စုံလင်သောအသက်—အိပ်မက်မျှမဟုတ်!
စုံလင်သောအသက်—အိပ်မက်မျှမဟုတ်!
စုံလင်သောကမ္ဘာ—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးအလွဲသုံးမှု၊ ငတ်မွတ်မှု၊ ဆင်းရဲမှု သို့မဟုတ် မတရားမှုမရှိသည့် လူ့ဘောင်တစ်ခုကို မြင်ယောင်ကြည့်ပါ။ လူအားလုံး ထူးကဲကောင်းမွန်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ကာယရေးဆိုင်ရာ ကျန်းမာမှုရှိနေကြ၏။ သေခြင်းကိုပင် ဖယ်ရှင်းပြီးဖြစ်၍ ဝမ်းနည်းမှု သို့မဟုတ် အမင်္ဂလာ မရှိတော့။ ထိုသို့သော ကမ္ဘာတစ်ခုကို တောင့်တခြင်းသည် လက်တွေ့ကျပါသလော။
သိပ္ပံပညာနှင့် နည်းပညာတိုးတက်မှုကို လျစ်လျူမရှုသော်လည်း စင်စစ်အားဖြင့် လူ့ဉာဏ်ရည် သို့မဟုတ် လေ့လာမှုသည် လူခပ်သိမ်း ငြိမ်းချမ်းပျော်ရွှင်မှုအတိဖြင့် နေထိုင်ရမည့် စုံလင်သောကမ္ဘာတစ်ခုကို ဆောင်ကြဉ်းပေးမည်ဟု လူအများ မယုံကြည်ကြပါ။ တစ်ဖက်တွင်မူ လူ့ဝသီသည် အရာဝတ္ထုများကို တိုးတက်စေလိုပြီး မစုံလင်မှုများကို ပြုပြင်လိုခြင်းဖြစ်သည်မှာ ငြင်းနိုင်ဖွယ်မရှိချေ။ မှန်ပါသည်၊ လက်တွေ့မကျသည့် အိပ်မက်မက်နေရုံဖြင့် အိုးမဲ့အိမ်မဲ့နှင့် ဆင်းရဲမှုတို့ကိုသော်လည်းကောင်း၊ မိမိတို့ခံစားနေရရာများမှ သက်သာမှုရရန်တောင့်တနေသည့် မသန်မစွမ်းသူတို့နှင့် ဖျားနာသူတို့ကို ကျေနပ်မှုရှိစေရန် ကူညီပေးနိုင်လိမ့်မည်မဟုတ်ချေ။ စုံလင်သောကမ္ဘာတစ်ခုသည် လူ့ဖန်တီးမှုမျှဖြင့် အလိုလိုဖြစ်ပေါ်လာလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် ဆင်းရဲမှုနှင့် ဖိစီးမှုတို့လက်ရှိရှိနေလင့်ကစား စုံလင်သည်ဟု သင်ခေါ်ဆိုမည့် ကမ္ဘာတစ်ခုသည် အမှန်တကယ် နီးကပ်နေပြီဖြစ်ကြောင်း ယုံကြည်စရာ ခိုင်လုံသောအကြောင်းများရှိပါသည်။
စုံလင်သောအသက်အကြောင်း သင်တွေးတောသည့်အခါ ယေရှုခရစ်၏အသက်တာသည် သင့်စိတ်ထဲပေါ်လာကောင်း ပေါ်လာပေမည်။ မြေကြီးပေါ် အသက်ရှင်ခဲ့သမျှတွင် ယေရှုတစ်ဦးသာ စုံလင်သူမဟုတ်ပါ။ ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသော အာဒံနှင့် ဧဝတို့သည် ပရဒိသုတစ်ခုတွင် စုံလင်သောအသက်ကို မွေ့လျော်ခဲ့ကြ၏။ သို့ရာတွင် ၎င်းတို့၏ကောင်းကင်ခမည်းတော်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြခြင်းကြောင့် ယင်းထူးကဲကောင်းမွန်သောအခြေအနေကို ဆုံးရှုံးခဲ့ကြရသည်။ (ကမ္ဘာဦး ၃:၁-၆) သို့ရာတွင် ဖန်ဆင်းရှင်သည် ထာဝစဉ်အသက်ရှင်လိုသည့်ဆန္ဒကို လူသားများ၏အထဲတွင် ထည့်သွင်းပေးခဲ့သည်။ ဒေ. ၃:၁၁ က ယင်းကိုသက်သေထူသည်– “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း [“အဆုံးမဲ့၊” ကဘ] ကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည်စစ်၍မကုန်နိုင်။”
မစုံလင်မှုနှင့် အပြစ်သည် လူသားများကို ‘အချည်းနှီး’ သောဘဝနှင့် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့” သို့ဦးတည်စေခဲ့သော်လည်း တမန်တော်ပေါလု၏ နှစ်သိမ့်မှုပေးသော ဤစကားများကို သတိပြုပါ– “ဤလောကသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တမျှော်လင့်လျက်နေ၏။ ဤလောကသည် . . . နိုင်ငံ [“အချည်းနှီး၊” ကဘ] သို့အလိုလိုလိုက်တတ်သည်မဟုတ်။ ဘုရားသရောမ ၈:၁၉-၂၁) စုံလင်သောလူ့အသက်ကို ပြန်လည်ရရှိစေရန် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို ယေရှုခရစ်အားဖြင့် ရရှိစေမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ရှင်းပြသည်။—ယောဟန် ၃:၁၆; ၁၇:၃။
ခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ . . . နိုင်ငံ [“အချည်းနှီး၊” ကဘ] သို့ လိုက်စေတော်မူသောသူ၏အလိုတော်ကြောင့်သာ လိုက်ရ၏။” (အနာဂတ်အတွက် ဤထူးမြတ်သောမျှော်လင့်ချက်အပြင် ကျွန်ုပ်တို့အားလုံး၌ ဝိညာဉ်ရေးတွင် တိုးတက်ရန်အလားအလာရှိရာ ယခုပင် ကျွန်ုပ်တို့တိုးတက်နေကြောင်း ဖော်ပြနိုင်သည်။
အကျိုးသင့်အကြောင်းသင့်ရှိရန် ကြိုးစားပါ
ယေရှုခရစ်သည် စုံလင်ခြင်းကိစ္စကို အလွန်အရေးတကြီး သဘောထားခဲ့၍ ပရိသတ်ကြီးတစ်ခုကို ဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” (မဿဲ ၅:၄၈) ယေရှုသည် လက်ရှိ . . . စနစ်တွင် ကျွန်ုပ်တို့ကို အပြစ်အနာကင်းရန် အမှန်တကယ်မျှော်လင့်ခဲ့ပါသလော။ မမျှော်လင့်ခဲ့ပါ။ ကျွန်ုပ်တို့သည် လူသားချင်းတို့အား ရက်ရောမှု၊ ကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာအရည်အချင်းများတင်ပြရန် အင်တိုက်အားတိုက် ကြိုးစားသင့်သည်မှန်သော်လည်း ဖြောင့်မှန်ရာကို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ပျက်ကွက်တတ်သည်။ ယေရှု၏တမန်တော်တစ်ပါးပင် ဤသို့ရေးသားခဲ့သည်– “ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ [မကောင်းမှု] ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ ‘မကောင်းမှုကိုမပြုပြီ’ ဟုငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်[မြွတ်]တော်လည်း ငါတို့၌မရှိ။”—၁ ယောဟန် ၁:၉၊ ၁၀။
သို့သော်ငြားလည်း ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုရှုမြင်ပုံနှင့် အခြားသူများအားဆက်ဆံပုံကို တိုးတက်စေနိုင်ကာ အစွန်းရောက်မှုများကို ရှောင်ကြဉ်နိုင်သည်။ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာတွင် တွေ့ရသော မျှတသည့် အကျိုးသင့်အကြောင်းသင့်ရှိသော ဥပဓိရုပ်တစ်ခုကို ရရှိရန် ပို၍ကောင်းသောလမ်းညွှန်ကို မည်သူရှာတွေ့နိုင်မည်နည်း။ ရွှင်လန်းမှုနှင့် သင့်တင့်မျှတခြင်းတို့ကဲ့သို့သော အရည်အသွေးများကို ပျိုးထောင်ခြင်းသည် လုပ်ငန်းခွင်ရှိအခြားသူများနှင့်၊ ကျွန်ုပ်တို့၏အိမ်ထောင်ဖက်နှင့်၊ ကျွန်ုပ်တို့၏မိဘများ သို့မဟုတ် ကလေးများနှင့်ဆက်ဆံရေးတွင် အကူအညီဖြစ်ပါလိမ့်မည်။ တမန်တော်ပေါလုက ခရစ်ယာန်များကို ဤသို့သတိပေးခဲ့သည်– “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ သင်တို့၏ဖြည်းညင်းခြင်းသဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ရှိတော်မူ၏။”—ဖိလိပ္ပိ ၄:၄၊ ၅။
အကျိုးသင့်အကြောင်းသင့်ရှိခြင်း၏ အကျိုးကျေးဇူးများ
သင့်မျှော်လင့်ရာများနှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိပြီး ကိုယ်ကိုကိုယ်ဆင်းရဲပင်ပန်းစေပြီး ကိုယ့်ကိုယ်ကိုရှုံးနိမ့်စေသည့် ပြီးပြည့်စုံလင်မှုဝါဒကို ရှောင်ကြဉ်သောအခါ သင့်ကိုယ်သင်ရော၊ အခြားသူများကိုပါ အကျိုးပြု၏။ သင်၏အလားအလာအစစ်အမှန်ကို သိရှိခြင်းတွင် သင်ပြုလုပ်လိုသောအရာနှင့်ပတ်သက်၍ လက်တွေ့ကျမှုရှိပြီး အကျိုးသင့်အကြောင်းသင့်ရှိမှုပါ ပါဝင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မြေကြီးပေါ်အသက်ရှင်နေထိုင်ရန်၊ ကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း အကျိုးပြုသည့် အဓိပ္ပာယ်ပြည့်ဝသောအလုပ်၌ ကျေနပ်မှုရရှိရန် ဖန်ဆင်းထားကြောင်း သတိရပါလေ။—ကမ္ဘာဦး ၂:၇-၉။
သင့်ကိုယ်သင်တောင်းဆိုလွန်းလျှင် ယေဟောဝါထံဆုတောင်းပါလေ။ ဘုရားသခင့်မျက်နှာသာရရှိခြင်းက ကြီးမားသောသက်သာမှုကို ရရှိစေပါလိမ့်မည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ဖွဲ့စည်းမှုနှင့် မစုံလင်သည့်အခြေအနေကို သိရှိထား၏၊ ထို့ကြောင့် ကိုယ်တော်သည် အကျိုးသင့်အကြောင်းသင့်မရှိသူ၊ အလိုတော်နှင့်တွေ့ရန် ခဲယဉ်းသူမဟုတ်ပါ။ ဆာလံဆရာက ကျွန်ုပ်တို့ကို ဤသို့စိတ်ချစေသည်– “အဘသည် သားတို့ကိုသနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၁၃၊ ၁၄) ထိုသို့သောကရုဏာပါသည့်နည်းဖြင့် လူသားများနှင့် ဘုရားသခင်ဆက်ဆံသည့်အတွက် ကျွန်ုပ်တို့ အမှန်တကယ်ပင်ကျေးဇူး တင်နိုင်သည်တကား! ကျွန်ုပ်တို့၏ကန့်သတ်မှုများကို ကိုယ်တော်သိရှိထားသော်လည်း ကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တော်တွင် ချစ်သောသားသမီးများကဲ့သို့ အဖိုးတန်သူများ ဖြစ်နိုင်ကြ၏။
ပြီးပြည့်စုံလင်မှုဝါဒကို လိုက်စားနေမည့်အစား ဝိညာဉ်ရေးပိုင်းခြားသိမြင်မှုနှင့် မျှတသောအမြင်ကို ပျိုးထောင်ခြင်းသည် မည်မျှပညာပိုရှိသည်တကား! ထို့အပြင် ဘုရားသခင့်နိုင်ငံတော်အောက်တွင် လူသားများကို စုံလင်သည့်အဖြစ်သို့ မြှင့်တင်ပေးရန် ယေဟောဝါ၏ ရည်ရွယ်ချက်ပြည့်စုံခြင်းကို မည်သူမျှမဟန့်တားနိုင်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်၏။ သို့သော် လူ့စုံလင်ခြင်းဟူသည် အဘယ်နည်း။
စုံလင်သောအသက်သည် ပြီးပြည့်ဝမှုရှေးရှုဝါဒထက် သာ၍ကောင်း
စုံလင်ခြင်းဟူသည် ပြီးပြည့်စုံလင်မှုဝါဒီဖြစ်ခြင်းကို မဆိုလိုပါ။ ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပရဒိသုတွင် နေထိုင်ခွင့်ရရှိမည့်သူတို့သည် အတင်းတောင်းဆိုသူ၊ ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟု ယူဆသူများဖြစ်ကြမည် မဟုတ်သည်မှာ သေချာပါသည်။ ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်ရန်အတွက် လိုအပ်ချက်တစ်ခုမှာ ရွေးနုတ်ဖိုးကို နှလုံးပါပါလေးမြတ်ခြင်းဖြစ်သည်၊ ယင်းကို တမန်တော်ယောဟန်ရေးသားဖော်ပြခဲ့သော အပြည်ပြည်ဆိုင်ရာလူအုပ်ကြီးက ဤသို့ပြောဆိုတင်ပြခဲ့၏– “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိစေတော်မူသတည်း။” (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄) ချဉ်းကပ်လာနေသည့် ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်သူအားလုံးသည် ၎င်းတို့အတွက်နှင့် ခရစ်တော်ကိုယုံကြည်ကြောင်းတင်ပြကြသူအားလုံးအတွက် ကိုယ်တော်လိုလိုလားလားအသေခံတော်မူခဲ့ခြင်းကို ကျေးဇူးတင်ကြပါလိမ့်မည်။ ကိုယ်တော့်မေတ္တာပါသော ပူဇော်သကာသည် ၎င်းတို့၏မစုံလင်မှုများနှင့် အားနည်းချက်များမှ အစဉ်လွတ်ငြိမ်းရန်အခြေခံဖြစ်သည်။—ယောဟန် ၃:၁၆; ရောမ ၈:၂၁၊ ၂၂။
စုံလင်သောအသက်သည် မည်ကဲ့သို့ဖြစ်မည်နည်း။ ယှဉ်ပြိုင်မှုနှင့် အတ္တဆန်သောရည်မှန်းချက်တို့အစား လူသားအချင်းချင်းချစ်ခြင်း၊ ကြင်နာခြင်းသည် အသက်ရှင်ရကျိုးနပ်စေ၍ စိုးရိမ်ပူပန်ခြင်းနှင့် သိမ်ငယ်ခြင်းတို့ကို ပယ်ရှားပစ်ပါလိမ့်မည်။ သို့တိုင် စုံလင်သောအသက်တာသည် ငြီးငွေ့စရာဖြစ်မည်မဟုတ်ပါ။ ဘုရားသခင့်စကားတော်သည် ပရဒိသုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို ဖော်ပြမထားသော်လည်း ကျွန်ုပ်တို့မျှော်လင့်နိုင်သည့် အသက်တာမျိုးကို ဤသို့ဖော်ပြထားသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။”—ဟေရှာယ ၆၅:၂၁-၂၃။
ဘုရားသခင့်နိုင်ငံတော်တွင် မည်ကဲ့သို့သော ဖျော်ဖြေမှု၊ ဈေးများ၊ နည်းပညာ သို့မဟုတ် သယ်ယူပို့ဆောင်ရေးတို့ရှိမည်ကို တွေးတောမည့်အစား ဤစကားများ၏ပြည့်စုံချက်ခံစားနေရခြင်းကို သင်စိတ်ကူးယဉ်ကြည့်လိုက်ပါ– “‘တောခွေးနှင့်သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာစားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ’ ဟုထာဝရဘုရားမိန့်တော်မူ၏။” (ဟေရှာယ ၆၅:၂၅) စုံလင်သောအသက်သည် ယနေ့ သင်တွေ့နေရသည့်အရာနှင့် မည်မျှကွာခြားလိုက်လေခြင်း! သင်သည် ထိုအချိန်တွင် အသက်ရှင်နေထိုင်ထိုက်သူတစ်ဦး ဖြစ်လာမည်ဆိုလျှင် ချစ်ခြင်းမေတ္တာရှိသော သင့်ကောင်းကင်ခမည်းတော်သည် သင်နှင့် သင့်မိသားစုအကျိုးကို ဆောင်ရွက်ပေးမည်ဟု စိတ်ချနိုင်စရာအကြောင်း ရှိပါလိမ့်မည်။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”—ဆာလံ ၃၇:၄။
စုံလင်သောအသက်သည် အိပ်မက်မျှမဟုတ်ပါ။ လူသားများနှင့်ပတ်သက်သည့် ယေဟောဝါ၏ မေတ္တာပါသော ရည်ရွယ်ချက်သည် အပြည့်အဝအကောင်အထည်ပေါ်ပါလိမ့်မည်။ သင်နှင့် သင့်မိသားစုသည် လူ့စုံလင်ခြင်းသို့မြှင့်တင်ခံရပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်မည့်သူတို့တွင် ပါဝင်နိုင်ပါသည်။ သမ္မာကျမ်းစာက ဤသို့တင်ကြို၍ဆိုသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုနှင့် အခြားသူများအားရှုမြင်ပုံကို တိုးတက်စေနိုင်ကာ ပြီးပြည့်စုံလင်မှုဝါဒ သို့မဟုတ် ဇီဇာချဲ့လွန်းခြင်းကို ရှောင်ကြဉ်နိုင်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပရဒိသုတွင် ငြိမ်းချမ်းပြီး ဖြောင့်မတ်သည့်အခြေအနေများကို ခံစားနေရသည့်အလား မြင်ယောင်ကြည့်ပါလေ