ရော်ဘင်စင် ခရူးစိုး ကျွန်းပေါ် ကယ်ဆယ်မှု
ရော်ဘင်စင် ခရူးစိုး ကျွန်းပေါ် ကယ်ဆယ်မှု
ရော်ဘင်စင်ခရူးစိုးကျွန်းသည် ပစိဖိတ်သမုဒ္ဒရာရှိ ဝှမ်းဖနန်ဒက်စ်ဟုခေါ်သော ကျွန်းစုတွင်ပါသည့် ကျွန်းသုံးကျွန်းထဲမှ တစ်ကျွန်းဖြစ်ပြီး ချီလီကမ်းခြေမှ မိုင် ၄၀၀ အကွာတွင်ရှိသည်။ * စတုရန်းမိုင် ၃၆ မိုင်ရှိ ဤကျွန်းသည် အင်္ဂလိပ်စာရေးဆရာ ဒဲန်နီရယ်လ် ဒီဖို ရေးသားခဲ့သော ၁၈ ရာစုနှစ်မှ နာမည်ကျော် ရော်ဘင်စင်ခရူးစိုးဟူသည့်ဝတ္ထု၏အမည်ကို ရထား၏။ ထိုဝတ္ထုသည် အဆိုပါကျွန်းပေါ်တွင် လေးနှစ်ခန့် တစ်ဦးတည်းနေထိုင်ခဲ့သော စကော့လူမျိုး အလက်ဇန္ဒြား စဲလ်ကာ့ခ်၏ စွန့်စားခန်းများကိုအများအားဖြင့်အခြေခံသည်။
ဤကျွန်းပေါ်ရှိ သစ်သားမှတ်တိုင်တစ်ခုပေါ်ရှိစာများအနက် အချို့မှာ ဤသို့ဖြစ်သည်– “ဤနေရာ၌ စကော့သင်္ဘောသား အလက်ဇန္ဒြား စဲလ်ကာ့ခ်သည် သူ၏အထီးကျန်မှုမှ လွတ်မြောက်စေမည့် ကယ်ဆယ်ရေးလှေ မိုးကုပ်စက်ဝိုင်းတွင်ပေါ်လာနိုးနိုးနှင့် တစ်နေ့ပြီးတစ်နေ့ လေးနှစ်ကျော်အထိ စောင့်မျှော်ခဲ့သည်။” အဆုံးတွင် စဲလ်ကာ့ခ်သည် ကယ်ဆယ်ခံခဲ့ရပြီး၊ သူ၏ကိုယ်ပိုင်ပရဒိသုငယ်လေးတွင် နေထိုင်ခဲ့ပြီးနောက် သူ့အား စိတ်ကျေနပ်မှုမပေးနိုင်တော့သည့်လောက သူ၏မွေးရပ်မြေသို့ ပြန်ရောက်သွားသည်။ ဤသို့သူပြောဆိုခဲ့သည်ဟု ဆိုကြသည်– “အို၊ အကျွန်ုပ်နှစ်သက်သော ကျွန်းကလေး! သင့်ထံမှ မခွဲခွာခဲ့ရလျှင်ကောင်းသား!”
အချိန်ကုန်လွန်လာလေသော် အဆိုပါကျွန်းကို ပြစ်ဒဏ်စီရင်ရာနေရာအဖြစ် အသုံးပြုပြီး . . . ချာ့ခ်ျနှင့်ဆန့်ကျင်သည့် “ယုံကြည်ခြင်းရာဇဝတ်မှုများ” ကျူးလွန်သူအချို့ နေထိုင်ခဲ့ကြရသည်။ စဲလ်ကာ့ခ်သိရှိခဲ့သော ပရဒိသုကျွန်းနှင့် ကွာခြားလိုက်လေခြင်း! သို့သော် ယခုလက်ရှိအချိန်၌ ထိုကျွန်းပေါ်နေထိုင်ကြသူတို့သည် ကမ္ဘာ့ဒေသအများစုတွင်မရှိသော ငြိမ်သက်အေးချမ်းမှုရှိကြသည်။ ကျွန်းများစွာ၏ ယဉ်ကျေးမှုဖြစ်သော အေးဆေးသည့်ဘဝပုံစံက မည်သူ့အကြောင်းကိုမဆို စကားစမြည်စတင်ပြောဆိုရန် လွယ်ကူစေသည်။
တရားဝင်ထုတ်ပြန်ချက်အရ ရော်ဘင်စင်ခရူးစိုး၌နေထိုင်သူ ၅၀၀ ခန့်ရှိသော်လည်း တစ်နှစ်လုံးတွင်များသောအားဖြင့် လူပေါင်း ၄၀၀ ခန့်သာ ကျွန်းပေါ်နေထိုင်ကြသည်။ အကြောင်းရင်းတစ်ခုမှာ မိခင်အချို့နှင့် သူတို့၏သားသမီးများသည် ကျောင်းဖွင့်ချိန်အတွင်း ပြည်မချီလီ
တွင်နေထိုင်ကြပြီး ကျောင်းပိတ်ချိန်၌သာ ကျန်မိသားစုနှင့်အတူနေထိုင်ကြရန် ထိုကျွန်းသို့ပြန်လာကြသည်။ရော်ဘင်စင်ခရူးစိုးပေါ်၌ ဥယျာဉ်ကဲ့သို့ လှပသောဝန်းကျင်များရှိလျက်နှင့် ကျွန်းသားအချို့သည် ဝိညာဉ်ရေးဘက်တွင်ဟာနေသည်ဟု ခံစားရပြီး အဖြေများကိုရှာဖွေနေကြသည်။ အခြားသူတို့မှာမူ မိမိတို့အနေနှင့် ဝိညာဉ်ရေးဘက်ကယ်ဆယ်ရေး လိုအပ်နေသည့်အလား ခံစားကြရသည်။
ဝိညာဉ်ရေးရာ ကယ်ဆယ်ရေး
ယင်းသို့သော ဝိညာဉ်ရေးရာကယ်ဆယ်ရေးလုပ်ငန်းကို ၁၉၇၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်။ ချီလီနိုင်ငံ၊ စန်တီအာဂိုမြို့၌ ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာလေ့လာခဲ့သော အမျိုးသမီးတစ်ဦးသည် ထိုကျွန်းပေါ်သို့ပြောင်းရွှေ့နေထိုင်ပြီး သူတတ်သိခဲ့သမျှကို အခြားသူတို့အား စတင်၍သွန်သင်ပေးလေသည်။ နောက်ပိုင်းတစ်ချိန်တွင် လောကလုပ်ငန်းအတွက် ထိုကျွန်းသို့ရောက်လာသော အသင်းတော်အကြီးအကဲတစ်ဦးသည် ထိုအမျိုးသမီး၏အကူအညီဖြင့် ဝိညာဉ်ရေးဘက်တိုးတက်နေသော ကျမ်းစာကျောင်းသားအုပ်စုငယ်လေးတစ်ခုကို တွေ့ရှိလိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။ ထိုအကြီးအကဲသည် နောက်သုံးလအကြာတွင် ၎င်းကျွန်းပေါ်သို့ ပြန်ရောက်သွားသည့်အခါ ဤသီးခြားသမ္မာကျမ်းစာသွန်သင်ပေးသူနှင့် သူ၏သင်သားနှစ်ဦးမှာ နှစ်ခြင်းခံရန်အသင့်ရှိနေကြရာ ထိုအကြီးအကဲသည် ဦး
စီးဦးဆောင်ပြုပြီး သူတို့ကိုနှစ်ခြင်းပေးခဲ့၏။ နောက်ပိုင်းတွင် နှစ်ခြင်းခံပြီးခါစ ဤခရစ်ယာန်များအနက်တစ်ဦးသည် အိမ်ထောင်ပြုလိုက်ရာ သူ၏ခင်ပွန်းနှင့်အတူ ဝိညာဉ်ရေးဘက်ကယ်ဆယ်ခံလိုသော အခြားသူတို့ကို ဆက်လက်ရှာဖွေခဲ့သည်။ သူ၏ခင်ပွန်းသည် အတော်အသင့်ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ဦးစီး၍ဆောက်လုပ်ခဲ့ရာ ယခုတိုင် ထိုကျွန်းပေါ်ရှိအုပ်စုငယ်လေးက ၎င်းကိုအသုံးပြုနေကြသည်။ အတန်ကြာသော် သူတို့သည် ငွေရေးကြေးရေးကြောင့် ရော်ဘင်စင်ခရူးစိုးမှ ချီလီနိုင်ငံအလယ်ပိုင်းရှိ အသင်းတော်တစ်ခုသို့ ပြောင်းရွှေ့သွားခဲ့ပြီး ထိုတွင် ယေဟောဝါအား ဆက်လက်၍တက်တက်ကြွကြွဝတ်ပြုနေကြ၏။မှားယွင်းသောဘာသာမှ အခြားသူတို့ကို တဖြည်းဖြည်းကယ်ဆယ်ခဲ့ရာ ထိုကျွန်းရှိအုပ်စုငယ်လေးမှာ ဆက်လက်ကြီးလာသည်။ သို့သော် ကျောင်းသားများသည် အထက်တန်းကျောင်းပညာရေးအတွက် ပြည်မသို့ရွှေ့ပြောင်းသွားကြရသောကြောင့် ထိုအုပ်စုတွင် နှစ်ခြင်းခံပြီးသားညီအစ်မနှစ်ဦးနှင့် လုံမငယ်တစ်ဦးသာ ကျန်ရစ်တော့သည်။ ကျောင်းပိတ်ချိန်၌ ထိုကျွန်းသို့ မိခင်အချို့ပြန်လာကြသည့်အခါ ၎င်းအုပ်စုသည် များလာလေ၏။ ယင်းက တစ်နှစ်ပတ်လုံး ဤတွင်သီးခြားနေထိုင်ကြသူ ခရစ်ယာန်သုံးဦးကို အားပြည့်လာစေသည်။ ဤညီအစ်မများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရော်ဘင်စင်ခရူးစိုးတွင် ယေဟောဝါသက်သေများကို လူသိများကြသည်။ မှန်ပါသည်၊ ကျွန်းသားအချို့က သူတို့၏လုပ်ငန်းကို ဆန့်ကျင်၍ ဘုရားသခင့်နိုင်ငံတော်သတင်းကို အခြားသူများငြင်းပယ်ရန် ဖိအားပေးကြိုးစားကြသည်။ မည်သို့ပင်ဖြစ်စေ စိတ်နှလုံးရိုးဖြောင့်သူတို့နှလုံးတွင်ကြဲထားသော ကျမ်းစာအမှန်တရားမျိုးစေ့သည် ဆက်လက်အညှောက်ပေါက်နေသည်။
ကယ်ဆယ်ခံရသူတို့ကို ခွန်အားရှိစေခြင်း
တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် ထိုကျွန်းသို့ တစ်နှစ်တစ်ခါလည်ပတ်သည်။ ဝေးလံသောကျွန်းတစ်ကျွန်းရှိ လက်တစ်ဆုပ်စာသက်သေခံများထံ လည်ပတ်ရခြင်းမှာ မည်သို့ဖြစ်သနည်း။ ရော်ဘင်စင်ခရူးစိုးသို့ ပထမဦးဆုံးလည်ပတ်ခြင်းအကြောင်း တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက ဤသို့ပြောပြသည်–
“ဒီခရီးစဉ်က ကျွန်တော့်အိပ်မက်ကို တကယ်ဖြစ်လာစေတာပဲ။ ဗဲလ်ပရေစိုးကနေ စန်တီအာဂိုမြို့ စီရီလိုစ်လေယာဉ်ကွင်းကို မနက်ခုနစ်နာရီမှာစထွက်ခဲ့တယ်။ ခရီးသည်ခုနစ်ယောက်တင် လေယာဉ်ငယ်ပေါ် ကျွန်တော်တို့တက်ခဲ့ကြတယ်။ ၂ နာရီ ၄၅ မိနစ်ကြာတော့ ခပ်လှမ်းလှမ်းမှာ တိမ်တွေပေါ် ထိုးထွက်နေတဲ့ တောင်ထိပ်တစ်ခုကို ကျွန်တော်တို့မြင်လိုက်ရတယ်။ နီးသထက်နီးလာတဲ့အခါ ပင်လယ်ထဲ စွဲမှတ်စရာ ကျောက်စိုင်ကျောက်ခဲကြီးဖြစ်တဲ့ အဲဒီကျွန်းပေါ်လာတယ်။ ကြည့်ရတာ ကျယ်ပြောတဲ့ပင်လယ်ပြင်ထဲမှာ လမ်းပျောက်နေတဲ့ သင်္ဘောတစ်စီးလိုပဲ။
“လေယာဉ်ဆိုက်ပြီးတော့ ကျွန်တော်တို့ကို လှေတစ်စီးနဲ့ ရွာလေးကို ခေါ်သွားကြတယ်။ ဟိုဟိုဒီဒီမှာ ပင်လယ်ကနေ ထိုးထွက်နေတဲ့ ကျောက်စိုင်ကျောက်ခဲတွေက ဝှမ်းဖနန်ဒက်စ်အမွေးထူဖျံတွေနားဖို့ ကျွန်းငယ်လေးတွေဖြစ်လာတယ်။ အမွေးထူဖျံအရေအတွက် အရမ်းလျော့နည်းသွားလို့ ဒီအကောင်တွေဟာ ကာကွယ်ခံရတဲ့မျိုးစိတ်တစ်ခုဖြစ်တယ်။ ရုတ်တရက် လှေဘေးနားကနေ တစ်ခုခုပျံသန်းသွားပြီး ပင်လယ်ထဲ ပျောက်သွားတယ်။ အဲ့ဒါကတော့ ငါးပျံတစ်ကောင်ပဲ၊ သူ့ရဲ့ခေါက်နေတဲ့ဆူးတောင်တွေက အတောင်နဲ့တူတယ်။ အင်းဆက်ပိုးတွေ ဖမ်းစားဖို့ ရေထဲကနေခုန်ထွက်လာရတာ သူပျော်သလိုပဲ။ တစ်ခါတလေ သူကိုယ်တိုင်အဖမ်းခံရတယ်; သူခုန်ထွက်ပြီး ရေထဲပြန်မဝင်ခင် သူ့ကိုမျိုဖို့ အသင့်ရှိနေတဲ့ အခြားသားစားကောင်တွေက သူ့ကိုချောင်းနေကြတာ။
“နောက်ဆုံးတော့ စန် ဝှမ် ဗော်တီစ်တာ (သူတော်စင်နှစ်ခြင်းဆရာယောဟန်) ရွာကို ရောက်တယ်။ သင်္ဘောဆိပ်မှာ ကျွန်းသားအတော်များများ ရပ်ကြည့်နေကြတယ်၊ သူတို့ရဲ့ ဧည့်သည်တွေကို စောင့်နေကြသူတွေရော ဒီတစ်ခေါက် ဘယ်သူတွေပါလာသလဲလို့ သိချင်တဲ့သူတွေရောပေါ့။ ကျွန်တော်တို့ရှေ့ လှပတဲ့မြင်ကွင်းကျယ်ရှုခင်း—အဲလ်ရွန်ကေ (ပေတုံး) လို့ခေါ်တဲ့ ကြီးကျယ်ခမ်းနားပြီး အချွန်အတက်ထွက်နေတဲ့တောင်တန်းကို အစိမ်းရင့်ရောင်ကတ္တီပါကော်ဇောခင်းထားသလိုပဲ၊ နောက်ခံမှာတော့ အဖြူရောင်တိမ်စိုင်တိမ်ခဲကြီးတွေနဲ့ အနားကွပ်ထားတဲ့ ကောင်းကင်ပြာကြီး—ဟာ စိတ်စွဲမှတ်စရာပါပဲ။
“ဆိပ်ကမ်းမှာ ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်မတွေနဲ့ သူတို့ရဲ့ကလေးတွေ စောင့်နေကြတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်ဟာ ကျောင်းပိတ်ချိန်ဖြစ်လို့ ခါတိုင်းထက်အုပ်စုကြီးတယ်။ ရင်းရင်းနှီးနှီး အပြန်အလှန်နှုတ်ဆက်ကြပြီးတော့ ကျွန်တော်တို့ရဲ့တစ်ပတ်တာအိမ်ဖြစ်မယ့် နေချင်စရာကောင်းတဲ့တဲငယ်လေးကို ခေါ်သွားကြတယ်။
“တကယ့်ကိုထူးခြားတဲ့ ရက်သတ္တပတ်ပါပဲ၊ အချိန်ကုန်မြန်လိမ့်မယ်လို့ ကျွန်တော်တို့သိထားတယ်။ ဒါကြောင့်အချိန်ကို အကျိုးရှိရှိ အသုံးပြုဖို့လိုတယ်။ အဲဒီနေ့ နေ့လယ်စာစားပြီးပြီးချင်းမှာပဲ ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးညီအစ်မ၊ ဘုရားသခင့်ဝိညာဉ်ရေးပရဒိသုမှာပါဝင်တော့မယ့် ကျမ်းစာသင်သားတစ်ဦးထံ လည်ပတ်ခဲ့တယ်။ သူဟာအရမ်းပျော်ရွှင်နေပေမဲ့ စိတ်အနည်းငယ်လှုပ်ရှားနေပုံရတယ်။ အတော်ကြာသူစောင့်မျှော်ခဲ့တဲ့ နှစ်ခြင်းယူဖို့သူ့ရဲ့ပန်းတိုင် နီးနေလို့ပဲ။ သတင်းကောင်းကြေညာနိုင်တဲ့သူအဖြစ် သူ့ကိုအရည်အချင်းပြည့်မီစေမယ့် သိသင့်သိအပ်တဲ့အကြောင်းတချို့ သူနဲ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ နောက်နေ့မှာပဲ ဟောပြောခြင်းလုပ်ငန်းမှာ ပထမဆုံးအကြိမ် သူပါဝင်ခဲ့တယ်။ သုံးရက်မြောက်နေ့မှာ သူနဲ့အတူ နှစ်ခြင်းအတွက်လိုအပ်ချက်တွေကို စတင်သုံးသပ်ခဲ့ကြတယ်။ အဲဒီအပတ်မကုန်ခင်မှာပဲ သူနှစ်ခြင်းယူလိုက်တယ်။
“အဲဒီအပတ်မှာ ကျင်းပတဲ့စည်းဝေးတွေကို လူတွေလာ တက်ရောက်ကြတယ်၊ အများဆုံးကတော့ ၁၄ ယောက်ဖြစ်တယ်။ နေ့တိုင်းပဲ လယ်ကွင်းလုပ်ငန်း၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုတွေနဲ့ သိုးထိန်းလည်ပတ်မှုအစီအစဉ်တွေ ရှိခဲ့တယ်။ သူတို့ဘာသာသူတို့ တစ်နှစ်လုံးအမှုဆောင်ကြတဲ့ ညီအစ်မတွေအတွက် တကယ်အားတက်စရာပဲ!”
ဤကျွန်းပေါ်မှ အမျိုးသားများ အမှန်တရားကိုတုံ့ပြန်ရန် ပို၍ခက်ခဲပုံဖြစ်ရသည့်အကြောင်းမှာ သူတို့၏ဝမ်းစာရှာလုပ်ငန်း၌ ပင်ပန်းစွာအားစိုက်ရခြင်းကြောင့်ဖြစ်မည်။ သူတို့၏အဓိကလုပ်ငန်းမှာ ကိုယ်ကိုကိုယ်နစ်မြှုပ်ထားရသည့် ကျောက်ပုဇွန်တုပ်ဖမ်းခြင်းလုပ်ငန်းဖြစ်သည်။ လူအများ၏ အပျက်သဘောပါသည့်တုံ့ပြန်မှုတွင် စွန်းကွက်ခြင်းစိတ်သည်လည်း ကဏ္ဍတစ်ရပ်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် အမျိုးသား၊ အမျိုးသမီးကျွန်းသားများစွာသည် တုံ့ပြန်လာကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ယခုအချိန်အထိ အဆိုပါကျွန်းပေါ်မှ ဆယ်ယောက်သည် အမှန်တရားနှင့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကို သိရှိလာကြခြင်းအားဖြင့် ကယ်ဆယ်ခံခဲ့ကြရပြီ။ သူတို့အနက် အချို့သည် အကြောင်းကြောင်းကြောင့် ထိုကျွန်းမှထွက်ခွာခဲ့ကြ၏။ သို့သော် ကျွန်းပေါ် သူတို့ဆက်နေထိုင်သည်ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သူတို့၏ဝိညာဉ်ရေးဆိုင်ရာ ကယ်ဆယ်ရေးမှာ အလက်ဇန္ဒြား စဲလ်ကာ့ခ်၏ကယ်ဆယ်ရေးထက် သာ၍အဓိပ္ပာယ်လေးနက်ကြောင်း ထင်ရှားခဲ့ပြီ။ ယခု သူတို့ မည်သည့်နေရာ၌ပင်နေထိုင်ကြပါစေ ဝိညာဉ်ရေးပရဒိသုတစ်ခုတွင် ပျော်မွေ့နေကြပေပြီ။ ထိုကျွန်းပေါ်တွင် နေထိုင်နေကြဆဲ ညီအစ်မများနှင့် သူတို့၏ကလေးများသည် ဥယျာဉ်ကဲ့သို့သောဝန်းကျင်မျိုးတွင် ပျော်မွေ့နေကြသော်လည်း ထိုမျှမက သူတို့သည် ကမ္ဘာတစ်ခုလုံး လုံးလုံးလျားလျား စစ်မှန်သောပရဒိသုဖြစ်လာသောအခါ အသက်ရှင်နေထိုင်ကြရမည့်အလားအလာကို ရရှိထားကြသည်။
ကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေ
ပထဝီမြေနေရာအရ ရော်ဘင်စင်ခရူးစိုးပေါ်ရှိ ယေဟောဝါသက်သေများ၏ ဤအုပ်စုငယ်လေးသည် သူတို့၏အခြားဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများနှင့် ဝေးလံနေကြသည်။ သို့တိုင် သူတို့သည် စကော့လူမျိုး စဲလ်ကာ့ခ်ကဲ့သို့ စွန့်ပစ်ထားခံရသည်ဟု မခံစားကြရပါ။ ကင်းမျှော်စင်အသင်း၏ချီလီဌာနခွဲမှ တစ်နှစ်လျှင်သုံးကြိမ် ပေးပို့နေသည့် အဆက်မပြတ်ရရှိနေသော သီအိုကရက်တစ်စာပေများ၊ အစည်းအဝေးများနှင့် စည်ဝေးကြီးများ၏ ဗီဒီယိုအခွေများ၊ တိုက်နယ်ကြီးကြပ်မှူး၏ နှစ်စဉ်လာရောက်လည်ပတ်မှုတို့အားဖြင့် သူတို့သည် ယေဟောဝါ၏အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိနေကြသည်။ သို့နှင့် သူတို့သည် ‘လူ့ပြည်အရပ်ရပ်တို့၌ရှိသော ညီအစ်ကိုများ’ တွင် တက်ကြွသောအပိုင်းကဏ္ဍတစ်ရပ်အနေနှင့် ဆက်လက်ပါဝင်နေကြပါသည်။—၁ ပေတရု ၅:၉။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 ထိုကျွန်း၏ တရားဝင်အမည်မှာ မာစ်အာတရဲရာဖြစ်သည်။
[စာမျက်နှာ ၉ မြေပုံ/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ချီလီ
စန်တီအာဂို
ရော်ဘင်စင် ခရူးစိုးကျွန်း
စန် ဝှမ် ဗော်တီစ်တာ
အဲလ်ရွန်ကေ
ပစိဖိတ် သမုဒ္ဒရာ
စန်တာကလယ်ရာကျွန်း
[ရုပ်ပုံ]
သာ၍နီးကပ်လာသောအခါ ပင်လယ်အလယ်တွင် စွဲမှတ်စရာ ကျောက်စိုင်ကျောက်ခဲကြီးဖြစ်သော အဆိုပါကျွန်းပေါ်လာသည်
[Credit Line]
ချီလီမြေပုံ– Mountain High Maps ®Copyright© 1997 Digital Wisdom, Inc.
[စာမျက်နှာ ၈ ပါ ရုပ်ပုံစာ]
ကြီးကျယ်ခမ်းနားပြီး အချွန်အတက်ထွက်နေသော အဲလ်ရွန်ကေ (ပေတုံး) အမည်ရှိတောင်တန်း
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စန် ဝှမ် ဗော်တီစ်တာရွာ (သူတော်စင် နှစ်ခြင်းဆရာ ယောဟန်)
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကျွန်းငယ်လေးများသည် အမွေးထူဖျံများနှင့် ပင်လယ်ဖျံကြီးများ နားခိုရာနေရာများဖြစ်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ချီလီ၊ စန်တီအာဂိုမှ လေယာဉ်ငယ်တစ်စီးဖြင့် ကျွန်တော်တို့လာရောက်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရော်ဘင်စင်ခရူးစိုးကျွန်း၏ မြေမျက်နှာပြင်မညီညာသောပင်လယ်ကမ်းခြေ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်းပေါ်မှ တော်သင့်သော ဘုရားသခင့်နိုင်ငံတော်ခန်းမ