မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ရေးရာသွန်သင်ချက်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း

ဘုရားသခင့်ရေးရာသွန်သင်ချက်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း

ဘုရားသခင့်​ရေးရာ​သွန်သင်ချက်​ကို ခိုင်မြဲ​စွာ​စွဲကိုင်​ခြင်း

“ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။”—သု. ၃:၅၊ ၆

၁။ ကျွန်ုပ်​တို့သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် လူ့​အသိပညာ​ထုတ်ဖော်​မှု​နှင့် မည်သို့​ရင်ဆိုင်​ကြ​ရသနည်း။

လက်ရှိ​အချိန်၌ ကမ္ဘာ​တစ်ဝန်း​တွင် နေ့စဉ်​သတင်းစာ​ပေါင်း ၉,၀၀၀ ခန့်​ကို ဖြန့်ချိ​လျက်​ရှိ၏။ အမေရိကန်​တစ်နိုင်ငံ​တည်း​၌ နှစ်စဉ် စာအုပ်​အသစ်​ပေါင်း ၂၀၀,၀၀၀ ခန့်​ကို ထုတ်ဝေ​ကြသည်။ ခန့်မှန်းချက်​တစ်ခု​အရ ၁၉၉၈ မတ်​လ​အထိ အင်တာနက်​ပေါ်​၌ ဝက်​ဘ်​စာမျက်နှာ​ပေါင်း ၂၇၅ သန်း​ခန့်​ရှိခဲ့​ပြီ​ဟူ၍​သိရ​သည်။ ဤ​အရေအတွက်​သည် တစ်လ​လျှင်​စာရွက်​ပေါင်း သန်း ၂၀ နှုန်း​ဖြင့် တိုးလာ​ကြောင်း​သိရ​သည်။ တစ်ခါ​နှင့်​မျှ​မတူ​အောင် လူတို့သည် မည်သည့်​အကြောင်းအရာ​မဆို​နှင့်​ပတ်သက်​၍ သတင်း​အချက်အလက်​များ​ရရှိနိုင်​ကြသည်။ ဤ​အခြေအနေ​သည် အပြုသဘော​ပါ​သော​အသွင်​များ​ရှိ​စဉ် ယင်း​သို့​သော​သတင်း​အချက်အလက် အမြောက်အမြား​က ပြဿနာ​များ​ဖြစ်ပေါ်​စေ​ခဲ့ပြီ။

၂။ သတင်း​အချက်အလက်​အလွန်​မြောက်မြားစွာ​ရရှိ​ခြင်း​မှ အဘယ်​ပြဿနာ​များ ပေါ်​နိုင်​သနည်း။

လူ​အချို့​သည် သတင်း​အချက်အလက်​လိုက်စားသူ​များ​ဖြစ်လာ​ကြ​ပြီး သာ၍​အရေးပါ​ရာ​များ​ကို လျစ်လျူရှု​ထား​ကြ​ကာ သူတို့၏​မရောင့်ရဲ​နိုင်သော​ဆန္ဒ​ကို နောက်ဆုံး​သတင်း​ဖြင့်​အမြဲတစေ​ဖြည့်ပေး​လေ့​ရှိကြ​၏။ အခြားသူ​တို့​မှာ​မူ နားလည်​ရ​ခက်​သော​ပညာရပ်​များနှင့်​ပတ်သက်​၍ အချက်အလက်​အချို့​တစ်ဝက်​ကို ဆည်းပူး​ထား​ကြ​ပြီး​နောက် မိမိတို့​ကိုယ်ကို ပညာရှင်​ကြီး​များ​အဖြစ် ရှုမြင်​တတ်ကြ​သည်။ ဤ​သူတို့သည် နားလည်မှု​အနည်း​အကျဉ်း​အပေါ်​အခြေခံ​၍ မိမိ​ကိုယ်တိုင်​ကို​ဖြစ်စေ၊ အခြား​သူတို့ကို​ဖြစ်စေ ဘေးသင့်​စေနိုင်​သည့် အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ချ​ပေမည်။ ထို့​အပြင် မှားယွင်းသော၊ သို့​မဟုတ် တိကျမှု​မရှိသော​သတင်း​အချက်အလက်​၏​အန္တရာယ် အမြဲ​ပင်​ရှိသည်။ ပျံ့နှံ့​နေသော သတင်း​အချက်အလက်​များ​မှာ တိကျမှု​နှင့် မျှတမှု​ရှိမရှိ​စစ်ဆေး​ရန် ယုံကြည်​စိတ်ချ​လောက်​သည့်​နည်းလမ်း မရှိ​တတ်​ချေ။

၃။ လူ့​ပညာ​ကို​ဆည်းပူးခြင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​၌ အဘယ်​သတိပေး​ချက်​များ​ရှိ​သနည်း။

စူးစမ်း​လို​စိတ်​မှာ လူ့​ဗီဇ​ဖြစ်​ခဲ့​သည်​ကား ကြာမြင့်​ပေ​ပြီ။ အသုံးမဝင် ဘေး​ပင်​ပြု​သည့်​သတင်း​အချက်အလက်​များ​ကို လိုက်စားခြင်း​၌ အချိန်​များစွာ​ဖြုန်း​ခြင်း​၏​အန္တရာယ်ကို ရှောလမုန်​ဘုရင်​ခေတ်​ကတည်းက အသိအမှတ်ပြု​ခဲ့​သည်။ သူက ဤသို့​ပြော​ခဲ့​သည်– “ထိုသို့​သော​စကား​အားဖြင့် ဆုံးမခြင်း​ကို​ခံ​လော့။ စာ​များ​ကို​စီရင်၍​မကုန်နိုင်။ စာ​ကို​ကြိုး​စား၍​ကြည့်ရှု​ခြင်း​အမှုသည်၊ ကိုယ်ကို​နှောင့်ယှက်​သော​အမှု​ဖြစ်၏။” (ဒေ. ၁၂:၁၂) ရာစုနှစ်များစွာ​ကြာပြီးနောက် တမန်​တော်​ပေါလု​က တိမောသေ​ထံ ဤသို့​ရေးသားခဲ့​သည်– “သင်၌​အပ်​ထားသော​အရာ​ကို​စောင့်ရှောက်​လော့။ တရား​မဲ့​ဖြစ်သော အချည်းနှီး​စကားပြော​ခြင်း​ကိုလည်း​ကောင်း၊ ‘သိပ္ပံ​အတတ်’ ဟူ၍​အ​လွဲ​ခေါ်ဝေါ်​သော သိပ္ပံ​အတတ်​ဆီးတား​နှောင့်ယှက်ခြင်း​ကိုလည်း​ကောင်း ရှောင်​လော့။ ထို​သိပ္ပံ​အတတ်ကို လူ​အချို့​တို့သည် ဝန်ခံ​ပြုစု​သော​အားဖြင့်၊ ယုံကြည်ခြင်း​တရားလမ်း​မှ​လွဲ​ကြပြီ။” (၁ တိမောသေ ၆:၂၀၊ ၂၁) မှန်ပါသည်၊ ယနေ့ ခရစ်ယာန်​တို့သည် ဘေးသင့်​စေသည့်​ထင်မြင်​ယူဆချက်များ​ကို မလိုအပ်ဘဲ​ဆည်းပူးခြင်း​ကို ရှောင်ရန်​လို​သည်။

၄။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချကြောင်း ထင်ရှားပြ​နိုင်​သည့်​နည်း​တစ်နည်း​ကား အဘယ်နည်း။

ယေဟောဝါ​၏​လူတို့သည် သု. ၃:၅၊ ၆ တွင်​ဖော်ပြ​ထားသော ဤ​စကား​များ​ကိုလည်း ဂရုစိုက်​ရန်​ကောင်း​သည်– “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​တွင် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆင်ခြင်မှု​မှ​ဖြစ်စေ သို့​မဟုတ် အခြား​သူတို့၏​ယူဆချက်​မှ​ဖြစ်စေ ပေါ်ထွက်​လာသော သမ္မာကျမ်းစာ​နှင့်​ဆန့်ကျင်​သည့် မည်သည့်​ယူဆချက်​ကို​မဆို​ငြင်းပယ်​ခြင်း ပါဝင်​၏။ ကျွန်ုပ်​တို့​ဝိညာဉ်​ရေး​ကို ကာကွယ်​ရန် ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်​ပေးခြင်း​သည် အရေးကြီး​၏၊ ဘေးသင့်​စေသော​အချက်အလက်​များ​ကို ခွဲခြား​သိ​ကာ ယင်းကို ရှောင်ရှား​နိုင်​ရန်​အ​လို့​ငှာ ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ယင်း​သို့​သော သတင်း​အချက်အလက်​၏​ရင်းမြစ်​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

စာတန်​လွှမ်းမိုး​သော လောက

၅။ ဘေးသင့်​စေသော​ယူဆချက်များ​၏ ရင်းမြစ်​တစ်ခု​ကား​အဘယ်နည်း၊ ယင်း​နောက်ကွယ်​၌ မည်သူ​ရှိ​သနည်း။

ဤ​လောကသည် ဘေးသင့်​စေသော​ယူဆချက်​မြောက်မြားစွာ ပေါ်ထွက်​ရာ​ရင်းမြစ်​တစ်ခု​ဖြစ်သည်။ (၁ ကောရိန္သု ၃:၁၉) ယေရှု​ခရစ်​က မိမိ၏​တပည့်တော်​များနှင့်​ပတ်သက်​၍ ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ခဲ့​သည်– “ဤသူတို့ကို ဤ​လောက​မှ​နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့် ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။” (ယောဟန် ၁၇:၁၅) တပည့်တော်​များ​ကို “မကောင်းသော​အမှုအရာ” မှ​ကာကွယ်​ပေး​ရန် ယေရှု​တောင်းဆိုခြင်း​က ဤ​လောကကို​စာတန်​လွှမ်းမိုး​လျက်​ရှိကြောင်း အသိအမှတ်​ပြုခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့ ခရစ်ယာန်​များ​ဖြစ်​ကြ​ခြင်း​ကြောင့် ဤ​လောက​၏​ဆိုးသွမ်း​သော​လွှမ်းမိုးမှု​များ​မှ အလိုအလျောက်​ကာကွယ်​မှု​ရသည်​မဟုတ်ပါ။ ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်ကို​လည်းကောင်း၊ လော[က]သား​အပေါင်းတို့သည် [စာတန်]၏​လက်၌​ရှိကြသည်​ကိုလည်း​ကောင်း ငါ​တို့​သိ​ကြ​၏။” (၁ ယောဟန် ၅:၁၉) အထူးသဖြင့် နောက်ဆုံး​နေ့ရက်​များ​၏ ဤ​အဆုံးပိုင်း​တွင် စာတန်​နှင့် သူ၏​နတ်ဆိုး​များသည် လောကကို ဘေးသင့်​စေသော​သတင်း​အချက်အလက်​များနှင့် ပြည့်နှက်​စေမည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မျှော်လင့်​ဖို့​ဖြစ်သည်။

၆။ ဖျော်ဖြေမှု​လောကသည် အကျင့်​ဆိုင်ရာ​အရေ​ထူ​မှု​ကို မည်သို့​ဖြစ်ပေါ်​စေနိုင်​သနည်း။

ဤ​ဘေးသင့်​စေသော သတင်း​အချက်အလက်​အချို့​သည် ဘေးကင်း​သည့်​ပုံ​ရှိ​မည်​ကိုလည်း မျှော်လင့်​နိုင်၏။ (၂ ကောရိန္သု ၁၁:၁၄) ဥပမာ၊ တီဗွီ​ပြကွက်​များ၊ ရုပ်ရှင်၊ တေးဂီတ​နှင့် ပုံနှိပ်​စာပေ​တို့​ဖြင့် ဖျော်ဖြေ​ပေး​သည့်​လောကကို​သုံးသပ်ကြည့်​ပါ။ ဖျော်ဖြေမှု​ပုံစံ​အချို့​သည် အကျင့်​ယိုယွင်းမှု၊ အကြမ်းဖက်မှု၊ မူးယစ်​ဆေး​သုံးစွဲမှု​အစ​ရှိသော ယုတ်ညံ့​သည့်​အကျင့်​များ​ကို ပိုမို​တိုးမြှင့်​ပေး​နေကြောင်း လူများစွာ​သဘောတူ​ကြ​ပေမည်။ ယခင်​ထက်​ပို​အကျင့်ပျက်​သည့် ဖျော်ဖြေမှု​ပုံစံ​တစ်ခု​ကို ဦးဆုံး​တွေ့မြင်​ရချိန်​၌ ပရိသတ်​များစွာ​သည် ထိတ်လန့်​သွားပေ​မည်။ သို့သော် ယင်းကို​ထပ်တလဲလဲ​တွေ့မြင်​ရခြင်း​က လူတစ်ဦးကို​အရေ​ထူ​သွား​စေနိုင်​၏။ ဘေးသင့်​စေသော​ယူဆချက်များ​ကို တိုးမြှင့်​ပေး​သည့်​ဖျော်ဖြေမှု​ကို လက်ခံဖွယ်​ရာ၊ သို့​မဟုတ် ဘေးအန္တရာယ်​မရှိ​ဟု ဘယ်​သောအခါ​မျှ မ​ရှုမြင်​သင့်​ချေ။—ဆာလံ ၁၁၉:၃၇

၇။ သမ္မာကျမ်းစာ​၌ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို အဘယ်​လူ့​ပညာ​မျိုး​က တိုက်စား​သွား​နိုင်​သနည်း။

သမ္မာကျမ်းစာ​၏​မှန်ကန်​ခိုင်လုံ​မှု​ကို စိန်ခေါ်​ကြသော သိပ္ပံ​ပညာရှင်​နှင့် ကျမ်း​ပညာရှင်​အချို့ ပုံနှိပ်​ထုတ်ဝေ​သည့် ယူဆချက်​ဒုနှင့်ဒေး​ဖြစ်သော ထိခိုက်​နိုင်​သည့် သတင်း​အချက်အလက်​၏​ရင်းမြစ် နောက်ထပ်​တစ်ခု​ကို​သုံးသပ်ကြည့်​ကြ​စို့။ (ယာကုပ် ၃:၁၅ နှိုင်းယှဉ်။) ယင်း​သို့​သော​အကြောင်း​သည် အဓိက​မဂ္ဂဇင်း​များနှင့် လူကြိုက်များ​သော​စာအုပ်​များ​တွင် မကြာခဏ​ပါရှိ​ပြီး ယင်းက သမ္မာကျမ်းစာ​၌ ယုံကြည်​စိတ်ချမှု​ကို တိုက်စား​နိုင်၏။ အချို့​သူတို့သည် မဆုံး​နိုင်သော ဆင်ခြင်​တွေးဆချက်​များ​ဖြင့် ဘုရားသခင်​၏​သမ္မာကျမ်း​ဆိုင်ရာ အခွင့်အာဏာကို ချည့်နဲ့​သွား​စေခြင်း​၌ ဂုဏ်ယူ​ဝင့်ကြွား​တတ်ကြ​သည်။ တမန်​တော်​များ​ခေတ်​၌ အလားတူ​အန္တရာယ်​ရှိခဲ့​ကြောင်း တမန်​တော်​ပေါလု​၏ ဤ​စကား​များ​မှ ထင်ရှား​ပါ​သည်– “ခရစ်တော်​၏​တရားကို​မလိုက်၊ လူ​အဆက်ဆက်​ခံ​သော​နည်း​ဥပဒေသ​နှင့် လော[က]တရား​နု​ကို​လိုက်၍၊ လော[က]ပညာ​နှင့်​အချည်းနှီး​သော​ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့။”—ကောလောသဲ ၂:၈

သမ္မာတရား​၏​ရန်သူများ

၈၊ ၉။ ယနေ့ အယူဖောက်ပြန်​ခြင်း မည်သို့​ပေါ်လွင်​ထင်ရှား​လျက်​ရှိ​သနည်း။

အယူဖောက်ပြန်သူ​များသည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အခြား​တစ်နည်း​ဖြင့်​ခြိမ်းခြောက်​နိုင်၏။ ခရစ်ယာန်​အမည်ခံ​သူတို့တွင် အယူဖောက်ပြန်မှု ပေါ်ထွက်​လာ​လိမ့်​မည်​ဟု တမန်​တော်​ပေါလု​က တင်ကူး​ဟောခဲ့​သည်။ (တမန်​တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃) တမန်​တော်​များ​သေဆုံး​သွားပြီး​နောက် ယုံကြည်ခြင်း​ဖောက်ပြန်မှု​ကြီး​ဖြစ်​ခဲ့​ရာ ခရစ်ယာန်ဘောင်​ပေါ်ထွက်​လာ​ခြင်း​ဖြင့် သူ၏​စကား​ပြည့်စုံ​လေ​သည်။ ယနေ့ ဘုရားသခင့်​လူများ​အလယ်တွင် အယူဖောက်ပြန်မှု​ကြီး​မရှိ​ချေ။ သို့​တိုင် ကျွန်ုပ်​တို့​အုပ်စု​မှ လူ​အနည်းငယ်​ထွက်ခွာ​သွားခဲ့​ကြ​ပြီး သူတို့​ထဲ​မှ​အချို့​တို့သည် လိမ်ညာမှု​နှင့် မဟုတ်မမှန်​သတင်းလွှင့်​ခြင်းဖြင့် ယေဟောဝါသက်သေ​များ​ကို အသရေ​ဖျက်​ရန် ဆုံးဖြတ်ထား​ကြသည်။ အခြားသူ​အချို့​မှာ အခြား​အဖွဲ့​များနှင့်​ပေါင်း​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို​ဆန့်ကျင်​နေကြ​သည်။ ထိုသို့​ပြုခြင်း​ဖြင့် ဦးဆုံး​ဖောက်ပြန်​ခဲ့​သူ စာတန်​ဘက်တွင် သူတို့​ရှိကြ​၏။

အယူဖောက်ပြန်သူ​အချို့​သည် အင်တာနက်​အပါအဝင် ဆက်သွယ်ရေး​လမ်းကြောင်း​ပုံစံ​အမျိုးမျိုးကို တိုး၍​တိုး၍​အသုံးပြုပြီး ယေဟောဝါသက်သေ​များ​အကြောင်း လွဲမှား​သော​သတင်း​များ​ကို ဖြန့်ချိ​နေကြ​သည်။ ရလဒ်​အနေ​ဖြင့် စိတ်​ရိုး​မှန်​သူတို့သည် ကျွန်ုပ်​တို့၏​ယုံကြည်ချက်များ​ကို လေ့လာ​ကြ​သည့်​အခါ အယူဖောက်ပြန်သူ​များ​၏​ဝါဒဖြန့်မှု​နှင့် တိုး​မိ​ကြ​ပေမည်။ ယေဟောဝါသက်သေ​အချို့​ပင် မထင်မှတ်​ဘဲ ဤ​အန္တရာယ်​ရှိသော​အကြောင်းအရာ​တို့ကို ဖတ်​မိ​ခဲ့​ကြသည်။ ထို့​အပြင် အယူဖောက်ပြန်သူ​တို့သည် အခါ​အား​လျော်​စွာ ရုပ်မြင်သံကြား သို့​မဟုတ် ရေဒီယို​အစီအစဉ်​တို့​တွင် ပါဝင်​ကြသည်။ ယင်းကြောင့် ပညာရှိ​လမ်းစဉ်​ကား​အဘယ်နည်း။

၁၀။ အယူဖောက်ပြန်​သော​ဝါဒဖြန့်မှု​ကို ပညာရှိ​စွာ တုံ့ပြန်မှု​ကား​အဘယ်နည်း။

၁၀ အယူဖောက်ပြန်သူ​တို့ကို မိမိတို့၏​အိမ်​၌​လက်မခံ​ရန် တမန်​တော်​ယောဟန်​က ခရစ်ယာန်​များ​အား ညွှန်ကြား​ခဲ့​သည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “ထို[တရား]တော်​မပါ​သော​သူသည် သင်တို့​ထံ​သို့​လာ​လျှင်၊ သူ့ကို သင့်​အိမ်​၌​လက်မခံ​နှင့်။ မင်္ဂလာ​ရှိစေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။ မင်္ဂလာ​ရှိစေ​သော​ဟု ထို​သူကို​နှုတ်ဆက်​လျှင်၊ သူ၏​ဆိုးယုတ်​သော​အကျင့်​တို့​နှင့်​ဆက်ဆံ​ရာ​သို့​ရောက်​၏။” (၂ ယောဟန် ၁၀၊ ၁၁) ဤ​ဆန့်ကျင်သူ​များနှင့် ဆက်သွယ်ခြင်း​မှန်သမျှကို ရှောင်ရှား​ခြင်း​က သူတို့၏​ပျက်ပြား​သော​တွေးခေါ်မှု​များ​မှ အကာအကွယ်​ရ​ပေမည်။ ခေတ်မီ​ဆက်သွယ်နည်း​အမျိုးမျိုးဖြင့် အယူဖောက်ပြန်​သော​သွန်သင်ချက်​များ​ကို ကျွန်ုပ်​တို့​လက်ခံ​ယူ​မိ​ခြင်း​က အယူဖောက်ပြန်သူ​ကိုယ်နှိုက်​ကို ကျွန်ုပ်​တို့​အိမ်များ​၌ လက်ခံ​ထား​သကဲ့သို့ပင် အန္တရာယ်​ရှိ​လှ​သည်။ စူးစမ်း​လို​စိတ်​ကြောင့် ယင်း​သို့ ဘေးသင့်​စေသည့်​လမ်းစဉ်​ပေါ်​ရောက်​ရန် ဆွဲဆောင်​ခံရ​ဖို့ ဘယ်​သောအခါ​မျှ​ခွင့်​မပြု​သင့်​ချေ!—သု. ၂၂:၃

အသင်းတော်​အတွင်း

၁၁၊ ၁၂။ (က) ပထမ​ရာစုနှစ်​ရှိ အသင်းတော်၌ အန္တရာယ်​ရှိသော​သတင်း​အချက်အလက်​၏ ရင်းမြစ်​ကား​အဘယ်နည်း။ (ခ) ခရစ်ယာန်​အချို့​သည် ဘုရားသခင့်​ရေးရာ​သွန်သင်ချက်​များ​ကို မည်သို့​ခိုင်မြဲ​စွာ မစွဲကိုင်​ခဲ့​သနည်း။

၁၁ ဘေးသင့်​စေသည့် ယူဆချက်များ​၏​ရင်းမြစ် နောက်ထပ်​တစ်ခု​ကို​သုံးသပ်ကြည့်​ပါ။ မှားယွင်းမှု​များ​ကို သွန်သင်​ရန်​မရည်ရွယ်​သော်လည်း အပ်နှံ​ပြီး​သား​ခရစ်ယာန်​တစ်ဦး​သည် ဆင်ခြင်မှု​ကင်းမဲ့​စွာ ပြောဆို​သည့်​အလေ့အထ ရှိလာနိုင်​၏။ (သု. ၁၂:၁၈) ကျွန်ုပ်​တို့၏​မစုံလင်မှု သဘောသဘာဝ​ကြောင့် ကျွန်ုပ်​တို့အားလုံး​သည် တစ်ကြိမ်​မဟုတ်​တစ်ကြိမ် ကျွန်ုပ်​တို့၏​လျှာ​ဖြင့် ပြစ်မှား​မိ​ပေ​လိမ့်​မည်။ (သု. ၁၀:၁၉; ယာကုပ် ၃:၈) တမန်​တော်​ပေါလု​အချိန်တွင် အသင်းတော်​ရှိ​အချို့​သူတို့သည် မိမိတို့၏​လျှာ​ကို​မထိန်းချုပ်​ခဲ့​ကြ​ရာ စကား​ကြောင့် အချေအတင်​ပြောဆို​ငြင်းခုံ​ခဲ့​ကြ​ဟန်​တူ​သည်။ (၁ တိမောသေ ၂:၈) အခြားသူများ​မှာ​မူ မိမိတို့၏​ယူဆချက်များ​ကို အထင်ကြီး​လွန်း​ပြီး ပေါလု​၏​အခွင့်အဏာ​ကို​ပင် စိန်ခေါ်​ခဲ့​သည့်​အထိ​ဖြစ်၏။ (၂ ကောရိန္သု ၁၀:၁၀-၁၂) ယင်း​သို့​သော​စိတ်ထား​သည် မလို​အပ်သော​သဘောထား​ကွဲလွဲ​မှုများ ဖြစ်ပွား​စေ​ခဲ့​သည်။

၁၂ တစ်ခါတစ်ရံ ဤသို့​သော​သဘောထား​ကွဲလွဲ​မှုများ​သည် “အချည်းနှီး​ဆွေးနွေးခြင်း” များ​ဖြစ်ပေါ်​စေပြီး အသင်းတော်​၏​ငြိမ်သက်မှု​ကို ဖျက်ဆီး​လျက်​ရှိသည်။ (၁ တိမောသေ ၆:၅; ဂလာတိ ၅:၁၅) ဤ​ငြင်းခုံ​မှုများ​ကို ဖြစ်ပေါ်​စေ​သူတို့နှင့်​ပတ်သက်​၍ ပေါလု​က ဤသို့​ဖော်ပြ​သည်– “ခြားနား​သော[သွန်သင်​စကား]ကို​သင်ပေး​၍၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏​စကား​တည်း​ဟူသော စင်ကြယ်သော​စကား​ကိုလည်း​ကောင်း၊ ဘုရားဝတ်​၌​မွေ့လျော်ခြင်း​နှင့်​အညီ​ဖြစ်သော[သွန်သင်​စကား]ကိုလည်း​ကောင်း ဝန်မခံ​သော​သူ​မည်​သည်​ကား၊ မာန​နှင့်​ယစ်​မူး​၍ အလျှင်း​နားမလည်​ဘဲ၊ ပုစ္ဆာ​အမေး​ကို​ဆွေးနွေး​၍ စကား​ကြောင့်​သာ​ငြင်းခုံ​သော​အားဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့ပြုလျှင်၊ ငြူစူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အသရေ​ကို​ရှုတ်ချခြင်း၊ မနာလို​သော​ကြံစည်ခြင်း” တို့​ဖြစ်တတ်​၏။—၁ တိမောသေ ၆:၃၊ ၄

၁၃။ ပထမ​ရာစုနှစ်​၌ ခရစ်ယာန်​အများစု​၏ အပြုအမူကား​အဘယ်နည်း။

၁၃ ဝမ်းသာစရာ​ကား တမန်​တော်​များ​အချိန်၌ ခရစ်ယာန်​အများစုမှာ သစ္စာရှိခဲ့​ကြ​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြွေးကြော်​ခြင်း​လုပ်ငန်း​အပေါ် အာရုံ​စူးစိုက်​ခဲ့​ကြသည်။ သူတို့သည် “မိဘ​မရှိသော​သူငယ်​တို့​နှင့် မုဆိုးမ​တို့ ဆင်းရဲခံ​ရသောအခါ” သူတို့ကို ကြည့်ရှု​ပြုစု​ခြင်း​၌ အလုပ်​များနေ​ကြ​ပြီး စကား​ကြောင့် အချည်းနှီး​ငြင်းခုံ​မှုများ​တွင် အချိန်​မ​ဖြုန်း​ဘဲ “လော[က]အညစ်အကြေး​နှင့်​ကင်းစင်​အံ့​သော​ငှာ” နေထိုင်ကြ​သည်။ (ယာကုပ် ၁:၂၇) သူတို့၏​ဝိညာဉ်​ရေး​ကို ကာကွယ်​ရန် သူတို့သည် ခရစ်ယာန်​အသင်းတော်၌​ပင် “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း” ကို ရှောင်ကြဉ်​ခဲ့​ကြသည်။—၁ ကောရိန္သု ၁၅:၃၃; ၂ တိမောသေ ၂:၂၀၊ ၂၁

၁၄။ ကျွန်ုပ်​တို့​ဂရုမစိုက်​လျှင် ထင်မြင်ချက်​များ​ကို သာမန်​နှီးနှော​ဖလှယ်​ခြင်း​မှ အန္တရာယ်​ရှိသည့်​ငြင်းခုံ​မှုများ မည်သို့​ဖြစ်လာ​နိုင်​သနည်း။

၁၄ ယနေ့ ယေဟောဝါသက်သေ​များ​၏​အသင်းတော်များ​သည် အပိုဒ် ၁၁ တွင်​ဖော်ပြ​ခဲ့​သည့် အခြေအနေ​များနှင့်​မတူ​ပေ။ သို့​တိုင် ယင်း​သို့​သော အချည်းနှီး​ငြင်းခုံ​မှု​ဖြစ်​နိုင်​သည်ကို ကျွန်ုပ်​တို့ ကောင်းစွာ​သိထားကြ​ရမည်။ မှန်သည်၊ ကျမ်းစာ​မှတ်တမ်းများ​ကို ဆွေးနွေးခြင်း သို့​မဟုတ် မဖော်​ပြ​သေး​သည့် ကတိတော်​ရှိရာ​ကမ္ဘာသစ်​၏ အသွင်​များ​အကြောင်း သိ​လို​ကြ​ခြင်း​မှာ သာမန်​ဖြစ်သည်။ ထို့​အပြင် ဝတ်စား​ဆင်ယင်​မှု သို့​မဟုတ် ဖျော်ဖြေမှု​ကို​ရွေးချယ်ခြင်း​အစ​ရှိသော ကိုယ်ရေးကိုယ်တာ​နှင့်​ဆိုင်​သည့် ထင်မြင်ချက်​များ​ကို ဖလှယ်​ကြ​ခြင်း​သည်​အမှား​မရှိ​ချေ။ သို့သော် ကျွန်ုပ်​တို့၏​ထင်မြင်ချက်​များနှင့်​ပတ်သက်​၍ တစ်ယူသန်​ဆန်​လာပြီး အခြားသူ​တို့​က ကျွန်ုပ်​တို့​နှင့်​သဘောမတူ​သောအခါ စိတ်ထိခိုက်​မည်​ဆိုလျှင် သေးငယ်သော​ကိစ္စ​များ​ကြောင့် အသင်းတော်သည်​စိတ်ဝမ်းကွဲ​သွားပေ​မည်။ အစ​တွင်​ရိုးရိုးသားသား​ပြောဆို​ရာ​မှ အမှန်ပင်​အန္တရာယ်​ဖြစ်သွား​ပေမည်။

ကျွန်ုပ်​တို့​ထံ​အပ်​ထား​ရာ​ကို စောင့်ရှောက်ခြင်း

၁၅။ ‘နတ်​ဘုရား​နှင့်​စပ်ဆိုင်​သော​စကား’ က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အဘယ်မျှ​အထိ အန္တရာယ်​ရှိစေ​နိုင်​သနည်း၊ သမ္မာကျမ်းစာ​၌ မည်သို့​ဆုံးမ​ထား​သနည်း။

၁၅ တမန်​တော်​ပေါလု​က ဤသို့​သတိပေး​သည်– “ဝိညာဉ်တော်သည် အ​တည့်​အလင်း​ဗျာဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာလ​၌ . . . လူ​အချို့​တို့သည် ယုံကြည်ခြင်းကို​စွန့်ပယ်​၍၊ လှည့်ဖြား​တတ်သော​စိတ်​ဝိညာဉ်​တို့​၌​လည်းကောင်း၊ နတ်​ဘုရား​တို့​နှင့်​စပ်ဆိုင်​သော [စကား] တို့​၌​လည်းကောင်း မှီဝဲ​ဆည်းကပ်​ကြလိမ့်မည်။” (၁ တိမောသေ ၄:၁၊ ၂) မှန်ပါသည်၊ အန္တရာယ်​ရှိသော​ထင်မြင်ချက်​များ​ကား အမှန်ပင် ခြိမ်းခြောက်​မှု​ဖြစ်သည်။ ပေါလု​က မိမိ​ချစ်​လှ​သော​အဆွေ တိမောသေ​အား ဤသို့​တောင်းပန်​ခဲ့​ခြင်း​ကို နားလည်​နိုင်​ပါ​သည်– “အို​တိမောသေ၊ သင်၌​အပ်​ထားသော​အရာ​ကို​စောင့်ရှောက်​လော့။ တရား​မဲ့​ဖြစ်သော အချည်းနှီး​စကားပြော​ခြင်း​ကိုလည်း​ကောင်း၊ ‘သိပ္ပံ​အတတ်’ ဟူ၍​အ​လွဲ​ခေါ်ဝေါ်​သော သိပ္ပံ​အတတ် ဆီးတား​နှောင့်ယှက်ခြင်း​ကိုလည်း​ကောင်း ရှောင်​လော့။ ထို​သိပ္ပံ​အတတ်ကို လူ​အချို့​တို့သည် ဝန်ခံ​ပြုစု​သော​အားဖြင့်၊ ယုံကြည်ခြင်း​တရားလမ်း​မှ​လွဲ​ကြပြီ။”—၁ တိမောသေ ၆:၂၀၊ ၂၁

၁၆၊ ၁၇။ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို အဘယ်အရာ​အပ်နှင်း​ထား​သနည်း။ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ကာကွယ်​စောင့်ရှောက်​သင့်​သနည်း။

၁၆ ဤ​မေတ္တာပါ​သော သတိပေး​ချက်​မှ ယနေ့ ကျွန်ုပ်​တို့ မည်သည့်​အကျိုး​ရရှိနိုင်​သနည်း။ တိမောသေ​သည် တန်ဖိုး​ရှိသည့်​အရာတစ်ခု​ကို စောင့်ရှောက်​ကာကွယ်​ရန် တာဝန်​အပ်နှင်း​ခံ​ခဲ့​ရသည်။ ယင်း​ကား​အဘယ်နည်း။ ပေါလု​က ဤသို့​ရှင်းပြသည်– “ငါ့ထံ၌​ကြား​ရပြီး​သော စင်ကြယ်သော​တရား​စကား​အချုပ်အခြာ​ကို ယေရှု​ခရစ်​၌​ယုံကြည်ခြင်း၊ ချစ်ခြင်း​နှင့်​တကွ​စွဲလမ်း​လော့။ သင်၌​အပ်​ထားသော​အရာ​မြတ်​ကို ငါ​တို့​၌​ကျိန်းဝပ်​တော်​မူ​သော သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် စောင့်ရှောက်​လော့။” (၂ တိမောသေ ၁:၁၃၊ ၁၄) မှန်ပါသည်၊ တိမောသေ​ထံ​အပ်​ထားသော​အရာ​တွင် “စင်ကြယ်သော​စကား” အပါအဝင် “ဘုရားဝတ်​၌​မွေ့လျော်ခြင်း​နှင့်​အညီ​ဖြစ်သော [ဆုံးမ​စကား]” ပါဝင်​၏။ (၁ တိမောသေ ၆:၃) ဤ​စကား​များနှင့်​အညီ ယနေ့ ခရစ်ယာန်​များသည် သူတို့အား အပ်နှင်း​ထားသော သူတို့၏​ယုံကြည်ခြင်း​နှင့် အမှန်တရား​များစွာကို ကာကွယ်​ရန် ဆုံးဖြတ်ထား​ခဲ့​ကြပြီ။

၁၇ အပ်နှင်း​ထား​ရာ​ကို စောင့်ရှောက်ခြင်း​တွင် “ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူးပြု​လျက်၊ ခပ်သိမ်း​သော​သူတို့အား​ကျေးဇူးပြု” စဉ် ကျမ်းစာ​လေ့လာမှု​အလေ့အထ​ကောင်း​များ​ရှိ​ခြင်း​နှင့် စွဲစွဲမြဲမြဲ​ဆုတောင်းခြင်း အစ​ရှိသည်​တို့ကို ပြုစု​ပျိုးထောင်​ခြင်း​ပါဝင်​သည်။ (ဂလာတိ ၆:၁၀; ရောမ ၁၂:၁၁-၁၇) ပေါလု​က ထပ်ဆင့်၍ ဤသို့​သတိပေး​သည်– “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဘုရားဝတ်​၌​မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို​မီအောင်လိုက်​လော့။ ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု​လော့။ ထာဝရ​အသက်ကို​ကိုင်​ယူ​လော့။ ထို​အသက်ကို​ရမည်​အကြောင်း၊ သင်သည် ခေါ်တော်မူ​ခြင်း​ကို​ခံရ​၍၊ သက်သေ​အများ​တို့​ရှေ့၌​ကောင်းမွန်​စွာ​ဝန်ခံ​ပြီ။” (၁ တိမောသေ ၆:၁၁၊ ၁၂) “ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု​လော့” နှင့် “ကိုင်​ယူ​လော့” ကဲ့သို့​သော စကားစု​များ​ကို ပေါလု​အသုံးပြုခြင်းက ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​ဆိုင်ရာ ဘေးသင့်​စေသော​လွှမ်းမိုးမှု​များ​ကို တက်တက်ကြွကြွ​နှင့် စွဲစွဲမြဲမြဲ​တွန်းလှန်​ရမည်​ဖြစ်​ကြောင်း ထင်ရှား​စေပါ​သည်။

ပိုင်းခြား​သိမြင်မှု​လိုအပ်ခြင်း

၁၈။ လောက​သတင်း​အချက်အလက်​များနှင့်​ပတ်သက်​၍ ခရစ်ယာန်​မျှတမှုကို ကျွန်ုပ်​တို့​မည်သို့​ဖော်ပြ​နိုင်​သနည်း။

၁၈ မှန်ပါသည်၊ ယုံကြည်ခြင်း​အတွက် ကောင်းစွာ​တိုက်လှန်​ရာ​တွင် ပိုင်းခြား​သိမြင်မှု​လိုအပ်​ပါ​သည်။ (သု. ၂:၁၁; ဖိလိပ္ပိ ၁:၉) ဥပမာ၊ ဤ​လောက​၏​သတင်း​အချက်အလက်​အားလုံး​ကို ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ခြင်း​သည် ကျိုးကြောင်း​ညီညွတ်​မည်​မဟုတ်​ချေ။ (ဖိလိပ္ပိ ၄:၅; ယာကုပ် ၃:၁၇) လူ့​အတွေးအခေါ်​အားလုံး​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ဆန့်ကျင်​သည်မဟုတ်။ ယေရှု​က ဖျားနာသူ​တို့သည် လောက​သက်​မွေး​လုပ်ငန်း​တစ်ခု​ဖြစ်သော အရည်အချင်း​ရှိ​ဆရာဝန်​တစ်ဦး​နှင့် နှီးနှော​တိုင်ပင်​ရန်လို​အပ်​ကြောင်း ရည်​စောင်​၍​မိန့်တော်မူ​ခဲ့​သည်။ (လုကာ ၅:၃၁) ယေရှု​အချိန်​က ဆေး​ဘက်​ဆိုင်ရာ​ကုသမှု​မှာ မတိုးတက်​သေး​သော်လည်း ဆေးဆရာ​တစ်ဦး၏​အကူအညီ​မှ ရရှိသော​အကျိုးကျေးဇူး​အနည်းငယ်​ကို ကိုယ်တော်​အသိအမှတ်ပြု​တော်​မူ​ခဲ့​သည်။ ယနေ့ ခရစ်ယာန်​များသည် လောက​ဆိုင်ရာ​သတင်း​အချက်အလက်​ကိစ္စ​တွင် မျှတမှု​ရှိ​ရမည်​ဖြစ်သော်လည်း သူတို့၏​ဝိညာဉ်​ရေးရာ​ကို အန္တရာယ်​ဖြစ်စေ​နိုင်​သည့် မည်သည့်​အရာ​ကို​မဆို တွန်းလှန်​ကြသည်။

၁၉၊ ၂၀။ (က) ပညာ​မဲ့​စွာ​ပြောဆိုသူ​တို့ကို ကူညီပေး​ရသောအခါ အကြီးအကဲ​များသည် ပိုင်းခြား​သိမြင်မှု​နှင့်​အညီ မည်သို့​ပြုမူ​သနည်း။ (ခ) မှားယွင်းသော​သွန်သင်ချက်​များ​ကို ဆက်၍​ဇွတ်​တိုးမြှင့်​သူတို့အား အသင်းတော်က မည်သို့​ကိုင်တွယ်​မည်​နည်း။

၁၉ ပညာ​မဲ့​စွာ​ပြောဆိုသူ​တို့ကို ခေါ်ယူ​ကူညီပေး​ရသောအခါ အကြီးအကဲ​များ​ဘက်​မှ ပိုင်းခြား​သိမြင်မှု​ရှိ​ခြင်း​သည်လည်း အရေးကြီး​၏။ (၂ တိမောသေ ၂:၇) တစ်ခါတစ်ရံ အသင်းသားများ​သည် အသေးအဖွဲ​ကိစ္စ​များနှင့် မှန်းဆချက်​များ​ကို​ငြင်းခုံ​ပြောဆိုခြင်း​၌ ကျော့မိ​သွားပေ​မည်။ အသင်းတော်​၏​စည်းလုံးမှု​ကို ကာကွယ်​ရန် အကြီးအကဲ​များသည် ယင်း​သို့​သော​ပြဿနာ​များ​ကို လျင်မြန်​စွာ​ကိုင်တွယ်​သင့်​သည်။ တစ်ကြိမ်​တည်း​တွင် သူတို့သည် မိမိတို့၏​ညီအစ်ကို​များ​အား ရည်ရွယ်ချက်​မှား​သည်​ဟု ယိုးစွပ်​ခြင်း​နှင့် သူတို့အား အယူဖောက်ပြန်သူ​များ​အဖြစ် အဆောတလျင်​ရှုမြင်ခြင်း​ကို ရှောင်ရှား​ကြ​ရသည်။

၂၀ ထောက်ပံ့​ကူညီ​ရန်​သဘောထားကို ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ညီအစ်ကို​တို့၊ လူသည်​သတိလစ်၍ တစ်စုံတစ်ခု​သော[မကောင်းမှု]ကို​ပြု​မိ​လျှင်၊ ဝိညာဉ်​ဆုကျေးဇူး​ကို​ခံရ​သော​သင်တို့သည် အပြစ်​သွေးဆောင်ခြင်း​နှင့် ကိုယ်တိုင်​လွတ်​မည်​အကြောင်း၊ ကိုယ်ကို​သတိပြု​လျက် သိမ်မွေ့​နူးညံ့​သော​သဘော​နှင့် ထိုသို့​သော​သူကို​မ​စ၍၊ သူ၏​နေရာ၌​တည်မြဲ​တည်စေ​ပြန်​ကြလော့။” (ဂလာတိ ၆:၁) သံသယ​ဖြစ်နေ​ကြသော ခရစ်ယာန်​များ​ကို​အထူး​ရည်စူး၍ ယုဒ​က ဤသို့​ရေးသားခဲ့​သည်– “ပိုင်းခြား​၍​သိတတ်သော​ဉာဏ်​ရှိ၍၊ အချို့​တို့ကို​သနား​ကြလော့။ ကိုယ်ကာယ​နှင့်​ညစ်ညူး​စွန်းကွက်​သော​အဝတ်ကို​ပင် စက်ဆုပ်​ရွံ​ရှာ၍ ကြောက်ရွံ့​ခြင်း​နှင့်​တကွ၊ အချို့​တို့ကို​မီး​ထဲ​မှ​ဆယ်​နုတ်​ကယ်တင်​ကြလော့။” (ယုဒ ၂၂၊ ၂၃) တစ်စုံ​တစ်ယောက်​သည် အထပ်ထပ်​သတိပေး​ခံရ​ပြီး​သည့်​နောက် မှားယွင်းသော​သွန်သင်ချက်​များ​ကို ဆက်၍​ဇွတ်​တိုးမြှင့်​နေ​မည်​ဆိုလျှင် အကြီးအကဲ​များသည် အသင်းတော်ကို​ကာကွယ်​ပေး​ရန် တိကျ​ပြတ်သား​စွာ​ပြုလုပ်​ရန်လို​အပ်​ပေမည်။—၁ တိမောသေ ၁:၂၀; တိတု ၃:၁၀၊ ၁၁

ချီးမွမ်းဖွယ်​ရာ​များနှင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ဖြည့်စွက်​ခြင်း

၂၁၊ ၂၂။ ကျွန်ုပ်​တို့သည် မည်သည့်​အရာ​ကို​ရွေး​အပ်​ကာ အဘယ်အရာ​နှင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို​ဖြည့်​ထား​သင့်​သနည်း။

၂၁ “ခူနာ​ကဲ့သို့​စား” သော အန္တရာယ်​ရှိ​စကား​များ​ကို ခရစ်ယာန်​အသင်းတော်က​ရှောင်ရှား​သည်။ (၂ တိမောသေ ၂:၁၆၊ ၁၇; တိတု ၃:၉) ထိုသို့​သော​စကား​များသည် လှည့်ဖြား​တတ်သော လောက “ပညာ၊” အယူဖောက်ပြန်သူ​တို့၏​ဝါဒဖြန့်မှု၊ အသင်းတော်​အတွင်း မစဉ်း​စား​ဘဲ​ပြောဆိုခြင်း​တို့ကို​ထင်ဟပ်​ပုံ​ရှိလျှင် ထိုသို့​အမှန်​ပြု​ကြသည်။ အသစ်အဆန်း​များ​ကို စိတ်ထားမှန်​ဖြင့်​သိ​လို​ခြင်း​သည် အကျိုးရှိ​နိုင်​သော်လည်း အထိန်း​အချုပ်​မဲ့​စူးစမ်း​လို​စိတ်​က ကျွန်ုပ်​တို့ကို​ဘေး​ဖြစ်စေ​သော ထင်မြင်​ယူဆ​ချက်​များနှင့် ထိတွေ့​စေနိုင်​သည်။ စာတန်​၏​အကြံအစည်​များ​ကို ကျွန်ုပ်​တို့​မသိဘဲ​မနေကြ​ပါ။ (၂ ကောရိန္သု ၂:၁၁) ဘုရားသခင့်​အမှုတော်ထမ်း​ဆောင်​ရာ​တွင် ကျွန်ုပ်​တို့​အရှိန်​လျော့​သွားစေရန် သူ​အကြီးအကျယ်​ကြိုးစား​အားထုတ်​နေကြောင်း ကျွန်ုပ်​တို့​သိထားကြ​၏။

၂၂ ကျန်း​ခံ့​သော​ဘုရားသခင့်​ဓမ္မ​အမှုဆောင်​များ​အဖြစ် ဘုရားသခင့်​ရေးရာ​သွန်သင်ချက်​ကို ကျွန်ုပ်​တို့​စွဲမြဲ​စွာ​ကိုင်စွဲ​ကြပါစို့။ (၁ တိမောသေ ၄:၆) ကျွန်ုပ်​တို့သည် သတင်း​အချက်အလက်​များ​ကို ရွေးချယ်​ဆည်းပူးခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​အချိန်ကို ပညာရှိရှိ​အသုံးပြု​ကြပါစို့။ ထို​အခါ ကျွန်ုပ်​တို့သည် စာတန်​လှုံ့ဆော်​သော​ဝါဒဖြန့်မှု​အားဖြင့် အလွယ်တကူ ယိမ်းယိုင်​သွား​လိမ့်​မည်​မဟုတ်​ချေ။ မှန်ပါသည်၊ ကျွန်ုပ်​တို့​အနေ​ဖြင့် “သမ္မာတရား​နှင့်​ဆိုင်သော​အကျင့်၊ လျောက်ပတ်​သော​အကျင့်၊ ဖြောင့်မတ်​သော​အကျင့်၊ စင်ကြယ်သော​အကျင့်၊ သူတစ်ပါး​နှစ်သက်ဖွယ်သော​အကျင့်၊ ချီးမွမ်းဖွယ်​သော​အကျင့်​ရှိသမျှ​တို့ကို​လည်းကောင်း . . . ကောင်းသော​သတင်း​တစ်ပါးပါး​နှင့်​ဆိုင်သော​အကျင့်​တို့ကို” ဆက်၍​ဆင်ခြင်​သုံးသပ်ကြ​ပါ​စို့။ ထိုသို့​သော​အရာများ​နှင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ဖြည့်​ထား​မည်​ဆိုလျှင် ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် ကျွန်ုပ်​တို့​နှင့်အတူ​ရှိ​လိမ့်​မည်။—ဖိလိပ္ပိ ၄:၈၊ ၉

ကျွန်ုပ်​တို့ အဘယ်အရာ​များ​သိလာ​ကြ​သနည်း

• လောက​ပညာ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို မည်သို့​ခြိမ်းခြောက်​မှု​ဖြစ်စေ​မည်​နည်း။

• ဘေးသင့်​စေသော အယူဖောက်ပြန်​သည့်​သတင်း​အချက်အလက်​များ​မှ ကျွန်ုပ်​တို့​ကိုယ်ကို​ကာကွယ်​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

• အသင်းတော်​အတွင်း မည်သို့သော​အပြောအဆို​မျိုးကို ရှောင်ရှား​သင့်​သနည်း။

• မြောက်မြား​လှ​သော​သတင်း​အချက်အလက်​များ​ကို ကိုင်တွယ်​ဖြေရှင်း​ကြ​ရာ​၌ ခရစ်ယာန်​မျှတမှုကို မည်သို့​တင်ပြ​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

လူကြိုက်များ​သော မဂ္ဂဇင်း​နှင့် စာအုပ်​များစွာတို့သည် ကျွန်ုပ်​တို့၏​ခရစ်ယာန်​တန်ဖိုး​ထား​ရာ​တို့​နှင့် ဆန့်ကျင်​နေ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် တစ်ယူသန်​မ​ဆန်​ဘဲ အကြံဉာဏ်​များ ဖလှယ်​နိုင်​ကြ