မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂိလဒ်၏ ၁၀၈ ကြိမ်မြောက် သင်တန်းသားများ မြင့်မြတ်သော လုပ်ငန်းတော်ပေးဆက်ရန် တိုက်တွန်းခံရ

ဂိလဒ်၏ ၁၀၈ ကြိမ်မြောက် သင်တန်းသားများ မြင့်မြတ်သော လုပ်ငန်းတော်ပေးဆက်ရန် တိုက်တွန်းခံရ

ဂိလဒ်​၏ ၁၀၈ ကြိမ်​မြောက် သင်တန်းသား​များ မြင့်မြတ်​သော လုပ်ငန်းတော်​ပေးဆက်​ရန် တိုက်တွန်း​ခံရ

သမ္မာကျမ်းစာ​၌ ဘုရားသခင်​အား​ဝတ်ပြုခြင်း​ကို ‘မြင့်မြတ်​သော​လုပ်ငန်းတော်’ ဟူသော​အသုံးအနှုန်း​ဖြင့် ရည်ညွှန်းလေ့​ရှိ၏။ ယင်းက ဘုရားသခင်​၏​အမှုတော်​ဆောင်ခြင်း​ကို ရည်ညွှန်း​သည့် ဂရိ​စကားလုံး​တစ်လုံး​မှ ဆင်းသက်လာ​သည်။ (ရောမ ၉:၄) ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​၏ ၁၀၈ ကြိမ်​မြောက် သင်တန်းဆင်း​ပွဲ​အစီအစဉ် ကြားနာ​ခဲ့​ကြ​သူ ၅,၅၆၂ ဦး​သည် ယေဟောဝါ​ဘုရားသခင်​နှစ်သက်​လက်ခံ​နိုင်​မည့် မြင့်မြတ်​သော​လုပ်ငန်းတော်​ကို သင်တန်းဆင်း​များ ထမ်းဆောင်​နိုင်​ကြ​ရန် သူတို့​အတွက် အကူအညီ​ဖြစ်စေ​မည့် လက်တွေ့ကျ​ဆုံးမ​စကား​များ​အား ဟောပြောသူ​တို့​ပေး​ခဲ့​ခြင်း​ကို ကြားနာ​ခဲ့​ကြ​ရ၏။ *

ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ်​ဂျဲရက်စ်​က သဘာပတိ​အဖြစ် တာဝန်​ထမ်းဆောင်​ခဲ့​၏။ အစီအစဉ်ကို သီချင်း​နံပါတ် ၅၂၊ “တို့​ဖခင်​နာမတော်” နှင့်​ဖွင့်လှစ်​ခဲ့​သည်။ ထို​သီချင်း​၏ ဒုတိယ​အပိုဒ်​က ဤသို့– “ချီးမြှောက်​ဖို့​ရာ​နည်း​များ​ရှာကြံ ပြိုင်ဘက်​မရှိ မြတ်​နာမ။” ၎င်း​သည် (နိုင်ငံ​ပေါင်း ၁၀ နိုင်ငံ​မှ​ဖြစ်သော) သင်တန်းဆင်း​များ​၏ ခရစ်ယာန်​သာသနာပြု တာဝန်ကျ​ရာ​နေရာများ​ဖြစ်သည့် ၁၇ နိုင်ငံ​၌ သူတို့အား​လေ့​ကျင်​ပေး​ခံရ​မှု​ကို အသုံးပြုရန် သူတို့၏​လှိုက်လှဲသော​စိတ်ဆန္ဒ​ကို အမှန်ပင်​ဖော်ပြ​သည်။

သူ၏​နိဒါန်း​တွင် ညီအစ်ကို​ဂျဲရက်စ်​က ကျောင်းသား​များ​ကို နိုင်ငံ​ခြား​လယ်ကွင်းတွင် အမှုဆောင်ရန် သူတို့အား​အသင့်​ဖြစ်စေ​ခဲ့​သော အားသွန်ခွန်စိုက် သမ္မာကျမ်းစာ​လေ့လာ​ခဲ့​သည့် ငါး​လ​တာ​ကာလ​ကို အထူး​အာရုံစိုက်​စေ​ခဲ့​၏။ ယင်းက “ခပ်သိမ်း​သော​အရာ​ကို​စုံစမ်း” စစ်ဆေး​ကြ​ရန် အကူအညီ​ပေး​ခဲ့​၏၊ ဆိုလိုသည်မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​အလင်း​၌ ယခင်​က သူတို့​သိရှိ​ခဲ့​ရာ​ကို နှိုက်နှိုက်​ချွတ်ချွတ် ဆန်းစစ်​ရန်ဖြစ်​ပြီး “ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ” ထား​ကြဖို့​ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၂၁) သူတို့သည် ယေဟောဝါ​အား၊ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် သူတို့​လေ့ကျင့်​ခံ​ခဲ့​ရသည့် တာဝန်​များ​ကို သစ္စာရှိ​ရှိ​စွဲမြဲ​စွာ​ထမ်းရွက်​ကြ​ရန် သူက အားပေးခဲ့​သည်။ ယင်း​တို့အားလုံး​ကို သူတို့​ပြုလုပ်​ကြ​ရာ​တွင် အဘယ်အရာက ကူညီပေး​လိမ့်​မည်​နည်း။

မြင့်မြတ်​သော​လုပ်ငန်းတော်​ထမ်းဆောင်​ရန် လက်တွေ့ကျ​အကြံပေး​ချက်

ဗေသလ​စီမံခန့်ခွဲရေး​ကော်မတီဝင် လော်န်​စ​ကီ​လင်​က “ကျိုးကြောင်း​ညီညွတ်မှု စမ်းသပ်ချက်​ကို သင်​အောင်​မည်​လော” အကြောင်း​ဟောခဲ့​၏။ ဘုရားသခင့်​ဉာဏ်ပညာ​တော်​ကို ထင်ဟပ်​သည့် ကျိုးကြောင်း​ညီညွတ်မှု​ရှိ​ခြင်း​၏​တန်ဖိုး​ကို သူက အလေးပေး​ဖော်ပြ​ခဲ့​သည်။ (ယာကုပ် ၃:၁၇) ကျိုးကြောင်း​ညီညွတ်မှု​တွင် အလျှော့ပေး​လိုက်လျော​ခြင်း၊ ဘက်မလိုက်​ခြင်း၊ ချင့်ချိန်မှု​ရှိ​ခြင်း၊ ညှာတာ​ခြင်း​နှင့် သည်းခံခြင်း​တို့​ပါဝင်​သည်။ “ကျိုးကြောင်း​ညီညွတ်မှု​ရှိသူတို့​သည် အခြားသူ​တို့​နှင့်​ဆက်ဆံ​ရာ​၌ မျှတမှု​ရှိ၏။ သူတို့သည် အစွန်း​မ​ရောက်​ချေ” ဟု​ညီအစ်ကို​စ​ကီ​လင်​က ပြော​သည်။ ခရစ်ယာန်​သာသနာပြု​တစ်ဦး​အား ကျိုးကြောင်း​ညီညွတ်မှု​ရှိစေ​ခြင်း​ငှာ အဘယ်အရာက​ကူညီပေး​နိုင်​သနည်း။ မိမိကိုယ်ကို တော်ရုံ​သင့်​ရုံ​ရှုမြင်​တတ်​ခြင်း၊ အခြား​သူတို့ကို နားထောင်​ပေးခြင်း​အပြင် သင်ယူခြင်း​အခွင့်အရေး​များ​ကို ရှာယူ​ခြင်း​နှင့် ဘုရားသခင်​ရေးရာ​မူများ​ကို မလျှော့ပေါ့​လိုက်​ဘဲ အခြား​သူတို့၏​ရှုမြင်ပုံ​တို့ကို ထည့်သွင်း​စဉ်းစား​ပေးဖို့ တလိုတလား​ရှိ​ခြင်း​တို့​ဖြစ်သည်။—၁ ကောရိန္သု ၉:၁၉-၂၃

အစီအစဉ်​နောက်​တစ်ပိုင်း​၏ “စားဖို့​မမေ့​ပါ​နှင့်” ဟူသော​ခေါင်းစဉ်​သည် အာရုံ​ဆွဲဆောင်​နိုင်​ခဲ့​ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် နောက်တစ်ဦး​ဖြစ်သူ ဆယ်မြူအယ်လ် ဟာ့ဒ်​က​တင်ဆက်​ခဲ့​သည်။ မြင့်မြတ်​သော​လုပ်ငန်းတော်​ကို​ထမ်းဆောင်​ဖို့ အမြဲ​သင့်တော်​နေ​ရန် ဝိညာဉ်​ရေး​အစားအစာ​ကောင်း​များ​စားသုံးခြင်း​၏​တန်ဖိုး​ကို သူက​အလေးပေး​ဖော်ပြ​ခဲ့​သည်။ “သင်၏​ဟောပြော​သွန်သင်ခြင်း​တာဝန်​၌ သင့်ကိုယ်​သင်​နစ်​မြုပ်​ထား​သရွေ့ သင်၏​ဝိညာဉ်​ရေးရာ​ဆောင်ရွက်မှု​မှာ မကြာမီ တိုးများ​လာ​ပေ​လိမ့်​မည်။ သို့​ဖြစ်၍ သင့်​ခွန်အား​အစွမ်း မျှတ​၍ ရေ​ချိန်​ညီ​စေရန် ဝိညာဉ်​အစာကို များများ​ပို​စား​ပေးဖို့ လို​လာပေမည်” ဟူ၍ ညီအစ်ကို​ဟာ့ဒ်​က​ဆို​သည်။ ဝိညာဉ်​အစာကို ပုံမှန်​စွဲစွဲမြဲမြဲ​စားသုံးခြင်း​က ခရစ်ယာန်​သာသနာပြု​တစ်ဦး​အား ဝိညာဉ်​ရေး​ဘက်​စိတ်ကျ​ဝေဒနာ​နှင့် အိမ်ကို​လွမ်းခြင်း​ဝေဒနာ​ကို​ရှောင်ရှား​နိုင်​ဖို့ အကူအညီ​ပေး​နိုင်၏။ ယင်းက ကျေနပ်​ရောင့်ရဲမှု​ရှိစေ​၍ မြင့်မြတ်​သော​လုပ်ငန်းတော်​ထမ်းဆောင်​ရန် တာဝန်ကျ​ရာ​နေရာတွင် စွဲမြဲ​နေဖို့ ကူညီပေး​မည်။—ဖိလိပ္ပိ ၄:၁၃

ဂိလဒ်​နည်းပြ​ဆရာ​တစ်ဦး​ဖြစ်သော လော​ရဲ​န့်စ် ဘို​ဝင်​န်​က သင်တန်းဆင်း​ကျောင်းသား​များ​ကို “အစ​သို့​ပြန်သွား​ကြ” ဖို့ အားပေးခဲ့​သည်။ အဘယ်အရာကို သူ​ဆိုလို​သနည်း။ သူက ပရိသတ်​အား “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​အချုပ်အခြာ​ဖြစ်၏” ဟု​ဆို​ထား​သည့် နယပုံပြင် ၁:၇ ကို​ဖွင့်​စေ​ခဲ့​သည်။ ဟောပြောသူက ဤသို့​ရှင်းပြသည်– “အဓိက​အချက်​ဖြစ်သော ယေဟောဝါ​တည်ရှိမှု​ကို ဥပေက္ခာပြု​သည့် အဘယ်​လုပ်ရပ်​မဆို စစ်မှန်သော​အသိပညာ​အဖြစ် အမှန်တကယ်​အရည်အချင်း​ပြည့်မီ​နိုင်​မည်​မဟုတ်သကဲ့သို့ မှန်ကန်သော​နားလည်မှု​ကိုလည်း ရရှိစေ​မည်​မဟုတ်​ချေ။” ညီအစ်ကို​ဘို​ဝင်​န်​က ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​၏ အသေးစိတ်​အချက်အလက်​များ​ကို ဉာဏ်​စမ်း​ကစားစရာ အပိုင်းအစ​များနှင့် နှိုင်းယှဉ်​ပြ​ခဲ့​သည်။ ထို​အပိုင်းအစ​များ​ကို သက်ဆိုင်​သလို​ပေါင်းစပ်​လိုက်​သောအခါ ရုပ်ပုံ​တစ်​ပုံ​ပေါ်လာ​ပါသည်။ အပိုင်းအစ​များ​လာ​လေ ရုပ်ပုံ​မှာ ပို​ကြီး​၍ ပို​ထင်ရှား​လာ​လေ​ဖြစ်​ရာ လူတစ်ဦး​၏​တန်ဖိုး​ထား​လေးမြတ်မှု​သည် သာ၍​တိုးများ​လာ​လေ​ဖြစ်၏။ ယင်းက ဘုရားသခင်​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ထမ်းဆောင်​ရန် လူအားလုံးကို အကူအညီ​ပေး​နိုင်​သည်။

ဂိလဒ်​ကျောင်း​၏​မော်ကွန်းထိန်း​ဖြစ်သူ ဝေါ​လ်​လေး​စ် လစ်​ဗာရိန်စ်​က အခန်းဆက်​ဟောပြောချက်​များ​ကို နိဂုံး​ချုပ်​ခဲ့​သည်။ သူ၏​အဓိက​အချက်​မှာ “ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်ကို ဘုရားသခင်​အား​ပူဇော်​လော့” ဖြစ်၏။ လူ​နူ​ဆယ်ဦး​ကို ယေရှု​ရောဂါ​ပျောက်ကင်း​စေ​ခဲ့​သော မှတ်တမ်း​ကို သူက​အာရုံစိုက်​စေ​ခဲ့​သည်။ (လုကာ ၁၇:၁၁-၁၉) တစ်ဦး​သာ​လျှင် ဘုရားသခင်​ကို​ချီးမွမ်း​ရန်​ပြန်လာ​ပြီး ယေရှု​အား ကျေးဇူး​တင်​ကြောင်း​ပြော​ခဲ့​သည်။ “အခြားသူ​တို့​လည်း ရောဂါ​ကင်းစင်​ခြင်း​အတွက် အမှန်​ဝမ်းသာ​ခဲ့​ကြ​မည်။ သူတို့​သန့်ရှင်း​သွား​သည်ကို ကျေနပ်​ကြ​မည်​ဖြစ်သော်လည်း သူတို့​အလို​အရှိဆုံး​မှာ ယဇ်ပုရောဟိတ်​က သူတို့ကို သန့်ရှင်း​ကြောင်း အသိအမှတ်​ပြုခြင်း​ဖြစ်​ပုံ​ရှိသည်” ဟု​ညီအစ်ကို​လစ်​ဗာရိန်စ်​က ကောက်ချက်​ချ​ခဲ့​သည်။ သမ္မာတရား​ကို သိလာ​ခြင်း​၏​ရလဒ်​အဖြစ် ဝိညာဉ်​ရေး​သန့်ရှင်းမှု​ရှိ​ခြင်း​နှင့် ကျေးဇူး​တင်​ခြင်း​က ဘုရားသခင်​၏​ကောင်းမြတ်​မှု​အတွက် ကျေးဇူး​တင်​ကြောင်း ကိုယ်တော်​အား​ဖော်ပြ​ရန် လှုံ့ဆော်မှု​ဖြစ်​သင့်​၏။ ၁၀၈ ကြိမ်​မြောက်​ဂိလဒ်​သင်တန်းသား​များသည် သူတို့၏​လုပ်ငန်း​နှင့် ယဇ်​သကာ​များ​ကို ဘုရားသခင်​အား ကျေးဇူး​တင်​ကြောင်း ထင်ဟပ်ပြ​မှု​ဖြစ်စေ​ရန် ဘုရားသခင်​စီရင်​ဆောင်ရွက်​လေ​သမျှ​နှင့် ကောင်းမြတ်​တော်​မူ​ခြင်း​အားလုံး​တို့ကို စဉ်းစား​တွေးတော​ဖို့ အားပေး​ခံ​ခဲ့​ရသည်။—ဆာလံ ၅၀:၁၄၊ ၂၃; ၁၁၆:၁၂၊ ၁၇

မည်သို့​ပြုလုပ်​နိုင်​ပုံ တွေ့ကြုံမှု​များနှင့် လူတွေ့မေးမြန်းခန်း​များ

ဂိလဒ်​နည်းပြ​ဆရာ အခြား​တစ်ဦး​ဖြစ်သော မာ့ခ်​နူ​မဲ​ရ်​က အစီအစဉ်​၏​နောက်​တစ်ပိုင်း​ကို ဦးစီး​သွားခဲ့သည်။ ၎င်း​သည် သင်တန်းသား​များ​၏ လေ့ကျင့်မှု​ကာလ​အတွင်း လယ်ကွင်း​လုပ်ငန်း​အတွေ့အကြုံ​များနှင့်​ပတ်သက်​သည်။ ထို​သင်တန်းသား​များသည် ဂိလဒ်​ကျောင်း​သို့​မလာ​မီ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု၌ ပျမ်းမျှ​အားဖြင့် ၁၂ နှစ်​ခန့် ပါဝင်​ခဲ့​ကြသည်။ သူတို့သည် သင်တန်းတက်​နေစဉ် နောက်ခံ​အမျိုးမျိုး​ရှိ​လူ​တို့​နှင့် ကျမ်းစာ​သင်အံမှု အတော်များများ စတင်​နိုင်​ခဲ့​ကြ​ပြီး ယင်းက “ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ” ဖြစ်​နိုင်​ပုံ​ကို သူတို့​သိရှိ​ထား​ကြောင်း တင်ပြ​သည်။—၁ ကောရိန္သု ၉:၂၂

သင်တန်းသား​များ​၏​တွေ့ကြုံမှု​များ​ပြီး​နောက် ချားလ်စ်​မော်​လ​ဟန်​နှင့် ဝီလျံ ဆယ်​မြူ​လ်​ဆန်​တို့​က ဂိလဒ်​သင်တန်းဆင်း​များ​ဖြစ်​ခဲ့​ကြသော ဗေသလ​မိသားစုဝင်​အချို့​နှင့် နယ်လှည့်​ကြီးကြပ်မှူး​အချို့​ကို လူတွေ့မေးမြန်း​ခဲ့​၏။ လူတွေ့မေးမြန်း​ခံ​ခဲ့​ရသူ​တစ်ဦး​မှာ ၅၁ ကြိမ်​မြောက်​ဂိလဒ်​သင်တန်းဆင်း​ပြီး​နောက် ဖိလစ်ပိုင်​နိုင်ငံ​၌​အမှုထမ်းခဲ့​သော ရောဘတ်​ပက်​ဗီ​ဖြစ်သည်။ သူက သင်တန်းသား​များ​ကို ဤသို့​သတိပြု​စေ​ခဲ့​၏– “ပြဿနာ​တစ်ခုခု​ဖြစ်​တိုင်း အဲ့ဒီ​ပြဿနာ​ဖြေရှင်း​နိုင်​ပုံ​ကို လူတိုင်း​က အကြံပြု​ကြတယ်။ သင့်​ထက်သာ​သူ​တစ်ဦး အမြဲ​ရှိပြီး သူက ပို​ပြီး​ကောင်း​တဲ့​အကြံဉာဏ်​တစ်ခု​ကို ပေး​ပေ​လိမ့်မယ်။ ဒါပေမဲ့ သင်ဟာ သမ္မာကျမ်းစာ​ကို​ဖွင့်ပြီး ဘုရားသခင့်​ရှုမြင်ပုံကို ရှာဖွေ​စစ်ဆေး​မယ်​ဆိုရင် အဲ့​ဒါ​ထက်​ထူးကဲ​သာလွန်​တဲ့​အကြံပြုချက်​ရှိ​မှာ​မဟုတ်ဘူး။ အဲ့​ဒါက​သာ အမြဲ​ပဲ မှန်ကန်​တဲ့​အဖြေ​ဖြစ်​လိမ့်မယ်။”

ဝိညာဉ်​ရေး​အစီအစဉ်​မွန်​ကို အပြီးသတ်​ရန် အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ ဂျွန်ဘား​ရ်​က “ယေဟောဝါ​အား နှစ်သက်ဖွယ် မြင့်မြတ်​သော​လုပ်ငန်းတော်​ပေးဆက်​ပါ” ဟူသော​အဓိက​အချက်​ပေါ်​မူတည်၍ ဟောပြောခဲ့​သည်။ ဘုရားသခင်​လက်သင့်ခံ​နိုင်​ဖွယ်​နည်းလမ်း​ဖြင့် ကိုယ်တော်​အား​ဝတ်ပြုခြင်း​ငှာ စိတ်နှလုံး​ရိုး​ဖြောင့်​သူများကို ကူညီပေး​ရန် လယ်ကွင်း​အမှုဆောင်ခြင်း​၌ မြင့်မြတ်​သော​လုပ်ငန်း​သည် မည်သို့​ရောင်ပြန်​နိုင်​ကြောင်း သူ​ဖော်ပြ​ခဲ့​၏။ မဿဲ ၄:၁၀ ၌​ပါ​သော ယေရှု၏​စကား​များ​ကို ဖွင့်ဖတ်​ပြီး​နောက် ညီအစ်ကို​ဘားရ်​က “ယေဟောဝါ​တစ်ပါး​တည်း​ကို​သာ ကျွန်ုပ်​တို့​ကိုးကွယ်​ကြ​ရမည်​ဆိုလျှင် တပ်မက်​ခြင်း၊ ချမ်းသာ​ကြွယ်ဝ​လို​ခြင်း​နှင့် မိမိကိုယ်ကို​အမွှမ်းတင်ခြင်း​ကဲ့သို့​သော . . . ကိုးကွယ်​ခြင်း​ပုံစံ​အမျိုးမျိုးကို ကျွန်ုပ်​တို့​ရှောင်ရှား​ကြ​ရမည်။ ယင်း​နှင့်​ပတ်သက်​၍ ၁၉၄၀ ပြည့်လွန်​နှစ်များ​၏ အစောပိုင်းကတည်းက ခေတ်​ကာလ​များ​တစ်လျှောက် ကျွန်ုပ်​တို့၏​ခရစ်ယာန်​သာသနာပြု​များသည် အထူး​ကောင်းမွန်သော​မှတ်တမ်းတင်​ခဲ့​ကြ​ခြင်း​မှာ တကယ်​ပျော်ရွှင်စရာ​ပါ​တကား! ၁၀၈ ကြိမ်​မြောက် ဂိလဒ်​သင်တန်းဆင်း​များ​ဖြစ်​ကြသော အသင်​တို့​လည်း သူတို့၏​ပုံသက်သေ​ကို အတုယူ​ကြလိမ့်မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​ယုံကြည်ပါ​၏။ သင်တို့သည် ယေဟောဝါ​တစ်ပါး​တည်း​သာ​ရထိုက်​သည့် မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ထမ်းဆောင်​သွား​ကြ​မည်​ဖြစ်သည်” ဟု​သူ​ပြော​ခဲ့​သည်။

ယင်းသည် တည်ဆောက်မှု​ဖြစ်စေ​သည့် အစီအစဉ်​အတွက် အပြုသဘော​ပါ နိဂုံး​ချုပ်​ဖြစ်သည်။ ထို​နောက်​တွင် ကမ္ဘာ​တစ်ဝန်း​ရှိ ဆန္ဒ​မွန်​ပါး​လို​သူတို့​ထံ​မှ နှုတ်​ခွန်း​ဆက်သ​ဝ​ဏ်လွှာ​များ​ကို ကြားနာ​ခြင်း၊ ဒီ​ပ​လို​မာ​ဘွဲ့များ ပေးအပ်​ခြင်း၊ လေ့ကျင့်​သွန်သင်မှု​အတွက် သင်တန်းသား​တို့၏​ကျေးဇူး​တင်​လေးမြတ်​စာ​ကို ဖတ်ပြ​ရန် အချိန်တိုင်​လေ​သည်။ သင်တန်းဆင်း​များသည် သူတို့​တာဝန်ကျ​ရာ​နေရာများ​နှင့် ယေဟောဝါ​၏​အမှုတော်ကို​ထမ်းဆောင်ခြင်း​၌ စွဲစွဲမြဲမြဲ​တွယ်ကပ်​ခြင်း​အရည်အသွေးကို ထင်ရှား​ဖော်ပြ​ဖို့ မှာကြား​ခံ​ခဲ့​ရ၏။ နိုင်ငံ​ပေါင်း ၂၅ နိုင်ငံ​မှ​ဧည့်သည်​များ​အပါအဝင် တက်ရောက်​ခဲ့​သူအား​လုံး​သည် သီချင်းဆို၊ ဆုတောင်းခြင်း​ဖြင့် အစီအစဉ်ကို​အဆုံးသတ်​ရာ​၌ ပါဝင်​ခဲ့​ကြသည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ၂၀၀၀၊ မတ် ၁၁ ၌​အစီအစဉ်ကို နယူးယောက်​မြို့၊ ပက်​တာ​စင်​ရှိ ကင်းမျှော်စင်​ပညာပေး​ဌာန​တွင် ကျင်းပ​ခဲ့​သည်။

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု နိုင်ငံ​အရေအတွက်– ၁၀

တာဝန်​ပေးအပ်​ခံရ​သည့် နိုင်ငံ​အရေအတွက်– ၁၇

ကျောင်းသား/သူ​အရေအတွက်– ၄၆

ပျမ်းမျှ​အသက်– ၃၄

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၆

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင်​သက်တမ်း– ၁၂

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၀၈ ကြိမ်​မြောက် ဂိလဒ်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ နောက်​တန်း​သို့​ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Amadori, E.; Cook, O.; Byrne, M.; Lee, A. (2) Newsome, D.; Pederzolli, A.; Bigras, H.; Kato, T.; Gatewood, D. (3) Eade, D.; Eade, J.; Wells, S.; Jamison, J.; Gonzales, M.; Gonzales, J. (4) Kato, T.; Lohn, D.; Niklaus, Y.; Preiss, S.; Foster, P.; Ibarra, J. (5) Amadori, M.; Manning, M.; James, M.; Boströ​m, A.; Gatewood, B.; Newsome, D. (6) Foster, B.; Jamison, R.; Hifi​nger, A.; Koff​​el, C.; Koff​​el, T.; Byrne, G. (7) Hifi​nger, K.; Manning, C.; Cook, J.; Boströ​m, J.; Lohn, E.; Pederzolli, A. (8) James, A.; Wells, L.; Preiss, D.; Niklaus, E.; Lee, M.; Ibarra, P.; Bigras, Y.