ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်
ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်
ဣသရေလနိုင်ငံတွင် ဖျက်ဆီး၍မရနိုင်သလောက်ဖြစ်သော အပင်တစ်ပင်ရှိသည်။ ခုတ်လှဲပစ်လိုက်သည့်အခါ၌ပင် ၎င်း၏ပင်မအမြစ်သည် မကြာမီအချိန်တွင် အညွန့်ပြန်ထွက်လာသည်။ ၎င်း၏အသီးကိုရိတ်သိမ်းသောအခါ ပိုင်ရှင်သည် ချက်ပြုတ်ခြင်း၊ မီးထွန်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှပြင်ပစ္စည်းများထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သည့် ဆီများစွာရရှိသည်။
သမ္မာကျမ်းစာပါ တရားသူကြီးမှတ်စာတွင် မှတ်တမ်းတင်ထားသည့် ရှေးပုံဥပမာစကားတစ်ခုအရ “သစ်ပင်တို့သည် မိမိတို့ကိုအုပ်စိုးရသောရှင်ဘုရင်ကိုခန့်ထား” ခဲ့ကြသည်။ မည်သည့်တောပင်ကို သူတို့ဦးဆုံးရွေးချယ်ခဲ့ကြသနည်း။ အခြားမည်သည့်အပင်ထက်မဆို ခံနိုင်ရည်ရှိသော လှိုင်လှိုင်သီးသည့် သံလွင်ပင်ဖြစ်သည်။—တရားသူကြီး ၉:၈။
လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကျော်က ပရောဖက်မောရှေသည် ဣသရေလနိုင်ငံကို ‘ကောင်းသောပြည်၊ သံလွင်ဆီနှင့်ပြည့်စုံသောပြည်’ ဟုဖော်ပြခဲ့သည်။ (တရားဟောရာ ၈:၇၊ ၈) ယနေ့တွင်ပင် မြောက်ဘက် ဟေရမုန်တောင်ခြေမှသည် တောင်ဘက်ရှိ ဘီရာရှီဘာမြို့ဆင်ခြေဖုံးအထိ မြေမျက်နှာပြင်သည် သံလွင်တောများဖြစ်သည်။ ထိုအပင်များသည် ကမ်းခြေရှိရှာရုန်လွင်ပြင်တစ်လျှောက်၊ ရှမာရိတောင်ကုန်းများနှင့် သီးနှံဖြစ်ထွန်းသော ဂါလိလဲချိုင့်ဝှမ်းတို့တွင် အလှဆင်နေကြဆဲဖြစ်သည်။
ကျမ်းရေးသူများသည် သံလွင်ပင်ကို ပုံဆောင်သဘောဖြင့် မကြာခဏအသုံးပြုခဲ့ကြသည်။ ဤအပင်၏လက္ခဏာအသီးသီးသည် ဘုရားသခင်၏ကရုဏာတော်၊ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် ပျော်ရွှင်သောမိသားစုဘဝတို့ကို ပုံတင်ပြသည်။ သံလွင်ပင်ကို အနီးကပ်ကြည့်ရှုခြင်းက ဤကျမ်းဆိုင်ရာရည်ညွှန်းချက်များကို နားလည်စေပြီး အခြားဖန်ဆင်းရာများနှင့်အတူ ၎င်း၏ဖန်ဆင်းရှင်အား ချီးမွမ်းသည့် ဤထူးခြားသောအပင်အပေါ် ကျွန်ုပ်တို့၏လေးမြတ်မှုကို တိုးပွားစေပါလိမ့်မည်။—ဆာလံ ၁၄၈:၇၊ ၉။
အကြမ်းခံသော သံလွင်ပင်
သံလွင်ပင်ကို မြင်မြင်ခြင်း အထူးစွဲမှတ်ဖွယ်မရှိပါ။ လေဗနုန်တောင်ပေါ်မှ ခံ့ညားသောအာရဇ်ပင်အချို့နည်းတူ ကောင်းကင်တိုင်အောင်မီခြင်းမရှိပါ။ ၎င်း၏အသားသည် ထင်းရှူးသားကဲ့သို့ တန်ဖိုးမကြီးလှပါ၊ ယင်း၏အပွင့်သည်လည်း ဗာတံပင်ပွင့်များကဲ့သို့ကြည့်မလှပါ။ (ရှောလမုန်သီချင်း ၁:၁၇; အာမုတ် ၂:၉) သံလွင်ပင်၏အရေးအပါဆုံးအပိုင်းကို မမြင်ရချေ—မြေအောက်တွင်ရှိလေသည်။ မြေမျက်နှာပြင်အောက် ပေ ၂၀ အထိ သို့မဟုတ် ထိုထက်မက အလျားလိုက်ပြန့်ကျဲသည့် ၎င်း၏အမြစ်များသည် အပင်သီးပွင့်ရန်နှင့် အသက်ဆက်ရန်အတွက်သော့ချက်ဖြစ်သည်။
ချိုင့်ဝှမ်းအနိမ့်ပိုင်းရှိအပင်များ သေဆုံးခြောက်သွေ့ကုန်သောအခါ ထိုသို့သောအမြစ်များက ကျောက်ပေါများသောတောင်ကုန်းပေါ်ရှိ သံလွင်ပင်များကို မိုးခေါင်သည့်ကြား ဆက်ရှင်သန်စေသည်။ အဖုအထစ်ပါသောပင်စည်ကိုကြည့်လျှင် မီးဆိုက်ဖို့လောက်သာ သင့်တော်ပုံရ
သည့်တိုင် ထိုအမြစ်များသည် သံလွင်ပင်များကို ရာစုနှစ်များစွာ ဆက်၍သီးပွင့်စေနိုင်သည်။ အကြမ်းခံသော ဤအပင်လိုအပ်သမျှမှာ ကြီးထွားဖို့နေရာနှင့် လေဝင်ထွက်နိုင်သော လေသလပ်ခံနိုင်သည့်မြေဆီလွှာဖြစ်ပြီး ပေါင်းပင်များ သို့မဟုတ် ပိုးမွှားကျစေသော အခြားကောက်ပဲသီးနှံကင်းရှင်းသည့်မြေဖြစ်သည်။ ဤအခြေအနေမျိုးတွင်ရှိ အပင်တစ်ပင်သည် တစ်နှစ်လျှင် ဆီ ၁၅ ဂါလံထုတ်လုပ်ပေးနိုင်သည်။၎င်း၏အဖိုးတန်ဆီအတွက် သံလွင်ပင်ကို ဣသရေလလူမျိုးနှစ်ခြိုက်ခဲ့ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ သံလွင်ဆီသုံးမီးခွက်များက သူတို့၏နေအိမ်များကို လင်းထိန်စေခဲ့သည်။ (ဝတ်ပြုရာ ၂၄:၂) ချက်ပြုတ်ရာတွင် သံလွင်ဆီ မရှိမဖြစ်လိုသည်။ ယင်းသည် အရေပြားအပူလောင်ခြင်းကို ကာကွယ်ပေးပြီး ဣသရေလလူမျိုးသည် ဆေးကြောဖို့အတွက် ယင်းကိုဆပ်ပြာအဖြစ် အသုံးပြုခဲ့ကြသည်။ ဂျုံ၊ စပျစ်ရည်နှင့် သံလွင်သီးတို့သည် ပြည်တော်၏အဓိကထွက်ကုန်များဖြစ်သည်။ ထို့ကြောင့် သံလွင်သီးမဖြစ်ထွန်းခြင်းက ဣသရေလမိသားစုတစ်စုကို အကျပ်အတည်းရောက်စေ၏။—တရားဟောရာ ၇:၁၃; ဟဗက္ကုတ် ၃:၁၇။
များသောအားဖြင့် သံလွင်ဆီ ပေါများလေ့ရှိသည်။ မောရှေသည် ကတိထားရာပြည်တော်ကို ‘သံလွင်ပြည်တော်’ အဖြစ်ရည်ညွှန်းခဲ့ခြင်းမှာ ထိုဒေသတွင် သံလွင်ပင်ကို အများဆုံးစိုက်ပျိုးကြသောကြောင့်ဖြစ်သည်။ ဆယ့်ကိုးရာစုမှ သဘာဝပညာရှင် အိပ်ခ်ျ. ဘီ. ထရစ္စထရမ်က သံလွင်ပင်ကို “ထိုတိုင်းပြည်၏ သိသာထင်ရှားသောအပင်” အဖြစ်ဖော်ပြခဲ့သည်။ ၎င်း၏အဖိုးတန်မှုနှင့် ပေါများမှုကြောင့် သံလွင်ဆီသည် မြေထဲပင်လယ်ဒေသတစ်ခုလုံးတွင် အသုံးဝင်သော အပြည်ပြည်ဆိုင်ရာသုံးငွေပင်ဖြစ်ခဲ့သည်။ ယေရှုခရစ်ကိုယ်တော်တိုင်ပင် “သံလွင်ဆီအခွက်တစ်ရာ” ခန့်ရှိ အကြွေးအကြောင်းကို ရည်ညွှန်းတော်မူခဲ့သည်။—လုကာ ၁၆:၅၊ ၆၊ ကဘ။
“သံလွင်ပင်များကဲ့သို့”
အသုံးဝင်သော သံလွင်ပင်သည် မြင့်မြတ်သောကောင်းချီးကို သင့်လျော်စွာပုံဆောင်သည်။ ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် မည်သို့ဆုချခံရကြမည်နည်း။ “သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသောစပျစ်နွယ်ပင်ကဲ့သို့” ဖြစ်မည်ဟုဆာလံဆရာက သီဆိုခဲ့သည်။ သင့် “သားသမီးတို့သည် သင့်စားပွဲပတ်လည်၌စိုက်ပျိုးသော သံလွင်ပင်များကဲ့သို့ . . . ဖြစ်ကြလိမ့်မည်။” (ဆာလံ ၁၂၈:၃) ဤ “သံလွင်ပင်များ” သည်အဘယ်အရာဖြစ်ကာ ဆာလံဆရာက ၎င်းတို့ကို သားသမီးများနှင့် အဘယ်ကြောင့်နှိုင်းယှဉ်ထားရသနည်း။
သံလွင်ပင်သည် ၎င်း၏ပင်ခြေမှ အညွန့်သစ်များ အဆက်မပြတ်ထွက်သောကြောင့် တစ်မူထူးခြားသောအပင်ဖြစ်သည်။ * အပင်အိုလာ၍ အဓိကပင်စည်မှ ယခင်ကကဲ့သို့ သီးပွင့်ခြင်းမရှိတော့သည့်အခါ စိုက်ပျိုးသူများသည် ကိုင်းကူးစိုက်ရန် ကိုက်ဖြတ်အညွန့်များစွာ၊ သို့မဟုတ် အညွန့်သစ်များကို အပင်၏အဓိကအပိုင်းဖြစ်လာသည့်အထိ ကြီးထွားစေကြသည်။ အချိန်အတန်ကြာလေသော် စားပွဲပတ်လည်၌ရှိသောသားများကဲ့သို့ မူလအပင်ပတ်လည်တွင် ခိုင်မာသန်စွမ်းသောအပင်ငယ်သုံးလေးပင် ဝန်းရံနေမည်ဖြစ်သည်။ ဤပျိုးပင်ငယ်များသည် ပင်မအမြစ်တစ်ခုတည်းရှိ၍ သံလွင်သီးများ လှိုင်လှိုင်သီးပွင့်စေကြသည်။
မိဘများ၏သန်စွမ်းသော ဝိညာဉ်ရေးရင်းမြစ်များကြောင့် သားသမီးများသည် ယုံကြည်ခြင်းခိုင်မြဲစွာ ကြီးပြင်းလာနိုင်ကြောင်းကို သံလွင်ပင်၏ ဤသိသာထင်ရှားသောလက္ခဏာက သင့်လျော်စွာပုံတင်ပြသည်။ သားသမီးများ ကြီးထွားလာကြသည်နှင့်အမျှ အသီးသီးပွင့်ရာတွင်လည်းပါဝင်ကြကာ သူတို့၏မိဘများကိုထောက်မသောကြောင့် မိမိတို့၏ကလေးများသည် မိမိတို့နှင့်အတူ ယေဟောဝါအားဝတ်ပြုကြခြင်းကိုတွေ့မြင်၍ ပီတိဖြစ်ကြသည်။—သု. ၁၅:၂၀။
“သစ်ပင်ကိုခုတ်သော်လည်း . . . မျှော်လင့်စရာရှိ၏”
ယေဟောဝါအားဝတ်ပြုသော သက်ကြီးရွယ်အိုဖခင်တစ်ဦးသည် ဘုရားသခင်ရေးရာတန်ဖိုးထားသည့် သားသမီးများကို နှစ်ထောင်းအားရတတ်သည်။ သို့သော် ဤသားသမီးများသည် နောက်ဆုံးတွင် သူတို့၏ဖခင် “မြေကြီးသားအပေါင်းတို့သွားရာလမ်းသို့” သွားသည့်အခါ ဝမ်းနည်းပူဆွေးကြရသည်။ (၃ ဓမ္မရာဇဝင် ၂:၂) ဤသို့သောမိသားစုကြေကွဲဝမ်းနည်းမှုကို ရင်ဆိုင်နိုင်စေရန် ရှင်ပြန်ထမြောက်ခြင်းရှိကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို စိတ်ချစေသည်။—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅။
ကလေးများစွာ၏ဖခင်ဖြစ်သူ ယောဘသည် လူတို့၏တိုတောင်းသောအသက်တာကို ကောင်းစွာသတိပြုမိခဲ့သည်။ ယင်းကို လျင်မြန်စွာ ညှိုးနွမ်းတတ်သည့်ပန်းပွင့်နှင့် သူနှိုင်းယှဉ်ခဲ့သည်။ (ယောဘ ၁:၂; ၁၄:၁၊ ၂) ယောဘသည် သူခံနေရသောဝေဒနာမှ လွတ်မြောက်ရန် သေဖို့တမ်းတခဲ့ကာ သင်္ချိုင်းကို သူပြန်ထွက်လာနိုင်သည့် ပုန်းကွယ်ရာအရပ်အဖြစ် ရှုမြင်ခဲ့သည်။ “လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟူ၍ ယောဘမေးခဲ့သည်။ ထို့နောက် ယုံကြည်စိတ်ချစွာ သူဤသို့ဖြေဆိုခဲ့သည်– “အကျွန်ုပ် . . . ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက်နေပါမည်။ အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။”—ယောဘ ၁၄:၁၃-၁၅။
ယောဘသည် သူ့ကို သင်္ချိုင်းတွင်းမှ ဘုရားသခင်ခေါ်တော်မူမည်ဟူသော သူ၏ယုံကြည်စိတ်ချမှုကို မည်သို့ဖော်ပြခဲ့သနည်း။ အပင်တစ်ပင်အားဖြင့်ဖြစ်၍ ယင်းကိုဖော်ပြရာတွင် သံလွင်ပင်ဖြင့်ရည်ညွန်းဖွယ်ယောဘ ၁၄:၇) သံလွင်ပင်ကို ခုတ်လှဲသော်လည်း ယင်းသည် ပျက်စီးမည်မဟုတ်ပါ။ အမြစ်လှန်ပစ်မှသာ သေလိမ့်မည်။ အမြစ်များမပျက်စီးဘဲကျန်ရှိပါက အညွန့်ပြန်ပေါက်ကာ အားအင်သစ်ဖြင့် တစ်ဖန်ရှင်သန်လာလိမ့်မည်။
ရှိကြောင်း ထင်ရှားသည်။ “သစ်ပင်ကိုခုတ်သော်လည်း . . . မျှော်လင့်စရာရှိ၏” ဟုယောဘဆိုခဲ့သည်။ “ခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်။” (အချိန်အတန်ကြာမိုးခေါင်သောကြောင့် သံလွင်ပင်အိုသည် အကြီးအကျယ်ညှိုးနွမ်းသွားသည့်တိုင် သွေ့ခြောက်သောအငုတ်သည် ပြန်ရှင်သန်လာနိုင်ပါသည်။ “မြေထဲမှာအမြစ်ဟောင်း၍၊ မြေပေါ်မှာအငုတ်သေသော်လည်း၊ ရေငွေ့ကြောင့်အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့အညွန့်တို့နှင့်ပြည့်စုံလိမ့်မည်။” (ယောဘ ၁၄:၈၊ ၉) ယောဘသည် ခြောက်သွေ့ကာ သေနေပုံပေါက်သော သံလွင်ပင်အိုများစွာကို သူနေထိုင်သည့် ခြောက်သွေ့ပြီး ဖုန်ထူသောပြည်တွင် တွေ့မြင်ခဲ့ပေမည်။ သို့ရာတွင် မိုးကျသည့်အခါ ထိုသို့သောအပင် “သေ” သည် တစ်ဖန်ပြန်ရှင်သန်လာကာ ‘အပင်သစ်’ အလား ၎င်း၏အမြစ်များမှ ပင်စည်အသစ်ထွက်လာခဲ့သည်။ ဤထူးခြားမှတ်သားဖွယ် ပြန်လည်ဖြည့်စွမ်းနိုင်သည့်အဖြစ်က တူနီးရှား ဥယျာဉ်စိုက်ပျိုးရေးပညာရှင်တစ်ဦးကို ဤသို့ပြောဆိုစေခဲ့သည်– “သံလွင်ပင်များသည် မသေနိုင်ဟု ပြောနိုင်၏။”
လယ်သမားတစ်ဦးသည် သံလွင်ပင်များ အညွန့်ပြန်ထွက်လာသည်ကို တွေ့မြင်လိုသည့်နည်းတူ မိမိ၏သစ္စာရှိကျေးကျွန်များကို ရှင်ပြန်ထမြောက်ရန် ယေဟောဝါတောင့်တတော်မူ၏။ ကိုယ်တော်သည် အာဗြဟံနှင့်စာရာ၊ ဣဇာက်နှင့်ရေဗက္ကာနှင့် များစွာသော အခြားသစ္စာရှိသူများ အသက်ပြန်ရှင်လာမည့်အချိန်ကို ကိုယ်တော်စောင့်မျှော်လျက်နေတော်မူ၏။ (မဿဲ ၂၂:၃၁၊ ၃၂) သေလွန်သူများကို ကြိုဆိုရကာ သူတို့သည် ပြည့်ဝစုံလင်၍ သီးပွင့်ဝေဆာသည့်အသက်တာဖြင့် ပြန်နေထိုင်ကြခြင်းကိုတွေ့ရခြင်းသည် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း!
ပုံဆောင်သံလွင်ပင်
ဘုရားသခင်၏ကရုဏာတော်သည် ကိုယ်တော်၏မျက်နှာမလိုက်မှု၌သာမက ရှင်ပြန်ထမြောက်ခြင်း ပြင်ဆင်ပေးချက်တွင်ပါ ထင်ရှားသည်။ ယေဟောဝါ၏ကရုဏာတော်သည် လူမျိုးနောက်ခံမည်သို့ပင်ဖြစ်ပါစေ လူတိုင်းထံရောက်ရှိပုံကို တမန်တော်ပေါလုဖော်ပြရာတွင် သံလွင်ပင်ကိုအသုံးပြုခဲ့သည်။ ဂျူးများသည် ‘အာဗြဟံအမျိုးအနွယ်’ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးတော်ဖြစ်ခြင်းကို ရာစုနှစ်များစွာ ဝါကြွားခဲ့ကြသည်။—ယောဟန် ၈:၃၃; လုကာ ၃:၈။
ဂျူးလူမျိုးထဲမှမွေးဖွားခြင်းက ဘုရားသခင့်မျက်နှာသာတော်ရဖို့အတွက် လိုအပ်ချက်တစ်ခုမဟုတ်ပါ။ သို့ရာတွင် ယေရှု၏ကနဦးတပည့်တော်များသည် အားလုံးဂျူးများဖြစ်ကြကာ ကတိထားရာ အာဗြဟံအမျိုးအနွယ်ဖြစ်ရန် ဘုရားသခင်ရွေးချယ်ခဲ့သော ဦးဆုံးလူတို့အဝင်ဖြစ်ခွင့်ရရှိခဲ့ကြသည်။ (ကမ္ဘာဦး ၂၂:၁၈; ဂလာတိ ၃:၂၉) ပေါလုသည် ဤဂျူးတပည့်တော်များကို ပုံဆောင်သံလွင်ပင်၏အကိုင်းအခက်များအဖြစ် ခိုင်းနှိုင်းခဲ့သည်။
ဇာတိဂျူးအများစုသည် ယေရှုကိုငြင်းပယ်ခဲ့ကြရာ “သိုးစုငယ်” သို့မဟုတ် “ဘုရားသခင်၏ဣသရေလအမျိုး” ၏အနာဂတ်အဖွဲ့ဝင်အဖြစ် အရည်အချင်းမပြည့်မီခဲ့ကြချေ။ (လုကာ ၁၂:၃၂; ဂလာတိ ၆:၁၆) သို့ဖြင့် သူတို့သည် ချိုင်ခြင်းခံရသည့် ပုံဆောင်သံလွင်ကိုင်းများပမာဖြစ်လာခဲ့ကြသည်။ သူတို့နေရာတွင် မည်သူတို့ဝင်မည်နည်း။ စီ.အီး. ၃၆ ခုနှစ်တွင် တစ်ပါးအမျိုးသားများသည် အာဗြဟံ၏မျိုးနွယ်အဝင်ဖြစ်ရန် ရွေးချယ်ခံရကြသည်။ ယင်းသည် ဥယျာဉ်အတွင်းရှိ သံလွင်ပင်ပေါ်သို့ သံလွင်ကိုင်းအရိုင်းများကို ယေဟောဝါ ဆက်လိုက်သည့်အလားဖြစ်သည်။ ကတိထားရာ အာဗြဟံမျိုးနွယ်ဖြစ်လာမည့်သူများထဲတွင် တစ်ပါးအမျိုးသားများမှသူများ ပါဝင်ကြမည်ဖြစ်သည်။ တစ်ပါးအမျိုးသားခရစ်ယာန်များသည် ယခုတွင် ‘သံလွင်ပင်အမြစ်ကိုဆက်ဆံရသူများ’ ဖြစ်လာနိုင်ကြသည်။—ရောမ ၁၁:၁၇။
လယ်သမားတစ်ဦးအတွက် သံလွင်ပင်ကိုင်းအရိုင်းတို့ကို ဥယျာဉ်အတွင်းရှိ သံလွင်ပင်သို့ ကိုင်းဆက်ခြင်းသည် စိတ်ကူး၍မရနိုင်သော၊ “ပကတိကိုမလိုက်” ခြင်းဖြစ်သည်။ (ရောမ ၁၁:၂၄) “အာရပ်ဆိုရိုးအရ အရိုင်းအပေါ် အကောင်းကိုဆက်လိုက်လျှင် အရိုင်းကိုလွှမ်းမိုးလိမ့်မည်” ဟုပြည်တော်နှင့် စာအုပ်ဟူသောစာစောင်က ဆို၍ “သို့သော် ယင်းကို ပြောင်းပြန်လှန်၍ အောင်မြင်စွာမပြုလုပ်နိုင်” ဟူ၍ရှင်းပြသည်။ အလားတူပင် ယေဟောဝါ “ဘုရားသခင်သည်မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့အ ထဲက အချို့သောသူတို့ကိုနုတ်ယူခြင်းငှာ၊ ရှေးဦးစွာတစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူ” သောအခါ ဂျူးခရစ်ယာန်များ မိန်းမောတွေဝေခဲ့ကြသည်။ (တမန်တော် ၁၀:၄၄-၄၈; ၁၅:၁၄) သို့ရာတွင် ဘုရားသခင်၏ရည်ရွယ်ချက် အကောင်အထည်ဖော်ခြင်းသည် မည်သည့်လူမျိုးတစ်မျိုးအပေါ်တွင်သာ မတည်မီကြောင်း ယင်းက ရှင်းလင်းသောလက္ခဏာတစ်ခုဖြစ်သည်။ အမှန်မှာ “လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။”—တမန်တော် ၁၀:၃၅။
သံလွင်ပင်၏ သစ္စာမရှိသောဂျူး “အခက်များ” ကိုချိုင်လိုက်သည့်နည်းတူ ဝါကြွားမှုနှင့် မနာခံမှုကြောင့် ယေဟောဝါ၏မျက်နှာသာဆုံးရှုံးသူ အခြားမည်သူမဆို ထပ်တူဖြစ်ပျက်နိုင်ကြောင်း ပေါလုက ဖော်ပြခဲ့သည်။ (ရောမ ၁၁:၁၉၊ ၂၀) ယင်းက ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကို ဘယ်သောအခါမျှ ပေါ့ပေါ့တန်တန်သဘောမထားသင့်ကြောင်း ဖော်ပြသည်။—၂ ကောရိန္သု ၆:၁။
ဆီလူးခြင်း
သမ္မာကျမ်းစာသည် သံလွင်ဆီကို ပကတိအတိုင်းနှင့် ပုံဆောင်သဘောအရ အသုံးပြုခြင်းအကြောင်း ရည်ညွှန်းထားသည်။ ရှေးအချိန်တွင် အနာများနှင့် ဒဏ်ရာများကို သက်သာပျောက်ကင်းစေရန် ‘ဆီဖြင့်ပျော့’ စေလေ့ရှိသည်။ (ဟေရှာယ ၁:၆) ယေရှု၏ပုံဥပမာတစ်ခုအရ အိမ်နီးချင်းကောင်း ရှမာရိလူသည် ယေရိခေါသို့သွားရာလမ်းတွင်တွေ့ခဲ့ရသောသူ၏ဒဏ်ရာများကို သံလွင်ဆီနှင့်စပျစ်ရည် ထည့်ပေးခဲ့သည်။—လုကာ ၁၀:၃၄။
ခေါင်းပေါ်တွင် သံလွင်ဆီလိမ်းကျံပေးခြင်းသည် လန်းဆန်းပြီး စိတ်အေးငြိမ်းစေသည်။ (ဆာလံ ၁၄၁:၅) ထို့ပြင် ဝိညာဉ်ရေးဖျားနာမှုကိုကိုင်တွယ်ရာတွင် ခရစ်ယာန်အကြီးအကဲများသည် ‘ယေဟောဝါ၏နာမကိုအမှီပြု၍ အသင်းသားကို ဆီနှင့်လူး’ ကြပေမည်။ (ယာကုပ် ၅:၁၄) ဤတွင် ဝိညာဉ်ရေးအရ ဖျားနာနေသော ယုံကြည်သူချင်းအတွက် အကြီးအကဲများမြတ်နိုးစွာပေးသော မေတ္တာပါ ကျမ်းဆိုင်ရာသွန်သင်ချက်နှင့် လှိုက်လှဲသောဆုတောင်းချက်များကို စိတ်အေးငြိမ်းစေသည့် သံလွင်ဆီနှင့်နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ စိတ်ဝင်စားစရာကား ဟေဗြဲအသုံးအနှုန်းတွင် လူကောင်းတစ်ဦးကို “ဖြူစင်သောသံလွင်ဆီ” ဟုတစ်ခါတစ်ရံဖော်ပြတတ်သည်။
“ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်”
အဆိုပါအချက်အလက်များကြောင့် ဘုရားသခင်၏ကျေးကျွန်များကို သံလွင်ပင်များနှင့် ပုံခိုင်းနိုင်ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ ဒါဝိဒ်သည် “ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်” လိုခဲ့သည်။ (ဆာလံ ၅၂:၈) ဣသရေလမိသားစုများသည် သူတို့၏နေအိမ်များပတ်လည်တွင် သံလွင်ပင်များစိုက်ပျိုးထားသည့်နည်းတူ ဒါဝိဒ်သည် ယေဟောဝါထံတော်၌နေကာ ဘုရားသခင်အားချီးမွမ်းခြင်းအသီးကို သီးပွင့်လိုခဲ့သည်။—ဆာလံ ၅၂:၉။
ယုဒနှစ်နွယ်နိုင်ငံသည် ယေဟောဝါအား သစ္စာရှိနေစဉ် “စိမ်းလန်းလှပ၍ ကောင်းသောအသီးကိုသီးသောသံလွင်ပင်” ပမာဖြစ်ခဲ့သည်။ (ယေရမိ ၁၁:၁၅၊ ၁၆) သို့သော် ယုဒပြည်သူများသည် ‘ယေဟောဝါ၏စကားကို နာခံရန်ငြင်းပယ်၍ အခြားဘုရားများနောက်သို့လိုက်’ ကြသောအခါ ထိုအခွင့်ထူးအနေအထားကို လက်လွတ်ဆုံးရှုံးခဲ့ကြသည်။—ယေရမိ ၁၁:၁၀။
ဘုရားသခင်၏အိမ်တော်တွင် စိမ်းလန်းသောသံလွင်ပင်ဖြစ်လာရန် ယေဟောဝါအားနာခံကာ ခရစ်ယာန်အသီးအပွင့်များ ပိုမိုသီးပွင့်စေရန် “ချိုင်” ခြင်းဖြစ်သည့် ဆုံးမမှုကို လိုလိုလားလားလက်ခံရမည်။ (ဟေဗြဲ ၁၂:၅၊ ၆) ထို့အပြင် ပကတိသံလွင်ပင်သည် အတန်ကြာရှင်သန်ရန် အမြစ်များပြန့်ကျဲဖို့လိုသကဲ့သို့ စုံစမ်းနှောင့်ယှက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြား ခံရပ်တည်ကြည်နိုင်ရန် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရင်းမြစ်များကို အားအင်ပြည့်ဖြိုးစေဖို့လိုသည်။—မဿဲ ၁၃:၂၁; ကောလောသဲ ၂:၆၊ ၇။
လောကတွင် မထင်ရှားသော်လည်း ဘုရားသခင်၏အသိအမှတ်ပြုမှုကိုခံရသော သစ္စာရှိခရစ်ယာန်တစ်ဦးကို သံလွင်ပင်သည် ကောင်းစွာပုံဆောင်သည်။ ထိုသို့သောသူတစ်ဦးသည် ဤစနစ်တွင်သေဆုံးသွားပါက သူသည် လာမည့်ကမ္ဘာသစ်တွင် ပြန်ရှင်လာပါလိမ့်မည်။—၂ ကောရိန္သု ၆:၉; ၂ ပေတရု ၃:၁၃။
တစ်နှစ်ပြီးတစ်နှစ် သီးပွင့်မြဲသီးပွင့်သော ဖျက်ဆီး၍မရနိုင်သလောက်ဖြစ်သည့် သံလွင်ပင်သည် ဘုရားသခင်၏ ဤကတိတော်ကို သတိရစေသည်– “ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၂) ထိုပရောဖက်ပြုချက်ဆိုင်ရာကတိတော်သည် ဘုရားသခင့်ကမ္ဘာသစ်တွင် ပြည့်စုံပါလိမ့်မည်။—၂ ပေတရု ၃:၁၃။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 13 များသောအားဖြင့် ဤအညွန့်သစ်များက ပင်စည်၏စွမ်းအားကို မချည့်နဲ့စေရန် နှစ်စဉ်ချိုင်ပေးရ၏။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
စပိန်နိုင်ငံ၊ အာလီကဲန်တီပြည်နယ်၊ ဂျာစီတွင် တွေ့ရသော အဖုအထစ်များသည့် အပင်အို
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
စပိန်နိုင်ငံ၊ ဂရန်နဒါးပြည်နယ်ရှိ သံလွင်တောများ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယေရုရှလင်မြို့ရိုးအပြင်ဘက်ရှိ သံလွင်ပင်အို
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သံလွင်ပင်သို့ ကိုင်းဆက်ခြင်းအကြောင်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဤသံလွင်ပင်အိုကို အကိုင်းငယ်များ ဝန်းရံထား