အိမ်နီးချင်းကို ချစ်သည့်မေတ္တာ ဘာဖြစ်သွားပြီနည်း
အိမ်နီးချင်းကို ချစ်သည့်မေတ္တာ ဘာဖြစ်သွားပြီနည်း
သန်းပေါင်းများစွာတို့မှာ ခိုကိုးရာမဲ့ပြီး ကြောက်ကြောက်လန့်လန့်နှင့်စိတ်ဆင်းရဲနေကြရသည်။ အမျိုးသမီးတစ်ဦးက “ကျွန်မတစ်ယောက်ထဲပဲ စားရသောက်ရ၊ သွားလာရ၊ အိပ်ရပြီး တစ်ယောက်ထဲ စကားပြောနေရတယ်” ဟုညည်းညူ၏။ လိုအပ်နေသူတို့အပေါ် လိုလိုလားလားနှင့် မေတ္တာပါသည့်နည်းလမ်းဖြင့် လုပ်ပေးကိုင်ပေးလိုသူနည်းပါးသည်။
အငြိမ်းစားယူထားသည့် အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ဤသို့တွေ့ရှိခဲ့သည်– ‘တစ်ညနေခင်းမှာ ကျွန်မနဲ့ တစ်ထပ်တည်းမှာနေတဲ့မုဆိုးမတစ်ယောက် ကျွန်မတံခါးကိုလာခေါက်ပြီး သူဟာ အထီးကျန်ဖြစ်နေကြောင်းပြောပြတယ်။ သူ့ကို ကျွန်မယဉ်ကျေးစွာနဲ့ပဲ အလုပ်မအားကြောင်း တဲ့တိုးပြောလိုက်တယ်။ ကျွန်မကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပြီး ထွက်သွားရှာတယ်။’
ထိုအမျိုးသမီးက ဤသို့ဆက်ပြောသည်– ‘အဲဒီလို ငြီးငွေ့ဖွယ်ကောင်းသူရဲ့ လေကြောမမိရလေအောင် ရှောင်လိုက်နိုင်တာကို အကျေနပ်ကြီးကျေနပ်ခဲ့တယ်။ နောက်တစ်နေ့ ညနေမှာ မိတ်ဆွေတစ်ဦးက ဖုန်းဆက်ပြီး ကျွန်မတို့ရဲ့တိုက်မှာ မနေ့ညက ကိုယ့်ကိုယ်ကို သတ်သေလိုက်တဲ့အမျိုးသမီးတစ်ယောက်ကို သိလားလို့မေးလာတယ်။ သူဟာ ဘယ်သူဖြစ်မယ်ဆိုတာ သင်မခန့်မှန်းမိသေးဘူးဆိုရင် သူက ကျွန်မရဲ့တံခါးကို လာခေါက်တဲ့အမျိုးသမီးပါပဲ။’ ထိုသို့ဖြစ်ပြီးနောက် လုပ်ငန်းရှင်အမျိုးသမီးက သူသည် “အထိနာသောသင်ခန်းစာ” ကိုသင်ယူလိုက်ရကြောင်းပြောသည်။
မေတ္တာငတ်သော ကလေးငယ်များမှာ သေဆုံးသွားနိုင်ကြောင်း သိနှင့်ပြီးသားဖြစ်၏။ လူကြီးများလည်း မေတ္တာမရလျှင် အလားတူသေသွားနိုင်သည်။ သေကြောင်းကြံခြင်းမှတ်တမ်းတစ်ခု၌ အသက် ၁၅ နှစ်အရွယ် အလှပဂေးတစ်ဦးက ဤသို့ရေးသားခဲ့သည်– “မေတ္တာသည် ဘယ်သောအခါမျှ အထီးကျန်မဖြစ်စေပါ။”
မျက်မှောက်ခေတ် ဘေးဆိုး
လွန်ခဲ့သောနှစ်အနည်းငယ်က လူမျိုးစုမုန်းတီးမှုနှင့်ပတ်သက်၍ ဝေဖန်ရာ၌ နယူးစ်ဝိခ်က ဤသို့ဖော်ပြသည်– “‘အိမ်နီးချင်းကို မုန်းတီးပါ’ ဟူသည် ဤနှစ်၏ဆောင်ပုဒ် ဖြစ်ဟန်တူသည်။” ယခင် ယူဂိုစလားဗီးယားပြည်ထောင်စုအဝင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားတွင် လူမျိုးစုပဋိပက္ခကာလများတစ်လျှောက် လူတစ်သန်းကျော်တို့သည် သူတို့၏နေအိမ်များမှ မောင်းထုတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာတို့မှာမူ အသတ်ခံခဲ့ကြရသည်။ မည်သူတို့ကြောင့်နည်း။ “ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေပါပဲ” ဟုရွာမှမောင်းထုတ်ခံခဲ့ရသည့်မိန်းကလေးတစ်ဦးက မြည်တမ်းခဲ့သည်။ “အသိတွေပါပဲ။”
“ကျွန်မတို့ အေးအေးဆေးဆေး အတူတူနေခဲ့ကြတယ်” ဟူ၍ ၃,၀၀၀ သောဟူတူနှင့် တွတ်စီများ အတူနေခဲ့ကြသည့် ရူဂန်ဒါရွာမှ အမျိုးသမီးတစ်ဦးကပြောပြခဲ့၏။ သည်နယူးယောက်တိုင်းမ်စ် ကဤသို့ဆိုသည်– “ဤရွာ၏ဇာတ်လမ်းသည် ရဝမ်ဒါ၏ဇာတ်လမ်းပင်ဖြစ်သည်– ဟူတူနှင့် တွတ်စီတို့သည် မည်သူကဟူတူ၊ မည်သူကတွတ်စီဖြစ်သည်ကို ဂရုမမူ သို့မဟုတ် မသိတော့ဘဲလျက်ပင် အတူတကွနေထိုင်ခဲ့ကြ၊ အပြန်အလှန်ထိမ်းမြားပေါင်းသင်းခြင်းများပြုခဲ့ကြသည်။ ထိုနောက်ပိုင်းတွင် အခြေအနေရုတ်ခြည်းပြောင်းလဲသွားပြီး စတင်သတ်ဖြတ်ကြလေတော့သည်။”
အလားတူပင်၊ အစ္စရေးနိုင်ငံတွင် ဂျူးနှင့် အာရပ်တို့သည် အတူနေထိုင်ကြသည်၊ သို့သော် များစွာတို့သည် တစ်ဦးကိုတစ်ဦးမုန်းကြ၏။ ဤ ၂၀ ရာစုနှစ်တစ်လျှောက်တွင် မြောက်ပိုင်းအိုင်ယာလန်၊ အိန္ဒိယနှင့် ပါကစ္စတန်၊ မလေးရှားနှင့် အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စုရှိ လူမျိုးစုများအကြား၌ ထိုသို့သောအခြေအနေများ ဖြစ်ပေါ်ခဲ့သည်—မှန်ပါသည်၊ ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာတစ်ခွင်၌ဖြစ်၏။
လူမျိုးရေးနှင့် ဘာသာရေးမုန်းတီးမှုများ၏ ဥပမာကို တစ်ခုပြီးတစ်ခု ဆက်လက်ကိုးကားနိုင်လေသည်။ ကမ္ဘာပေါ်တွင် မေတ္တာခေါင်းပါးခြင်းသည် သမိုင်းရာဇဝင်၌ ဤမျှလောက်တစ်ခါမျှမဖြစ်ခဲ့ချေ။
မည်သူ၌ တာဝန်ရှိသနည်း
မေတ္တာကဲ့သို့ပင် မုန်းတီးခြင်းကိုလည်း သင်ကြားပေးသည်။ လူသိများသော သီချင်းတစ်ပုဒ်က ကလေးတို့သည် “သင့်ဆွေမျိုး မုန်းတီးသူအားလုံးကို မုန်းတီးရေး/အသက် ခြောက်၊ ခုနစ်၊ ရှစ် မရောက်မီသင်ကြားပေး” ခံရ၏ဟုဆိုထားသည်။ ယနေ့တွင် အထူးသဖြင့် မုန်းတီးခြင်းကို သင်ကြားပေး၏။ အထူးသဖြင့် ချာ့ခ်ျများသည် ယင်းတို့၏အသင်းဝင်များကို မေတ္တာအကြောင်းသင်ကြားရန် ပျက်ကွက်နေသည်။
ပြင်သစ်သတင်းစာ လမော်န်ဒ်က ဤသို့မေးခွန်းထုတ်သည်– “ဘာရွန်ဒီနှင့် ရဝမ်ဒါတို့၌ ဖြစ်သည့်စစ်ပွဲတွင်ပါဝင်သော တွတ်စီနှင့်ဟူတူတို့သည် တစ်စုတည်းသော ခရစ်ယာန်သာသနာပြုများ၏ လေ့ကျင့်မှုကိုခံရကြပြီး တစ်မျိုးတည်းသော ချာ့ခ်ျကျောင်းများကို တက်ရောက်ခဲ့ကြသည်ကို မည်သူသည် မစဉ်းစားဘဲ နေပါမည်နည်း။” မှန်ပါသည်၊ နေရှင်နယ်ကက်သလစ်ရီပိုတာ စာစောင်က ရဝမ်ဒါကို “ကက်သလစ် ၇၀% ရှိနိုင်ငံ” ဟုခေါ်ဆိုသည်။
ဤရာစုနှစ်အစောပိုင်းတွင် အရှေ့ဥရောပနိုင်ငံများသည် ဘုရားမဲ့သောကွန်မြူနစ်ဝါဒသို့ ပြောင်းလဲသွားကြ၏။ အဘယ်ကြောင့်နည်း။ ၁၉၆၀ ပြည့်နှစ်တွင် ချက်ကိုစလိုဗားကီးယားနိုင်ငံ၊ ပရာ့ဂ်မြို့တွင် ဘာသာရေးတက္ကသိုလ်မဟာဌာနမှူးက ဤသို့ထင်မြင်ချက်ပေးသည်– “ကွန်မြူနစ်ဝါဒအတွက် တာဝန်ရှိသူကတော့ ကျွန်တော်တို့၊ ကျွန်တော်တို့ခရစ်ယာန်တွေပဲဖြစ်တယ်။ . . . ကွန်မြူနစ်ဝါဒီတွေဟာ တစ်ချိန်က ခရစ်ယာန်တွေဖြစ်ခဲ့ကြတာကို သတိရပါ။ တရားမျှတတဲ့ ဘုရားသခင်တစ်ပါးကို သူတို့မယုံဘူးဆိုရင် ဒါက ဘယ်သူအပြစ်လဲ။”
ပထမကမ္ဘာစစ်အတွင်း၌ ချာ့ခ်ျများ ဘာပြုလုပ်ခဲ့ကြကြောင်း သုံးသပ်ကြည့်ပါ။ ဗြိတိသျှ ဗိုလ်မှူးချုပ် ဖရန့်ခ် ခရိုဇာက အဆိုပါစစ်နှင့်ပတ်သက်၍ ဤသို့ပြောသည်– “ခရစ်ယာန်ချာ့ခ်ျများသည် အကြမ်းဖက်သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးရာတွင် အကောင်းဆုံးဖန်တီးတတ်သူများဖြစ်ကြပြီး သူတို့ကို ကျွန်ုပ်တို့က လွတ်လပ်စွာအသုံးချကြသည်။” ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် မကြာမီ သည်နယူးယောက်တိုင်းမ်စ်က ဤသို့ဆို၏– “လွန်ခဲ့သောအချိန်က ဒေသခံချာ့ခ်ျဆရာများသည် သူတို့နိုင်ငံများတွင်စစ်မှုများကို အမြဲထောက်ခံအားပေးကြပြီး တပ်သားများကို ကောင်းချီးပေးခြင်း၊ အောင်ပွဲခံနိုင်ရန် ဆုတောင်းပေးခြင်းအမှုများကို ပြုလေ့ရှိကာ ဆန့်ကျင်ဘက်အုပ်စုမှ အခြားဂိုဏ်းချုပ်အဖွဲ့တို့ကမူ ရန်သူများစစ်ရှုံးရန် လူသိရှင်ကြားဆုတောင်းကြသည်။”
သို့သော် ယေရှုခရစ်သည် မိမိ၏ဆောင်ရွက်မှုမှန်သမျှတွင် မေတ္တာပြသခဲ့ပြီး တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြ၏။” (၁ သက်သာလောနိတ် ၄:၉) ဗဲန်ကိုဗာစန်းစာစောင်အတွက် ဆောင်းပါးရေးသူတစ်ဦးက “စစ်မှန်သောခရစ်ယာန်များသည် ယေရှုခရစ်၌ ညီအစ်ကို၊ ညီအစ်မများဖြစ်ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး မည်သည့်အခါမျှ တမင်သက်သက် ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်ချေ” ဟုဖော်ပြသည်။
ရှင်းနေသည်မှာ ယနေ့ မေတ္တာကင်းမဲ့ခြင်းအတွက် ချာ့ခ်ျများ၌ ကြီးလေးသောတာဝန်ရှိနေ၏။ အင်ဒီယားထူဒေးမဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်က ဤသို့ထုတ်ဖော်သည်– “ဘာသာရေးသည် အရက်စက်ဆုံးသော ရာဇဝတ်မှုများကိုကျူးလွန်စေသည့်အရာအဖြစ် အောင်လံထူထားသည်။” သို့သော် အခြားသူတို့အပေါ် ယင်းကဲ့သို့ အကြင်နာတရားကင်းသောလျစ်လျူရှုမှုဖြင့် ကျွန်ုပ်တို့လူမျိုးဆက်မှာ အဘယ်ကြောင့်သတ်မှတ်ခြင်းခံရကြောင်း အခြေခံအကြောင်းတစ်ရပ်ရှိပါ၏။
မေတ္တာအဘယ်ကြောင့်ခေါင်းပါးလာ
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က အဖြေပေးထားသည်။ ကိုယ်တော်၏စကားတော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အသက်ရှင်သည့်အချိန်ကို “နောက်ဆုံးသောကာလ” ဟုခေါ်ဆိုထားသည်။ ယင်းကား လူတို့သည် “ပင်ကိုအရ ချစ်ခင်စုံမက်ခြင်းမရှိသောသူ” ဖြစ်ကြမည်ဟု သမ္မာကျမ်းစာကပရောဖက်ပြုထားသည့် အချိန်ကာလဖြစ်သည်။ သမ္မာကျမ်းစာက “အစီအစဉ်စနစ်၏ဆုံးခန်း” ဟူ၍လည်းခေါ်ဆိုထားသည့် ဤ “ခဲယဉ်းသောကာလ” နှင့်စပ်လျဉ်း၍ ယေရှုခရစ်က “အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုကြိုတင်မိန့်တော်မူခဲ့သည်။—၂ တိမောသေ ၃:၁-၅၊ ကဘ; မဿဲ ၂၄:၃၊ ကဘ၊ ၁၂။
ထို့ကြောင့် ယနေ့အချိန်၏မေတ္တာကင်းမဲ့မှုမှာ ကျွန်ုပ်တို့သည် ဤလောက၏နောက်ဆုံးအချိန်တွင် အသက်ရှင်နေကြရကြောင်း သာဓကတစ်စိတ်တစ်ဒေသဖြစ်သည်။ ဝမ်းမဿဲ ၂၄:၃-၁၄; ၂ ပေတရု ၃:၇၊ ၁၃။
သာစရာမှာ ဤဘုရားတရားမဲ့လောကသည် မကြာမီ မေတ္တာတရားအုပ်စိုးသည့် ဖြောင့်မတ်သောကမ္ဘာသစ်တစ်ခုနှင့် အစားထိုးခံရတော့မည်ဟူ၍လည်း ဆိုလိုခြင်းဖြစ်၏။—သို့သော် လူသားအပေါင်းတို့သည် တစ်ဦးကိုတစ်ဦးချစ်ခင်၍ အတူတကွအေးချမ်းစွာနေထိုင်နိုင်မည့် ထိုပြောင်းလဲမှုဖြစ်နိုင်ကြောင်း ယုံကြည်ရသည့်အကြောင်းရင်း ကျွန်ုပ်တို့၌ အမှန်ပင်ရှိသလော။