မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ဝင်ကျမ်းများ—အငြင်းပွား ခံနေရဆဲ

ခရစ်ဝင်ကျမ်းများ—အငြင်းပွား ခံနေရဆဲ

ခရစ်ဝင်​ကျမ်း​များ—အငြင်းပွား ခံ​နေရ​ဆဲ

ယေရှု​ခရစ်​ဖွားမြင်ခြင်း​ဆိုင်ရာ ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​မှာ မှန်ကန်​ပါသလော။

တောင်ပေါ်​တရားတော်​ကို ကိုယ်တော်​မိန့်ကြား​တော်​မူ​ခဲ့​သလော။

ယေရှု အမှန်ပင် ထမြောက်​တော်​မူ​ခဲ့​သလော။

“ငါသည်​လမ်းခရီး​ဖြစ်၏။ [အမှန်] တရား​လည်း​ဖြစ်၏။ အသက်လည်း​ဖြစ်၏” ဟူ၍ ကိုယ်တော် အမှန်ပင်​မိန့်တော်မူ​ခဲ့​သလော။—ယောဟန် ၁၄:၆

၁၉၈၅ ခုနှစ်​ကတည်းက တစ်နှစ်​လျှင်​နှစ်ကြိမ်​ကျင်းပ​ခဲ့​သော ယေရှု​အကြောင်း နှီးနှော​ဖလှယ်​ပွဲ​တွင် ပညာရှင် ၈၀ ခန့်​သည် အထက်ပါ​ကိစ္စရပ်​မျိုးကို ဆွေးနွေး​ခဲ့​ကြသည်။ ဤ​ပညာရှင်​အုပ်စု​သည် ထိုသို့​သော​မေးခွန်းများကို အလွန်​ထူးခြား​စွာ ဖြေဆို​ခဲ့​ကြသည်။ နှီးနှော​ဖလှယ်​ပွဲ​တွင်​ပါဝင်သူ​များသည် ခရစ်ဝင်​ကျမ်း​များ​ပါ ယေရှု​မိန့်ဆိုခဲ့​သည့်​စကား​တစ်ခုစီ​နှင့်​ပတ်သက်​၍ မဲ​များ​ထည့်၍​ဖြေဆို​ခဲ့​ကြသည်။ အနီရောင်​မဲ​ပြား​က ထို​ထွက်ဆိုချက်​ကို ယေရှု​အမှန်ပင်​မိန့်ဆိုခဲ့​ကြောင်း ထင်မြင်ချက်​ကို​ဖော်ပြ​သည်။ ပန်း​နု​ရော​င်​မဲ​ပြား​က ထို​ထွက်ဆိုချက်​မှာ ယေရှုမိန့်ဆိုခဲ့​ကောင်း​မိန့်ဆိုခဲ့​မည့် စကား​တစ်ခွန်း​တ​လေ​နှင့် ဆင်တူ​သည်​ဟု ဆိုလို​၏။ မီးခိုး​ရော​င်​မဲ​ပြား​က အဆိုပါ​ထင်မြင်ချက်​များသည် ယေရှု၏​မိန့်ဆိုချက်​များနှင့်​နီးစပ်​ကြောင်း၊ သို့သော် ၎င်း​ထွက်ဆိုချက်​သည် ကိုယ်တော်​ထံ​မှ အရင်းခံခြင်း​မဟုတ်​ကြောင်း ဖော်ပြ​သည်။ အနက်ရောင်​မဲ​ပြား​က အဆိုပါ​ထွက်ဆိုချက်​သည် ယေရှု၏​စကားလုံး​လုံး​မဟုတ် နောက်ပိုင်း​ထုံးတမ်း​စဉ်​လာ​မှ ဆင်းသက်​ခဲ့​ခြင်း​ဖြစ်သည်ဟု ဖော်ပြ​သည်။

ဤ​နည်းကို​လိုက်ခဲ့​ကြသော ယေရှု​အကြောင်း နှီးနှော​ဖလှယ်​ပွဲ​တွင်​ပါဝင်သူ​များသည် အစပိုင်း​တွင် မေးခွန်း​ပုံစံ​ဖြင့်​မေး​ထား​သည့် အချက်လေး​ခု​စ​လုံး​ကို ပလပ်ပစ်​လိုက်​ကြသည်။ အမှန်​မှာ၊ ခရစ်ဝင်​ကျမ်း​များ​ပါ ယေရှု​ပြောဆို​ခဲ့​သည့်​စကား ၈၂ ရာခိုင်နှုန်း​အတွက် အနက်ရောင်​မဲပေး​ခဲ့​ကြသည်။ ထို​သူတို့၏​အဆို​အရ ခရစ်ဝင်​ကျမ်း​များ​ပါ ယေရှု​အကြောင်း​နှင့်​ပတ်သက်​၍​မှတ်တမ်း​တင်ထားသော အဖြစ်အပျက်​များနှင့် အခြား​ရေးသားချက်​များ​မှ ၁၆ ရာခိုင်နှုန်း​သာ​လျှင် ကျမ်းစစ်​ကျမ်း​မှန်​ဖြစ်ပုံရ​သည်​ဟူ​၏။

ခရစ်ဝင်​ကျမ်း​များ​ကို ထိုသို့​အပြစ်တင်​ဝေဖန်ခြင်း​သည် အသစ်အဆန်း​မဟုတ်ပါ။ ဂျာမနီ​နိုင်ငံ၊ ဟ​မ်း​ဘတ်​မြို့မှ အရှေ့တိုင်း​ဘာသာ​စကား​ပါမောက္ခ ဟဲရ်​မ​န်း​ရီ​မား​ရု​စ်​ရေးသားခဲ့​သော၊ သူ​သေဆုံး​ပြီး​နောက်​မှ​ထုတ်ဝေ​ခဲ့​သည့် စာမျက်နှာ ၁,၄၀၀ ရှိ​စာမူ​တစ်ခု​ထွက်​လာ​ခဲ့​သော ၁၇၇၄ ခုနှစ်​တွင် ခရစ်ဝင်​ကျမ်း​များ​ကို တိုက်ခိုက်မှု​ဖြစ်ပေါ်​ခဲ့​သည်။ ထို​တွင် ရီ​မား​ရု​စ်​သည် ခရစ်ဝင်​ကျမ်း​များ​၏ သမိုင်းဝင်​မှု​ကို ပြင်းပြ​စွာ​သံသယ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ သူ၏​ကောက်ချက်​များသည် ဘာသာ​စကား​သုတေသန​ပြုချက်​များနှင့် ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​တို့​တွင်​တွေ့ရ​သော ယေရှု၏​ဘဝ​အတ္ထုပ္ပတ္တိ​မှတ်တမ်း​နှင့်​ပတ်သက်​၍ ရှေ့နောက်​ညီညွတ်​ဟန်​မရှိ​မှုများ​အပေါ် အခြေပြု​ထား​သည်။ ထို​အချိန်​မှ​စ၍ ဝေဖန်ရေး​သမားများ​က ခရစ်ဝင်​ကျမ်း​များ​၏ ကျမ်းစစ်​ကျမ်း​မှန်​ဖြစ်မှု​ကို သံသယ​ရှိကြောင်း မကြာခဏ ဖော်ထုတ်​ခဲ့​ကြ​ရာ ဤ​ရေးသားချက်​များ​အပေါ် လူတို့၏​ယုံကြည်​စိတ်ချမှု​ကို အတော်အတန်​ဖျက်ဆီး​ခဲ့​ကြ​ပေ​ပြီ။

ထိုသို့​သော​ကျမ်း​ပညာရှင်​အများ​၏ သဘောထား​ကား ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​သည် လူ​အသီးသီး​လက်ဆင့်ကမ်း​ခဲ့​သော ဘာသာ​တရား​ထွင်လုံး​မျှ​ဖြစ်၏​ဟု ယူမှတ်​ကြ​ခြင်း​ဖြစ်သည်။ သံသယဝင်​ကြသော ပညာရှင်​များ​မေးလေ့​မေး​ထ​ရှိသည့် မေးခွန်းများ​မှာ– သူတို့၏​ယုံကြည်ချက်များ​ကြောင့် ခရစ်ဝင်​ကျမ်း​လေးစောင်​ကို​ရေးသားသူ​များသည် အဖြစ်မှန်​ကို ပုံကြီးချဲ့​ခဲ့​ခြင်း​ဖြစ်​မည်​လော။ ကနဦး​ခရစ်ယာန်​အသိုင်းအဝိုင်း​၏ ခံယူ​ချက်​များ​က ယေရှု၏​ဘဝ​အတ္ထုပ္ပတ္တိ​ကို တည်းဖြတ်၊ သို့​မဟုတ် ဖြည့်စွက်​စေ​ခဲ့​ပါသလော။ ခရစ်ဝင်​ကျမ်း​များ​၏ မည်သည့်​အပိုင်း​က ဒဏ္ဍာရီ​ဖွဲ့နွဲ့​ခြင်း​မဟုတ်ဘဲ ဖြောင့်မတ်​မှန်ကန်​သည့်​အကြောင်း​ဖြစ်​နိုင်​သနည်း။

ဘုရားသခင်​မဲ့​ဝါဒီ သို့​မဟုတ် လောက​ရေး​သက်​သက်​ကို​သာ အမှု​ထားသော​အသိုင်းအဝိုင်း​တွင် ကြီးပြင်း​လာ​သူများ​သည် သမ္မာကျမ်းစာ—ခရစ်ဝင်​ကျမ်း​များ​အပါအဝင်—ကို ယုံ​တမ်း​စကား​များနှင့် ဒဏ္ဍာရီ​ပုံပြင်​များ အပြည့်​ပါဝင်​သည့်​စာအုပ်​အဖြစ် ယူမှတ်​ကြသည်။ အခြားသူများ​မှာ​မူ သမိုင်း​တစ်လျှောက် ခရစ်ယာန်ဘောင်​၏​သမိုင်း​တွင်​သွေးသွန်းမှု၊ ဖိနှိပ်မှု၊ မ​စည်းလုံးမှု​နှင့် ဘုရားသခင်​ရေးရာ​မ​ဆန်​သော အပြု​အမူ​များ​ကြောင့် ထိတ်လန့်​ကြ​ပါ​သည်။ ထိုသို့​သော​သူများ​သည် ခရစ်ယာန်ဘောင်​တွင် အထွတ်အမြတ်​ထား​ကြ​သည့် ရေးသားချက်​များ​ကို ဂရုစိုက်​စ​ရာ​အကြောင်း လုံးဝ​မ​တွေ့​နိုင်​ကြ​ချေ။ အရေခြုံ​ဘာသာရေး​ကို​ပေါ်ပေါက်​စေ​ခဲ့​သော လုပ်ရပ်များ​ကြောင့် အသုံးမဝင်​သော စိတ်ကူးယဉ်​ပုံပြင်​များ​သာ​ဖြစ်​မည်​ဟု သူတို့​ယူမှတ်​ကြသည်။

သင်​မည်သို့​ထင်မှတ်​သနည်း။ ခရစ်ဝင်​ကျမ်း​များ​၏ သမိုင်းဝင်​မှု​ကို သံသယဝင်​သူ ပညာရှင်​အချို့​တို့​ကြောင့် သင့်​စိတ်ထဲ​တွင် ထပ်တူ​သံသယများ​ရှိ​ခွင့်ပြု​သင့်​သလော။ ခရစ်ဝင်​ကျမ်း​ရေးသူ​များ​က ဒဏ္ဍာရီ​ဖွဲ့နွဲ့​ရေးသား​သည်​ဟု​ဆို​သည့်​စကား​များ​ကို သင်ကြား​သောအခါ သူတို့၏​ရေးသားချက်​များ​အပေါ် သင်၏​ယုံကြည်​စိတ်ချမှု​ကို ပျက်ပြား​စေ​သင့်​သလော။ ခရစ်ယာန်ဘောင်​၏ ဘုရားတရား​မ​ဆန်​သော​မှတ်တမ်း​ကြောင့် ခရစ်ဝင်​ကျမ်း​များ​၏​စစ်မှန်​မှု​ကို သံသယဝင်​စေ​သင့်​သလော။ အဖြစ်မှန်​များစွာ​အနက် အချို့​ကို​ဆန်းစစ်​ကြည့်​ဖို့ သင့်​အား ကျွန်ုပ်​တို့​ဖိတ်ခေါ်ပါ​သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ခရစ်ဝင်​ကျမ်း​များ​တွင် ဒဏ္ဍာရီ​များ၊ သို့​မဟုတ် ဖြစ်ရပ်မှန်များ​ပါသလော

[Credit Line]

ယေရှု​ရေပေါ်​လမ်းလျှောက်ခြင်း/The Doré Bible Illustrations/Dover Publications

[Picture Credit Line on page 3]

နောက်ခံ၊ စာမျက်နှာ ၃-၅ နှင့် ၈– Freer Gallery of Art, Smithsonian Institution, Washington, D.C. မှ​ကျေးဇူးပြု​သည်