ပျော်ရွှင်သောမိသားစုဘဝက အခြားသူများကို ဘုရားသခင်ထံဆွဲဆောင်
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ပျော်ရွှင်သောမိသားစုဘဝက အခြားသူများကို ဘုရားသခင်ထံဆွဲဆောင်
ယောသပ်ကို ကြီးမားသောဉာဏ်ပညာ၊ ပိုင်းခြားသိမြင်ခြင်းနှင့် ယေဟောဝါ ကောင်းချီးပေးခဲ့သည်။ (တမန်တော် ၇:၁၀) ရလဒ်အနေနှင့် ယောသပ်၏ထိုးထွင်းသိမြင်မှုကို “ဖာရောမင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ” ၏။—ကမ္ဘာဦး ၄၁:၃၇။
အလားတူ ယနေ့လည်း ကျမ်းစာလေ့လာရာမှ ထိုးထွင်းသိမြင်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းကို ယေဟောဝါ၏လူမျိုးတော်အား ကိုယ်တော်ရရှိစေသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာအခြေပြုအကြံဉာဏ်ကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ယင်းဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်ခြင်းသည် ကောင်းစွာအသီးသီးစေသည်။ သူတို့၏အမူအကျင့်ကောင်းများကို မကြာခဏ ‘သတိပြုမိသူအပေါင်းတို့သည် နှစ်သက်ခဲ့ကြ’ ကြောင်း ဇင်ဘာဘွေမှ အောက်ပါတွေ့ ကြုံမှုများက ဖော်ပြသည်။
• အမျိုးသမီးတစ်ဦး၏ အိမ်နီးချင်းများမှာ ယေဟောဝါသက်သေများဖြစ်သည်။ သက်သေခံများကို သူမကြိုက်သော်လည်း သူတို့၏အမူအကျင့်၊ အထူးသဖြင့် သူတို့မိသားစုဘဝကို သူသဘောကျသည်။ လင်နှင့်မယားတို့၏ဆက်ဆံမှုသည် အလွန်ကောင်းပြီး သူတို့၏သားသမီးများသည် နာခံမှုရှိကြသည်ကို သူသတိပြုမိသည်။ ခင်ပွန်းဖြစ်သူသည် မိမိဇနီးကိုအလွန်ချစ်ခင်မြတ်နိုးကြောင်း အထူးသတိပြုမိခဲ့သည်။
ခင်ပွန်းဖြစ်သူသည် မိမိဇနီးကိုချစ်လျှင် ဇနီးက သူ့ကို “ယဉ်ကျေးသိမ်မွေ့” စေရန် အဆောင်လက်ဖွဲ့ကို အသုံးပြုရမည်ဟု အာဖရိကယဉ်ကျေးမှုအချို့တွင် အများလက်ခံသည့်အယူရှိသည်။ ထို့ကြောင့် သက်သေခံဇနီးထံ ထိုအမျိုးသမီးချဉ်းကပ်ပြီး– “ရှင့်ယောက်ျား ရှင့်ကိုချစ်သလို ကျွန်မယောက်ျား ကျွန်မကိုချစ်မြတ်နိုးလာရအောင် ရှင်သုံးတဲ့အဆောင်ကိုပေးပါလား” ဟုတောင်းဆိုခဲ့သည်။ “ကောင်းပြီ၊ မနက်ဖြန်နေ့လယ်ကျရင် ရှင့်အတွက်ကျွန်မယူလာပေးမယ်” ဟုသက်သေခံညီအစ်မက ပြန်ဖြေသည်။
နောက်တစ်နေ့တွင် ညီအစ်မသည် သူ၏ “အဆောင်လက်ဖွဲ့” နှင့်အိမ်နီးချင်းထံသွားခဲ့သည်။ ယင်းကား အဘယ်နည်း။ ထာဝရအသက်ရစေသောအသိပညာစာအုပ်နှင့် သမ္မာကျမ်းစာဖြစ်သည်။ အသိပညာစာအုပ်မှ “ဘုရားသခင်အားဂုဏ်တင်သည့် မိသားစုတစ်စုအဖြစ်တည်ဆောက်ခြင်း” အကြောင်းကိုဆင်ခြင်သုံးသပ်ပြီးနောက် ထိုအမျိုးသမီးအား ဤသို့ပြောလိုက်သည်– “ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ ‘ယဉ်ကျေးသိမ်မွေ့’ ကြဖို့အသုံးပြုတဲ့ ‘အဆောင်’ ဟာဒါပါပဲ၊ ဒါကြောင့်လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ။” ကျမ်းစာသင်အံမှုကိုစတင်လိုက်ပြီး ထိုအမျိုးသမီးသည် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းတင်ပြသည်အထိ လျင်မြန်စွာတိုးတက်ခဲ့သည်။
• ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်နိုင်ငံ၏ အရှေ့မြောက်ဘက်နယ်စပ်အနီးရှိ အသင်းတော်ငယ်တစ်ခုတွင်တာဝန်ကျသော အထူးရှေ့ဆောင်ညီအစ်ကိုနှစ်ဦးသည် တစ်အိမ်မှတစ်အိမ် အမှုဆောင်ခြင်းလုပ်ငန်းကို နှစ်ပတ်တိုင်မလုပ်ဆောင်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ သူတို့၏သတင်းတရားကိုနားထောင်ရန် လူအများသူတို့ထံရောက်လာခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုသို့ မည်သို့ဖြစ်ပေါ်လာသည်ကို ရှေ့ဆောင်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “စိတ်ဝင်စားသူတစ်ဦးနဲ့ ပတ်စဉ်အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပဖို့ ကျွန်တော်တို့ ကိုးမိုင်ခရီးကိုသွားခဲ့ကြတယ်။ အဲဒီနေရာကိုရောက်ဖို့ မလွယ်ကူခဲ့ပါဘူး။ ရွှံ့ထဲဆင်းလျှောက်ရပြီး လည်ပင်းအထိ ရေကြီးနေတဲ့မြစ်တွေကို ဖြတ်သွားခဲ့ရတယ်။ အဲဒီလိုဖြတ်ဖို့ ကျွန်တော်တို့ရဲ့အဝတ်အစားတွေနဲ့ ရှူးဖိနပ်တွေကို ခေါင်းပေါ်မှာတင်၊ မြစ်ကိုဖြတ်ကူးပြီး တစ်ဖက်ကမ်းကိုရောက်တဲ့အခါ အဝတ်အစားပြန်ဝတ်ကြရတယ်။
“စိတ်ဝင်စားသူရဲ့အိမ်နီးချင်းတွေဟာ ကျွန်တော်တို့ရဲ့ ဇွဲကိုအတော်စွဲမှတ်သွားကြတယ်။ သတိပြုမိသူတွေထဲကတစ်ယောက်ကတော့ ဒေသခံဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တယ်။ သူက သူ့အသင်းသားတွေကို– ‘ဒီယေဟောဝါသက်သေလူငယ်နှစ်ယောက်လို ဇွဲမရှိချင်ကြဘူးလား။’ နောက်တစ်နေ့မှာ သူ့ရဲ့အသင်းသားတွေ ကျွန်တော်တို့ဆီရောက်လာပြီး ကျွန်တော်တို့ဘာကြောင့် ဒီလောက်ဇွဲရှိတာလဲလို့မေးကြတယ်။ ဒီအပြင် နောက်နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့ ချက်ပြုတ်စားဖို့အချိန်မရှိတဲ့အထိ ဧည့်သည်တွေလာခဲ့ကြတယ်။
ထိုနှစ်ပတ်တာအတွင်း ရှေ့ဆောင်များ၏အိမ်သို့လည်ပတ်ခဲ့သူများထဲမှတစ်ဦးမှာ ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုကို သူလက်ခံလိုက်သောအခါ ရှေ့ဆောင်များ မည်မျှပျော်ရွှင်ခဲ့သည်ကို စဉ်းစားကြည့်ပါ!