“ခရစ်ယာန်” ဟူသောစကားလုံး၏အဓိပ္ပာယ် ပျောက်ဆုံးနေပြီလော
“ခရစ်ယာန်” ဟူသောစကားလုံး၏အဓိပ္ပာယ် ပျောက်ဆုံးနေပြီလော
ခရစ်ယာန်တစ်ဦးဖြစ်ခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ သင်မည်သို့ဖြေဆိုမည်နည်း။ နိုင်ငံအသီးသီးတွင် အဆိုပါမေးခွန်းကို ကျပန်းရွေးချယ်မေးမြန်းခဲ့ရာ သူတို့၏ဖြေဆိုပုံများမှာ ဤသို့ဖြစ်သည်–
“ယေရှုနောက်လိုက်ပြီး ကိုယ်တော့်ကိုအတုခိုးဖို့။”
“လူကောင်းတစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို ပေးကမ်းဝေမျှဖို့။”
“ခရစ်တော်ကို သခင်အဖြစ်၊ ကယ်တင်ရှင်အဖြစ်လက်ခံဖို့။”
“မားစ်ပွဲတော်တက်၊ တရားစာရွတ်ပြီး ပွဲတော်ဝင်ဖို့။”
“ခရစ်ယာန်တစ်ယောက်ဖြစ်ဖို့ ချာ့ခ်ျတက်စရာလိုတယ်လို့ မယူဆဘူး။”
အဘိဓာန်ကျမ်းများကပင် စိတ်ရှုပ်ထွေးစေသော ဖော်ပြချက်အမျိုးမျိုးကိုတင်ပြသည်။ ပြုစုရေးသားချက်တစ်ခုတည်းတွင်ပင် “ခရစ်ယာန်” ဟူသောစကားလုံးအောက်၌ “ယေရှုခရစ်၏ဘာသာတရားကို ယုံကြည်ခြင်း သို့မဟုတ် ၎င်းဘာသာတရားနှင့်သက်ဆိုင်ခြင်း” မှ “လူကောင်း သို့မဟုတ် လူဝင်ဆံ့သူတစ်ဦးဖြစ်ခြင်း” အထိ ဆယ်မျိုးတိုင် ရေးသားဖော်ပြထားသည်။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ကိုရှင်းပြရန် လူအများအခက်တွေ့ကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။
လွတ်လပ်စွာတွေးခေါ်ခြင်းဘက်သို့ တိမ်းစောင်းမှု
ယနေ့ ခရစ်ယာန်အမည်ခံသူများတွင်—ဘုရားကျောင်းထိုင်ခုံ တစ်တန်းတည်းတွင် ထိုင်သူများကြား၌ပင်—ကျမ်းစာကိုဘုရားသခင်မှုတ်သွင်းခြင်း၊ ဆင့်ကဲသီအိုရီ၊ နိုင်ငံရေးတွင် ချာ့ခ်ျပါဝင်ပတ်သက်ခြင်းနှင့် မိမိ၏ယုံကြည်ခြင်းကို သူတစ်ပါးအားဝေမျှခြင်းစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှုမြင်ပုံအမျိုးမျိုးကို တွေ့ရှိနိုင်သည်။ ကလေးဖျက်ချခြင်း၊ လိင်တူဆက်ဆံခြင်းနှင့် မောင်နှံစုံများ လက်မထပ်ဘဲအတူနေထိုင်ခြင်းစသည့် ကိုယ်ကျင့်တရားဆိုင်ရာကိစ္စရပ်တို့ကိုလည်း အကြီးအကျယ်အငြင်းပွားနေကြသည်။ လွတ်လပ်စွာတွေးခေါ်ခြင်းဘက်သို့ တိမ်းစောင်းနေမှုသည် ထင်ရှား၏။
ဥပမာ၊ မကြာသေးမီက ပရိုတက်စတင့်ချာ့ခ်ျခုံရုံးတစ်ခုက ချာ့ခ်ျသည် “အုပ်ချုပ်ရေးဘုတ်အဖွဲ့တွင် လိင်တူဆက်ဆံသူဖြစ်ကြောင်းဝန်ခံသည့် အသက်ကြီးသူတစ်ဦးကိုခန့်” ပိုင်ခွင့်ရှိသည်ဟု မဲဖြင့်ထောက်ခံခဲ့ကြောင်း ခရစ်ယာန်ရာစုနှစ်ဂျာနယ်ကဖော်ပြသည်။ ကျမ်းပညာရှင်အချို့က ကယ်တင်ခြင်းရဖို့ ယေရှုကိုယုံကြည်မှမဟုတ် ဟူသောရှုမြင်ချက်ကိုပင် တင်ပြခဲ့ကြပြီ။ သူတို့ယုံကြည်ကြသည်မှာ ဂျူးများ၊ မွတ်စလင်များနှင့် အခြားသူတို့သည် “[ခရစ်ယာန်များကဲ့သို့] ကောင်းကင်ရောက်နိုင်သည်” ဟူ၍ဖြစ်ကြောင်း သည်နယူးယောက်တိုင်းမ်စ်မှသတင်းတစ်ပုဒ်ကဆိုသည်။
ဖြစ်နိုင်မည်ဆိုလျှင် မာ့က်စ်ဝါဒီတစ်ဦးက အရင်းရှင်စနစ်ကိုထောက်ခံနေခြင်း၊ ဒီမိုကရေစီကိုထောက်ခံသူတစ်ဦးက အာဏာရှင်စနစ်ကို အားပေးအားမြှောက်ပြုနေခြင်း၊ သို့မဟုတ် ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတစ်ဦးက သစ်တောပြုန်းတီးမှုကိုကမကထပြုနေခြင်းကို မှန်းဆကြည့်နိုင်လျှင် မှန်းဆကြည့်ပါ။ “အဲဒီလူဟာ မာ့က်စ်ဝါဒီတစ်ဦး၊ လူထုအခွင့်အရေးထောက်ခံသူတစ်ဦး၊ ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတစ်ဦး တကယ်မဖြစ်နိုင်ဘူး” ဟုသင်ဆိုပေမည်—သင့်အဆိုမှန်ပေမည်။ သို့သော် ယနေ့ခရစ်ယာန်အမည်ခံသူတို့၏ ကွဲပြားသောရှုမြင်ပုံများကို သင်ဆင်ခြင်သုံးသပ်ကြည့်သောအခါ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည့်အယူအဆများ၊ ခရစ်ယာန်ဘာသာကိုစတင်ခဲ့သူ ယေရှုခရစ်၏သွန်သင်ချက်နှင့် အများအားဖြင့်ဆန့်ကျင်ကွဲလွဲသည့် အယူအဆများကို သင်တွေ့ရှိရပေမည်။ ၎င်းက သူတို့၏တစ်မူခြားနားသည့် ခရစ်ယာန်ဘာသာအကြောင်း အဘယ်အရာဖော်ပြသနည်း။—၁ ကောရိန္သု ၁:၁၀။
ကျွန်ုပ်တို့တွေ့ရှိကြရမည်ဖြစ်သည့်အတိုင်း ခေတ်၏သဘောနှင့်အညီ ခရစ်ယာန်သွန်သင်ချက်များကို ပြောင်းလဲလိုစိတ်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ယင်းသို့သောပြောင်းလဲမှုများကို ဘုရားသခင်နှင့် ယေရှုခရစ်တို့က မည်သို့ယူဆကြမည်နည်း။ ခရစ်တော်၌အခြေမခံသော သွန်သင်ချက်များကိုထောက်ခံအားပေးသည့် ချာ့ခ်ျများသည် ၎င်းတို့ကိုယ်ကိုခရစ်ယာန်ဟုခေါ်နိုင်ပါသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါး၌သုံးသပ်ပါမည်။