အကြံဉာဏ်ကောင်း အတွက် အဘယ်နေရာသို့ ဦးလှည့်နိုင်သနည်း
အကြံဉာဏ်ကောင်း အတွက် အဘယ်နေရာသို့ ဦးလှည့်နိုင်သနည်း
ယခု “အကြံပေးလုပ်ငန်း” သည်တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်းများစွာဝင်သော စီးပွားတစ်ခုဖြစ်လာလေပြီ။ လူတို့သည် အကူအညီလိုချင်ကြ၏။ “[ယနေ့ လူ့ဘောင်အဖွဲ့အစည်း၌] ပညာရေးနှင့်လူမှုရေး အခြေအနေများသည် အပြည့်အဝမရှိချေ။ ဘာသာရေးအရ မွန်မြတ်ရာများသည်လည်း ယခင်ကကဲ့သို့မဟုတ်တော့ပေ။ မိသားစုများသည် ပြိုကွဲလျက်ရှိနေကြရာ . . . လူတို့သည် အကျပ်ရိုက်နေကြသည်” ဟုစိတ်ရောဂါအထူးကု ဟိုင်ဇ် လေမန်က ဆိုသည်။ “တစ်ချိန်က စိတ်ပိုင်း၊ ဝိညာဉ်ရေးနှင့် ကာယရေးပြဿနာများကိုဖြေရှင်းရန် မိမိတို့လူမျိုးနွယ်စုရှားမန်း၊ ပါစတာ သို့မဟုတ် မိသားစုဆရာဝန်တို့ထံမှ အကူအညီရယူသူများသည် ယခုအခါ ကိုယ်ထူကိုယ်ထလမ်းညွှန်သုတစာပေများတွင် အဖြေရှာဖွေကြသည်” ဟုစာရေးဆရာအဲရစ်ခ် မိုက်ဆဲလ်ကဆိုသည်။
အမေရိကန်စိတ်ပညာအဖွဲ့အစည်းက တစ်ရှိန်ထိုးတက်လာသော ဤလုပ်ငန်းကို စုံစမ်းရန် အဖွဲ့တစ်ဖွဲ့ဖွဲ့ခဲ့သည်။ “မိမိတို့ကိုယ်ကိုနှင့် အခြားသူများကိုပါနားလည်စေရန် လူများကိုကူညီပေးဖို့ များစွာလိုအပ်မှုရှိသော်လည်း . . . ဤအစီအစဉ်များနှင့်ဒွန်တွဲပါလာသည့် ထောက်ခံပြောဆိုချက်များနှင့် ခေါင်းစည်းအမည်များကို ပို၍ချဲ့ကားထားကြပြီး စိတ်လှုပ်ရှားထကြွလာစေရာဖြစ်သည်” ဟုသူတို့က ပြောခဲ့ကြ၏။ တိုရွန်တိုစတား စာရေးဆရာက ဤသို့ဆိုသည်– “ဘာသာရေးအယောင်ဆောင်များကို သတိပြုပါ။ . . . အထူးသဖြင့် ကြိုးစားအားထုတ်မှု၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုပဲ့ပြင်မှုမရှိသလောက်ဖြင့် တိုတောင်းလွန်းသည့်အချိန်အတွင်း အကျိုးအမြတ်လွန်ကဲစွာကမ်းလှမ်းထားသော ကိုယ်ထူကိုယ်ထလမ်းညွှန်စာပေများ၊ တိပ်ခွေများ သို့မဟုတ် သင်တန်းကျောင်းများ အားလုံးကို သတိပြုပါ။” မှန်ပါသည်၊ အကူအညီလိုအပ်သူများကို ထောက်ပံ့ရန် ရှာကြံနေသူများစွာရှိ၏။ သို့သော် ဝမ်းနည်းစရာမှာ မသမာသူများစွာတို့သည် စစ်မှန်သောအကူအညီ သို့မဟုတ် ဖြေရှင်းချက်များမပေးဘဲ လူတို့၏အထီးကျန်စိတ်နှင့် ဆင်းရဲခြင်းများကို အမြတ်ထုတ်နေကြခြင်းဖြစ်သည်။
ယင်းကြောင့် ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည့် အဓိကအကူအညီရင်းမြစ်ကား အဘယ်နည်း။ တစ်သမတ်တည်းတာသွားမည့် လက်တွေ့ကျအကြံဉာဏ်ကို အဘယ်နေရာတွင် တွေ့နိုင်မည်နည်း။
မမှားယွင်းသော လမ်းညွှန်ရင်းမြစ်
၁၉ ရာစု အမေရိကန်တရားဟောဆရာ ဟင်နရီဝေါ့ဒ်ဘီချာက ဤသို့ဆိုခဲ့သည်– “သမ္မာကျမ်းစာသည် သင့်အား ဆိပ်ကမ်းသို့ ကျောက်ဆောင်များ သို့မဟုတ် သောင်များ၊ အတားအဆီးများကိုမတိုက်မိစေဘဲ ပျက်စီးခြင်းမရောက်စေရန် လိုက်လျှောက်ရမည့်ဘုရားသခင်၏မြေပုံဖြစ်သည်။” နောက်တစ်ဦးက ကျမ်းစာနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “မည်သူမျှကျမ်းစာမလိုတော့သည့်အချိန်ဟူ၍မရှိပါ; ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ ထိုစာအုပ်သည် ပိုမိုကျယ်ပြန့်လေးနက်လာသည်။” ဤရင်းမြစ်ကို အဘယ်ကြောင့် အလေးအနက်စဉ်းစားဆင်ခြင်သင့်သနည်း။
သမ္မာကျမ်းစာကိုယ်နှိုက်က ဤသို့ထောက်ခံပြောဆိုသည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ [ဆုံးမ] ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာပါ အကြောင်းအရာများသည် အသက်၏ပင်ရင်းအမြစ် ယေဟောဝါဘုရားသခင်ထံမှ အရင်းခံသည်။ (ဆာလံ ၃၆:၉) အသက်၏ပင်ရင်းအမြစ်အနေနှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏တည်ဆောက်ပုံကို အတွင်းကျကျသိထား သောကြောင့် ဆာလံ ၁၀၃:၁၄ ကကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” ထို့ကြောင့် သမ္မာကျမ်းစာ၏အဖိုးတန်မှုကို ကျွန်ုပ်တို့အပြည့်အဝယုံကြည်စိတ်ချနိုင်ကြပါသည်။
အမှန်ဆိုရလျှင် သင်တွေ့ကြုံနိုင်သော မည်သည့်အခြေအနေမျိုး၌မဆို အကျိုးရှိရှိကျင့်သုံးနိုင်သည့် မူများနှင့်လမ်းညွှန်ချက်များ သမ္မာကျမ်းစာတွင် မြောက်မြားစွာပါရှိသည်။ ၎င်းအားဖြင့် ဘုရားသခင်က “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဟုကျွန်ုပ်တို့ကိုပြောဆိုသည်။ (ဟေရှာယ ၃၀:၂၁) သမ္မာကျမ်းစာသည် ယနေ့ တစ်ဦးချင်းစီ၏လိုအပ်ရာများကို အမှန်ပင်ဖြည့်ဆည်းပေးနိုင်ပါသလော။ ကြည့်ကြပါစို့။
သမ္မာကျမ်းစာသည် ကျွန်ုပ်တို့လိုအပ်ရာများကို ဖြည့်ဆည်းပေး . . .
စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဆိုသည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းခြင်းသည် စီးပွားရေးကျပ်တည်းမှု၊ လိင်ဆိုင်ရာမတော်မတရားပြုခံရမှု၊ မတော်မလျော်ပြောဆိုခံရမှု၊ သို့မဟုတ် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်းနှင့်ဆက်နွှယ်သည့် စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ ထိရောက်ခဲ့သလော။ အောက်ပါတွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။
ဂျက်ကီသည် သူ၏သမီး လိင်ဆိုင်ရာမတော်မတရားပြုခံရသည်ကို သိရပြီးနောက် ဤသို့ဝန်ခံသည်– “ကိုယ့်ကလေးကို မကာကွယ်ပေးနိုင်တဲ့အတွက် ကိုယ့်မှာအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ဟာ ရှင်းမပြနိုင်အောင်ခံရခက်တယ်။ နာကြည်းမှု၊ မကျေနပ်မှု၊ ဒေါသစိတ်တွေကို ကျွန်မတိုက်ထုတ်ခဲ့ရတယ်။ အဲဒီခံစားချက်တွေဟာ ကျွန်မဘဝကို စပြီးဖျက်ဆီးနေခဲ့တယ်။ ကျွန်မရဲ့နှလုံးကို စောင့်ရှောက်ပေးဖို့ ယေဟောဝါရဲ့အကူအညီ အရမ်းလိုအပ်ခဲ့တယ်။” သူသည် ဖိလိပ္ပိ ၄:၆၊ ၇ ကိုအခေါက်ခေါက်ပြန်ဖတ်ပြီးနောက် ၎င်း၏ဆုံးမစကားကို ကြိုးစားလိုက်လျှောက်ခဲ့သည်။ “အပျက်သဘောထားတွေနဲ့ ကိုယ့်ကိုယ်ကိုမဖျက်ဆီးမိဖို့ နေ့တိုင်း ထပ်ခါတလဲလဲ ဆုတောင်းခဲ့တဲ့အတွက် ငြိမ်သက်ပျော်ရွှင်တဲ့နှလုံးရရှိအောင် ကျွန်မကို ယေဟောဝါကူညီပေးခဲ့ပြီ။ စိတ်ငြိမ်သက်မှု တကယ်ပဲခံစားရပါတယ်” ဟုဂျက်ကီပြောပြသည်။
သင်သည်လည်း ထိန်းချုပ်၍မရသော၊ သို့မဟုတ် ဖြေရှင်း၍မရသော အခြေအနေမျိုးတွင်ရောက်နေပြီး ၎င်းနှင့်အတူ စိတ်သောကရောက်နေပေမည်။ ဆုတောင်းရန် သမ္မာကျမ်းစာဆုံးမစကားကို လိုက်လျှောက်ခြင်းဖြင့် သင်သည် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။ ဆာလံဆရာက ဤစကားများဖြင့် ကျွန်ုပ်တို့ကို အားပေးသည်– “ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။”—ဆာလံ ၃၇:၅။
အားပေးမှုအတွက်။ ဆာလံဆရာသည် ကျေးဇူးတင်လေးမြတ်မှုကို ဤသို့ဖော်ပြခဲ့သည်– “အိုထာဝရဘုရား၊ စံတော်မူရာဗိမာန်ကိုလည်းကောင်း၊ ဘုန်းတော်ကိန်းဝပ်ရာဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။ ငါသည် ညီညာသောအရပ်၌ ခြေမြဲလျက်၊ ပရိသတ်တို့အလယ်တွင် ထာဝရဘုရားသခင်ကို ဩဘာပြုမည်။” (ဆာလံ ၂၆:၈၊ ၁၂၊ သမ) ယေဟောဝါအားဝတ်ပြုကိုးကွယ်ရန် အတူတကွမှန်မှန်စည်းဝေးဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုအားပေးထားသည်။ ဤပေါင်းသင်းဆက်ဆံမှုက သင်၏လိုအပ်ရာများကို မည်သို့ဖြည့်ဆည်းပေးနိုင်မည်နည်း။ အခြားသူများသည် အဘယ်အရာကို တွေ့ရှိခဲ့ပြီနည်း။
“ကျွန်မရဲ့မိဘတွေက ယေဟောဝါကို မကိုးကွယ်ကြလေတော့ ဘုရားသခင့်အမှုတော်ကို ကျွန်မကြိုးစားဆောင်ရွက်တဲ့အခါ အတိုက်အခံလုပ်ကြတယ်။ စည်းဝေးတွေတက်ဖို့ ကျွန်မအကြီးအကျယ်ကြိုးစားရတယ်” ဟုဘက်ခီကပြောပြသည်။ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် ကြိုးစားအားထုတ်ခဲ့သောကြောင့် ဘက်ခီသည် ကောင်းချီးများစွာရရှိသည်ဟုခံစားရ၏။ “စည်းဝေးတွေက ကျွန်မရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေတဲ့အတွက် ကျောင်းသူအနေနဲ့၊ သမီးအနေနဲ့၊ ယေဟောဝါရဲ့ကျေးကျွန်အနေနဲ့ပါ နေ့စဉ်ရက်ဆက်ကြုံတွေ့ရတဲ့ ဖိစီးမှုတွေကို ကျွန်မကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမက လူတွေဟာ ကျောင်းကလူတွေနဲ့ အရမ်းကွာခြားကြတယ်! သူတို့ဟာ ဂရုစိုက်ပြီးကူညီပေးတယ်၊ သူတို့နဲ့စကားစမြည်ပြောဆိုရတာဟာ အမြဲတမ်းအားပေးမှုဖြစ်စေတယ်။ သူတို့ဟာ မိတ်ဆွေစစ်တွေပဲ။”
မှန်ပါသည်၊ အတူတကွမှန်မှန်စည်းဝေးရန် သမ္မာကျမ်းစာ၏ညွှန်ကြားချက်ကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့လိုအပ်သည့်အားပေးမှုကို ယေဟောဝါအားဖြည့်ဆည်းစေနိုင်သည်။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” ဟူသော ဆာလံဆရာ၏စကားများမှန်ကန်ကြောင်းကို ဤနေရာတွင် ကျွန်ုပ်တို့ကြုံတွေ့ရမည်။—ဆာလံ ၄၆:၁။
ကျေနပ်ဖွယ်ဖြစ်ပြီး အကျိုးနပ်သော အလုပ်အတွက်။ “သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်၁ ကောရိန္သု ၁၅:၅၈) “သခင်ဘုရား၏အမှုတော်” သည်အမှန်ပင်ကျေနပ်ဖွယ်ဖြစ်သလော။ ခရစ်ယာန်ဓမ္မအမှုသည် အကျိုးရှိသောအမှုတစ်ခုခုကို ဖြစ်မြောက်စေသလော။
ကြလော့” ဟူ၍ သမ္မာကျမ်းစာကထောက်ခံ၏။ (အာမီလ်ယာသည် မည်သို့ခံစားရသည်ကို ဤသို့ဖော်ပြသည်– “ကွဲလုနီးပါးဖြစ်နေကြတဲ့ ဇနီးမောင်နှံနဲ့ ကျွန်မကျမ်းစာသင်အံမှုပြုလုပ်ခဲ့တယ်။ ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့သမီးရှင် အမျိုးသမီးတစ်ဦးကိုလည်း ကျွန်မကူညီပေးခဲ့ရတယ်။ ဒီအမျိုးသမီးက သေလွန်သူရဲ့မရေရာတဲ့အခြေအနေကြောင့် စိတ်သောကရောက်နေရှာတယ်။ အဲဒီအဖြစ်အပျက်နှစ်ခုလုံးမှာ ကျမ်းစာမူတွေကို လိုက်လျှောက်ခြင်းက သူတို့ရဲ့ဘဝကို ငြိမ်သက်စေပြီးမျှော်လင့်ချက်ရှိစေခဲ့တယ်။ သူတို့ကို တစ်စိတ်တစ်ပိုင်းကူညီပေးခွင့်ရခဲ့တဲ့အတွက် ကျွန်မ အရမ်းကိုပျော်ရွှင်ပြီး ကျေနပ်မှုခံစားရပါတယ်။” စကော့တ်က ဤသို့ပြောပြသည်– “တကယ်လို့ လယ်ကွင်းဓမ္မအမှုမှာ သင်ဟာ တွေ့ကြုံမှုကောင်းရခဲ့မယ်၊ ကျမ်းစာသင်အံမှုစခဲ့မယ်၊ ဒါမှမဟုတ် အလွတ်သဘောသက်သေခံလို့ အောင်မြင်မှုရခဲ့မယ်ဆိုရင် အဲဒီအကြောင်းကို သင်ဟာ နှစ်နဲ့ချီပြောပြနေလိမ့်မယ်။ အဲဒီအကြောင်းတွေကို ပြန်ပြောပြတဲ့အခါတိုင်း အရင်ကလိုပဲခံစားရပြီး စိတ်လှုပ်ရှားရတယ်! ခရစ်ယာန်ဓမ္မအမှုကနေပဲ အကြီးမားဆုံးနဲ့တည်မြဲတဲ့ပျော်ရွှင်မှုကို ရရှိနိုင်တာ။”
တက်ကြွလှုပ်ရှားသော အမှုဆောင်များဖြစ်လာရန် ကျမ်းစာ၏ညွှန်ကြားချက်ကို လိုက်လျှောက်ခြင်းက ဤသူတို့လိုအပ်နေသော ကျေနပ်ဖွယ်အကျိုးနပ်သောအလုပ်ကို ရရှိစေခဲ့ကြောင်း ထင်ရှားပါသည်။ ဘုရားသခင့်လမ်းစဉ်များနှင့်မူများကို အခြားသူများအား သွန်သင်ပေးစဉ်ပင် သင်ကိုယ်တိုင် အကျိုးခံစားရမည့်ဤလုပ်ငန်းတွင်ပါဝင်ရန် သင့်အားဖိတ်ခေါ်ပါသည်။—ဟေရှာယ ၄၈:၁၇; မဿဲ ၂၈:၁၉၊ ၂၀။
ဘုရားသခင့်စကားတော်မှ အကျိုးရရှိခြင်း
မျက်မှောက်လောကတွင် သမ္မာကျမ်းစာသည် တာသွားသော ညွှန်ကြားချက်များပေးသည့် ယုံကြည်စိတ်ချရသော ရင်းမြစ်ဖြစ်သည်မှာ သေချာပါသည်။ ကျွန်ုပ်တို့သည် ၎င်းမှအကျိုးရရှိရန် တစ်သမတ်တည်းကြိုးစားအားထုတ်ဖို့လို၏။ ကျမ်းစာကို မှန်မှန်ဖတ်ရှုရမည်၊ လေ့လာရမည်၊ ဆင်ခြင်တွေးတောရမည်ဖြစ်သည်။ “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ၊ ဤအရာများကို စိတ်စွဲလမ်း၍ကြိုးစားအားထုတ်လော့” ဟူ၍ ပေါလုသတိပေးခဲ့သည်။ (၁ တိမောသေ ၄:၁၅; တရားဟောရာ ၁၁:၁၈-၂၁) သမ္မာကျမ်းစာတွင် ပါသည့်အတိုင်း ဘုရားသခင်၏ဆုံးမစကားကို သင်ကြိုးစားလိုက်လျှောက်မည်ဆိုလျှင် အောင်မြင်လိမ့်မည်ဟု ကိုယ်တော်အာမခံတော်မူသည်။ ကိုယ်တော်က ဤသို့ကတိပြုသည်– “ထာဝရဘုရားကို . . . ကိုးစားလော့။ . . . သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—သု. ၃:၅၊ ၆။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာဆုံးမစကားကို လိုက်လျှောက်ခြင်းသည် ဘဝကိုရောင့်ရဲကျေနပ်မှုရှိစေ