မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခပ်သိမ်းသောအရာကို အသစ်ပြုလုပ်ခြင်း—တင်ကူးဟောထားသည့်အတိုင်း

ခပ်သိမ်းသောအရာကို အသစ်ပြုလုပ်ခြင်း—တင်ကူးဟောထားသည့်အတိုင်း

ခပ်သိမ်း​သော​အရာ​ကို အသစ်​ပြုလုပ်ခြင်း—တင်ကူး​ဟောထား​သည့်​အတိုင်း

“ပလ္လင်​ပေါ်မှာ ထိုင်​တော်​မူ​သော​အရှင်​က​လည်း၊ ‘ငါသည် ခပ်သိမ်း​သော​အရာ​ကို အသစ်​ပြုလုပ်​သည်’ ဟု​မိန့်တော်မူ၏။ တစ်ဖန်​တုံ ကိုယ်တော်​က . . . ‘ဤ​စကား​များသည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏’ ဟု​မိန့်တော်မူ၏။”—ဗျာဒိတ် ၂၁:၅၊ သမ္မာ။

၁၊ ၂။ လူအများသည် အနာဂတ်​တွင်​အဘယ်​သို့​ဖြစ်လာ​မည်​ကို စဉ်းစား​ဖို့ အဘယ်ကြောင့်​ချီတုံချတုံ​ဖြစ်​ကြ​သနည်း။

‘မနက်ဖြန်​ဘာဖြစ်​မယ်​ဆိုတာ ဘယ်သူ​သိ​လဲ’ ဟု​သင်​ပြော​ဖူး သို့​မဟုတ် စဉ်းစား​ဖူး​သလော။ အနာဂတ်​တွင်​အဘယ်​သို့​ဖြစ်လာ​မည်​ကို မှန်းဆ​ဖို့၊ သို့​မဟုတ် မကြာမီ​ဖြစ်ပျက်​လာ​မည့်​အရာများ​ကို မစဉ်း​မစား​ကြိုဟော​သူများကို ယုံကြည်ဖို့ လူ​တို့ အဘယ်ကြောင့်​ချီတုံချတုံ​ဖြစ်​ကြ​ရ​ကြောင်း သင်​နားလည်​နိုင်​ပါ​သည်။ လူသားများ​သည် လာ​မည့်​လ​များ သို့​မဟုတ် နှစ်များ​တွင် မည်သို့​ဖြစ်ပျက်​လာ​မည်​ကို အတိအကျ​ကြိုပြော​နိုင်စွမ်း လုံးဝ​မရှိကြ​ပါ။

ဖော်​ဘီ​စ် အေ​အက်စ်​အေ​ပီ​မဂ္ဂဇင်းက လထုတ်​တစ်စောင်​လုံး​တွင် အချိန်​အကြောင်း သီးသန့်​ဖော်ပြ​ခဲ့​သည်။ ထို​တွင် တီဗွီ​အစီအစဉ်​တွေ့ဆုံ​မေးမြန်း​သူ ရောဘတ် က​ရင်း​ဂ​လီ​က​ဤသို့​ရေးသားခဲ့​သည်– “အချိန်​သည် နောက်ဆုံး​တွင် ကျွန်ုပ်​တို့အားလုံး​ကို အရှက်ရ​စေ​သည်၊ သို့သော် နိမိတ်​ဖတ်​သူများ​သည် အချိန်​ကြောင့် အရှက်​အရ​ဆုံး​ဖြစ်​ကြသည်။ အနာဂတ်​ကို​မှန်းဆ​ဖို့​ကြိုးစား​ခြင်း​သည် အစဉ်သဖြင့်​နီးပါး ရှုံးနိမ့်​ရသော​ကိစ္စ​ဖြစ်သည်။ . . . သို့​ဖြစ်​လျက်​ပင် အဆိုပါ​ကျွမ်းကျင်​သူများ​အမည်ခံ​သူတို့သည် နိမိတ်​ဆက်​ဖတ်​ကြသည်။”

၃၊ ၄။ (က) အချို့​သူတို့သည် ထောင်စုနှစ်​သစ်​နှင့်​စပ်လျဉ်း၍ အဘယ်​အပြုသဘော​အမြင်​ရှိကြ​သနည်း။ (ခ) အခြားသူ​တို့​မူ အနာဂတ်​နှင့်​ပတ်သက်​၍ အဘယ်​လက်တွေ့ကျ​မျှော်လင့်ချက်​ရှိကြ​သနည်း။

ထောင်စုနှစ်​သစ်​အပေါ် ဤမျှ​အာရုံစိုက်​နေကြ​သည်ကို​တွေ့ရှိ​ရ​ရာ အနာဂတ်​အကြောင်း တွေးတော​စဉ်းစား​သူ ပို​များ​လာ​သည့်​ပုံ​ရှိ​ပေမည်။ လွန်ခဲ့သော​နှစ်​အစပိုင်း​တွင် မ​က္ခ​လီးန်စ်​မဂ္ဂဇင်းက​ဤသို့​ဆို​သည်– “၂၀၀၀ ပြည့်နှစ်​သည် ကနေဒါ​နိုင်ငံသား​အများစု​အတွက် ပြက္ခဒိန်​ပေါ်​၌ နှစ်​တစ်နှစ်​မျှ​ဖြစ်​နိုင်​သော်လည်း အမှန်တကယ်​ပင်​ဆန်းသစ်​သော စတင်​မှု​တစ်စုံတစ်ရာ​နှင့် တိုက်ဆိုင်​ကောင်း​တိုက်ဆိုင်​နိုင်​ပေ​သည်။” ယော့ခ်​တက္ကသိုလ်​မှ ပါမောက္ခ​ခရစ္စ​ဒူး​နေး​က အပြုသဘော​မြင်​ဖို့​အတွက် အကြောင်းရင်း​တစ်ချက်​ကို ဤသို့​ဖော်ပြ​ခဲ့​သည်– “ဤ​ထောင်စုနှစ်​စတင်ခြင်း​သည် အမှန်တကယ်​ကြောက်မက်​ဖွယ်​ကောင်း​ခဲ့​သော​ရာစုနှစ်​နှင့် ကျွန်ုပ်​တို့​မစပ်ဆိုင်​တော့​ဟု အဓိပ္ပာယ်​ရှိသည်။”

ယင်းသည် ဆန္ဒ​အတွေး​မျှ​သာ​လော။ ကနေဒါ​နိုင်ငံ​တွင် ဆန္ဒ​မဲ​ထည့်​ရန် တုံ့ပြန်​သူများ​အနက် ၂၂ ရာခိုင်နှုန်း​က​သာ “၂၀၀၀ ပြည့်နှစ်​သည် ကမ္ဘာ​မြေကြီး​အတွက် ဆန်းသစ်​သော​စတင်​မှု​တစ်ခု​ကို ဆောင်ကြဉ်း​ပေး​မည်​ဟု ယုံကြည်​ကြသည်။” အမှန်​မှာ ထက်ဝက်​နီးပါး​က လာ​မည့်​အနှစ် ၅၀ အတွင်း​ကမ္ဘာ​စစ်​ဖြစ်သည့် “ကမ္ဘာ့​ပဋိပက္ခ​နောက်တစ်ခု​ဖြစ်​မည်​ဟု မျှော်လင့်​ကြသည်။” ထောင်စုနှစ်​သစ်​တစ်ခု​သည် ကျွန်ုပ်​တို့၏​ပြဿနာ​များ​ကို​ဖယ်ရှား​၍ အရာခပ်သိမ်း​ကို​အသစ်​မပြု​လုပ်ပေး​နိုင်​ဟု လူအများ​က​ခံယူ​ကြ​ကြောင်း ထင်ရှား​သည်။ ဗြိတိန်​တော်ဝင်​အသင်း​၏ ဥက္ကဋ္ဌ​ဟောင်း​ဖြစ်သူ ဆာ​မိုက်ကယ် အာတီးယား​က ဤသို့​ရေးသားခဲ့​သည်– “ပြောင်းလဲမှု​ခြေလှမ်း​မြန်ဆန်ခြင်း​က . . . နှစ်​ဆယ့်တစ်​ရာစု​သည် ကျွန်ုပ်​တို့၏​ယဉ်ကျေးမှု​တစ်ခုလုံး​အတွက် အရေးပါသော​စိန်ခေါ်ချက်​များ​ကို ဖြစ်ပေါ်​စေပါ​လိမ့်​မည်။ လူဦးရေ​တိုးပွား​လာ​မှု၊ သယံဇာတ​ပစ္စည်း​နည်းပါး​မှု၊ ပတ်ဝန်းကျင်​ညစ်ညမ်းမှု​နှင့် နေရာအနှံ့​ဆင်းရဲ​နွမ်းပါး​မှု​စ​သည့် ပြဿနာ​များ​ကို ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​ကြ​ပြီး အရေးပေါ်​ကိစ္စ​တစ်ခု​အဖြစ် ဖြေရှင်းဖို့​သာ​ရှိသည်။”

၅။ အနာဂတ်​တွင်​အဘယ်​သို့​ဖြစ်​မည်​နှင့်​ပတ်သက်​၍ စိတ်ချ​ရသော​အချက်အလက်​ကို အဘယ်တွင်​ရှာတွေ့နိုင်​သနည်း။

‘လူသည် အနာဂတ်​ကို ကြိုတင်​မသိနိုင်​သောကြောင့် အနာဂတ်​ကို​လျစ်လျူရှု​ထား​လျှင် မကောင်း​ပေ​လော’ ဟု​သင်​တွေးမိ​ပေမည်။ အဖြေ​မှာ “ထိုသို့​မပြု​သင့်!” ဖြစ်သည်။ ရှေ့တွင်​အဘယ်​သို့​ဖြစ်ပျက်​မည်​ကို လူ​တို့​အတိအကျ​ကြို​မပြော​နိုင်​သည်​မှာ​မှန်​သော်လည်း မည်သူမျှ​ကြို​မပြော​နိုင်​ဟု မယူဆ​သင့်​ပါ။ သို့​ဖြစ်​လျှင် အနာဂတ်​ကို အဘယ်သူ​ပြော​နိုင်​သနည်း၊ ယင်း​နှင့်​ပတ်သက်​၍ အဘယ်ကြောင့် အပြုသဘော​ရှိ​သင့်​သနည်း။ ကျေနပ်ဖွယ်​ကောင်းသော​အဖြေ​များ​ကို သတ်သတ်မှတ်မှတ် တင်ကူး​ဟောကြားချက်​လေးခု​တွင် ရှာတွေ့နိုင်​သည်။ ၎င်းတို့သည် လူအများ​ဆုံး​ပိုင်​ဆိုင်၍ ဖတ်ရှု​ကြ​ပြီး အထင်လွဲ​မှား​ခံရ​ဆုံး​နှင့် လျစ်လျူရှု​အခံ​ရ​ဆုံး​စာအုပ်​ဖြစ်သည့် သမ္မာကျမ်းစာ​တွင်​မှတ်တမ်း​တင်ထား​သည်။ ကျမ်းစာ​ကို သင်​မည်သို့​ပင်​ယူဆ​ပါစေ၊ ၎င်းကို​မည်မျှ​ထိ​တိုင်​သိကျွမ်း​ပါစေ ဤ​အခြေခံ​အချက်လေး​ချက်​ကို​သုံးသပ်ကြည့်​ရန် သင့်တော်​ပေ​သည်။ ၎င်း​က အလွန်​တောက်ပ​သော​အနာဂတ်​ကို အမှန်​ကြို​ဟောထား​သည်။ ထို့​ထက်​ကား ဤ​အရေးပါ​လှ​သော​ပရောဖက်ပြုချက်​လေးခု​က သင်​နှင့် သင်​ချစ်​မြတ်နိုးသူ​တို့၏​အနာဂတ်​သည် အဘယ်​သို့​ဖြစ်​နိုင်​ကြောင်း ဖော်ပြ​ပေး​သည်။

၆၊ ၇။ ဟေရှာယ​သည် အဘယ်​အချိန်၌ ပရောဖက်ပြု​ခဲ့​ပြီး သူ၏​တင်ကူး​ဟောကြားချက်​များသည် အံ့ဖွယ်ကောင်း​စွာ မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

ပထမ​ဆုံး​အချက်​ကို ဟေရှာယ​ အခန်းကြီး ၆၅ ၌​တွေ့ရ​သည်။ ယင်းကို​မဖတ်​မီ ဤ​အကြောင်းအရာကို အဘယ်​အချိန်၌​ရေးသားခဲ့​ပြီး အဘယ်​အခြေအနေ​မျိုး​၌​ရေးခဲ့​ကြောင်း​စ​သည့် အနေအထား​ကို​မှတ်သား​လိုက်ပါ။ ဤ​စကား​များ​ကို​ရေးသား​သည့် ဘုရားသခင့်​ပရောဖက်​ဟေရှာယ​သည် ယုဒ​နိုင်ငံ​ဇာတ်သိမ်း​ခန်း​မတိုင်မီ ရာစုနှစ်​တစ်ခု​ကျော်​အချိန်၌ အသက်ရှင်နေ​ထိုင်​ခဲ့​သည်။ ဇာတ်သိမ်း​ခန်း​မှာ သစ္စာမဲ့​ဂျူး​များ​ကို ယေဟောဝါ မကာကွယ်​တော့​ဘဲ ဗာဗုလုန်​လူမျိုး​အား ယေရုရှလင်​မြို့ကို​ဖျက်ဆီး​စေ​၍ မြို့သား​တို့ကို​ပြည်နှင်ဒဏ်​ပေး​ချိန်​၌ ဖြစ်​ခဲ့​သည်။ ဟေရှာယ​ကြိုဟော​ကိန်း​ထုတ်ခဲ့​ပြီး နှစ်ပေါင်း​တစ်​ရာ​ကျော်​ကြာပြီးနောက်​တွင် ထိုသို့​ဖြစ်ပျက်​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁

ထို​ပြည့်စုံချက်​၏ သမိုင်းဝင်​နောက်ခံ​အနေ​နှင့် ဟေရှာယ​သည် ဘုရားသခင့်​လမ်းညွှန်မှုဖြင့် မမွေး​သေး​သော​ပါရှန်း​လူမျိုး​ဖြစ်သူ နောက်ဆုံး​တွင်​ဗာဗုလုန်​ကို​ကျဆုံး​စေ​ခဲ့​သော ကုရု​၏​အမည်​ကို​ပင် ကြိုတင်​ဟောခဲ့​ကြောင်း​ပြန်သတိရ​ပါ။ (ဟေရှာယ ၄၅:၁) ကုရု​သည် ဘီ.စီ.အီး. ၅၃၇ တွင် ဂျူး​များ​ပြည်တော်ပြန်​ကြဖို့ အသင့်ပြင်​ဆင်​ပေး​ခဲ့​သည်။ အံ့ဩစရာ​မှာ ဟေရှာယ အခန်းကြီး ၆၅ တွင်​ကျွန်ုပ်​တို့​ဖတ်​ခဲ့​ရသည့်​အတိုင်း ထို​ပြန်လည်​ထူထောင်​ရေး​ကို ဟေရှာယ​ကြို​ဟောခဲ့​သည်။ ဣသရေလ​လူမျိုး​သည် သူတို့၏​တိုင်းပြည်​သို့​ပြန်ရောက်​သည့်​အခါ ခံစား​နိုင်​မည့်​အခြေအနေ​ကို သူ​အာရုံစိုက်​ဖော်ပြ​ခဲ့​သည်။

၈။ အဘယ်​ပျော်ရွှင်ဖွယ်​အနာဂတ်​ကို ဟေရှာယ​ကြိုပြော​ခဲ့​ပြီး အဘယ်​အသုံးအနှုန်း​က အထူး​စိတ်ဝင်စားဖွယ်​ဖြစ်သနည်း။

ဟေရှာယ ၆၅:၁၇-၁၉ တွင် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ကြည့်ရှု​လော့။ မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်။ အရင်​မိုးကောင်းကင်​နှင့်​မြေကြီးကို​မ​အောက်မေ့​ရ။ နှလုံး​မမှတ်မိ​ရ။ ငါ​ဖန်ဆင်း​လတ္တံ့​သော​အရာ​ကြောင့်၊ သင်တို့သည် အစဉ်အမြဲ​ရွှင်လန်း​ဝမ်းမြောက်​ကြလိမ့်မည်။ ယေရုရှလင်​မြို့ကို​ဝမ်းမြောက်စရာ​အကြောင်း၊ မြို့သား​တို့ကို ရွှင်လန်းစရာ​အကြောင်း​ဖြစ်စေ​ခြင်း​ငှာ ငါ​ဖန်ဆင်း​၏။ ငါသည်​လည်း၊ ယေရုရှလင်​မြို့​ကြောင့်​ဝမ်းမြောက်​မည်။ ငါ​၏​လူ​တို့​ကြောင့်​ရွှင်လန်း​မည်။ ထို​မြို့၌ ငိုကြွေး​သံ​နှင့်​အော်ဟစ်သံ​ကို​နောက်​တစ်ဖန်​မကြား​ရ။” ဂျူး​များ ဗာဗုလုန်​၌​နေထိုင်​စဉ်​ထက် အမှန်တကယ်​ပင် အဆပေါင်း​များစွာ​သာလွန်​ကောင်းမွန်သော အခြေအနေ​များ​ကို ဟေရှာယ​ဖော်ပြ​ခဲ့​သည်။ ပျော်ရွှင်​ဝမ်းမြောက်ခြင်း​အကြောင်းကို သူ​ကြို​ဟောခဲ့​သည်။ ယခု “မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်” ဟူသော​အသုံးအနှုန်း​ကို ကြည့်​ကြ​စို့။ ယင်းသည် သမ္မာကျမ်းစာ​၌ လေး​ကြိမ်​ဖော်ပြ​ထား​သည့်​အနက် ပထမ​အကြိမ်​ဖြစ်​ပြီး ထို​ကျမ်းချက်​လေးချက်​သည် ကျွန်ုပ်​တို့၏​အနာဂတ်​ကို​ကြို​ဟောထား​သည့်​အထိ တိုက်ရိုက်​အကျိုး​သက်ရောက်မှု​ရှိ​နိုင်​ပါ​သည်။

၉။ ဟေရှာယ ၆၅:၁၇-၁၉ ၏​ပြည့်စုံချက်​တွင် ရှေးခေတ်​ဂျူး​များသည် မည်သို့​ပါဝင်​ခဲ့​ကြ​သနည်း။

ဟေရှာယ ၆၅:၁၇-၁၉ ၏​ဦးဆုံး​ပြည့်စုံချက်​သည် ဟေရှာယ​တိကျ​စွာ​ကြို​ဟောခဲ့​သည့်​အတိုင်း စင်ကြယ်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်သော မိမိတို့​ပြည်တော်​သို့​ပြန်သွား​ကြ​သည့် ရှေး​ဂျူး​များနှင့်​ပတ်သက်​သည်။ (ဧဇရ ၁:၁-၄; ၃:၁-၄) မှန်ပါသည်၊ သူတို့သည် စကြဝဠာ​အတွင်းရှိ အခြား​တစ်​နေရာ​ရာ​သို့​မဟုတ်ဘဲ ဤ​ကမ္ဘာ​ဂြိုဟ်​ပေါ်​ရှိ ပြည်တော်​သို့​ပြန်သွား​ကြသည်​ဟု သင်​သဘောပေါက်​ပေ​သည်။ ထိုသို့​သဘောပေါက်ခြင်းက မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ဟု ဟေရှာယ​ပြော​သောအခါ သူ​အဘယ်အရာကို​ဆိုလို​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ရန်​အထောက်အကူ​ရနိုင်​သည်။ နော့စ်​ထ​ရာ​ဒ​မ​ပ်စ် သို့​မဟုတ် အခြား​နိမိတ်​ဖတ်​သူ​လူသားများ​၏ မသေချာ​မရေရာ​သော ပရောဖက်ပြုချက်​များ​ကို အချို့​သူများ​မှန်းဆ​ကြ​သကဲ့သို့ ကျွန်ုပ်​တို့​မှန်းဆ​စ​ရာ​မလိုပါ။ ဟေရှာယ​အဘယ်အရာကို​ဆိုလို​ကြောင်း ကျမ်းစာ​ကိုယ်နှိုက်​က ရှင်းလင်းစွာ​ဖော်ပြ​သည်။

၁၀။ ဟေရှာယ​ကြိုဟော​ထားသော “မြေကြီး” သစ်​ကို မည်သို့​နားလည်​ဖို့​ဖြစ်သနည်း။

၁၀ ကျမ်းစာ​တွင် “မြေကြီး” ဟု​ဆိုတိုင်း ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ကို အစဉ်​မ​ရည်ညွှန်းပါ။ ဥပမာ၊ ဆာလံ ၉၆:၁ က​ဤသို့​အတိအလင်း​ဆို​သည်– ‘မြေကြီး​အပေါင်း​တို့၊ ထာဝရ​ဘုရား​အား​သီချင်းဆို​ကြလော့။’ ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်—ကုန်းမြေ​နှင့်​ကြီးမား​ကျယ်ပြော​သော​သမုဒ္ဒရာ—သည် သီချင်း​မဆို​နိုင်​ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ လူ​တို့​မူ သီချင်းဆို​ကြသည်။ မှန်ပါသည်၊ ဆာလံ ၉၆:၁ က​မြေကြီးပေါ်​ရှိ​လူသား​တို့ကို ရည်ညွှန်း​နေခြင်း​ဖြစ်၏။ * သို့သော် ဟေရှာယ ၆၅:၁၇ က “ကောင်းကင်သစ်” ကိုလည်း​ဖော်ပြ​သည်။ “မြေကြီး” သည် ဂျူး​တို့၏​ပြည်တော်​ရှိ လူ့​အဖွဲ့အစည်း​အသစ်​တစ်ခု​ကို ကိုယ်စား​ပြု​လျှင် “ကောင်းကင်သစ်” ကား​အဘယ်နည်း။

၁၁။ “ကောင်းကင်သစ်” ဟူသော​စကားစု​က အဘယ်အရာကို​ဆိုလို​သနည်း။

၁၁ မက်ကလင်းတော့​နှင့် စထရောင်း​တို့၏ သမ္မာကျမ်း​ဆိုင်ရာ၊ ဘာသာ​တရား​ဆိုင်ရာ​နှင့် ခရစ်ယာန်​သာသနာ​ဆိုင်ရာ စာပေ​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “ပရောဖက်ပြုချက်​ဆိုင်ရာ​အဆင်းအာရုံ မြင်ကွင်း​အကြောင်း​ဖော်ပြ​တိုင်း ကောင်းကင်​သည် . . . အုပ်ချုပ်​သည့်​အာဏာစက်​များ​၏ အစုအစည်း​တစ်ခုလုံး​ကို​ဆိုလို​သည်၊ . . . ပကတိ​ကောင်းကင်​သည် မြေကြီး​တစ်ခုလုံး​ကို လွှမ်း​အုပ်စိုး​မိုး​နေ​သကဲ့သို့ လက်အောက်ခံ​များ​ကို အပေါ်​မှ​စိုးမိုး​အုပ်ချုပ်​သည့်​အတွက်​ဖြစ်သည်။” “ကောင်းကင်​နှင့်​မြေကြီး” ဟူသော​ပေါင်းစပ်​စကားစု​နှင့်​စပ်လျဉ်း၍ ထို​စွယ်စုံ​ကျမ်း​က ‘ပရောဖက်ပြုချက်​ဘာသာ​စကား​တွင် ၎င်း​စကားစု​သည် ကွဲပြား​ခြားနား​သော ရာထူး​အဆင့်အတန်း​ရှိ​သူများ​၏ . . . အခြေအနေ​ကို​ဆိုလို​သည်။ ကောင်းကင်​သည် ပိုင်သ​အုပ်စိုးမှု​ဖြစ်သည်; မြေကြီး​မှာ​မူ မြင့်မြတ်သူ​များ​၏​အုပ်ချုပ်မှု​ကို​ခံရ​သည့် အုပ်ချုပ်​ခံ​လူတန်းစား​ဖြစ်သည်’ ဟု​ရှင်းပြသည်။

၁၂။ ရှေးခေတ်​ဂျူး​များသည် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ကို​မည်သို့​တွေ့ကြုံ​ခဲ့​ရ​ကြ​သနည်း။

၁၂ ဂျူး​တို့သည် ပြည်တော်ပြန်​လာ​ကြ​သည့်​အခါ အစီအစဉ်​စနစ်​အသစ်​တစ်ခု​ဟု​ခေါ်ဆို​နိုင်သော​အရာ​ကို သူတို့​ရရှိခဲ့​ကြသည်။ အုပ်ချုပ်ရေး​အဖွဲ့​အသစ်​တစ်ခု​ရှိသည်။ ဘုရင်​ဒါဝိဒ်​မှ​ဆင်းသက်လာ​သူ ဇေရုဗဗေလ​မှာ ဘုရင်ခံ​ဖြစ်​ပြီး ယောရှု​မူ​ကား ယဇ်ပုရောဟိတ်​မင်းကြီး​ဖြစ်သည်။ (ဟဂ္ဂဲ ၁:၁၊ ၁၂; ၂:၂၁; ဇာခရိ ၆:၁၁) သူတို့က “ကောင်းကင်သစ်” ဖြစ်သည်။ အဘယ်အရာ၏​အထက်​၌​နည်း။ “ကောင်းကင်သစ်” သည် ယေဟောဝါ​အား​ဝတ်ပြု​ရန် ယေရုရှလင်​မြို့​နှင့် ယင်း​၏​ဗိမာန်တော်ကို ပြန်လည်​တည်ဆောက်​ရန် မိမိတို့​ဌာနေ​သို့​ပြန်ရောက်​ရှိနေကြ​သည့် သန့်စင်​ထားသော​လူ့​အဖွဲ့အစည်း “မြေကြီး​သစ်” ၏​အထက်တွင်​ရှိသည်။ ထို့​ကြောင့် ဤ​သဘော​မျိုး​ဖြင့် ထို​စဉ်​က​ဂျူး​များနှင့်​ပတ်သက်​၍ ပြည့်စုံချက်​တွင် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ရှိသည်။

၁၃၊ ၁၄။ (က) “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူသော​စကားစု​ပါ​သည့် အခြား​အဘယ်​ကျမ်းချက်​ကို စဉ်းစား​သင့်​သနည်း။ (ခ) ပေတရု​၏​ပရောဖက်ပြုချက်​သည် ဤ​အချိန်၌ အဘယ်ကြောင့်​အထူး​စိတ်ဝင်စားဖွယ်​ဖြစ်သနည်း။

၁၃ အဓိက​အချက်​ကို မလွတ်​သွားစေရန်​သတိပြုပါ။ ယင်းသည် ကျမ်းစာ​အနက်ကောက်​ဖို့​ကြိုးစား​ခြင်း​မဟုတ်သကဲ့သို့ ရှေးခေတ်​သမိုင်း​ကို လှမ်းကြည့်​လိုက်​ရုံ​မျှ​လည်း​မဟုတ်ပါ။ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူသော​စကားစု​ပါ​သော အခြား​ကျမ်းချက်​တစ်ခု​ကို​ကြည့်​ခြင်း​ဖြင့် သိနိုင်​သည်။ ၎င်းကို ၂ ပေတရု​ အခန်းကြီး ၃ တွင်​တွေ့ရ​မည်​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​အနာဂတ်​နှင့်​ပတ်သက်​သည်ကို တွေ့ရ​ပါ​လိမ့်​မည်။

၁၄ တမန်​တော်​ပေတရု​သည် သူ့​စာစောင်​ကို ဂျူး​များ မိမိတို့​နေရင်းပြည်​သို့​ပြန်​ခဲ့​ပြီး​နောက် အနှစ် ၅၀၀ ကျော်​တွင် ရေးခဲ့​၏။ ယေရှု၏​တမန်​တော်​တစ်ပါး​အနေ​နှင့် ပေတရု​သည် ၂ ပေတရု ၃:၂ တွင်​ဖော်ပြ​ထားသော “သခင်” ခရစ်တော်​၏​နောက်လိုက်​များ​ထံ ရေးသား​နေခြင်း​ဖြစ်၏။ ၂ ပေတရု ၃ အခန်းငယ် ၄ တွင်​ပေတရု​က ပရောဖက်ပြုချက်​ကို ယခု​အချိန်​နှင့် တိုက်ရိုက်​သက်ဆိုင်​စေသည့် ယေရှု၏ ‘ရောက်ရှိခြင်း​ကတိတော်’ ကို​ဖော်ပြ​သည်။ ယေရှုသည် ပထမ​ကမ္ဘာ​စစ်​ကတည်းက ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​ဘုရင်​အဖြစ် တန်ခိုး​အာဏာ​နှင့်​ရောက်ရှိ​နေပြီ​ဖြစ်​ကြောင်း အထောက်အထား​မြောက်မြားစွာ​ရှိသည်။ (ဗျာဒိတ် ၆:၁-၈; ၁၁:၁၅၊ ၁၈) ဤ​အခန်းကြီး​တွင် ပေတရု​ကြို​ဟောခဲ့​သော အခြား​အရာတစ်ခု​ကို​ထောက်၍ ယင်းသည် အထူး​အဓိပ္ပာယ်ဆောင်​၏။

၁၅။ “ကောင်းကင်သစ်” ဆိုင်ရာ ပေတရု​၏​ပရောဖက်ပြုချက်​သည် မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။

၁၅ ၂ ပေတရု ၃:၁၃ ၌​ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ဖြောင့်မတ်ခြင်း​တရား​တည်ရာ မိုးကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ​မျှော်လင့်​ကြ​၏။” ကောင်းကင်ပေါ်​ရောက်ရှိ​နေသော​ယေရှုသည် “ကောင်းကင်သစ်” တွင်​အဓိက​အုပ်ချုပ်သူ​ဖြစ်​ကြောင်း အသင် သိရှိ​ထား​နှင့်​ပြီ​ဖြစ်​မည်။ (လုကာ ၁:၃၂၊ ၃၃) သို့သော် အခြား​ကျမ်းချက်​များ​က ကိုယ်တော်​တစ်ပါး​တည်း​အုပ်စိုး​မည်​မဟုတ်​ကြောင်း ဖော်ပြ​သည်။ တမန်​တော်​များနှင့် သူတို့​ကဲ့သို့​သော​သူ​အချို့​သည် ကောင်းကင်ဘုံ​၌​နေရ​မည်​ဟု ယေရှု​ကတိပေး​ခဲ့​သည်။ သူတို့ကို “ကောင်းကင်ဘုံ​နှင့်​စပ်ဆိုင်​သော ဖိတ်ခေါ်​တော်​မူ​ခြင်း​ကျေးဇူး​ကို​ခံရ​သော​သူ” ဟု​ဟေဗြဲ​ကျမ်း​တွင် တမန်​တော်​ပေါလု​က ဖော်ပြ​သည်။ ထို့​ပြင် ယေရှု​က ၎င်း​အုပ်စု​မှ​သူတို့သည် ကိုယ်တော်​နှင့်အတူ ကောင်းကင်​ပလ္လင်​များ​ပေါ်​ထိုင်​ရ​လိမ့်​မည်​ဟု မိန့်ဆိုခဲ့​၏။ (ဟေဗြဲ ၃:၁; မဿဲ ၁၉:၂၈; လုကာ ၂၂:၂၈-၃၀; ယောဟန် ၁၄:၂၊ ၃) ဆိုလိုသည်မှာ ကောင်းကင်သစ်​တွင်​ပါဝင်သူ​များ​အဖြစ် ယေရှု​နှင့်အတူ အခြား​သူများ​သည် အုပ်စိုး​မည်​ဖြစ်သည်။ သို့​ဖြစ်​လျှင် ပေတရု​သည် “မြေကြီး​သစ်” ဟူသော​စကားစု​ဖြင့် အဘယ်အရာကို​ဆိုလို​သနည်း။

၁၆။ အဘယ် “မြေကြီး​သစ်” တည်ရှိ​ပြီး​ဖြစ်သနည်း။

၁၆ ရှေးခေတ်​ပြည့်စုံချက်—မိမိတို့၏​ပြည်တော်​သို့ ဂျူး​များ​ပြန်လာ​ခြင်း—ကဲ့သို့ ၂ ပေတရု ၃:၁၃ ၏​မျက်မှောက်ခေတ်​ပြည့်စုံချက်​သည် ကောင်းကင်သစ်​၏​အုပ်ချုပ်မှု​ကို လက်အောက်ခံ​သူများ​နှင့်​ပတ်သက်​သည်။ ယနေ့ ၎င်း​အုပ်ချုပ်မှု​ကို ဝမ်းမြောက်​ဝမ်းသာ​လက်အောက်ခံ​ကြ​သူ သန်း​ချီ​၍​တွေ့​နိုင်​သည်။ သူတို့သည် ယင်း​၏​ပညာပေး​အစီအစဉ်​မှ အကျိုး​ခံစား​နေကြ​ပြီး ကျမ်းစာ​၌​တွေ့ရ​သော ယင်း​၏​ပညတ်တော်​များ​ကို လိုက်နာ​ဖို့​ကြိုးစား​ကြသည်။ (ဟေရှာယ ၅၄:၁၃) သူတို့သည် လူမျိုး​အသီးသီး၊ ဘာသာ​စကား​အမျိုးမျိုးနှင့် အမျိုးအနွယ်​ခပ်သိမ်း​ပါဝင်သော ကမ္ဘာချီ​အဖွဲ့အစည်း​ဖြစ်လာ​သည့်​သဘော​မျိုး​ဖြင့် “မြေကြီး​သစ်” ၏​အခြေအမြစ်​ဖြစ်လာ​ကြ​ပြီး နန်းထိုင်​ဘုရင်​ယေရှု​ခရစ်​ကို လက်အောက်ခံ​ကာ အတူတကွ​အမှုထမ်းဆောင်​ကြသည်။ ထူးခြားချက်​မှာ အသင်​လည်း ၎င်း​တွင်​ပါဝင်​နိုင်​ခြင်း​ပင်!—မိက္ခာ ၄:၁-၄

၁၇၊ ၁၈။ အနာဂတ်​ကို​စောင့်မျှော်​ရန် ၂ ပေတရု ၃:၁၃ မှ​စကား​များသည် အဘယ်ကြောင့်​အကြောင်းရင်း​ရှိစေ​သနည်း။

၁၇ အနာဂတ်​ကို​ကျွန်ုပ်​တို့ အသေးစိတ်​ထိုးထွင်း​မသိ​ရသည့်​အတွက် ဤမျှ​ဖြင့် ကိစ္စ​ပြီးဆုံး​သွားပြီ​ဟု မယူမှတ်​ပါ​နှင့်။ အမှန်​မှာ၊ ၂ ပေတရု​ အခန်းကြီး ၃ ၏​ရှေ့နောက်စကား​ကို သင်​ဆန်းစစ်​ကြည့်​ရာ​တွင် ရှေ့၌​အကြီးအကျယ်​ပြောင်းလဲ​မည်​ဟု​ဖော်ပြ​သော တင်ပြချက်​များ​ကို​တွေ့ရ​ပါ​လိမ့်​မည်။ ၂ ပေတရု ၃ အခန်းငယ် ၅ နှင့် ၆ တွင် ပေတရု​သည် ထို​အချိန်​က​ဆိုးသွမ်း​သော​လောကကို အဆုံးတိုင်​စေ​ခဲ့​သည့် နောဧ​ခေတ်​ရေလွှမ်းမိုး​ဘေး​အကြောင်း ရေးသား​ထား​သည်။ ၂ ပေတရု ၃အခန်းငယ် ၇ တွင် ပေတရု​က အုပ်ချုပ်မှု​များနှင့် အုပ်ချုပ်​ခံရ​သူ​လူထု​များ​ပါ​ပါဝင်​သည့် “ယခု​ရှိသော​မိုးကောင်းကင်​နှင့်​မြေကြီး” သည် “တရား​ဆုံး​ဖြတ်၍ အဓမ္မ​လူ​တို့ကို​ဖျက်ဆီး​သော​နေ့ရက်” အတွက် သီးသန့်​ဖယ်​ထား​ခံရ​သည်​ဟု ဖော်ပြ​သည်။ ယင်းက “ကောင်းကင်​နှင့်​မြေကြီး” ဟူသော​စကားစု​သည် ရုပ်ပိုင်းဆိုင်ရာ​စကြဝဠာ​ကို​မဟုတ်ဘဲ လူသားများ​နှင့် သူတို့၏​အုပ်စိုးမှု​များ​ကို ရည်ညွှန်း​ကြောင်း အတည်ပြု​သည်။

၁၈ ထို့နောက် ပေတရု​က ယေဟောဝါ​၏​လာ​လတ္တံ့​သော​နေ့ကြီး​သည် ကြီးစွာ​သော​သန့်စင်မှု​ကို​ဖြစ်စေ​ပြီး ၂ ပေတရု ၃အခန်းငယ် ၁၃ ၌​ဖော်ပြ​ထားသော ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​အတွက် ပြင်ဆင်​ပေး​မည့်​အကြောင်း ရှင်းပြသည်။ ထို​အခန်းငယ်​၏​အဆုံး—“ဖြောင့်မတ်ခြင်း​တရား​တည်ရာ” ပိုင်း​ကို​သတိပြုပါ။ ၎င်း​က သာ၍​ကောင်း​လာဖို့ အကြီးအကျယ်​ပြောင်းလဲမှု​အချို့ ဖြစ်လာ​ရမည်ဟု မဖော်​ပြ​ပေ​လော။ ၎င်း​က အမှန်တကယ်​သစ်လွင်​သော​အရာများ၊ ယခု​အချိန်​ထက် ပို​၍​ပျော်ရွှင်မှု​ရှိ​မည့်​အချိန်​တစ်ချိန်​ရောက်လာ​မည့်​မျှော်လင့်ချက်ကို တင်ပြ​သည်မဟုတ်​ပေ​လော။ ၎င်းကို​သင်​မြင်နိုင်​သည်​ဆိုလျှင် လူ​အနည်းငယ်​သာ​သိရှိသော ကျမ်းစာ​၌​ကြိုတင်​ပြော​ထား​သည့်​အရာ​ကို သင်​ထိုးထွင်း​သိမြင်​နေပြီ။

၁၉။ လာ​မည့် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ကို ဗျာဒိတ်ကျမ်း​က အဘယ်​နောက်ခံ​ဖြင့်​ဖော်ပြ​ထား​သနည်း။

၁၉ သို့သော် ဆက်၍​ကြည့်​ကြ​စို့။ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူသော​စကားစု​ပါ​သည့် ဟေရှာယ​ အခန်းကြီး ၆၅ နှင့် ၂ ပေတရု​ အခန်းကြီး ၃ ကို​ကျွန်ုပ်​တို့​ဆန်းစစ်​ခဲ့​ကြပြီ။ ယခု ကျမ်းစာ​တွင် ၎င်း​အသုံးအနှုန်း​နောက်​တစ်ကြိမ်​ပါ​သည့် ဗျာဒိတ်​ အခန်းကြီး ၂၁ ကို​ဖွင့်ပါ။ တစ်ဖန် နောက်ခံ​အကြောင်းကို​နားလည်​ထားခြင်း​က ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ၎င်း​မတိုင်မီ အခန်းကြီး​နှစ်ခု၊ ဗျာဒိတ်​ အခန်းကြီး ၁၉ တွင် အထိမ်းအမှတ်​သင်္ကေတ​ဖြင့် ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​ထားသော စစ်ပွဲ​တစ်ခု​အကြောင်း​ဖော်ပြ​ထား​သည်ကို တွေ့ရ​သည်—သို့သော် ဆန့်ကျင်ဘက်​နိုင်ငံ​နှစ်ခု​အကြား ဖြစ်သည့်​စစ်​မဟုတ်​ချေ။ စစ်ပွဲ​၏​တစ်ဖက်​တွင်​ပါဝင်သူ​မှာ ‘ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်’ ဖြစ်သည်။ ယင်းကို ယေရှု​ခရစ်​၏​ဘွဲ့​နာမ​အဖြစ် သင်​ကောင်းစွာ​အသိအမှတ်ပြု​လက်ခံ​ပေမည်။ (ယောဟန် ၁:၁၊ ၁၄) ကိုယ်တော်​သည် ကောင်းကင်​၌​ရှိပြီး ဤ​အဆင်းအာရုံ​က ကိုယ်တော်​နှင့်အတူ ကောင်းကင်​တပ်မဟာ​ကို​ဖော်ပြ​သည်။ မည်​သူ့ကို ဆန့်ကျင်​တိုက်ခိုက်​နေခြင်း​ဖြစ်သနည်း။ ထို​အခန်းကြီး​က “ရှင်ဘုရင်” “စစ်သူရဲ” နှင့် ရာထူး​အဆင့်ဆင့်​ရှိ “အကြီး​အငယ်​အမျိုးမျိုးသော​သူ” များ​ကို​ဖော်ပြ​ထား​သည်။ ဤ​တိုက်ပွဲ​သည် ဆိုးသွမ်းမှု​အားလုံး​ကို​ဖျက်ဆီး​မည့် ယေဟောဝါ​၏​လာ​လတ္တံ့​သော​နေ့​နှင့်​ပတ်သက်​နေသည်။ (၂ သက်သာလောနိတ် ၁:၆-၁၀) နောက်​အခန်းကြီး​ဖြစ်သော ဗျာဒိတ် ၂၀ က “ရှေး​မြွေ​ဟောင်း၊ . . . စာတန်” ဖယ်ရှားခံ​ရခြင်း​နှင့် အစပြု​ဖော်ပြ​ထား​သည်။ ယင်းက ဗျာဒိတ်​ အခန်းကြီး ၂၁ ကို​သုံးသပ်ရန် နောက်ခံ​အကြောင်းကို​တင်ပြ​ပေး​သည်။

၂၀။ ရှေ့တွင် အဘယ်​အရေးပါသော​ပြောင်းလဲမှု​ရှိကြောင်း ဗျာဒိတ် ၂၁:၁ က​ဖော်ပြ​သနည်း။

၂၀ တမန်​တော်​ယောဟန်​က စိတ်​လှုပ်ရှား​ဖွယ်​ဤ​စကား​များ​ဖြင့် နိဒါန်း​ပျိုး​သည်– “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်​ကိုလည်း ငါ​မြင်​၏။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ရှေး​ကောင်းကင်​နှင့်​ရှေး​မြေကြီး​သည် ရွေ့သွား​ကြပြီ။” ဟေရှာယ​ အခန်းကြီး ၆၅ နှင့် ၂ ပေတရု​ အခန်းကြီး ၃ မှ​ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရသည့်​အကြောင်း​အပေါ်​အခြေခံ​၍ အသေအချာ​သိနိုင်​သည်​မှာ သမုဒ္ဒရာ​အပါအဝင် ပကတိ​ကောင်းကင်​နှင့် ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ကို အစားထိုး​မည်​ဟု​မဆိုလို​ကြောင်း​ဖြစ်သည်။ ရှေ့အခန်း​ကြီး​များ​တွင် တင်ပြ​ထား​သကဲ့သို့ ဆိုးသွမ်းသူ​များနှင့် မျက်မြင်မရ​အုပ်စိုးသူ စာတန်​အပါအဝင် သူတို့၏​အစိုးရ​များသည် ဖယ်ရှားခံ​ရ​ပါ​လိမ့်​မည်။ မှန်ပါသည်၊ ဤ​တွင်​ကတိပြု​ထား​သည်​မှာ မြေကြီးပေါ်​ရှိ​လူသားများ​နှင့်​ပတ်သက်​သည့် အစီအစဉ်​စနစ်​အသစ်​တစ်ခု​ဖြစ်သည်။

၂၁၊ ၂၂။ ယောဟန်​သည် အဘယ်​ကောင်းချီး​များ​ရမည်ဟု ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​သနည်း၊ မျက်ရည်​သုတ်​ခြင်း​က အဘယ်အရာကို​ဆိုလို​သနည်း။

၂၁ ဤ​အံ့ဖွယ်​ပရောဖက်ပြုချက်​ကို ရှေ့ဆက်​ကြည့်​သောအခါ ယင်းကို​ယုံကြည်​စိတ်ချ​နိုင်​သည်။ ဗျာဒိတ် ၂၁ အခန်းငယ် ၃ အဆုံးပိုင်း​က ဘုရားသခင်​သည် လူ​တို့​နှင့်အတူ​ရှိ၍ မိမိ၏​အလိုတော်ကို​ဆောင်​သူများ​အပေါ် ကိုယ်တော်​အာရုံစိုက်​မည့်​အချိန်​အကြောင်း ပြောပြ​သည်။ (ယေဇကျေလ ၄၃:၇) ဗျာဒိတ် ၂၁ အခန်းငယ် ၄၊ ၅ [သမ္မာ] တွင် ယောဟန်​က​ဤသို့​ဆက်​ပြော​သည်– “ဘုရားသခင် [ယေဟောဝါ] သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း​မရှိ​ရ။ ရှေး​ဖြစ်​ဖူး​သော​အရာများ​သည် ရွေ့သွား​ကြပြီ။ ပလ္လင်​ပေါ်မှာ​ထိုင်​တော်​မူ​သော​သူကလည်း၊ ‘ငါသည် ခပ်သိမ်း​သော​အရာ​ကို​အသစ်​ပြုလုပ်​သည်’ ဟု မိန့်တော်မူ၏။ တစ်ဖန်​တုံ ကိုယ်တော်​က၊ ‘ရေးထား​လော့။ အကြောင်း​မူ​ကား၊ ဤ​စကား​များသည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏’” ဟု​မိန့်တော်မူ၏။ စိတ်ဓာတ်​မြှင့်တင်​ပေး​သည့် ပရောဖက်ပြုချက်​ပါ​တကား!

၂၂ သမ္မာကျမ်းစာ​ကြိုပြော​သည့်​အရာ​ကို ခေတ္တ​ခံစား​ကြည့်​ပါ​လေ။ “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှကို သုတ်​တော်​မူ​မည်။” ယင်းက အာရုံခံလွယ်​လွန်း​သော ကျွန်ုပ်​တို့၏​မျက်စိ​ကို​ဆေးကြော​ပေး​သည့် သာမန်​မျက်ရည်​ကိုလည်း​ကောင်း၊ ဝမ်း​သာ၍​ကျ​သော​မျက်ရည်​ကိုလည်း​ကောင်း ရည်ညွှန်းခြင်း​မဖြစ်​နိုင်​ပါ။ ဘုရားသခင်​သုတ်​တော်​မူ​မည့်​မျက်ရည်များ​မှာ ဆင်းရဲခြင်း၊ ဝမ်းနည်းပူဆွေး​ခြင်း၊ စိတ်ဓာတ်ကျ​ခြင်း၊ နာကျင်ခြင်း​နှင့် ပြင်​ထ​န်း​သော​ဝေဒနာ​ကြောင့် ကျ​သော​မျက်ရည်များ​ဖြစ်သည်။ မည်သို့​သေချာ​နိုင်​သနည်း။ ဘုရားသခင်​၏​ဤ​ထူးခြားသည့်​ကတိတော်​သည် မျက်ရည်​သုတ်​ပေးခြင်း​နှင့် ‘သေခြင်း၊ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်း​မရှိ​ရ’ နှင့်​ဆက်စပ်​ထား​သည်။—ယောဟန် ၁၁:၃၅

၂၃။ ယောဟန်​၏​ပရောဖက်ပြုချက်​က အဘယ်​အခြေအနေ​၏​အဆုံးကို အာမခံ​ထား​သနည်း။

၂၃ ယင်းက ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံး​ရောဂါ​နှင့် သေခြင်း​ပင်​ဖယ်ရှားခံ​ရပြီ​ဟု ဆိုလို​နေခြင်း​မဟုတ်ပေ​လော။ ရောဂါ​တစ်မျိုး​မျိုး၊ မတော်​တ​ဆ​မှု သို့​မဟုတ် ရုတ်တရက်​ကျရောက်​သော​ဘေး​ကြောင့် ချစ်​မြတ်နိုး​ရသူ​တစ်ဦး​ကို မဆုံးရှုံး​ခဲ့​ရ​ဖူး​သူ မည်သူ​ရှိ​သနည်း။ ဤ​တွင် ဘုရားသခင်​က သေခြင်း​ရှိတော့မည်​မဟုတ်​ဟု ကတိပေး​ထား​ရာ ထို​အချိန်၌​မွေးဖွား​ကောင်း​မွေးဖွား​လာ​မည့် ကလေးငယ်​သည် လူကြီး​ဖြစ်လာ​ပြီး​နောက်​မှ ဇ​ရာ​ထောင်း၍ သေခြင်း​၌​အဆုံးသတ်​ရမည့် အလားအလာ​ရှိ​မည်​မဟုတ်​ကြောင်း သိစေ​သည်။ ထို့​ပြင် ဤ​ပရောဖက်ပြုချက်​က မှတ်ဉာဏ်​ချို့ယွင်း​သော​ရောဂါ၊ အရိုး​ပွ​ရောဂါ၊ သား​အိမ်​အကျိတ်​ရောဂါ၊ မျက်တွင်း​ဖိအား​လွန်​ရောဂါ သို့​မဟုတ် အသက်ကြီးသူ​များ​၌​အဖြစ်​များသော အတွင်း​တိမ်​တို့​ပင်​ရှိတော့မည်​မဟုတ်​ဟု​ဆိုလို​သည်။

၂၄။ ‘ကောင်းကင်​နှင့်​မြေကြီး​သစ်’ သည် ကောင်းချီး​တစ်ရပ်​ဖြစ်​ကြောင်း မည်သို့​သက်သေထူ​မည်​နည်း၊ အဘယ်အရာကို ကျွန်ုပ်​တို့​သုံးသပ်ကြ​ဦး​မည်​နည်း။

၂၄ သေခြင်း၊ အိုမင်း​ခြင်း​နှင့် ရောဂါ​များ​ကို​ဖယ်ရှားပစ်​ခြင်း​နှင့်အတူ စိတ်​မ​သာ​ညည်းတွား​ခြင်း​နှင့် အော်ဟစ်​ခြင်း​လျော့နည်း​သွား​မည်​ကို သင်​လုံးဝ​သဘောတူ​ပေမည်။ သို့သော် ဆင်းရဲ​လွန်း​ခြင်း၊ ကလေး​ကို​မတော်မတရား​ပြု​မှု​နှင့် ဘဝ​နောက်ခံ သို့​မဟုတ် အသားအရောင်​ကြောင့် ဖိနှိပ်​ချုပ်ချယ်​ခွဲခြား​ဆက်ဆံမှု​တို့​နှင့်​ပတ်သက်​၍​ကော။ ယနေ့​မြင်တွေ့​နေကျ​ဖြစ်သည့် ဤ​အရာများ​ဆက်​ရှိနေ​သ၍ စိတ်​မ​သာ​ညည်းတွား​ခြင်း​နှင့် အော်ဟစ်​ခြင်း​မှ ကျွန်ုပ်​တို့​ကင်းလွတ်​မည်​မဟုတ်။ ထို့​ကြောင့် “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” အောက်တွင် ဘဝ​အသက်တာသည် ဝမ်းနည်းမှု​ဖြစ်စေ​သော လက်ရှိ​အကြောင်းအရာများ​ရှိတော့မည်​မဟုတ်ပါ။ တကယ့်​ပြောင်းလဲမှု​ကြီး​ပါ​တကား! သို့သော် သမ္မာကျမ်းစာ​၌ “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ဟူသော​စကားစု​ပါ​သည့် လေး​ကြိမ်​အနက် သုံးခု​ကို​သာ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြပြီ။ ကျွန်ုပ်​တို့​စစ်ဆေး​ခဲ့​သည့်​အရာ​နှင့် ဆက်စပ်​၍ ‘အရာခပ်သိမ်း​ကို​အသစ်​ပြုလုပ်’ ဖို့ ဘုရားသခင်​၏​ကတိတော်​ကို ကိုယ်တော်​အဘယ်​အချိန်တွင် အဘယ်​နည်းဖြင့်​ပြည့်စုံ​စေမည်​ကို အဘယ်ကြောင့်​စောင့်မျှော်​စ​ရာ​အကြောင်း​ရှိကြောင်း လေးနက်​စေသော ကျမ်းချက်​တစ်ခု​ရှိသေး​သည်။ နောက်​ဆောင်းပါး​က ထို​ပရောဖက်ပြုချက်​အကြောင်း​ဖြစ်​ပြီး ယင်းသည် ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း​ဖော်ပြ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 အင်္ဂလိပ်​ကျမ်းစာ​သစ်​က ဆာလံ ၉၆:၁ ကို “မြေကြီးသား​အပေါင်း​တို့ သခင်​ဘုရား​အား သီချင်းဆို​ကြလော့” ဟု​ပြန်ဆို​ထား​သည်။ ခေတ်ပြိုင်​အင်္ဂလိပ်​ဘာသာပြန်​ကျမ်း​၌ “ဤ​မြေကြီးပေါ်​တွင်​ရှိသူ​တိုင်း သခင်​ဘုရား​အား ချီးမွမ်း​သီချင်းဆို​ကြလော့” ဟု​ဖတ်​ရမည်။ ယင်းက “မြေကြီး​သစ်” ဟု​ဟေရှာယ​ရည်ညွှန်းရာ​တွင် မိမိတို့၏​ပြည်တော်​သို့​ပြန်ရောက်​နေသော ဘုရားသခင့်​လူမျိုးတော်ကို သူ​ရည်ညွှန်း​နေခြင်း​ဖြစ်သည်​ဟူ​သည့် နားလည်​သဘောပေါက်မှု​နှင့် ကိုက်ညီ​သည်။

သင်​အဘယ်အရာ​မှတ်မိ​သနည်း

• “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ကို​သမ္မာကျမ်းစာ​ကြိုတင်​ဟော​သည့် နေရာ​သုံး​နေရာ​ကား အဘယ်နည်း။

• “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” ၏​ပြည့်စုံချက်​တွင် ရှေးခေတ်​ဂျူး​များသည် မည်သို့​ပါဝင်​ခဲ့​ကြ​သနည်း။

• ပေတရု​ဖော်ပြ​ခဲ့​သည့်​အတိုင်း “ကောင်းကင်သစ်​နှင့်​မြေကြီး​သစ်” နှင့်​ပတ်သက်​၍ အဘယ်​ပြည့်စုံချက်​များ​ရှိ​မည်​ဟု​နားလည်​ရသနည်း။

ဗျာဒိတ်ကျမ်း​ အခန်းကြီး ၂၁ က အဘယ်​တောက်ပ​သော​အနာဂတ်​ကို ညွှန်ပြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါ ကြိုတင်​ဟောခဲ့​သည့်​အတိုင်း ဘီ.စီ.အီး. ၅၃၇ တွင် ဂျူး​များ ပြည်တော်ပြန်​လာ​ကြ​ရန် ကုရု​အကြောင်း​ဖန်​ပေး​ခဲ့