‘သင့်ကိုယ်ကိုနှင့် သင့်စကားနားထောင် သူတို့ကို ကယ်တင်လော့’
‘သင့်ကိုယ်ကိုနှင့် သင့်စကားနားထောင် သူတို့ကို ကယ်တင်လော့’
“ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမ [စကား] ကိုလည်းကောင်း သတိပြု၍ အမြဲ . . . နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိမောသေ ၄:၁၆။
၁၊ ၂။ စစ်မှန်သောခရစ်ယာန်များကို အသက်ကယ်ဆယ်ခြင်းလုပ်ငန်း၌ ဆက်လုပ်ကိုင်စေရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
ယေဟောဝါသက်သေမောင်နှံစုံတစ်စုံသည် ထိုင်းနိုင်ငံမြောက်ဘက် လူသူအရောက်အပေါက်နည်းသော ရွာလေးတစ်ရွာရှိ တောင်ပေါ်လူမျိုးအနွယ်ဝင်တို့ကို မိမိတို့တတ်မြောက်ထားသည့် ဘာသာစကားအသစ်ဖြင့် စကားပြောဆိုခဲ့ကြသည်။ ရွာသားများအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနိုင်ရန် ထိုမောင်နှံစုံသည် မကြာသေးမီက လားဟူဘာသာစကားကိုသင်ယူခဲ့ကြသည်။
၂ ခင်ပွန်းဖြစ်သူက “ဒီစိတ်ဝင်စားစရာကောင်းသူတွေရဲ့အလယ်မှာ ကျွန်တော်တို့ အမှုဆောင်ရတဲ့ ပျော်ရွှင်မှုနဲ့ကျေနပ်မှုကို ဖော်ပြပြောဆိုဖို့ ခက်တယ်” ဟူ၍ဆိုသည်။ “‘လူအမျိုးအနွယ်ခပ်သိမ်းတို့အား’ သတင်းကောင်းကြွေးကြော်ရတာဟာ ဗျာဒိတ် ၁၄:၆၊ ၇ ရဲ့ပြည့်စုံချက်မှာ ကျွန်တော်တို့ကိုယ်တိုင်ပါဝင်နေကြတယ်လို့ တကယ်ခံစားမိတယ်။ သတင်းကောင်း ဝင်ရောက်ပျံ့နှံ့ခြင်းမရှိသေးတဲ့ နယ်မြေအချို့ကျန်ရှိနေသေးတဲ့အထဲမှာ ဒီနေရာလည်းပါဝင်တယ်။ ကျွန်တော်တို့ ပြုလုပ်နိုင်တာထက်တောင် ကျမ်းစာသင်အံမှုတွေ ပိုများနေတယ်။” ဤမောင်နှံစုံသည် မိမိတို့ကိုယ်ကိုသာမက သူတို့၏စကားကိုနားထောင်သူတို့ကိုပါ ကယ်တင်နိုင်ဖို့ မျှော်လင့်ကြကြောင်း ထင်ရှားပါသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်များအနေဖြင့် အလားတူပြုလုပ်ရန် မျှော်လင့်ကြသည်မဟုတ်ပေလော။
‘ကိုယ့်ကိုယ်ကို အမြဲသတိပြုနေလော့’
၃။ အခြားသူတို့ကို ကယ်တင်ရန် ဦးဆုံးအနေနှင့် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်နည်း။
၃ ‘ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမစကားကိုလည်းကောင်း အမြဲသတိပြုနေလော့’ ဟူ၍ တိမောသေကို တမန်တော်ပေါလုညွှန်ကြားခဲ့ပြီး ယင်းက ခရစ်ယာန်အားလုံးနှင့် သက်ဆိုင်၏။ (၁ တိမောသေ ၄:၁၆) အမှန်မှာ၊ အခြားသူတို့ကယ်တင်ခြင်းရစေဖို့ ဦးဆုံးအနေနှင့် ကိုယ့်ကိုယ်ကို သတိပြုရမည်ဖြစ်သည်။ မည်သို့ပြုလုပ်နိုင်ကြမည်နည်း။ တစ်ချက်အနေနှင့် ကျွန်ုပ်တို့အသက်ရှင်နေကြသောအချိန်ကို သတိပြုရမည်ဖြစ်သည်။ ယေရှုသည် ကိုယ်တော်၏နောက်လိုက်များအား “ဤကမ္ဘာအဆုံး” ရောက်ရှိချိန်ကိုသိစေရန် စုပေါင်းနိမိတ်တစ်ခုပေးခဲ့၏။ သို့တိုင်၊ ယေရှုက မည်သည့်အချိန်၌ ဆုံးခန်းရောက်လိမ့်မည်ကို ကျွန်ုပ်တို့ အတိအကျသိလိမ့်မည်မဟုတ်ဟူ၍လည်း မိန့်တော်မူသည်။ (မဿဲ ၂၄:၃၊ ၃၆၊ သမ) ယင်းကို ကျွန်ုပ်တို့ မည်သို့သဘောပိုက်သင့်သနည်း။
၄။ (က) ဤစနစ်၏ ကျန်ကြွင်းသောအချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်သဘောထားမွေးမြူသင့်သနည်း။ (ခ) အဘယ်သဘောထားကို ကျွန်ုပ်တို့ ရှောင်သင့်သနည်း။
၄ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ‘ဤအစီအစဉ်စနစ်အတွက် ကျန်ရှိနေသေးသောအချိန်မှာ မိမိကိုယ်ကိုနှင့် နားထောင်သူတို့ကို ကယ်တင်ရန် ကြိုးစားနေပါသလော၊ သို့မဟုတ် “မည်သည့်အချိန်တွင် ဆုံးခန်းရောက်လာမည်ကို ကျွန်ုပ်တို့အတိအကျမသိသောကြောင့် ယင်းကိစ္စနှင့် အကျွန်ုပ်မပတ်သက်လို” ဟူ၍သင်စဉ်းစားနေပါသလော’ ဟုမေးရပေမည်။ ဒုတိယသဘောထားသည် အန္တရာယ်ရှိ၏။ ယင်းသည် ယေရှု၏ဤနှိုးဆော်ချက်နှင့် လားလားကြီး ဆန့်ကျင်လျက်ရှိသည်– “သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။” (မဿဲ ၂၄:၄၄) ဤအချိန်သည် ယေဟောဝါ၏လုပ်ငန်းတော်အတွက် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှု ပျောက်ဆုံးသွားရမည့်အချိန်၊ သို့မဟုတ် လုံခြုံမှု ရဖို့ဖြစ်စေ၊ စိတ်ကျေနပ်မှုရဖို့ဖြစ်စေ ဤလောကကို မျှော်ကိုးရမည့်အချိန်မဟုတ်သည်မှာ သေချာပါ၏။—လုကာ ၂၁:၃၄-၃၆။
၅။ ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏သက်သေများသည် အဘယ်ပုံနမူနာများကို ထားခဲ့ကြသနည်း။
၅ ကျွန်ုပ်တို့ကိုယ်ကို သတိပြုနေကြပါသည်ဟု ပြသနိုင်သေးသည့် အခြားနည်းတစ်နည်းကား ခရစ်ယာန်များအနေဖြင့် သစ္စာရှိစွာခံနိုင်ရည်ရှိခြင်းအားဖြင့်ဖြစ်သည်။ အတိတ်က ဘုရားသခင့်ကျေးကျွန်တို့သည် ချက်ချင်းကယ်လွှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ဆက်၍ခံနိုင်ရည်ရှိခဲ့သည်။ ခရစ်ယာန်ခေတ်မတိုင်မီက သက်သေခံများဖြစ်သော အာဗေလ၊ ဧနောက်၊ နောဧ၊ အာဗြဟံနှင့်စာရာတို့၏ပုံသက်သေများကို ညွှန်ပြပြီးနောက် ပေါလုက ဤသို့ရေးခဲ့သည်– “ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေးကမျှော်မြင်လျက်၊ စိတ်နှလုံးနှင့်ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံ . . . ကြ၏။” သူတို့သည် သက်သောင့်သက်သာနေထိုင်လိုစိတ်များ၊ သူတို့ဝန်းကျင်တွင် အကျင့်ယိုယွင်းသူတို့၏ဖိအားများကို အရှုံးမပေးခဲ့ကြဘဲ “ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူး” ကိုစိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြသည်။—ဟေဗြဲ ၁၁:၁၃; ၁၂:၁။
၆။ ပထမရာစုခရစ်ယာန်များ၏ ကယ်တင်ခြင်းဆိုင်ရာအမြင်က သူတို့၏ဘဝအသက်တာလမ်းစဉ်ကို မည်သို့သက်ရောက်မှုရှိစေခဲ့သနည်း။
၆ ပထမရာစုခရစ်ယာန်များသည် မိမိတို့ကိုယ်ကို ဤလောကတွင် ‘ဧည့်သည်အာဂန္တုများ’ အဖြစ်လည်း ရှုမြင်ခဲ့ကြ၏။ (၁ ပေတရု ၂:၁၁) စီ.အီး. ၇၀၊ ယေရုရှလင်ဖျက်ဆီးခံရခြင်းမှ ကယ်တင်ခံရပြီးနောက်ပင် စစ်မှန်သောခရစ်ယာန်များသည် ဟောပြောခြင်းကိုရပ်တန့် သို့မဟုတ် လောကဘဝလမ်းစဉ်ကိုပြန်မလိုက်ခဲ့ကြချေ။ သစ္စာရှိသူတို့အတွက် ကြီးမြတ်လှသောကယ်တင်ခြင်း စောင့်မျှော်နေကြောင်းကို သူတို့သိထားကြသည်။ အမှန်မှာ စီ.အီး. ၉၈ အချိန်ပိုင်းအထိ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “လောကနှင့်လော[က]တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၇၊ ၂၈။
၇။ မျက်မှောက်ခေတ်တွင် ယေဟောဝါသက်သေများသည် ခံနိုင်ရည် မည်သို့တင်ပြခဲ့ကြသနည်း။
၇ မျက်မှောက်ခေတ်တွင်လည်း ယေဟောဝါသက်သေများသည် ကြမ်းတမ်းသောနှိပ်စက်ညှဉ်းပန်းမှုများကို တွေ့ကြုံရလင့်ကစား ခရစ်ယာန်လုပ်ငန်း၌ စွဲမြဲစွာပါဝင်ခဲ့ကြပြီ။ သူတို့၏ခံနိုင်ရည်သည် အချည်းနှီးဖြစ်ခဲ့ပြီလော။ လုံးဝမဖြစ်ချေ၊ အကြောင်းမှာ ယေရှုက ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” ယင်းအဆုံးသည် ဤစနစ်ဟောင်း၏အဆုံး၊ သို့မဟုတ် လူတစ်ဦး၏ အသက်တာအဆုံးဖြစ်နိုင်သည်။ ရှင်ပြန်ထမြောက်ခြင်းတွင် ယေဟောဝါသည် သေဆုံးခဲ့ကြသော မိမိ၏သစ္စာရှိကျေးကျွန်အားလုံးကို သတိရ၍ ဆုပေးတော်မူမည်။—မဿဲ ၂၄:၁၃; ဟေဗြဲ ၆:၁၀။
၈။ အတိတ်ကခရစ်ယာန်များ၏ ခံနိုင်ရည်ရှိမှုကို ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်ကြသနည်း။
၈ ထိုထက်ကား အတိတ်မှသစ္စာရှိခရစ်ယာန်များသည် သူတို့၏ကယ်တင်ခြင်းအတွက်သာ စိုးရိမ်ပူပန်ခဲ့ကြသည်မဟုတ်သောကြောင့် ကျွန်ုပ်တို့ဝမ်းသာနိုင်ကြ၏။ သူတို့သည် “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ငါ . . . ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ကြလော့” ဟူသော ယေရှုခန့်အပ်ခဲ့သောလုပ်ငန်းကို ခံနိုင်ရည်ရှိရှိ ကြိုးစားအားထုတ် ဆောက်ရွက်ခဲ့ခြင်းကြောင့် ဘုရားသခင့်နိုင်ငံတော်အကြောင်းသိလာခဲ့သောကျွန်ုပ်တို့မှာ အမှန်ပင်ကျေးဇူးတင်ကြပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့အခွင့်အရေးရသ၍ကာလပတ်လုံး သတင်းကောင်းမကြားရသေးသူတို့ကို ဟောပြောခြင်းဖြင့် ကျွန်ုပ်တို့၏ကျေးဇူးတင်စိတ်ကို ဖော်ပြနိုင်ကြပါသည်။ သို့သော် ဟောပြောခြင်းသည် တပည့်ဖြစ်စေခြင်း၏ ပထမအဆင့်သာဖြစ်သည်။
‘ကိုယ်ဆုံးမခြင်းကို သတိပြု၍နေလော့’
၉။ ကျမ်းစာသင်အံမှုကိုစတင်ရန် အပြုသဘောရှိသောခံယူချက်က ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၉ ကျွန်ုပ်တို့၏တာဝန်တွင် ဟောပြောခြင်းသာမက သွန်သင်ခြင်းလည်း ပါဝင်သည်။ ယေရှုက မိမိပေးခဲ့သမျှပညတ်များကို လူတို့စောင့်ရှောက်စေခြင်းငှာ သွန်သင်ပေးရန် ကျွန်ုပ်တို့ကို တာဝန်ပေးအပ်ခဲ့သည်။ မှန်ပါသည်၊ အချို့နယ်မြေရပ်ကွက်များတွင် ယေဟောဝါအကြောင်းသိလိုသူမရှိပုံရသည်။ သို့သော် ရပ်ကွက်အပေါ် အပျက်သဘောဖြင့်ရှုမြင်ခြင်းက ကျမ်းစာသင်အံမှုစတင်ရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုများကို အတားအဆီးဖြစ်စေနိုင်သည်။ ဖြစ်ထွန်းမှုမရှိဟုအချို့ခေါ်ဆိုကြသော ရပ်ကွက်တစ်ခုမှ ရှေ့ဆောင်တစ်ဦးဖြစ်သူ အီဗက်သည် အဆိုပါနယ်မြေသို့ရောက်လာသူများတွင် ထိုသို့သောအပျက်သဘောမျိုးမရှိသူတို့မှာမူ အိမ်တွင်းကျမ်းစာသင်အံမှုများကို စတင်နိုင်ခဲ့ကြကြောင်း သတိပြုမိသည်။ သာ၍အပြုသဘောပါသောခံယူချက်ကို သူမွေးမြူလိုက်ပြီးနောက် အီဗက်လည်း သမ္မာကျမ်းစာလေ့လာလိုသူတို့ကို တွေ့ရှိခဲ့သည်။
၁၀။ သမ္မာကျမ်းစာကိုသွန်သင်ပေးသူများအဖြစ် ကျွန်ုပ်တို့၏ အခြေခံအခန်းကဏ္ဍကားအဘယ်နည်း။
၁၀ ခရစ်ယာန်အချို့သည် ကျမ်းစာသင်အံမှုတစ်ခုကို မိမိတို့ကျင်းပနိုင်စွမ်းမရှိဟု ယူမှတ်ကြသောကြောင့် စိတ်ဝင်စားသူတို့အား ကျမ်းစာသင်အံမှုကမ်းလှမ်းရန် တွန့်ဆုတ်ကြပေမည်။ ကျွန်ုပ်တို့မှာ စွမ်းရည်ချင်းမတူကြသည်ကားမှန်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင့်စကားတော်ကို သွန်သင်ပေးသူများအဖြစ်အောင်မြင်ကြရန် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့ မလိုပါ။ သမ္မာကျမ်းစာ၏ စစ်မှန်သောသတင်းစကားမှာ တန်ခိုးကြီးမား၍ ယေရှုက သိုးကဲ့သို့သောသူတို့သည် စစ်မှန်သောသိုးထိန်း၏စကားသံကို ကြားသောအခါ သိရှိကြ၏ဟု မိန့်တော်မူယောဟန် ၁၀:၄၊ ၁၄။
ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏တာဝန်မှာ ကောင်းသောသိုးထိန်းယေရှု၏သတင်းတရားကို အတတ်နိုင်ဆုံး ရှင်းပြပြောဆိုကြခြင်းသာဖြစ်သည်။—၁၁။ ကျမ်းစာသင်သားကို ကူညီပေးရာ၌ မည်သို့သာ၍ထိရောက်နိုင်သနည်း။
၁၁ ယေရှု၏သတင်းတရားကို သာ၍ထိရောက်စွာ မည်သို့တင်ပြနိုင်မည်နည်း။ အစဦးဆုံး သင်ကိုယ်တိုင် သမ္မာကျမ်းစာမှဆွေးနွေးပြောဆိုမည့်အကြောင်းအရာကို ရင်းနှီးစေပါ။ အခြားသူကို အကြောင်းအရာတစ်ခုမသွန်သင်မီ ကိုယ်တိုင်နားလည်ထားရမည်။ ထို့အတူ သင်အံမှုအတွင်း လေးစားမှုရှိစေပါ၊ သို့သော် ရင်းနှီးဖော်ရွေသည့်အခြေအနေရှိပါစေ။ အလွန်ငယ်ရွယ်သူများအပါအဝင် သင်သားများသည် သက်သောင့်သက်သာရှိသောအခါနှင့် သွန်သင်သူက သူတို့ကို လေးစားကာကြင်နာမှုပြသောအခါ သာ၍သင်ယူနိုင်ကြသည်။—သု. ၁၆:၂၁။
၁၂။ သင်သားသည် သင်သွန်သင်ပေးနေသောအကြောင်းအရာကို နားလည်မလည် မည်သို့သေချာသိနိုင်မည်နည်း။
၁၂ သွန်သင်ပေးသူတစ်ဦးအနေဖြင့် သင်သားသည် ပြန်လည်ရွတ်ဖတ်ပြခြင်းဖြင့် အချက်အလက်များကို တင်ပြရုံမျှပြုစေလိုမည်မဟုတ်။ သူသင်ယူနေသောအရာကို နားလည်စေရန် ကူညီပေးပါ။ သင်သားတစ်ဦး၏ ပညာရေး၊ ဘဝအတွေ့အကြုံနှင့် သမ္မာကျမ်းစာနှင့်အကျွမ်းတဝင်ရှိခြင်းက သင်ပြောပြနေသည့်အကြောင်းကို သူသဘောပေါက်ပုံအပေါ် အကျိုးသက်ရောက်မည်ဖြစ်သည်။ သို့ဖြစ်၍ သင့်ကိုယ်သင်မေးနိုင်သည်မှာ ‘လေ့လာသည့်အကြောင်းအရာတွင်ပါသော ရည်ညွှန်းထားသည့်ကျမ်းချက်များ၏ အရေးပါမှုကို သူသဘောပေါက်ပါသလော’ ဟူ၍ဖြစ်သည်။ ဟုတ်၊ မဟုတ် ဖြေရုံမျှဖြင့်မပြီးနိုင်သော ရှင်းပြစရာလိုသည့် မေးခွန်းများမေးခြင်းဖြင့် သူသဘောပေါက်မပေါက် သင်သိရှိနိုင်သည်။ (လုကာ ၉:၁၈-၂၀) အခြားတစ်ဖက်တွင်မူ သင်သားအချို့သည် သင်ပေးသူကို မေးခွန်းပြန်မေးရန် တွန့်ဆုတ်တတ်ကြ၏။ သို့နှင့် သူတို့သည် သင်ကြားနေသောအကြောင်းကို အပြည့်အဝနားမလည်ဘဲ ဖြစ်သွားနိုင်ကြသည်။ သင်သားကို မေးခွန်းများမေးရန်နှင့် အချက်အချို့ကို သူအပြည့်အဝနားမလည်သောအခါ သင့်အားပြောဆိုရန် အားပေးပါ။—မာကု ၄:၁၀; ၉:၃၂၊ ၃၃။
၁၃။ သင်သားတစ်ဦးကို သွန်သင်ပေးသူတစ်ဦးဖြစ်လာစေရန် မည်သို့ကူညီပေးနိုင်သနည်း။
၁၃ ကျမ်းစာသင်အံမှုကျင်းပရခြင်း၏ အရေးကြီးသောရည်ရွယ်ချက်တစ်ခုမှာ သင်သားအား သွန်သင်ပေးသူတစ်ဦးဖြစ်လာစေရန်ဖြစ်သည်။ (ဂလာတိ ၆:၆) ယင်းကြောင့် သင်အံမှုကိုပြန်နှူးသည့်အနေဖြင့် သင်သည် သူ့အား အချက်တစ်ချက်ကို ပထမဦးဆုံးအကြိမ်ကြားရဖူးသူတစ်ဦးအား ရှင်းပြနေသည့်အလား သင့်ကိုရှင်းပြစေနိုင်သည်။ နောက်ပိုင်းတွင် သူသည် အမှုဆောင်ခြင်း၌ပါဝင်ရန် အရည်အချင်းပြည့်မီလာသောအခါ လယ်ကွင်း၌ သင်နှင့်အတူပါဝင်ရန် ဖိတ်ခေါ်နိုင်သည်။ သင်နှင့်အတူ အမှုဆောင်ဝံ့မည်ဖြစ်ပြီး ထိုအတွေ့အကြုံက ခရစ်ယာန်ဓမ္မအမှု၌ သူ့ဘာဘာပါဝင်နိုင်မည့်အချိန်ရောက်သည်အထိ ယုံကြည်စိတ်ချမှုတိုးပွားလာစေပါလိမ့်မည်။
ယေဟောဝါ၏အဆွေဖြစ်လာစေရန် သင်သားကိုကူညီပေး
၁၄။ သွန်သင်သူတစ်ဦးအဖြစ် သင်၏အဓိကပန်းတိုင်ကား အဘယ်နည်း၊ ထိုပန်းတိုင်ကိုမီရန် အဘယ်အရာကထောက်ကူမည်နည်း။
၁၄ ခရစ်ယာန်သွန်သင်ပေးသူတိုင်း၏ အဓိကပန်းတိုင်မှာ သင်သားကို ယေဟောဝါနှင့် မိတ်ဆွေဖြစ်လာစေရန်ဖြစ်သည်။ ယင်းကို သင်၏အပြောဖြင့်သာမဟုတ်ဘဲ သင့်ပုံသက်သေအားဖြင့်လည်း ဖြစ်စေနိုင်သည်။ ပုံသက်သေအားဖြင့် သွန်သင်ပေးခြင်းသည် သင်သားများ၏နှလုံးကို အလွန်တန်ခိုးပါစွာထိမိစေသည်။ အလုပ်သည် စကားထက်တာသွား၏၊ အထူးသဖြင့် သင်သား၌ အကျင့်ဆိုင်ရာအရည်အသွေးများနှင့် ဇွဲရှိစေခြင်းကိစ္စတွင်ဖြစ်သည်။ သင့်အပြောနှင့် အလုပ်သည် ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးမှ အရင်းခံကြောင်း သူတွေ့ရှိလာပါက မိမိကိုယ်တိုင်လည်း ထိုသို့သောဆက်ဆံရေးရှိစေရန် ကြိုးစားဖို့လှုံ့ဆော်ခံရပေလိမ့်မည်။
၁၅။ (က) သင်သားသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် တော်မှန်သောသဘောထားရှိဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဝိညာဉ်ရေးတွင် ဆက်တိုးတက်နေစေဖို့ သင်သားကို သင်မည်သို့ကူညီပေးနိုင်သနည်း။
၁၅ သင်သားကို အာမဂေဒုန်တွင် ဖျက်ဆီးမခံရစေလို၍မဟုတ်ဘဲ ယေဟောဝါအားချစ်မြတ်နိုးသဖြင့် ဝတ်ပြုကိုးကွယ်စေလိုသည်။ ယင်းကဲ့သို့သော စစ်မှန်သည့်သဘောထားကို ပေါ်ထွက်စေခြင်းဖြင့် သူ၏ယုံကြည်ခြင်းစမ်းသပ်မှုများကို မီးခံပစ္စည်းများနှင့်ကျော်လွှားစေရန် သင်တည်ဆောက်ပေးနေခြင်းဖြစ်သည်။ (၁ ကောရိန္သု ၃:၁၀-၁၅) သင့်အား သို့မဟုတ် အခြားသူတစ်ဦးအား အတုယူလိုစိတ်ရှိခြင်းကဲ့သို့သော မှားယွင်းသည့်သဘောထားက ခရစ်ယာန်မဆန်သောလွှမ်းမိုးမှုများကိုတွန်းလှန်ရန် သို့မဟုတ် မှန်ကန်ရာကို လုပ်ကိုင်ဖို့ရဲရင့်ရန် ခွန်အားရှိစေလိမ့်မည်မဟုတ်ချေ။ သင်သည် သူ၏သွန်သင်သူ အမြဲဖြစ်နေမည်မဟုတ်ကြောင်း သတိရပါ။ ဤအခွင့်အရေးရရှိစဉ် ဘုရားသခင့်စကားတော်ကို နေ့စဉ်ဖတ်ရှုသုံးသပ်ခြင်းဖြင့် ယေဟောဝါနှင့် သာ၍ရင်းနှီးလာစေရန် သူ့ကိုအားပေးနိုင်ပါသည်။ ဤနည်းဖြင့် သူသည် သင်နှင့်လေ့လာမှုပြီးဆုံးသည့်နောက်လည်း သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေခံစာပေများမှ “စင်ကြယ်သောတရားစကားအချုပ်အခြာ” ကို ဆက်လက်ခံယူနေပေလိမ့်မည်။—၂ တိမောသေ ၁:၁၃။
၁၆။ နှလုံးပါပါဆုတောင်းရန် သင်သားကို သင်မည်သို့သွန်သင်ပေးနိုင်သနည်း။
၁၆ သင်သားကိုနှလုံးထဲမှနေ၍ ဆုတောင်းရန် သွန်သင်ပေးခြင်းဖြင့်လည်း ယေဟောဝါနှင့်ပိုရင်းနှီးမှုရှိလာစေနိုင်သည်။ ယင်းကို သင်မည်သို့ပြုလုပ်နိုင်မည်နည်း။ သူ့အား ယေရှု၏စံပြဆုတောင်းချက်အပြင် သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသည့် ဆာလံကျမ်း၌ကဲ့သို့သော လှိုက်လှိုက်လှဲလှဲရှိဆုတောင်းချက်များစွာတို့ကို သင်ညွှန်ပြပေးနိုင်ပေသည်။ (ဆာလံ ၁၇၊ ၈၆၊ ၁၄၃; မဿဲ ၆:၉၊ ၁၀) ထို့အပြင် သင်အံမှုအဖွင့်အပိတ်၌ သင့်ဆုတောင်းချက်များကို သင်သားကြားရသောအခါ ယေဟောဝါအပေါ် သင့်စိတ်ထားကို သူသိရှိလာပါလိမ့်မည်။ သို့ဖြစ်၍ သင့်ဆုတောင်းချက်များသည် စိတ်ရင်းမှန်၍ ပွင့်လင်းမှုရှိကာ ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဘက် မျှတမှုရှိကြောင်း အမြဲပင်ထင်ဟပ်နေသင့်သည်။
သင့်ရင်သွေးများကိုကယ်တင်ရန် လုပ်ဆောင်ခြင်း
၁၇။ ကယ်တင်ခြင်းလမ်းပေါ်၌ရှိနေစေရန် မိမိတို့၏ရင်သွေးကို မိဘများ မည်သို့ကူညီပေးနိုင်သနည်း။
၁၇ ကျွန်ုပ်တို့ကယ်တင်လိုသူတို့တွင် ကျွန်ုပ်တို့မိသားစုလည်း အမှန်ပင်ပါဝင်သည်။ ခရစ်ယာန်မိဘများ၏ သားသမီးများစွာသည် စိတ်ရင်းမှန်၍ “ယုံကြည်ခြင်း၌တည်” နေကြသည်။ သို့သော် အခြားသူတို့မှာမူ သူတို့၏နှလုံးထဲတွင် အမှန်တရားသည် နက်ရှိုင်းစွာအမြစ်မစွဲချေ။ (၁ ပေတရု ၅:၉; ဧဖက် ၃:၁၇; ကောလောသဲ ၂:၇) ဤလူငယ်များစွာသည် အရွယ်ရောက်လာသောအခါ ခရစ်ယာန်လမ်းစဉ်ကို စွန့်သွားကြ၏။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ထိုသို့မဖြစ်သွားစေဖို့ အဘယ်အရာပြုလုပ်နိုင်မည်နည်း။ ဦးဆုံးအနေနှင့်၊ အကျိုးဖြစ်ထွန်းစေသော မိသားစုအသိုင်းအဝိုင်းကို သင်ဖန်တီးပေးနိုင်သည်။ ကောင်းသောမိသားစုဘဝသည် အခွင့်အာဏာအပေါ် တော်မှန်စွာရှုမြင်ခြင်း၊ လျောက်ပတ်သောတန်ဖိုးထားရာများကို လေးမြတ်စိတ်နှင့် အခြားသူတို့နှင့်ဆက်ဆံရေးကောင်းခြင်းတို့အတွက် အုတ်မြစ်ချပေးသည်။ (ဟေဗြဲ ၁၂:၉) သို့ဖြစ်၍ မိသားစုအတွင်း ရင်းနှီးသောနှောင်ကြိုးများက ကလေးတစ်ဦးအား ယေဟောဝါနှင့်ရင်းနှီးကျွမ်းဝင်မှု တိုးလာစေရန် ပျိုးထောင်ပေးနိုင်သည်။ (ဆာလံ ၂၂:၁၀) ခိုင်ခံ့မြဲမြံသောမိသားစုများတွင် မိဘများအနေဖြင့် ကိုယ်ကျိုးအတွက် အသုံးပြုနိုင်သောအချိန်ကိုလက်လွှတ်ရလျှင်ပင် ယူနစ်တစ်ခုအဖြစ် အရာရာကိုအတူတကွလုပ်ဆောင်ကြသည်။ ဤနည်းဖြင့် သင့်ရင်သွေးကို သင်၏ပုံသက်သေအားဖြင့် ဘဝတွင်မှန်ကန်သောဆုံးဖြတ်ချက်များချတတ်ရန် သွန်သင်ပေးနိုင်သည်။ အသင်မိဘများ သင်တို့ထံမှ သင့်သားသမီးများ အလိုအပ်ဆုံးအရာမှာ ပစ္စည်းဥစ္စာများမဟုတ်ဘဲ အသင်ကိုယ်နှိုက်—သင့်အချိန်၊ ခွန်အားနှင့် မေတ္တာဖြစ်သည်။ ဤအရာများကို သင့်ရင်သွေးအား ပေးကမ်းနေပါသလော။
၁၈။ အဘယ်မေးခွန်းမျိုးကို သားသမီးများဖြေရှင်းနိုင်ရန် မိဘများကူညီပေးရမည်နည်း။
၁၈ ခရစ်ယာန်မိဘများအနေနှင့် မိမိတို့သားသမီးများလည်း အလို
အလျောက်ခရစ်ယာန်များဖြစ်လာကြလိမ့်မည်ဟု ဘယ်သောအခါမျှမယူမှတ်ရပါ။ အကြီးအကဲတစ်ဦးဖြစ်သော သားသမီးငါးယောက်၏ဖခင် ဒဲနီယယ်လ်က ဤသို့ပြောသည်– “ကျောင်းနဲ့ အခြားနေရာတွေကနေ ကလေးတွေ ရှိကိုရှိလာနိုင်တဲ့ သံသယတွေကို ပျောက်သွားစေဖို့ မိဘတွေက အချိန်ပေးပြီးကူညီရမယ်။ ‘ကျွန်တော်တို့ တကယ်ပဲ နောက်ဆုံးကာလမှာ အသက်ရှင်နေကြတာလား။ စစ်မှန်တဲ့ဘာသာ တကယ်ပဲတစ်ခုတည်းရှိတာလား။ ကောင်းပုံရှိတဲ့ ကျောင်းနေဖက်တစ်ယောက်ဟာ ဘာကြောင့်အပေါင်းအသင်းကောင်းမဟုတ်တာလဲ။ လက်မထပ်ခင် သံဝါသပြုတာ မှားသလား’ ဆိုတဲ့မေးခွန်းတွေရဲ့အဖြေရဖို့ ကလေးတွေကို စိတ်ရှည်ရှည်နဲ့ကူညီပေးရမယ်။” မိဘတို့ ယေဟောဝါသည်လည်း သင့်သားသမီးများ၏ကောင်းစားရေးကို စိတ်ဝင်စားလျက်ရှိသောကြောင့် သင့်ကြိုးစားအားထုတ်မှုများကို ကောင်းချီးပေးမည်ဟုစိတ်ချနိုင်သည်။၁၉။ မိဘများကိုယ်တိုင် မိမိတို့၏ရင်သွေးနှင့် ကျမ်းစာလေ့လာခြင်းသည် အဘယ်ကြောင့်အကောင်းဆုံးဖြစ်သနည်း။
၁၉ မိဘအချို့သည် မိမိတို့၏ရင်သွေးနှင့် သင်အံမှုမပြုလုပ်နိုင်ကြဟု ခံစားကြရပေမည်။ သို့သော် သင့်ရင်သွေးကို သွန်သင်ပေးရန် သင့်ထက်သာ၍ကောင်းသူ မရှိနိုင်သောကြောင့် ဤသို့ခံစားမိစရာမလိုချေ။ (ဧဖက် ၆:၄) သင့်ရင်သွေးနှင့် သင်ကိုယ်တိုင်သင်အံမှုပြုလုပ်ခြင်းဖြင့် သူတို့၏စိတ်နှလုံးထဲတွင် အဘယ်အရာရှိကြောင်းကို တိုက်ရိုက်သိရှိရလိမ့်မည်။ သူတို့ပြောသောစကားများသည် စိတ်ပါလက်ပါဖြစ်သလော၊ သို့မဟုတ် ဝတ်ကျေတမ်းကျေမျှဖြစ်သလော။ သူတို့သင်အံလေ့လာနေသည့်အရာများကို အမှန်ပင်ယုံကြည်ကြပါသလော။ ယေဟောဝါသည် သူတို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ပါသလော။ သင်ကိုယ်တိုင် သင့်ကလေးများနှင့် ကျမ်းစာလေ့လာမှသာ ဤမေးခွန်းများနှင့် အခြားအရေးပါသောမေးခွန်းများ၏အဖြေများကို ရနိုင်မည်။—၂ တိမောသေ ၁:၅။
၂၀။ မိသားစုသင်အံမှုကို ပျော်ရွှင်စရာနှင့် အကျိုးရှိသောအရာဖြစ်စေရန် မိဘများ မည်သို့ပြုလုပ်နိုင်သနည်း။
၂၀ သင်၏မိသားစုသင်အံမှုအစီအစဉ်ကို စတင်ခဲ့ပြီဆိုလျှင် မည်သို့ဆက်ပြုလုပ်နိုင်မည်နည်း။ အကြီးအကဲတစ်ဦးဖြစ်သည့် သားငယ်၊ သမီးငယ်ရှိသောဖခင် ဂျိုးဇက်က ဤသို့ပြောသည်– “အခြားကျမ်းစာသင်အံမှုတွေလိုပဲ မိသားစုလေ့လာမှုဟာ ပျော်ရွှင်စရာဖြစ်သင့်ပြီး အားလုံးမျှော်လင့်နေတာဖြစ်သင့်တယ်။ ကျွန်တော်တို့မိသားစုမှာ အဲ့ဒီလိုဖြစ်စေဖို့ အချိန်နဲ့ပတ်သက်ပြီး သိပ်တင်းကျပ်လို့မဖြစ်ဘူး။ ကျွန်တော်တို့ရဲ့သင်အံမှုဟာ တစ်နာရီကြာတဲ့အခါရှိသလို အခြေအနေအရ တစ်ခါတလေဆယ်မိနစ်ပဲကြာပေမဲ့ ကျွန်တော်တို့လေ့လာမှုပြုလုပ်ကြတယ်။ ကျွန်တော်တို့ရဲ့သင်အံမှုဟာ ကလေးတွေအတွက် တစ်ပတ်အတွင်းမှာ ထူးခြားတဲ့ရက်ဖြစ်စေတာတစ်ခုကတော့ ကျွန်ုပ်တို့၏ကျမ်းစာပုံပြင်စာအုပ်ထဲက ဖြစ်အင်တွေကို သရုပ်ဆောင်ပြကြခြင်းပါပဲ။ * သူတို့ဘယ်လောက်စွဲမှတ်နိုင်ပြီး နားလည်ကြတယ်ဆိုတာက အပိုဒ်ဘယ်နှစ်ပိုဒ်လေ့လာပြီးသွားတာထက် ပိုအရေးကြီးပါတယ်။”
၂၁။ မိဘများသည် မိမိတို့၏ရင်သွေးကို အဘယ်အချိန်တွင် သင်ကြားပေးနိုင်ကြသနည်း။
၂၁ သင့်ရင်သွေးကို သွန်သင်ပေးခြင်းသည် ပြုလုပ်နေကျသင်အံမှုအချိန်များနှင့်သာ ကန့်သတ်ထားခြင်းမဟုတ်ပေ။ (တရားဟောရာ ၆:၅-၇) အစတွင်ဖော်ပြထားသော ထိုင်းနိုင်ငံမှ သက်သေခံက ဤသို့ပြောပြခဲ့သည်– “ကျွန်တော်တို့အသင်းတော်ရပ်ကွက်ရဲ့ ဝေးလံတဲ့နေရာတွေဆီကို စက်ဘီးတွေစီးပြီး အဖေနဲ့သွားခဲ့တာကိုမှတ်မိသေးတယ်။ ကျွန်တော်တို့မိဘတွေရဲ့ ပုံသက်သေကောင်းနဲ့ အခြေအနေအားလုံးမှာ သူတို့ရဲ့သွန်သင်ပို့ချမှုက ကျွန်တော်တို့ကို အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်မှာပါဝင်ဖို့ ဆုံးဖြတ်စေခဲ့တာ သေချာတယ်။ ဒီအပြင် သူတို့သင်ပေးခဲ့တာတွေ စွဲမြဲနေတုန်းပဲ။ အခုထိ ကျွန်တော် လယ်ကွင်းအစွန်အဖျားတွေမှာ အမှုတော်ဆောင်နေတုန်းပဲ!”
၂၂။ ‘သင်ကိုယ်နှိုက်နှင့် သင့်ဆုံးမစကားကိုသတိပြုခြင်း’ မှ အဘယ်အကျိုးရရှိမည်နည်း။
၂၂ မကြာမီနေ့တစ်နေ့ အခန့်သင့်အချိန်တိုင်လျှင် ဤအစီအစဉ်စနစ်ကို ယေဟောဝါတရားစီရင်ရန် ယေရှုကြွလာလိမ့်မည်။ ထိုအခါ ကြီးမြတ်သောယင်းအခါသမယသည် တစ်လောကလုံး၏သမိုင်းဝင်ဖြစ်သွားမည်၊ သို့သော် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ထာဝရကယ်တင်ခြင်းကိုရှုမျှော်ကာ ကိုယ်တော့်အမှုကိုဆက်လက်ဆောင်ရွက်သွားကြပေလိမ့်မည်။ ဤသူတို့တွင် သင်သည် သင့်ကလေးများ၊ သင့်ကျမ်းစာသင်သားများနှင့်အတူ ပါဝင်ရန် မျှော်လင့်ပါသလော။ သို့ဖြစ်လျှင် ဤစကားကို သတိရပါ– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမ [စကား] ကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိမောသေ ၄:၁၆။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 20 မြန်မာနိုင်ငံ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
သင်ရှင်းပြနိုင်သလော
• ဘုရားသခင်၏တရားစီရင်ချိန်ကိုအတိအကျမသိခြင်းကြောင့် ကျွန်ုပ်တို့၏သဘောထားကား မည်သို့ဖြစ်သင့်သနည်း။
• အဘယ်နည်းဖြင့် ‘ကျွန်ုပ်တို့၏ဆုံးမခြင်းကို သတိပြု’ နိုင်မည်နည်း။
• သင်သားတစ်ဦးကို ယေဟောဝါ၏မိတ်ဆွေဖြစ်လာစေရန် သင်မည်သို့ကူညီနိုင်သနည်း။
• မိဘများသည် မိမိတို့၏ရင်သွေးကို သွန်သင်ပေးရန် အချိန်ယူဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါပုံစာ]
လေးစားမှုရှိကာ ရင်းနှီးဖော်ရွေသောအခြေအနေမျိုးက သင်ယူခြင်းကိုလွယ်ကူစေ
[စာမျက်နှာ ၁၈ ပါပုံစာ]
ပြည့်တန်ဆာနှစ်ဦးကို ရှောလမုန်တရားစီရင်ခြင်းအစရှိသော ကျမ်းစာပုံပြင်များကို သရုပ်ဆောင်ပြခြင်းက မိသားစုသင်အံမှုများကို ပျော်ရွှင်စရာဖြစ်စေ