ယေဟောဝါသည် ကျွန်ုပ်တို့စိတ်နှလုံးထက် သာ၍ကြီးမြတ်
ယေဟောဝါသည် ကျွန်ုပ်တို့စိတ်နှလုံးထက် သာ၍ကြီးမြတ်
“ကြောက်ရွံ့သောသူ . . . ကိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] နှစ်သက်တော်မူ၏” ဟူ၍ ဆာလံဆရာရေးသားခဲ့သည်။ မှန်ပါ၏၊ ဖန်ဆင်းရှင်သည် မိမိ၏ဖြောင့်မတ်သောစံနှုန်းများကို လူသားကျေးကျွန်အသီးသီး ကြိုးစားထောက်ခံကြသည်ကို တွေ့ရှိခြင်း၌ အားရရွှင်လန်းသည်။ ဘုရားသခင်သည် ကိုယ်တော်၏သစ္စာစောင့်သိသူများကို ကောင်းချီးပေး၍ အားပေးသည့်အပြင် စိတ်ဓာတ်ကျနေချိန်များတွင် နှစ်သိမ့်ပေးပါသည်။ ကိုယ်တော့်အားဝတ်ပြုသူများသည် မစုံလင်သူများဖြစ်ကြသည်ကို ကိုယ်တော်သိသောကြောင့် သူတို့ထံမှ ကိုယ်တော်မျှော်လင့်ရာများသည် လက်တွေ့ကျသည်။—ဆာလံ ၁၄၇:၁၁။
ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်အများစုအပေါ် အားကြီးသောမေတ္တာရှိသည်ကို ယုံကြည်ရန် အခက်အခဲမရှိချေ။ သို့သော် အချို့သည် မိမိတို့၏အားနည်းချက်များကြောင့် မိမိတို့ကို ယေဟောဝါဘယ်တော့မှချစ်နိုင်မည်မဟုတ်ဟု ထင်မှတ်ကာ အလွန်အမင်းစိုးရိမ်ပူပန်နေပုံရသည်။ “ကျွန်တော့်ရဲ့အပြစ်ကများလွန်းလို့ ကျွန်တော့်ကို ယေဟောဝါချစ်နိုင်မှာမဟုတ်ဘူး” ဟုသူတို့နိဂုံးချုပ်ကြပေမည်။ ကျွန်ုပ်တို့အားလုံးမှာ အခါအားလျော်စွာ အပျက်သဘောထားရှိကြပါ၏။ သို့ရာတွင် အချို့သည် ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဟု ခံစားနေရခြင်းကို အမြဲရင်ဆိုင်တိုက်လှန်နေရပုံရှိသည်။
စိတ်ပျက်အားလျော့ခြင်း
ကျမ်းစာခေတ်မှ သစ္စာရှိသူများစွာတို့သည် စိတ်ပျက်အားလျော့မှုကို အကြီးအကျယ်ခံစားခဲ့ကြရဖူး၏။ ယောဘသည် အသက်ရှင်ရခြင်းဆာလံ ၃၈:၆၊ သတင်းကောင်း; ၁ ဓမ္မရာဇဝင် ၁:၇၊ ၁၀; ယောဘ ၂၉:၂၊ ၄၊ ၅; ဖိလိပ္ပိ ၂:၂၅၊ ၂၆။
ကို ငြီးငွေ့ခဲ့ပြီး ဘုရားသခင်သည် မိမိအားစွန့်ပယ်ထားပြီဟု ခံစားခဲ့သည်။ ရှမွေလမိခင်ဖြစ်လာသူ ဟန္နသည် တစ်ချိန်က ကလေးမရသည့်အတွက် လွန်စွာဝမ်းနည်းကြေကွဲကာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည်။ ဒါဝိဒ်သည် “မချိမဆံ့ ဝေဒနာခံ” ခဲ့ရပြီး၊ ဧပဖြောဒိတ်သည် မိမိ၏နာမကျန်းမှုသတင်းကြောင့် ညီအစ်ကိုများ ဝမ်းနည်းကြေကွဲခဲ့ကြရသည်ကို စိတ်မကောင်းဖြစ်ခဲ့သည်။—ယနေ့ ခရစ်ယာန်များကော။ ဖျားနာခြင်း၊ အိုမင်းရင့်ရော်ခြင်း သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာအခြေအနေများကြောင့် မြင့်မြတ်သောလုပ်ငန်းတော်၌ မိမိတို့ပြုလုပ်လိုသမျှအတိုင်း မပြုလုပ်နိုင်သူအချို့ရှိပေမည်။ ယင်းကြောင့် ယေဟောဝါနှင့် သူတို့၏ယုံကြည်သူချင်းများအပေါ် တာဝန်ပျက်ကွက်နေသည်ဟု ထင်မှတ်ကြပေမည်။ သို့မဟုတ် ယေဟောဝါသည် ပြီးခဲ့သောအမှားများကို ခွင့်လွှတ်သည်ကို သံသယဝင်ကာ ကိုယ့်ကိုယ်ကိုအမြဲအပြစ်တင်နေသူအချို့ရှိပေမည်။ အခြားသူများမှာမူ ခက်ခဲသည့်မိသားစုနောက်ခံများရှိခဲ့သောကြောင့် မိမိတို့သည့်ချစ်ရန်မထိုက်ဟု ထင်ကောင်းထင်နေကြပေမည်။ မည်သို့ဖြစ်နိုင်မည်နည်း။
အချို့တို့သည် မေတ္တာတရားမဟုတ်ဘဲ တစ်ကိုယ်ကောင်းဆန်မှု၊ ငေါ့တော့တော့စကားပြောဆိုမှု၊ စိုးရိမ်ကြောက်ရွံ့မှုတို့ဖြင့် စိုးမိုးသောမိသားစုများကြား ကြီးပြင်းလာသူများဖြစ်ကြသည်။ သူတို့သည် မိမိတို့ကို အလွန်မေတ္တာပြသော၊ ချီးမွမ်းအားပေးရန် အခွင့်အရေးအမြဲရှာသော၊ အသေးအဖွဲအပြစ်များကို လျစ်လျူရှုပြီး ကြီးမားသောအပြစ်များကိုပင် ခွင့်လွှတ်ရန်အသင့်ရှိသော၊ မိသားစုတစ်စုလုံး လုံခြုံမှုရှိသည်ဟုခံစားစေသည့် နွေးထွေးသောမေတ္တာကိုတင်ပြသော ဖခင်တစ်ဦးကို ဘယ်သောအခါမျှ မသိရှိခဲ့ရဘဲဖြစ်ပေမည်။ သူတို့သည် မေတ္တာမှုရှိသည့်မြေကြီးသားဖခင် တစ်ခါမျှမရှိခဲ့သောကြောင့် မေတ္တာရှင် ချစ်ခင်မှုရှိသောကောင်းကင်ခမည်းတော်ရှိသည်ဟူသောအချက်ကို သဘောပေါက်ရန် ခက်ခဲကြပေမည်။
ဥပမာ၊ ဖရစ်ဇ်က ဤသို့ရေးသားခဲ့သည်– “ကျွန်တော့်အဖေရဲ့မေတ္တာမရှိတဲ့အပြုအမူတွေဟာ ကျွန်တော့်ရဲ့ကလေးဘဝ၊ လူငယ့်ဘဝကို အကြီးအကျယ်လွှမ်းမိုးခဲ့တယ်။ * ကျွန်တော့်ကို အဖေ တစ်ခါမှမချီးမွမ်းခဲ့ဖူးဘူး၊ အဖေနဲ့တစ်ခါမှ မရင်းနှီးခဲ့ဖူးဘူး။ တကယ်တော့ အဖေ့ကို အချိန်တိုင်းလိုလို ကျွန်တော်ကြောက်နေခဲ့ရတယ်။” ရလဒ်ကား၊ ယခုအသက် ၅၀ ကျော်နေပြီဖြစ်သောဖရစ်ဇ်သည် ယခုထိသိမ်ငယ်သည်ဟုခံစားနေရဆဲပင်။ ထို့ပြင် မာဂရက်က ဤသို့ရှင်းပြသည်– “ကျွန်မမိဘတွေက ခပ်စိမ်းစိမ်းနေတတ်ကြပြီး မေတ္တာမပြကြဘူး။ ကျွန်မကျမ်းစာသင်တဲ့အခါမှာ မေတ္တာရှိတဲ့ဖခင်တစ်ယောက်ဟာ ဘယ်လိုနေမယ်ဆိုတာကို မြင်ယောင်ကြည့်ဖို့ခဲယဉ်းခဲ့တယ်။”
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ၊ ထိုသို့သောခံစားချက်များကြောင့် ဘုရားသခင့်အမှုတော်ကို ကျွန်ုပ်တို့ထမ်းဆောင်ခြင်းသည် တစ်ခါတစ်ရံ မေတ္တာကြောင့်အဓိကမဟုတ်ဘဲ များသောအားဖြင့် အပြစ်ရှိခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်းကြောင့် လှုံ့ဆော်ခံရ၍ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏အတတ်နိုင်ဆုံးလုပ်ဆောင်မှုသည် ဘယ်သောအခါမျှ ကျေနပ်မှုရှိပုံမပေါက်တော့ချေ။ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ယုံကြည်သူချင်းများအလိုနှင့်တွေ့လိုစိတ်က ကျွန်ုပ်တို့လုပ်ချင်သလောက်မလုပ်နိုင်ဟု ခံစားစေပေမည်။ ရလဒ်ကား၊ ရည်မှန်းချက်များမပြည့်မီနိုင်၍ ကိုယ့်ကိုယ်ကိုအပြစ်တင်ကာ စိတ်ပျက်အားလျော့လာစေပေမည်။
အဘယ်အရာပြုလုပ်နိုင်သနည်း။ ယေဟောဝါသည် မည်မျှသဘောထားကြီးကြောင်း မိမိကိုယ်ကိုသတိပေးနှိုးဆော်ဖို့ လိုကောင်းလိုပေမည်။ အဆိုပါမေတ္တာပါရှိသော ဘုရားသခင့်ဂုဏ်ရည်တော်ကို သိနားလည်ခဲ့သူမှာ တမန်တော်ယောဟန်ဖြစ်သည်။
“ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်”
စီ.အီး. ပထမရာစုအဆုံးပိုင်းတွင် ယောဟန်သည် သူ၏ယုံကြည်သူချင်းများထံ ဤသို့စာရေးခဲ့သည်– “ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏။” ယောဟန်သည် ဤစကားများကို အဘယ်ကြောင့် ရေးခဲ့ရသနည်း။—၁ ယောဟန် ၃:၁၉၊ ၂၀။
ယေဟောဝါ၏ကျေးကျွန်တစ်ဦးသည် သူ၏စိတ်နှလုံး၌ မိမိကိုယ်ကိုအပြစ်တင်နေနိုင်ကြောင်း ယောဟန်ကောင်းစွာသိခဲ့သည်။ ယောဟန်ကိုယ်တိုင် ဤသို့သောခံစားချက်များ ရှိကောင်းရှိခဲ့ဖူးမည်။ ယောဟန်သည် ခက်ထန်သောစိတ်ရှိသည့်လူငယ်တစ်ဦးအနေဖြင့် အခြားသူများနှင့်ဆက်ဆံရာတွင် ကြမ်းတမ်းလွန်းသည့်အတွက် ယေရှု၏ဆုံးမမှုကို မကြာခဏခံခဲ့ရသည်။ မှန်ပါသည်၊ ယောဟန်နှင့်သူ၏အစ်ကိုယာကုပ်တို့ကို ယေရှုက “မိုးကြိုးသားများဟုဆိုလိုသော ဗောနေရဂက်အမည်သစ်” ကိုပေးခဲ့သည်။—မာကု ၃:၁၇၊ သမာ; လုကာ ၉:၄၉-၅၆။
နောက်အနှစ် ၆၀ ကျော်သောအခါ ယောဟန်သည် ရင့်ကျက်တည်ငြိမ်လာကာ မျှတမှုရှိသော၊ မေတ္တာနှင့် ကရုဏာရှိသော ခရစ်ယာန်တစ်ဦးဖြစ်လာလေ၏။ နောက်ဆုံးအသက်ရှင်ကျန်ရစ်သော တမန်တော်အနေဖြင့် သူ၏မှုတ်သွင်းခံပထမစာစောင်ကို ရေးခဲ့ချိန်တွင် ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်အသီးသီး၏ အသေးအဖွဲအပြစ်တိုင်းကို အရေးမယူကြောင်း သူသိရှိလာခဲ့သည်။ ယင်းအစား၊ ကိုယ်တော်သည် လှိုက်လှဲနွေးထွေးသော၊ သဘောထားကြီးသော၊ ရက်ရောသော၊ ကြင်နာထောက်ထားသောသူဖြစ်၍ ကိုယ်တော်အားချစ်မြတ်နိုးကာ အမှန်တရားဖြင့်ကိုးကွယ်သူအားလုံးကို နှစ်နှစ်ကာကာချစ်တတ်သည့် ဖခင်တစ်ဦးဖြစ်သည်။ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏’ ဟုယောဟန်ရေးသားခဲ့သည်။—၁ ယောဟန် ၄:၈။
ယေဟောဝါ၏အမှုတော်ကို ကျွန်ုပ်တို့ဆောင်ရွက်ခြင်းကြောင့် ကိုယ်တော်ဝမ်းမြောက်
ဘုရားသခင်သည် ကျွန်ုပ်တို့၏မွေးရာပါအားနည်းချက်များနှင့် ချွတ်ယွင်းချက်များကို သိရှိသောကြောင့် ၎င်းတို့ကိုထည့်စဉ်းစားပေးသည်။ “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုဒါဝိဒ်ရေးခဲ့သည်။ ကျွန်ုပ်တို့၏လက်ရှိအနေအထားသည် ကျွန်ုပ်တို့နောက်ခံကြောင့်ဖြစ်သည်ကို ယေဟောဝါသိတော်မူသည်။ အမှန်မှာ၊ ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့သိသည်ထက် ကိုယ်တော်ကကျွန်ုပ်တို့ကို သာ၍သိသည်။—ဆာလံ ၁၀၃:၁၄။
ကျွန်ုပ်တို့အများစုသည် ကွာခြားလိုကြသော်လည်း ကျွန်ုပ်တို့၏မစုံလင်မှုများကို မကျော်လွှားနိုင်ကြောင်း ကိုယ်တော်သိသည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏” ဟုရေးခဲ့သော တမန်တော်ပေါလုနှင့် ကျွန်ုပ်တို့၏အခြေအနေကို နှိုင်းယှဉ်နိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် အလားတူအခက်အခဲကို ကြိုးစားတွန်းလှန်လျက်ရှိသည်။ အချို့ကိစ္စများ၌ ယင်းသည် ကိုယ့်ကိုယ်ကိုအပြစ်တင်သော စိတ်နှလုံးကို ဖြစ်ပေါ်စေနိုင်သည်။—ရောမ ၇:၁၉။
ဤအချက်ကို အစဉ်သတိရပါ– ကျွန်ုပ်တို့ကိုယ်ကိုရှုမြင်ပုံထက်ကျွန်ုပ်တို့ကို ယေဟောဝါရှုမြင်ပုံက ပို၍အရေးကြီးသည်။ ကိုယ်တော့်အလိုတော်နှင့်တွေ့ရန် ကျွန်ုပ်တို့၏ကြိုးစားမှုကို တွေ့ရှိရသည့်အခါတိုင်း ကိုယ်တော်သည် ကျေနပ်အားရမှုလောက်သာမဟုတ်ဘဲ ရွှင်လန်းပါသည်။ (သု. ၂၇:၁၁) ကျွန်ုပ်တို့၏ဆောင်ရွက်ရာများသည် ကျွန်ုပ်တို့ရှေ့တွင် ဘာမျှမဟုတ်သော်လည်း ကျွန်ုပ်တို့၏တလိုတလားရှိမှုနှင့် ရည်ရွယ်ချက်ကောင်းတို့သည် ကိုယ်တော်အား အားရရွှင်လန်းစေသည်။ ကျွန်ုပ်တို့ပြီးမြောက်ရာများကိုကျော်၍ ကိုယ်တော်ကြည့်မြင်သည်; ကျွန်ုပ်တို့ပြုလုပ်လိုရာများကို ပိုင်းခြားသိမြင်သည်; ကျွန်ုပ်တို့၏လိုအင်ဆန္ဒများကို သိရှိတော်မူ၏။ ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို သိမြင်နိုင်သည်။—ယေရမိ ၁၂:၃; ၁၇:၁၀။
ဥပမာ၊ ယေဟောဝါသက်သေများစွာတို့သည် ရှက်ကြောက်၍ စကားနည်းပြီး ထင်ပေါ်လိုသူများမဟုတ်ကြချေ။ ဤသို့သောသူများအတွက် တစ်အိမ်မှတစ်အိမ် သတင်းကောင်းဟောပြောကြရခြင်းသည် ကြောက်မက်ဖွယ်စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ သို့တိုင် ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ရန်နှင့် အိမ်နီးချင်းကိုကူညီပေးရန် လှုံ့ဆော်ခံရခြင်းကြောင့် ရှက်ကြောက်သူများပင် အိမ်နီးချင်းများကို ချဉ်းကပ်ပြီး သမ္မာကျမ်းစာအကြောင်းပြောပြတတ်လာကြသည်။ ဤသို့သောသူများက မိမိတို့သည် ပြီးမြောက်အောင်မြင်မှုမရှိဟုခံစားကြရ၍ ပျော်ရွှင်မှုလျော့နည်းသွားပေမည်။ သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် အကျိုးမရှိဟု သူတို့ထင်မှတ်ပေမည်။ သို့ရာတွင် ဤသို့သောသူများ ကြိုးစားအားထုတ်ပြီး အမှုတော်ဆောင်သည့်အတွက် ယေဟောဝါအမှန်တကယ်အားရရွှင်လန်းပါ၏။ ထို့ပြင် သူတို့ကြဲခဲ့သော အမှန်တရားမျိုးစေ့များသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် အညှောက်ထွက်၍ ကြီးထွားကာ အသီးများသီးလာမည်ကို သေချာမသိနိုင်ချေ။—ဒေ. ၁၁:၆; မာကု ၁၂:၄၁-၄၄; ၂ ကောရိန္သု ၈:၁၂။
အခြားသက်သေခံများသည် နာတာရှည်ရောဂါဖြစ်နေသည်၊ သို့မဟုတ် အိုမင်းမစွမ်းဖြစ်ချေပြီ။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကိုမှန်မှန်တက်ရောက်ခြင်းသည် ဤသူများအတွက် ခက်ခဲနိုင်သည်။ အိုမင်းမစွမ်းမှုသည် သူတို့ကို ဟန့်တားထားသော်လည်း ဟောပြောခြင်းလုပ်ငန်းနှင့်ဆိုင်သော ဟောပြောချက်တစ်ခုကို ကြားနာခြင်းဖြင့် ယခင်က သူတို့လုပ်ဆောင်ခဲ့ရာများနှင့် ယခုပင်ပြုလုပ်လိုရာများကို အမှတ်ရစေပေမည်။ ဤသို့သောသူများသည် အကြံပေးချက်ကို လိုက်လျှောက်လိုသလောက် မလိုက်လျှောက်နိုင်ကြသောကြောင့် မိမိမှာအပြစ်ရှိသည်ဟုခံစားကြရပေမည်။ သို့ရာတွင် ယေဟောဝါသည် သူတို့၏သစ္စာစောင့်သိမှုနှင့် ခံနိုင်ရည်ရှိမှုတို့ကို အမှန်ပင်တန်ဖိုးထားပါသည်။ ကိုယ်တော်သည် သူတို့သစ္စာစောင့်သိသမျှကာလပတ်လုံး သူတို့၏သစ္စာရှိမှတ်တမ်းကို ဘယ်သောအခါမျှမေ့မည်မဟုတ်ချေ။—ဆာလံ ၁၈:၂၅; ၃၇:၂၈။
“ကိုယ်စိတ်နှလုံးကို သက်သာစေ”
ယောဟန်သည် အိုမင်းလာသောအခါ ဘုရားသခင်၏သဘောထားကြီးမှုကို များစွာသဘောပေါက်ခဲ့ပါမည်။ “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်” ဟုသူရေးခဲ့သည်ကို သတိရပါ။ ထို့ပြင် “ကိုယ်စိတ်နှလုံးကို သက်သာစေ” ရန်ကျွန်ုပ်တို့ကို ယောဟန်အားပေးခဲ့သည်။ အဆိုပါစကားဖြင့် အဘယ်အရာကို သူဆိုလိုခဲ့သနည်း။
ဗိုင်း၏ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်အရ “သက်သာစေ” သည်ကိုပြန်ဆိုထားသော ဂရိကြိယာသည် “သွေးဆောင်ခြင်း၊ သိမ်းသွင်းခြင်း သို့မဟုတ် ဖျောင်းဖျခြင်း၊ တိုက်တွန်းခြင်း” ဟုအဓိပ္ပာယ်ရသည်။ တစ်နည်းအားဖြင့်၊ ကျွန်ုပ်တို့စိတ်နှလုံးကိုသက်သာစေဖို့အတွက် ကျွန်ုပ်တို့ကို ယေဟောဝါချစ်မြတ်နိုးသည်ဟု ယုံကြည်စိတ်ချရန် ကျွန်ုပ်တို့၏စိတ်နှလုံးကိုဖျောင်းဖျပြီး တိုက်တွန်းရန်လိုသည်။ မည်သို့အားဖြင့်နည်း။
ဤဆောင်းပါး၏အစပိုင်းတွင် ဖော်ပြထားသော ဖရစ်ဇ်သည် ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် ၂၅ နှစ်ကျော်တိုင် အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့၍ ကိုယ်ပိုင်လေ့လာမှုပြုခြင်းဖြင့် မိမိသည် ယေဟောဝါ၏မေတ္တာခံစားနေရကြောင်း စိတ်ချနိုင်၏။ “ကျမ်းစာနဲ့ ကျွန်တော်တို့ရဲ့စာပေတွေကို အသေအချာ မှန်မှန်လေ့လာတယ်။
အဲဒါက အတိတ်ကို တနုံ့နုံ့တွေးမနေစေတော့ဘဲ ဝမ်းသာစရာကောင်းတဲ့အနာဂတ်ကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ထောက်ကူပေးတယ်။ တစ်ခါတလေ အတိတ်ဖြစ်ရပ်တွေက ကျွန်တော့်ကိုလွှမ်းမိုးလာပြီး ကျွန်တော့်ကို ဘုရားသခင်ဘယ်လိုနည်းနဲ့မှ ချစ်နိုင်မှာမဟုတ်ပါဘူးလို့ ခံစားလာစေတယ်။ ဒါပေမဲ့ မှန်မှန်လေ့လာမှုက ကျွန်တော့်ရဲ့စိတ်နှလုံးကို ခိုင်ခံ့စေတယ်၊ ယုံကြည်ခြင်းတိုးပွားစေတဲ့အပြင် ရွှင်လန်းပြီးမျှတတဲ့သဘောထားရှိဖို့ ထောက်ကူပေးတာကို ကျွန်တော်တွေ့ရှိရတယ်။”မှန်ပါ၏၊ ကျမ်းစာဖတ်ရှုခြင်းနှင့် စဉ်းစားတွေးတောခြင်းတို့သည် ကျွန်ုပ်တို့၏လက်ရှိအနေအထားကို ပြောင်းလဲပေးမည်မဟုတ်ချေ။ သို့တိုင် ကျွန်ုပ်တို့၏အနေအထားအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြောင်းလဲပေးနိုင်ပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အချက်အလက်များကိုနှလုံးသွင်းခြင်းသည် ကိုယ်တော်စဉ်းစားသကဲ့သို့စဉ်းစားရန် ထောက်ကူပေး၏။ ထို့ပြင် လေ့လာမှုသည် ဘုရားသခင်၏သဘောထားကြီးမှုကို တိုးသိနားလည်စေနိုင်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကလေးဘဝကအခြေအနေအတွက် ကျွန်ုပ်တို့ကိုအပြစ်မတင်ကြောင်း၊ အိုမင်းမစွမ်းဖြစ်မှုအတွက်လည်း အပြစ်မမြင်ကြောင်း ကျွန်ုပ်တို့တဖြည်းဖြည်းသဘောပေါက်လာနိုင်သည်။ ကျွန်ုပ်တို့အများစုထမ်းရွက်နေရသောဝန်—စိတ္တပိုင်းဆိုင်ရာ သို့မဟုတ် ကာယပိုင်းဆိုင်ရာ—များသည် များသောအားဖြင့် ကျွန်ုပ်တို့ကြောင့်မဟုတ်သည်ကို ကိုယ်တော်သိသည့်အတွက် ယင်းကို မေတ္တာပါရှိစွာထည့်စဉ်းစားပေးသည်။
အစပိုင်းတွင်ဖော်ပြခဲ့သော မာဂရက်နှင့်ပတ်သက်၍ကော။ ယေဟောဝါကိုသူသိရှိလာပြီးနောက် ကျမ်းစာလေ့လာခြင်းက သူ့အတွက် အကျိုးများစွာရှိခဲ့သည်။ ဖရစ်ဇ်နည်းတူ ဖခင်အပေါ် သူ၏ကြည့်မြင်ပုံကို ပြုပြင်ပြောင်းလဲခဲ့ရသည်။ ဆုတောင်းခြင်းသည် လေ့လာမှုမှသိရှိခဲ့ရာများကို တစ်စုတစ်ပေါင်းတည်းဖြစ်လာစေရန် မာဂရက်ကို ကူညီပေးခဲ့သည်။ “မေတ္တာရှိတဲ့ဖခင်ထက် မေတ္တာရှိတဲ့မိတ်ဆွေတွေနဲ့ ပိုပြီးအထိအတွေ့များခဲ့တဲ့အတွက် ယေဟောဝါကို ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးအနေနဲ့ ဦးဆုံးမှတ်ယူနိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ယေဟောဝါကို ကျွန်မရဲ့ခံစားချက်တွေ၊ သံသယတွေ၊ စိုးရိမ်မှုတွေနဲ့ အခက်အခဲတွေ ပြောပြတတ်လာတယ်။ ဆုတောင်းပြီး ကိုယ်တော်နဲ့ခဏခဏစကားပြောခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ မှန်စီရွှေချအတတ်ပညာလို ကိုယ်တော်နဲ့ပတ်သက်တဲ့ ကျွန်မသိရှိလာခဲ့တဲ့အကြောင်းအရာအသစ်တွေကို စုစည်းနိုင်ခဲ့တယ်။ အချိန်အတော်ကြာတဲ့အခါ ယေဟောဝါကို ကျွန်မရဲ့မေတ္တာရှိတဲ့ဖခင်လိုယူမှတ်ဖို့ အခု အခက်အခဲမရှိတော့တဲ့အထိ တိုးတက်လာတယ်” ဟုမာဂရက်ကပြောပြသည်။
စိုးရိမ်မှုရှိသမျှမှကင်းလွတ်
ဆိုးညစ်[မှု]တည်ရှိနေသ၍ စိုးရိမ်မှုများမှကင်းလွတ်ရန် မည်သူမျှမမျှော်လင့်နိုင်ချေ။ ခရစ်ယာန်အချို့သည် စိုးရိမ်စိတ်များ သို့မဟုတ် မိမိကိုယ်ကိုသံသယဖြစ်မှု ထပ်ခါတလဲလဲဖြစ်ပေါ်ကာ စိတ်ဓာတ်ကျကြပေမည်။ သို့ရာတွင် ယေဟောဝါ၏လုပ်ငန်းတော်အပေါ် ကျွန်ုပ်တို့ထားရှိသည့် ရည်ရွယ်ချက်ကောင်းနှင့် ကြိုးစားမှုတို့ကို ကိုယ်တော်သိရှိကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်၏။ ကိုယ်တော်၏နာမတော်ကိုထောက်၍ ကျွန်ုပ်တို့ပြသောမေတ္တာကို ဘယ်သောအခါမျှ ကိုယ်တော်မေ့လျော့မည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၀။
နီးကပ်နေပြီဖြစ်သော မေရှိယနိုင်ငံတော်အောက်မြေကြီးသစ်တွင် သစ္စာရှိသူအပေါင်းတို့သည် စာတန့်စနစ်၏ဝန်ထုပ်ဝန်ပိုးများမှ လွတ်မြောက်မည်ဟု မျှော်လင့်နိုင်ပါသည်။ တကယ့်သက်သာမှုပါတကား! ထိုအခါ ယေဟောဝါသည် မည်မျှသဘောထားကြီးကြောင်းကို ပို၍ထင်ရှားစွာပင် ကျွန်ုပ်တို့မြင်တွေ့ရလိမ့်မည်။ ၎င်းအချိန်မတိုင်မီ “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကို” ကျွန်ုပ်တို့အားလုံး စိတ်ချကြစို့လေ။—၁ ယောဟန် ၃:၂၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 အမည်များပြောင်းထားသည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ယေဟောဝါသည် ကြမ်းတမ်းခက်ထန်သည့်အာဏာရှင် မဟုတ်၊ လှိုက်လှိုက်လှဲလှဲရှိပြီး သဘောထားကြီးကြီးနှင့် စာနာထောက်ထားတတ်သောဖခင်တစ်ဦးဖြစ်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းသည် ကိုယ်တော်စဉ်းစားသကဲ့သို့ စဉ်းစားရန် ကျွန်ုပ်တို့ကိုထောက်ကူပေး