ပြီးပြည့်စုံလင်မှုဝါဒကို အဘယ်ကြောင့် အနိုင်ယူရမည်နည်း
ပြီးပြည့်စုံလင်မှုဝါဒကို အဘယ်ကြောင့် အနိုင်ယူရမည်နည်း
သင်သည် အကောင်းဆုံးလုပ်ဆောင်ရန် အင်တိုက်အားတိုက်အမြဲကြိုးစားလေ့ရှိသလော။ ထိုသို့သင်လုပ်ဆောင်ခြင်းသည် သင်နှင့် သင့်ဝန်းကျင်ရှိသူတို့ကို နည်းများစွာ အကျိုးပြုနိုင်သည်မှာ ရှင်းနေပါသည်။ တစ်ဖက်တွင် တချို့သည် အစွန်းရောက်ကြရာ ပြီးပြည့်စုံလင်မှုဝါဒီများ ဖြစ်လာကြသည်။ ယင်းသည် အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။
“ပြီးပြည့်စုံလင်မှုဝါဒ” ဟူသည့်စကားလုံး၏ အဓိပ္ပာယ်တစ်ခုမှာ “ပြည့်ဝစုံလင်မှုမရှိသော မည်သည့်အရာကိုမဆို လက်မခံနိုင်စရာအဖြစ် ယူမှတ်သည့် စိတ်နေစိတ်ထား” ဖြစ်သည်။ ထိုသဘောထားရှိသူတို့ကို သင်တွေ့ဆုံခဲ့ဖူးပေမည်။ အခြားသူများထံမှ အလွန်အကျွံတောင်းဆိုခြင်းသည် ပြဿနာများစွာဖြစ်စေနိုင်ကာ ကျေနပ်မှုမဲ့ပြီး စိတ်ပျက်အားလျော့သည့်အခြေအနေကို ဖန်တီးပေးကြောင်း သင်တွေ့ရှိနိုင်ပါသည်။ ဘဝရေးရာကိစ္စရပ်အားလုံးတွင် အစွန်းရောက်သည့်သဘောဖြင့် အကျိုးသင့်အကြောင်းသင့်မရှိ ပြီးပြည့်စုံလင်မှုဝါဒနှင့်တောင်းဆိုမှုများသည် မလိုလားဖွယ်ရာအမှန်ဖြစ်ကြောင်း မျှတမှုရှိသောလူအများစုက အသိအမှတ်ပြုကြသည်။ ယင်းသည် အနိုင်ယူကျော်လွှားရမည့် အရာဖြစ်၏။ သို့ရာတွင် ပြဿနာတစ်ခုမှာ မိမိကိုယ်တိုင်၏ စိတ်နေစိတ်ထားနှင့်ပတ်သက်လာလျှင် အဆိုပါပြီးပြည့်စုံလင်မှုဝါဒ မိမိ၌ရှိတတ်သည်ကို အသိအမှတ်ပြုဖို့ ခက်ခဲမည်ဖြစ်သောကြောင့် ယင်းကိုအနိုင်ယူကျော်လွှားရန် စိန်ခေါ်ချက်တစ်ခုဖြစ်မည်။
နယ်လ်ဆင်၌ ကြီးလေးသောတာဝန်တစ်ရပ်နှင့် ဖြေရှင်းရမည့် ပြဿနာများစွာရှိ၏။ သူသည် စာရင်းအင်းများကို မှန်မှန်စိစစ်လေ့လာရပြီး ကုန်ထုတ်လုပ်မှုကို ဦးစားထား၏။ ပြီးပြည့်စုံလင်မှုဝါဒသည် အပြိုင်အဆိုင်ဈေးကွက်၌ အောင်မြင်မှုအတွက်အဓိကဟု ရှုမြင်လေ့ရှိကြသည်။ တချို့သည် နယ်လ်ဆင်၏စွမ်းရည်ကို လေးမြတ်ကောင်း လေးမြတ်ကြမည်ဖြစ်သော်လည်း သူ၏ပြီးပြည့်စုံလင်မှုဝါဒသည် သူ့အား ခေါင်းခဲခြင်းနှင့် ဖိစီးမှုအစရှိသည့် ကာယရေးပြဿနာများကို ဖြစ်စေ၏။ နယ်လ်ဆင်နှင့် သင်တူနေသလော။
လူငယ်များသည်လည်း ပြီးပြည့်စုံလင်မှုဝါဒဒဏ်ကို ခံကြရ၏။ ရီယို ဒီ ဂျနေးရိုးမှ ရီတာသည် ကလေးဘဝကတည်းက ကျောင်းတက်ရသည်ကိုပျော်သည်။ သူသည် ရည်မှန်းချက်မကြီးရန် အတတ်နိုင်ဆုံးကြိုးစားသော်လည်း အမှတ်အများဆုံးမရလျှင် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရသည်။ “ကျွန်မမှာ လုပ်စရာတွေများပြီး အမြဲအလုပ်ရှုပ်နေရတာကို အချိန်အများကြီးရှိတဲ့တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုကလေးဘဝကတည်းက နှိုင်းယှဉ်ခဲ့မိတယ်။ လုပ်စရာတွေ အမြဲရှိနေလို့ နားဖို့အချိန်မရှိဘူးလို့ ထင်ခဲ့တယ်” ဟုရီတာက ပြောပြသည်။
မာရီယာသည် ငယ်စဉ်က အခြားသူများနည်းတူ ပုံကောင်း
ကောင်းမဆွဲနိုင်လျှင် စိတ်ပျက်ပြီး ငိုတတ်သည်။ ထို့အပြင် တေးဂီတတွင် အနုပညာဆိုင်ရာစုံလင်မှုရဖို့ကြိုးစားရာ၌ သူ၏တီးမှုတ်သီဆိုမှုကို နှစ်ထောင်းအားရဖြစ်မည့်အစား ဖိစီးမှုခံရပြီး ပူပင်လေ့ရှိ၏။ သတိရှိဖို့ကြိုးစားပြီး ယှဉ်ပြိုင်မှုကိုရှောင်ရှားခဲ့သည့် ဘရာဇီးလ်သူလေး တန်ယာကလည်း ကျောင်းတွင်ရော၊ အိမ်တွင်ပါ မိမိအတွက် အလွန်မြင့်မားသောစံနှုန်းများကို ချမှတ်ထားဆဲရှိသည်ဟု ဝန်ခံခဲ့၏။ သူ၏လုပ်ဆောင်မှု ပြီးပြည့်ဝမှုမရှိလျှင် မိမိကိုလူတို့သဘောကျကြမည်မဟုတ်ဟု သူယူမှတ်ခဲ့၏။ ထို့အပြင် ရံဖန်ရံခါ တန်ယာသည် အခြားသူများထံမှ မျှော်လင့်ချက်ကြီးမားလွန်းတတ်ရာ သူ့အတွက်စိတ်ပျက်စရာဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်။စွမ်းဆောင်နိုင်မှု၊ လုံ့လဝီရိယနှင့် ပုဂ္ဂိုလ်ရေးအရကျေနပ်မှုရှိသည့်စိတ်သည် အရေးကြီးသော်လည်း လက်လှမ်းမမီနိုင်သည့် ပန်းတိုင်များကိုထားခြင်းဖြင့် မဖြစ်မြောက်မည်ကို စိုးရိမ်စေသော အဆိုးမြင်သဘောထားများ ရှိလာစေနိုင်သည်။ မိဘများ၊ သို့မဟုတ် အခြားသူများသည် ကျောင်းစာ သို့မဟုတ် အားကစားတွင် လူငယ်များလိုက်မီဖို့ ခဲယဉ်းသည့် ပြည့်ဝစုံလင်သောစံချိန်တစ်ခုကို ချမှတ်ကြပေမည်။ ဥပမာ၊ ရီကာဒို၏မိခင်သည် သူ့သားကို ဆရာဝန်ဖြစ်စေလို၏၊ တူရိယာတီးတတ်စေလို၏၊ ဘာသာစကားများစွာတတ်မြောက်စေလိုသည့် မြင့်မားသောမျှော်လင့်ချက်များထားရှိခဲ့သည်။ ယင်းသို့ဖြစ်လာစေရန် အလွန်အကျွံမျှော်လင့်သောအခါ ပြဿနာများ သို့မဟုတ် စိတ်ပျက်စရာများ ဖြစ်ပေါ်လာစေသည်ကို သင်တွေ့မြင်နိုင်ပါသလော။
ပြီးပြည့်စုံလင်မှုဝါဒကို အဘယ်ကြောင့် ရှောင်ကြဉ်ရသနည်း
အရည်အသွေးမြင့်မားသောဆောင်ရွက်မှု၊ တိကျမှန်ကန်ပြီး ထူးကဲကောင်းမွန်သော မြင့်မားသည့်စံနှုန်းများကို ပြည့်မီဖို့လိုလားကြ၏။ ထို့ကြောင့် လူတို့သည် လုပ်ငန်းခွင်တွင် ယှဉ်ပြိုင်ကြရ၏။ လူများစွာအား အင်တိုက်အားတိုက်ကြိုးစားသည်ထက်ကြိုးစားစေသည့် အခြားအကြောင်းတစ်ခုမှာ မိမိ၏ဝင်ငွေရနည်း ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်းဖြစ်၏။ အလုပ်သမားတချို့သည် စံချိန်သစ်တစ်ခုတင်နိုင်ဖို့ အလွန်အကျွံစွန့်စားပြုလုပ်သည့် ပြေးခုန်ပစ်အားကစားသမားကဲ့သို့ ဖြစ်လာ၏။ ထို့နောက် အကြီးအကျယ်ယှဉ်ပြိုင်ရသောအခါ ခါတိုင်းထက်ပို၍ လေ့ကျင့်ဖို့လိုကြောင်း၊ ပိုကောင်းလာစေရန် ဓာတုပစ္စည်းများအသုံးပြုလိုကြပြီး အနိုင်ရဖို့သာ မျှော်လင့်၏။ ထူးကဲစွာကောင်းမွန်ဖို့ဟူသည့် ကျန်းခံ့သောစိတ်ထားအစား ပြီးပြည့်စုံလင်မှုဝါဒသည် လူတို့အား “မဖြစ်မြောက်မည်ကိုစိုးရိမ်သည့်လှုံ့ဆော်ခံရမှု” သို့မဟုတ် “နံပါတ်တစ်ဖြစ်ရန်လှုံ့ဆော်ခံရမှု” ကိုဖြစ်ပေါ်စေသည်။—ခံစားချက်ကောင်း လက်စွဲစာအုပ်။
ဝန်ခံရမည်မှာ၊ တချို့သည် အနုပညာ သို့မဟုတ် အားကစားဘက်တွင် မိမိတို့ပြုလုပ်ရမည့်အမှုသည် အမြဲတိုးတက်ကောင်းမွန်လာနိုင်သည်ဟု ယူဆကြခြင်းဖြစ်သည်။ သို့တိုင် ဒေါက်တာ ရောဘတ် အက်စ်. အဲလျတ်၏အဆိုအရ “ပြီးပြည့်စုံလင်မှုဝါဒသည် ဘယ်တော့မျှ မဖြစ်မြောက်နိုင်သည့် မျှော်လင့်ချက်ဖြစ်သည်။” သူက ဤသို့ထပ်ဆင့်၏– “ယင်းတွင် အပြစ်ရှိခြင်း၊ ခုခံကာကွယ်ခြင်းနှင့် ပြက်ရယ်ပြုခံရမည်ကိုစိုးရိမ်ခြင်းတို့ ပါဝင်သည်။” ထို့ကြောင့် ပညာရှိဘုရင်ရှောလမုန်၏စကားများသည် မှန်ကန်လိုက်လေခြင်း– “ကြိုးစားအားထုတ်ခြင်းအမှုနှင့် ကောင်းမွန်စွာပြီးစီးသော အမှုအလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့် သူတစ်ပါးငြူစူကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အ[ချည်းနှီး]အမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။”—ဒေ. ၄:၄။
သင်သည် ပြီးပြည့်စုံလင်မှုဝါဒီဖြစ်တတ်လျှင် အဘယ်အရာကို သင်ပြုလုပ်နိုင်သနည်း။ သင်အင်တိုက်အားတိုက်ပိုကြိုးစားလေ ပိုစိတ်ပျက်ရလေဟူသည်မှာ မှန်ပါသလော။ ဤမျှမတောင်းဆိုဘဲ ပို၍သက်သောင့်သက်သာရှိလိုသလော။ ပြည့်ဝစုံလင်မှုဟူသည် အဘယ်နည်း။ ပြီးပြည့်စုံလင်မှုဝါဒကိုရှောင်စဉ် သင်၏လုပ်ဆောင်နိုင်စွမ်းကို အပြည့်ဝဆုံးအသုံးပြုလိုစိတ်မရှိသလော။ မစုံလင်သောလူသားများသည် သူတစ်ပါးအကျိုးဆောင်ရန် ဘုရားသခင်ပေးစွမ်းရည်ကို အသုံးပြုကာ ရှာဖွေတွေ့ရှိချက်များပြုနိုင်မည်ဆိုလျှင် စုံလင်သည့်အခြေအနေများနှင့် ဘုရားသခင့်လမ်းညွှန်မှုအောက်တွင် လူသားများရရှိနိုင်မည့်အရာကို မြင်ယောင်ကြည့်ပါလေ!
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မိဘများ သို့မဟုတ် အခြားသူများသည် လူငယ်များလက်လှမ်းမမီနိုင်သည့် ပြီးပြည့်ဝမှုကို တောင်းဆိုကောင်းတောင်းဆိုကြပေမည်