုင်း လာ​ကြလိမ့်မည်’ ဟု​ထာဝရ​ဘုရား​မိန့်တော်မူ၏။ ‘ထို​သူတို့သည်၊ ငါ့ကို​ပြစ်မှား​သော​သူတို့၏​အသေကောင်​များ​ကို ထွက်၍​ကြည့်ရှု​ကြလိမ့်မည်။ သူတို့၏​ပိုး​သည် မသေနိုင်​ရာ။ သူတို့၏​မီး​သည်လည်း​မငြိမ်း​နိုင်ရာ။ လူသတ္တဝါ​အပေါင်း​တို့​၌ ရွံရှာဖွယ်​ဖြစ်​ကြလိမ့်မည်’ ဟု​မိန့်တော်မူ၏။”

၇။ ဟေရှာယ ၆၆:၂၂-၂၄ သည် လာ​မည့်​နေ့ရက်​များ​တွင်​ပြည့်စုံ​လာ​မည်​ဟု အဘယ်ကြောင့်​ကျွန်ုပ်​တို့​ကောက်ချက်​ချ​သင့်​သနည်း။

ဤ​ပရောဖက်ပြုချက်​သည် မိမိတို့​တိုင်းပြည်​၌​ပြန်နေ​ထိုင်​ကြသော ဂျူး​များနှင့်​သက်ဆိုင်​ခဲ့​သော်လည်း အခြား​ပြည့်စုံချက်​ရှိ​ရဦး​မည်။ ယင်းသည် ပေတရု​၏​ဒုတိယ​စာစောင်​နှင့် ဗျာဒိတ်ကျမ်း​ကို​ရေးခဲ့​ပြီး နှစ်ပေါင်း​များစွာ​ကြာပြီးနောက်​မှ ဖြစ်ပျက်​ရ​ပေမည်၊ အကြောင်း​မှာ ၎င်း​တို့​က​အနာဂတ် ‘ကောင်းကင်​နှင့်​မြေကြီး​သစ်’ ကို​ညွှန်ပြ​နေသော​ကြောင့်​ဖြစ်၏။ ယင်းကြောင့် အစီအစဉ်​သစ်​တွင် ထို​ကြီးကျယ်​ခမ်းနား​၍ အပြီးသတ်​ပြည့်စုံချက်​ကို ကျွန်ုပ်​တို့​စောင့်မျှော်​နိုင်​ကြ​ပါ​သည်။ ကျွန်ုပ်​တို့​ပျော်မွေ့​ရန် စောင့်မျှော်​နိုင်​သည့် အခြေအနေ​အချို့​ကို သုံးသပ်ကြည့်​ပါ​လေ။

၈၊ ၉။ (က) ဘုရားသခင့်​လူမျိုးတော်သည် အဘယ်​သဘော​မျိုး​ဖြင့် “တည်​ရ” မည်​နည်း။ (ခ) ယေဟောဝါ​၏​ကျေးကျွန်​များသည် “လဆန်းနေ့​နှင့်​ဥပုသ်​နေ့​အစဉ်​အတိုင်း” ကိုးကွယ်​ကြလိမ့်မည်​ဟူသော ပရောဖက်ပြုချက်​၏​ဆိုလိုချက်​ကား အဘယ်နည်း။

ဗျာဒိတ် ၂၁:၄ က​သေခြင်း​ရှိတော့မည်​မဟုတ်​ဟူ၍ ဖော်ပြ​ထား​သည်။ ဟေရှာယ​အခန်းကြီး ၆၆ မှ​ကျမ်းပိုဒ်​သည် ယင်း​နှင့်​သဘောတူညီ​သည်။ ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​သည် ခေတ္တ​ယာယီ အချိန်​အကန့်အသတ်​သာ တည်ရှိ​မည်​မဟုတ်​သည်ကို ယေဟောဝါ​သိထား​ကြောင်း အခန်းငယ် ၂၂ မှ​ကျွန်ုပ်​တို့​သိနိုင်​သည်။ ထို့​ပြင် ကိုယ်တော်​၏​လူများ​သည် ရေရှည်​တည်ရှိ​ကြ​ပေမည်; သူတို့သည် ကိုယ်တော့်​ရှေ့ “တည်​ရ” ကြလိမ့်မည်။ ဘုရားသခင်​ရွေးချယ်​ထားသော​လူမျိုး​အတွက် ကိုယ်တော်​ပြုလုပ်​ခဲ့​နှင့်​ပြီး​သော​အရာများ​က ကျွန်ုပ်​တို့ကို​ယုံကြည်​စိတ်ချမှု​ရှိစေသည်။ ခရစ်ယာန်စစ်​များသည် ရက်စက်​သော​နှိပ်စက်​ညှဉ်းပန်းမှု၊ သူတို့ကို​ဖယ်ရှားပစ်​ဖို့ ပြင်းထန်​သည့်​ကြိုးပမ်းမှု​များ​ကို​ပင် ကြုံတွေ့​ခဲ့​ကြ​ရပြီ။ (ယောဟန် ၁၆:၂; တမန်​တော် ၈:၁) သို့​တိုင် ရောမ​ဧကရာဇ်​နီရို​နှင့် အဒေါ့ဖ်​ဟစ်တလာ​အစ​ရှိသည့် ဘုရားသခင့်​လူမျိုးတော်​၏ ဩဇာ​အာဏာ​ကြီး​လှ​သော​ရန်သူကြီး​များ​ပင် နာမတော်​ကို​ခံယူ​ထား​ကြ​သည့် ကိုယ်တော်​၏​သစ္စာစောင့်သိ​သူများကို လုံးဝ​ဖယ်ရှားပစ်​ဖို့ မစွမ်းဆောင်​နိုင်​ခဲ့​ကြ​ပါ။ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏​အသင်းတော်ကို ကာကွယ်​စောင့်ရှောက်​ခဲ့​ပြီး ၎င်းကို​ထာဝစဉ်​တည်ရှိ​စေနိုင်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။

အလားတူ​စွာ မြေကြီး​သစ်​အဝင်​အဖြစ် ဘုရားသခင်​အား​သစ္စာရှိ​သူများ၊ ကမ္ဘာသစ်​တွင် စစ်မှန်သော​ဝတ်ပြုသူ​များ​အဖွဲ့​သည် အရာခပ်သိမ်း​ဖန်ဆင်း​ရှင်​ကို စင်ကြယ်​စွာ​ဝတ်ပြု​ကိုးကွယ်​ကြသော​ကြောင့် တစ်ဦးချင်း​စီ​အနေ​နှင့် ဆက်၍​ရပ်တည်​ကြ​ပေမည်။ ၎င်း​သည် တစ်ခါတစ်ရံ သို့​မဟုတ် ဖြစ်ကတတ်ဆန်း​သာ ဝတ်ပြုခြင်း​ဖြစ်​မည်​မဟုတ်ပါ။ မောရှေ​မှ​တစ်ဆင့် ဣသရေလ​လူမျိုး​အားပေးခဲ့​သော ဘုရားသခင့်​ပညတ်တော်​အရ လဆန်းနေ့​ကို​ထောက်၍ လစဉ်​သော်လည်း​ကောင်း၊ ဥပုသ်​နေ့ကို​ထောက်၍ ပတ်စဉ်​သော်လည်း​ကောင်း ဝတ်ပြုရေး​အတွက် ပြု​ရမည့်​အမှု​များ​ရှိသည်။ (ဝတ်ပြုရာ ၂၄:၅-၉; တောလည်ရာ ၁၀:၁၀; ၂၈:၉၊ ၁၀; ၂ ရာဇဝင်ချုပ် ၂:၄) ထို့​ကြောင့် ဟေရှာယ ၆၆:၂၃ က တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်လ​ပြီး​တစ်လ အဆက်မပြတ်​ပုံမှန်​ပြု​ကြ​ရမည့် ဘုရားသခင့်​ဝတ်ပြုရေးကို​ညွှန်ပြ​သည်။ ထို​အခါ ဘုရားသခင်​မဲ့​ဝါဒ​နှင့် ဘာသာရေး​အရေခြုံမှု​များ ရှိတော့မည်​မဟုတ်။ “လူသတ္တဝါ​အပေါင်းတို့သည်” ယေဟောဝါ “ရှေ့မှာ​ကိုးကွယ် . . . ကြလိမ့်မည်။”

၁၀။ ကမ္ဘာသစ်​သည် ဆိုးသွမ်းသူ​တို့၏ အစဉ်​နှောင့်ယှက်မှု​ခံရ​မည်​မဟုတ်​ကြောင်း အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၀ မြေကြီး​သစ်​၏ ငြိမ်သက်မှု​နှင့် ဖြောင့်မတ်မှု​သည် မည်သည့်​အခါ​မျှ အန္တရာယ်​ရှိ​မည်​မဟုတ်​ကြောင်း ဟေရှာယ ၆၆:၂၄ က​စိတ်ချ​စေ​သည်။ ယင်းကို ဆိုးသွမ်းသူ​များ​က ဖျက်ဆီး​နိုင်​လိမ့်​မည်​မဟုတ်။ ကျွန်ုပ်​တို့​ရှေ့တွင် ‘ဘုရားသခင်​တရား​ဆုံး​ဖြတ်၍ ဘုရားတရား​မဲ့​သူကို​ဖျက်ဆီး​မည့်​နေ့ရက်’ ဖြစ်​ဖို့​ရှိသေး​ကြောင်း ၂ ပေတရု ၃:၇ က​ဆို​သည်ကို ပြန်သတိရ​ပါ။ အဆုံးစီရင်​ခံရ​မည့်​သူများ​မှာ ဘုရားတရား​မဲ့​သူတို့​ဖြစ်သည်။ စစ်သား​များ​ထက် အရပ်သား​အသေအပျောက်​ပို​များ​လေ့​ရှိသော လူ့​စစ်ပွဲ​များ​ကဲ့သို့ အပြစ်မဲ့​သူများ​အပေါ် အန္တရာယ်​ကျရောက်​လိမ့်​မည်​မဟုတ်ပါ။ ကြီးမြတ်​လှ​သော​တရားသူကြီး​၏​နေ့​သည် ဘုရားတရား​မဲ့​သူတို့ကို ဖျက်ဆီး​ရာ​နေ့​ဖြစ်​လိမ့်​မည်​ဟု ကိုယ်တော်​အာမခံ​ထား​သည်။

၁၁။ ဘုရားသခင်​နှင့် ကိုယ်တော်​၏​စစ်မှန်သော​ဝတ်ပြုရေးကို ဆန့်ကျင်သူ​တစ်ဦး၏​အနာဂတ်​သည် အဘယ်​သို့​ဖြစ်​မည်​ဟု ဟေရှာယ​ဖော်ပြ​သနည်း။

၁၁ ကပ်ကျော်​မည့်​ဖြောင့်မတ်​သူများ​သည် ဘုရားသခင့်​ပရောဖက်ပြုချက်​စကား​မှန်ကန်ကြောင်း တွေ့မြင်​ရ​ကြလိမ့်မည်။ ယေဟောဝါ​ကို “ပြစ်မှား​သော​သူတို့၏​အသေကောင်​များ” က ကိုယ်တော့်​တရား​စီရင်မှု​၏ အထောက်အထား​ဖြစ်​မည်​ဟု အခန်းငယ် ၂၄ ၌​ကြိုပြော​သည်။ ဟေရှာယ​အသုံးပြု​ခဲ့​သော ကွက်ကွက်ကွင်းကွင်း​ပေါ်လွင်​စေသည့်​စကား​က ထိတ်လန့်စရာ​ဖြစ်​ပုံ​ပေါ်​ပေမည်။ သို့သော် ယင်းသည် သမိုင်းဝင်​ဖြစ်ရပ်မှန်​နှင့် ကိုက်ညီ​သည်။ ယေရုရှလင်​မြို့ရိုး​အပြင်ဘက်​တွင် အမှိုက်​နှင့် တစ်ခါတစ်ရံ လျောက်ပတ်​စွာ​မြှုပ်နှံ​မခံထိုက်​ဟု တရား​စီရင်ခံ​ရသော​ရာဇဝတ်သား​များ​၏ အလောင်း​ကောင်​များ​ပစ်ချ​ရာ အမှိုက်ပုံ​များ​ရှိခဲ့​သည်။ * ထို​တွင် အမှိုက်​သ​ရိုက်​နှင့် အလောင်း​ကောင်​များ​ကို ပိုးကောင်​များနှင့် အမြဲ​လောင်​နေသော​မီး​က တစ်ခဏချင်း​တွင် ပပျောက်​စေပါ​လိမ့်​မည်။ ဟေရှာယ​၏​သရုပ်ဖော်​မှု​က ကျူးလွန်​ပြစ်မှားသူ​များ​အပေါ် ယေဟောဝါ​၏​အပြီးသတ်​တရား​စီရင်ချက်​ကို ပုံဖော်​သည်​မှာ​ထင်ရှား​သည်။

ကိုယ်တော်​ကတိပြု​ခဲ့​ရာ

၁၂။ ဟေရှာယ​သည် ကမ္ဘာသစ်​အသက်တာ​နှင့်​စပ်လျဉ်း၍ အဘယ်​သို့​ထပ်ဆင့်​ညွှန်ပြ​သနည်း။

၁၂ လာ​မည့်​အစီအစဉ်​သစ်​တွင် ရှိတော့မည်​မဟုတ်သည့် အရာအချို့​ကို ဗျာဒိတ် ၂၁:၄ က​ပြောပြ​သည်။ သို့သော် ထို​အခါ​အဘယ်အရာ​တည်ရှိ​မည်​နည်း။ ထို​အခါ​ဘဝ​သည် အဘယ်အရာ​နှင့်​တူ​မည်​နည်း။ ယုံကြည်​စိတ်ချ​ရသော အရိပ်အမြွက်​တစ်စုံတစ်ရာ​ကို ကျွန်ုပ်​တို့​ရရှိနိုင်​သလော။ ရနိုင်​ပါ​သည်။ ယေဟောဝါ​သည် ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​ကို အပြီးသတ်​ဖန်ဆင်း​သောအခါ ကိုယ်တော်​၏​မျက်နှာသာ​ကို​ရ​လျှင် ကျွန်ုပ်​တို့​ခံစားရ​မည့် အခြေအနေ​များ​ကို ဟေရှာယ​အခန်းကြီး ၆၅ က ပရောဖက်ပြု​ဖော်ပြ​ထား​သည်။ မြေကြီး​သစ်​တွင် အစဉ်အမြဲ​နေခွင့်​ရသည့် ကောင်းချီး​ခံစားရ​သူတို့သည် အိုမင်း​၍ အဆုံး​၌​သေရ​တော့​မည်​မဟုတ်။ ဟေရှာယ ၆၅:၂၀ က​ဤသို့​စိတ်ချ​စေ​သည်– “ထို​မြို့၌​အသက်ငယ်​သော​သူငယ်မ​ရှိ​ရ။ အသက်​မပြည့်စုံ​သော​လူ​အို​လည်း​မရှိ​ရ။ အသက်​တစ်​ရာ​ရှိ​လျက်​သေ​သော​သူကို သူငယ်​ကဲ့သို့​မှတ်​ရ၏။ အပြစ်ရှိ​သော​သူသည် အသက်​တစ်​ရာ​ရှိ​လျက်​သေ​လျှင်၊ ကျိန်ခြင်း​ကို​ခံရ​သော​သူ​ဟူ၍​မှတ်​ရ၏။”

၁၃။ ဘုရားသခင့်​လူမျိုးတော်သည် လုံခြုံမှု​ရှိ​မည်​ဖြစ်​ကြောင်း ဟေရှာယ ၆၅:၂၀ က​မည်သို့​စိတ်ချ​စေ​သနည်း။

၁၃ ဟေရှာယ​ခေတ်​ရှိ​လူများ​အပေါ် ထိုသို့​ဦးဆုံး​ပြည့်စုံ​ခဲ့​စဉ်​က ပြည်တော်​အတွင်းရှိ​ကလေးငယ်​များ​မှာ လုံခြုံမှု​ရှိ​ခြင်း​ကို​ဆိုလို​သည်။ တစ်ချိန်က ဗာဗုလုန်​လူများ​လာ၍​ပြု​ခဲ့​သကဲ့သို့ နို့စို့​သူငယ်​များ​ကို​ခေါ်ဆောင်​သွား​မည့် သို့​မဟုတ် အရွယ်​ကောင်း​သူများကို သတ်ပစ်​မည့် ရန်သူများ​မရှိတော့​ပေ။ (၂ ရာဇဝင်ချုပ် ၃၆:၁၇၊ ၂၀) လာ​မည့်​ကမ္ဘာသစ်​တွင် လူတို့သည် လုံခြုံစွာ​ဖြင့် အသက်တာကို​ပျော်မွေ့နိုင်​ကြလိမ့်မည်။ လူတစ်ဦး​သည် ဘုရားသခင်​အား ဆန့်ကျင်​ပုန်ကန်​ဖို့​ရွေးချယ်​မည်​ဆိုလျှင် ဆက်​အသက်ရှင်ခွင့်​ရမည်​မဟုတ်ပါ။ သူ့ကို​ဘုရားသခင်​ဖယ်ရှားပစ်​ပါ​လိမ့်​မည်။ ပုန်ကန်​သူ​အပြစ်သား​သည် အသက်​တစ်​ရာ​ရှိလျှင်​ကော။ အဆုံးမဲ့​အသက်​ရှိ​ခြင်း​နှင့်​နှိုင်း​လျှင် သူသည် “သူငယ်​ကဲ့သို့” သေဆုံး​သွားပေ​မည်။—၁ တိမောသေ ၁:၁၉၊ ၂၀; ၂ တိမောသေ ၂:၁၆-၁၉

၁၄၊ ၁၅။ ဟေရှာယ ၆၅:၂၁၊ ၂၂ ပေါ်​အခြေပြု​လျက် အဘယ်​အကျိုးရှိ​သော​လုပ်ဆောင်မှုများ​ကို သင်​စောင့်မျှော်​နိုင်​သနည်း။

၁၄ ဟေရှာယ​သည် တမင်​အပြစ်​ပြုသူ​တစ်ဦး မည်သို့​ဖယ်ရှားခံ​ရမည်ကို အာရုံစိုက်​မည့်​အစား ကမ္ဘာသစ်​တွင်​ရှိ​မည့် နေထိုင်မှု​အခြေအနေ​များ​ကို ဖော်ပြ​ခဲ့​သည်။ ၎င်း​ရှုခင်း​တွင် သင့်ကိုယ်​သင်​မြင်ယောင်​ကြည့်​ဖို့​ကြိုးစား​ပါ။ သင်​နှင့်​အသက်​ဆိုင်​ဆုံး​ကို သင်​ဦးဆုံး​မြင်ယောင်မိ​ပေမည်။ ၎င်းကို​အခန်းငယ် ၂၁ နှင့် ၂၂ တွင် ဟေရှာယ​ဤသို့​ဖော်ပြ​သည်– “ထို​သူတို့သည် ကိုယ်​ဆောက်​သော​အိမ်​၌​နေကြ​လိမ့်​မည်။ ကိုယ်​စိုက်​သော​စပျစ်​ဥယျာဉ်​အသီးကို​စား​ကြလိမ့်မည်။ သူတို့သည် အိမ်ကို​ဆောက်​၍​အခြားသော​သူ​နေရ​မည်​မဟုတ်။ သူတို့သည် စပျစ်​ဥယျာဉ်​ကို​စိုက်​၍​အခြားသော​သူ​စား​ရမည်​မဟုတ်။ ငါ​၏​လူ​တို့​အသက်သည် သစ်ပင်​၏​အသက်​ကဲ့သို့​ဖြစ်၍၊ သူတို့သည် ကိုယ်​ပြုစု​သော​အရာ​ကို ကြာမြင့်စွာ​သုံးဆောင်​ရ​ကြလိမ့်မည်။”

၁၅ သင်သည် ဆောက်လုပ်ရေး​အတွေ့အကြုံ​မရှိ​သေး၊ သို့​မဟုတ် ဥယျာဉ်​မစိုက်ပျိုး​ဖူး​လျှင် သင့်ကို​သင်တန်း​ပေး​လိမ့်​မည်​ဟု ဟေရှာယ​၏​ပရောဖက်ပြုချက်​က အကြံပြု​သည်။ သို့သော် စွမ်းရည်​ရှိသော​နည်းပြ​ဆရာများ၊ သင့်ကို​ဝမ်းသာ​အားရ အကူအညီ​ပေး​မည့် ကြင်နာ​သည့်​အိမ်နီးချင်း​များ​ထံ​မှ​သင်ယူ​ရန် တလိုတလား​ရှိ​မည်​လော။ သင်၏​အိမ်​တွင် အပူပိုင်း​ဒေသ​၏​လေညင်း​ခံနိုင်​ဖို့ နေ​ကာ​ခန်း​စီး​များ​သာ​ရှိသော မှန်​မ​ထည့်​ထား​သည့်​ပြတင်းပေါက်​ကြီး​များ​ရှိမရှိ၊ ရာသီဥတု​အပြောင်းအလဲ​ကို​မြင်တွေ့​နိုင်​စေသည့် မှန်​ပိတ်​ပြတင်းပေါက်​များ​ရှိမရှိ​ကို ဟေရှာယ​မပြော​ပါ။ အသင်​သည် မိုး​ရေ​နှင့် ဆီးနှင်း​လျှော​ကျ​သွားစေရန် ခေါင်မိုး​အ​လျှော​နှင့် အိမ်ဆောက်​မည်​လော။ သို့​မဟုတ် ဒေသခံ​ရာသီဥတု​ကြောင့် သင့်​မိသားစု​နှင့်အတူ​စုရုံး​ကာ အရသာ​ရှိသော​အစားအစာ​နှင့် ဝိုင်းဖွဲ့​စကား​လက်ဆုံ​ပြောဆို​ရန် ခေါင်မိုး​အပြား—အရှေ့​အလယ်ပိုင်းဒေသ​မှ ခေါင်မိုး​တစ်မျိုး​ကဲ့သို့—မျိုး​နှင့် အိမ်ဆောက်​မည်​လော။—တရားဟောရာ ၂၂:၈; နေဟမိ ၈:၁၆

၁၆။ ကမ္ဘာသစ်​သည် ထာဝစဉ်​စိတ်​ကျေနပ်ဖွယ်​ဖြစ်​မည်​ဟု သင်​အဘယ်ကြောင့်​မျှော်လင့်​နိုင်​သနည်း။

၁၆ ဤသို့​သော​အသေးစိတ်​အချက်အလက်​များ​ကို​သိထားခြင်း​ထက် ပို​၍​အရေးပါသော​အရာ​မှာ ကိုယ်ပိုင်​အိမ်​ရှိ​ခြင်း​ဖြစ်သည်။ ၎င်း​သည် သင့်ကိုယ်​ပိုင်​အိမ်​ဖြစ်​လိမ့်​မည်—သင်​ပင်ပန်း​စွာ​ဆောက်လုပ်​သော်လည်း အခြားသူ​အကျိုး​ခံစားရ​သည့် ယခု​အချိန်​နှင့် တူ​မည်​မဟုတ်ပါ။ သင်သည် စိုက်​ပျိုး​၍​အသီးကို​စား​ရ​လိမ့်​မည်​ဟု​လည်း ဟေရှာယ ၆၅:၂၁ က​ဆို​သည်။ ၎င်း​က ယေဘုယျ​အခြေအနေ​ကို အကျဉ်း​ချုံး​ဖော်ပြ​ကြောင်း ရှင်းနေပါသည်။ သင်၏​ကြိုးပမ်း​အားထုတ်မှု​များ၊ ပင်ပန်း​စွာ​လုပ်ဆောင်မှု​၏​အကျိုးများ​မှ စိတ်​ကျေနပ်မှု​အပြည့်​ရရှိပါ​လိမ့်​မည်။ ထိုသို့​တစ်သက်တာလုံး—“သစ်ပင်​၏​အသက်​ကဲ့သို့”—သင်​ပြုလုပ်​နိုင်​ပါ​လိမ့်​မည်။ ယင်းက ‘ခပ်သိမ်း​သော​အရာ​အသစ်’ ဟူသော ဖော်ပြချက်​နှင့်​အမှန်ပင်​ကိုက်ညီ​သည်​တကား!—ဆာလံ ၉၂:၁၂-၁၄

၁၇။ အဘယ်က​တိ​တော်​သည် အထူး​အားပေးမှု​ဖြစ်​ကြောင်း မိဘများ​တွေ့ရှိ​လာ​မည်​နည်း။

၁၇ သင်သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ဤ​စကား​များ​က သင့်​နှလုံးကို​ထိမိ​ပါ​လိမ့်​မည်– “သူတို့သည် သားမြေး​တို့​ပါ ထာဝရ​ဘုရားထံ​တော်​မှ မင်္ဂလာ​ခံရ​သော​သူတို့ အမျိုးအနွယ်​ဖြစ်​ကြသော​ကြောင့် အကျိုးမဲ့​လုပ်ဆောင်ခြင်း၊ ဘေးသင့်​ရန် သားဖွားခြင်း​မရှိ​ချေ။ သူတို့​မ​ခေါ်​မီ​ငါ​ထူး​မည်။ လျှောက်​ကြ​စဉ်​ပင် နားညောင်း​မည်။” (ဟေရှာယ ၆၅:၂၃၊ ၂၄သ​မ) ‘ဘေးသင့်​ဖို့​အတွက် သားဖွား’ ရသော​နာကျင်မှုကို တွေ့ကြုံ​ဖူး​ပါသလော။ မိဘများနှင့် အခြား​သူတို့ကို​ဘေးသင့်​သော ကလေး​များ​တွင်​ရှိသည့် ပြဿနာ​အမျိုးမျိုးကို ကျွန်ုပ်​တို့​စာရင်း​တင်ပြ​စ​ရာ​မလိုပါ။ ယင်း​နှင့်​စပ်လျဉ်း၍ မိမိတို့​ကိုယ်ပိုင်​အသက်မွေး​မှု၊ လုပ်ငန်းဆောင်တာ​များ သို့​မဟုတ် ပျော်ရွှင်မှု​များ​၌​နစ်​မြုပ်​နေရာ ကလေး​များ​ကို​အချိန်​မပေးနိုင်​သလော​က်​ဖြစ်သော မိဘများ​ကို ကျွန်ုပ်​တို့အားလုံး​သတိပြုမိ​ခဲ့​ကြပြီ။ ယင်း​နှင့်​ဆန့်ကျင်​သည်​မှာ ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို ကြားနာ၊ ဖြေဆို​ပေး​ပြီး ကြို၍​ပင်​သိထား​နှင့်​မည်​ဟု ယေဟောဝါ​က ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​သည်။

၁၈။ ကမ္ဘာသစ်​တွင် တိရစ္ဆာန်​များနှင့်​ပျော်မွေ့နိုင်​မည်​ဟု အဘယ်ကြောင့်​မျှော်လင့်​နိုင်​သနည်း။

၁၈ ကမ္ဘာသစ်​တွင် သင်​ခံစား​နိုင်​မည့်​အရာ​ကို တွေးတော​နေစဉ် ဘုရားသခင်​၏​ဤ​ပရောဖက်ပြု​ဖော်ပြချက်​ကို မြင်ယောင်​ကြည့်​လိုက်ပါ– “‘တောခွေး​နှင့်​သိုးသငယ်​သည် အတူ​ကျက်စား​ကြလိမ့်မည်။ ခြင်္သေ့​သည် နွား​ကဲ့သို့​မြက်​ကို​စား​လိမ့်​မည်။ မြွေ​မူ​ကား၊ မြေမှုန့်​ကို​သာ​စား​ရ​လိမ့်​မည်။ ငါ​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို​မပြုရ​ကြ’ ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၂၅) ပန်းချီ​ဆရာများ​သည် ထို​မြင်ကွင်း​ကို​ရေးဆွဲ​ဖို့​ကြိုးစား​ခဲ့​ကြသည်၊ သို့သော် ယင်းသည် ပန်းချီ​ဆိုင်ရာ​စိတ်ကူးယဉ်​ဖော်ပြခြင်း​မျှ​မဟုတ်ပါ။ ထိုသို့​အမှန်​ဖြစ်ပျက်​လာ​ပါ​လိမ့်​မည်။ လူ​လူ​ချင်း သင့်တင့်​ငြိမ်သက်မှု​ရှိ​မည်​ဖြစ်​သကဲ့သို့ တိရစ္ဆာန်​များနှင့်​လည်း​ငြိမ်သက်မှု​ရှိပါ​လိမ့်​မည်။ ဇီဝ​ဗေဒ​ပညာရှင်​များနှင့် တိရစ္ဆာန်​ချစ်သူ​များသည် အနည်းငယ်​သော​တိရစ္ဆာန်​အမျိုးအစား သို့​မဟုတ် မျိုးစိတ်၊ မျိုးရိုး​တစ်မျိုးတည်း​ကို​သာ အရွယ်​ကောင်း​တွင်​လေ့လာ​ကြသည်။ ယင်း​နှင့်​ဆန့်ကျင်​လျက် တိရစ္ဆာန်​များသည် လူကို​ကြောက်​သော​စိတ် လွှမ်းမိုး​မခံရ​တော့​သည့်​အခါ သင်သည် အဘယ်အရာ​များ​ကို​သိရှိ​လာ​မည့်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ထို​အခါ သစ်တော သို့​မဟုတ် တောနက်​ထဲ​တွင်​နေထိုင်​သော ငှက်​များနှင့် သေးငယ်သော​သတ္တဝါများ​ထံ​သို့​ပင် ချဉ်းကပ်​ပြီး သူတို့ကို လေ့လာ​ကာ သင်​ယူ၍ သူတို့နှင့်​ပျော်မွေ့နိုင်​ပေမည်။ (ယောဘ ၁၂:၇-၉) လူ​နှင့်​တိရစ္ဆာန်​၏​ရန်ကို​မကြောက်​ရ​ဘဲ ထိုသို့​လုံခြုံစွာ​ပြုလုပ်​နိုင်​မည်။ ယေဟောဝါ​က “ငါ​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို​မပြုရ​ကြ” ဟု​ဆို​၏။ ယနေ့​ကျွန်ုပ်​တို့​မြင်ရ၊ ကြုံတွေ့​ရသော​အရာ​နှင့် အခြားကြီး​ခြား​ပါ​လိမ့်​မည်​တကား!

၁၉၊ ၂၀။ ဘုရားသခင်​၏​လူမျိုးတော်သည် မျက်မှောက်ခေတ်​လူအများစု​နှင့် အဘယ်ကြောင့်​အတော်အတန် ကွာခြား​ကြ​သနည်း။

၁၉ အစောပိုင်း​၌​ဖော်ပြ​ခဲ့​သကဲ့သို့ လူသား​တို့သည် ထောင်စုနှစ်​သစ်​နှင့်​ပတ်သက်​၍ စိုးရိမ်​ပူပင်မှု​အမျိုးမျိုး​ရှိနေ​သော်လည်း အနာဂတ်​ကို အတိအကျ​ကြို​မပြော​နိုင်​ကြ​ပါ။ ယင်းကြောင့် လူအများသည် မချင့်မရဲ၊ စိတ်ရှုပ်​ထွေး​ပြီး စိတ်ပျက်​နေကြ​ရသည်။ ကနေဒါ​တက္ကသိုလ်​တစ်ခု​မှ ဒါရိုက်တာ ပီတာ အမ်​ဘာ​လီ​က ဤသို့​ရေးသားခဲ့​သည်– “[လူ​လား​မြောက်​သူ] များစွာတို့သည် နောက်ဆုံး​တွင် ဘဝ​နှင့်​ပတ်သက်သော အခြေခံ​မေးခွန်းများ​နှင့် ထိပ်တိုက်​ရင်ဆိုင်​ရ​ကြသည်။ ကျွန်ုပ်​မည်သူ​နည်း။ အမှန်ဆိုလျှင် အဘယ်အရာ​အတွက် ကျွန်ုပ်​ကြိုးပမ်း​နေသနည်း။ နောက်​လူမျိုးဆက်​အတွက် အဘယ်​အမွေအနှစ်​ကို ကျွန်ုပ်​ထားခဲ့​သနည်း။ သူတို့​ဘဝတွင် ငြိမ်သက်မှု​နှင့် အဓိပ္ပာယ်​ရှိစေရန် လူလတ်ပိုင်း​အရွယ်​တွင် သူတို့​ကြိုးစား​အားထုတ်​နေကြ​သည်။”

၂၀ လူအများ အဘယ်ကြောင့်​ထိုသို့​ဖြစ်သည်​ကို သင်​သဘောပေါက်​နိုင်​သည်။ သူတို့သည် မိမိတို့​ဝါသနာပါရာ​များ သို့​မဟုတ် စိတ်​လှုပ်ရှား​ဖွယ်​အပန်းဖြေနည်း​အမျိုးမျိုးဖြင့် ဘဝကို​မွေ့လျော်​ဖို့​ကြိုးပမ်း​ကြ​ပေမည်။ သို့​တိုင် ရှေ့လျှောက်​အဘယ်​အလားအလာ​ရှိသည်​ကို သူတို့​မသိကြ​သောကြောင့် သူတို့၏​ဘဝ​သည် အရေးပါမှု၊ ငြိမ်သက်မှု သို့​မဟုတ် စစ်မှန်သော​အဓိပ္ပာယ်​ကင်းမဲ့​နေ​ပေမည်။ ယခု ၎င်းကို ကျွန်ုပ်​တို့​သုံးသပ်​သိ​ရှိ၍ ဘဝ​အပေါ်​ရှုမြင်​လာပုံ​နှင့် နှိုင်းယှဉ်​ကြည့်​ပါ။ ကျွန်ုပ်​တို့သည် ယေဟောဝါ​ကတိထားရာ ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​တွင် ပတ်ပတ်လည်​ကို​ကြည့်ရှု​ကာ ‘အရာခပ်သိမ်း​ကို ဘုရားသခင် တကယ်​အသစ်​ပြုလုပ်​လိုက်တာပဲ!’ ဟု​လှိုက်လှိုက်လှဲလှဲ​ပြော​နိုင်​မည်​ဖြစ်​ကြောင်း သင်​သိရှိ​ထား​သည်။ ကျွန်ုပ်​တို့​ပျော်​လိုက်​မည်​ဖြစ်​ခြင်း!

၂၁။ ဟေရှာယ ၆၅:၂၅ နှင့် ဟေရှာယ ၁၁:၉ ၌​အဘယ်​ဆင်တူ​သော​အကြောင်းအရာကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။

၂၁ ဘုရားသခင့်​ကမ္ဘာသစ်​တွင် အသက်ရှင်နေ​ထိုင်​ရန် စိတ်ကူးယဉ်​ခြင်း​သည် ရောင့်တက်ခြင်း​မဟုတ်ပါ။ ယခု​ပင် ကိုယ်တော်​အား အမှန်တရားဖြင့်​ဝတ်ပြုဖို့ ကျွန်ုပ်​တို့ကို ကိုယ်တော်​ခေါ်ဖိတ်​ပြီး ‘ကိုယ်တော်​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​မပြု’ တော့​သည့်​အချိန်တွင် အသက်ရှင်နေ​ထိုင်​ကြဖို့ အရည်အချင်း​ပြည့်မီ​ရန်​ကြိုးစား​ဖို့ ကိုယ်တော်​တိုက်တွန်း​အားပေး​သည်။ (ဟေရှာယ ၆၅:၂၅) သို့သော် ဟေရှာယ​သည် အစောပိုင်း​တွင် အလားတူ​ပြောဆို​ခဲ့​ပြီး ကမ္ဘာသစ်​ကို​အမှန်တကယ်​ပျော်မွေ့နိုင်​ရန် အရေးပါသော​အချက်​တစ်ချက်​ကို သူ​ထည့်သွင်း​ဖော်ပြ​ထား​ကြောင်း သင်​သတိပြုမိ​ပါသလော။ ဟေရှာယ ၁၁:၉ က​ဤသို့​ဆို​သည်– “ငါ​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို​မပြုရ​ကြ။ အကြောင်း​မူ​ကား၊ ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့၊ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့်​ပြည့်စုံ​လိမ့်​မည်။”

၂၂။ ကျမ်းစာ​ပရောဖက်ပြုချက်​လေးချက်​ကို ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ခြင်း​က အဘယ်အရာကို​ပြုလုပ်​ရန် ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​ကို မြဲမြံ​စေ​သင့်​သနည်း။

၂၂ “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို​သိကျွမ်းခြင်း​ပညာ။” ဘုရားသခင်​သည် အရာခပ်သိမ်း​ကို အသစ်​ပြုလုပ်​သောအခါ မြေကြီးသား​တို့သည် ကိုယ်တော်​နှင့် ကိုယ်တော်​၏​အလိုတော်ကို တိကျ​မှန်ကန်​စွာ​သိရှိ​ကြ​ပါ​လိမ့်​မည်။ ထိုသို့​သိရှိဖို့​ရန် ဖန်ဆင်း​ရာ​တိရစ္ဆာန်​များ​ထံ​မှ သင်ယူခြင်း​ထက်မက များစွာ​ပါဝင်​မည်။ ကိုယ်တော်​၏​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​ပါဝင်​သည်။ ဥပမာ၊ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” အကြောင်း​ဖော်ပြ​သော ပရောဖက်ပြုချက်​လေးခု​ကို​သာ ဆန်းစစ်ခြင်း​မှ ကျွန်ုပ်​တို့​မည်မျှ​သိရှိ​ခဲ့​ကြ​ရသည်ကို ပြန်​သုံးသပ်ကြည့်​ပါ။ (ဟေရှာယ ၆၅:၁၇; ၆၆:၂၂; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁) ကျမ်းစာ​ကို​နေ့စဉ်​ဖတ်ရှု​ရန် သင်၌​အကြောင်းကောင်း​ရှိသည်။ ယင်းသည် သင်၏​လုပ်ရိုးလုပ်စဉ်​ဖြစ်သလော။ မဖြစ်​ပါ​က ဘုရားသခင်​မိန့်တော်မူရာ​အချို့​ကို နေ့စဉ်​ဖတ်ရှု​ရန် အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ​ကို သင်​ပြုလုပ်​နိုင်​သနည်း။ သင်သည် ကမ္ဘာသစ်​တွင်​ပျော်မွေ့​ရန် စောင့်မျှော်​နိုင်​သည့်​အပြင် ဆာလံဆရာ​ကဲ့သို့​ပင် လောလောဆယ် ပျော်ရွှင်မှု​တိုး၍​ရရှိပါ​လိမ့်​မည်။—ဆာလံ ၁:၁၊ ၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၉၀၆ ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဟေရှာယ ၆၆:၂၂-၂၄ က ရှေ့တွင်​ဖြစ်ပျက်​မည့်​အရာ​ကို ကြို​ဟောထား​သည်​ဟု အဘယ်ကြောင့်​ကျွန်ုပ်​တို့​ကောက်ချက်​ချ​နိုင်​သနည်း။

ဟေရှာယ ၆၆:၂၂-၂၄ နှင့် ဟေရှာယ ၆၅:၂၀-၂၅ မှ ပရောဖက်ပြုချက်​များ​၌ ဖော်ပြ​ရာ​များ​တွင် သင်​အထူးသဖြင့်​စောင့်မျှော်​ရာ​ကား အဘယ်နည်း။

• သင်၏​အနာဂတ်​နှင့်​စပ်လျဉ်း၍ ယုံကြည်​စိတ်ချ​နေ​ရန်​အတွက် အဘယ်​အကြောင်းရင်း​များ​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဟေရှာယ၊ ပေတရု​နှင့် ယောဟန်တို့သည် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ၏ အသွင်အပြင်​များ​ကို ကြို​ဟောခဲ့​ကြ