မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်၏နှလုံးကို . . . စောင့်ရှောက်လော့”

“သင်၏နှလုံးကို . . . စောင့်ရှောက်လော့”

“သင်၏​နှလုံးကို . . . စောင့်ရှောက်​လော့”

ပရောဖက်​ရှမွေလ​ကို ယေဟောဝါ​က ဤသို့​မိန့်ဆိုခဲ့သည်– “ထာဝရ​ဘုရား​သည် လူ​မြင်​သကဲ့သို့​မြင်တော်မူ​သည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်​ကို​ကြည့်ရှု​တတ်၏။ ထာဝရ​ဘုရား​မူ​ကား နှလုံးကို​ကြည့်ရှု​တတ်​သည်။” (၁ ဓမ္မ​ရာဇဝင် ၁၆:၇) ထို့​ပြင် ပုံဆောင်​နှလုံးကို​အာရုံပြု​လျက် ဆာလံဆရာ​ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​၏– ‘[ယေဟောဝါ] သည် အကျွန်ုပ်​နှလုံးကို စစ်ဆေး​တော်​မူ​ပါ​ပြီ။ ည​ဉ့်​အခါ အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ပါ​ပြီ။ အကျွန်ုပ်​ကို စစ်ကြော​၍ အဘယ်​မကောင်းသော​အကြံ​ကို​မျှ တွေ့​တော်​မ​မူ​ပါ။’​—ဆာလံ ၁၇:​၃သမ္မာ။

မှန်​ပါ​၏၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့​မည်သို့သော​သူ စင်စစ်​ဖြစ်​ကြောင်းကို​ပိုင်းဖြတ်​ရန် နှလုံးကို​ကြည့်ရှု​တော်​မူ​၏။ (သု. ၁၇:၃) ထို့​ကြောင့် ရှေး​ဣသရေလ​ရှင်ဘုရင်​ရှောလမုန်က အကြောင်းကောင်း​ရှိ၍ ဤသို့​အကြံပေး​ခဲ့​သည်– “နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့်၊ သင်၏​နှလုံးကို အထူးသဖြင့်​စောင့်ရှောက်​လော့။” (သု. ၄:၂၃) ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို မည်သို့​စောင့်ရှောက်​နိုင်​သနည်း။ ထို​မေးခွန်း​ကို နယပုံပြင်​ကျမ်း​အခန်းကြီး ၄ က​ဖြေဆို​ပေး​ပါ​သည်။

အဘ​၏​နည်း​ဥပဒေသကို​နားထောင်​လော့

ဤ​စကား​များ​ဖြင့် နယပုံပြင်​ကျမ်း​အခန်းကြီး ၄ ကို​အစပြု​ထား​သည်– “ငါ့​သားတို့ အဘ​၏​နည်း​ဥပဒေသကို​နားထောင်​၍၊ ဉာဏ်​သဘောကို​နားလည်ခြင်း​ငှာ စေ့စေ့​မှတ်​ကြလော့။ ကောင်းသော [ဆုံးမ​စကား] ကို​ငါ​ပေး​၏။ ငါ့​ပညတ်တရား​ကို​မ​ပယ်​ကြ​နှင့်။”​သု. ၄:​၁၊ ၂

လူငယ်များ​အတွက်​အကြံပေး​ချက်​မှာ မိမိတို့၏​ဘုရားသခင်​ရေးရာ​၌​မွေ့လျော်​သော​မိဘများ၊ အထူးသဖြင့် ဖခင်​ဖြစ်သူ​၏ ကျိုးကြောင်း​ခိုင်လုံ​သော​သွန်သင်မှု​ကို နားထောင်​ရန်ဖြစ်​သည်။ သူသည် မိသားစု​၏​ကာယရေး​နှင့် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို စီစဉ်​ပေး​ရန် ကျမ်း​ပေး​တာဝန်ရ​ရှိ​ထား​သည်။ (တရားဟောရာ ၆:​၆၊ ၇; ၁ တိမောသေ ၅:၈) လူငယ်​တစ်ဦး​သည် ယင်း​သို့​သော​လမ်းညွှန်မှု​မရှိပါ​က ရင့်ကျက်သည့်​အဖြစ်သို့​ရောက်​ရန် အမှန်​ခဲယဉ်း​လိုက်​မည်​ဖြစ်​ခြင်း! သို့​ဖြစ်သော​ကြောင့် ကလေး​တစ်ဦး​သည် ဖခင်​ဖြစ်သူ​၏​ဆုံးမ​ပဲ့ပြင်​မှု​ကို လေးစား​စွာ​လက်မခံ​သင့်​ပေ​လော။

သို့သော် သွန်သင်ပေး​မည့်​ဖခင်​မရှိသော လူငယ်​တစ်ဦး​ဖြစ်​လျှင်​ကော အသို့နည်း။ ဥပမာ၊ အသက်​ဆယ့်တစ်နှစ်​ရှိ​ဂျေ​စင်​သည် လေးနှစ်​သား​အရွယ်​တွင် ဖတဆိုး​ဖြစ်​ခဲ့​ရသည်။ * ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​က သူ၏​ဘဝတွင် စိတ်​အနှောင့်အယှက်​အဖြစ်​ရ​ဆုံး​မှာ အဘယ်အရာ​ဖြစ်သနည်း​ဟု​မေးခဲ့​ရာ ဂျေ​စင်​က “ကျွန်တော့်​မှာ​အဖေ​မရှိတာ ဝမ်းနည်း​တယ်။ အဲဒါ​က တစ်ခါ​တ​လေ​ကျွန်တော့်​ကို တကယ်​စိတ်​ညှိုးငယ်​စေတယ်” ဟု​မဆိုင်းမတွ​ဖြေဆိုခဲ့သည်။ သို့​တိုင် မိဘ​အုပ်ထိန်းမှု​ကင်းမဲ့​သည့်​လူငယ်များ​အတွက် စိတ်​ချမ်းမြေ့​ဖွယ်​အကြံပေး​ချက်​ရရှိနိုင်​ပါ​သည်။ ဂျေ​စင်​နှင့် သူ့​ကဲ့သို့​သော​သူများ​သည် ခရစ်ယာန်​အသင်းတော်​ရှိ အကြီးအကဲ​များနှင့် အခြား​ရင့်ကျက်သူများ​ထံ​မှ ဖခင်သဖွယ်​အကြံပေး​ချက်​ကို ရှာ​ယူ၍ ရရှိနိုင်​ပါ​သည်။​—ယာကုပ် ၁:၂၇

သူ၏​သင်ကြား​တတ်မြောက်​မှု​နှင့်​ပတ်သက်​၍ ပြန်ပြောင်း​ပြောပြ​ကာ ရှောလမုန်က​ဤသို့​ဆက်​ပြော​သည်– “ငါ​မူ​ကား အဘ​၏​ရင်​နှစ်၊ အမိ​ရှေ့မှာ​နူးညံ့​၍ အချစ်ဆုံး​သော [“တစ်ဦးတည်း​သော၊” က​ဘ] သား​ဖြစ်၏။” (သု. ၄:၃) ထို​ရှင်ဘုရင်​သည် သူ​ပြုစု​ပျိုးထောင်​ခံ​ခဲ့​ရ​ပုံ​ကို ပီတိ​ဖြင့်​ပြန်​အမှတ်ရ​သည်​မှာ​ထင်ရှား​သည်။ ငယ်ရွယ်​သော​ရှောလမုန်​သည် ဖခင်​၏​အကြံပေး​ချက်​ကို​နှလုံး​သွင်း​သည့် “ရင်​နှစ်” အဖြစ် သူ့​ဖခင်​ဒါဝိဒ်​နှင့် နွေးထွေး​၍​ရင်းနှီး​သည့်​ဆက်ဆံ​ရေး​ရှိခဲ့​ရ​ပေမည်။ ထို့​ပြင် ရှောလမုန်​သည် “တစ်ဦးတည်း​သော [က​ဘ]၊” သို့​မဟုတ် အလွန်​ချစ်​ခံရ​သူ​ဖြစ်သည်။ ကလေး​တစ်ဦး​သည် နွေးထွေး​သည့်​ဝန်းကျင်၊ မိဘများနှင့်​ဆက်သွယ်ရေး​လမ်းကြောင်း​ပွင့်​နေသည့် နေအိမ်​တစ်လုံး​တွင် ကြီးပြင်း​လာဖို့ အလွန်​အရေးကြီး​လှ​သည်​တကား!

ဉာဏ်ပညာ​နှင့် သိနားလည်မှုကို ဆည်းပူး​လော့

ရှောလမုန်​သည် သူ့​ဖခင်​၏​မေတ္တာပါ​အကြံပေး​ချက်​ကို အောက်မေ့​သတိရ​ကာ ဤသို့​ပြန်ပြောင်း​ပြောဆို​သည်– “ငါ့​အဘ​သွန်သင်​၍ မြွက်ဆို​လေ​သည်​ကား၊ ‘ငါ့​စကား​ကို​သင်၏​နှလုံး​၌​သွင်း​မိ​၍၊ ငါ့​ပညတ်​တို့ကို​စောင့်​သဖြင့်​အသက်ရှင်​လော့။ ပညာ [“ဉာဏ်ပညာ၊” က​ဘ] ကို​ဆည်းပူး​လော့။ ဉာဏ် [“သိနားလည်မှု၊” က​ဘ] ကို​ဆည်းပူး​လော့။ သတိ​မ​လစ်​စေ​နှင့်။ ငါ​၏​နှုတ်ထွက်​စကား​ကို မလွှဲ​မရှောင်​နှင့်။ ပညာ​ကို​မစွန့်​နှင့်။ သူသည် သင့်ကို​ထိန်းသိမ်း​လိမ့်​မည်။ သူ့ကို​ချစ်​လော့။ သင့်ကို​စောင့်မ​လိမ့်​မည်။ ပညာ [“ဉာဏ်ပညာ၊” က​ဘ] သည် အမြတ်​ဆုံးသော​အရာ​ဖြစ်၏။ ပညာ​ကို​ဆည်းပူး​လော့။ ဆည်းပူး​သမျှ​သော​ဥစ္စာ​တို့​တွင် ဉာဏ် [“သိနားလည်မှု၊” က​ဘ] ကို​ဆည်းပူး​လော့။”​—သု. ၄:​၄-၇

ဉာဏ်ပညာ​သည် အဘယ်ကြောင့် “အမြတ်​ဆုံးသော​အရာ” ဖြစ်သနည်း။ ဉာဏ်ပညာ​ဆို​သည်​မှာ အသိပညာနှင့် သိနားလည်မှုကို ကောင်းကျိုး​များ​ဖြစ်ပေါ်​စေသည့်​နည်းဖြင့် အသုံးချခြင်း​ကို​ဆိုလို​သည်။ အသိပညာ​—ဂရုတစိုက်​မှတ်သား​မှု​နှင့် အတွေ့အကြုံ သို့​မဟုတ် ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​ဖြင့်​ရရှိသော အချက်အလက်​များ​ကို သိရှိနားလည်​ခြင်း သို့​မဟုတ် အကျွမ်းဝင်​ခြင်း​—သည် ဉာဏ်ပညာ​၏​အခြေခံ​ပင်​ဖြစ်သည်။ သို့သော် အသိပညာကို​ကောင်းစွာ​အသုံးပြု​နိုင်စွမ်း ကျွန်ုပ်​တို့​၌​မ​ရှိလျှင် ယင်းသည် တန်ဖိုး​မရှိ​ဖြစ်​ပေမည်။ သမ္မာကျမ်းစာ​နှင့် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” ပြင်ဆင်​ပေး​သော ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​များ​ကို မှန်မှန်​ဖတ်ရှု​ရုံ​မ​က ၎င်း​တို့​မှ​ကျွန်ုပ်​တို့​သင်ယူခဲ့ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ရန် ကြိုးစား​ကြ​ရမည်။​—မဿဲ ၂၄:​၄၅သ​မ။

သိနားလည်မှုကို​ဆည်းပူးခြင်း​သည်လည်း အရေးပါ​၏။ ၎င်း​မရှိဘဲ​နှင့် အကြောင်းအရာ​တစ်ခု​နှင့်​တစ်ခု​သည် မည်သို့​ဆက်စပ်​ကြောင်း အမှန်​သိရှိပြီး သုံးသပ်​နေသည့်​ကိစ္စရပ်​တစ်ခု​ကို ဘက်စုံ​ရှုမြင်​နိုင်​ပါ​မည်​လော။ ကျွန်ုပ်​တို့​၌​သိနားလည်မှု​မ​ရှိလျှင် ကိစ္စရပ်​များ​၏ အကြောင်းတရား​များ​ကို​သိမြင်​ကာ ထိုးထွင်း​သိမြင်မှု​နှင့် ပိုင်းခြား​သိမြင်မှု​ကို မည်သို့​ရရှိနိုင်​မည်​နည်း။ မှန်ပါသည်၊ ကျိုးကြောင်း​ညီ​စွာ​ဆုံး​ဖြတ်၍ မှန်သော​ဆုံးဖြတ်ချက်​ချ​နိုင်​ရန် သိနားလည်မှု​လို​သည်။​—ဒံယေလ ၉:​၂၂၊ ၂၃

ရှောလမုန်​သည် သူ့​ဖခင်​၏​ဤ​စကား​များ​ကို ဆက်၍​ပြောပြ​သည်– “သူ့ [ဉာဏ်ပညာ] ကို​အမြတ်​ထား​လော့။ သူသည်​သင့်ကို​ချီးမြှောက်​လိမ့်​မည်။ သူ့ကို​ဖက်ယမ်း​လျှင်၊ ဂုဏ်​အသရေ​ကို​ပေး​လိမ့်​မည်။ သင်၏​ခေါင်း​ကို တင့်တယ်​သော​ဦးရစ်​နှင့်​ပတ်ရစ်​၍၊ ဘုန်းကြီး​သော​သရဖူ​ကို​အပ်နှံ​လိမ့်​မည်။” (သု. ၄:​၈၊ ၉) ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​သည် ယင်းကို​အသုံးချ​သူ​တစ်ဦး​ကို ကာကွယ်​ပေး​သည်။ ထို့​ပြင် ၎င်း​သည် သူ့ကို​ဂုဏ်​တင်၍ တင့်တယ်​စေ​သည်။ သို့​ဖြစ်၍ အဘယ်​နည်းဖြင့်​မဆို ဉာဏ်ပညာ​ကို​ဆည်းပူး​ကြပါစို့။

“ဥပဒေသကို​ကိုင်စွဲ​လော့”

သူ၏​ဖခင်၊ ဣသရေလ​ရှင်ဘုရင်​၏ သွန်သင်ချက်​ကို ဤသို့​ပဲ့တင်ထပ်​ပြောဆို​ခဲ့​သည်– “ငါ့​သား၊ ငါ့​စကား​ကို​နားထောင်​နာယူ​လော့။ သို့ပြုလျှင်၊ သင့်​အသက်​နှစ်ပေါင်း​များ​လိမ့်​မည်။ ပညာ​လမ်းကို​ငါ​ပြသ​၍၊ မှန်သော​လမ်းခရီး​တို့​၌ သင့်ကို​ငါ​ပို့ဆောင်​၏။ လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့​မ​ရောက်၊ ပြေး​သောအခါ တိုက်မိ​၍​မလဲ​ရ။ ဥပဒေသကို​ကိုင်ဆွဲ​လော့။ မလွှတ်​နှင့်။ စောင့်​ထား​လော့။ အသက်ရှင်ခြင်း​၏​အကြောင်း​ဖြစ်၏။”​သု. ၄:​၁၀-၁၃

ရှောလမုန်​သည် ဖခင်​၏​ရင်နှစ်သား​တစ်ဦး​အဖြစ်​ညွှန်ကြား၊ ပဲ့ပြင်​ပေး​သော မေတ္တာပါ​ဆုံးမ​ပဲ့ပြင်​မှု​ကို တန်ဖိုး​ထား​လေးမြတ်​ခဲ့​ရ​ပေမည်။ မျှတ​သည့်​ဆုံးမ​ပဲ့ပြင်​မှုမရှိ​ဘဲ ဝိညာဉ်​ရေးရာ​ရင့်ကျက်သည့်​အဖြစ်သို့​တက်လှမ်း​ရန် သို့​မဟုတ် ကျွန်ုပ်​တို့၏​ဘဝ​အရည်အသွေးကို​တိုးတက်စေ​ရန် မည်သို့​မျှော်လင့်​နိုင်​မည်​နည်း။ ကျွန်ုပ်​တို့၏​အမှား​များ​မှ မသင်ယူ မှားယွင်းသော​အယူအဆ​များ​ကို ပြုပြင်​ဖို့​ပျက်ကွက်​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​​ဝိညာဉ်​ရေး​တိုးတက်မှု​သည် အမှန်ပင်​မဖြစ်​စ​လောက်​ဖြစ်​ပေမည်။ ကျိုးကြောင်း​ဆီလျော်​သည့် ဆုံးမ​ပဲ့ပြင်​မှု​သည် ဘုရားသခင်​ရေးရာ​အမူအကျင့်ကို​ကျင့်​စေ​ရာ ‘ဖြောင့်မှန်​သော​လမ်းခရီး​များ​၌ လျှောက်လှမ်း’ ရန်​ကျွန်ုပ်​တို့ကို​ကူညီပေး​၏။

ဆုံးမ​ပဲ့ပြင်​မှု​နောက်​တစ်မျိုး​သည်လည်း ‘ကျွန်ုပ်​တို့၏​အသက်​နှစ်ပေါင်း​ကို​များ’ စေ​၏။ မည်သို့​အားဖြင့်​နည်း။ ယေရှု​က “အနည်းငယ်​သော​အမှု၌​သစ္စာရှိ​သော​သူသည် ကြီးသော​အမှု၌​လည်း​သစ္စာရှိ​လိမ့်​မည်။ အနည်းငယ်​သော​အမှု၌​သစ္စာ​မရှိသော​သူသည် ကြီးသော​အမှု၌​လည်း​သစ္စာ​မရှိ” ဟု​ဆို​ခဲ့​ပေ​သည်။ (လုကာ ၁၆:၁၀) သေးငယ်သော​အရာများ​၌ ကျွန်ုပ်​တို့​ကိုယ်ကို​ဆုံးမ​ပဲ့ပြင်​ခြင်း​သည် ကျွန်ုပ်​တို့၏​သေရေးရှင်ရေး​ပင်​ဖြစ်​နိုင်​သည့် ကြီးသော​အရာ​၌ အလားတူ​ပြု​ရန် မလွယ်ကူ​စေ​ပေ​လော။ ဥပမာ၊ ‘ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို​ဆက်​ကြည့်​မနေ’ ရန် မျက်စိ​ကို​လေ့ကျင့်​ပေးခြင်း​က အကျင့်​ယိုယွင်းမှု​ကို​အလျော့ပေး​ဖို့ အကြောင်း​ရှိ​မည်​မဟုတ်ပါ။ (မဿဲ ၅:၂၈) ဤ​မူ​သည် အမျိုးသား၊ အမျိုးသမီး​နှစ်ဦးစလုံး​နှင့် အမှန်ပင်​သက်ဆိုင်​သည်။ “ခပ်သိမ်း​သော​စိတ်​တို့ကို ဖမ်းသွား​ချုပ်​ထား” ရန် ကျွန်ုပ်​တို့၏​စိတ်​ကို​ဆုံးမ​ပဲ့ပြင်​မည်​ဆိုလျှင် စကား သို့​မဟုတ် အလုပ်​အားဖြင့် အကြီးအကျယ်​ပြစ်မှား​မည့် အန္တရာယ်​နည်းပါ​သည်။​—၂ ကောရိန္သု ၁၀:၅

မှန်ပါသည်၊ ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ခံယူ​ရန်​ခက်ခဲ​လေ့​ရှိပြီး ကန့်သတ်​ချုပ်ချယ်​ဟန်​ရှိ​ပေမည်။ (ဟေဗြဲ ၁၂:၁၁) သို့သော် ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ကိုင်ဆွဲ​ထား​မည်​ဆိုလျှင် ကျွန်ုပ်​တို့​လိုက်​သော​လမ်းစဉ်သည် တိုးတက်​ရာ​လမ်း​ဖြစ်​ဖို့​အကြောင်း​ရှိပါ​လိမ့်​မည်။ သင့်လျော်​သည့်​လေ့ကျင့်မှု​သည် အပြေးသမား​တစ်ဦး​ကို လဲကျ​ခြင်း သို့​မဟုတ် မိမိကိုယ်ကို​ထိခိုက်​နာကျင်စေခြင်း​မရှိဘဲ အကောင်းဆုံး​ပြေးနှုန်း​ဖြင့် ရှေ့ဆက်​ပြေး​နိုင်​စေ​သကဲ့သို့ ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ကိုင်ဆွဲ​ထားခြင်း​သည် အသက်​လမ်းပေါ်​၌ ခလုတ်​တိုက်​မလဲ​ဘဲ ပုံမှန်​ဆက်လျှောက်​စေ​သည်။ သို့သော် ကျွန်ုပ်​တို့​ရွေးချယ်သော​လမ်းကို ဂရုပြု​ရမည်​မှာ​အမှန်။

‘လူဆိုး​တို့၏​လမ်း’ ကို ရှောင်ပါ

အရေးတကြီး​သဘောထား​ဖြင့် ရှောလမုန်က​ဤသို့​သတိပေး​သည်– “[လူဆိုး] တို့​လမ်း​ထဲ​သို့​မဝင်​နှင့်။ ဆိုးယုတ်​သော​သူတို့နှင့် အတူ​မလိုက်​နှင့်။ သူတို့​လမ်းကို​ကြ​ဉ်​ရှောင်​လော့။ လိုက်​မသွား​နှင့်။ လွှဲ​၍​သွားလော့။ သူတို့သည် သူတစ်ပါး​၌​အပြစ်​မပြုရ​လျှင် မ​အိပ်​တတ်။ တစ်စုံ​တစ်ယောက်​သော​သူကို​မလဲ​စေ​လျှင် အိပ်​၍​မပျော်​တတ်။ [မကောင်းမှု] နှင့်​ဆိုင်သော​မုန့်ကို​စား၍ ညှဉ်းဆဲခြင်း​နှင့်​ဆိုင်သော​စပျစ်​ရည်​ကို သောက်​တတ်ကြ​၏။”​—သု. ၄:​၁၄-၁၇

ကျွန်ုပ်​တို့အား ရှောလမုန်​ရှောင်ကြဉ်​စေ​လို​သည့် ဆိုးသွမ်းသူ​တို့သည် သူတို့၏​ဆိုးညစ်သော​လုပ်ရပ်များ​ဖြင့် အသက်ရှင်​ကြ​၏။ ဆိုးသွမ်းမှု​ကို​ပြုလုပ်ခြင်း​သည် သူတို့​အတွက် ထမင်း​စား​ရေ​သောက်​သကဲ့သို့​ဖြစ်သည်။ အကြမ်းမဖက်​ရ​လျှင် သူတို့​အိပ်​၍​မပျော်​နိုင်​ကြ​ချေ။ သူတို့၏​ပင်ကိုစရိုက်​မှာ ယိုယွင်း​နေသည်​တကား! ဤသို့​သော​သူတို့နှင့်​ပေါင်းဖော်​နေစဉ် ကျွန်ုပ်​တို့၏​နှလုံးကို အမှန်​စောင့်ရှောက်​နိုင်​ကြ​ပါ​မည်​လော။ မျက်မှောက်ခေတ်​လောက​၏ ဖျော်ဖြေမှု​အများစု​တွင် တင်ဆက်​ထား​သည့်​အကြမ်းဖက်မှုကို​ရှုစားခြင်း​ဖြင့် “ဆိုးယုတ်​သော​သူတို့နှင့် အတူ​လိုက်” ခြင်း​သည် မိုက်မဲ​လှ​သည်​တကား! စာနာ​ထောက်ထား​တတ်​ဖို့​ကြိုးစား​ခြင်း​သည် ရုပ်မြင်သံကြား​ဖန်သားပြင် သို့​မဟုတ် ရုပ်ရှင်​ပိတ်ကား​ပေါ် အာရုံခံစား​မှု ထုံ​သွား​စေသော ဆိုးသွမ်း​သည့်​ပြကွက်​များ​ကို​ရှုစားခြင်း​နှင့် လား​လား​မျှ​မအပ်စပ်​ပါ။

အလင်း​ထဲ​၌​နေထိုင်ပါ

လူ​သွား​လမ်း​ပုံ​ဥပမာ​ကို ဆက်​အသုံးပြုလျက် ရှောလမုန်က​ဤသို့​ဆို​သည်– “ဖြောင့်မတ်​သော​သူတို့၏​လမ်း​သည် တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း​တတ်၏။” (သု. ၄:၁၈) သမ္မာကျမ်းစာ​ကို​လေ့လာ​၍ ကျမ်းစာ​ပြော​သည့်​အရာ​ကို ဘဝတွင်​လက်တွေ့​ကျင့်သုံး​ဖို့​ကြိုးစား​ခြင်း​ကို နံနက်​စောစော​အမှောင်​တွင် ခရီးစ​တင်​ထွက်ခွာ​ခြင်း​နှင့်​နှိုင်းယှဉ်​နိုင်​သည်။ ည​ကောင်းကင်​ယံ​၏​အမှောင်ထု​သည် အ​ပြာ​ရ​င့်​ရော​င်​သို့​ဖျော့​တော့​လာ​သော်လည်း ကျွန်ုပ်​တို့​ကောင်းစွာ​မမြင်နိုင်​ကြ​ချေ။ သို့သော် တဖြည်းဖြည်း​မိုး​သောက်​လာ​သည်​နှင့် ပတ်ဝန်းကျင်​အခြေအနေ​ကို တဖြည်းဖြည်း​ပို​၍ ကွဲကွဲပြားပြား​သိမြင်​လာ​သည်။ နောက်ဆုံး​တွင် နေ​ပွင့်​လာပြီး အရာရာကို ရှင်းလင်း​ပြတ်သား​စွာ မြင်ရ​လေ​သည်။ မှန်ပါသည်၊ ကျမ်းစာ​ကို ကျွန်ုပ်​တို့​စိတ်ရှည်​စွာ လုံ့လ​ရှိ​ရှိ​ဆက်​လေ့လာ​သည်​နှင့်​အမျှ အမှန်တရားသည် တဖြည်းဖြည်း​ပို​၍​ရှင်းလင်း​လာ​ပါ​သည်။ မှားယွင်းသော​ကျိုးကြောင်း​ဆင်ခြင်မှု​မှ ကျွန်ုပ်​တို့​နှလုံးကို​စောင့်ရှောက်​ဖို့​ဆိုလျှင် ဝိညာဉ်​ရေး​အာဟာရ​ဖြင့် နှလုံးကို​ထောက်ပံ့​ရန်လို​သည်။

ကျမ်းစာ​ပရောဖက်ပြုချက်​များ​၏ ဆိုလိုချက် သို့​မဟုတ် အဓိပ္ပာယ်​သည်လည်း အဆင့်ဆင့်​ပေါ်လွင်​ထင်ရှား​လာ​သည်။ ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အလင်းဖြာ​စဉ်၊ ကမ္ဘာ့​အဖြစ်အပျက်​များ သို့​မဟုတ် ဘုရားသခင့်​လူမျိုးတော်​တွေ့ကြုံ​ခံစားရ​မှုများ​ဖြင့် ပြည့်စုံ​လာစဉ် ပရောဖက်ပြုချက်​များ ရှင်းလင်း​လာ​လေ​သည်။ ယင်း​တို့၏​ပြည့်စုံချက်​များနှင့်​ပတ်သက်​၍ စိတ်မရှည်​စွာ ခန့်မှန်း​တွေးတော​မည့်​အစား ‘အလင်း​တိုးပွား​ထွန်းလင်း’ ရန်​စောင့်ဆိုင်း​ဖို့​လို​သည်။

အလင်းတွင်​လျှောက်လှမ်းဖို့​ငြင်းပယ်​ခြင်း​ဖြင့် ဘုရားသခင့်​လမ်းညွှန်မှုကို ပစ်ပယ်​သူများ​ကော အသို့နည်း။ “မတရားသော​သူတို့၏​လမ်း​မူ​ကား၊ မှောင်မိုက်​ကဲ့သို့​ဖြစ်၍၊ သူတို့သည်​လဲ​သောအခါ၊ အဘယ်အရာကို​တိုက်မိ​သည်​ဟု​မသိ​ရ​ကြ” ဟု​ရှောလမုန်က​ဆို​သည်။ (သု. ၄:၁၉) ဆိုးသွမ်းသူ​သည် အဘယ်အရာကို​တိုက်မိ​မှန်း​မသိဘဲ မှောင်မိုက်​တွင်​လဲကျ​သူ​တစ်ဦး​နှင့်​တူ​သည်။ ဘုရားတရား​မဲ့​သူတို့သည် မိမိတို့၏​မဖြောင့်မတ်​မှု​ကြောင့် အောင်မြင်​ကြီးပွား​ဟန်​ရှိသည့်​အခါ​၌​ပင် သူတို့၏​အပေါ်ယံ​အောင်မြင်မှု​သည် ခေတ္တ​ယာယီ​သာ​ဖြစ်သည်။ သူတို့နှင့်​စပ်လျဉ်း၍ ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– “အကယ်စင်စစ် ကိုယ်တော်​သည် သူတို့ကို​ချော​သော​အရပ်၌​ထား​တော်​မူ​ပြီ။ ဖျက်ဆီး​ရာ​အရပ်သို့​ချ​တော်​မူ​၏။”​—ဆာလံ ၇၃:၁၈

သတိရှိ​နေပါ

ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဆက်​ပြော​သည်– “ငါ့​သား၊ ငါ့​စကား​ကို​နားထောင်​လော့။ ငါ​ဟောပြောချက်​တို့ကို​နား​သွင်း​လော့။ သင့်​မျက်မှောက်​မှ​မကွာစေ​နှင့်။ နှလုံး​တွင်း​၌​စောင့်​ထား​လော့။ အကြောင်း​မူ​ကား၊ ထို​တရား​စကား​ကို​တွေ့သော​သူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံး​ကျန်းမာ​ခြင်း​အကြောင်းကို​တွေ့ရ​ပြီ။ နှလုံး​သည် အသက်​၏​အခြေအမြစ်​ဖြစ်သော​ကြောင့်၊ သင်၏​နှလုံးကို​အထူးသဖြင့်​စောင့်ရှောက်​လော့။”​—သု. ၄:​၂၀-၂၃

နှလုံးကို​စောင့်ရှောက်​ရန် အကြံပေး​ချက်​၏​တန်ဖိုး​ကို ရှောလမုန်​ကိုယ်တိုင်​၏​ပုံသက်သေ​က သက်သေထူ​သည်။ မှန်​ပါ​၏၊ သူသည် ငယ်​စဉ်​ကာလ​က သူ့​ဖခင်​၏ “ရင်​နှစ် . . .ဖြစ်” ခဲ့​ပြီး အရွယ်ရောက်​ပြီး​အတော်အတန်​ကြာ ယေဟောဝါ​ကို ဆက်၍​သစ္စာရှိခဲ့​သည်။ သို့​တိုင် ကျမ်းစာ​က​ဤသို့​ပြန်​ပြောပြ​သည်– “ရှောလမုန်​သည် အသက်ကြီး​သောအခါ၊ [တိုင်းတစ်ပါး] မိန်းမ​များ​တို့သည် စိတ်နှလုံးတော်​ကို အခြား​တစ်ပါး​သော​ဘုရား​နောက်သို့ လွဲ​စေ​သဖြင့်၊ စိတ်နှလုံးတော်​သည် ခမည်းတော်​ဒါဝိဒ်​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရ​ဘုရား​ရှေ့တော်၌ စုံလင်ခြင်း​မရှိ။” (၃ ဓမ္မ​ရာဇဝင် ၁၁:၄) အမြဲ​သတိ​မရှိပါ​က အကောင်းဆုံး​နှလုံးများ​ပင်​လျှင် မကောင်းမှုကို​ပြုလုပ်​ရန် သွေးဆောင်​ခံရ​နိုင်၏။ (ယေရမိ ၁၇:၉) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ရှိ သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့ “နှလုံး​တွင်း​၌”​—ထည့်​သိုထား​ရမည်။ ဤ​သတိပေး​ချက်​များ​တွင် နယပုံပြင်​ကျမ်း​အခန်းကြီး ၄ ၌​ဖော်ပြ​ထားသော ညွှန်ကြားချက်​ပါဝင်​သည်။

သင့်​နှလုံး​အခြေအနေ​ကို စစ်ဆေး​ပါ

ကျွန်ုပ်​တို့၏​ပုံဆောင်​နှလုံးကို အောင်မြင်စွာ​စောင့်ရှောက်​နေပါသလော။ အတွင်းလူ​၏​အခြေအနေ​ကို ကျွန်ုပ်​တို့​မည်သို့​သိနိုင်​မည်​နည်း။ “စိတ်နှလုံး​အပြည့်​ရှိသည်​အတိုင်း နှုတ်မြွက်​တတ်၏” ဟု​ယေရှု​ခရစ်​က​ဆို​သည်။ (မဿဲ ၁၂:၃၄) ကိုယ်တော်​က​ဤသို့​လည်း​ဖော်ပြ​ခဲ့​သည်– “မကောင်းသော​ကြံစည်ခြင်း၊ လူ့​အသက်ကို​သတ်​ခြင်း၊ သူ့​မယား​ကို​ပြစ်မှားခြင်း၊ မိန်းမ​လွတ်​နှင့်​မှားယွင်း​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုးခြင်း၊ မမှန်​သော​သက်သေ​ကို​ခံ​ခြင်း၊ သူ့​အသရေ​ကို​ဖျက်​ခြင်း​အရာ​တို့သည် နှလုံး​ထဲ​က​ထွက်​လာ . . . ၏။” (မဿဲ ၁၅:​၁၉၊ ၂၀) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​အပြော​နှင့် အလုပ်​တို့​က နှလုံး​၌​ရှိသော​အရာ​ကို ထင်ရှား​ပေါ်လွင်​စေ​သည်။

ကျွန်ုပ်​တို့ကို​ရှောလမုန်က သင့်လျော်​စွာ ဤသို့​သတိပေး​ဆုံးမ​ထား​သည်– “ကောက်​သော​စကား​တို့ကို​လည်းကောင်း၊ ငြင်းဆန်​တတ်သော​နှုတ်ခမ်း​တို့ကို​လည်းကောင်း ဝေး​စွာ​ပယ်​ရှောင်​လော့။ သင်၏​မျက်စိသည် ရှေ့ရှု​ကြည့်​၍၊ မျက်​ခ​မ်း​တို့သည် တည့်တည့်​အာရုံပြု​စေ​လော့။ သင်​သွားရာလမ်းကို​စူးစမ်း​၍၊ သွား​လေ​ရာ​ရာ​၌​တည်ကြည်​ခြင်း​ရှိစေ​လော့။ လက်ယာဘက်၊ လက်ဝဲဘက်​သို့​မ​တိမ်း​မလွှဲ​နှင့်။ [မကောင်းမှု] ပြု​ရာ​လမ်းကို​ရှောင်​လော့။”​—သု. ၄:​၂၄-၂၇

ရှောလမုန်​၏​သတိပေး​ဆုံးမချက်​ကို​ကြည့်​လျှင် ကျွန်ုပ်​တို့၏​အပြော​နှင့်​အလုပ်​တို့ကို စစ်ဆေး​ဖို့​လို​သည်။ ကျွန်ုပ်​တို့၏​နှလုံးကို​စောင့်ရှောက်​၍ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​လိုလျှင် ကောက်​သော​စကား​နှင့် မ​ရိုး​ဖြောင့်​ခြင်း​တို့ကို ကျွန်ုပ်​တို့​ရှောင်ရှား​ရ​ပေမည်။ (သု. ၃:၃၂) ထို့​ကြောင့် ကျွန်ုပ်​တို့၏​အပြော​နှင့်​အလုပ်​တို့​က ကျွန်ုပ်​တို့​အကြောင်း အဘယ်အရာ​ဖော်ပြ​သည်ကို အလေးအနက်​ပြန်လည်​စဉ်းစား​သင့်​သည်။ ထို့နောက် ကျွန်ုပ်​တို့​တွေ့ရှိ​သည့် မည်သည့်​အားနည်းချက်ကို​မဆို ပြုပြင်​တည့်မတ်​စေဖို့ ​ယေဟောဝါ​၏​အကူအညီကို ရှာယူ​ကြပါစို့။​—ဆာလံ ၁၃၉:​၂၃၊ ၂၄

ထို့​ထက်​ကား ‘ကျွန်ုပ်​တို့၏​မျက်စိသည် ရှေ့ရှု​ကြည့်’ နေပါ​စေ။ ကောင်းကင်​ခမည်းတော်​၏​အမှုတော်ကို စိုးလ်​အကြွင်းမဲ့​ဆောင်ရွက်ခြင်း​ပန်းတိုင်​အပေါ် ကျွန်ုပ်​တို့၏​မျက်စိ​ကို စူးစိုက်​ထား​ကြပါစို့။ (ကောလောသဲ ၃:၂၃) ဤသို့​သော​ဖြောင့်မတ်​သည့်​လမ်းစဉ်​ကို အသင်​ကိုယ်တိုင်​လိုက်လျှောက်​နေစဉ် ယေဟောဝါ​သည် “သင် . . . သွား​လေ​ရာ​ရာ​၌” အောင်မြင်​စေ​၍ “နှလုံးကို . . . စောင့်ရှောက်” ရန် မှုတ်သွင်းခံ​အကြံပေး​ချက်​ကို လိုက်နာ​သည့်​အတွက် သင့်ကို​ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​ပါ​လေ​စေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 သူ့​အမည်​ရင်း​မဟုတ်ပါ။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အကြမ်းဖက်မှု​တင်ဆက်​သည့် ဖျော်ဖြေမှု​ကို သင်​ရှောင်ကြဉ်ပါ​သလော

[စာမျက်နှာ ၂၂ ပါ အကျဉ်း​ဖော်ပြချက်]

အတွေ့အကြုံ​ရှိ​သူများ​၏ အကြံပေး​ချက်​မှ အကျိုး​ရယူပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဆုံးမ​ပဲ့ပြင်​ခြင်း​က သင့်​တိုးတက်မှု​ကို မ​နှေးကွေး​စေပါ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျမ်းစာ​လေ့လာခြင်း​၌ စွဲမြဲ​ပါ