မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ

ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ

ယေဟောဝါ​အား ဂုဏ်တင်​သည့် ရွှင်လန်းဖွယ်​မင်္ဂလာပွဲ​များ

ဝဲ့လ်ရှ်​နှင့်​အဲလ်​သီ​ယာ​တို့သည် တောင်​အာဖရိက​နိုင်ငံ၊ ဆို​ဝီ​တို​မြို့၌ ၁၉၈၅ ခုနှစ်​တွင် လက်ထပ်ခဲ့​ကြသည်။ အခါ​အား​လျော်​စွာ သမီး​ဇီန်ဇီး​နှင့်အတူ သူတို့၏​မင်္ဂလာပွဲ​အယ်လဘမ်​ကို ကြည့်​ကြ​ပြီး ပျော်ရွှင်ဖွယ်​ထို​နေ့ရက်​ကို ပြန်လည်​ခံစား​ကြသည်။ မင်္ဂလာပွဲ​ဧည့်သည်​များ​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​ပြောပြ​ရန် ဇီန်ဇီး​ကြိုက်​နှစ်သက်​ပြီး အထူးသဖြင့် အလွန်​လှပ​စွာ​ဝတ်ဆင်​ထားသော သူ့​မိခင်​ပုံ​များ​ကို​သဘောကျ​၏။

ထို​မင်္ဂလာပွဲ​ကို ဆို​ဝီ​တို​မြို့ရှိ စည်းဝေး​ခန်းမ​တစ်ခု​တွင် ထိမ်းမြား​မင်္ဂလာ​ဟောပြောချက်​ဖြင့် စတင်​ခဲ့​သည်။ ထို့နောက် ခရစ်ယာန်​လူငယ်​တေးသံစုံ​အဖွဲ့က အသံ​လေးသံ​ဖြင့် ဘုရားသခင်​အား​ချီးမွမ်း​သီချင်းများ​ကို သီဆို​ခဲ့​ကြသည်။ ၎င်းနောက် ဘုရားသခင့်​နိုင်ငံတော်​တေးသံသာ​ကို နောက်ခံ​အဖြစ် ဖြည်းညင်း​စွာ​ဖွင့်​ထား​စဉ် ဧည့်သည်​များသည် အစားအသောက်​များ​သုံးဆောင်​ခဲ့​ကြ​၏။ အရက်ယမကာ​များ မတည်​ခင်း၊ ကျယ်လောင်​သော​တေး​သီချင်းများ၊ သို့​မဟုတ် ကခုန်​ခြင်း​တို့​မရှိခဲ့​ချေ။ ယင်းအစား၊ ဧည့်သည်​များသည် အတူတကွ​ပေါင်းသင်း​ခြင်း​နှင့် ထို​ဇနီး​မောင်နှံ​ကို အားပေး​စကားပြော​ခြင်း​ဖြင့် ပျော်မွေ့​ခဲ့​ကြသည်။ အစီအစဉ်​အစအဆုံး သုံးနာရီ​ခန့်​ကြာ​ခဲ့​သည်။ “ကျွန်တော်​အမြဲ​အမှတ်ရနေ​မယ့် ထိမ်းမြား​မင်္ဂလာပွဲ​ပဲ” ဟု​ခရစ်ယာန်​အကြီးအကဲ​ရေ​မဲ​န်​က ပြန်​ပြောပြ​ခဲ့​သည်။

ဝဲ့လ်ရှ်​နှင့်​အဲလ်​သီ​ယာ​တို့သည် မင်္ဂလာဆောင်​ချိန်​၌ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​၏ တောင်​အာဖရိက​ဌာနခွဲ​တွင် စေတနာ့​ဝန်ထမ်း​များ​ဖြစ်​ခဲ့​ကြသည်။ သူတို့သည် တော်​သင့်​သော​မင်္ဂလာပွဲ​ထက် ပို​ပြီး​မတတ်နိုင်​ခဲ့​ကြ​ချေ။ ခရစ်ယာန်​အချို့​သည် ကြီးကျယ်​ခမ်းနား​သော​မင်္ဂလာပွဲ​စရိတ်​ကာမိ​စေရန် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​မှ​နုတ်ထွက်​ပြီး လောက​အလုပ်လုပ်ဖို့ ရွေးချယ်​ခဲ့​ကြ​၏။ သို့ရာတွင် ဝဲ့လ်ရှ်​နှင့်​အဲလ်​သီ​ယာ​တို့သည် ဇီန်ဇီး​မွေး​သည့်​အထိ အချိန်ပြည့်​အမှုဆောင်​များ​အဖြစ် ဘုရားသခင့်​အမှုတော်ကို ဆက်​ဆောင်ရွက်​ခွင့်​ရခဲ့​သောကြောင့် တော်​သင့်​သော​မင်္ဂလာပွဲ​ကျင်းပ​ခဲ့​ရခြင်း​ကို သူတို့​နောင်တ​မရခဲ့​ကြ​ချေ။

သို့သော် ဇနီး​မောင်နှံ​သည် သူတို့၏​မင်္ဂလာပွဲ​တွင် လောက​တေးသီချင်း​ဖွင့်ပြီး​ကခုန်​ရန် ရွေးချယ်​ခဲ့​လျှင်​ကော​အသို့နည်း။ ဝိုင် သို့​မဟုတ် အခြား​အရက်ယမကာ​များ​ကို တည်ခင်း​ရန် ဆုံးဖြတ်​လျှင်​ကော။ သူတို့သည် ကြီးကျယ်​ခမ်းနား​သော​မင်္ဂလာပွဲ​ကျင်းပ​ရန် တတ်နိုင်​လျှင်​ကော။ ထို​ပွဲ​သည် ဘုရားသခင်​၏​ဝတ်ပြုသူ​များနှင့်​တော်​သင့်​သည့် ပျော်ရွှင်ဖွယ်​သမယ အသေအချာ​ဖြစ်စေ​ရန် မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ သမ္မာကျမ်းစာ​က “သင်တို့သည် စား​သော်လည်း​ကောင်း၊ သောက်​သော်လည်း​ကောင်း၊ မည်သည့်​အမှုကိုပြု​သော်လည်း​ကောင်း ဘုရားသခင်​၏​ဘုန်းတော်​ကို​ထောက်၍ ခပ်သိမ်း​သော​အမှုကိစ္စ​ကို ပြု​ကြလော့” ဟူ၍​မိန့်မှာ​ထားသော​ကြောင့် ထို​မေးခွန်းများကို သေချာ​စွာ​ဆင်ခြင်​သုံးသပ်​ဖို့​လို​သည်။—၁ ကောရိန္သု ၁၀:၃၁

ပရမ်းပတာ​ကခုန်​စားသောက်ပွဲ​ကို ရှောင်ခြင်း

ရွှင်လန်းမှု​မဲ့​သော​မင်္ဂလာပွဲ​ကို တွေး​ရ​ခက်​သည်။ တစ်ဖက်​စွန်း​ရောက်သွား​လျှင် ပို​၍​အန္တရာယ်ကြီး​မား​ပြီး အလွန်​ထိန်းရခက်​သော ပရမ်းပတာ​ကခုန်​စားသောက်ပွဲ​ဖြစ်သွား​မည်။ သက်သေခံ​မဟုတ်သော​မင်္ဂလာပွဲ​များစွာ​တွင် ဘုရားသခင်​ကို ဂုဏ်ပျက်​စေသည့်​အမှု​များ ဖြစ်ပျက်​လေ့​ရှိသည်။ ဥပမာ၊ မူး​သည့်​အထိ အရက်သောက်​ခြင်း​သည် သ​မား​ရိုး​ကျ​ဖြစ်သည်။ ဝမ်းနည်းစရာ​ကား၊ ခရစ်ယာန်​မင်္ဂလာပွဲ​အချို့​၌​ပင် ယင်း​သို့​ဖြစ်ပျက်​ခဲ့​ပါ​သည်။

“သေ​ရည်​သေ​ရက်​သည် ရုန်းရင်းခတ်​ပြုခြင်း​အမှုကို ဖြစ်စေ​တတ်” သည်​ဟု သမ္မာကျမ်းစာ​က သတိပေး​ထား​သည်။ (သု. ၂၀:၁) “ရုန်းရင်းခတ်​ပြုခြင်း” ဟု​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​၏​အဓိပ္ပာယ်​မှာ “ကျယ်လောင်​ဆူညံသံ​ကို​ဖြစ်စေ​သည်” ဟူ၍​ဖြစ်၏။ အရက်ယမကာ​သည် လူတစ်ဦးကို ဆူညံ​စေနိုင်​လျှင် ဝိုင်းဖွဲ့​၍​သောက်ကြူး​ကြ​သည့် လူအုပ်​အား အဘယ်​သို့​ဖြစ်စေ​နိုင်​မည်​ကို စဉ်းစား​ကြည့်​လိုက်ပါ! ရှင်း​နေသည်​မှာ၊ ဤသို့​သောအခါ​သမယ​များ​တွင် “ဇာတိ​ပကတိ​အကျင့်” များ​အဖြစ် ကျမ်းစာ​တွင် စာရင်း​တင်ပြ​ထားသော “ယစ်​မျိုးကို​သောက်ကြူး​ခြင်း၊ ပွဲ​လုပ်ခြင်း​မှ​စ၍ ထိုသို့​သော​အကျင့်” တို့ကို​အလွယ်တကူ​ကျင့်​သွား​နိုင်​သည်။ ထိုသို့​သော​အကျင့်​များ​ကျင့်​ကာ နောင်တ​မယူ​သူ​မည်သူ​မဆို​သည် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက်တွင် အမွေဆက်ခံ​ရမည့်​ထာဝရ​အသက်ကို ရရှိရန် အရည်အချင်း​ပြည့်မီ​မည်​မဟုတ်​ချေ။—ဂလာတိ ၅:၁၉-၂၁

“ပွဲ​လုပ်ခြင်း” ဟု​ပြန်ဆို​သည့် ဂရိ​စကားလုံး​ကို သီဆို၊ ကခုန်၊ တီးမှုတ်​နေကြ​သော မ​မူး​တ​မူး​လူငယ်များ စီ​တန်း​လျှောက်​သွား​နေသည့် ဆူညံ​နေသော​လမ်း​တစ်ခု​ကို​ဖော်ပြ​ရာ​တွင် အသုံးပြု​ခဲ့​သည်။ မင်္ဂလာပွဲ​တစ်ခု​တွင် အရက်ယမကာ​သောက်ကြူး​ပြီး ကျယ်လောင်​စွာ​သီချင်းဖွင့်​ကာ ပရမ်းပတာ​ကခုန်​ကြ​လျှင် ထို​အချိန်​သည် ပွဲ​လုပ်ခြင်း​ကဲ့သို့​ဖြစ်သွား​နိုင်​သည့်​အန္တရာယ် အမှန်ပင်​ရှိ၏။ ဤသို့​သော​ဝန်းကျင်​အခြေအနေ​မျိုး​တွင် အားနည်း​သူများ​သည် အလွယ်တကူ​သွေးဆောင်​ခံ​ရနိုင်​ပြီး “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာလွန်​ကျူး​ခြင်း၊ [သို့​မဟုတ် အညံ့​ခံ​အရှုံးပေး​ခြင်း] အမျက်ထွက်ခြင်း” စ​သော နောက်ထပ်​ဇာတိ​ပကတိ​အကျင့်​များ​ကို ကျူးလွန်​မိ​ပေမည်။ ခရစ်ယာန်​မင်္ဂလာပွဲ​တစ်ခု​၏​ရွှင်လန်းမှု​ပျောက်စေ​မည့် ဤသို့​သော​ဇာတိ​ပကတိ​အကျင့်​များ​ကို​တားဆီး​ရန် မည်သို့​ပြုလုပ်​ပေး​နိုင်​သနည်း။ ၎င်း​မေးခွန်း​၏​အဖြေ​အတွက် မင်္ဂလာပွဲ​တစ်ခု​နှင့်​ပတ်သက်​၍ ကျမ်းစာ​က မည်သို့​ပြောပြ​ထား​သည်ကို သုံးသပ်ကြည့်​ကြ​စို့။

ယေရှု​တက်ရောက်​ခဲ့​သော​မင်္ဂလာပွဲ​တစ်ပွဲ

ယေရှု​နှင့်​ကိုယ်တော်​၏​တပည့်​များသည် ဂါလိလဲ​ပြည်၊ ကာန​မြို့တွင် မင်္ဂလာဆောင်​ပွဲ​တစ်ခု​ကို တက်ရောက်​ရန် ဖိတ်ခေါ်​ခံ​ခဲ့​ကြ​ရသည်။ ထို​ဖိတ်ကြား​ချက်​ကို သူတို့​လက်ခံခဲ့​ကြ​ပြီး ယင်း​သမယ​၌​ရွှင်လန်းမှု​ပို​ရှိစေရန်​ပင် ယေရှု​ပြုလုပ်​ပေး​ခဲ့​သည်။ စပျစ်​ရည်​ကုန်​သွားသော​အခါ ကိုယ်တော်​သည် အံ့ဖွယ်​နည်းဖြင့် အကောင်းဆုံး​စပျစ်​ရည်​ကို ဖြည့်စွက်​ပေး​ခဲ့​၏။ မင်္ဂလာပွဲ​ပြီး​နောက် ကျန်ကြွင်း​သော​စပျစ်​ရည်​ကို အတန်ကြာ​သည့်​အထိ​ပင် ဆက်​သုံးဆောင်​ရသော​ကြောင့် သတို့သား​နှင့်​သူ၏​မိသားစု​သည် ကျေးဇူး​တင်​ခဲ့​ကြ​မည်​မှာ သေချာ​သည်။—ယောဟန် ၂:၃-၁၁

ယေရှု​တက်ရောက်​ခဲ့​သည့် မင်္ဂလာပွဲ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် သင်ခန်းစာ​အချို့​ရှိသည်။ ဦးစွာ၊ ယေရှု​နှင့်​ကိုယ်တော်​၏​တပည့်​များသည် မင်္ဂလာဆောင်​ပွဲ​ကို ဖိတ်ခေါ်​မခံရ​ဘဲ​နှင့် တက်ရောက်​ခဲ့​ကြသည်​မဟုတ်ပါ။ သူတို့​ဖိတ်ခေါ်​ခံရ​သည်​ဟု သမ္မာကျမ်းစာ​က တိကျ​စွာ​ဖော်ပြ​ထား​သည်။ (ယောဟန် ၂:၁၊ ၂) ထို​နည်းတူ၊ မင်္ဂလာဆောင်​ပွဲ​ပုံ​ဥပမာ​နှစ်ခု​တွင် ဖိတ်ခေါ်​ခံရ​သောကြောင့် ဧည့်သည်​များ​ရောက်ရှိ​နေကြ​ကြောင်း ယေရှု​ထပ်ခါတလဲ​လဲ​ပြောဆို​ခဲ့​သည်။—မဿဲ ၂၂:၂-၄၊ ၈၊ ၉; လုကာ ၁၄:၈-၁၀

နိုင်ငံ​အချို့​တွင် ဖိတ်​သည်​ဖြစ်စေ၊ မဖိတ်​သည်​ဖြစ်စေ မင်္ဂလာဆောင်​ပွဲ​တစ်ခု​ကို ရပ်ကွက်​ရှိ​လူတိုင်း လွတ်လပ်​စွာ​တက်ရောက်​ကြသော​ထုံးစံ​ရှိသည်။ သို့သော် ဤသို့​ပြုခြင်း​သည် ငွေကြေး​အခက်အခဲ ဖြစ်ပေါ်​စေနိုင်​သည်။ မ​ချမ်းသာ​သော​ဇနီး​မောင်နှံ​သည် အကန့်အသတ်​မရှိ​လူအုပ်​အတွက် အစားအသောက်​လောက်​င​စေရန် အကြွေးတင်​သွား​နိုင်​ပေမည်။ ထို့​ကြောင့် ခရစ်ယာန်​မောင်နှံစုံ​သည် ဧည့်သည်​အရေအတွက်​ကို​ကန့်သတ်​၍ တော်​သင့်​သော​ဧည့်ခံပွဲ​ပြုလုပ်​ရန် ဆုံးဖြတ်​လျှင် ဖိတ်ခေါ်​မခံရ​သော ခရစ်ယာန်​ချင်း​များ​က နားလည်​ထောက်ထား​သင့်​သည်။ တောင်​အာဖရိက၊ ကိပ်​တောင်း​မြို့မှ အိမ်ထောင်ပြု​ခဲ့​သူ အမျိုးသား​တစ်ဦး​သည် သူ၏​မင်္ဂလာပွဲ​သို့​ဧည့်သည် ၂၀၀ ဖိတ်ခေါ်​ခဲ့​သည်ကို ပြန်​အမှတ်ရ​သည်။ သို့ရာတွင် ၆၀၀ ရောက်ရှိ​လာ​ရာ အစားအစာ​များ စောစီး​စွာ​ကုန်​သွားခဲ့​၏။ ရောက်လာ​သောမ​ဖိတ်ခေါ်​သူများ​တွင် မင်္ဂလာပွဲ​ခံ​ရာ​ရက်သတ္တပတ်​အဆုံး​တွင် ကိပ်​တောင်း​မြို့​သို့ ခရီး​လှည့်လည်​နေကြ​သော ဘတ်စကား​တစ်စီး​စာ​ဧည့်သည်​များ​ပါဝင်​သည်။ ဤ​လေ့လာရေး​ခရီးသည်​ဘတ်စကား​၏ ဧည့်လမ်းညွှန်​သည် သတို့သမီး​နှင့်​ဆွေမျိုး​တော်စပ်ပုံ​ရှိရာ သတို့သမီး​သော်လည်း​ကောင်း၊ သတို့သား​သော်လည်း​ကောင်း​မ​မေး​မ​မြန်း​ဘဲ အုပ်စု​တစ်စုလုံး​ကို သူ​ခေါ်လာ​ခွင့်​ရှိသည်​ဟု ထင်မှတ်​ခဲ့​သည်​တကား!

ဧည့်ခံပွဲ​ကို လူတိုင်း​တက်ရောက်ခွင့်​ရှိသည်​ဟု​မပြော​လျှင် ယေရှု၏​စစ်မှန်သော​နောက်လိုက်​တစ်ဦး​သည် ဖိတ်ခေါ်​မခံရ​ဘဲ မင်္ဂလာ​ဧည့်ခံပွဲ​ကို တက်ရောက်ခြင်း၊ ဖိတ်ခေါ်​ထားသော​ဧည့်သည်​များ​အတွက် တည်ခင်း​ထားသော​အစားအသောက်​များ​ကို ပါဝင်​စားသုံးခြင်း​တို့ကို ရှောင်​လိမ့်​မည်​ဖြစ်သည်။ ဖိတ်ခေါ်​မခံရ​ဘဲ တက်ရောက်​လို​သူများ​က ‘ဤ​မင်္ဂလာဆောင်​ပွဲ​ကို ကျွန်ုပ်​တက်ရောက်ခြင်း​သည် ကြင်စဦး​မောင်နှံ​အတွက် မေတ္တာမဲ့​ရာ​ကျ​မည်​မဟုတ်လော။ အကျွန်ုပ်သည် အနှောင့်အယှက်​ပေး​ရာ​ကျ​ပြီး ၎င်း​သမယ​၏​ပျော်ရွှင်မှု​ကို ထိခိုက်​စေမည်​မဟုတ်လော’ ဟူ၍​ကိုယ့်​ကိုယ်ကို​မေးသင့်​သည်။ ဖိတ်ခေါ်​မခံရ​ခြင်း​ကို ဗွေယူ​မည့်​အစား နားလည်မှု​ရှိသော​ခရစ်ယာန်​တစ်ဦး​သည် ထို​ဇနီး​မောင်နှံ​ထံ ဝမ်းသာ​ကြောင်း​နှင့် ယေဟောဝါ​ကောင်းချီး​သက်ရောက်​စေဖို့ ဆန္ဒပြု​ကြောင်း စာလွှာ​တစ်စောင်​ကို မေတ္တာ​ရှိ​စွာ​ပေး​ပို့​သင့်​သည်။ သူသည် အဆိုပါ​ဇနီး​မောင်နှံ​၏​မင်္ဂလာ​နေ့ရက်​တွင် ပျော်ရွှင်မှု​ထပ်ဆင့်​ရစေ​ရန် လက်ဆောင်​ပို့ပေး​ခြင်း​အားဖြင့် ကူညီ​ဖို့​ပင် စဉ်းစား​သင့်​ပေ​သည်။—ဒေ. ၇:၉; ဧဖက် ၄:၂၈

မည်သူ​တာဝန်​ယူ​သနည်း

အာဖရိက​မှ ဒေသ​အချို့​တွင် အသက်ကြီး​သော​ဆွေမျိုး​များသည် မင်္ဂလာပွဲ​အစီအစဉ်များ​ကို တာဝန်​ယူ​သည့်​ထုံးစံ​ရှိကြသည်။ ငွေကြေး​တာဝန်​လျော့​သွားသော​ကြောင့် ဇနီး​မောင်နှံ​များသည် ၎င်း​အတွက် ကျေးဇူး​တင်​ကြ​ပေမည်။ ဖြစ်ပျက်​မည့်​အဘယ်အရာကို​မဆို သူတို့​တာဝန်​ယူ​စ​ရာ​မလို​သည့်​အတွက်​လည်း ထို​ဇနီး​မောင်နှံ​များသည် စိတ်သက်သာ​ကြ​ပေမည်။ သို့သော် စိတ်ရင်းကောင်း​သော​ဆွေမျိုး​များ​မှ မည်သည့်​အကူအညီကို​မဆို လက်မခံ​မီ ဇနီး​မောင်နှံ​တစ်စုံ​သည် မိမိတို့၏​ကိုယ်ပိုင်​လိုအင်ဆန္ဒ​များ​ကို ထောက်ထား​လိမ့်​မည်​ဟု သေချာ​စွာ​သိထားသင့်​၏။

ယေရှုသည် ဘုရားသခင်​၏ “ကောင်းကင်​မှ​ဆင်းသက်​သော” သားတော်​ဖြစ်သော်လည်း ကာန​မြို့မှ မင်္ဂလာပွဲ​တွင် ကိစ္စရပ်​အများစုကို တာဝန်​ယူ​ညွှန်ကြား​သည့် လက္ခဏာ​မပြ​ချေ။ (ယောဟန် ၆:၄၁) ယင်းအစား၊ “ပွဲအုပ်” အဖြစ် ဆောင်ရွက်ရန် အခြား​တစ်ဦး​ကို ခန့်အပ်​ထား​ကြောင်း သမ္မာကျမ်းစာ​မှတ်တမ်းက ပြောပြ​သည်။ (ယောဟန် ၂:၈) တစ်ဖန် ဤ​သူသည် အိမ်ထောင်ဦးစီး​အသစ်​ဖြစ်သော သတို့သား​၏​ညွှန်ကြားမှု​ကို​ခံယူ​ရသည်။—ယောဟန် ၂:၉၊ ၁၀

ခရစ်ယာန်​ဆွေမျိုး​များသည် ဘုရားသခင်​ခန့်အပ်​ခံ အိမ်ထောင်ဦးစီး​အသစ်​ကို လေးစား​သင့်​သည်။ (ကောလောသဲ ၃:၁၈-၂၀) သူသည် မိမိ၏​မင်္ဂလာပွဲ​တွင် ဖြစ်ပျက်​လာ​မည့်​အရာ​အတွက် တာဝန်​ယူ​သင့်​သူ​ဖြစ်၏။ ဖြစ်​နိုင်​မည်​ဆိုလျှင် သတို့သား​သည် အကျိုးသင့်အကြောင်းသင့်​ရှိ​သင့်​ပြီး သတို့သမီး​နှင့် နှစ်ဦး​နှစ်ဖက်​မိဘများ​၏ လိုအင်ဆန္ဒ​ကို ဖြည့်ဆည်း​ပေး​သင့်​သည်။ သို့သော် ဆွေမျိုး​များ​၏​အစီအစဉ်များ​သည် ဇနီး​မောင်နှံ​၏​အလိုဆန္ဒ​နှင့် ဆန့်ကျင်​လျှင် ထို​ဇနီး​မောင်နှံ​သည် သူတို့၏​ကူညီ​ထောက်ပံ့မှု​ကို ယဉ်ကျေး​စွာ​ငြင်းပယ်​ကြ​ပြီး မိမိတို့၏​မင်္ဂလာပွဲ​ကို ကိုယ်တိုင်​သာ တော်သင့်ရုံ​ကျင်းပ​ကြ​ရ​ပေမည်။ ၎င်း​နည်းဖြင့် ဤ​ဇနီး​မောင်နှံ​အတွက် မနှစ်မြို့ဖွယ်​အမှတ်ရနေ​မှုများ ရှိ​မည်​မဟုတ်​ချေ။ ဥပမာ၊ အာဖရိက​မှ ခရစ်ယာန်​မင်္ဂလာပွဲ​တစ်ပွဲ​၌ အခမ်းအနား​မှူး​အဖြစ်​ဆောင်ရွက်​သော မယုံကြည်​သူ​ဆွေမျိုး​တစ်ဦး​သည် ကွယ်လွန်​သူ​ဘိုးဘေး​များ​ကို​အမည်တပ်​ဂုဏ်ပြု​ခဲ့​သည်​တကား!

တစ်ခါတစ်ရံ လက်ထပ်​ပြီး​သော​ဇနီး​မောင်နှံ​သည် မင်္ဂလာပွဲ​အခမ်းအနား​မပြီး​ဆုံး​မီ ပျားရည်ဆမ်း​ခရီး​ထွက်သွား​ကြသည်။ ထို​ကဲ့သို့​သော​အခြေအနေ​မျိုး​တွင် သတို့သား​သည် ကျမ်းစာ​စံနှုန်း​များ​ကို ဆက်​ထိန်းထား​ရန်​နှင့် အခမ်းအနား​ကို တော်​သင့်​သော​အချိန်တွင် ရပ်တန့်​စေရန် တာဝန်​ယူ​မည့်​သူများကို စီစဉ်​ထား​သင့်​သည်။

သေချာ​စွာ​စီစဉ်ခြင်း​နှင့် မျှတမှု​ရှိ​ခြင်း

ယေရှု​တက်ရောက်​ခဲ့​သည့် မင်္ဂလာဆောင်​ကို သမ္မာကျမ်းစာ​က ပွဲ​အဖြစ် ဖော်ပြ​ထားသော​ကြောင့် စားကောင်း​သောက်​ဖွယ်​များစွာ​ရှိ​မည်​မှာ ထင်ရှား​ပါ​သည်။ ရှေ့တွင်​ဖော်ပြ​ထား​သည့်​အတိုင်း စပျစ်​ရည်​များစွာလည်း​ရှိခဲ့​သည်။ သင့်လျော်​သော​တေးသီချင်း​နှင့် အသရေရှိသော​အ​က​တို့သည် ဂျူး​လူမှုရေး​၏​သာမန်​ကဏ္ဍ​တစ်ခု​ဖြစ်သော​ကြောင့် ယင်း​တို့​ရှိကြ​မည်​မှာ သေချာ​သည်။ ယေရှုသည် ၎င်းကို မိမိ၏​ကျော်ကြား​သည့် အသုံးအဖြုန်း​ကြီးသော​သား​ပုံ​ဥပမာ​တွင် ဖော်ပြ​ခဲ့​၏။ ထို​ပုံပြင်​မှ ချမ်းသာ​သော​ဖခင်​သည် သူ၏​နောင်တ​ရသော​သား ပြန်လာ​သည့်​အတွက် အလွန်​ဝမ်းသာ​ပြီး “ငါ​တို့သည် စား​ကြ​ကုန်​အံ့။ ပျော်မွေ့ခြင်း​ကို ပြု​ကြ​ကုန်​အံ့” ဟု​ပြော​ခဲ့​သည်။ ယေရှု၏​အဆို​အရ အခမ်းအနား​တွင် “က​ခြင်း၊ တီးမှုတ်​ခြင်း” တို့​ပါဝင်​ခဲ့​သည်။—လုကာ ၁၅:၂၃၊ ၂၅

သို့သော် သမ္မာကျမ်းစာ​၌ ကာန​မြို့မှ​မင်္ဂလာပွဲ​တွင် တီးမှုတ်​ခြင်း​နှင့်​ကခုန်​ခြင်း​တို့​ရှိသည်​ဟု အတိအကျ​မဖော်​ပြ​ထား​သည်​မှာ စိတ်ဝင်စားစရာ​ကောင်း​သည်။ အမှန်​ဆို​ရ​လျှင် ကခုန်​ခြင်း​ကို မင်္ဂလာပွဲ​နှင့်​ပတ်သက်သော မည်သည့်​ကျမ်းစာ​မှတ်တမ်းများ​၌​မျှ မဖော်​ပြ​ထား​ချေ။ ကျမ်းစာ​ခေတ်​မှ ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန်​များ​တွင် ကခုန်​ခြင်း​သည် အခါ​အား​လျော်​စွာ​ပြုခြင်း​ဖြစ်​ပြီး သူတို့​မင်္ဂလာပွဲ​များ​၏ အဓိက​အသွင်အပြင်​မဟုတ်ပါ။ ၎င်း​မှ အဘယ်အရာကို ကျွန်ုပ်​တို့​သိရှိ​နိုင်​သနည်း။

အာဖရိက​မှ ခရစ်ယာန်​မင်္ဂလာပွဲ​အချို့​တွင် လျှပ်စစ်​အသံချဲ့စက်​များ​ကို အသုံးပြု​ကြ​၏။ ဧည့်သည်​များ သက်သောင့်သက်သာ​စကား​မပြော​နိုင်​သည့်​အထိ တေးသီချင်း​သည် ကျယ်​လွန်း​နိုင်​သည်။ တစ်ခါတစ်ရံ အစားအစာ​ကုန်​သွား​သော်လည်း ထိန်းရခက်​လာသော​ကခုန်​ခြင်း​သည် မပြီးပြတ်​သေး​ချေ။ မင်္ဂလာဆောင်​ပွဲ​ဖြစ်​မည့်​အစား ဤသို့​သော​သမယ​သည် အ​က​ပါတီ​မျှ​သာ​ဖြစ်သွား​ပေမည်။ ထို့​ပြင် ကျယ်လောင်​သော​သီချင်းသည် နှောင့်ယှက်​သူများ၊ ဖိတ်ခေါ်​မခံရ​ဘဲ​လာ​သည့် သူစိမ်း​များ​ကို ဆွဲဆောင်​တတ်​သည်။

မင်္ဂလာပွဲ​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​မှတ်တမ်းက သီဆိုခြင်း​နှင့်​ကခုန်​ခြင်း​တို့ကို အလေးထား​မပြော​သောကြောင့် ယင်းသည် ယေဟောဝါ​အား ဂုဏ်တင်​စေ​မည့်​မင်္ဂလာပွဲ​ကို စီစဉ်​သော ဇနီး​မောင်နှံ​အတွက် လမ်းညွှန်ချက်​ဖြစ်သည်​မဟုတ်ပေ​လော။ သို့​တိုင် အာဖရိက​တောင်ပိုင်း​တွင် မကြာသေးမီ​က​ကျင်းပ​သော မင်္ဂလာပွဲ​အချို့​ကို ကြိုတင်​ပြင်ဆင်​ရာ​၌ ထိမ်းမြား​မင်္ဂလာ​အဖွဲ့ဝင်​ဖြစ်​ရန် ရွေးချယ်​ခံရ​သူ ခရစ်ယာန်​လူငယ်များသည် ခက်ခဲ​ရှုပ်ထွေး​သောက​ကွက်​များ​ကို လေ့ကျင့်​ရာ​တွင် အချိန်​ပေါင်း​များစွာ​အကုန်ခံ​ခဲ့​ကြသည်။ ဤနည်းဖြင့် လ​နှင့်​ချီ​၍ သူတို့၏​အချိန်ကို​အသုံးပြု​ခဲ့​ကြသည်။ သို့ရာတွင် ခရစ်ယာန်​များသည် ဧဝံဂေလိ​လုပ်ငန်း၊ ကိုယ်ပိုင်​လေ့လာမှု​နှင့် ခရစ်ယာန်​အစည်းအဝေး​များ​တက်ရောက်ခြင်း​ဖြစ်သော “သာ၍​အရေးကြီးသော​အရာများ” အတွက် “အချိန်ကို​ဝယ်ယူ” ဖို့​လို​သည်။—ဖိလိပ္ပိ ၁:၁၀က​ဘ; ဧဖက် ၅:၁၆က​ဘ။

ယေရှု​ပြုလုပ်​ပေး​ခဲ့​သည့် စပျစ်​ရည်​ပမာဏ​အရ ကာန​မြို့မှ​မင်္ဂလာပွဲ​သည် ကြီးကျယ်​ခမ်းနား​ကြောင်း​ထင်ရှား​သည်။ သို့သော် ဤ​သမယ​သည် ဆူညံ​သောင်းကျန်း​ချိန်​မဟုတ်သည့်​အပြင် ဧည့်သည်​များသည် အချို့​သော​ဂျူး​မင်္ဂလာပွဲ​များ​မှာ​ကဲ့သို့ အရက်သောက်​ကြူး​ခြင်း​မရှိ​သည်​မှာ စိတ်ချ​နိုင်​သည်။ (ယောဟန် ၂:၁၀) ယင်းကို ကျွန်ုပ်​တို့​မည်သို့​စိတ်ချ​နိုင်​သနည်း။ သခင်​ယေရှု​ခရစ်​တက်ရောက်​ခဲ့​သောကြောင့်​ဖြစ်သည်။ ယေရှုသည် မကောင်းသော​အပေါင်းအသင်း​နှင့်​ပတ်သက်​၍ “စပျစ်​ရည်​သောက်ကြူး​သော​သူ . . . တို့ကို အပေါင်းအဖော်​မ​လုပ်​နှင့်” ဟူသော ဘုရားသခင်​၏​မိန့်မှာချက်ကို နာခံ​ရာ​တွင် လူအပေါင်း​တို့​ထက် ဂ​ရု​အ​စိုက်​ဆုံး​သူ​ဖြစ်​လိမ့်​မည်။—သု. ၂၃:၂၀

ထို့​ကြောင့် ဇနီး​မောင်နှံ​တစ်စုံ​သည် မိမိတို့၏​မင်္ဂလာပွဲ​တွင် ဝိုင် သို့မဟုတ် အခြား​အရက်ယမကာ​များ​ကို တည်ခင်း​ရန် ဆုံးဖြတ်​လျှင် တာဝန်​သိ​တတ်​သူများ​၏ ကြပ်မတ်​သော​ထိန်းချုပ်မှု​အောက်​ဖြစ်စေ​ရန် စီစဉ်​သင့်​၏။ ထို့​ပြင် တေးသီချင်း​ဖွင့်​ရန် ဆုံးဖြတ်​လျှင် လျောက်ပတ်​သော​တေးသံသာ​များ​ကို ရွေးချယ်​သင့်​ပြီး အသံ​အတိုး​အကျယ်​ကို​ဂရုစိုက်​ရန် တစ်ဦး​တစ်ယောက်ကို​တာဝန်​ပေး​ထား​သင့်​သည်။ သံသယဖြစ်ဖွယ်​တေး​သီချင်းများ​ဖွင့်​ခြင်း သို့​မဟုတ် မတန်တဆ​အသံ​ကျယ်​စေခြင်း​တို့ကို ဧည့်သည်​များ​အား ခွင့်​မပြု​သင့်​ချေ။ က​ကြ​မည်​ဆိုပါ​က ဣန္ဒြေရရ​ထိန်းထိန်းသိမ်းသိမ်း​ဖြင့် က​နိုင်​ကြ​ပေမည်။ အကယ်၍ မယုံကြည်​သူ​ဆွေမျိုး​များ သို့​မဟုတ် မရင့်ကျက်​သော​ခရစ်ယာန်​များသည် ရိုင်း​ပျ​သော သို့​မဟုတ် ရာဂစိတ်​နိုးကြွ​စေသော ကကွက်​များ​ဖြင့်​ကခုန်​မည်​ဆိုပါ​က သတို့သား​သည် တေးသီချင်း​ကို​ပြောင်း​လိုက်​ရန် သို့​မဟုတ် ကခုန်​ခြင်း​ကို​ရပ်တန့်​ပစ်​ရန် လိမ္မာ​ပါးနပ်​စွာ​တောင်းပန်​ရ​ပေမည်။ သို့​မဟုတ်လျှင် ထို​မင်္ဂလာပွဲ​သည် ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်သွား​နိုင်​ပြီး ထိမိ​၍​လဲ​စေနိုင်​သည်။—ရောမ ၁၄:၂၁

ခေတ်မီ​သော​အ​က​အချို့၊ ကျယ်လောင်​သော​တေးသီချင်း​နှင့် အရက်ယမကာ​ပေါများ​ခြင်း​တို့၏ အန္တရာယ်များ​ကြောင့် ခရစ်ယာန်​သတို့သား​အများ​သည် သူတို့၏​မင်္ဂလာပွဲ​တွင် ၎င်းတို့ကို​မပါ​စေရန် ဆုံးဖြတ်​ခဲ့​ကြသည်။ ယင်းကြောင့် အချို့​သည် ပြစ်တင်​ဝေဖန်ခံ​ခဲ့​ကြ​ရ​သော်လည်း ဘုရားသခင်​၏​သန့်ရှင်း​မြင့်မြတ်​သော နာမတော်​ကို ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​မည့် မည်သည့်​အမှုကို​မဆို ရှောင်ရှား​လို​သော သူတို့၏​ဆန္ဒ​ကို​ချီးမွမ်း​သင့်​သည်။ တစ်ဖက်​တွင်​မူ၊ သတို့သား​အချို့​သည် လျောက်ပတ်​သော​တေးသီချင်း​ကို​တီး​ရန်၊ က​ကြ​မည့်​အချိန်​နှင့် အရက်ယမကာ​တို့ကို တော်​သင့်​စွာ​တည်ခင်း​ရန် စီစဉ်​ကြသည်။ မည်သို့​ပင်​ဆို​စေ သတို့သား​သည် သူ၏​မင်္ဂလာပွဲ​တွင် ခွင့်ပြု​သမျှ​အတွက် တာဝန်​ယူရ​မည်။

အာဖရိက​မှ အချို့​သောမ​ရင့်ကျက်သူများ​သည် ဂုဏ်​ကျက်သရေ​ရှိ​ခရစ်ယာန်​မင်္ဂလာပွဲ​များ​ကို အထင်သေး​ကာ အသုဘ​ကို​သွား​ရခြင်း​နှင့်​တူ​သည်​ဟု ပြော​ကြ​၏။ သို့ရာတွင် ၎င်း​သည် မျှတသော​အမြင်​မဟုတ်​ချေ။ အပြစ်ရှိ​သော​ဇာတိ​အကျင့်​များ​က တဒင်္ဂ​စိတ်​လှုပ်ရှားမှု​ကို ဖြစ်ပေါ်​စေနိုင်​သော်လည်း ယင်း​တို့သည် ခရစ်ယာန်​များ​အား ကိုယ်ကို​ကိုယ်​သိသောစိတ်​မကြည်မလင်​ဖြစ်စေ​ပြီး ဘုရားသခင့်​နာမတော်​ကိုလည်း ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​သည်။ (ရောမ ၂:၂၄) အခြား​တစ်ဖက်​တွင်​မူ၊ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်တော်သည် စစ်မှန်သော​ရွှင်လန်းမှု​ကို​ဖြစ်ပေါ်​စေ​သည်။ (ဂလာတိ ၅:၂၂) ခရစ်ယာန်​ဇနီး​မောင်နှံ​များစွာတို့သည် သူတို့၏​မင်္ဂလာ​နေ့ရက်မှာ ပျော်ရွှင်ဖွယ်​သမယ​ဖြစ်​ခဲ့​ပြီး “ထိမိ​၍​လဲစရာ​အကြောင်း” တစ်ခု​မဟုတ်​ခဲ့​ကြောင်းကို​သိရှိ​ကာ အားရ​ကျေနပ်​စွာ ဂုဏ်ယူ​ကာ ပြန်လည်​စဉ်းစား​ကြသည်။—၂ ကောရိန္သု ၆:၃

ဝဲ့လ်ရှ်​နှင့်​အဲလ်​သီ​ယာ​တို့သည် သူတို့၏​မင်္ဂလာပွဲ​ကို တက်ရောက်​ခဲ့​ကြ​သည့် မယုံကြည်​သူ​ဆွေမျိုး​များ​၏ ချီးမွမ်း​စကား​များစွာကို အမှတ်ရနေ​ဆဲ​ပင်။ “အခု​တ​လော​ကျင်းပ​ကြ​တဲ့ ဆူညံ​တဲ့​မင်္ဂလာပွဲ​တွေ​ကို စိတ်ကုန်​တယ်။ အဲဒါတွေနဲ့​မတူဘဲ တင့်တယ်​လျောက်ပတ်​တဲ့​မင်္ဂလာပွဲ​တစ်ခု​ကို တက်ရောက်​ခဲ့​ရတာ တကယ့်ကို​ကောင်းတယ်” ဟု​တစ်ဦး​က​ပြော​ခဲ့​သည်။

အရေး​အကြီးဆုံး​မှာ၊ ရွှင်လန်းဖွယ်​ကောင်းပြီး ကျက်သရေ​ရှိသော ခရစ်ယာန်​မင်္ဂလာပွဲ​များသည် အိမ်ထောင်မင်္ဂလာ​ကို​အစပြု​သူ ယေဟောဝါ​ဘုရားသခင်​အား ဂုဏ်တင်ရာ​ရောက်​ပေ​၏။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

မင်္ဂလာ​ဧည့်ခံပွဲ အစီအစဉ်​စာရင်း​ကို စစ်ဆေးခြင်း

• သင်သည် မိန့်ခွန်း​ပြောကြား​ရန် မယုံကြည်​သူ​ဆွေမျိုး​တစ်ဦး​ကို ဖိတ်ခေါ်​မည်​ဆိုပါ​က သူသည် ခရစ်ယာန်မဆန်​သော ဓလေ့​ထုံးစံ​အချို့​ကို မ​ထည့်သွင်း​ဖို့ အသေအချာ​စီစဉ်​ပြီးပြီ​လော။

• တေးသီချင်း​ဖွင့်​မည်​ဆိုပါ​က လျောက်ပတ်​သော​သီချင်းများ​ကို​သာ ရွေးချယ်​ပြီးပြီ​လော။

• တေးသီချင်း​ကို တော်သင့်ရုံ​အသံ​ဖြင့်​ဖွင့်​မည်​လော။

• ကခုန်​ခြင်း​ကို ခွင့်ပြု​မည်​ဆိုပါ​က ကျက်သရေ​ရှိ​စွာ က​ကြ​မည်​လော။

• အရက်ယမကာ​များ​ကို တော်သင့်ရုံ​သာ တည်ခင်း​မည်​လော။

• တာဝန်​ရှိသူ​များသည် ယင်းကို ဝေငှ​ရာ​တွင် ထိန်းချုပ်​မည်​လော။

• မင်္ဂလာ​ဧည့်ခံပွဲ​ကို တော်​သင့်​သော​အချိန်တွင် အဆုံးသတ်​ရန် သတ်မှတ်​ပြီးပြီ​လော။

• အဆုံးတိုင်​ငြိမ်သက်​အေးချမ်း​စေရန် တာဝန်​ရှိ​သူများ​ရှိနေ​မည်​လော။