မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မ၏ရှက်ကြောက်မှုကို အောင်မြင်ဖို့ကူညီပေးခံခဲ့ရ

ကျွန်မ၏ရှက်ကြောက်မှုကို အောင်မြင်ဖို့ကူညီပေးခံခဲ့ရ

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်မ​၏​ရှက်ကြောက်မှု​ကို အောင်မြင်​ဖို့​ကူညီပေး​ခံ​ခဲ့​ရ

ရုသ် အယ်​လ်. အဲလ်​ရ​စ်ခ် ပြောပြ​သည်

ခရစ်ယာန်​ဓမ္မ​ဆရာ​ရဲ့ ဖိနပ်​ချွတ်​လှေကားထစ်​မှာပဲ ကျွန်မ​စိတ်​မထိန်းနိုင်​လို့ ငိုချ​လိုက်တယ်။ ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်းရဲ့ ပထမ​ဆုံး​ဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စယ်လ်​အကြောင်းကို မဟုတ်မမှန်​စွပ်စွဲချက်​တွေ သူ​တရ​စပ်​ပြော​ခဲ့လို့​ပေါ့။ ငယ်ရွယ်သူ​သာ​ဖြစ်​တဲ့​ကျွန်မ​ဟာ လူတွေ​ဆီ အဲဒီလိုမျိုး​ဘယ်လို​လည်ပတ်​သွားလာ​ခဲ့​သလဲ​ဆိုတာ​ကို ရှင်းပြပါ​ရစေ။

၁၉၁၀ ပြည့်နှစ်​မှာ ယူ.အက်စ်.အေ.၊ နာ​ဘ​ရက်စ်​ခါ​မြို့ရဲ့ ယာတော​တစ်ခု​မှာ​နေတဲ့ ဘာသာ​တရား​ကိုင်းရှိုင်း​တဲ့ မိသားစုက​နေ ကျွန်မ​မွေးဖွား​လာခဲ့တယ်။ မနက်​နဲ့ ညနေ​ထမင်း​စား​ပြီး​တိုင်း မိသားစု​လိုက် ကျမ်းစာ​ဖတ်​ကြတယ်။ အဖေက ကျွန်မ​တို့​ရဲ့​ယာတော​နဲ့ လေး​မိုင်​လောက်​ဝေး​တဲ့ ဝင်း​ဆိုက်​ဒ်​မြို့လေး​က မက်သဒစ်​ချာ့ခ်ျ ဥပုသ်​ဘုရား​ရှိခိုး​ကျောင်း​ကြီးကြပ်ရေးမှူး​ဖြစ်တယ်။ ကျွန်မ​တို့​မှာ ကန့်လန့်ကာ​ပါ​တဲ့​မြင်းရထား​တစ်စီး​ရှိ​တော့ ရာသီဥတု​ကို​မ​မှု​ဘဲ တနင်္ဂနွေ​မနက်​တိုင်း ချာ့ခ်ျ​သွား​တက်​နိုင်​ခဲ့​ကြတယ်။

ကျွန်မ​အသက်​ရှစ်နှစ်​လောက်​မှာ ပိုလီယို​ရောဂါ​နဲ့​မောင်လေး​ဖျား​လို့ ဆေးကု​ဖို့ အိုင်​အို​ဝါ​မြို့က ဆေးရုံ​ကို အမေ​ခေါ်သွား​ခဲ့တယ်။ ဂရုတစိုက်​ပြုစု​ခဲ့​ပေမဲ့ အဲဒီမှာ​ပဲ မောင်လေး​သေဆုံး​သွားခဲ့တယ်။ ဒါပေမဲ့ အိုင်​အို​ဝါ​မှာ​ရှိ​တုန်း ယေဟောဝါ​သက်သေတွေကို ဟို​တုန်း​က​ခေါ်​ကြ​တဲ့ ကျမ်းစာ​ကျောင်းသား​တစ်ယောက်​နဲ့ အမေ​ဆုံတွေ့​ခဲ့တယ်။ သူတို့ စကား​အများကြီး​ပြောဆို​ခဲ့​ကြတယ်၊ ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ စည်းဝေး​အချို့​ကို​တောင် အဲဒီ​အမျိုးသမီးနဲ့​အတူ အမေ​သွား​တက်​ခဲ့တယ်။

အမေ​အိမ်​ပြန်လာတဲ့​အခါ ကင်းမျှော်စင်​အသင်း​က​ထုတ်ဝေတဲ့ ကျမ်း​စာစောင်​များ​မှ​လေ့လာ​စ​ရာ​များ အတွဲ​အချို့​ကို ယူလာခဲ့​တယ်။ ကျမ်းစာ​ကျောင်းသား​တွေ သင်ပေးတာ​အမှန်တရား​ဖြစ်​ပြီး မသေနိုင်တဲ့​လူ့​ဝိညာဉ်​စိုးလ်၊ ဆိုးသွမ်းသူ​တွေ​ကို ထာဝရ​ညှဉ်းဆဲခြင်း​ဆို​တဲ့ သွန်သင်ချက်​တွေ​ဟာ မမှန်ဘူး​ဆိုတာ မကြာခင်​မှာပဲ အမေ​ယုံကြည်​ခဲ့တယ်။—ကမ္ဘာဦး ၂:၇; ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄

ဒါပေမဲ့ အဖေက တော်​တော်​ကို​စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​ပြီး ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ စည်းဝေး​တွေ​ကို တက်ရောက်​ဖို့ အမေ​ရဲ့​ကြိုးစား​မှု​တွေ​ကို ဆန့်ကျင်​ခဲ့တယ်။ အဖေက ကျွန်မ​နဲ့​အစ်ကိုက​လဲ​ရ​င့်စ်​ကို ချာ့ခ်ျ​ခေါ်သွား​တတ်တယ်။ ဒါပေမဲ့ အဖေ​အိမ်မှာ​မရှိတဲ့​အခါ အမေက ကျွန်မ​တို့​နဲ့​ကျမ်းစာ​လေ့လာ​တယ်။ ဒါ​ကြောင့် ကျွန်မ​တို့​ကလေး​တွေ​အနေ​နဲ့ ချာ့ခ်ျ​ရဲ့​သွန်သင်ချက်​တွေ​နဲ့ ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့​သွန်သင်ချက်​တွေ​ကို နှိုင်းယှဉ်​နိုင်​ခွင့်​ရခဲ့ကြတယ်။

က​လဲ​ရ​င့်စ်​နဲ့ ကျွန်မ​က ချာ့ခ်ျ​ဥပုသ်​ကျောင်း​ကို မှန်မှန်​တက်​ခဲ့​ကြတယ်၊ ဆရာမ​ကို အစ်ကို​က မေးခွန်းတွေ​အများကြီး​မေးတဲ့အခါ ဆရာမ​အဖြေ​မပေးနိုင်​ခဲ့​ဘူး။ အိမ်​ရောက်တော့ အမေ့ကို​ပြောပြ​ခဲ့​ပြီး ဒီ​အကြောင်း​တွေ​ကို အကြာကြီး​ဆွေးနွေး​ခဲ့​ကြတယ်။ နောက်ဆုံး​တော့ ချာ့ခ်ျ​ကနေ ကျွန်မ​နုတ်ထွက်​လိုက်ပြီး အမေနဲ့​အတူ ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ စည်းဝေး​တွေ​ကို စတက်​ခဲ့တယ်၊ သိပ်​မကြာ​ပါ​ဘူး၊ က​လဲ​ရ​င့်စ်​လည်း အဲဒီအတိုင်း​လိုက်လုပ်​ခဲ့တယ်။

ရှက်ကြောက်မှု​ကို​အောင်မြင်ခြင်း

၁၉၂၂၊ စက်တင်ဘာ​လမှာ အိုဟိုင်အို၊ စီ​ဒါ​ပွိုင့်​က ကျမ်းစာ​ကျောင်းသား​တွေ​ရဲ့ အမှတ်ရ​လောက်​တဲ့​စည်းဝေးကြီး​ကို အမေနဲ့​ကျွန်မ​တက်​ခဲ့​ကြတယ်။ အဲဒီတုန်းက ကင်းမျှော်စင်​အသင်း​ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​က “ဘုရင်​နှင့်​ဘုရားသခင့်​နိုင်ငံတော်​ကို ကြေညာ​ကြ” ဆို​တဲ့ စကား​နဲ့ တက်ရောက်သူ ၁၈,၀၀၀ ကျော်​ကို အားပေး​တိုက်တွန်း​နေတုန်း ဧရာမ​စာတန်း​ကြီး​က တဖြည်းဖြည်း​ပေါ်လာ​တာ​ကို ကျွန်မ​ခု​ထိ​မြင်ယောင်​နိုင်​သေး​တယ်။ အဲဒါ​က ကျွန်မ​ကို တကယ်​လှုံ့ဆော်ပေး​ခဲ့​ပြီး တခြား​သူတွေကို ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း အရေးတကြီး​ပြောပြ​ရမယ်ဆို​တဲ့​စိတ်ဝင်​လာတယ်။—မဿဲ ၆:၉၊ ၁၀; ၂၄:၁၄

၁၉၂၂ ကနေ ၁၉၂၈ ခုနှစ်​အထိ ကျင်းပ​တဲ့​စည်းဝေးကြီး​တွေ​မှာ အဓိဋ္ဌာန်​ပြုချက် အတော်များများ​ချ​ခဲ့​ကြတယ်၊ အဲဒီ​အကြောင်း​တွေ​ကို ဝေစာတွေ​မှာ​ထည့်​ပြီး သန်းနဲ့​ချီ ကမ္ဘာ​အနှံ့​လူတကာ​ကို ကျမ်းစာ​ကျောင်းသား​တွေ​က ဝေငှ​ခဲ့​ကြတယ်။ ကျွန်မ​ပုံစံ​က ပိန်ရှည်ရှည်​နဲ့​ကလန်ကလား​ဖြစ်နေ​လို့ ကျွန်မ​ကို​ဂ​ရေး​ဟောင်း​ခွေး​လို့​ခေါ်​ခဲ့​ကြတယ်။ အဲဒီ​ဝေစာတွေကို တစ်အိမ်​က​တစ်အိမ် ကျွန်မ​အပြေးအလွှား​လိုက်​ဝေငှ​ခဲ့တယ်။ ဒီ​အလုပ်ကို​လုပ်​ရတာ တကယ်ပဲ​ပျော်​ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို အိမ်တွေမှာ​ပြောဆို​တာ​နဲ့ တစ်ဦးချင်း​စီ​ကို​ဟောပြောတာ တခြား​စီ​ပဲ။

ဒီလို​လေ၊ ကျွန်မ​က​အရမ်း​ရှက်ကြောက်​တတ်တာ​ကိုး။ အမေက ဆွေမျိုး​တွေ​ကို နှစ်​တိုင်း အုပ်စု​လိုက်​ဖိတ်ခေါ်​တဲ့​အခါ ကျွန်မ​ထိတ်လန့်​ခဲ့​တဲ့​အထိ​ပဲ။ အိပ်ခန်း​ထဲ​ပဲ​ဝင်ပြီး ထွက်​မလာ​တော့​ဘူး။ တစ်ခါ​တော့ အမေက မိသားစု​ဓာတ်​ပုံ​ရိုက်​ချင်​လို့ ကျွန်မ​ကို​အပြင်ထွက်​လာဖို့​ပြော​တယ်။ အခန်း​ထဲ​ကနေ​မ​ထွက်​ချင်​လို့ ကျွန်မ​ကို တ​ရွတ်​တိုက်​ဆွဲခေါ်​ထုတ်ခဲ့​တဲ့​အခါ ငယ်​သံ​ပါ​အောင် ကျွန်မ​အော်ငို​ခဲ့​ဖူး​တယ်။

ဒါပေမဲ့ လွယ်အိတ်​ထဲ ကျမ်းစာ​စာပေ​တွေ​ကို​ထည့်​ပြီး ဆုံးဖြတ်ချက်​ချ​ခဲ့​ရတဲ့​နေ့ ရောက်လာ​ခဲ့တယ်။ “မ​လုပ်​ရဲ​ဘူး” ဆိုပြီး ထပ်ခါထပ်ခါ​ပြော​မိ​ပေမဲ့ နောက်​အခိုက်အတန့်​လေးမှာ​ပဲ “လုပ်​ကို​လုပ်ရမယ်” လို့​ကိုယ့်​ကိုယ်ကို​အားပေးခဲ့​ရတယ်။ နောက်ဆုံး​တော့ အမှုဆောင်ထွက်​ခဲ့တယ်။ အဲဒီနောက် သတ္တိ​မွေး​ပြီး အားခဲ​လိုက်တာ​ကို ကျွန်မ​အရမ်းပျော်​မိ​ခဲ့တယ်။ ကျွန်မ​အပျော်ဆုံး​က​တော့ အဲဒီ​အလုပ်ကို တကယ်​ပါဝင်​လုပ်ဆောင်နေ​ခြင်း​မှာ​မဟုတ်ဘဲ အလုပ်​ပြီး​အောင်​လုပ်ဆောင်ခဲ့​ခြင်း​ကြောင့်​ပါ​ပဲ။ အစပိုင်း​မှာ​ပြောပြ​ခဲ့​တဲ့ ခရစ်ယာန်​ဓမ္မ​ဆရာ​နဲ့ ကျွန်မ​တွေ့ခဲ့​ပြီး ငို​ခဲ့​ရတာ အဲဒီ​အချိန်​က​ပေါ့။ အချိန်​ကြာ​လာတော့ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ လူတွေကို သူတို့ရဲ့​အိမ်တွေမှာ ပြောဆို​နိုင်​ခဲ့​ပြီး ပို​လည်း​ပျော်ရွှင်​ခဲ့​ရတယ်။ အဲဒီနောက် ၁၉၂၅ ခုနှစ်​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ခြင်း​ဖြင့် ယေဟောဝါ​ထံ​အပ်နှံမှု​ကို တင်ပြ​ခဲ့တယ်။

အချိန်ပြည့်​အမှုဆောင်ခြင်း​တွင် စတင်

အသက် ၁၈ နှစ်​ရောက်တော့ အန်တီ​တစ်ယောက်​ဆီက အမွေ​ရလို့ ကား​တစ်စီး​ဝယ်ပြီး အချိန်ပြည့်​အမှုဆောင်​လို့​ခေါ်​တဲ့ ရှေ့ဆောင်​အလုပ်ကို​စ​လုပ်ခဲ့တယ်။ နောက်​နှစ်နှစ် ၁၉၃၀ ပြည့်နှစ်​မှာ ဟောပြောခြင်း​တာဝန်​တစ်ခု​ကို အဖော်​တစ်ယောက်​နဲ့​အတူ ကျွန်မ​လက်ခံခဲ့တယ်။ အဲဒီအချိန်မှာ က​လဲ​ရ​င့်စ်​လည်း ရှေ့ဆောင်​စ​လုပ်နေတယ်။ မကြာခင်​မှာပဲ နယူးယောက်၊ ဘ​ရွတ်​က​လင်​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်၊ ဗေသလမှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်ချက်​ကို သူ​လက်ခံခဲ့တယ်။

အဲဒီ​အချိန်​လောက်​မှာပဲ ကျွန်မ​တို့​မိဘတွေ လမ်းခွဲ​ခဲ့​ကြ​တဲ့​အတွက် အမေနဲ့​ကျွန်မ​ဟာ နောက်​တွဲ​ယာဉ်​အိမ်တစ်လုံး​ကို ဆောက်​ပြီး နှစ်ယောက်​အတူ ရှေ့ဆောင်​စ​လုပ်ခဲ့ကြတယ်။ အမေရိကန်​ပြည်ထောင်စု​မှာ စီးပွားရေး​ကပ်​ဆိုက်​တဲ့​အချိန်​က​ပေါ့။ ရှေ့ဆောင်​ဆက်​လုပ်ဖို့ စိန်ခေါ်ချက်​ဖြစ်လာ​ပေမဲ့ ဆက်​လုပ်ဆောင်​သွားဖို့ ကျွန်မ​တို့​ဆုံးဖြတ်ချက်​ချ​ခဲ့​ကြတယ်။ ကျမ်းစာ​စာပေ​တွေ​ကို ကြက်​တွေ၊ ဥ​တွေ၊ ခြံထွက်​အသီးအနှံ​အပြင် ဘက်ထရီ​အဟောင်း​တွေ၊ အသုံးမဝင်​တော့​တဲ့​ဒန်​သတ္တု​စတဲ့​ပစ္စည်း​တွေ​နဲ့ ကျွန်မ​တို့​လဲ​ယူ​ခဲ့​ကြရတယ်။ ဓာတ်ဆီ​ဝယ်​ဖို့နဲ့ အခြား​စရိတ်​ရရှိဖို့ ဘက်ထရီ​အဟောင်း​နဲ့​ဒန်​သတ္တု​တွေ​ကို ပြန်ရောင်း​ခဲ့​ကြတယ်။ ပိုက်ဆံ​ချွေတာ​ဖို့ ချောဆီ​ထိုး​တာ၊ ဆီ​လဲ​တာတွေကို​လည်း ကျွန်မ​သင်ယူ​ခဲ့တယ်။ အဟန့်အတား​တွေ​ကို ကျော်လွှား​နိုင်​တဲ့​နည်းလမ်းတွေကို ဖွင့်ပေး​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့​ကတိတော်​ကို ကျွန်မ​တို့​တကယ်ပဲ​မြင်ခဲ့​ကြ​ရ​ပါ​တယ်။—မဿဲ ၆:၃၃

ခရစ်ယာန်​သာသနာပြု တာဝန်​ခန့်အပ်​ရာ​များ​သို့ ထွက်ခွာ

၁၉၄၆ ခုနှစ်​မှာ နယူးယောက်၊ လ​န်​စင်း​တောင်ပိုင်း​က ဂိလဒ်​ကင်းမျှော်စင် ကျမ်းစာ​ကျောင်း​ရဲ့ ခု​နစ်​ကြိမ်​မြောက်​သင်တန်းကို တက်ရောက်​ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ အဲဒီအချိန်မှာ အမေနဲ့​ကျွန်မ ရှေ့ဆောင်​လုပ်ခဲ့တာ ၁၅ နှစ်​ကျော်သွား​ပေမဲ့ အမေက ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အတွက် လေ့ကျင့်မှု​ခံယူ​ဖို့ ကျွန်မ​ရဲ့​အခွင့်အရေး​ကို မ​ဟန့်တား​လို​ခဲ့​ပါ​ဘူး။ ဒါ​ကြောင့် ဂိလဒ်​ကျောင်းတက်​ခွင့်​ကို လက်ခံဖို့ အမေ​အားပေးခဲ့တယ်။ ကျောင်း​ဆင်းတော့ အီလီနွိုင်၊ ပီ​အော်​ရီ​ရာ​မြို့က မာသ ဟက်​စ်​နဲ့ ကျွန်မ တွဲဖက်​ဖြစ်လာ​ခဲ့တယ်။ ပင်လယ်​ရပ်​ခြား​တာဝန်​တစ်ခု​ကို စောင့်နေ​ရတဲ့​တစ်နှစ်​အတောအတွင်း အခြား​နှစ်ယောက်​နဲ့​အတူ ကျွန်မ​တို့​အိုဟိုင်အို၊ က​လီဗ်​လ​န်​မြို့မှာ တာဝန်​ထမ်းဆောင်​ခဲ့​ကြတယ်။

၁၉၄၇ ခုနှစ်​မှာ အဲဒီ​တာဝန်ရ​ရှိခဲ့တယ်။ နောက်တော့ မာသနဲ့​ကျွန်မ ဟာဝိုင်ယီ​မှာ တာဝန်ကျ​ခဲ့​ကြတယ်။ ဒီ​ကျွန်း​တွေ​ဆီ ဝင်ရောက်​နေထိုင်ဖို့​လွယ်ကူ​တဲ့​အတွက် အမေက ကျွန်မ​တို့​နဲ့​နီး​တဲ့ ဟို​နို​လူ​လူ​မြို့မှာ လာရောက်​နေထိုင်ခဲ့တယ်။ အမေ​ရဲ့​ကျန်းမာ​ရေး​ချို့ယွင်း​လာတဲ့​အတွက် ကျွန်မ​ရဲ့​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​တွေ​ကို လုပ်​ရင်း​နဲ့ အမေ့ကို ကူညီပေး​ခဲ့တယ်။ ဟာဝိုင်ယီ​မှာ ၁၉၅၆ ခုနှစ်၊ အမေ​အသက် ၇၇ နှစ်မှာ​မဆုံး​ခင်​အထိ ကြည့်ရှု​ပြုစုပေး​နိုင်​ခဲ့တယ်။ ဟာဝိုင်ယီ​ကို ကျွန်မ​တို့​ရောက်တဲ့​အချိန်​က သက်သေခံ ၁၃၀ လောက်​ပဲ​ရှိပေမဲ့ အမေ​ဆုံး​တဲ့​အချိန်​မှာ တစ်ထောင်​ကျော်သွား​တဲ့​အတွက် ခရစ်ယာန်​သာသနာပြုတွေ နောက်ထပ်​မလိုအပ်တော့ဘူး။

၁၉၅၇ ခုနှစ်​မှာ ဂျပန်​ပြည်​ကို​သွားပြီး တာဝန်​ထမ်းဆောင်​ဖို့ ကင်းမျှော်စင်​အသင်း​ကနေ စာ​တစ်စောင်​ကို မာသနဲ့​ကျွန်မ​ရရှိခဲ့တယ်။ ကျွန်မ​တို့​အသက်အရွယ်နဲ့ ဂျပန်​ဘာသာ​စကား​ကို သင်ယူ​နိုင်​မလား​ဆိုပြီး ဦးဆုံး​စိတ်ပူ​ခဲ့​ကြတယ်။ အဲဒီအချိန်မှာ ကျွန်မ​အသက် ၄၈ နှစ်​ရှိနေပြီး မာသက ကျွန်မ​ထက် လေးနှစ်​လောက်​ပဲ​ငယ်​တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့​လက်ထဲမှာ​ပဲ​အပ်​ပြီး အဲဒီ​တာဝန်​ကို လက်ခံခဲ့​ကြတယ်။

နယူးယောက်​မြို့ရဲ့ ရန်ကီး​အားကစားကွင်း​နဲ့ ပိုလို​ကစားကွင်း​မှာ ၁၉၅၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ပြီး​တဲ့​နောက် တို​ကျို​ကို သင်္ဘော​နဲ့​ကျွန်မ​တို့​ထွက်ခွာ​လာ​ခဲ့​ကြတယ်။ ယို​ကို​ဟား​မား​ဆိပ်ကမ်း​ကို ဆိုက်​တဲ့​အခါ တိုင်​ဖုန်း​မုန်တိုင်းမိ​ခဲ့​ကြတယ်၊ အဲဒီမှာ ဒေါ​န်​နဲ့​မေ​ဘဲလ်​ဟက်​စ္စ​လက်၊ လွိုက်နဲ့​မဲ​လ်​ဘာ​ဘယ်​ရီ၊ အခြား​ခရစ်ယာန်​သာသနာပြုတွေ​က ကျွန်မ​တို့ကို လာကြို​တယ်။ အဲဒီ​အချိန်တုန်းက ဂျပန်​မှာ သက်သေခံ ၁,၁၂၄ ယောက်​ပဲ​ရှိတယ်။

ဂျပန်​ဘာသာ​စကား​ကို ချက်ချင်း​စလေ့လာ​ပြီး တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်ထွက်​ခဲ့​ကြတယ်။ အင်္ဂလိပ်​အက္ခရာ​နဲ့ ဂျပန်​လို​ဟော​ရမယ့် အကြောင်းကို ချရေး​ပြီး ဖတ်ပြ​ခဲ့​ကြတယ်။ “ကောင်း​ပါ​တယ်” လို့​ဆိုလို​မှန်း ကျွန်မ​တို့​သိထားတဲ့ “ယို​ရို​ရှီ​အီ ဒေ​ဆူး” ဒါမှ​မဟုတ် “ကီ​ကို ဒေ​ဆူး” ဆိုပြီး အိမ်ရှင်​တွေ​က ပြန်​ပြောဆို​ကြတယ်။ ဒါပေမဲ့ အဲဒီ​စကား​တွေ​က မကြိုက်ဘူးလို့​လည်း ဆိုလို​နိုင်​တဲ့​အတွက် အိမ်ရှင်​က စိတ်ဝင်စားမှု​ရှိ၊ မရှိ ကျွန်မ​တို့​အမြဲတမ်း​မသိနိုင်​ခဲ့​ဘူး။ ဆိုလိုချက်​က အသံနေအသံထား၊ ဒါမှ​မဟုတ် မျက်နှာထား​ပေါ်​မူတည်တယ်။ အဲဒါတွေကို​သဘောပေါက်​ဖို့ အတော်ကြာ​ခဲ့တယ်။

ကျွန်မ​စိတ်နှလုံး​ကို​နွေးထွေး​စေ​ခဲ့​သည့် အတွေ့အကြုံ​များ

ဘာသာ​စကား​ကို ကြိုးစား​သင်ယူ​နေတုန်း တစ်နေ့​မှာ မစ်စူဘီရှီ​ကုမ္ပဏီ​စုပေါင်း​အိပ်ဆောင်​တစ်ခု​ကို ကျွန်မ​ရောက်​ခဲ့​တဲ့​အခါ အသက် ၂၀ အမျိုးသမီး​တစ်ဦး​နဲ့​တွေ့ခဲ့​တယ်။ သူက ကျမ်းစာ​အသိပညာ တော်တော်လေး​တိုးတက်လာ​ပြီး ၁၉၆၆ ခုနှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့တယ်။ နောက်​တစ်နှစ်​မှာ ရှေ့ဆောင်​စ​လုပ်ခဲ့​ပြီး​နောက် မကြာခင် အထူး​ရှေ့ဆောင်​အဖြစ်​ခန့်အပ်​ခံ​ခဲ့​ရတယ်။ အဲဒီ​ကတည်းက သူ​အထူး​ရှေ့ဆောင်​လုပ်ခဲ့တာ အခုထိ​ပဲ။ အချိန်ပြည့်​လုပ်ငန်းမှာ သူရဲ့​အချိန်နဲ့​လူငယ်​ခွန်အား​တွေ​ကို အသုံးပြု​တာ​ကို​ကြည့်​ပြီး ကျွန်မ​အတွက် အမြဲတမ်း​စိတ်​တက်ကြွ​မှု​ဖြစ်စေ​ခဲ့တယ်။

အထူးသဖြင့် ခရစ်ယာန်​မဟုတ်တဲ့​အသိုင်းအဝိုင်းမှာ နေထိုင်ကြ​တဲ့​သူတွေ​အတွက် ကျမ်းစာ​အမှန်တရား​ဘက်မှာ​ရပ်တည်​ဖို့ ကြီးမား​တဲ့​စိန်ခေါ်ချက်​တစ်ရပ်​ပဲ။ ဒါတောင် ကျွန်မ​ကျမ်းစာ​သင်ပေးခဲ့တဲ့​သူတွေ​အတော်များများ​အပါအဝင် ထောင်နဲ့​ချီ​တဲ့​သူတွေဟာ အဲဒီ​စိန်ခေါ်ချက်​ကို ရင်ဆိုင်ခဲ့​ကြတယ်။ ဂျပန်​အိမ်တွေမှာ မိရိုးဖလာ​အရ တွေ့ရှိ​ရတဲ့ တန်ဖိုး​ကြီး . . . စင်​တွေ​ကို သူတို့​ရှင်းပစ်​ခဲ့ကြရတယ်။ တစ်ခါ​တ​လေ ဆွေမျိုး​တွေ​က ဒီလို​လုပ်တာဟာ ကွယ်လွန်​သူ​ဘိုးဘေးတွေကို မရိုမသေ​ပြုမူ​တယ်​ဆိုပြီး ထင်မှတ်​ကြ​တဲ့​အတွက် လူသစ်တွေ​အတွက် သတ္တိ​ရှိခဲ့​ကြရတယ်။ သူတို့ရဲ့​သတ္တိ​ရှိတဲ့​လုပ်ရပ်တွေ​က . . . ဝတ်ပြုမှု​နဲ့​ဆက်နွှယ်​နေတဲ့ ပစ္စည်း​တွေ​ကို ရှင်းပစ်​ခဲ့​ကြ​တဲ့ ကနဦး​ခရစ်ယာန်​တွေ​ကို ပြန်​ပြီး​အမှတ်​ရစေပါ​တယ်။—တမန်​တော် ၁၉:၁၈-၂၀

မိသားစု​လိုက် တို​ကျို​ကနေ​ပြောင်းရွှေ့​ဖို့ စီစဉ်​နေတဲ့ ကျမ်းစာ​သင်သား​အိမ်ရှင်မ​တစ်ယောက်ကို ကျွန်မ​သတိရ​မိတယ်။ အယူမှား​ဝတ်ပြုရေး​နဲ့​ဆိုင်​တဲ့ ပစ္စည်း​တွေ​မရှိတဲ့​အိမ်အသစ်​ကို သူ​ပြောင်းရွှေ့​ချင်​တယ်။ ဒါ​ကြောင့် သူ့ရဲ့​ဆန္ဒ​ကို ခင်ပွန်း​ကို​ပြောပြ​တော့ သူကလည်း တလိုတလား​သဘောတူခဲ့​တယ်။ ဒီ​အကြောင်းကို အားရ​ဝမ်းသာ​နဲ့ ကျွန်မ​ကို​ပြောပြ​နေတုန်းမှာ​ပဲ အိမ်ကို​ပျော်ရွှင်​စေမယ်​လို့​ဆို​ကြ​တဲ့​အတွက် သူ​ဝယ်ထား​မိ​ခဲ့​တဲ့ တန်ဖိုး​ကြီး​စ​ကျင်​ကျောက်​ပန်း​အိုး​ကြီး​တစ်လုံး​ကို ထုပ်ပိုး​ထား​တာ သွား​သတိရ​လိုက်တယ်။ အဲဒီ​ပန်း​အိုး​က . . . ဝတ်ပြုမှု​နဲ့ ဆက်နွှယ်​နေနိုင်​မယ်​အထင်​ရှိလို့ တူ​နဲ့​ရိုက်ခွဲ​ပြီး လွှင့်ပစ်လိုက်​တယ်။

. . . ဝတ်ပြုမှု​နဲ့ ဆက်နွှယ်​နေတဲ့ တန်ဖိုး​ကြီး​ပစ္စည်း​တွေ​ကို တလိုတလား​ဖယ်ရှားပစ်​ပြီး ယေဟောဝါ​ရဲ့​အမှုတော်ကို​ထမ်းဆောင်​ဖို့ ဘဝ​အသစ်​ကို ရဲရဲရင့်ရင့်​စတင်​ခဲ့​တဲ့ အဲဒီ​အမျိုးသမီးနဲ့ တခြား​သူတွေ​လုပ်ခဲ့တာ​ကို တွေ့မြင်​ရတာ ကျွန်မ​အတွက် အားရ​ကျေနပ်​လောက်​တဲ့​အတွေ့အကြုံ​ပါ​ပဲ။ ဂျပန်​နိုင်ငံ​မှာ အနှစ် ၄၀ ကျော်​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​လုပ်နိုင်​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျွန်မ​အမြဲ​ကျေးဇူး​တင်​တယ်။

မျက်မှောက်ခေတ် “အံ့ဖွယ်အမှု​များ”

ကျွန်မ​ရဲ့​အနှစ် ၇၀ ကျော်​အချိန်ပြည့်​အမှုဆောင်ခြင်းကို ပြန်ပြောင်း​ကြည့်​လိုက်တဲ့အခါ မျက်မှောက်ခေတ်​အံ့ဖွယ်ရာ​လို့ ကျွန်မ​ထင်တာ​တွေ​ကို မယုံနိုင်​လောက်​အောင်​အံ့သြမိတယ်။ ရှက်ကြောက်​တတ်​တဲ့​ငယ်ရွယ်သူ​တစ်ယောက်​အနေ​နဲ့ လူအများ​နားမထောင်ချင်တဲ့ ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို ကိုယ်​က​အစပြု​ဟောပြောတဲ့​အလုပ်​ထဲ ဘဝ​တစ်ခုလုံး​ကို​မြှုပ်နှံ​လိမ့်မယ်လို့ တစ်ခါ​မှ​မထင်​မိ​ဘူး။ ဒါပေမဲ့ ကျွန်မ​တစ်ယောက်တည်း​မဟုတ်​ပဲ ရာနဲ့ချီ​မ​က ထောင်နဲ့​ချီ​ပြီး​တောင် ဒီအတိုင်းပဲ​လုပ်ကြ​တာ​ကို ကျွန်မ​တွေ့ခဲ့​ရပြီ။ ဒါကို သူတို့​ဘယ်လောက်ထိ​ထိ​ရောက်ရောက်​လုပ်ခဲ့တယ်​ဆိုတာ ဂျပန်​ကို ကျွန်မ​ရောက်တဲ့​အချိန် ၁၉၅၈ ခုနှစ်​မှာ သက်သေခံ​တစ်ထောင်​ကျော်​လေး​ဟာ အခု​ဆိုရင် ၂၂၂,၀၀၀ ကျော်သွား​တဲ့​အထိ​ပဲ!

မာသနဲ့​ကျွန်မ ဂျပန်​ကို ဦးဆုံးရောက်​တုန်း​က တို​ကျို​ဌာနခွဲရုံး​မှာ နေခဲ့​ကြရတယ်။ ၁၉၆၃ ခုနှစ်​မှာ အဲဒီ​မြေနေရာ​ပေါ်မှာပဲ ခြောက်​ထပ်​ဌာနခွဲ​အဆောက်အအုံ​သစ်​ကို ဆောက်​ခဲ့​ပြီး အဲဒီ​အချိန်​ကတည်းက ဒီမှာ​ပဲ ကျွန်မ​တို့​နေကြ​တယ်။ ၁၉၆၃၊ နိုဝင်ဘာ​လမှာ ကျွန်မ​တို့​ရဲ့​ဌာနခွဲ​ကြီးကြပ်ရေးမှူး လွိုက် ဘယ်​ရီ​ဟောတဲ့ အပ်နှံ​ပွဲ​ဟောပြောချက်ကို​ကြား​ခဲ့​ရတဲ့ ၁၆၃ ယောက်​ထဲမှာ ကျွန်မ​တို့​လည်း​ပါဝင်​ခဲ့​ကြတယ်။ အဲဒီ​အချိန်​ကျ​တော့ ဂျပန်​မှာ သက်သေခံ ၃,၀၀၀ ရှိနေပြီ။

နူး​မား​ဇူး​မြို့မှာ တိုးချဲ့​ခဲ့​ရတဲ့​ဌာနခွဲ​အသစ်​ဆောက်​ပြီး​တဲ့ ၁၉၇၂ ခုနှစ်​မှာ ၁၄,၀၀၀ ကျော်​တဲ့​အထိ ဘုရားသခင့်​ရဲ့​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း တစ်မုဟုတ်ချင်း​တိုးတက်​လာတာကို မြင်ရ​တာ ကြည်း​နူး​စ​ရာ​ပါ​ပဲ။ ဒါပေမဲ့ ၁၉၈၂ ခုနှစ်​လည်း​ရောက်​ရော ဂျပန်​မှာ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ ၆၈,၀၀၀ ကျော်သွား​ခဲ့​ပြီး တို​ကျို​ကနေ​မိုင် ၅၀ လောက်​ဝေး​တဲ့ အ​ဘီ​နာ​မြို့မှာ ပို​ကြီး​တဲ့​ဌာနခွဲ​အဆောက်အအုံ​တစ်ခု​ကို ဆောက်လုပ်​ခဲ့​ရတယ်။

ဒီ​အချိန်အတွင်း​မှာပဲ တို​ကျို​မြို့လယ်ခေါင်​က အရင်​ဌာနခွဲ​ဟောင်း​ကို ပြန်​ပြုပြင်​မွမ်းမံ​ခဲ့​ရတယ်။ ကြာ​လာတော့ ဒီ​အဆောက်အအုံ​ဟာ ကျွန်မ​နဲ့​နှစ်​ကြာ​အဖော် မာသ ဟက်​စ်​အပါအဝင် အနှစ် ၄၀ ဒါမှ​မဟုတ် ၅၀ နဲ့​ဒီထက်မက ဂျပန်​မှာ အမှုဆောင်ခဲ့​ကြ​တဲ့ ခရစ်ယာန်​သာသနာပြု​အ​ယောက် ၂၀ ကျော်​နေတဲ့ သာသနာပြု​အိမ်​ဖြစ်လာ​တယ်။ ဆရာဝန်​တစ်ယောက်​နဲ့ သူနာပြု​ဖြစ်​တဲ့ သူ့​ဇနီး​လည်း ကျွန်မ​တို့​အိမ်မှာ နေထိုင်ကြ​တယ်။ ကျွန်မ​တို့​ရဲ့​ကျန်းမာ​ရေး​ကို သူတို့​မေတ္တာနဲ့​ဂရုစိုက်​ကြည့်ရှု​စောင့်ရှောက်​ပေး​တယ်။ မကြာခင် နောက်​သူနာပြု​တစ်ယောက် ရောက်လာ​ပြီး ခရစ်ယာန်​ညီအစ်မ​တွေ​လည်း နေ့​အခါမှာ သူနာပြု​အကူ​တွေ​အဖြစ်​လာ​ကူ​ကြတယ်။ အ​ဘီ​နာ​က ဗေသလ​မိသားစုဝင်​နှစ်ယောက် အစားအသောက်​တွေ ပြင်ဆင်​ပေးဖို့၊ ကျွန်မ​တို့​အိမ်ကို​သန့်ရှင်းရေး​လုပ်ပေးဖို့ အလှည့်ကျ​လာကြတယ်။ ကျွန်မ​တို့​အပေါ် ယေဟောဝါ တကယ်ပဲ​ကောင်းမြတ်​ခဲ့တယ်။—ဆာလံ ၃၄:၈၊ ၁၀

နှစ်​ကြာ​ခရစ်ယာန်​သာသနာပြုတွေ အခု​နေထိုင်ကြ​တဲ့ အဆောက်အအုံ​ကို အပ်နှံ​ပြီး​တဲ့ ၃၆ နှစ်​အကြာ၊ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ​လမှာ ကျွန်မ​ရဲ့​ခရစ်ယာန်​သာသနာပြု​အသက်တာမှာ ပေါ်လွင်​တဲ့​အရာတစ်ခု​ဖြစ်ပျက်​ခဲ့တယ်။ ၁၉၉၉၊ နိုဝင်ဘာ ၁၃ ရက်​နေ့မှာ အ​ဘီ​နာ​က ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်းရဲ့ ဂျပန်​ဌာနခွဲ တိုးချဲ့​အဆောက်အအုံ အပ်နှံ​ပွဲ​ကို တက်ရောက်​ခဲ့​ကြ​တဲ့ ၃၇ နိုင်ငံ​တွေ​ကနေ နှစ်​ကြာ​သက်သေခံ​ရာ​ချီ​အပါအဝင် ၄,၄၈၆ ထဲမှာ ကျွန်မ​လည်း​ပါဝင်​ခဲ့တယ်။ လက်ရှိ​အချိန်​မှာ အဲဒီ​ဌာနခွဲ​မိသားစု အ​ယောက် ၆၅၀ လောက်​ရှိတယ်။

ကျမ်းစာ​သတင်းတရား​တွေ​ကို တစ်အိမ်​မှ​တစ်အိမ် ရှက်​ရှက်ကြောက်​ကြောက်​နဲ့ စ​ဟောခဲ့​ကတည်းက နှစ်ပေါင်း ၈၀ နီးပါး​အတွင်းမှာ ယေဟောဝါ​ဟာ ကျွန်မ​ရဲ့ ခိုင်ခံ့​တဲ့​အကူအညီ​ဖြစ်​ခဲ့တယ်။ ကျွန်မ​ရဲ့​ရှက်ကြောက်စိတ်​ကို အနိုင်​ယူဖို့ ကိုယ်တော်​ကူညီပေး​ခဲ့တယ်။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​တဲ့ ကျွန်မ​လို​အရမ်း​ရှက်ကြောက်​တတ်​တဲ့ သူတွေကို​တောင်​မှ ကိုယ်တော်​အသုံးပြုနိုင်တယ်​ဆိုတာ ကျွန်မ​အခိုင်အမာ​ယုံကြည်တယ်။ ကျွန်မ​တို့​ရဲ့​ဘုရားသခင် ယေဟောဝါ​အကြောင်း သူစိမ်းတွေကို​ပြောပြ​ခဲ့​ရတာ တကယ့်ကို​ကျေနပ်​ရောင့်ရဲ​တဲ့​အသက်တာ​ပါ​ပဲ!

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အမေ​နှင့် ဗေသလ​မှ ကျွန်မ​တို့​ထံ လည်ပတ်​ရောက်ရှိ​လာသော က​လဲ​ရ​င့်စ်​တို့​နှင့်အတူ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

နယူးယောက်၊ လ​န်​စင်း​တောင်ပိုင်း​အနီး ဂိလဒ်​ကျောင်း​မြက်ခင်း​ပေါ်​တွင် လေ့လာ​သင်ကြား​နေကြ​သော ကျွန်မ​တို့၏​အတန်းသား​များ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

လက်ဝဲ– ဟာဝိုင်ယီ​တွင် ကျွန်မ၊ မာသ ဟက်​စ်​နှင့်​အမေ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယာ​ဘက်– ကျွန်မ​တို့၏ တို​ကျို​ခရစ်ယာန် သာသနာပြု​အိမ်သား​များ

[စာမျက်နှာ ၂၄ ပါ​ရုပ်ပုံ]

အောက်– ကျွန်မ​၏ နှစ်​ကြာ​အဖော် မာသ ဟက်​စ်​နှင့်အတူ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အ​ဘီ​နာ​မှ ကျွန်မ​တို့၏ တိုးချဲ့​ဆောက်​ထားသော​ဌာနခွဲ​ကို ပြီး​ခဲ့​သည့်​နိုဝင်ဘာ​လ​က အပ်နှံ​ခဲ့