မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမြင်နိုင်ရာကို သင် ယုံသလော

မမြင်နိုင်ရာကို သင် ယုံသလော

မမြင်နိုင်​ရာ​ကို သင် ယုံ​သလော

တစ်ဦး​တစ်ယောက်​က ‘မြင်နိုင်​မှ​ယုံမယ်’ ဟု​ဆို​သောအခါ သူသည် ဟုတ်​တိုင်း​မှန်ရာ​ပြောနေခြင်း​မဟုတ်​ချေ။ အမှန်စင်စစ်၊ ကျွန်ုပ်​တို့အားလုံး​သည် မမြင်နိုင်​ရာ​များ​ကို ယုံတတ်​ကြသည်။

ဥပမာ၊ သင်သည် ကျောင်းတွင် သံ​လိုက်​စက်​ကွင်း​တည်ရှိခြင်း​ကို သက်သေပြ​ရန် စမ်းသပ်ချက်​ပြုလုပ်​ခဲ့​ပေမည်။ စမ်းသပ်ချက်​မှာ ဤသို့​ဖြစ်​ပေမည်– စာရွက်​တစ်​ရွက်​ပေါ်​တွင် သံ​မှုန့်​များ​ဖြူး​လိုက်ပါ။ ထို့နောက် စာရွက်​ကို သံ​လိုက်​ပေါ်​တင်​လိုက်ပါ။ စာရွက်​ကို လှုပ်ခါ​လိုက်​သောအခါ မျက်​လှည့်​ပြသ​ကဲ့သို့ သံ​မှုန့်​များသည် သံ​လိုက်​ဝင်ရိုး​စွန်း​များ​တွင် စုဝေး​သွား​ကာ သံ​လိုက်​စက်​ကွင်း​ပုံစံ​ဖြစ်ပေါ်​လာ​သည်။ ထိုသို့ သင်​ပြုလုပ်​ခဲ့​မည်​ဆိုလျှင် သံ​လိုက်​စက်​ကွင်း​ကို သင်​အမှန်ပင်​မြင်နိုင်​မည်​လော။ မမြင်နိုင်​ပါ၊ သို့သော် သံ​မှုန့်​များ​အပေါ် သံ​လိုက်​စက်​ကွင်း​သက်ရောက်မှု​ကို အထင်အရှား​မြင်ခဲ့​ရာ သံ​လိုက်​ဓာတ်​ရှိကြောင်း ယုံကြည်​စိတ်ချ​လောက်​သော​သက်သေ​ရခဲ့​သည်။

ကျွန်ုပ်​တို့​မမြင်နိုင်​သော အခြား​အရာများ​ကို စောဒက​မ​တက်​ဘဲ လက်ခံ​ကြ​၏။ လှပသော​ပန်းချီကား​တစ်ချပ်​ကို ကြည့်​သောအခါ သို့​မဟုတ် လက်ရာမြောက်​သော​ပန်း​ပု​ကို သဘောကျ​သောအခါ ပန်းချီ​ဆရာ သို့​မဟုတ် ပန်း​ပု​ဆရာ ရှိသည်​ကို ကျွန်ုပ်​တို့​သံသယ​မဖြစ်​ကြ​ချေ။ ထို့​ကြောင့် ရေတံခွန်​တစ်ခု​ကို အလေးထား​စဉ်းစား​သောအခါ သို့​မဟုတ် နေဝင်ချိန်​ကို ငေး​မော​ကြည့်​သောအခါ ကြီးမြတ်သော​ပန်းချီ​ဆရာ သို့​မဟုတ် ပန်း​ပု​ဆရာ​၏​လက်ရာ​ဖြစ်​နိုင်​သည်​ဟု အနည်းဆုံး​စဉ်းစား​ဆင်ခြင်​ရန် လှုံ့ဆော်​ခံရ​သင့်​သည်မဟုတ်​လော။

အချို့ အဘယ်ကြောင့်​မယုံနိုင်​ကြ

တလွဲ​ဖြစ်နေ​သည်​မှာ ချာ့ခ်ျ​၏​သွန်သင်ချက်​များ​ကြောင့် ဘုရားသခင်​ကို အချို့​မယုံကြ​တော့​ချေ။ ဘုရားသခင်​သည် ဆိုးသွမ်းသူ​များ​ကို မီးငရဲ​တွင် မီးလောင်​စေ​သည်​ဟု ကြားသိ​ခဲ့​ရသောအခါ နော်​ဝေး​အမျိုးသား​တစ်ယောက် ထိုသို့​ပင်​ဖြစ်​ခဲ့​သည်။ ဤ​သူသည် လူ​တို့ကို ၎င်း​နည်းဖြင့်​ညှဉ်းဆဲ​မည့် ဘုရားသခင်​အား သဘောမပေါက်​နိုင်သော​ကြောင့် ဘုရားသခင်​မဲ့​ဝါဒီ​ဖြစ်​ခဲ့​၏။

သို့သော် နောက်ပိုင်း​တွင် ထို​သူသည် ယေဟောဝါသက်သေ​တစ်ဦး၏​အကူအညီ​ဖြင့် သမ္မာကျမ်းစာ​ကို စူးစမ်း​လေ့လာ​ရန် သဘောတူခဲ့​သည်။ ဆိုးသွမ်းသူ​များ​ကို မီးငရဲ​တွင်​ညှဉ်းဆဲ​သည်​ဟု သမ္မာကျမ်းစာ​က မသွန်သင်​ကြောင်း ထို​သူသိ​ရှိလာ​သောအခါ အံ့သြ​ခဲ့​သည်။ ကျမ်းစာ​က သေခြင်းကို အိပ်မောကျ​ခြင်း​နှင့်​နှိုင်းယှဉ်​ထား​၏။ သင်္ချိုင်း​တွင် နာကျင်မှု​မရှိ; အဘယ်အရာကို​မျှ​မသိ​ပေ။ (ဒေ. ၉:၅၊ ၁၀) ပဲ့ပြင်​ဆုံးမ​၍​မရ​သော ဆိုးသွမ်းသူ​များ​ဟု ဘုရားသခင်​၏​တရား​စီရင်ချက်​ကို​ခံရ​သူများ​သည် သင်္ချိုင်း​တွင် ထာဝစဉ်​ရှိနေ​မည့်​အကြောင်းကိုလည်း ထို​သူသိ​ရှိလာ​ခဲ့​သည်။ (မဿဲ ၁၂:၃၁၊ ၃၂) ပရဒိသု​အခြေအနေ​များ​အောက်တွင် ထာဝရ​အသက်​ရရှိရန် အလားအလာ​ရှိသည့် ကြွင်း​သေး​သော​လူသေ​တို့သည် ဘုရားသခင်​သတ်မှတ်​ထားသော​အချိန်တွင် ရှင်ပြန်ထမြောက်​လာ​ကြ​ပါ​လိမ့်​မည်။ (ယောဟန် ၅:၂၈၊ ၂၉; ၁၇:၃) ဤ​ရှင်းပြချက်​သည် ယုတ္တိတန်​၏။ “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟူသော ကျမ်းစာ​ဖော်ပြချက်​နှင့်​ကိုက်ညီ​နေသည်။ (၁ ယောဟန် ၄:၈) စိတ်ရင်းမှန်​သော ဤ​သူသည် ဘုရားသခင့်​စကားတော်​ကို အတန်ကြာ ဆက်​လေ့လာ​ပြီး​နောက် သမ္မာကျမ်းစာ​၏​ဘုရားသခင်​ကို ချစ်​မြတ်နိုး​လာ​ခဲ့​သည်။

အခြားသူများ​မူ​ကား စိတ်​ဆင်းရဲခြင်း​နှင့် မတရားမှုများ​ပြား​နေသော​ကြောင့် မေတ္တာ​ရှိသော​ဖန်ဆင်း​ရှင်​ရှိ​ခြင်း​ကို ငြင်းပယ်​ကြသည်။ ဤ​သူတို့သည် တစ်ချိန်က ကောင်းကင်​ကို​ထိုး​ပြ​ကာ ဤသို့​မေးခဲ့​သည့် ဆွီဒင်​အမျိုးသား​တစ်ဦး​နှင့် သဘောချင်း​တိုက်ဆိုင်​ကြသည်– “ဒီမှာ​ကျ​တော့ ဒီလောက်တောင် အကျင့်ပျက် ဆိုးသွမ်း​နေတာ ဟို​မှာ တန်ခိုးရှင်၊ အလျှံပယ်​ရက်ရောတဲ့​ဘုရားသခင် ဘယ်လို​ရှိ​နိုင်​မလဲ။” သူ၏​မေးခွန်း​ကို မည်သူမျှ မဖြေနိုင်​သောကြောင့် သူသည်​လည်း ဘုရားသခင်​မဲ့​ဝါဒီ​တစ်ဦး​ဖြစ်လာ​ခဲ့​၏။ နောက်ပိုင်း​တွင် ယေဟောဝါသက်သေ​များနှင့် သူ​ကျမ်းစာ​စတင်​လေ့လာ​ခဲ့​သည်။ ဆိုးသွမ်းမှု​ကို ဘုရားသခင် အဘယ်ကြောင့်​ခွင့်ပြု​ထား​ရသနည်း *ဟူသော ရှေးဟောင်း​မေးခွန်း​ကို ဘုရားသခင့်​စကားတော်​က ကျေနပ်ဖွယ်​အဖြေပေး​ထား​ကြောင်း သူသိ​ရှိခဲ့​သည်။

ဆိုးသွမ်းမှု​တည်ရှိခြင်း​ကိုယ်နှိုက်​က ဘုရားသခင်​မရှိ​ဟု သက်သေပြ​ခြင်း​မဟုတ်​ကြောင်း အဆိုပါ​စိတ်ရင်းမှန်​သူသိ​ရှိခဲ့​၏။ ဥပမာ​ဖော်ပြ​ရ​လျှင် လူတစ်ဦး​သည် အသား​လှီး​ရန် ဓား​တစ်ချောင်း​ပြုလုပ်​ခဲ့​ပေမည်။ ဝယ်​သူသည် ဓားကို​ဝယ်ပြီး အသား​လှီး​ရန်​မဟုတ်ဘဲ လူသတ်မှု​ကျူးလွန်​ရန်​အတွက် အသုံးပြု​လိုက်​ပေမည်။ ဓားကို လွဲမှား​စွာ​အသုံးပြု​ခဲ့​ခြင်း​က ၎င်းကို​ပြုလုပ်​သူ​မရှိကြောင်း မည်သည့်​နည်းဖြင့်​မျှ သက်သေ​မ​ထူ​ပါ။ ထို​နည်းတူ ကမ္ဘာ​မြေကြီးကို ၎င်း​၏​ရည်ရွယ်ချက်​နှင့်​အညီ အသုံးမပြု​ခဲ့​ကြသော​ကြောင့် ၎င်းကို​ဖန်ဆင်း​သူ​မရှိ​ဟု အဓိပ္ပာယ်​မသက်ရောက်​ပါ။

ဘုရားသခင်​၏​အလုပ်​သည် စုံလင်​သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ကိုယ်တော်​သည် “အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရား[သခင်]ဖြစ်​တော်​မူ​၏။” (တရားဟောရာ ၃၂:၄) ဘုရားသခင်​သည် လူကို ကောင်းမြတ်သော​ဆုကျေးဇူး​များ​ပေး​သော်လည်း ဆုကျေးဇူး​အချို့​ကို လွဲမှား​စွာ​အသုံးပြု​ခဲ့​ကြပြီ​ဖြစ်​ရာ မရေမတွက်​နိုင်သော ဆင်းရဲခြင်း​များ​ဖြစ်ပေါ်​စေ​ခဲ့ပြီ။ (ယာကုပ် ၁:၁၇) သို့ရာတွင် ဘုရားသခင်​သည် ဆင်းရဲခြင်း​များ​ကို အဆုံးတိုင်​စေ​လိမ့်​မည်။ ထို့နောက် “စိတ်​နှိမ့်ချသော​သူတို့မူကား၊ ပြည်တော် [“မြေကြီး၊” က​ဘ] ကို​အမွေခံ​၍ . . . အစဉ်အမြဲ​နေရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉

အစပိုင်း​တွင်​ဖော်ပြ​ထားသော ဆွီဒင်​အမျိုးသား​သည် လူသားချင်း​တို့၏​ဆင်းရဲမှု​များ​ကို​မြင်​သောအခါ စိတ်ထိခိုက်​ခဲ့​သည်။ အမှန်​မှာ၊ သူတစ်ပါး​အပေါ် သူ၏​ချစ်​သနားစိတ်​က ဘုရားသခင်​ရှိကြောင်းကို သေချာ​စေ​သည်။ မည်သို့​အားဖြင့်​နည်း။

လူအများစု​အတွက် ဘုရားသခင်​ကို​ယုံကြည်ခြင်း​အစား ဆင့်ကဲ​ဝါဒ​ကို​ယုံ​ရန်​သာ​ရှိသည်။ လူ​နှင့်​တိရစ္ဆာန်​တို့သည် ၎င်းတို့၏​မျိုး​တူ​ချင်း​အတွင်း အသက်ရှင်​ကြွင်းကျန်​ရန် ယှဉ်ပြိုင်​သည့် “အသင့်တော်ဆုံး​သာ ကြွင်းကျန်” အယူ​ကို ဆင့်ကဲဝါဒီ​များ​သွန်သင်​ကြ​၏။ အသန်​မာ​ဆုံး ကျန်ရစ်​ကာ မသန်​မာ​ဆုံး ပျက်စီး​ရသည်။ ၎င်း​သည် သဘာဝတရား​ဖြစ်သည်ဟု သူတို့​ဆို​ကြ​၏။ သို့သော် သန်မာ​သူများ​အတွက် မသန်​မာ​သူများ​က သေရ​ခြင်း​သည် “သဘာဝတရား” ဖြစ်​မည်​ဆိုလျှင် ဆွီဒင်​အမျိုးသား​ကဲ့သို့ သန်မာ​သူ​အချို့​သည် လူသားချင်း​၏​ဆင်းရဲမှု​များ​ကို မြင်ရသော​အခါ စိတ်ထိခိုက်​ခဲ့​ခြင်း​ကို မည်သို့​ရှင်းပြ​နိုင်​မည်​နည်း။

ဘုရားသခင်​အား သိကျွမ်းခြင်း

ဘုရားသခင်​၌ လူ့​ပုံသဏ္ဌာန်​မရှိသော​ကြောင့် ကိုယ်တော်​ကို မမြင်နိုင်​ကြ​ပါ။ သို့​တိုင် ဘုရားသခင်​သည် မိမိ​အား သိကျွမ်း​စေ​လို​သည်။ ကိုယ်တော်​နှင့်​သိကျွမ်း​လာနိုင်​သည့် နည်း​တစ်နည်း​မှာ ကိုယ်တော်​၏​အလွန်​တ​ရာထူး​ဆန်း​သော လက်ရာများ—ဖန်ဆင်း​ခြင်း​၏ “ပန်းချီ​ကားချပ်​များ” နှင့် “ပန်း​ပု​များ”—ကို​စိတ်ဝင်တစား​ကြည့်ရှု​ခြင်း​အားဖြင့် ဖြစ်သည်။ ရောမ ၁:၂၀ တွင်​သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ဖန်ဆင်း​တော်​မူ​ရာ​များ​ကို ထောက်ရှု​သဖြင့်၊ ထာဝရ​တန်ခိုးတော်​နှင့် ထာဝရ​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော​ဘုရားသခင်​၏​အရာ​တို့သည် ကမ္ဘာ​တည်​သည်​ကာလ​မှ​စ၍ ထင်ရှား​လျက်​ရှိကြ​၏။” မှန်ပါသည်၊ ပန်းချီ​ကားချပ် သို့​မဟုတ် ပန်း​ပု​တစ်ခု​ကို လေ့လာခြင်း​ဖြင့် ၎င်း​အနုပညာရှင်​၏​ဥပဓိရုပ်​ကို ထိုးထွင်း​သိမြင်​နိုင်​စေ​သကဲ့သို့ ဘုရားသခင်​၏​အံ့ချီးဖွယ် လက်ရာများ​ကို ဆင်ခြင်​တွေးတောခြင်း​ဖြင့် ကိုယ်တော်​၏​ဥပဓိရုပ်တော်​ကို သာ၍​သိကျွမ်း​လာ​စေနိုင်​သည်။

မှန်ပါသည်၊ ဘုရားသခင်​၏​ဖန်ဆင်း​ရာ​များ​ကို ရှုစား​ရုံ​ဖြင့်​သာ အသက်တာ​၏​စိတ်​အနှောင့်အယှက်​ဖြစ်စေ​သော မေးခွန်း​အားလုံး​ကို ကျွန်ုပ်​တို့​အဖြေ​မပေးနိုင်ပါ။ သို့သော် ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​ကို စေ့စပ်​သေချာ​စွာ​ဖတ်ရှုခြင်း​အားဖြင့် ဤသို့​သော​မေးခွန်းများ​၏​အဖြေကို ရှာတွေ့နိုင်​ပါ​သည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့် အမျိုးသား​နှစ်ဦး​သည် အမြင်​ကျယ်ကျယ်​နှင့် သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ခဲ့​ကြ​ခြင်း​အားဖြင့် ဘုရားသခင်​တည်ရှိ​ပြီး ကျွန်ုပ်​တို့​တွင်​ဖြစ်ပျက်​ရာ​ကို ဂရုစိုက်​ကြောင်း ကောက်ချက်​ချ​ခဲ့​ကြသည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ဆိုးသွမ်းမှု​ကို ဘုရားသခင်​ခွင့်ပြု​ထား​ရသည့်​အကြောင်း ထပ်ဆင့်​သိ​လိုလျှင် နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​မှ ထုတ်ဝေ​သည့် သင့်​အား ဂရုစိုက်​စောင့်ရှောက်​သည့် ဖန်ဆင်း​ရှင်​တစ်ပါး ရှိ၏​လော စာအုပ်​၏​အခန်း ၁၀ ကို​ကျေးဇူးပြု​၍​ရှု။

[Picture Credit Line on page 28]

J. Hester and P. Scowen (AZ State Univ.), NASA