မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြမ်းဖက်သူများကို ဘုရားသခင် ရှုမြင်သကဲ့သို့ သင်ရှုမြင်သလော

အကြမ်းဖက်သူများကို ဘုရားသခင် ရှုမြင်သကဲ့သို့ သင်ရှုမြင်သလော

အကြမ်းဖက်​သူများကို ဘုရားသခင် ရှုမြင်​သကဲ့သို့ သင်​ရှုမြင်​သလော

လူတို့သည် ကာယ​ဗလ​နှင့် ရဲစွမ်းသတ္တိ​ရှိသော ခွန်အား​ကြီးမားသူ​များ​ကို အထင်ကြီး​လေးစား​တတ်ကြ​သည်​မှာ ကြာမြင့်​ပေ​ပြီ။ ထိုသို့​သော​သူတို့တွင် ရှေး​ဂရိ​ဒဏ္ဍာရီ​ဆိုင်ရာ​လူစွမ်းကောင်း ဟ​ယ်​ရ​ယ်​က​လီစ္စ သို့​မဟုတ် ရောမတို့​သိ​ကြသော ဟာ​ကြူလီ​သည် တစ်ဦး​အပါအဝင်​ဖြစ်၏။

ဟ​ယ်​ရ​ယ်​က​လီစ္စ​သည် အလွန်​ကျော်ကြား​သော စူပါ​လူစွမ်းကောင်း၊ တိုက်ရည်ခိုက်ရည်​အရှိဆုံး​သူ​ဖြစ်​ခဲ့​သည်။ ဒဏ္ဍာရီ​အရ သူသည် ဂရိ​နတ်​ဘုရား​ဇုသ​နှင့် လူ​သမီး​အဲ့လ်ခ်မီ​နီ​တို့၏​ကလေး​ဖြစ်​ရာ ဘုရားတစ်ပိုင်း​လူတစ်ပိုင်း​ဖြစ်​ခဲ့​သည်။ ပုခက်​တွင်း​အရွယ်​ကတည်းက သူ၏​စွန့်စား​ခန်း​များ​စတင်​ခဲ့​သည်။ မနာလို​သော​နတ်​ဘုရားမ​တစ်ဦး​က သူ့ကို​သတ်​ရန် မြွေကြီး​နှစ်ကောင်ကို စေလွှတ်​သောအခါ ဟ​ယ်​ရ​ယ်​က​လီစ္စ​သည် ယင်း​တို့ကို လည်မျို​ညှစ်​ကာ​သတ်ပစ်ခဲ့​၏။ နောက်ပိုင်း​တွင် သူသည် တိုက်ပွဲ​များ​ဆင်နွှဲ​ခဲ့​ကာ ကြောက်မက်​ဖွယ်​သတ္တဝါ​ကြီး​များ​ကို​နှိမ်နင်း​ခဲ့​ပြီး မိတ်ဆွေ​တစ်ဦး​ကို​ကယ်ဆယ်​ရန် သေ​မင်း​နှင့်​တိုက်ခိုက်​ခဲ့​သည်။ ထို့​ပြင် သူသည် မြို့များ​ကို​ဖျက်ဆီး၊ အမျိုးသမီးများ​ကို ဗလက္ကာရပြု၊ မျှော်စင်​ပေါ်​မှ​ကလေး​တစ်ဦး​ကို​တွန်း​ချ​ခဲ့​ကာ သူ့​ဇနီး​နှင့်​သားသမီး​များ​ကိုလည်း သတ်ပစ်ခဲ့​၏။

ဟ​ယ်​ရ​ယ်​က​လီစ္စ​သည် လူ​စင်စစ်​မဟုတ်သော်လည်း ရှေး​အချိန်​ကတည်းက ဂရိ​တို့​သိရှိ​ခဲ့​ကြ​သည့် ရှေး​တိုင်းပြည်​များ​၏​ဒဏ္ဍာရီ​များ​တွင် သူ့ကို​ရုပ်လုံးဖော်​ထား​သည်။ ရောမတို့​က သူ့ကို ဘုရား​တစ်ဆူ​အဖြစ် ကိုးကွယ်​ခဲ့​ကြသည်; ကုန်သည်​များနှင့်​ခရီးသည်​များ​က ချမ်းသာ​ရန်​နှင့် ဘေးကင်း​ရန် သူ့​ထံ​ဆုတောင်း​ခဲ့​ကြ​၏။ သူ၏​စွန့်စား​ခန်း​များသည် လူ​တို့ကို နှစ်ပေါင်း​ထောင်ချီ​၍​စွဲမက်​စေ​ခဲ့ပြီ။

ဒဏ္ဍာရီ​၏​မူလအစ

ဟ​ယ်​ရ​ယ်​က​လီစ္စ​နှင့် အခြား​ဒဏ္ဍာရီ​ဆိုင်ရာ​လူစွမ်းကောင်း​များ​၏​အကြောင်း​သည် အဖြစ်မှန်​ပေါ် အခြေခံ​သလော။ တစ်နည်း​အားဖြင့် မှန်​ပေမည်။ ကမ္ဘာ​ပေါ်​တွင် “နတ်​ဘုရား​များ” နှင့် “လူတစ်ပိုင်း​ဘုရားတစ်ပိုင်း​များ” ရှိခဲ့​သည့် လူ့​သမိုင်းက​န​ဦး​အချိန်​အကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​ထား​သည်။

မောရှေ​သည် ထို​ခေတ်​ကို ဤသို့​ရေးသား​ဖော်ပြ​၏– “မြေကြီး​မျက်နှာ​ပေါ်မှာ လူတို့သည်​များပြား၍၊ သမီး​များ​ကိုလည်း​ရ​ကြသောအခါ၊ ဘုရားသခင်​၏​သားတို့​သည် လူ​သမီးတို့​လှ​ကြောင်းကို​မြင်​၍၊ ကိုယ်​စိတ်​ရှိသည်​အတိုင်း စုံဖက်​ကြ​၏။”—ကမ္ဘာဦး ၆:၁၊ ၂

ထို “ဘုရားသခင်​၏​သားတို့​သည်” လူသားများ​မဟုတ်​ကြ​ချေ; ဘုရားသခင်​၏​ကောင်းကင်သား​များ​ဖြစ်​ခဲ့​ကြသည်။ (ယောဘ ၁:၆; ၂:၁; ၃၈:၄၊ ၇ နှိုင်းယှဉ်။) ကောင်းကင်တမန်​အချို့​သည် “မိမိ​အခွင့်အရာကို​မ​စောင့်၊ မိမိ​နေရာ​အရပ်​ကို​စွန့်ပစ်” ခဲ့​ကြ​ကြောင်း ကျမ်း​ရေးသူ​ယုဒ​က​ဖော်ပြ​သည်။ (ယုဒ ၆) တစ်နည်း​အားဖြင့် သူတို့သည် မြေကြီးပေါ်​မှ လှပသော​လူ့​သမီး​များနှင့်​နေထိုင်​လို​ကြ​သဖြင့် ဘုရားသခင်​၏​ကောင်းကင်​အဖွဲ့အစည်း​တွင် သူတို့​တာဝန်ကျ​ရာ​နေရာကို စွန့်ခွာ​ခဲ့​ကြသည်။ အဆိုပါ​ပုန်ကန်​သော​ကောင်းကင်တမန်​များသည် “မတရားသော​မေထုန် [ကာ​မဆက်ဆံ​ခြင်း] ကို အလွန်​ပြု​၍၊ ကိုယ်​ခင်ပွန်း​မဟုတ်သော​သူတို့နှင့် မှားယွင်း​ခြင်း​အမှု၌ ကျင်လည်​သော” သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့သား​များနှင့်​တူ​ခဲ့​ကြသည်​ဟု ယုဒ​က​ထပ်ဆင့်​ခဲ့​၏။—ယုဒ ၇

နာခံမှု​မရှိသော ဤ​ကောင်းကင်တမန်​များ​၏ အပြု​အမူ​များ​ကို ကျမ်းစာ​က​အသေးစိတ် မဖော်ပြပါ။ သို့သော် ရှေး​ဂရိ​ဒဏ္ဍာရီ​များနှင့် အခြား​နေရာများ​တွင် မျက်မြင်ရ၊ မျက်မြင်မရ​နည်းဖြင့် လူသား​တို့​အလယ် လှုပ်ရှား​သွားလာ​ခဲ့​သော နတ်​ဘုရား၊ နတ်​ဘုရားမ​များစွာ​တို့၏​ရုပ်ပုံများ​ကို ရေးဆွဲ​ဖော်ပြ​ကြ​၏။ သူတို့သည် လူ့​အသွင်​ကို ယူတင်​ခဲ့​ကြသောအခါ အလွန်​လှပ​ကြသည်။ သူတို့သည် စား​ကြ၊ သောက်​ကြ၊ အိပ်​ကြ​သည့်​အပြင် အချင်းချင်း​နှင့်​လည်းကောင်း၊ လူ​တို့​နှင့်​လည်းကောင်း သံဝါသပြု​ခဲ့​ကြသည်။ သူတို့သည် သန့်ရှင်း​ပြီး မသေ​နိုင်သော​အဖြစ်​၌​တည်ရှိ​၏​ဟု ထင်မှတ်​ရ​ဖွယ်​ရှိသော်လည်း လိမ်လည်​လှည့်ဖြား ရန်လို​တိုက်ခိုက်​၍ သွေးဆောင်​ဖြားယောင်း​ကာ ဗလက္ကာရပြု​ခဲ့​ကြသည်။ ဤသို့​သော​ဒဏ္ဍာရီ​ပုံပြင်​များသည် အလှဆင်​ထားပြီး တလွဲတချော်​ပုံစံ​ဖြစ်သော်လည်း ကမ္ဘာဦးကျမ်း​တွင်​ဖော်ပြ​ထားသော ရေလွှမ်းမိုး​ဘေး​မတိုင်မီ​က တကယ့်​အဖြစ်အပျက်​များ​ကို ထင်ဟပ်​ပေမည်။

ရှေး​ကာလ​မှ​အားကြီး​သူများ၊ ကျော်စော​သူများ

နာခံမှု​မရှိသော လူ့​အသွင်​ယူတင်​သည့် ကောင်းကင်တမန်​များသည် လူ့​သမီး​များနှင့်​သံဝါသပြု​ခဲ့​ကြ​ရာ ထို​လူ့​သမီး​များသည် ကလေး​များ​မွေးဖွား​ခဲ့​သည်။ ဤ​ကလေး​များသည် သာမန်​မဟုတ်​ခဲ့​ကြ​ချေ။ သူတို့သည် လူတစ်ပိုင်း​ကောင်းကင်တမန်​တစ်ပိုင်း​ဖြစ်သော နက်​ဖလင်​များ​ဖြစ်​ခဲ့​ကြ​၏။ ကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “ထို​ကာလ​၌ မြေကြီး​ပေါ်မှာ ကိုယ်​ကြီးမားသော​သူ​အချို့​ရှိကြ​၏။ ထို​နောက်​၌​လည်း ဘုရားသခင်​၏​သားတို့​သည် လူ​သမီးတို့​နှင့်​ဆက်ဆံ​၍​ရသော​သားတို့​သည် အား​ကြီးသော​သူ၊ ရှေး​ကာလ​မှ​စ၍ ကျော်စော​သော​သူ​ဖြစ်​ကြ​၏။”—ကမ္ဘာဦး ၆:၄

“နက်​ဖလင်” ဟူသော ဟေဗြဲ​စကားလုံး​သည် စာသား​အရ ကြမ်းတမ်းသော​လုပ်ရပ်များ​ဖြင့် အခြား​သူများကို လဲ​စေ​သူများ​ဖြစ်သည့် “လဲကျ​စေ​သူများ” ဟူ၍​အဓိပ္ပာယ်​ရှိသည်။ သို့​ဖြစ်၍ ကျမ်းစာ​မှတ်တမ်းက “မြေကြီး​သည် အဓမ္မအမှု [အကြမ်းဖက်မှု] နှင့်​ပြည့်စုံ​လေ​၏” ဟု​ဖြည့်စွက်​ထားခြင်း​သည် အံ့ဩစရာ​မဟုတ်​ချေ။ (ကမ္ဘာဦး ၆:၁၁) ဟ​ယ်​ရ​ယ်​က​လီစ္စ​နှင့် ဗာဗုလုန်​လူစွမ်းကောင်း ဂိ​လ​ဂါ​မက်​ရှ်​စ​သော ဒဏ္ဍာရီ​ဆိုင်ရာ​လူတစ်ပိုင်း​ဘုရားတစ်ပိုင်း​များသည် နက်​ဖလင်​များနှင့်​အလွန်​တူ​ကြသည်။

နက်​ဖလင်​များ​ကို “အား​ကြီးသော​သူများ” နှင့် “ကျော်စော​သော​သူများ” ဟု​ခေါ်​ခဲ့​သည်ကို သတိပြုပါ။ ထို​ခေတ်​အခါ​က အသက်ရှင်​ခဲ့​သည့် ဖြောင့်မတ်​သော​နောဧ​နှင့်​မတူဘဲ နက်​ဖလင်​များသည် ယေဟောဝါ​၏​ကျော်စော​မှု​ကို​မြှင့်တင်​ရန် စိတ်မဝင်စား​ခဲ့​ကြ​ချေ။ သူတို့သည် ကိုယ်​ကိုယ်တိုင်​၏​ကျော်ကြား​မှု၊ ဘုန်း​တန်ခိုး​ကြီး​မှု​နှင့် ဂုဏ်​သတင်း​၌​သာ စိတ်ဝင်စား​ခဲ့​ကြသည်။ အကြမ်းဖက်မှု​နှင့်​သွေးထွက်သံယို​မှု မလွဲဧကန်​ပါ​မည့် အား​ကြီးသော​လုပ်ရပ်များ​ဖြင့် သူတို့​ဝန်းကျင်ရှိ​ဘုရားမဲ့​လောက​မှ သူတို့​တောင့်တ​ခဲ့​သည့် ကျော်ကြား​မှု​ကို​ရရှိခဲ့ကြ​ပေမည်။ သူတို့သည် သူတို့​ခေတ်​အခါ​၏ စူပါ​လူစွမ်းကောင်း​များ​ဖြစ်​ခဲ့​ကြ​ကာ—လူအများ ကြောက်ရွံ့၊ လေးစား​ပြီး မ​နှိမ်နင်း​နိုင်​ပုံ​ဖြစ်​ခဲ့​သည်။

နက်​ဖလင်​များနှင့် သူတို့၏​ယုတ်ညံ့​သော ကောင်းကင်တမန်​ဖခင်​များသည် သူတို့နှင့်​တစ်ခေတ်​တည်း​သားများ​၏​အမြင်​တွင် ထင်ပေါ်​ကျော်ကြား​မည်​ဖြစ်သော်လည်း ဘုရားသခင့်​အမြင်​တွင် မထင်ပေါ်​သည်​မှာ သေချာ​ပါ​သည်။ သူတို့၏​ဘဝ​လမ်းစဉ်သည် စက်ဆုပ်ဖွယ်​ကောင်း​ခဲ့​၏။ ထို့​ကြောင့် ဘုရားသခင်​သည် သူတို့ကို အရေးယူ​ခဲ့​သည်။ “ပြစ်မှား​သော​ကောင်းကင်တမန်​တို့ကို ဘုရားသခင်​သည် နှမြော​တော်​မ​မူ၊ ငရဲ​ထဲ​သို့​ချ​လိုက်ပြီး​မှ စစ်ကြော​စီရင်ခြင်း​အလို​ငှာ​ချုပ်​ထား​၍ မှောင်မိုက်​သံကြိုး​နှင့် ချည်နှောင်​တော်​မူ​၏။ ရှေး​လောကဓာတ်​ကိုလည်း နှမြော​တော်​မ​မူ။ ဖြောင့်မတ်ခြင်း​တရားကို ဟော​သော​နောဧ​နှင့် လူ​ခု​နစ်​ယောက်​တို့ကို စောင့်မ​တော်​မူ​၍ ဘုရား [သခင်] ကို​မကိုးကွယ်​သော လောကီ​သား​အပေါင်း​တို့ကို ရေလွှမ်းမိုး​စေတော်မူ​၏” ဟု​တမန်​တော်​ပေတရု​ရေးခဲ့​သည်။—၂ ပေတရု ၂:၄၊ ၅

ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေး​တွင် ပုန်ကန်​သော​ကောင်းကင်တမန်​များသည် လူ့​ခန္ဓာကိုယ်​ကို​စွန့်​၍ နာမ်ဝိညာဉ်​နယ်ပယ်​သို့ ဂုဏ်ပျက်​လျက်​ပြန်သွား​ခဲ့​ကြသည်။ ဘုရားသခင်​သည် သူတို့ကို အပြစ်ပေး​ခဲ့​ပြီး လူ့​ခန္ဓာကိုယ်​ကို​ပြန်​ယူဆောင်​ခွင့်​မပေး​တော့​ချေ။ နာခံမှု​မရှိသော ကောင်းကင်တမန်​များ​၏​မျိုးဆက်​ဖြစ်သည့် လူ​ထက်​စွမ်း​သော​နက်​ဖလင်​ရှိသမျှသည် သေဆုံး​ခဲ့​သည်။ နောဧ​နှင့်​သူ့​မိသားစု​သာ ရေလွှမ်းမိုး​ဘေး​ကပ်​ကို​ကျော်​ခဲ့​၏။

ယနေ့ ထင်ပေါ်​ကျော်ကြား​သူများ

ယနေ့ နတ်​ဘုရား​များနှင့် ဘုရားတစ်ပိုင်း​လူတစ်ပိုင်း​များ ကမ္ဘာ​ပေါ်​တွင်​မလျှောက်​လှမ်း​ကြ​တော့​ချေ။ သို့သော် အကြမ်းဖက်မှု​များ တိုးပွားလျက်​ရှိ၏။ မျက်မှောက်ခေတ် ထင်ပေါ်​ကျော်ကြား​သူများကို စာအုပ်​များ၊ ရုပ်ရှင်​များ၊ ရုပ်မြင်သံကြား​နှင့် တေးဂီတ​တို့​တွင် အမွှမ်းတင်​လျက်​ရှိသည်။ ထို​သူတို့သည် အခြား​ပါး​တစ်ဖက်​ကို​လှည့်ပေး​ရန်၊ ရန်သူများ​ကို​ချစ်​ရန်၊ ငြိမ်သက်ခြင်း​ကို​ရှာ​ရန်၊ ခွင့်လွှတ်​ရန် သို့​မဟုတ် အကြမ်းဖက်မှု​များ​ကို​ရှောင်ရန် ဝေးလေစွ။ (မဿဲ ၅:၃၉၊ ၄၄; ရောမ ၁၂:၁၇; ဧဖက် ၄:၃၂; ၁ ပေတရု ၃:၁၁) ယင်းအစား၊ ယခု​ခေတ်​ကာယ​ဗလကြီး​သူများ​သည် သူတို့၏​ခွန်အား​နှင့် တိုက်ရည်ခိုက်ရည်၊ လက်စားချေ​နိုင်စွမ်း​နှင့် အကြမ်းဖက်မှုကို ထူးကဲ​သော​အကြမ်းဖက်မှု​ဖြင့် တုံ့ပြန်​နိုင်​သည့်​အတွက် အထင်ကြီး​ခံ​နေကြ​ရသည်။ *

ဤသို့​သော​သူများ​အပေါ် ဘုရားသခင်​၏​ရှုမြင်ပုံသည် နောဧ​ခေတ်​ကတည်းက မပြောင်းလဲ​ခဲ့​ချေ။ ယေဟောဝါ​သည် အကြမ်းဖက်မှု​နှစ်သက်သူ​များ​ကို အထင်မကြီး​သည့်​အပြင် သူတို့၏​စွန့်စား​ခန်း​များ​ဖြင့် ဖျော်ဖြေမှု​ယူ​မည်​မဟုတ်။ “ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူကို စုံစမ်း​တော်​မူ​၏။ မတရားသော​သူနှင့် လုယူ​ဖျက်ဆီး​လို​သော​သူကို ဝိညာဉ်တော်သည် မုန်းတော်မူ​၏” ဟု​ဆာလံဆရာ​သီဆို​ခဲ့​သည်။—ဆာလံ ၁၁:၅

ကွာခြား​သော​ခွန်အား​တစ်မျိုး

အား​ကြီးသော​အကြမ်းဖက်​သူများ​နှင့် လုံးလုံးလျားလျား​မတူဘဲ ငြိမ်းချမ်း​သူ​ယေရှု​ခရစ်​သည် အသက်ရှင်ခဲ့သမျှ​တွင် အကျော်ကြားဆုံး​ဖြစ်သည်။ ကိုယ်တော်​သည် မြေကြီးပေါ်​ရှိ​စဉ် ‘အကြမ်းဖက်မှု​မပြု’ ခဲ့​ချေ။ (ဟေရှာယ ၅၃:၉သမ္မာ) ရန်သူများ​သည် ဂေသရှေမန်​ဥယျာဉ်​တွင် ကိုယ်တော်​အား​လာ​ဖမ်း​ကြသောအခါ တပည့်​နောက်လိုက်​များ​တွင် ဓား​ရှိခဲ့​သည်။ (လုကာ ၂၂:၃၈၊ ၄၇-၅၁) သူတို့သည် ကိုယ်တော့်​အား ဂျူး​တို့​လက်​မှ​ကာကွယ်​ရန် ခုခံ​တိုက်ခိုက်​မည့်​လူအုပ်​ဖွဲ့​နိုင်​ခဲ့​ပေမည်။—ယောဟန် ၁၈:၃၆

အမှန်​မှာ၊ တမန်​တော်​ပေတရု​သည် ယေရှုကို​ကာကွယ်​ရန် ဓား​ဆွဲထုတ်​လိုက်​သော်လည်း ယေရှု​က “သင့်​ဓားကို သူ့​နေရာ၌​ပြန်​ထား​လော့။ ဓားကို​ကိုင်​သော​သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့​ရောက်​ကြလိမ့်မည်” ဟု​သူ့ကို​ပြော​ခဲ့​သည်။ (မဿဲ ၂၆:၅၁၊ ၅၂) မှန်ပါသည်၊ လူ့​သမိုင်းက ထပ်ခါတလဲ​ဖော်ပြ​သည့်​အတိုင်း အကြမ်းဖက်မှု​သည် အကြမ်းဖက်မှုကို​ဖြစ်စေ​တတ်​သည်။ ယေရှုသည် လက်နက်​ဖြင့် မိမိကိုယ်ကို ကာကွယ်​နိုင်​ခွင့်​ရှိသည့်​အပြင် အခြား​ကာကွယ်​နည်း​တစ်ခု​လည်း ရှိခဲ့​သည်။ “ယခု​ပင် ငါ့​အဘ​ကို ငါ​တောင်း​နိုင်​သည်ကို​လည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်​တစ်ဆယ့်​နှစ်​တပ်​မ​က ငါ့​ထံ​သို့​စေလွှတ်​တော်​မူ​သည်ကို​လည်းကောင်း သင်သည် မထင်​သလော” ဟု​ပေတရု​ကို ကိုယ်တော်​ဆက်​ပြော​ခဲ့​သည်။—မဿဲ ၂၆:၅၃

အကြမ်းဖက်မှု​ပြု​မည်၊ သို့​မဟုတ် ကောင်းကင်တမန်​များ​၏​အကာအကွယ်​ကို​ယူ​မည့်​အစား ယေရှုသည် မိမိ​အား​သတ်​လို​သူများ​၏​ဖမ်းဆီးခြင်း​ကို​ခံ​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​တစ်​ကြောင်း​မှာ မြေကြီးပေါ်​မှ​ဆိုးသွမ်းမှု​ဖယ်ရှား​ရန် ကောင်းကင်​ခမည်းတော်​အတွက် အချိန်မတန်​သေး​ကြောင်းကို ကိုယ်တော်​သိ​သောကြောင့်​ဖြစ်သည်။ ယေရှုသည် မိမိ​သဘော​နှင့်​မိမိ ဖြေရှင်း​မည့်​အစား ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​၏။

ယင်းသည် ပျော့ညံ့မှု​မဟုတ်ဘဲ ကြီးမားသော​အတွင်း​ခွန်အား​ဖြစ်သည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​အချိန်တွင် ကိုယ်တော့်​နည်းလမ်း​ဖြင့် အရေးယူ​ဆောင်ရွက်​မည်​ကို အခိုင်အမာ​ယုံကြည်​ကြောင်း ယေရှု​တင်ပြ​ခဲ့​၏။ ယေရှုသည် မိမိ၏​နာခံမှု​ကြောင့် ယေဟောဝါ​ပြီး​လျှင် ဒုတိယ​အဆင့်​သို့ ချီးမြှောက်ခံ​ခဲ့​ရသည်။ တမန်​တော်​ပေါလု​သည် ယေရှု​နှင့်​စပ်လျဉ်း၍ ဤသို့​ရေးခဲ့​သည်– “လက်ဝါးကပ်တိုင်​မှာ​အသေခံ​ခြင်း​တိုင်အောင် အစေ​ကျွန်ခံ​၍ ကိုယ်ကို​ကိုယ်​နှိမ့်ချ​တော်​မူ​၏။ ထို့​ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အလွန်​ချီး​မြှောက်၍ ဘွဲ့​နာမ​တကာ​တို့​ထက် ကြီးမြတ်သော​ဘွဲ့​နာမကို ပေးသနား​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ကောင်းကင်​သတ္တဝါ၊ မြေကြီး​သတ္တဝါ၊ မြေကြီး​အောက်​၌​ရှိသော သတ္တဝါ​တည်း​ဟူသော ခပ်သိမ်း​သော​သတ္တဝါ​တို့သည် ယေရှု၏​ဘွဲ့​နာမတော်​ကို ဒူးထောက်၍ ယေရှု​ခရစ်​သည် သခင်​ဖြစ်​တော်​မူ​၏​ဟု နှုတ်​နှင့်​ဝန်ခံ​သဖြင့် ခမည်းတော်​ဘုရား​၏ ဘုန်း​အသရေတော်​ကို ထင်ရှားစေ​ကြ​မည်​အကြောင်း​တည်း။”—ဖိလိပ္ပိ ၂:၈-၁၁

အကြမ်းဖက်မှု​အဆုံးတိုင်​ရန် ဘုရားသခင့်​ကတိတော်

စစ်မှန်သော​ခရစ်ယာန်​များသည် ယေရှု၏​ပုံသက်သေ​နှင့် သွန်သင်ချက်​များ​အတိုင်း အသက်ရှင်နေ​ထိုင်​ကြသည်။ ဤ​လောက​၏​အကျော်အမော်​များနှင့် အကြမ်းဖက်​သူများကို အထင်မကြီး၊ အတု​လည်း​မယူ​ကြ​ချေ။ ဘုရားသခင့်​အချိန်တန်လျှင် နောဧ​ခေတ်​က ဆိုးသွမ်းသူ​များ​အားပြု​သကဲ့သို့ ထို​သူများကို အမှန်ပင် ထာဝစဉ်​ဖျက်ဆီး​ပစ်​မည်​ကို သူတို့​သိ​ကြသည်။

ဘုရားသခင်​သည် လူ​နှင့်​မြေကြီး​၏ ဖန်ဆင်း​ရှင်​ဖြစ်သည်။ ကိုယ်တော်​သည် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးထိုက်​သော​အရှင်လည်း​ဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) လူသား​တရားသူကြီး​တစ်ဦး​၌ တရား​စီရင်​ရန် တရားဝင်​အခွင့်အာဏာ​ရှိလျှင် ဘုရားသခင်​တွင် ထိုသို့​ပြု​ရန် ပို​၍​ပင်​အခွင့်အာဏာ​ရှိ​ရ​ပေမည်။ ကိုယ်တော်​သည် မိမိ၏​ဖြောင့်မတ်​တော်မှန်​သော​မူများ​ကို ဂ​ရု​မူ​အလေးထား​သည့်​အပြင် မိမိ​အား​ချစ်​မြတ်နိုး​သူများကို ချစ်​မြတ်နိုးခြင်းက ဆိုးသွမ်းမှု​ရှိသမျှ​နှင့် ဆိုးသွမ်းသူ​များ​ကို အဆုံးစီရင်​ဖို့​တိုက်တွန်း​ခံရ​လိမ့်​မည်။—မဿဲ ၁၃:၄၁၊ ၄၂; လုကာ ၁၇:၂၆-၃၀

ယင်းသည် တရား​မျှတခြင်း​နှင့်​ဖြောင့်မတ်ခြင်း​တို့​အပေါ် ခိုင်မာ​စွာ​အခြေပြု​ထား​သည့် ငြိမ်းချမ်းရေး​ဖြစ်သော တည်မြဲ​သည့်​ကမ္ဘာ​မြေကြီးပေါ်​တွင် ငြိမ်းချမ်းရေး​ကို​ဖြစ်ပေါ်​စေမည်​ဖြစ်သည်။ ၎င်းကို ယေရှု​ခရစ်​နှင့်​ပတ်သက်သော လူအများ​သိ​ပရောဖက်ပြုချက်​တွင် ဤသို့​ကြို​ဟောခဲ့​သည်– “ငါ​တို့​အဖို့ သူငယ်​ကို​ဖွားမြင်​၏။ ငါ​တို့အား သားကို​သနားတော်မူ​၏။ ထို​သူသည် အုပ်စိုးခြင်း​အာဏာစက်​ရှိ​လိမ့်​မည်။ နာမတော်​မူ​ကား၊ အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုး​ကြီးသော​ဘုရားသခင်၊ ထာဝရ​အဘ၊ ငြိမ်သက်ခြင်း​အရှင်​ဟု ခေါ်ဝေါ်​သမုတ်ခြင်း​ကို​ခံ​တော်​မူ​လိမ့်​မည်။ ဒါဝိဒ်​မင်း​၏​ရာဇ​ပလ္လင်​ပေါ်မှာ​ထိုင်၍ နိုင်ငံတော်​ကို နောင်​ကာလ​အစဉ်မပြတ် တရားတော်​အတိုင်း​ဖြောင့်မတ်​စွာ​စီရင်၍ အမြဲ​တည်စေ​တော်​မူ​မည်​အကြောင်း၊ အာဏာတော်​တိုးတက်ခြင်း​နှင့်​ငြိမ်သက်​တော်​မူ​ခြင်း​သည် နိစ္စ​အမြဲ​ရှိ​လိမ့်​မည်။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် အလိုတော်​အားကြီး​၍ ထို​အမှုကို ပြီးစီး​စေတော်မူ​လိမ့်​မည်။”—ဟေရှာယ ၉:၆၊ ၇

ခိုင်လုံ​သော​အကြောင်း​ရှိသဖြင့် ခရစ်ယာန်​များသည် ရှေး​အချိန်​က မှုတ်သွင်းခံ​ဤ​ဆုံးမ​စကား​ကို အလေးထား​ကြသည်– “ညှဉ်းဆဲ​တတ်သော​သူ၏​စည်းစိမ်​ကို မတောင့်တ​နှင့်။ သူ​လိုက်​သော​လမ်း​တစ်စုံတစ်ခု​ကို​မျှ အလို​မရှိ​နှင့်။ အကြောင်း​မူ​ကား၊ ထာဝရ​ဘုရား​သည် သဘော​ကောက်​သော​သူတို့ကို စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ဖြောင့်မတ်​သော​သူတို့မူကား၊ ကိုယ်တော်​နှင့်​မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​ရှိကြ​၏။”—သု. ၃:၃၁၊ ၃၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 ဗီဒီယိုက​စား​နည်း​များနှင့် စိတ်ကူးယဉ်​သိပ္ပံ​ဇာတ်လမ်း​များ​မှ အကြမ်းဖက်​ဇာတ်ကောင်​များသည် ဤ​ဆိုးသွမ်း​ကြမ်းတမ်းမှု​များ​ကို ပို​၍​ပြင်းထန်​စွာ​တင်ပြ​လေ့​ရှိသည်။

[စာမျက်နှာ ၂၉ အကျဉ်း​ဖော်ပြချက်]

ယခု​ခေတ် ကာယ​ဗလကြီး​သူများ​သည် သူတို့၏​ခွန်အား​နှင့် အကြမ်းဖက်မှုကို ထူးကဲ​သော​အကြမ်းဖက်မှု​ဖြင့် တုံ့ပြန်​နိုင်​သည့်​အတွက် အထင်ကြီး​ခံ​နေကြ​ရ

[Picture Credit Line on page 26]

Alinari/​Art Resource, NY