မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်၌ ယုံကြည်ခြင်းရှိပါလေ!

ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်၌ ယုံကြည်ခြင်းရှိပါလေ!

ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​၌ ယုံကြည်ခြင်း​ရှိပါ​လေ!

“သာ၍​မြဲမြံ​သော​အနာဂတ္တိ [“ပရောဖက်ပြုချက်၊” က​ဘ] စကားတော်​သည် ငါ​တို့​၌​ရှိသေး၏။”—၂ ပေတရု ၁:၁၉

၁၊ ၂။ မှတ်တမ်းတင်​ခဲ့​ဖူး​သမျှ​တွင် ပထမဦးဆုံး​ပရောဖက်ပြုချက်​ကား အဘယ်နည်း၊ ၎င်း​ပေါ်ပေါက်​စေ​ခဲ့​သည့်​မေးခွန်းများ​မှ​တစ်ခု​ကား အဘယ်နည်း။

ယေဟောဝါ​သည် မှတ်တမ်းတင်​ခဲ့​ဖူး​သမျှ​တွင် ပထမဦးဆုံး​ပရောဖက်ပြုချက်​၏​ရင်းမြစ်​ဖြစ်​တော်​မူ​သည်။ အာဒံ​နှင့်​ဧဝ​တို့​အပြစ်ပြု​ပြီး​နောက် မြွေ​ကို​ဘုရားသခင် ဤသို့​မိန့်ဆိုခဲ့သည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်။” (ကမ္ဘာဦး ၃:၁-၇၊ ၁၄၊ ၁၅) ထို​ပရောဖက်ပြုချက်​စကား​များ​ကို အပြည့်အဝ​နားမလည်​မီ နှစ်​ရာစု​များစွာ​ကုန်လွန်​သွား​မည်​ဖြစ်သည်။

ထို​ပထမဦးဆုံး​ပရောဖက်ပြုချက်​က အပြစ်သား​များ​အတွက် စစ်မှန်သော​မျှော်လင့်ချက်ကို ကမ်း​လှမ်းပေး​သည်။ သမ္မာကျမ်းစာ​က စာတန်​အား “ရှေး​မြွေ​ဟောင်း” အဖြစ် နောက်ပိုင်း​တွင် ဖော်ပြ​ခဲ့​သည်။ (ဗျာဒိတ် ၁၂:၉) သို့သော် ဘုရားသခင့်​ကတိထားရာ​မျိုးနွယ်တော်​သည် မည်သူ​ဖြစ်​မည်​နည်း။

မျိုးနွယ်တော်​ကို​ရှာဖွေခြင်း

၃။ အာဗေလ​သည် ပထမဦးဆုံး​ပရောဖက်ပြုချက်​ကို ယုံကြည်​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

ဖခင်​နှင့်​မတူဘဲ ဘုရားတရား​ကိုင်းရှိုင်း​သူ​အာဗေလ​သည် ပထမဦးဆုံး​ပရောဖက်ပြုချက်​ကို ယုံကြည်​ကြောင်း​တင်ပြ​ခဲ့​သည်။ အပြစ်ကို​ဖုံးအုပ်​ရန် သွေး​သွန်း​ဖို့​လို​မည်​ဖြစ်​ကြောင်း အာဗေလ​သဘောပေါက်ခဲ့​သည်​မှာ​ထင်ရှား​သည်။ ထို့​ကြောင့် ဘုရားသခင်​လက်ခံသည့် တိရစ္ဆာန်​ယဇ်​သကာ​ကို​ပူဇော်​ရန် သူ့​အား ယုံကြည်ခြင်းက​လှုံ့ဆော်​ခဲ့​သည်။ (ကမ္ဘာဦး ၄:၂-၄) သို့​တိုင် ကတိထားရာ​မျိုးနွယ်တော်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း နက်နဲရာ​ဖြစ်နေ​ခဲ့​သည်။

၄။ ဘုရားသခင်​သည် အာဗြဟံ​ကို အဘယ်က​တိ​ပေး​ခဲ့​သနည်း၊ ယင်းက ကတိထားရာ​မျိုးနွယ်တော်​နှင့်​ပတ်သက်​၍ အဘယ်အရာကို​ညွှန်ပြ​သနည်း။

အာဗေလ​ခေတ်​ကုန်လွန်​ပြီး​နောက်​နှစ်ပေါင်း ၂,၀၀၀ ခန့်​တွင် ယေဟောဝါ​သည် ဘိုးဘေး​အာဗြဟံ​အား ဤ​ပရောဖက်ပြုချက်​ကတိတော်​ကို​ပေး​ခဲ့​သည်– “ငါသည် သင့်​အား အစဉ်အမြဲ​ကောင်းချီး​ပေး​မည်။ သင်၏​အမျိုးအနွယ်​ကိုလည်း ကောင်းကင်​ကြယ်​ကဲ့သို့ . . . အစဉ်အမြဲ​ပွား​များ​စေမည်။ သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို​ခံရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) ထိုစကား​များသည် အာဗြဟံ​နှင့် ပထမဦးဆုံး​ပရောဖက်ပြုချက်​ပြည့်စုံမှု​ကို ဆက်စပ်​ပေး​၏။ စာတန်​၏​လုပ်ရပ်များ​ကို ပယ်ဖျက်​မည့်​မျိုးနွယ်တော်​သည် အာဗြဟံ​၏​မျိုးရိုး​မှ​ပေါ်ထွန်း​လာ​မည်​ဖြစ်​ကြောင်း ထိုစကား​များ​က​ညွှန်ပြ​သည်။ (၁ ယောဟန် ၃:၈) ‘ဘုရားသခင်​၏​ကတိတော်​ကြောင့် [အာဗြဟံ​သည်] ယုံမှား​သံသယ​ကင်း’ ခဲ့​သကဲ့သို့ “ကတိတော်​အတိုင်း​မခံစား​ကြ​ရ​သေး” သည့် ခရစ်ယာန်​ခေတ်​မတိုင်မီ​က အခြားသော​ယေဟောဝါသက်သေ​များသည်​လည်း ထို​အတိုင်း​ပင်​ဖြစ်​ခဲ့​သည်။ (ရောမ ၄:၂၀၊ ၂၁သ​မ; ဟေဗြဲ ၁၁:၃၉သ​မ) ယင်းအစား၊ သူတို့သည် ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ဆက်လက်​ယုံကြည်ခဲ့​ကြသည်။

၅။ မျိုးနွယ်တော်​ဆိုင်ရာ ဘုရားသခင့်​ကတိတော်​သည် မည်သူ​၌​ပြည့်စုံ​ခဲ့​သနည်း၊ အဘယ်ကြောင့် ထိုသို့​ဖြေ​သနည်း။

တမန်​တော်​ပေါလု​သည် ဤသို့​ရေးသားခဲ့​သောအခါ ဘုရားသခင့်​ကတိထားရာ​မျိုးနွယ်တော်​ကို ဖော်ပြ​ခဲ့​သည်– “ကတိတော်​တို့ကို အာဗြဟံ​နှင့်​သူ၏​အမျိုးအနွယ်​၌​ထား​တော်​မူ​၏။ ‘အမျိုးအနွယ်​တို့’ ဟု အများ​သော​သူတို့ကို​ရည်​မှတ်၍ မိန့်တော်မူသည်​မဟုတ်။ ‘သင်၏​အမျိုးအနွယ်’ ဟု တစ်ယောက်​သော​သူကို​ရည်​မှတ်၍ မိန့်တော်မူ၏။ ထို​တစ်ယောက်​သော​သူ​ကား ခရစ်တော်​ဖြစ်​သတည်း။” (ဂလာတိ ၃:၁၆) လူမျိုးအပေါင်း​ကောင်းချီး​ခံစားရ​မည့် မျိုးနွယ်တော်​တွင် အာဗြဟံ​၏​အမျိုးအနွယ်​အားလုံး​မပါ​ပါ။ သူ၏​သား​ဣရှမေလ​နှင့် ကေ​တု​ရ​နှင့်​သူ​ရခဲ့​သော​သားများ​မှ ဆင်းသက်လာ​သူများ​သည် လူသားများ​ကောင်းချီး​ခံစား​ရဖို့ အသုံး​မခံခဲ့​ရ​ပါ။ ကောင်းချီး​နှင့်​ဆိုင်သော​မျိုးနွယ်တော်​သည် သူ၏​သား​ဣဇာက်​နှင့် မြေး​ယာကုပ်တို့​မှ​ဆင်းသက်လာ​ခဲ့​သည်။ (ကမ္ဘာဦး ၂၁:၁၂; ၂၅:၂၃၊ ၃၁-၃၄; ၂၇:၁၈-၂၉၊ ၃၇; ၂၈:၁၄) “လူမျိုး” တို့သည် ယုဒ​အနွယ် ရှိလော​ကို​နာခံကြ​မည်​ဖြစ်သော်လည်း မျိုးနွယ်တော်​သည် နောက်ပိုင်း​တွင် ဒါဝိဒ်​၏​မျိုးရိုး​မှ​ဆင်းသက်​ရန် ကန့်သတ်​ထား​ကြောင်း ယာကုပ်​ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၄၉:၁၀; ၂ ဓမ္မ​ရာဇဝင် ၇:၁၂-၁၆) ပထမ​ရာစု​ဂျူး​များသည် မေရှိယ သို့​မဟုတ် ခရစ်တော်​အဖြစ်​ကြွလာ​မည့်​သူ​တစ်ဦး​ကို စောင့်မျှော်​ခဲ့​ကြသည်။ (ယောဟန် ၇:၄၁၊ ၄၂) မျိုးနွယ်တော်​နှင့်​ဆိုင်​သည့် ဘုရားသခင့်​ပရောဖက်ပြုချက်​သည် ကိုယ်တော့်​သားတော်​ယေရှု​ခရစ်​တွင် ပြည့်စုံ​ခဲ့​သည်။

မေရှိယ​ပေါ်ထွန်း​လာ!

၆။ (က) သီတင်း ၇၀ ဆိုင်ရာ​ပရောဖက်ပြုချက်​ကို ကျွန်ုပ်​တို့ မည်သို့​နားလည်​ရန်ဖြစ်​သနည်း။ (ခ) ယေရှုသည် မည်သည့်​အချိန်​နှင့် မည်သို့​အားဖြင့် “အပြစ်ကို​ဖြေရှင်း” ခဲ့​သနည်း။

ပရောဖက်​ဒံယေလ​သည် အရေးပါသည့်​မေရှိယ​ဆိုင်ရာ ပရောဖက်ပြုချက်​တစ်ခု​ကို မှတ်တမ်းတင်​ခဲ့​သည်။ မေဒိ​အမျိုး​ဒါရိ​မင်း​နန်းစံ​ပထမ​နှစ်​တွင် ယေရုရှလင်​မြို့​၏​အနှစ် ၇၀ လူဆိတ်ညံ​ရာ​ကာလ​သည် ကုန်ဆုံး​လု​နီး​ကြောင်း သူသိ​ရှိခဲ့​သည်။ (ယေရမိ ၂၉:၁၀; ဒံယေလ ၉:၁-၄) ဒံယေလ​ဆုတောင်း​နေစဉ် ကောင်းကင်တမန်​ဂါဗြေလ​သည် ရောက်​လာ၍ ‘အပြစ်ကို​ဖြေရှင်းရန် သီတင်း​ခု​နစ်​ဆယ်​ကို သတ်မှတ်​ဆုံးဖြတ်’ ထား​ကြောင်း​ဖော်ပြ​ခဲ့​သည်။ မေရှိယ​သည် ၇၀ မြောက်​သီတင်းပတ်​၏​အလယ်တွင် အသေ​သတ်​ခံရ​မည်​ဖြစ်သည်။ “သီတင်းနှစ်​ခု​နစ်​ဆယ်” သည် ပါရှန်း​ဘုရင်​အာတဇေရဇ် ၁ က ‘ယေရုရှလင်​မြို့ကို ပြန်လည်​တည်ဆောက်​ရန် အမိန့်တော်​ရှိ’ ခဲ့​သည့် ဘီ.စီ.အီး. ၄၅၅ တွင်​အစပြု​သည်။ (ဒံယေလ ၉:၂၀-၂၇; မော​ဖက်; နေဟမိ ၂:၁-၈) မေရှိယ​သည် ၆၉ သီတင်း​ကြာပြီးနောက်​တွင် ပေါ်ထွန်း​မည်​ဖြစ်သည်။ ၎င်း ၄၈၃ နှစ်​သည် ဘီ.စီ.အီး. ၄၅၅ မှ​စပြီး ယေရှု​နှစ်ခြင်း​ခံ​ပြီး မေရှိယ သို့​မဟုတ် ခရစ်တော်​အဖြစ် သူ့​အား ဘုရားသခင်​ဘိသိက်ပေး​ခဲ့​သည့် စီ.အီး. ၂၉ အထိ​တိုင်​လေ​သည်။ (လုကာ ၃:၂၁၊ ၂၂) ယေရှုသည် စီ.အီး. ၃၃ တွင် မိမိ​အသက်ကို​ရွေးနုတ်ဖိုး​အဖြစ်​ပေးခြင်း​ဖြင့် “အပြစ်ကို​ဖြေရှင်း” ခဲ့​သည်။ (မာကု ၁၀:၄၅) ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်ခြင်း​ရှိ​ရန် အမှန်​ခိုင်လုံ​သော​အကြောင်းရင်း​များ​ပါ​တကား! *

၇။ ယေရှုသည် မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက်​ကို မည်သို့​ပြည့်စုံ​စေ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​ကို​အသုံးပြု၍​ထောက်ပြပါ။

ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို​ယုံကြည်ခြင်း​သည် မေရှိယကို ခွဲခြား​သိမြင်​စေ​သည်။ ဟေဗြဲ​ကျမ်း​စာစောင်​များ​တွင် မှတ်တမ်းတင်​ခဲ့​သည့် မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက်​များစွာ​အနက် အတော်များများ​သည် ယေရှု​နှင့်​ပတ်သက်​ကြောင်း ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​ကို​ရေးသူ​တို့​က တိုက်ရိုက်​ဖော်ပြ​ခဲ့​ကြသည်။ သာဓက​အနေ​နှင့်– ယေရှုသည် ဗက်လင်မြို့​တွင် အပျိုကညာ​တစ်ဦး​မှ​မွေးဖွား​ခဲ့​သည်။ (ဟေရှာယ ၇:၁၄; မိက္ခာ ၅:၂; မဿဲ ၁:၁၈-၂၃; လုကာ ၂:၄-၁၁) သူသည် အီဂျစ်​ပြည်​မှ​ခေါ်ဆောင်​ခံရ​သည်၊ သူ​မွေး​ပြီး​နောက် ကလေး​များ​အသတ်ခံရ​သည်။ (ယေရမိ ၃၁:၁၅; ဟောရှေ ၁၁:၁; မဿဲ ၂:၁၃-၁၈) ယေရှုသည် ကျွန်ုပ်​တို့၏​အနာ​ရောဂါ​များ​ကို ယူဆောင်​သွား​သည်။ (ဟေရှာယ ၅၃:၄; မဿဲ ၈:၁၆၊ ၁၇) ကြိုပြော​ထား​သည့်​အတိုင်း ကိုယ်တော်​သည် မြည်း​ကလေး​ကို​စီး​၍ ယေရုရှလင်​မြို့ထဲ​ဝင်​ခဲ့​သည်။ (ဇာခရိ ၉:၉; ယောဟန် ၁၂:၁၂-၁၅) ယေရှုကို​နှက်တိုင်​တင်ပြီး​နောက် စစ်သား​များ​က ကိုယ်တော်​၏​အဝတ်ကို တစ်ပိုင်းစီ​ခွဲဝေ​ယူပြီး အတွင်း​အဝတ်ကို​မူ စာရေး​တံ​ချ​၍​ယူ​ကြ​သည့်​အခါ ဆာလံဆရာ​၏​စကား​များ​ပြည့်စုံ​ခဲ့​သည်။ (ဆာလံ ၂၂:၁၈; ယောဟန် ၁၉:၂၃၊ ၂၄) ယေရှု၏​အရိုးများ အချိုး​မခံရ​ခြင်း​နှင့် ကိုယ်တော်​ထိုးဖောက်​ခံ​ခဲ့​ရခြင်း​တို့​က​လည်း ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​သည်။ (ဆာလံ ၃၄:၂၀; ဇာခရိ ၁၂:၁၀; ယောဟန် ၁၉:၃၃-၃၇) ၎င်း​တို့​ကား မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက်​များသည် ယေရှုကို​ရည်ညွှန်း​ကြောင်း ဘုရားသခင့်​မှုတ်သွင်းခံကျမ်း​ရေးသူ​များ​ဖော်ပြ​ခဲ့​သည့် ဥပမာ​အနည်း​အကျဉ်း​သာ​ဖြစ်သည်။ *

မေရှိယ​ဘုရင်​ကို​ကြိုဆို​လေ!

၈။ အသက်ကြီး​သော​သူ​ကား မည်သူ​နည်း၊ ဒံယေလ ၇:၉-၁၄ တွင်​မှတ်တမ်း​တင်ထား​သည့် ပရောဖက်ပြုချက်​သည် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

ယေဟောဝါ​သည် ဗာဗုလုန်​ဘုရင်​ဗေလရှာဇာ​နန်းစံ​ပထမ​နှစ်​တွင် မိမိ၏​ပရောဖက်​ဒံယေလ​အား အိပ်မက်​တစ်ခု​နှင့် ထူးခြားသည့်​အဆင်း​အာရုံများ​ကို​ရရှိစေ​ခဲ့​သည်။ ထို​ပရောဖက်​သည် ဧရာမ​သားရဲ​ကြီး​လေးကောင်​ကို ဦးဆုံး​မြင်ရ​သည်။ ဘုရားသခင့်​ကောင်းကင်တမန်​က ၎င်းတို့ကို “မင်း​လေးပါး” အဖြစ်​ဖော်ပြ​ခဲ့​ရာ ဆက်တိုက်​ပေါ်လာ​မည့် ကမ္ဘာ့​အာဏာစက်​များ​ကို အမှတ်သညာ​ပြု​ကြောင်း​ညွှန်ပြ​ခဲ့​သည်။ (ဒံယေလ ၇:၁-၈၊ ၁၇သ​မ) ထို့နောက် ဘုန်းထင်ရှား​စွာ​နန်းထိုင်​နေ​တော်​မူ​သည့် “အသက်ကြီး​သော​သူ၊” ယေဟောဝါ​ကို ဒံယေလ​မြင်ရ​သည်။ ကိုယ်တော်​သည် သားရဲများ​ကို ပြစ်ဒဏ်​စီရင်​ပြီး ၎င်း​တို့​ထံ​မှ အုပ်ချုပ်မှု​ကို​နုတ်ယူ​ကာ စတုတ္ထ​သားရဲ​ကို ဖျက်ဆီး​ပစ်လိုက်​လေ​သည်။ “အသီးသီးအခြားခြား​သော​ဘာသာ​စကား​ကို ပြော​သော​လူမျိုးတကာ​တို့” အပေါ်​တည်မြဲ​သည့်​အုပ်ချုပ်မှု​ကို “လူသား​နှင့်​တူသော​သူ​တစ်ဦး” အားပေး​အပ်​ခဲ့​သည်။ (ဒံယေလ ၇:၉-၁၄) ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌ “လူသား၊” ယေရှု​ခရစ်​နန်းတင်​ခံရ​ခြင်း​နှင့်​ဆက်စပ်​နေသည့် အံ့မခန်းဖွယ်​ပရောဖက်ပြုချက်​ပါ​တကား!—မဿဲ ၁၆:၁၃

၉၊ ၁၀။ (က) အိပ်မက်​ထဲ​မှ​ရုပ်တု​၏​အစိတ်အပိုင်း​အသီးသီး​က အဘယ်အရာကို​ညွှန်ပြ​သနည်း။ (ခ) ဒံယေလ ၂:၄၅ ၏​ပြည့်စုံချက်​ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

ဘုရားသခင်​သည် “ဘုရင်​မင်းတို့​အား . . . နန်းချ၊ နန်းတင်​တော်​မူ” ကြောင်း ဒံယေလ​သိ​သည်။ (ဒံယေလ ၂:၂၁သ​မ) ထို​ပရောဖက်​သည် “နက်နဲ​သော​အရာ​ကို​ဖွင့်ပြ​တော်​မူ​သော​ဘုရား[သခင်]၊” ယေဟောဝါ​ကို​ယုံကြည်​စွာ​ဖြင့် ဗာဗုလုန်​ဘုရင်​နေဗုခဒ်နေဇာ​၏​အိပ်မက်​ထဲ​မှ ဧရာမ​ရုပ်တုကြီး​၏​အနက်​အဓိပ္ပာယ်​ကို​ဖွင့်ပြခဲ့​သည်။ ၎င်း​၏​အစိတ်အပိုင်း​အသီးသီး​တို့​က ဗာဗုလုန်၊ မီဒို-ပါရှား၊ ဂရိ​နှင့်​ရောမ​ကဲ့သို့​သော ကမ္ဘာ့​အာဏာစက်​များ​၏​အတက်အကျ​ကို ညွှန်ပြ​သည်။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အချိန်​နှင့် နောက်ပိုင်း​အချိန်အထိ ဖြစ်ပျက်​လာ​မည့်​ကမ္ဘာ့​ဖြစ်ရပ်​တို့ကို​လည်း​ဖော်ပြ​ရန် ဒံယေလ​ကို​အသုံးပြု​ခဲ့​သည်။—ဒံယေလ ၂:၂၄-၃၀

၁၀ “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော​နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်” ဟု​ပရောဖက်ပြုချက်​က​ဆို​သည်။ (ဒံယေလ ၂:၄၅) ‘တစ်ပါး​အမျိုးသား​တို့၏​အချိန်ကာလ’ သည် ၁၉၁၄ ခုနှစ်​တွင်​ကုန်ဆုံး​သည့်​အခါ ဘုရားသခင်​သည် ခရစ်တော်​လက်အောက်​ရှိ ကောင်းကင်​နိုင်ငံတော်​ကို တည်ထောင်​ခဲ့​သည်။ (လုကာ ၂၁:၂၄; ဗျာဒိတ် ၁၂:၁-၅) ဘုရားသခင့်​တန်ခိုးတော်​အားဖြင့် မေရှိယနိုင်ငံတော် “ကျောက်” သည် ထို​အချိန်တွင် ဘုရားသခင့်​စကြဝဠာ​ပိုင်သ​အုပ်စိုးမှု “တောင်” မှ​ပဲ့​ကွာ​လာ​ခဲ့​သည်။ ထို​ကျောက်​သည် အာမဂေဒုန်​တွင် ရုပ်တုကို​ထိမှန်​ပြီး အမှုန့်​ဖြစ်သည်​အထိ ည​က်​ည​က်​ကြေ​စေမည်​ဖြစ်သည်။ “မြေကြီး​တစ်ပြင်လုံး” ကို​အကျိုး​သက်ရောက်​မည့် အုပ်ချုပ်ရေး​ဆိုင်ရာ​တောင်​တစ်ခု​အနေ​နှင့် မေရှိယနိုင်ငံ​သည် ထာဝစဉ်​တည်​မည်​ဖြစ်သည်။—ဒံယေလ ၂:၃၅၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၆ *

၁၁။ ယေရှု၏​ကိုယ်ယောင်​ထွန်းလင်းခြင်း​က အဘယ်အရာ၏​အကြို​မြင်ကွင်း​ဖြစ်သနည်း၊ ထို​အဆင်းအာရုံ​က ပေတရု​အပေါ် အဘယ်​အကျိုး​သက်ရောက်မှု​ရှိခဲ့​သနည်း။

၁၁ မိမိ၏​နိုင်ငံတော်​အုပ်ချုပ်မှု​ကို​ရည်စူး၍ ယေရှု​က တပည့်တော်​များ​အား ဤသို့​မိ​န်​တော်​မူ​ခဲ့​သည်– “လူသား​သည် နိုင်ငံတော်​တည်လျက်​ကြွလာ​တော်​မူ​သည်ကို ဤ​အရပ်၌​ရှိသောသူ​အချို့​တို့သည်​မမြင်​မီ သေခြင်း​သို့​မရောက်ရ​ကြ။” (မဿဲ ၁၆:၂၈) ခြောက်​ရက်​လွန်​သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့်​ယောဟန်တို့ကို မြင့်​လှ​စွာ​သော​တောင်ပေါ်​သို့​ခေါ်သွား​ကာ သူတို့ရှေ့​တွင် ကိုယ်ယောင်​ထွန်းလင်း​ပြ​ခဲ့​သည်။ ထွန်းလင်း​သော​မိုးတိမ်​သည် တမန်​တော်​များ​ကို​ဖုံးလွှမ်း​စဉ် ဘုရားသခင်​က “ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း။ သူ၏​စကား​ကို​နားထောင်​ကြလော့” ဟု​ကြေညာ​သည်။ (မဿဲ ၁၇:၁-၉; မာကု ၉:၁-၉) ခရစ်တော်​၏​နိုင်ငံတော်​ဘုန်း​အသရေ​ဆိုင်ရာ အကြို​မြင်ကွင်း​တစ်ရပ်​ပါ​တကား! ယင်းကြောင့် ပေတရု​က အလွန်​ထွန်းလင်း​တောက်ပ​သော ထို​အဆင်းအာရုံ​ကို​ရည်ညွှန်း​၍ “ထို​မှတစ်ပါး၊ သာ၍​မြဲမြံ​သော​အနာဂတ္တိ [“ပရောဖက်ပြုချက်၊” က​ဘ] စကားတော်​သည် ငါ​တို့​၌​ရှိသေး၏” ဟု​ပြောဆို​ခဲ့​ခြင်း​ပင်။၂ ပေတရု ၁:၁၆-၁၉ *

၁၂။ အထူးသဖြင့် ယခု​အချိန်​သည် ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်​ကြောင်း​တင်ပြ​ရန်​အချိန် အဘယ်ကြောင့်​ဖြစ်သနည်း။

၁၂ “ပရောဖက်ပြုချက်​စကားတော်” တွင်​ဟေဗြဲ​ကျမ်း​ပါ မေရှိယ​နှင့်​ဆိုင်သော ပရောဖက်ပြုချက်​များ​သာမက “ကြီးစွာ​သော​ဘုန်း​တန်ခိုး​အာနုဘော်​ကို​ဆောင်​လျက်” ယေရှု​ကြွလာ​မည်​ဟူသော ကိုယ်တော်​၏​ဖော်ပြချက်​လည်း​ပါဝင်​ကြောင်း ထင်ရှား​သည်။ (မဿဲ ၂၄:၃၀) ကိုယ်ယောင်​ထွန်းလင်းခြင်း​က ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ဖြင့် ခရစ်တော်​ဘုန်းထင်ရှား​လိမ့်​မည်​ဟူသော ပရောဖက်ပြုချက်​စကားတော်​ကို ထောက်ခံ​သည်။ များ​မကြာမီ ဘုန်းထင်ရှား​လျက် ကိုယ်တော်​ပေါ်ထွန်းခြင်း​က ယုံကြည်ခြင်း​ကင်းမဲ့​သူများ​အတွက် ဖျက်ဆီးခြင်း​နှင့် ယုံကြည်ခြင်း​တင်ပြ​သူများ​အတွက် ကောင်းချီး​ဖြစ်စေ​ပါ​လိမ့်​မည်။ (၂ သက်သာလောနိတ် ၁:၆-၁၀) ကျမ်းစာ​ပရောဖက်ပြုချက်​ပြည့်စုံခြင်း​က ဤ​ကာလ​သည် “နောက်ဆုံး​ကာလ” ဖြစ်​ကြောင်း သက်သေထူ​သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၆၊ ၁၇က​ဘ; မဿဲ ၂၄:၃-၁၄) ယေဟောဝါ​၏​အဓိက​စီရင်ပိုင်​ခွင့်​ရှိသူ​အနေ​နှင့် ယေရှု​ခရစ်​ဖြစ်သော​မိက္ခေလ​သည် “ကြီးစွာ​သော [ဆင်းရဲခြင်း]” အတွင်း ဤ​ဆိုးသွမ်း​သော​အစီအစဉ်​စနစ်​ကို အဆုံးတိုင်​စေရန်​အသင့်ရှိ​သည်။ (မဿဲ ၂၄:၂၁; ဒံယေလ ၁၂:၁) သို့​ဖြစ်၍ ဤ​အချိန်​သည် ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်​ကြောင်း​တင်ပြ​ရန် အချိန်​ဖြစ်သည်​မှာ​အမှန်။

ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​၌ ယုံကြည်ခြင်း​တည်တံ့​စေ

၁၃။ ဘုရားသခင်​အပေါ် ကျွန်ုပ်​တို့​မေတ္တာ​တည်မြဲ​နေ​ရန်​နှင့် ကိုယ်တော့်​နှုတ်မြွက်​စကားတော်​၌ ယုံကြည်ခြင်း​ရှင်သန်​နေ​စေရန် အဘယ်အရာက​ကူညီပေး​နိုင်​သနည်း။

၁၃ ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ပြည့်စုံချက်​များ​အကြောင်းကို ကျွန်ုပ်​တို့​သိရှိ​ခါ​စ​က အမှန်ပင်​ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ကြသည်။ သို့သော် ထို​အချိန်​နောက်ပိုင်း​တွင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းသည် လျော့နည်း​လာပြီး ကျွန်ုပ်​တို့၏​မေတ္တာသည် အေးစက်​လာပြီ​လော။ ကျွန်ုပ်​တို့သည် “ရှေ့​ဦးစွာ​သော [ချစ်ခြင်း] လျော့” ခဲ့​ကြ​သည့် ဧဖက်​မြို့ရှိ​ခရစ်ယာန်​များနှင့် မည်သည့်​အခါ​မျှ​မတူကြ​စို့​နှင့်။ (ဗျာဒိတ် ၂:၁-၄) ယေဟောဝါ​၏​အမှုတော်ကို ကျွန်ုပ်​တို့​မည်မျှ​ပင်​ထမ်းဆောင်​ခဲ့​ပါစေ ကောင်းကင်​ဘဏ္ဍာ​ကို​ဆည်းပူး​ရန် ‘ဘုရားသခင့်​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​ကို ဆက်၍​ရှေးဦး​ရှာ’ မ​နေလျှင် ထိုသို့​ဖြစ်​နိုင်​သည်။ (မဿဲ ၆:၁၉-၂၁၊ ၃၁-၃၃) ဝီရိယ​ရှိ​ရှိ​ကျမ်းစာ​လေ့လာခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ​တွင် မှန်မှန်​ပါဝင်ခြင်း​နှင့် ဇွဲရှိ​ရှိ​ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​ဟောပြောခြင်း​တို့သည် ယေဟောဝါ​အပေါ်၊ ကိုယ်တော့်​သားတော်​နှင့် သမ္မာကျမ်းစာ​အပေါ် ကျွန်ုပ်​တို့၏​မေတ္တာကို ဆက်လက်​တည်မြဲ​စေပါ​လိမ့်​မည်။ (ဆာလံ ၁၁၉:၁၀၅; မာကု ၁၃:၁၀; ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းက တစ်ဖန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ဆက်၍​ရှင်သန်စေပါ​မည်။—ဆာလံ ၁၀၆:၁၂

၁၄။ ဘိသိက်ခံ​ခရစ်ယာန်​များသည် ယေဟောဝါ​၏​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်​ကြ​သည့်​အတွက် မည်သို့​ဆုချ​ခံ​ကြ​ရသနည်း။

၁၄ ဘုရားသခင့်​ပရောဖက်ပြုချက်​စကား​သည် အတိတ်​တွင်​ပြည့်စုံ​ခဲ့​သကဲ့သို့ အနာဂတ်​အတွက် ကြိုပြော​ထား​ရာ​များသည်​လည်း ပြည့်စုံ​လာ​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​နိုင်​သည်။ သာဓက​အနေ​နှင့် ဘုရားသခင့်​နိုင်ငံတော်​ဘုန်း​အသရေ​ဖြင့် ခရစ်တော်​၏​ရောက်ရှိခြင်း​သည် ယခု​အမှန်​ဖြစ်ပျက်​နေပြီ၊ သေ​သည်​တိုင်​သစ္စာရှိခဲ့​ကြသော ဘိသိက်ခံ​ခရစ်ယာန်​များသည် ဤ​ပရောဖက်ပြုချက် ကတိတော်​ပြည့်စုံမှု​ကို​ခံစား​ခဲ့​ကြ​ရပြီ– “အကြင်သူသည် အောင်မြင်​၏၊ ထို​သူသည် ငါ​၏​ဘုရားသခင် ပရဒိသု​ဥယျာဉ်​၌​ရှိသော အသက်​ပင်​၏​အသီးကို​စား​စေခြင်း​ငှာ ငါ​အခွင့်ပေး​မည်။” (ဗျာဒိတ် ၂:၇၊ ၁၀; ၁ သက်သာလောနိတ် ၄:၁၄-၁၇) ယေရှုသည် ဤ​အောင်နိုင်သူ​များ​အား ‘ဘုရားသခင်​၏​ကောင်းကင်​ပရဒိသု’ တွင် “အသက်​ပင်​၏​အသီးကို​စား” ခွင့်​ပေး​သည်။ သူတို့သည် ရှင်ပြန်ထမြောက်​သည့်​အခါ ယေရှု​ခရစ်​အားဖြင့် “လောကဓာတ်​တို့၏​ဘုရင်​တည်း​ဟူသော၊ ဖောက်ပြန်​ပျက်စီးခြင်း​နှင့်​ကင်းလွတ်​တော်​မူ​ထ​သော၊ မျက်မြင်မရ၊ အ​ရူပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်ဆူတည်း​သော​ဘုရားသခင်” ယေဟောဝါ​ပေးသနား​သည့် မသေနိုင်၊ မ​ပုပ်​နိုင်သော​အဖြစ်ကို ရရှိ​ကြသည်။ (၁ တိမောသေ ၁:၁၇; ၁ ကောရိန္သု ၁၅:၅၀-၅၄; ၂ တိမောသေ ၁:၁၀) ဘုရားသခင်​အပေါ် သူတို့၏​ထာဝရ​တည်မြဲသော​မေတ္တာ နှင့် ပရောဖက်ပြုချက်​စကားတော်​၌ မယိမ်းယိုင်​သော​ယုံကြည်ခြင်း​ကြောင့်​ရသော ကြီးမြတ်​သည့်​ဆုကျေးဇူး​ပါ​တကား!

၁၅။ “မြေကြီး​သစ်” ၏​အုတ်မြစ်ကို မည်သူ​တို့​၌​ချ​ခဲ့​သနည်း၊ သူတို့၏​အပေါင်းပါများ​ကား မည်သူ​များ​နည်း။

၁၅ သစ္စာရှိ​စွာ​သေဆုံး​သွားသော​ဘိသိက်ခံ​များသည် ကောင်းကင်​ဆိုင်ရာ “ဘုရားသခင်​ပရဒိသု” သို့​ရှင်ပြန်ထမြောက်​ကြ​ပြီး​များ​မကြာမီတွင် မြေကြီးပေါ်​ရှိ​ဝိညာဉ်​ရေး​ဣသရေလ​အကြွင်းအကျန်​သည် . . . ဘာသာရေး​ကမ္ဘာ့​အင်ပါယာ၊ ‘မဟာ​ဗာဗုလုန်’ မှ​လွတ်မြောက်​ခဲ့​ကြသည်။ (ဗျာဒိတ် ၁၄:၈; ဂလာတိ ၆:၁၆) ဤသူတို့​၌ “မြေကြီး​သစ်” ၏​အုတ်မြစ်ချ​ခဲ့​သည်။ (ဗျာဒိတ် ၂၁:၁) ဤသို့ဖြင့် ‘တိုင်းနိုင်ငံ​တစ်ခု’ မွေးဖွား​လာ​ကာ ယင်းကို ယနေ့​မြေကြီး​အနှံ့​တွင် စည်ပင်​ဖွံ့ ဖြိုး​နေသည့် ဝိညာဉ်​ရေး​ပရဒိသု​တစ်ခု​အဖြစ် တည်ဆောက်​ထား​သည်။ (ဟေရှာယ ၆၆:၈) “နောက်ဆုံးသော​ကာလ” ဖြစ်သည့်​ယခု​အချိန်တွင် ဝိညာဉ်​ရေး​ဣသရေလ​၏​သိုး​ကဲ့သို့​သော အပေါင်းပါ​မြောက်မြားစွာ​သည် ၎င်း​အထဲ​သို့ တ​သီ​တ​တန်း​ကြီး​ဝင်လာ​နေကြ​သည်။—ဟေရှာယ ၂:၂-၄; ဇာခရိ ၈:၂၃; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉

ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​၌ လူသား​၏​အနာဂတ်​ကြို​ဟောထား

၁၆။ ဘိသိက်ခံ​များ​အား သစ္စာရှိ​ရှိ​ထောက်ခံသူ​များ​၏​အလားအလာ​များ​ကား အဘယ်နည်း။

၁၆ ဘိသိက်ခံ​များ​ကို သစ္စာရှိ​ရှိ​ထောက်ခံသူ​များ​၏​အလားအလာများ​ကား အဘယ်နည်း။ သူတို့​သည်လည်း ဘုရားသခင့်​ပရောဖက်ပြုချက်​စကား​ကို ယုံကြည်​ကြ​ပြီး မြေကြီး​ပရဒိသု​သို့​ဝင်စားခြင်း​အပေါ် သူတို့၏​မျှော်လင့်ချက်​အခြေပြု​သည်။ (လုကာ ၂၃:၃၉-၄၃) ထို​တွင် သူတို့သည် အသက်ကို​ထောက်မ​ပေး​သည့် “အသက်ရေ စီး​ရာ​မြစ်” မှ​ရေ​ကို​သောက်သုံး​ကြ​မည်​ဖြစ်​ပြီး ၎င်း​၏​ဘေးနှစ်ဖက်​တွင်​စိုက်​ထား​သည့် ‘အပင်​၏​အရွက်​များ’ ကြောင့် အနာ​ရောဂါ​ပျောက်ကင်း​ကြ​မည်​ဖြစ်သည်။ (ဗျာဒိတ် ၂၂:၁၊ ၂) သင်၌ ထိုသို့​သော​အံ့ချီးဖွယ်​မျှော်လင့်ချက်​ရှိလျှင် ယေဟောဝါ​ကို​အလွန်​ချစ်​မြတ်နိုး​ကာ ကိုယ်တော့်​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်​ကြောင်း ဆက်၍​တင်ပြ​နိုင်​ပါစေ။ သင်သည် ပရဒိသု​မြေကြီး​တွင်​ထာဝစဉ်​အသက်ရှင်​ကြ​မည့် အတိုင်းအဆမဲ့​ရွှင်လန်းမှု​ကို ခံစားရ​သူများ​ထဲ​တွင် ပါဝင်​နိုင်​ပါစေ။

၁၇။ မြေကြီး​ပရဒိသု​အသက်တာတွင် အဘယ်​ကောင်းချီး​များ​ပါဝင်​မည်​နည်း။

၁၇ မစုံလင်သူ​လူသားများ​သည် လာ​လတ္တံ့​သော​မြေကြီး​ပရဒိသု​တွင် ရရှိ​မည့်​အသက်တာကို ဖော်ပြ​နိုင်​မည်​မဟုတ်သော်လည်း ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​က ထို​အချိန်တွင် နာခံ​သော​လူသားများ​ခံစားရ​မည့် ကောင်းချီး​များ​ကို ထိုးထွင်း​သိမြင်​စေ​သည်။ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​သည် အတိုက်အခံ​မရှိ၊ ကောင်းကင်​တွင် ကိုယ်တော့်​အလိုတော်​ပြည့်စုံ​သကဲ့သို့ မြေကြီးပေါ်​တွင်​ပြည့်စုံသော​အခါ ရက်စက်​ကြမ်းကြုတ်​သော လူသားများ​သာမက တိရစ္ဆာန်​များ​ပင် “အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း” ပြု​ကြ​တော့​မည်​မဟုတ်ပါ။ (ဟေရှာယ ၁၁:၉; မဿဲ ၆:၉၊ ၁၀) စိတ်​နှိမ့်ချ​သူများ​သည် မြေကြီးပေါ်​တွင်​နေထိုင်​မည်​ဖြစ်​ပြီး “များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍၊ အသီးအနှံ​သည် လေဗနုန်​တော​ကဲ့သို့ တောင်ထိပ်​ပေါ်မှာ​လှုပ်ရှား​လိမ့်​မည်” ဖြစ်သော​ကြောင့် ငတ်ပြတ်​သူများ​ရှိတော့မည်​မဟုတ်ပါ။ (ဆာလံ ၇၂:၁၆) ဝမ်းနည်းပူဆွေး​သည့် မျက်ရည်များ​ကျ​ရတော့မည်​မဟုတ်။ အဖျား​အနာ​သာမက သေခြင်း​ပင်​ရှိတော့မည်​မဟုတ်ပါ။ (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၄) ဆရာဝန်​များ၊ ဆေးဝါး​များ၊ ဆေးရုံ​များ၊ စိတ္တ​ဇ​ဆေးရုံ​များ၊ ဈာပန​အခမ်းအနား​များ မရှိတော့​သည်ကို သင်​မြင်ယောင်​နိုင်​သလော။ တကယ်​ထူးမြတ်​သည့်​အလားအလာ​များ​ပါ​တကား!

၁၈။ (က) ဒံယေလ​သည် အဘယ်​အကြောင်း အာမခံချက်​ရရှိခဲ့​သနည်း။ (ခ) ဒံယေလ​၏ “ဝေပုံ” သည်​အဘယ်အရာ​ဖြစ်​မည်​နည်း။

၁၈ လူသေများ ရှင်ပြန်ထမြောက်​လာ​ကြ​စဉ် လူသား​တို့၏​သာမန်​သင်္ချိုင်း​ပင် ဗလာကျင်း​ဖြစ်သွား​ပါ​လိမ့်​မည်။ ဖြောင့်မတ်​သူ​ယောဘ​၌ ထိုသို့​သော​မျှော်လင့်ချက်​ရှိခဲ့​သည်။ (ယောဘ ၁၄:၁၄၊ ၁၅) ပရောဖက်​ဒံယေလ​တွင်​လည်း ထို​မျှော်လင့်ချက်​ရှိခဲ့​သည်၊ အကြောင်း​မှာ ယေဟောဝါ​၏​ကောင်းကင်တမန်​က သူ့​အား ဤသို့​နှစ်သိမ့်​၍​အာမခံခဲ့​သည်– “သင်​မှာ​မူ၊ သွား​၍​အဆုံး​ရောက်​သည်​တိုင်အောင် မြေမှုန့်​၌ ငြိမ်​ဝပ်​စွာ​အိပ်​နေလော့။ နေ့ရက်​ကာလ​ကုန်ပြီးမှ ကိုယ့်​ဝေပုံ​ကို​ခံရန် ထမြောက်​ရ​လိမ့်​မည်။” (ဒံယေလ ၁၂:၁၃သမ္မာ) ဒံယေလ​သည် သေ​သည်​တိုင် ဘုရားသခင့်​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​ခဲ့​သည်။ ယခု သူသည် သေခြင်း​၌​အနားယူ​နေ​သော်လည်း ခရစ်တော်​အနှစ်​တစ်ထောင်​အုပ်ချုပ်ချိန်​အတွင်း ‘ဖြောင့်မတ်​သော​သူတို့ ထမြောက်​သည်​ကာလ’ ၌ “ထမြောက်” လာ​လိမ့်​မည်။ (လုကာ ၁၄:၁၄) ဒံယေလ​၏ “ဝေပုံ” သည်​အဘယ်အရာ​ဖြစ်​မည်​နည်း။ ယေဇကျေလ​ပရောဖက်ပြု​သော ပရဒိသု​ပြည့်စုံချက်​အရ ယေဟောဝါ​၏​လူမျိုးတော်​အားလုံး​သည် မျှမျှတတ​နှင့် စနစ်တကျ​ခွဲဝေ​ထား​သည့် မြေနေရာ​တစ်​နေရာ​ရရှိ​မည်​ဖြစ်​ကြောင်း အရိပ်အမြွက်​သိရှိ​ရသည်။ (ယေဇကျေလ ၄၇:၁၃–၄၈:၃၅) ထို့​ကြောင့် ဒံယေလ​သည် ပရဒိသု​တွင် နေရာ​တစ်​နေရာ​ရ​လိမ့်​မည်၊ သို့သော် ထို​တွင်​သူ​ရမည့်​ဝေပုံ​မှာ မြေ​ထက်မက​ဖြစ်ပါ​လိမ့်​မည်။ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​အတွင်း သူ၏​အခန်းကဏ္ဍ​ပါဝင်​မည်​ဖြစ်သည်။

၁၉။ မြေကြီး​ပရဒိသု​အသက်တာ​ရ​ရန် အဘယ်အရာ​တောင်းဆို​ထား​သနည်း။

၁၉ သင်​နှင့်​သင်၏​ဝေပုံ​ကော မည်သို့​နည်း။ သင်သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို​ယုံကြည်​လျှင် မြေကြီး​ပရဒိသု​တွင် အသက်​ရဖို့ တမ်းတ​ပေမည်။ ထို​နေရာတွင် သင်​ကိုယ်တိုင်​ရှိပြီး ၎င်း​၏​ကောင်းချီး​များစွာကို​ခံစား​နေခြင်း၊ ကမ္ဘာ​မြေကြီးကို​ပြုစု​စောင့်ရှောက်​နေခြင်း၊ ရှင်ပြန်ထမြောက်​လာ​သူတို့ကို ပျော်ရွှင်စွာ​ကြိုဆို​နေခြင်း​တို့ကို​ပင် သင်​မြင်ယောင်​နိုင်​ပေမည်။ အမှန်​မှာ၊ ပရဒိသု​သည် လူသား​တို့​နေထိုင်​ရမည့်​နေရာ​ဖြစ်သည်။ ဘုရားသခင်​သည် ကနဦး​လူသား​မောင်နှံ​ကို ထိုသို့​သော​နေရာတွင်​နေထိုင်ရန် ဖန်ဆင်း​ခဲ့​သည်။ (ကမ္ဘာဦး ၂:၇-၉) ကိုယ်တော်​က​လည်း နာခံ​သော​လူသားများ​ကို ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​စေ​လို​သည်။ သင်သည် နောက်ဆုံး​တွင် ပရဒိသု​မြေကြီးပေါ်​၌​အသက်ရှင်​ကြ​ရ​လိမ့်​မည့် သန်းပေါင်း​များစွာသော​သူတို့တွင် ပါဝင်​နိုင်​ရန် သမ္မာကျမ်းစာ​နှင့်​အညီ ပြုမူ​နေထိုင်​မည်​လော။ သင်သည် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော် ယေဟောဝါ​ကို အမှန်တကယ်​ချစ်​မြတ်နိုး​ပြီး ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​၌ တည်ကြည်သော​ယုံကြည်ခြင်း​ရှိလျှင် ထို​နေရာတွင်​ရှိ​နိုင်​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 နယူးယောက်​မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​မှ​ထုတ်ဝေ​သော ဒံယေလ​ပရောဖက်ပြုချက်​ကို​အာရုံ​စူးစိုက်​လော့! အခန်း ၁၁ နှင့် ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း မှ “သီတင်း​ခု​နစ်​ဆယ်” ရှု။

^ အပိုဒ်၊ 7 နယူးယောက်​မြို့၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​မှ​ထုတ်ဝေ​သော “ကျမ်းစာ​တစ်ကျမ်း​လုံး​ဘုရား​မှုတ်သွင်း​ရာ​ဖြစ်​ပြီး​အကျိုး​လည်း​ပြု၊” စာမျက်နှာ ၃၄၃-၄ [လိပ်] ရှု။

^ အပိုဒ်၊ 10 ဒံယေလ​ပရောဖက်ပြုချက်​ကို အာရုံ​စူးစိုက်​လော့! စာအုပ်​အခန်း ၄ နှင့် ရှု။

^ အပိုဒ်၊ 11 ဧပြီ ၁ ရက်၊ ၂၀၀၀ ကင်းမျှော်စင် တွင်​ပါ​သည့် “ဒံယေလ​ပရောဖက်ပြုချက်​ကို အာရုံ​စူးစိုက်​လော့!” ဟူ​သည့်​ဆောင်းပါး​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ပထမဦးဆုံး​ပရောဖက်ပြုချက်​ကား အဘယ်နည်း၊ ကတိထားရာ​မျိုးနွယ်တော်​ကား မည်သူ​နည်း။

• ယေရှု​၌​ပြည့်စုံ​ခဲ့​သည့် မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက်​အချို့​ကား အဘယ်နည်း။

ဒံယေလ ၂:၄၄၊ ၄၅ သည် မည်သို့ ပြည့်စုံ​မည်​နည်း။

• ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​က နာခံ​သော​လူသားများ​အတွက် အဘယ်​အနာဂတ်​ကို ညွှန်ပြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မြေကြီး​ပရဒိသု​တွင် အသက်ရှင်နေ​ထိုင်​ရန် သင်​မျှော်လင့်​သလော