မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတစ်ပါးရှေ့ သင့်ကိုယ်သင် ထောက်ခံနေ သလော

သူတစ်ပါးရှေ့ သင့်ကိုယ်သင် ထောက်ခံနေ သလော

သူတစ်ပါး​ရှေ့ သင့်ကိုယ်​သင် ထောက်ခံ​နေ သလော

တခြား​သူတွေ ဘာပဲ​ထင်​ထင် ငါ​ဂရုမစိုက်​ဘူး!’ ဒေါသ​ထွက်ချိန် သို့​မဟုတ် အလိုမကျ​သော​အချိန် အခိုက်အတန့်​တွင် ဤသို့​ရင့်သီး​စွာ သင်​ပြောဆို​မိ​ကောင်း ပြောဆို​မိ​မည်။ သို့သော် ဒေါသ​ပြေ​သွားသော​အခါ စိုးရိမ်​ပူပန်​လာပေမည်။ အဘယ်ကြောင့်​နည်း။ ကျွန်ုပ်​တို့​အများစု​သည် ကျွန်ုပ်​တို့ကို အခြားသူများ မည်သို့​ထင်မြင်​ယူဆ​သည်ကို အမှန်တကယ်​ပင် ဂရုစိုက်​တတ်သော​ကြောင့်​ဖြစ်သည်။

ကျွန်ုပ်​တို့သည် အခြားသူများ​၏​ခံစားချက်​များ​ကို အမှန်ပင်​ဂရုစိုက်​သင့်​သည်။ အထူးသဖြင့် ယေဟောဝါ​ဘုရားသခင်​၏ ခန့်အပ်​ခံ​အမှုဆောင်​များ​ဖြစ်သည့် ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​အပေါ် အခြားသူများ ရှုမြင်ပုံ​နှင့်​ပတ်သက်​၍ လျော်​ကန်​သော​စိုးရိမ်​ပူပန်မှု​ရှိ​ရမည်။ အမှန်ဆိုလျှင်၊ ကျွန်ုပ်​တို့သည် “လော[က]သားများ . . . မျက်မှောက်​၌ ပွဲဝင်​သော​သူများ​ဖြစ်​ကြ​၏။” (၁ ကောရိန္သု ၄:၉) ၂ ကောရိန္သု ၆:၃၊ ၄ (သ​မ) တွင်​တမန်​တော်​ပေါလု​၏ ခြေမြစ်​သော​ဤ​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်– “အမှုတော်​ဆောင်​ရာထူး​၌ အပြစ်တင်​ခွင့်​မရှိစေ​ခြင်း​ငှာ၊ မှောက်မှား​ရန်​အကြောင်းကို​မျှ​မပြု​ဘဲ ဘုရားသခင့်​အမှုတော်​ဆောင်​များ​အဖြစ် အနည်း​နည်း​အားဖြင့် ကိုယ်ကို​ထောက်ခံကြ​သည်။”

သို့သော် သူတစ်ပါး​ရှေ့ ကျွန်ုပ်​တို့​ကိုယ်ကို ထောက်ခံ​ရမည်ဟု​ဆို​ရာ​တွင် အဘယ်အရာကို​ဆိုလို​သနည်း။ ကိုယ့်​ကိုယ်ကို​ချီးမြှောက်​ခြင်း သို့​မဟုတ် ကိုယ့်​ကိုယ်ကို​နှင့် ကိုယ့်​စွမ်းပကား​ကို အရေးပေး​လွန်း​ခြင်း​တို့ကို ဆိုလို​ပါသလော။ မဆိုလို​ပါ။ သို့သော် ၁ ပေတရု ၂:၁၂ ပါ​ဤ​စကား​များ​ကို ကျင့်သုံး​ရန်လို​သည်– “သာသနာ​ပ​လူတို့သည် . . . သင်တို့၏​ကောင်းသော​အကျင့်ကို . . . ထောက်ရှု၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်​အကြောင်း၊ သူတို့ရှေ့​၌ တင့်တယ်​လျောက်ပတ်​စွာ ကျင့်​နေကြ​လော့။” ခရစ်ယာန်​များသည် သူတို့၏​အကျင့်​ကိုယ်နှိုက်​က အဖြေပေး​စေခြင်း​အားဖြင့် ကိုယ့်​ကိုယ်ကို​ထောက်ခံကြ​သည်! နောက်ဆုံး​၌ ယင်းသည် ကျွန်ုပ်​တို့​ကိုယ်ကို​မဟုတ်ဘဲ ဘုရားသခင်​ကို​ချီးမွမ်း​ဖို့​ဖြစ်စေ​သည်။ သို့သော်​ငြား​လည်း သူတစ်ပါး​ရှေ့တွင် ကျွန်ုပ်​တို့​ကိုယ်ကို​ထောက်ခံ​ခြင်း​သည် တစ်ဦးစီ​အပေါ်လည်း အကျိုးကျေးဇူး​ရရှိစေ​ပေမည်။ သင့်အတွက် ဤသို့​အမှန်​ဖြစ်​ကြောင်း​ထင်ရှား​သည့် နယ်ပယ်​သုံးရပ်​ကို ဆန်းစစ်​ကြည့်​ကြ​စို့​လေ။

အိမ်ထောင်ဖက်​လောင်း​တစ်ဦး​အနေ​နှင့်

ဥပမာ၊ အိမ်ထောင်ပြုခြင်း​ကိစ္စ​ကို သုံးသပ်ကြည့်​ပါ။ ယင်းသည် ‘ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသော မိသားစု​အားလုံး . . . ကို​အမည်ပေး​တော်​မူ​သော’ ယေဟောဝါ​ဘုရားသခင်​မှ ဆုလာဘ်​ဖြစ်သည်။ (ဧဖက် ၃:၁၅က​ဘ) သင်သည် တစ်နေ့​နေ့ အိမ်ထောင်ပြု​လို​ပေမည်။ သို့​ဆိုလျှင် အိမ်ထောင်ဖက်​လောင်း​တစ်ဦး​အနေ​နှင့် သင့်ကိုယ်​သင် အဘယ်​အတိုင်းအတာ​အထိ ထောက်ခံ​နေသနည်း။ မှန်သည်၊ တစ်ကိုယ်ရေ​ခရစ်ယာန်​အမျိုးသား သို့​မဟုတ် အမျိုးသမီး​တစ်ဦး​အနေ​နှင့် အဘယ်​နာမည်​ရရှိ​ထား​သနည်း။

အချို့​နိုင်ငံ​များ​တွင် မိသားစု​အများအပြား​သည် ယင်း​ကိစ္စ​ကို လွန်​စွာ​စိတ်ဝင်စား​ကြသည်။ ဥပမာ၊ ဂါနာ​နိုင်ငံ​တွင် လူ​နှစ်ဦး​သည် အိမ်ထောင်ပြု​လို​သောအခါ ထိုသို့​ကြံစည်​ထားသော​မောင်နှံစုံ​သည် သူတို့၏​မိဘများ​ကို အသိပေး​ရသည့်​ဓလေ့​ထုံးစံ​ရှိသည်။ သူတို့က​တစ်ဖန် အခြား​မိသားစုဝင်​များ​ကို အသိပေး​သည်။ ထို့နောက် အမျိုးသား​၏​မိသားစု​သည် အမျိုးသမီး​၏​ဂုဏ်​သိက္ခာ​ကို ပတ်ဝန်းကျင်​တွင် စတင်​စ​နည်း​နာ​ကြသည်။ မိဘများ​က ထို​အမျိုးသမီး​သည် သင့်တော်​ကြောင်း စိတ်ချ​သောအခါ ၎င်း​အမျိုးသမီးကို မိမိတို့၏​သားက လက်ထပ်​ရန် ရည်စူး​ထား​ကြောင်း အမျိုးသမီး​၏​မိသားစုကို အသိပေး​လိမ့်​မည်။ ယခု အမျိုးသမီး​၏​မိသားစု​သည် ထိမ်းမြားခြင်း​ကို​သဘောမတူ​မီ အမျိုးသား​၏​ဂုဏ်​သတင်းကို ဆန်းစစ်​ကြသည်။ ထို့​ကြောင့် “လက်မထပ်မီ သိ​သင့်​သူများကို​မေးပါ” ဟူ​သည့်​ဂါနာ​ရှေး​ထုံး​စကား​တစ်ခု​ရှိသည်။

များသောအားဖြင့် မိမိတို့၏​အိမ်ထောင်ဖက်​ကို ကိုယ်တိုင်​ရွေးချယ်ခွင့်​ရှိသည့် အနောက်​နိုင်ငံ​များနှင့်​ပတ်သက်​၍​ကော။ ထို​နိုင်ငံ​များ​၌​ပင် ရင့်ကျက်သော​ခရစ်ယာန်​အမျိုးသား သို့​မဟုတ် အမျိုးသမီး​တစ်ဦး​သည် မိမိ​လျာထား​သော​အိမ်ထောင်ဖက်​အကြောင်းကို ကောင်းစွာ​သိထား​သည့် မိဘများ သို့​မဟုတ် ရင့်ကျက်သော​မိတ်ဆွေများ​စ​သော​သူများ​ထံ​မှ ပွင့်လင်း​သည့်​ထောက်ခံချက်​ကို ရှာယူ​မည်​ဆိုလျှင် ပညာရှိရာ​ရောက်​သည်။ မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက် စာအုပ်​အရ အမျိုးသမီးငယ်​တစ်ဦး​သည် ဤသို့​မေး​ရမည်– “‘ဒီ​အမျိုးသား​မှာ ဘယ်လို​ဂုဏ်​သတင်း​မျိုး ရှိသလဲ။ သူ့​မိတ်ဆွေ​အပေါင်းအသင်းတွေက ဘယ်သူတွေလဲ။ သူဟာ စိတ်​ကို​ထိန်း​နိုင်​သူ ဖြစ်​သလား။ အသက်ကြီးသူ​တွေ​ကို သူ​ဘယ်လို​ဆက်ဆံ​သလဲ။ ဘယ်လို​မိသားစု​မျိုးရိုး​က ဆင်းသက်လာ​သလဲ။ သူ့​မိသားစုကို သူ​ဘယ်လို​အပြန်အလှန် အကျိုးပြု​သလဲ။ ငွေ​နဲ့​ပတ်သက်ပြီး သူ့​သဘောထား​ဘယ်လို​ရှိသလဲ။ အရက်ယမကာ​ကို အလွဲသုံးစား​ပြု​တတ်​သလား။ စိတ်​ဂနာမငြိမ်​သူ၊ ဒေါသ​ပေါက်ကွဲ​တတ်​သူ​ဖြစ်​သလား။ အသင်းတော်မှာ ဘာ​တာဝန်​တွေ​ထမ်းဆောင်​ရသလဲ။ အဲဒီ​တာဝန်​တွေ​ကို ဘယ်လို​ကိုင်တွယ်​သလဲ။ သူ့ကို ကျွန်မ​နှစ်နှစ်ကာကာ ရိုသေ​လေးစား​နိုင်​မလား။’—ဝတ်ပြုရာ ၁၉:၃၂; သု. ၂၂:၂၉; ၃၁:၂၃; ဧဖက် ၅:၃-၅၊ ၃၃; ၁ တိမောသေ ၅:၈; ၆:၁၀; တိတု ၂:၆၊ ၇။” *

ထို​နည်းတူ အမျိုးသား​တစ်ဦး​သည် မိမိ​လက်ထပ်​ရန် ကြံရွယ်​ထားသော ခရစ်ယာန်​အမျိုးသမီး​အကြောင်းကို စုံစမ်း​လို​ပေမည်။ သမ္မာကျမ်းစာ​အရ ဗောဇ​သည် ရုသ​ကို​အဆိုပါ​စိတ်ဝင်စားမှု​ပြ​ခဲ့​ပြီး​နောက်ပိုင်း သူ့ကို​လက်ထပ်ခဲ့​၏။ “ကျွန်မ​သည် တစ်ပါး​အမျိုးသား​ဖြစ်၍ ကိုယ်တော်​သည် ကျွန်မ​ကို​သိမှတ်​မည်​အကြောင်း၊ အဘယ်​သို့​စိတ်တော်နှင့်​တွေ့ရ​ပါ​သနည်း” ဟု​ရုသ​မေး​သောအခါ ဗောဇ​က “သင် . . . ပြုစု​သမျှ​ကို . . . ငါ့​အား​သေချာ​စွာ​ပြော​ကြပြီ” ဟု​ပြော​ခဲ့​သည်။ (ရုသ ၂:၁၀-၁၂) မှန်ပါသည်၊ ရုသ​သည် သစ္စာစောင့်သိ​သော၊ အနစ်နာခံ​သော၊ အလုပ်​ကြိုးစား​သော အမျိုးသမီး​တစ်ဦး​ဖြစ်​ကြောင်းကို ဗောဇ​ကိုယ်တိုင်​သတိထား​မိ​ခဲ့​ရုံ​မ​က အခြားသူများ​ထံ​မှ ချီးမွမ်း​စကား​များ​ကိုလည်း ကြားသိ​ခဲ့​ရသည်။

ထို့​အတူ သင်သည် သင့်တော်​သော​အိမ်ထောင်ဖက်​တစ်ဦး​ဖြစ်​မဖြစ် အခြားသူများ​က သင့်ကို​ရှုမြင်ပုံသည် သင့်​အမူအကျင့်​အပေါ် မူတည်​ပေမည်။ ဤကိစ္စနှင့်​ပတ်သက်​၍ သူတစ်ပါး​ရှေ့တွင် သင့်ကိုယ်​သင် မည်သို့​ထောက်ခံ​နေသနည်း။

အလုပ်သမား​တစ်ဦး​အနေ​နှင့်

အမူအကျင့်ကောင်း​တင်ပြခြင်း​ဖြင့် သင့်အတွက်​အကျိုးရှိ​စေနိုင်​သည့် နောက်​နယ်ပယ်​တစ်ခု​မှာ အလုပ်ခွင်​ဖြစ်သည်။ အလုပ်​ယှဉ်ပြိုင်​မှုများ​သည် အကြိတ်အနယ်​ဖြစ်လာ​ပေမည်။ နာခံမှု​မရှိ၊ အလုပ်​နောက်ကျ​လေ့​ရှိပြီး မရိုးသား​ဟု နာမည်ကြီး​သော​အလုပ်သမား​များသည် အလုပ်​ထုတ်​ခံ​ရလေ့​ရှိသည်။ ကုမ္ပဏီ​များ​က​လည်း ခြိုးခြံ​ချွေတာ​ရန် ကျွမ်းကျင်​သော​အလုပ်သမား​များ​ကို​ပင် အလုပ်​ထုတ်ပစ်​ပေမည်။ အလုပ်​မရှိသူ​များသည် အလုပ်သစ်​ကို​ရှာ​ကြသောအခါ သူတို့၏​အလုပ်​နှင့်​ပတ်သက်​သည့်​အကျင့်​များ၊ စိတ်ထား​နှင့် ကျွမ်းကျင်​မှု​တို့ကို ယခင်​အလုပ်ရှင်​များ​အား ကုမ္ပဏီ​များ​က​မေးမြန်း​ကြ​ကြောင်း သိရှိ​ကြ​ပေမည်။ ခရစ်ယာန်​များစွာတို့သည် မိမိတို့၏​ရို​ကျိုး​သော​အပြု​အမူ၊ ဣန္ဒြေရှိ​သော​အဝတ်အစား၊ နှစ်သက်ဖွယ်​ကိုယ်​နှုတ်​အမူအရာ​နှင့် ထူးခြားသော​ခရစ်ယာန်​အရည်အသွေးများ​ကြောင့် အလုပ်ရှင်​များ​ရှေ့တွင် သူတို့​ကိုယ်ကို​သူတို့ အောင်မြင်စွာ​ထောက်ခံ​ခဲ့​ကြပြီ။

ထိုသို့​သော​အရည်အသွေးများ​တွင် အလုပ်ရှင်​များစွာက ရိုးသားမှု​ကို အဓိက​ဦးစား​ထား​တတ်ကြ​သည်။ တမန်​တော်​ပေါလု​နည်းတူ ကျွန်ုပ်​တို့သည် “အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ​ကျင့်” လို​ကြသည်။ (ဟေဗြဲ ၁၃:၁၈) ဂါနာ​နိုင်ငံ​မှ သတ္တုတွင်း​ကုမ္ပဏီ​တစ်ခု​တွင် ခိုးဝှက်မှု​ကို တိုင်ကြား​ခဲ့​သည်။ အခြားသူများ​အလုပ်​ဖြုတ်​ခံရ​သော်လည်း သတ္တု​သန့်စင်ရေး​စက်ရုံ​မှ ကြီးကြပ်မှူး​ဖြစ်သော သက်သေခံ​တစ်ဦး​သည် အလုပ်​မ​ပြုတ်​ခဲ့​ပါ။ အဘယ်ကြောင့်​နည်း။ နှစ်များ​တစ်လျှောက် စီမံခန့်ခွဲရေး​အဖွဲ့က သူ၏​ရိုးသားမှု​ကို သတိပြုမိ​ခဲ့​၍​ဖြစ်သည်။ သူ၏​အလုပ်​ကြိုးစား​မှု​နှင့် အခွင့်အာဏာ​ရှိ​သူများ​အား လေးစားမှု​တို့ကို​လည်း လူအများ​သိ​ဖြစ်​ခဲ့​သည်။ မှန်ပါသည်၊ သူ၏​ဖြောင့်မတ်​သော​အမူအကျင့်​က သူ့​အလုပ်ကို​မြဲ​စေ​ခဲ့​သည်!

ခရစ်ယာန်​တစ်ဦး​သည် အလုပ်​ဈေးကွက်​တွင် သူ့ကိုယ်သူ​ထောက်ခံ​နိုင်​သည့် အခြား​အချက်​အချို့​ကား​အဘယ်နည်း။ သင့်ကို​ပေးအပ်​ထားသော မည်သည့်​အလုပ်ကို​မဆို ကျွမ်းကျင်​စွာ​ပြီးစီး​တတ်​ရန် သင်ယူပါ။ (သု. ၂၂:၂၉) လုံ့လ​ဝီရိယ​စိုက်ထုတ်​၍ တာဝန်​သိ​တတ်​စွာ​လုပ်ဆောင်ပါ။ (သု. ၁၀:၄; ၁၃:၄) သင့်​အလုပ်ရှင်​နှင့်​အလုပ်​ကြီးကြပ်မှူး​တို့ကို ရိုသေ​လေးစား​စွာ​ဆက်ဆံ​ပါ။ (ဧဖက် ၆:၅) အချိန်​တိကျခြင်း၊ ရိုးသားခြင်း၊ ကျွမ်းကျင်​ခြင်း​နှင့် အလုပ်​ကြိုးစား​ခြင်း​တို့သည် အလုပ်ရှင်​များ အထင်ကြီး​လေးစား​သော အရည်အသွေးများ​ဖြစ်​ကြ​ပြီး ၎င်း​အရည်အသွေးများ​သည် အလုပ်​ရှားပါး​နေချိန်မှာ​ပင် အလုပ်​ရ​ရန် ထောက်ကူ​ပေး​နိုင်၏။

အသင်းတော်​အခွင့်အရေး​များ

ခရစ်ယာန်​အသင်းတော်တွင် ဦးစီး​ဦးဆောင်​ရန် ရင့်ကျက်သော​အမျိုးသားများ ယခင်​က​ထက် ယခု​သာ၍​လိုအပ်​လျက်​ရှိသည်။ အကြောင်းရင်း​မှာ​အဘယ်နည်း။ “သင်၏​တဲ​ရာ​ကို​ကျယ်​စေ​လော့။ သင်၏​နေရာ​မျက်နှာကြက်​ကို ကြက်​ဦး​လော့” ဟု​ဟေရှာယ​က ပရောဖက်ပြု​ခဲ့​သည်။ (ဟေရှာယ ၅၄:၂) ဤ​ပရောဖက်ပြုချက်​ပြည့်စုံ​သည့်​အနေ​ဖြင့် ယေဟောဝါ​၏​ကမ္ဘာ​အနှံ့အပြား​ရှိ​အသင်းတော်သည် ဆက်၍​တိုးတက်​ကြီးပွား​နေသည်။

ထို့​ကြောင့် သင်သည် ခရစ်ယာန်​အမျိုးသား​တစ်ဦး​ဖြစ်​လျှင် ခန့်အပ်​ခံ​တာဝန်​တစ်ခု​ကို​ထမ်းဆောင်​ရန် အရည်အချင်း​ပြည့်မီ​သူ​အဖြစ် သင့်ကိုယ်​သင် မည်သို့​ထောက်ခံ​နိုင်​သနည်း။ လူငယ်​တိမောသေ​၏​ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။ တိမောသေ​သည် “လုတ္တရ​မြို့၊ ဣကောနိ​မြို့၌​ရှိသော ညီအစ်ကို​တို့​တွင် အသရေရှိသော​သူ​ဖြစ်၏” ဟု​လုကာ​က​ဖော်ပြ​သည်။ မှန်သည်၊ ဤ​လူငယ်​၏​အမူအကျင့်ကောင်း​များ​အားဖြင့် ထို​မြို့​နှစ်မြို့​တွင် သူတစ်ပါး​ရှေ့၌ သူ့ကိုယ်သူ​ထောက်ခံ​ခဲ့​သည်။ ထို့​ကြောင့် ပေါလု​သည် နယ်လှည့်​အမှုဆောင်​လုပ်ငန်း​တွင် သူနှင့်​အတူပါ​ဝင်ရန် တိမောသေ​ကို ဖိတ်ခေါ်​ခဲ့​၏။—တမန်​တော် ၁၆:၁-၄

ယနေ့ အမျိုးသား​တစ်ဦး​သည် ဘုရားသခင့်​ရေးရာ​လမ်းစဉ်တွင် တော်မှန်​စွာ​ဖြင့် ‘သင်း​အုပ်​အရာ​ကို မည်သို့​တောင့်တ’ နိုင်​သနည်း။ ခန့်အပ်​ခံရ​ဖို့ မဲ​ဆွယ်​ခြင်း​အားဖြင့်​မဟုတ်ဘဲ ထို​တာဝန်​များ​ကို​ရရှိဖို့​ရန် ဝိညာဉ်​ရေး​အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​ခြင်း​အားဖြင့်​သာ​ဖြစ်သည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉) သူသည် ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် အစွမ်းကုန်​ပါဝင်ခြင်း​အားဖြင့်လည်း “ကောင်းသော​အမှုအရာ​ကို​တောင့်တ” သူ​ဖြစ်​ကြောင်း​တင်ပြ​နိုင်​သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) တာဝန်​သိတတ်သော​ခရစ်ယာန်​အမျိုးသားများ​အဖြစ် ကိုယ့်ကို​ကိုယ်​ထောက်ခံသူ​များသည် သူတို့၏​ဝိညာဉ်​ရေး​ညီအစ်ကို​များ​၏​အကျိုးကို စိတ်ရင်းမှန်​ဖြင့်​လိုလား​ကြ​မည်။ သူတို့သည် တမန်​တော်​ပေါလု​၏ ဤ​အကြံပေး​ချက်​ကို လိုက်လျှောက်​ကြသည်– “သန့်ရှင်းသူ​တို့သည် ဆင်းရဲသော​အခါ ဝေငှ​ပေးကမ်း​ကြလော့။ အာဂန္တု​တို့အား ဧည့်သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြလော့။” (ရောမ ၁၂:၁၃) ခရစ်ယာန်​အမျိုးသား​တစ်ဦး​သည် ထိုသို့​ပြုလုပ်ခြင်း​အားဖြင့် ‘ဘုရားသခင့်​အမှုဆောင်​အဖြစ် သူ့ကိုယ်သူ အမှန်ပင်​ထောက်ခံ’ နိုင်​သည်။

အခါ​ခပ်သိမ်း​၌

သူတစ်ပါး​ရှေ့ ကိုယ့်​ကိုယ်ကို​ထောက်ခံ​ခြင်း​သည် အရေခြုံ​ဟန်ဆောင်ခြင်း သို့​မဟုတ် “လူ​တို့​အကြိုက်​လိုက်​သူများ” ဖြစ်​ခြင်း​ကို မဆိုလို​ပါ။ (ဧဖက် ၆:၆က​ဘ) နောက်ဆုံး​၌ ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​ယေဟောဝါ​ဘုရားသခင်​၏ ပညတ်​များနှင့်​မူများ​ကို ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် လိုက်လျှောက်ခြင်း​အားဖြင့် ကိုယ်တော်​ရှေ့တွင် ကိုယ့်​ကိုယ်ကို​ထောက်ခံ​ခြင်း​ကို ဆိုလို​ပါ​သည်။ သင့်​ဝိညာဉ်​ရေး​တိုးတက်စေ​ပြီး ယေဟောဝါ​ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး ခိုင်ခံ့​စေမည်​ဆိုပါ​က သင့်​မိသားစု၊ အလုပ်ဖော်​များ၊ ခရစ်ယာန်​ချင်း​များနှင့် သင်၏​ဆက်ဆံပုံ တိုးတက်လာ​ကြောင်းကို အခြားသူများ​သတိပြုမိ​လိမ့်​မည်။ သင်၏​မြဲမြံ​တည်ကြည်မှု​နှင့် ဟန်ချက်ညီ​မှု၊ ကောင်းစွာ​ဝေဖန်​ပိုင်းခြား​နိုင်​မှု၊ တာဝန်​ကျေပွန်​မှု​နှင့် သင့်​နှိမ့်ချမှု​တို့ကို​လည်း သူတို့​သတိပြုမိ​လာ​ပါ​လိမ့်​မည်။ ၎င်း​သည် သူတို့၏​မေတ္တာ​နှင့်​ရိုသေ​လေးစားမှုကို သင့်​အားရ​ရှိစေပြီး ထို့​ထက်​အရေးကြီး​သည်​ကား သူတစ်ပါး​ရှေ့ သင့်ကိုယ်​သင်​ထောက်ခံ​သောကြောင့် ယေဟောဝါ​ဘုရားသခင်​၏ စိတ်တော်နှင့်​တွေ့​စေပါ​လိမ့်​မည်​တကား!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း၊ မြန်မာ​မှ ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မိဘများ​စွာ​တို့သည် သူတို့၏​သား သို့​မဟုတ် သမီး​က လက်ထပ်​ရန် စိတ်ဝင်စားသူ​၏​ဂုဏ်​သတင်းကို ပညာရှိရှိ​စုံစမ်း​မေးမြန်း​တတ်ကြ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ညီအစ်ကို​တစ်ဦး​သည် သူတစ်ပါးကို ထောက်ထား​စာနာ​ခြင်း​အားဖြင့် လုပ်ငန်းတော်​အခွင့်အရေး​များ ရထိုက်​ကြောင်း သူ့ကိုယ်သူ​ထောက်ခံ