ယေဟောဝါ၏ ခွန်အားတော်၌ နှစ်သိမ့်မှုရယူလော့
ယေဟောဝါ၏ ခွန်အားတော်၌ နှစ်သိမ့်မှုရယူလော့
“အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ဝိညာဉ်သည် ရွှင်လန်းပါ၏။”—ဆာလံ ၉၄:၁၉။
စိတ်သက်သာမှုကို တောင့်တသူအားလုံးအတွက် သမ္မာကျမ်းစာ၌ နှစ်သိမ့်မှုစကားများပါရှိ၏။ သို့ဖြစ်၍ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက “မရေမတွက်နိုင်သောသူတို့သည် အတိဆင်းရဲနှင့် မရေရာမသေချာသောကာလများအတွင်း နှစ်သိမ့်မှု၊ မျှော်လင့်ချက်နှင့် လမ်းညွှန်မှုရရှိဖို့အတွက် သမ္မာကျမ်းစာထံ လှည့်လာခဲ့ကြ၏” ဟုဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ သမ္မာကျမ်းစာကို “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်”၊ “ဆင်းရဲခြင်းအမျိုးမျိုးတို့၌ . . . ငါတို့အားသက်သာစေ” သည့် မေတ္တာရှိသောကျွန်ုပ်တို့၏ဖန်ဆင်းရှင်က မှုတ်သွင်းထားသောကြောင့်ဖြစ်သည်။ (၂ ကောရိန္သု ၁:၃၊ ၄) ကိုယ်တော်သည် ‘သက်သာစေသည့် ဘုရားသခင်ဖြစ်တော်မူ၏။’ (ရောမ ၁၅:၆) ယေဟောဝါသည် ကျွန်ုပ်တို့အားလုံးကို သက်သာခြင်းရရှိစေရန် ပြင်ဆင်ပေးရာ၌ ပုံသက်သေထားတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုမျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးရန် မိမိ၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်ကို မြေကြီးပေါ်သို့ စေလွှတ်တော်မူခဲ့သည်။ ယေရှုက ဤသို့သွန်သင်တော်မူ၏– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီ[လောက]သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) သမ္မာကျမ်းစာက ယေဟောဝါသည် “ငါတို့ဝန်ကို နေ့စဉ်ထမ်းတော်မူသောအရှင်ဘုရား၊ ငါတို့ကို ကယ်တင်” သောဘုရားသခင်ဖြစ်သည်ဟု ဖော်ပြထားသည်။ (ဆာလံ ၆၈:၁၉၊ သမ) ဘုရားသခင်ကိုကြောက်ရွံ့သော လူသားများသည် ယုံကြည်စိတ်ချစွာဖြင့် ဤသို့ပြောဆိုနိုင်သည်– “ငါသည်ထာဝရဘုရားကိုအစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား၊ ငါ့လက်ယာဘက်၌တည်ရှိတော်မူသည်ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ။”—ဆာလံ ၁၆:၈။
ယင်းသို့သောကျမ်းပိုဒ်များသည် ကျွန်ုပ်တို့လူသားများအတွက် ယေဟောဝါဘုရားသခင်ပြသတော်မူသော နက်ရှိုင်းသည့်မေတ္တာကို ဖော်ပြပေး၏။ ကိုယ်တော်သည် ကျွန်ုပ်တို့စိတ်ပူပင်သောကရောက်နေကြစဉ်အတွင်း ကျွန်ုပ်တို့၏နာကျင်မှုကို လျှော့ပေါ့သွားစေရန်နှင့် များစွာသောနှစ်သိမ့်မှုပေးဖို့ ဆန္ဒရှိပြီး ပြုလုပ်ပေးနိုင်စွမ်းလည်း ရှိတော်မူသည်။ “ထိုဘုရား [သခင်] သည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏။” (ဟေရှာယ ၄၀:၂၉) သို့ဖြစ်၍ ယေဟောဝါ၏ခွန်အားတော်၌ နှစ်သိမ့်မှုကို ကျွန်ုပ်တို့မည်သို့ရယူနိုင်မည်နည်း။
ယေဟောဝါ၏စောင့်ရှောက်မှုမှ စိတ်ငြိမ်းချမ်းဖွယ်ရာအကျိုးသက်ရောက်မှု
ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။” (ဆာလံ ၅၅:၂၂) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်သည် လူ့မိသားစုကို စိတ်ဝင်စားတော်မူ၏။ တမန်တော်ပေတရုက ပထမရာစုခရစ်ယာန်များကို ဤသို့စိတ်ချစေခဲ့သည်– “[ဘုရားသခင်သည်] သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” ၏။ (၁ ပေတရု ၅:၇) ယေရှုခရစ်က ဘုရားသခင်သည် လူကိုတန်ဖိုးထားကြောင်း ဤသို့အလေးပေးဖော်ပြခဲ့သည်– “စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့်မကြောက်ကြနှင့်။ သင်တို့သည်စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (လုကာ ၁၂:၆၊ ၇) ဘုရားသခင်သည် ကျွန်ုပ်တို့ကို များစွာတန်ဖိုးထားသောကြောင့် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အသေးနုပ်ဆုံးအသေးစိတ်အချက်ကိုပင် ကိုယ်တော်မှတ်သားထားတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့တစ်ဦးစီကိုစိတ်ဝင်စားတော်မူသောကြောင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင်မသိသောအရာများကို ကိုယ်တော်သိတော်မူ၏။
တစ်ဦးချင်းစီကို ယေဟောဝါစိတ်ဝင်စားကြောင်း ခံစားမိခြင်းက ရှေ့ဆောင်းပါး၌ဖော်ပြထားသည့် ငယ်ရွယ်သောပြည့်တန်ဆာဖြစ်သူ ဆဗက်လာနာအတွက် အလွန်နှစ်သိမ့်မှုဖြစ်စေခဲ့၏။ သူသည် မိမိကိုယ်ကိုသတ်သေမည့်ဆဲဆဲတွင် ယေဟောဝါသက်သေများနှင့် ဆက်သွယ်မှုရရှိခဲ့ခြင်းဖြစ်သည်။ ထိုအခါ သူ၏အကျိုးကို စိတ်ဝင်စားသော တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယေဟောဝါအား သူသိကျွမ်းလာဖို့အကူအညီရစေခဲ့သည့် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ ယင်းက သူ၏စိတ်နှလုံးကိုထိမိ၍ သူ၏ဘဝလမ်းစဉ်ကိုပြောင်းလဲပစ်ဖို့ လှုံ့ဆော်ပေးခံရပြီး ဘုရားသခင်ထံအပ်နှံစေခဲ့သည်။ ထိုအခါ ဆဗက်လာနာသည် ပြဿနာအမျိုးမျိုးကြား၌ အသက်ရှင်ရပ်တည်ရေးအပေါ် အပြုသဘောထားတတ်လာဖို့ သူလိုအပ်သည့် မရှိမဖြစ် ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ် ရရှိလာခဲ့၏။ ယခု သူက “ကျွန်မကို ယေဟောဝါဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးဆိုတာ ကျွန်မယုံတယ်” ဟုပြောပြသည်။ “၁ ပေတရု ၅:၇ မှာရေးထားတာမှန်တယ်ဆိုတာကို ကျွန်မတွေ့ရှိခဲ့ပြီ။ အဲဒီမှာ ဒီလိုပြောတယ်– ‘သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ယေဟောဝါ] ၌ အပ်နှံကြလော့။’”
ကျမ်းစာပေါ်အခြေခံသည့် နှစ်သိမ့်မှုမျှော်လင့်ချက်
ဘုရားသခင်နှစ်သိမ့်မှုပေးသည့် အထူးနည်းလမ်းတစ်ရပ်မှာ အနာဂတ်အတွက် အံ့အားသင့်ဖွယ်ရာမျှော်လင့်ချက်ရှိသည့် ကိုယ်တော်ရေးသားထားသော နှုတ်မြွက်စကားတော်အားဖြင့်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမ . . . ၍ရေးထားသတည်း။” (ရောမ ၁၅:၄) ပေါလု ဤသို့ရေးသားရာ၌ စစ်မှန်သောမျှော်လင့်ချက်နှင့် နှစ်သိမ့်မှုကြား ဆက်နွှယ်ပုံကို ထင်ရှားပေါ်လွင်စေခဲ့သည်– “ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်းအကြောင်းကိုလည်းကောင်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသောမျှော်လင့်ခြင်းအကြောင်းကိုလည်းကောင်း ပေးတော်မူသော ငါတို့အဘတည်းဟူသောဘုရားသခင်နှင့်၊ ငါတို့သခင်ယေရှုခရစ်သည် ကိုယ်တော်တိုင်၊ သင်တို့စိတ်နှလုံးကိုသက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှုအမျိုးမျိုး၌ သင်တို့ကိုမြဲမြံစေတော်မူပါစေသော။” (၂ သက်သာလောနိတ် ၂:၁၆၊ ၁၇) ဤ “ကောင်းသောမျှော်လင့်ခြင်း” တွင် မြေကြီးပရဒိသုပေါ် ပြည့်ဝစုံလင်သောလူ့အ သက်တာဖြင့် ပျော်ရွှင်စွာ အစဉ်အမြဲအသက်ရှင်ရသည့်အလားအလာ ပါဝင်သည်။—၂ ပေတရု ၃:၁၃။
ယင်းသို့သော တောက်ပသေချာသည့်မျှော်လင့်ချက်က ရှေ့ဆောင်းပါးတွင်ဖော်ပြထားသော လေဖြတ်ထားသည့် အရက်သမားတစ်ဦးဖြစ်သူ လိုင်မော်န်နစ်ကို အားပေးမှုဖြစ်စေခဲ့၏။ ယေဟောဝါသက်သေတို့၏ ကျမ်းစာအခြေခံသောစာပေများကို ဖတ်ရှုခြင်းဖြင့် သူ၏ကျန်းမာရေး လုံးဝပြန်ကောင်းလာမည့် ဘုရားသခင့်နိုင်ငံတော်အောက်ရှိ ကမ္ဘာသစ်အကြောင်း သူသိရှိခဲ့ရ၍ ဝမ်းမြောက်ခဲ့သည်။ သမ္မာကျမ်းစာမှ အောက်ဖော်ပြပါ တောက်ပသောကတိတော်၏ အံ့ဖွယ်ကုသမှုအကြောင်း သူဖတ်ရှုခဲ့ရသည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည်သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) ထိုပရဒိသုအသက်တာရဖို့အတွက်အရည်အချင်းပြည့်မီရန် လိုင်မော်န်နစ်သည် သူ၏ဘဝတွင် ပြောင်းလဲမှုအကြီးအကျယ်ပြုလုပ်ခဲ့ရသည်။ အရက်ဖြတ်ပစ်လိုက်ပြီး သူ၏ပြောင်းလဲမှုကို သူ၏အိမ်နီးချင်းများနှင့် အသိမိတ်ဆွေများက သတိမပြုမိဘဲမနေခဲ့ကြချေ။ ယခု သူသည် ကျမ်းစာသင်အံမှုများစွာကို ပြုလုပ်နေပြီး ကျမ်းစာအခြေခံသည့်မျှော်လင့်ချက်မှရသော နှစ်သိမ့်မှုကို အခြားသူတို့အား ဝေမျှလျက်ရှိသည်။
ဆုတောင်းခြင်းအခန်းကဏ္ဍ
အကြောင်းတစ်ခုခုကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးနာကျင်နေသောအခါ ယေဟောဝါထံဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့နှစ်သိမ့်မှုရရှိနိုင်ကြသည်။ ယင်းက ကျွန်ုပ်တို့၏ဝန်ကို ပေါ့စေနိုင်၏။ ကျွန်ုပ်တို့ အပူတပြင်းအသနားခံနေချိန်အတွင်း ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် မိန့်ဆိုထားသောအကြောင်းအရာများကို သတိရခြင်းအားဖြင့် နှစ်သိမ့်မှုရရှိကြပေမည်။ သမ္မာကျမ်းစာ၌ အရှည်ဆုံးဖြစ်သည့် ဆာလံကျမ်းမှအခန်းကြီးတစ်ခုသည် အလွန်တင့်တယ်လှပသော ဆုတောင်းချက်တစ်ခုနှင့်တူ၏။ ရေးစပ်သီကုံးသူက ဤသို့ဆိုသည်– “အိုထာဝရဘုရား၊ ရှေးကာလ၌စီရင်တော်မူချက်တို့ကို အကျွန်ုပ်အောက်မေ့၍၊ ကိုယ်ကိုကိုယ်နှစ်သိမ့်စေပါ၏။” (ဆာလံ ၁၁၉:၅၂) အလွန့်အလွန်ခက်ခဲသောအခြေအနေများ၊ အထူးသဖြင့် ကျန်းမာရေးအကျပ်အတည်းကြုံရသည့်အခါမျိုးတွင် တစ်ခါတည်းနှင့်လုံးလုံး ဖြေရှင်းလိုက်မည့်အဖြေ မရှိသည်ကားများ၏။ ကိုယ့်အစွမ်းနှင့်ကိုယ် မည်သည့်နေရာတွင် အဖြေရှိကြောင်း အတိအကျသိမည်မဟုတ်ပေ။ လူတို့တတ်နိုင်သမျှအရာအားလုံးကိုပြုလုပ်ပြီးနောက် ဆုတောင်းခြင်းဖြင့် ဘုရားသခင့်ထံတော်သို့ လှည့်ခြင်းကား နှစ်သိမ့်မှုများစွာပေးကြောင်း၊ တစ်ခါတစ်ရံ မမျှော်လင့်သောဖြေရှင်းနည်းများရရှိကြောင်း များစွာတွေ့ရှိခဲ့ကြပြီ။—၁ ကောရိန္သု ၁၀:၁၃။
ဆေးရုံအရေးပေါ်အခန်းသို့ အရေးတကြီးရောက်သွားခဲ့ရသော ပက်သည် ဆုတောင်းခြင်းမှ ဤနှစ်သိမ့်မှုအကျိုးအာနိသင်ကို ရရှိခဲ့သည်။ ပြန်ကျန်းမာလာပြီးနောက် သူက ဤသို့ပြောပြခဲ့သည်– “ကျွန်မ ယေဟောဝါဆီဆုတောင်းလိုက်ပြီး ကျွန်မရဲ့အသက်ကို ကိုယ်တော့်လက်ထဲမှာပဲ အပ်ထားဖို့ တကယ်သင်ယူခဲ့ရတယ်၊ ကိုယ်တော့်အလိုတော်အတိုင်းဖြစ်ပါစေလို့ ယုံကြည်ကိုးစားနေတော့တယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မအေးအေးဆေးဆေးပဲ; ဖိလိပ္ပိ ၄:၆၊ ၇ မှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကို ကျွန်မခံစားမိတယ်။” ဤကျမ်းပိုဒ်များသည် ကျွန်ုပ်တို့ကို တကယ့်နှစ်သိမ့်မှု ပေးနိုင်ပါသည်တကား! ထိုတွင်တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။”
နှစ်သိမ့်ပေးသူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်
ကိုယ်တော်မသေမီည၌ ယေရှုသည် မိမိ၏တမန်တော်များနှင့် မကြာမီခွဲခွာသွားရတော့မည့်အကြောင်း အတိအလင်းအသိပေးခဲ့သည်။ ယင်းကြောင့် သူတို့စိတ်ဆင်းရဲ၍ ဝမ်းနည်းကြေကွဲခဲ့ကြ၏။ (ယောဟန် ၁၃:၃၃၊ ၃၆; ၁၄:၂၇-၃၁) သို့ဖြစ်၍ သူတို့နှစ်သိမ့်မှုဆက်လိုအပ်ကြောင်းကို ယေရှုအသိအမှတ်ပြု၍ ဤသို့ကတိပြုတော်မူသည်– “ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် သင်တို့နှင့်အတူ အစဉ်အမြဲရှိ၍ သင်တို့အား မစတော်မူမည့် . . . [သို့မဟုတ် နှစ်သိမ့်ပေးသူ] ကို ပေးတော်မူလိမ့်မည်။” (ယောဟန် ၁၄:၁၆၊ သတ) ဤတွင် ယေရှုသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းနေခြင်းဖြစ်၏။ အခြားအရာများအပြင် ဘုရားသခင့်ဝိညာဉ်တော်သည် တမန်တော်များကို စမ်းသပ်မှုခံရစဉ်ကာလအတွင်း နှစ်သိမ့်မှုပေး၍ ဘုရားသခင့်အလိုတော်ကို ဆက်လက်ထမ်းဆောင်နိုင်ရန် သူတို့ကို ခွန်အားပေးတော်မူသည်။—တမန်တော် ၄:၃၁။
အင်ဂျီ၏ခင်ပွန်းသည် စိုးရိမ်စရာယာဉ်တိုက်မှုတစ်ခုဖြစ်ပြီးနောက် သေလုမတတ်ဖြစ်နေစဉ် သူကြုံနေရသောပူပင်သောကနှင့် စိတ်နာကြင်မှုကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့၏။ သူ့ကို အဘယ်အရာက ကူညီပေးခဲ့သနည်း။ သူဤသို့ပြောပြခဲ့သည်– “ယေဟောဝါရဲ့ သန့်ရှင်းသောဝိညာဉ်တော် အကူအညီမပါဘဲ ကျွန်မတို့ကြုံခဲ့ရတဲ့အခြေအနေကို ခွန်အားရှိရှိ ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ တကယ်တော့ ကျွန်မတို့ရဲ့အားနည်းမှုများကြားမှာ ယေဟောဝါရဲ့ခွန်အားတော်ဟာ ပေါ်လွင်ထင်ရှားခဲ့ပြီး ကျွန်မတို့ပူပင်သောကရောက်ခဲ့ရတဲ့အချိန်အခါမှာ ကိုယ်တော်ဟာ ခံတပ်လိုပါပဲ။”
နှစ်သိမ့်မှုပေးသည့် ညီအစ်ကိုအသင်းအပင်း
လူတစ်ဦးတစ်ယောက်၏ ဘဝအခြေအနေ မည်သို့ပင်ဖြစ်ပါစေ၊ မည်သည့်နာကျင်သော အခြေအနေများပင် ပေါ်ပေါက်ပါလေစေ ယေဟောဝါ၏အသင်းတော်အတွင်းတွင်ရှိသော ညီအစ်ကိုအသင်းအပင်းမှ နှစ်သိမ့်မှုရရှိသင့်၏။ ဤညီအစ်ကိုအသင်းအပင်းက ယင်းနှင့်ဆက်နွှယ်လျက်၂ ကောရိန္သု ၇:၅-၇။
ရှိသော သူတို့ကို ဝိညာဉ်ရေးပံ့ပိုးမှုနှင့် ထောက်မကူညီမှုပေးသည်။ ထိုတွင် ပူပင်သောကရောက်နေချိန်များ၌ အခြားသူတို့ကို တလိုတလားနှစ်သိမ့်ကူညီပေးဖို့ အသင့်ရှိသည့် မေတ္တာအပြည့်ဖြင့် စိုးရိမ်မကင်းဖြစ်ကြသော စိတ်သက်သာစေမည့်မိတ်ဆွေများကို တွေ့ရှိနိုင်ကြမည်။—ခရစ်ယာန်အသင်းတော်သားများသည် “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရန် သွန်သင်ခံရကြသည်။ (ဂလာတိ ၆:၁၀) သူတို့ရရှိထားသော ကျမ်းစာအခြေခံသည့်ပညာက တစ်ဦးကိုတစ်ဦး ညီအစ်ကိုကိုချစ်ခြင်းနှင့် သနားစုံမက်ခြင်းတင်ပြရန် လှုံ့ဆော်ပေး၏။ (ရောမ ၁၂:၁၀; ၁ ပေတရု ၃:၈) အသင်းတော်ရှိ ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများသည် ကျေးဇူးပြုကြရန်၊ နှစ်သိမ့်မှုပေးရန်၊ သနားကြင်နာကြရန် စေ့ဆော်ခံကြရသည်။—ဧဖက် ၄:၃၂။
မိမိတို့၏သားကို ကြေကွဲဖွယ်နည်းဖြင့်ဆုံးရှုံးခဲ့ရသော ဂျိုးနှင့် ရီဗက္ကာတို့သည် ခရစ်ယာန်အသင်းတော်သားများ၏ နှစ်သိမ့်ကူညီပေးမှုကို ခံစားခဲ့ကြသည်။ သူတို့က ဤသို့ပြောပြသည်– “ယေဟောဝါနဲ့ ကိုယ်တော့်မေတ္တာရှိတဲ့အသင်းတော်က ခက်ခဲတဲ့အချိန်တွေကို ကျွန်တော်တို့ကျော်ဖြတ်နိုင်ဖို့ ကူညီပေးခဲ့ကြတယ်။ ရာနဲ့ချီတဲ့ကတ်တွေ၊ စာတွေရရှိပြီး တယ်လီဖုန်းလည်းဆက်ခဲ့ကြတယ်။ ဒါက ကျွန်တော်တို့ရဲ့ညီအစ်ကိုအသင်းအပင်းဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သဘောပေါက်နားလည်စေတယ်။ အဲ့ဒီလိုဝမ်းနည်းကြေကွဲနေချိန်မှာ ဒေသခံအသင်းတော်တွေက ကျွန်တော်တို့အတွက်စားစရာချက်ပြုတ်ပေး၊ အိမ်သန့်ရှင်းရေးလုပ်ပေးတဲ့နည်းတွေနဲ့ လာကူညီပေးခဲ့ကြတယ်။”
နှစ်သိမ့်မှုရယူပါ
ရုတ်တရက် အတိဆင်းရဲဖြစ်မှုလေပြင်းတိုက်ခတ်သောအခါ၊ သနားညှာတာမှုကင်းစွာ ပူပင်သောကဖြစ်မှုမိုးသီးမိုးပေါက်များ အဆက်မပြတ်ကျသောအခါ ဘုရားသခင်သည် နှစ်သိမ့်ကာကွယ်မှုပေးရန် အသင့်ရှိတော်မူ၏။ ဘုရားသခင်အား နှစ်သိမ့်မှုပေးသောခိုကိုးရာအရှင်အဖြစ် ဆာလံကျမ်းတစ်ပိုဒ်က ဤသို့ဖော်ပြထားသည်– “အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာနေရလိမ့်မည်။” (ဆာလံ ၉၁:၄) ဤတွင် လင်းယုန်ငှက်တစ်ကောင်အဖြစ် ပုံဖော်ထားပုံရှိသည်။ အန္တရာယ်အငွေ့အသက်ကို အာရုံခံမိပြီး ကလေးငယ်များအပေါ် မိမိ၏အတောင်ပံကိုဖြန့်၍ ကာကွယ်ပေးသည့် ငှက်တစ်ကောင်ပုံဖြစ်၏။ ထိုထက်သာ၍ကြီးမားသောသဘောမျိုးဖြင့် ယေဟောဝါသည် မိမိ၌ခိုလှုံသူအားလုံး၏ စစ်မှန်သောကာကွယ်ပေးရှင် ဖြစ်လာပေသည်။—ဆာလံ ၇:၁။
သင့်အနေဖြင့် ဘုရားသခင်အကြောင်း၊ ကိုယ်တော်၏ဥပဓိရုပ်တော်၊ ကိုယ်တော်ရည်ရွယ်တော်မူချက်များနှင့် နှစ်သိမ့်မှုပေးနိုင်သော ကိုယ့်တော့်စွမ်းရည်ကို ပိုမိုသိရှိလိုပါက ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို လေ့လာရန် သင့်အားဖိတ်ခေါ်ပါသည်။ ထိုသို့ပြုရန် သင်ကြိုးစားအားထုတ်ရာတွင် ယေဟောဝါသက်သေများသည် သင့်ကိုကူညီပေးရန် အသင့်ရှိပါလိမ့်မည်။ မှန်ပါသည်၊ အသင်လည်း ယေဟောဝါ၏ခွန်အားတော်၌ နှစ်သိမ့်မှုရယူနိုင်သည်တကား!
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အနာဂတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာအခြေခံသည့် မျှော်လင့်ချက်သည် နှစ်သိမ့်မှုပေးနိုင်