မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်တော်ပြောသောအရာကို ကြားလော့

ဝိညာဉ်တော်ပြောသောအရာကို ကြားလော့

ဝိညာဉ်​တော်​ပြော​သော​အရာ​ကို ကြား​လော့

“သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင်၊ ‘ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့’ ဟု သင့်​နောက်​၌​ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။”—ဟေရှာယ ၃၀:၂၁

၁၊ ၂။ ယေဟောဝါ​သည် လူသား​တို့​နှင့် သမိုင်း​တစ်လျှောက် မည်သို့​ဆက်သွယ်​ခဲ့​သနည်း။

ကမ္ဘာ့​အကြီးမားဆုံး​နှင့် အလင်းပြန်​အား​အကောင်းဆုံး စ​လောင်း​တစ်ချပ်​ရေဒီယို​တယ်​လီ​စ​ကုပ် တည်ရှိရာ​နေရာ​သည် ပွာတီရီကို​ကျွန်း​ဖြစ်သည်။ သိပ္ပံ​ပညာရှင်​များသည် ဤ​ကြီးမား​လှ​သော​ကိရိယာ​ကို​အသုံးပြု​ကာ အခြား​ကမ္ဘာ​သားများ​ထံ​မှ သတင်း​အချက်အလက်​များ​ရရှိရန် ဆယ်စု​နှစ်ချီ၍ မျှော်လင့်​ခဲ့​ကြပြီ။ သို့သော် အဘယ်​သတင်း​အချက်အလက်​ကို​မျှ တစ်ခါမျှ​မရရှိ​ခဲ့​ကြ​ချေ။ သို့​ဖြစ်စေ​ကာ​မူ ထူးခြား​သည်​မှာ ခေတ်မီ​ဆန်းပြား​သော​ပစ္စည်း​ကိရိယာ​ကို အသုံးမပြု​ဘဲ ကျွန်ုပ်​တို့​အထဲ​မှ မည်သူ​မဆို​သည် လူသား​နယ်ပယ်​အပြင်ဘက်​မှ ကြည်လင်​ပြတ်သား​သည့် သတင်း​အချက်အလက်​များ​ကို အချိန်မရွေး​ရရှိနိုင်​ခြင်း​ဖြစ်သည်။ ယင်း​တို့သည် စိတ်ကူး​တွင်​ရှိကြ​သည့် အခြား​ကမ္ဘာ​သားများ​ထက် အလွန်​မြင့်မား​သည့်​ရင်းမြစ်​တစ်ခု​မှ​လာ​၏။ ယင်း​သို့​သော ဆက်သွယ်မှု​များ​၏​ရင်းမြစ်​ကား မည်သူ​နည်း၊ ၎င်းတို့ကို မည်သူ​တို့​လက်ခံရ​ရှိနေကြ​သနည်း။ သတင်း​စကား​များ​က အဘယ်နည်း။

ဘုရားသခင့်​ထံ​တော်​မှ​သတင်း​များ​ကို လူ့​နား​ဖြင့်​ကြား​ခဲ့​ရသော အခါသမယ​များနှင့်​ပတ်သက်​သည့် မှတ်တမ်း​များစွာကို သမ္မာကျမ်းစာ​၌ ဖော်ပြ​ထား​သည်။ တစ်ခါတစ်ရံ ဘုရားသခင့်​စေတမန်​များ​အဖြစ်​အမှုဆောင်​ကြသော နာမ်ဝိညာဉ်​သတ္တဝါများ​က ဤ​သတင်း​များ​ကို​ပေး​ပို့​ခဲ့​ကြ​၏။ (ကမ္ဘာဦး ၂၂:၁၁၊ ၁၅; ဇာခရိ ၄:၄၊ ၅; လုကာ ၁:၂၆-၂၈) ယေဟောဝါ​ကိုယ်တော်တိုင်​၏​အသံတော်​ကို​ကား အချိန်သုံး​ချိန်​တွင် ကြား​ခဲ့​ကြ​ရသည်။ (မဿဲ ၃:၁၇; ၁၇:၅; ယောဟန် ၁၂:၂၈၊ ၂၉) ဘုရားသခင်​သည် လူသား​ပရောဖက်​များ​မှ​တစ်ဆင့်​လည်း မိန့်တော်မူ​ခဲ့​ပြီး များစွာသော​သူတို့က မိမိတို့​အား ကိုယ်တော်​မှုတ်သွင်း​ပြောဆို​စေ​ခဲ့​ရာ​များ​ကို ရေးချ​ခဲ့​ကြသည်။ ယနေ့ ကျွန်ုပ်​တို့​၌ သမ္မာကျမ်းစာ​ရှိ​ထားပြီး ထို​တွင် ဤ​ဆက်သွယ်မှု​အကြောင်း​များ​သာမက ယေရှု​နှင့် ကိုယ်တော့်​တပည့်တော်​များ သွန်သင်​ပေး​ခဲ့​သော​အရာများ​၏ မှတ်တမ်းတင်​ချက်​များလည်း​ပါဝင်​သည်။ (ဟေဗြဲ ၁:၁၊ ၂) ယေဟောဝါ​သည် သတင်း​အချက်အလက်​များ​ကို လူသတ္တဝါ​များ​ထံ အမှန်ပင်​ပေး​ပို့​လျက်​ရှိသည်။

၃။ ဘုရားသခင့်​သတင်း​တော်​များ​၏​ရည်ရွယ်ချက်ကား အဘယ်နည်း၊ ကျွန်ုပ်​တို့​ထံ​မှ အဘယ်အရာကို မျှော်လင့်​သနည်း။

ဘုရားသခင့်​ထံ​တော်​မှ ဤ​မှုတ်သွင်းခံ သတင်း​အချက်အလက်​အားလုံး​သည် မျက်မြင်ရ​စကြဝဠာ​နှင့်​ပတ်သက်​၍ အနည်းငယ်​သာ​ဖော်ပြ​၏။ ယင်း​တို့သည် ယခု​နှင့် အနာဂတ်​တွင် ကျွန်ုပ်​တို့၏​အသက်တာအပေါ် အကျိုး​သက်ရောက်​သည့် သာ၍​အရေးပါသော​အရာများ​ကို အာရုံစိုက်​စေ​သည်။ (ဆာလံ ၁၉:၇-၁၁; ၁ တိမောသေ ၄:၈) ယေဟောဝါ​သည် မိမိ၏​အလိုတော်ကို​သိစေ​ရန်​နှင့် ကိုယ်တော့်​ညွှန်ကြားချက်​ကို​ပေး​ရန် ယင်း​တို့ကို အသုံးပြု​တော်​မူ​သည်။ ယင်းသည် ပရောဖက်​ဟေရှာယ​၏ ဤ​စကား​များ​ပြည့်စုံ​သည့် နည်း​တစ်နည်း​ဖြစ်သည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင်၊ ‘ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့’ ဟု သင့်​နောက်​၌​ပြော​သော​စကားသံ​ကို ကိုယ်​နား​နှင့်​ကြား​ရ​လိမ့်​မည်။” (ဟေရှာယ ၃၀:၂၁) ယေဟောဝါ​သည် မိမိ၏ “စကား” ကို​နားထောင်​ရန် အတင်းအကျပ်​မပြု​ပါ။ ဘုရားသခင့်​ညွှန်ကြားချက်​ကို လိုက်နာ​ပြီး ကိုယ်တော်​၏​လမ်း​တွင် လျှောက်လှမ်းခြင်း​သည် ကျွန်ုပ်​တို့​အပေါ်​မူတည်​နေ​၏။ ထို​အကြောင်းကြောင့် ယေဟောဝါ​ထံ​တော်​မှ ဆက်သွယ်မှု​များ​ကို နားဆင်​ရန် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့အား သတိပေး​ခြင်း​ဖြစ်သည်။ “ဝိညာဉ်တော်သည် . . . အဘယ်​သို့​မိန့်တော်မူသည်​ကို . . . ကြား” နာ​ကြဖို့​အားပေးချက်​သည် ဗျာဒိတ်ကျမ်း​တွင် ခု​နစ်​ကြိမ်​ပါရှိ​၏။—ဗျာဒိတ် ၂:၇၊ ၁၁၊ ၁၇၊ ၂၉; ၃:၆၊ ၁၃၊ ၂၂

၄။ ကျွန်ုပ်​တို့​အချိန်တွင် ဘုရားသခင် ကောင်းကင်​မှ တိုက်ရိုက်​ဆက်သွယ်​ရန် မျှော်လင့်ခြင်းသည် ကျိုးကြောင်း​ညီညွတ်​ပါသလော။

ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ကောင်းကင်​မှ တိုက်ရိုက်​စကား​မပြော​ချေ။ သမ္မာကျမ်းစာ​ခေတ်​၌​ပင် သဘာဝ​ထက်​လွန်ကဲ​သော ဤ​ဆက်သွယ်မှု​များ​မှာ ရှားပါး​သော​ဖြစ်ရပ်​များ​ဖြစ်​ပြီး တစ်ခါတစ်ရံ ရာစု​နှစ်ချီ၍ ကွာခြား​သည်။ သမိုင်း​တစ်လျှောက်​တွင် ယေဟောဝါ​သည် များသောအားဖြင့် သွယ်ဝိုက်​သည့်​နည်းများဖြင့် မိမိ၏​လူ​တို့​နှင့် ဆက်သွယ်​လေ့​ရှိခဲ့​သည်။ ကျွန်ုပ်​တို့​ခေတ်တွင် ဤ​အတိုင်း​ဖြစ်သည်။ ယနေ့ ကျွန်ုပ်​တို့​နှင့် ယေဟောဝါ​ဆက်သွယ်​သော နည်း​သုံးနည်း​ကို သုံးသပ်ကြည့်​ကြ​စို့။

“ကျမ်းစာ​ရှိသမျှသည် မှုတ်သွင်းခြင်း​အားဖြင့်​ဖြစ်”

၅။ ယနေ့ ယေဟောဝါ​၏​အဓိက​ဆက်သွယ်ရေး​ကိရိယာ​ကား အဘယ်နည်း၊ ယင်း​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုးကျေးဇူး​ခံစား​နိုင်​သနည်း။

ဘုရားသခင်​နှင့် လူ​တို့​စပ်ကြား အဓိက​ဆက်သွယ်ရေး​ကိရိယာ​မှာ သမ္မာကျမ်းစာ​ဖြစ်သည်။ ယင်းကို ဘုရားသခင်​မှုတ်သွင်း​ထား​၍ ၎င်း​တွင်​ပါဝင်သော​အရာအားလုံး​သည် ကျွန်ုပ်​တို့အတွက် အကျိုးရှိ​နိုင်​ပါ​သည်။ (၂ တိမောသေ ၃:၁၆) ယေဟောဝါ​၏​အသံတော်​ကို နားထောင်၊ မ​ထောင် လွတ်လပ်​စွာ​ဆုံးဖြတ်ခွင့်​ရှိခဲ့​ကြသော အမှန်တကယ်​အသက်ရှင်ခဲ့​ကြ​သည့် ပုဂ္ဂိုလ်​မြောက်မြားစွာ​၏​ပုံ​ဥပမာ​များ သမ္မာကျမ်းစာ​၌​ပါရှိ​သည်။ ဘုရားသခင့်​ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​အာရုံစိုက်ရန်​အရေးကြီးကြောင်း ထိုသို့​သော​ဥပမာ​များ​က သတိပေး​သည်။ (၁ ကောရိန္သု ၁၀:၁၁) သမ္မာကျမ်းစာ​၌ လက်တွေ့ကျ​သော​အသိပညာ​ပါရှိ​ပြီး ဘဝ​အသက်တာတွင် ဆုံးဖြတ်ချက်​များ​ချရန် ရင်ဆိုင်​ကြ​ရသောအခါ ကျွန်ုပ်​တို့ကို အကြံဉာဏ်​ပေး​လေ​သည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့​နောက်​၌​နေ၍ ကျွန်ုပ်​တို့၏​နား​တွင် “ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့” ဟု​ပြောဆို​ဘိ​သကဲ့သို့​ဖြစ်သည်။

၆။ သမ္မာကျမ်းစာ​သည် အခြား​အရေးအသား​များ​ထက် အဘယ်ကြောင့် များစွာ​သာလွန်​ရသနည်း။

သမ္မာကျမ်းစာ​စာမျက်နှာ​များ​မှ​တစ်ဆင့် ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို ကြား​နိုင်​ရန် ယင်းကို ကျွန်ုပ်​တို့​မှန်မှန်​ဖတ်ရှု​ရမည်။ သမ္မာကျမ်းစာ​သည် အရေးအသား​ကောင်းသော၊ လူကြိုက်များ​သော၊ ယနေ့ လူများစွာ​ရရှိနိုင်သော စာအုပ်​တစ်အုပ်​မျှ​သာ​မဟုတ်​ချေ။ သမ္မာကျမ်းစာ​သည် ဝိညာဉ်​တော်​မှုတ်သွင်းခံ​ရပြီး ဘုရားသခင်​၏​အတွေးအခေါ်​များ ပါရှိ​သည်။ ဟေဗြဲ ၄:၁၂ က​ဤသို့​ဆို​သည်– “ဘုရားသခင်​၏​နှုတ်[မြွက်]တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့်​ခြင်ဆီ​ကိုလည်း​ကောင်း​ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​စဉ် ယင်း​တွင်​ပါရှိ​သော​စကား​များသည် သန်လျက်​ကဲ့သို့​ပင် ကျွန်ုပ်​တို့၏​အတွင်းစိတ်​သဘော​နှင့် လှုံ့ဆော်​တိုက်တွန်းမှု​များ​ကို ထုတ်​ချင်း​ခွင်း​ကာ ကျွန်ုပ်​တို့၏​ဘဝ​အသက်တာကို ဘုရားသခင့်​အလိုတော်နှင့်​အညီ အဘယ်​အတိုင်းအတာ​အထိ လျော်ညီစွာ​လိုက်လျှောက်​ကြောင်းကို ဖော်ပြ​လျက်​ရှိသည်။

၇။ သမ္မာကျမ်းစာ​ကို​ဖတ်ရှုခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း၊ ယင်းကို မည်မျှ​မကြာခဏ​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့အား​ပေး​ခံရ​သနည်း။

အချိန်​ကုန်လွန်​လာပြီး ကျွန်ုပ်​တို့​ဘဝ​အသက်တာတွင် တွေ့ကြုံ​ခဲ့​ကြ​ရသော သာယာမှု​နှင့်​ခက်ခဲ​မှု​နှစ်ရပ်​စ​လုံး​၏ အကျိုး​သက်ရောက်မှု​ကို​ခံစား​ကြ​ရ​စဉ် ကျွန်ုပ်​တို့ “စိတ်နှလုံး​အ​ကြံစည်​များ” သည် ပြောင်းလဲ​လာနိုင်​၏။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့ အမြဲတစေ​မဖတ်​လျှင် ကျွန်ုပ်​တို့၏​ယူဆချက်များ၊ သဘောထားများ​နှင့် စိတ်​လှုပ်ရှားမှုများ​သည် ဘုရားသခင့်​ရေးရာ​မူများ​နှင့် ညီညွတ်​နေ​တော့မည်​မဟုတ်​ချေ။ ထို့​ကြောင့် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “သင်တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​လော​ဟု ကိုယ်ကို​ကိုယ် [“ဆက်၍၊” က​ဘ] စစ်ကြော” လျက်​နေကြ​လော့။ (၂ ကောရိန္သု ၁၃:၅) ဝိညာဉ်​တော်​ပြောဆို​ရာ​ကို ကျွန်ုပ်​တို့ ဆက်လက်​ကြားနာ​နေကြ​ရမည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှု​ရမည်​ဟူသော​ညွှန်ကြားချက်​ကို သတိမူ​သင့်​သည်။—ဆာလံ ၁:၂

၈။ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​၏​အဘယ်​စကား​များ​က မိမိကိုယ်ကို​ဆန်းစစ်​ကြည့်​ဖို့ အကူအညီ​ပေး​သနည်း။

သမ္မာကျမ်းစာ​ကို ဖတ်ရှု​သူတို့​အတွက် အရေးပါသော သတိပေး​ချက်​တစ်ရပ်​ကား ဤသို့​ဖြစ်သည်– သင်​ဖတ်ရှု​ရာ​ကို ကြေညက်​အောင် အချိန်​အလုံအလောက်​ပေး​ပါ! နေ့စဉ်​နေ့တိုင်း ကျမ်းစာ​ဖတ်ရှု​ရမည်​ဟူသော​ညွှန်ကြားချက်​ကို လိုက်လျှောက်ရန် ကြိုးစား​အားထုတ်​ကြ​ရာ​၌ ကျွန်ုပ်​တို့​ဖတ်ရှု​ရာ​ကို​နားမလည်​ဘဲ အခန်းကြီး​အတော်များများကို အလောတကြီး​ဖတ်ရှု​သွားခြင်း မပြု​လုပ်​လို​ကြ​ပါ။ သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှုခြင်း​သည် အရေးကြီး​သည်​မှန်​သော်လည်း ကျွန်ုပ်​တို့၏​လှုံ့ဆော်မှု​မှာ ဇယား​အတိုင်း​လိုက်​ဖို့​တစ်ခု​တည်း မဖြစ်​သင့်​ချေ; ယေဟောဝါ​နှင့် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​များ​ကို သိရှိ​လို​သော​စိတ်ရင်းမှန်​ရှိ​သင့်​၏။ ယင်း​နှင့်​ပတ်သက်​၍ မိမိကိုယ်ကို​ဆန်းစစ်​ရန် တမန်​တော်​ပေါလု​၏ ဤ​စကား​မျာ​ကို ကျွန်ုပ်​တို့​ကောင်းစွာ​အသုံးပြု​လို​ကြ​ပေမည်။ ခရစ်ယာန်​ချင်း​များ​ထံ စာရေး​ရာ​တွင် ဤသို့​သူ​ဆို​သည်– “ခမည်းတော်​ရှေ့မှာ ငါသည် ဒူးထောက်၍ . . . ယုံကြည်ခြင်း​အားဖြင့် ခရစ်တော်​သည် သင်တို့၏​စိတ်နှလုံး​အထဲ​၌ ကျိန်းဝပ်​တော်​မူ​မည်​အကြောင်း၊ ဘုန်းတော်​ကြွယ်ဝ​ပြည့်စုံခြင်း​နှင့်​ညီ​လျော်​စွာ သင်တို့အား​ပေးသနား​တော်​မူ​၍၊ မေတ္တာ[ချစ်ခြင်း] ၌​စိုက်ပျိုးခြင်း၊ တိုက်မြစ်​လည်း​ကျ​တည်​ခြင်း​ရှိသဖြင့်၊ သင်တို့သည် သန့်ရှင်းသူ​အပေါင်း​တို့၏​နည်းတူ၊ အနံ​အလျား​အနက်​အမြင့်​တို့ကို​ပိုင်းခြား​၍​သိခြင်း​ငှာ​လည်းကောင်း၊ ကိုယ်​ဉာဏ်​နှင့်​မသိနိုင်​သော ခရစ်တော်​၏​မေတ္တာတော် [ချစ်ခြင်း] ကို သိ​နားလည်ခြင်း​ငှာ​လည်းကောင်း၊ သင်တို့သည် တတ်စွမ်း​နိုင်​သဖြင့် ဘုရားသခင်​၏​ပြည့်စုံ​တော်​မူ​ခြင်း​ရှိသမျှ​နှင့်​အညီ ပြည့်စုံ​ကြ​ပါ​မည်​အကြောင်း၊ ငါသည် ဆုတောင်း​လေ့​ရှိ၏။”—ဧဖက် ၃:၁၅၊ ၁၇-၁၉

၉။ ယေဟောဝါ​ထံ​တော်​၌​သင်ယူ​လို​စိတ်​ကို ကျွန်ုပ်​တို့​မည်သို့​ပြုစု​ပျိုးထောင်​၍ နက်ရှိုင်း​စေနိုင်​သနည်း။

ကျွန်ုပ်​တို့​တွင် အချို့​မှာ​စာဖတ်​ရန်​ထက်သန်​ကြသော်လည်း အခြားသူ​တို့​မှာ​မူ ပင်ကိုဗီဇ​အားဖြင့် စာဖတ်​ဝါသနာ​မပါ​ကြ​ချေ။ သို့သော် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​၏​အရည်အသွေး​မှာ မည်သို့​ပင်​ဖြစ်ပါစေ ယေဟောဝါ​ထံ​တော်​မှ​သင်ယူ​လို​စိတ်​ကို ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​၍ တိုးတက်စေ​နိုင်၏။ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​အသိပညာ​ရှိ​လို​စိတ်​ပြင်းပြ​သင့်​ကြောင်း တမန်​တော်​ပေတရု​ရှင်းပြ​ကာ ထို​ကဲ့သို့​သော​လိုအင်ဆန္ဒ​ကို ပြုစု​ပျိုးထောင်​ရန်လို​ကြောင်း သူ​အသိအမှတ်ပြု​ခဲ့​သည်။ သူက​ဤသို့​ရေးသားခဲ့​သည်– “ကယ်တင်ခြင်း​အလို​ငှာ နှုတ်[မြွက်]တရား​၏​နို့​စစ်​အားဖြင့်​ကြီးပွား​မည်​အကြောင်း၊ ဖွား​စ​သော​သူငယ်​ကဲ့သို့၊ ထို​တရား​နို့​ကို​အလွန်​လိုချင်​သော​စိတ်​ရှိကြလော့။” (၁ ပေတရု ၂:၃) သမ္မာကျမ်းစာ​လေ့လာမှု​ကို “အလွန်​လိုချင်​သော​စိတ်” ရှိ​ရန် မိမိကိုယ်ကို​ဆုံးမခြင်း​သည် အလွန်​အရေးကြီး​သည်။ အစာ​သစ်​တစ်ခု​ကို မကြာခဏ​မြည်းစမ်း​ပြီး​နောက် နှစ်သက်​ခုံမင်​မှု​တိုးပွား​လာ​တတ်​သကဲ့သို့ ပုံမှန်​လုပ်ရိုးလုပ်စဉ်​တစ်ခု​ကို လိုက်လျှောက်ရန် မိမိကိုယ်ကို​ကြပ်မတ်​မည်​ဆိုလျှင် စာဖတ်ခြင်း​နှင့် လေ့လာခြင်း​အပေါ် ကျွန်ုပ်​တို့၏​သဘောထား ပြောင်းလဲ​သွား​နိုင်​ပေ​၏။

‘အချိန်တန်​အစာ’

၁၀။ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ အတန်းအစား​တွင် မည်သူ​တို့​ပါဝင်​သနည်း၊ သူတို့ကို ယနေ့ ယေဟောဝါ မည်သို့​အသုံးပြုလျက်​ရှိ​တော်​မူ​သနည်း။

၁၀ ယနေ့ ကျွန်ုပ်​တို့ကို ယေဟောဝါ​စကားပြော​ဆို​ရာ​၌ အသုံးပြု​သော​တွင်ကျယ်​သည့်​နောက်တစ်နည်း​ကို ယေရှု​က မဿဲ ၂၄:၄၅-၄၇ ၌ ဖော်ပြ​ထား​သည်။ ဤ​တွင် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ အဖြစ် ‘အချိန်တန်​ဝိညာဉ်​အစာ’ ကို​ပြင်ဆင်​ပေး​ရန် တာဝန်​အပ်နှင်း​ခံရ​သော၊ ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​ခံ​ခဲ့​ရသည့် အသင်းတော်​အကြောင်း ကိုယ်တော်​ပြော​ထား​သည်။ တစ်ဦးချင်း​စီ​အနေ​ဖြင့် ဤ​အတန်း​စား​တွင်​ပါဝင်သူ​များသည် ယေရှု၏ “အိမ်သား” များ​ဖြစ်​ကြသည်။ သူတို့နှင့်​အတူ “အခြားသိုး” အဝင်​ဖြစ်သော “လူအုပ်ကြီး” သည် အားပေးမှု​နှင့် လမ်းပြမှု​တို့ကို ရရှိ​ကြသည်။ (ဗျာဒိတ် ၇:၉က​ဘ; ယောဟန် ၁၀:၁၆) ဤ​အချိန်တန်​အစားအစာကို များသောအားဖြင့် ကင်းမျှော်စင်၊ နိုးလော့! နှင့် အခြား​စာပေ​များ​အစ​ရှိသော ပုံနှိပ်​ထုတ်ဝေ​သည့်​စာအုပ်စာတမ်း​များ​ပုံစံ​ဖြင့် ရရှိ​ကြသည်။ ထို့​အပြင် ဝိညာဉ်​ရေး​အစာကို စည်းဝေးကြီး​များ၊ အစည်းအဝေးများနှင့် အသင်းတော်​အစည်းအဝေး​များ​၌ ဟောပြောချက်​များနှင့် သရုပ်ပြ​များ​ပုံစံ​ဖြင့် ပေးကမ်း​ဝေငှ​ခဲ့​ကြသည်။

၁၁။ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ မှ​တစ်ဆင့် ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို ကျွန်ုပ်​တို့​လက်ခံ​ကြောင်းကို မည်သို့​သက်သေပြ​မည်​နည်း။

၁၁ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ပြင်ဆင်​ပေး​သော အကြောင်းအရာ​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို သန်စွမ်း​စေရန်​နှင့် ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်ပေး​ရန်​အတွက်​ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ယင်း​သို့​သော​ညွှန်ကြားချက်​သည် ယေဘုယျ​သဘော​ရှိ​နိုင်​သဖြင့် တစ်ဦးချင်း​စီ​အနေ​နှင့် ယင်းကို လက်တွေ့​ကျင့်သုံး​နိုင်​ကြ​ပေမည်။ အခါ​အား​လျော်​စွာ ကျွန်ုပ်​တို့​အမူအကျင့်​၏ အသွင်​အတိအကျ​တို့​နှင့်​ဆိုင်သော ညွှန်ကြားချက်​ကိုလည်း ရရှိ​ကြသည်။ ဤ​ကျွန်​အတန်းအစား​မှ​တစ်ဆင့် ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို အမှန်တကယ်​အာရုံစိုက်​နားထောင်​နေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​တွင် အဘယ်​သဘောထား​ရှိ​သင့်​သနည်း။ တမန်​တော်​ပေါလု​က ဤသို့​အဖြေပေး​သည်– “သင်တို့ကို​အုပ်​သော​သူတို့၏​စကား​ကို နားထောင်​၍ နှိမ့်ချလျက်​နေကြ​လော့။” (ဟေဗြဲ ၁၃:၁၇) မှန်ပါသည်၊ ဤ​အစီအစဉ်​တွင် ပါဝင်သူ​အားလုံး​မှာ မစုံလင်သူ​များ​ဖြစ်​ကြသည်။ သို့​တိုင် ယေဟောဝါ​သည် ဤ​ဆုံးခန်း​ကာလ​တွင် ကျွန်ုပ်​တို့ကို​လမ်းပြ​ညွှန်ကြား​ရန် မစုံလင်​သော မိမိ၏​လူသား​ကျေးကျွန်​များ​ကို အသုံးပြုရာတွင်​နှစ်ခြိုက်​သည်။

ကျွန်ုပ်​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​မှ လမ်းညွှန်ချက်

၁၂၊ ၁၃။ (က) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​လမ်းပြ​ညွှန်ကြား​ရန် အခြား​အဘယ်​ရင်းမြစ်ကို ပေး​ထား​သနည်း။ (ခ) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ တိကျ​သည့်​အသိပညာ​မရှိသော​သူတို့၌​ပင် ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် အပြုသဘော​ပါ​စွာ မည်သို့​လွှမ်းမိုး​နိုင်​သနည်း။

၁၂ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​လမ်းပြ​ညွှန်ကြား​ရန် နောက်ထပ်​ရင်းမြစ်​တစ်ခု​ဖြစ်သော ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ပေး​ထား​၏။ ကိုယ်တော်​သည် လူ​တို့​တွင် အမှား​နှင့်​အမှန်​ကို​ခွဲခြား​သိစေ​သည့် အတွင်းစိတ်​ကို​ထည့်၍​ဖန်ဆင်း​ခဲ့​သည်။ ယင်းသည် ကျွန်ုပ်​တို့၏ သဘောသဘာဝ​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။ ရောမ​အသင်းတော်​ထံ​ရေး​သော စာ​၌ တမန်​တော်​ပေါလု​က ဤသို့​ရှင်းပြသည်– “သာသနာ​ပ​လူတို့သည် ပညတ်တရား​တော်​ကို​မသိဘဲ၊ ကိုယ်​အလိုအလျောက် တရားတော်​ကို​ကျင့်​သောအခါ၊ သူတို့သည် ပညတ်တရား​တော်​ကို​မသိဘဲ၊ ကိုယ်ကျင့်တရား​ကို​အမှီပြု​သဖြင့်​လည်းကောင်း၊ ကိုယ်ကို​ကိုယ်​သိသောစိတ်​နှလုံး​သည် သက်သေခံ​သဖြင့်​လည်းကောင်း၊ အချင်းချင်း​ဆွေးနွေး​ဆင်ခြင်​၍ အပြစ်တင်​လျက်၊ လွှတ်​လျက်​နေ​သဖြင့်​လည်းကောင်း မိမိတို့​စိတ်နှလုံး​ထဲ​၌​မှတ်သား​သော တရား​၏​အကျိုးကို ထင်ရှား​စွာ​ပြ​ကြပြီ။”—ရောမ ၂:၁၄၊ ၁၅

၁၃ ယေဟောဝါ​ကို​မသိ​သူများစွာ​ပင် အမှား၊ အမှန်​နှင့်​ပတ်သက်​၍ ဘုရားသခင့်​ရေးရာ​မူများ​နှင့်​ညီညွတ်​စွာ အတော်အတန်​စဉ်းစား​တွေးခေါ်၊ ပြုမူ​လုပ်ကိုင်​ကြသည်။ သူတို့ကို လမ်းမှန်​ဘက်​သို့ ညွှန်ကြား​နေသည့် သူတို့​အတွင်းမှ​အသံ​တစ်ခု​ကို သဲ့သဲ့​ကြားနေ​ရ​ဘိ​သကဲ့သို့​ဖြစ်သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ တိကျသော​အသိပညာ​မရရှိ​သူတို့​ပင် ယင်း​သို့​ဖြစ်​မည်​ဆိုလျှင် စစ်မှန်သော​ခရစ်ယာန်​များ​၏ အတွင်း​ထဲ​မှ​အသံသည် သာ၍​ပင်​စကားပြော​ဆို​သင့်​သည်မဟုတ်​ပါ​လော! သေချာ​သည်​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ တိကျ​မှန်ကန်သော​အသိပညာ​အားဖြင့် အညစ်အကြေး​ကင်းစင်​သည့် ခရစ်ယာန်​တစ်ဦး၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​အညီ လုပ်ဆောင်နေ​သောကြောင့် ယုံကြည်​စိတ်ချ​ထိုက်​သော လမ်းပြ​ညွှန်ကြားမှု​ကို​ပေး​နိုင်​ပါ​သည်။—ရောမ ၉:၁

၁၄။ သမ္မာကျမ်းစာ​ဖြင့်​လေ့ကျင့်​ထား​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​က ယေဟောဝါ​ဝိညာဉ်​တော်​၏ လမ်းညွှန်မှုကို​လိုက်နာ​ရန် ကျွန်ုပ်​တို့အား မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၄ သမ္မာကျမ်းစာ​ဖြင့် လေ့ကျင့်​ထားသော ကြည်လင်​သည့်​ကိုယ်ကို​ကိုယ်​သိသောစိတ်​က ကျွန်ုပ်​တို့အား ဝိညာဉ်​တော်​သွားလာ​စေ​လို​သည့်​လမ်းကို​လျှောက်ဖို့ သတိပေး​နိုင်​သည်။ ကျွန်ုပ်​တို့​ကြုံကြိုက်​ရသည့် အခြေအနေ​တစ်ရပ်​နှင့်​ပတ်သက်​၍ ကျမ်းစာ​က​သော်လည်း​ကောင်း၊ ကျွန်ုပ်​တို့၏​ကျမ်းစာ​အခြေခံ​သော စာပေ​များ​က​သော်လည်း​ကောင်း တိတိကျကျ​မ​ဖော်ပြ​သည့် အချိန်​အခါ​များ​ရှိ​ကောင်း​ရှိ​ပေမည်။ သို့​တိုင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​က အန္တရာယ်​ရှိ​နိုင်သော​လမ်းစဉ်​ဖြစ်သည်ဟု ကျွန်ုပ်​တို့ကို​သတိပေး​ပေမည်။ ယင်း​သို့​သော​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​နှိုးဆော်​မှု​ကို လျစ်လျူရှု​ခြင်း၊ တစ်နည်း​ဆို​ရ​လျှင် ယေဟောဝါ​၏​ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို​လျစ်လျူရှု​ပေမည်။ အခြား​တစ်ဖက်​တွင်​မူ ကျွန်ုပ်​တို့သည် လေ့ကျင့်​ထား​သည့် ခရစ်ယာန်​တို့၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို​အားထား​တတ်လာ​ခြင်း​ဖြင့် တိတိကျကျ​ရေးသား​မှာ​ထား​သည့် ညွှန်ကြားချက်​မရှိသည့်​တိုင် ကောင်းသော​ရွေးချယ်မှု​ကို ပြုလုပ်​နိုင်​ကြသည်။ သို့သော် ဘုရားသခင်​ရေးရာ ပြဋ္ဌာန်း​ထားသော​မူ၊ နည်း​ဥပဒေသ သို့​မဟုတ် ပညတ်​မရှိသော​အခါ ကိုယ်ရေးကိုယ်တာ​ကိစ္စ​များနှင့် လုံးလုံး​ပတ်သက်​၍ ခရစ်ယာန်​ချင်း​တို့​အပေါ် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ဆုံးဖြတ်​စီရင်ချက်​များ​ကို သူတစ်ပါး​အပေါ်​ချမှတ်​ရန် လုံးဝ​မသင့်​လျော်​ကြောင်း စိတ်​စွဲမှတ်​ထား​ရန် အရေးကြီး​သည်။—ရောမ ၁၄:၁-၄; ဂလာတိ ၆:၅

၁၅၊ ၁၆။ ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ပုံမှန်​မစွမ်းဆောင်​စေနိုင်​သည့်​အရာ​ကား အဘယ်နည်း။ ထိုသို့​မဖြစ်စေ​ရန် ကျွန်ုပ်​တို့ မည်သို့​ကာကွယ်​ပေး​နိုင်​သနည်း။

၁၅ သမ္မာကျမ်းစာ​ဖြင့်​လေ့ကျင့်​ထားသော ကြည်လင်​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ဘုရားသခင့်​ထံ​တော်​မှ​ဆုမွန်​တစ်ရပ်​ဖြစ်၏။ (ယာကုပ် ၁:၁၇) သို့သော် ယင်းသည် အကျင့်​ဆိုင်ရာ လုံခြုံရေး​ကိရိယာ​တစ်ခု​အဖြစ် စွမ်းဆောင်​နိုင်​စေရန် ဤ​ဆုမွန်​ကို ပျက်စီး​စေ​တတ်​သည့်​လွှမ်းမိုးမှု​များ​မှ ကာကွယ်​ထား​ကြ​ရမည်။ ဘုရားသခင့်​စံနှုန်း​များနှင့် ဆန့်ကျင်​သည့် ဒေသခံ​အလေ့အထ​များ၊ ထုံးတမ်း​စဉ်​လာ​များနှင့် အကျင့်အကြံ​များ​တို့ကို လိုက်လျှောက်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ပုံမှန်​မစွမ်းဆောင်​ရန်​နှင့် မှန်ကန်သော​ဦးတည်ချက်​မှ လမ်းလွဲ​သွား​ရန် လှုံ့ဆော်ပေး​နိုင်​သည်။ ကျွန်ုပ်​တို့သည် အရေးကိစ္စ​များ​ကို မှန်ကန်​စွာ​မဆုံးဖြတ်​နိုင်​ဘဲ ဆိုးယုတ်​သော​အမှုကို အမှန်တကယ်​ကောင်း​သည်​ဟူ၍ပင်​ယူမှတ်​ဖို့ ကိုယ်ကို​ကိုယ်​လှည့်ဖြား​နိုင်​ပေ​သည်။—ယောဟန် ၁၆:၂ နှိုင်းယှဉ်။

၁၆ ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ သတိပေး​ချက်​များ​ကို ဆက်​လျစ်လျူရှု​နေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​စိတ်ဓာတ်​ခိုင်မာ​လာ​ခြင်း၊ သို့​မဟုတ် ထုံထိုင်း​သွား​သည့်​အထိ ယင်း​အသံ​မှာ တိုး​သည်ထက်​တိုး​သွားပေ​လိမ့်​မည်။ ထိုသို့​သော​သူတို့နှင့်​ပတ်သက်​၍ ဆာလံဆရာ​က ဤသို့​ဆို​သည်– “သူတို့​နှလုံး​သည် ဆီ​ဥ​ကဲ့သို့​ခဲ​လျက်​ရှိ၏။” (ဆာလံ ၁၁၉:၇၀) ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ တိုက်တွန်း​လှုံ့ဆော်မှု​ကို လျစ်လျူရှု​သူ​အချို့​တို့သည် လျောက်ပတ်​စွာ​တွေးခေါ်​နိုင်စွမ်း​ကို ဆုံးရှုံး​သွား​တတ်ကြ​သည်။ သူတို့၌ ဘုရားသခင့်​ရေးရာ​မူများဖြင့် လမ်းညွှန်​မခံရ​တော့​ဘဲ၊ သင့်လျော်​သော​ဆုံးဖြတ်ချက်​များ​ကို ချ​နိုင်စွမ်း​မရှိ​ချေ။ ထိုသို့​သော​အခြေအနေ​မျိုးကို​ရှောင်ရှား​ရန် အသေးအဖွဲ​သာ​ဖြစ်​ပုံ​ရှိသည့် အရေးကိစ္စ​များ​ပေါ်ပေါက်​သည့်​အခါ​၌​ပင်​လျှင် ခရစ်ယာန်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ် ဦးဆောင်လမ်းပြမှု​ကို ကျွန်ုပ်​တို့​အကဲဆတ်​သင့်​သည်။—လုကာ ၁၆:၁၀

နားထောင်​၍ လိုက်နာသူ​တို့ ပျော်ရွှင်​ကြ​၏

၁၇။ ‘ကျွန်ုပ်​တို့၏​နောက်​မှ​ပြော​သော​စကား’ ကို​နားထောင်​၍ သမ္မာကျမ်းစာ​အားဖြင့်​လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို သတိပြု​ကြ​စဉ် ကျွန်ုပ်​တို့ မည်သို့​ကောင်းချီး​ခံစားရ​မည်​နည်း။

၁၇ သမ္မာကျမ်းစာ​နှင့် သစ္စာ​သတိ​ပညာရှိ​ကျေးကျွန်​မှ​တစ်ဆင့်​ရရှိ​သည့် ‘ကျွန်ုပ်​တို့၏​နောက်​မှ ပြော​သော​စကား’ ကို​နားထောင်​သည့်​အကျင့်​ရှိလာပြီး ကျမ်းစာ​လေ့ကျင့်မှု​ခံ​ထားသော ကျွန်ုပ်​တို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ သတိပေး​ချက်​များ​ကို​နာခံကြ​စဉ် ယေဟောဝါ​သည် ကိုယ်တော်​၏​ဝိညာဉ်​တော်​ခံစား​စေခြင်း​ဖြင့် ကောင်းချီး​ပေး​တော်​မူ​လိမ့်​မည်။ တစ်ဖန် သန့်ရှင်းသော​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့အား ယေဟောဝါ​မိန့်မှာ​သော​စကား​ကို ကျွန်ုပ်​တို့​လက်ခံ​ပြီး နားလည်​နိုင်​ရန် ကျွန်ုပ်​တို့၏​ဉာဏ်စွမ်း​ကို တိုးမြှင့်​ပေး​ပေ​လိမ့်​မည်။

၁၈၊ ၁၉။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​နှင့် ဘဝ​အသက်တာ​နှစ်ရပ်​စ​လုံး​တွင် ယေဟောဝါ​၏​လမ်းညွှန်မှုက ကျွန်ုပ်​တို့ကို မည်သို့​အကျိုး​သက်ရောက်​စေနိုင်​သနည်း။

၁၈ ခက်ခဲ​သော​အခြေအနေ​များ​ကို ဉာဏ်ပညာ​နှင့်​ရဲစွမ်းသတ္တိ​ဖြင့် ရင်ဆိုင်​နိုင်​ကြ​ရန် ယေဟောဝါ​၏​ဝိညာဉ်တော်သည် အကူအညီ​ပေး​ပေ​လိမ့်​မည်။ ယေဟောဝါ​၏​ဝိညာဉ်တော်သည် တမန်​တော်​များ​ကိစ္စ​၌​ကဲ့သို့ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို လှုံ့ဆော်ပေး​နိုင်​ပြီး သမ္မာကျမ်းစာ​မူများ​နှင့်​အညီ ပြောဆို​လုပ်ကိုင်​စေဖို့ ကျွန်ုပ်​တို့ကို အမြဲ​ပင်​ကူညီပေး​နိုင်​သည်။ (မဿဲ ၁၀:၁၈-၂၀; ယောဟန် ၁၄:၂၆; တမန်​တော် ၄:၅-၈၊ ၁၃၊ ၃၁; ၁၅:၂၈) ယေဟောဝါ​၏​ဝိညာဉ်​တော်​နှင့် ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ကြိုးစား​အားထုတ်မှု​တို့ကို ပေါင်းစပ်​ခြင်း​က ဘဝတွင် အရေးပါသော​ဆုံးဖြတ်ချက်​များ​ချ​ကြ​ရာ​၌ ကျွန်ုပ်​တို့ကို အောင်မြင်​စေ​လိမ့်​မည်​ဖြစ်​ပြီး ဤ​ဆုံးဖြတ်ချက်​များ​အတိုင်း လိုက်လျှောက်​သွား​စေနိုင်​ရန် ခွန်အား​ပေး​သည်။ ဥပမာ၊ သင်သည် သင့်​ဘဝ​ပုံစံ​ကို ချိန်ညှိ​၍ ဝိညာဉ်​ရေးရာ​များ​အတွက် အချိန်ပို​ပေးဖို့ စဉ်းစား​လျက်​ရှိ​ပေမည်။ သို့​မဟုတ် ကြင်ဖော်​ရွေးချယ်ခြင်း၊ အလုပ်​တစ်ခု​ကို လက်ခံသင့်​မသင့် ချင့်ချိန်​ခြင်း၊ အိမ်တစ်လုံး​ဝယ်ယူခြင်း​ကဲ့သို့​သော ဘဝကို​ပြောင်းလဲ​စေသည့် အရေးကြီးသော​ရွေးချယ်မှု​များနှင့် သင်​ကြုံတွေ့​ရ​ပေမည်။ ဆုံးဖြတ်ချက်​များ​ချ​ကြ​ရာ​၌ ကျွန်ုပ်​တို့၏​ခံစားချက်​များ​ကို​သာ အဓိက​ထား​မည့်​အစား ကျွန်ုပ်​တို့သည်​ဘုရားသခင့်​ဝိညာဉ်​တော်​ပြောဆို​သော​စကား​ကို နားထောင်​၍ ယင်း​၏​လမ်းညွှန်မှု​နှင့်​အညီ လုပ်ဆောင်​သွား​သင့်​သည်။

၁၉ အကြီးအကဲ​များ​အပါအဝင် ခရစ်ယာန်​ချင်း​တို့​ထံ​မှ​ရရှိသော သတိပေး​ချက်​များနှင့် အကြံဉာဏ်​များ​အတွက် ကျွန်ုပ်​တို့​အမှန်တကယ်​ပင် ကျေးဇူး​တင်​ပါ​သည်။ သို့သော် ကျွန်ုပ်​တို့​ဂရုစိုက်​ရမည့်​အရေးကိစ္စ​များ​ကို သူတစ်ပါး​က​ဖော်ပြ​ပေး​ရန် အမြဲ​စောင့်နေ​စ​ရာ​မလို​ချေ။ ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့​လိုက်လျှောက်​ရမည့် ပညာရှိ​လမ်းစဉ်​နှင့် ကျွန်ုပ်​တို့၏​သဘောထား၊ အပြု​အမူ​တို့ကို မည်သို့​ပြုပြင်​ဖို့​လို​ကြောင်း​သိထားကြ​မည်​ဆိုလျှင် ယင်း​အတိုင်း ပြုမူ​လုပ်ကိုင်​ကြပါစို့။ ယေရှု​က “ဤ​အရာများ​ကို​သင်တို့​သိ၍ သိ​သည်​အတိုင်း​ကျင့်​လျှင်​မင်္ဂလာ​ရှိကြ​၏” ဟု​မိန့်တော်မူသည်။—ယောဟန် ၁၃:၁၇

၂၀။ ‘သူတို့၏​နောက်ကွယ်​မှ​စကား’ ကို နားထောင်သူ​များ အဘယ်​ကောင်းချီး​ခံစား​ကြ​ရမည်​နည်း။

၂၀ ခရစ်ယာန်​များသည် ဘုရားသခင်​အလိုတော်နှင့်​တွေ့​ရန် ကောင်းကင်​မှ​ပကတိ​အသံတစ်သံ​ကို ကြား​ရန်​မလို​အပ်​သကဲ့သို့ သူတို့​ထံ​ကောင်းကင်တမန်​တစ်ပါး လာရောက်​လည်ပတ်​ရန်​လည်း မလို​အပ်​သည်​မှာ ထင်ရှား​နေပါ​သည်။ သူတို့သည် ရေးသား​ထားသော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ကမ္ဘာ​မြေကြီးပေါ်​ရှိ ကိုယ်တော်​၏​ဘိသိက်ခံ​အတန်း​စား​မှ​တစ်ဆင့် မေတ္တာပါ​သော​လမ်းညွှန်မှု​ရရှိ​ခြင်း​ကောင်းချီး​ကို ခံစား​ကြ​ရသည်။ ‘သူတို့၏​နောက်ကွယ်​မှ​စကား’ ကို သူတို့​အသေအချာ​ဂရုစိုက်​နားထောင်​၍ သမ္မာကျမ်းစာ​ဖြင့် လေ့ကျင့်​ထားသော သူတို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​ညွှန်ကြားချက်​အတိုင်း လိုက်လျှောက်​ကြ​မည်​ဆိုလျှင် ဘုရားသခင့်​အလိုတော်ကို ဆောင်ရွက်​ရာ​၌ သူတို့​အောင်မြင်​ကြ​ပေ​လိမ့်​မည်။ ထို​အခါ တမန်​တော်​ယောဟန်​၏ ဤ​ကတိပေး​ချက်​ပြည့်စုံ​သည်ကို သူတို့​အမှန်တကယ်​တွေ့မြင်​ရ​ကြ​ပေ​လိမ့်​မည်– “ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏။”—၁ ယောဟန် ၂:၁၇

အကျဉ်းချုပ်​ပြန်​လေ့လာခြင်း

• ယေဟောဝါ​သည် မိမိ​ဖန်ဆင်း​ထားသော လူသား​တို့​နှင့် အဘယ်ကြောင့်​ဆက်သွယ်​သနည်း။

• သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှုခြင်း​အစီအစဉ်​မှ ကျွန်ုပ်​တို့​မည်သို့​အကျိုးကျေးဇူး​ရရှိနိုင်​သနည်း။

• ကျေးကျွန်​အတန်း​စား​မှ ညွှန်ကြားချက်​ကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​သင့်​သနည်း။

• သမ္မာကျမ်းစာ​၏​လေ့ကျင့်မှု​ကို​ခံ​ထား​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​၏ စိတ်​သန့်​မ​သန့်​ဖော်ပြချက်များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လျစ်လျူ​မ​ရှု​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လူတို့သည် ဘုရားသခင့်​ထံ​တော်​မှ သတင်း​စကား​များ​ရရှိရန် ခေတ်မီ​၍ ဆန်းပြား​သော​ပစ္စည်း​ကိရိယာ မလို​အပ်

[Credit Line]

Courtesy Arecibo Observatory/​David Parker/​Science Photo Library

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​နှင့် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျေးကျွန်’ မှ​တစ်ဆင့် ယေဟောဝါ ကျွန်ုပ်​တို့အား​စကားပြော​နေ