သင်တို့ကိုအုပ်စိုးသောသူတို့အား ရိုသေပါ
သင်တို့ကိုအုပ်စိုးသောသူတို့အား ရိုသေပါ
“ခပ်သိမ်းသောသူတို့ကိုရိုသေကြလော့။ ညီအစ်ကိုများကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့။”—၁ ပေတရု ၂:၁၇။
၁၊ ၂။ အခွင့်အာဏာကို ယနေ့ မည်သို့သဘောထားကြသနည်း။ အဘယ်ကြောင့်နည်း။
“ကလေးတွေအလိုချည်းပဲ လိုက်ပေးနေရတယ်။ မိဘတွေကို နည်းနည်းမှမရိုသေကြဘူး” ဟု မိခင်တစ်ဦးက ကြေကွဲစွာဆိုသည်။ “အခွင့်အာဏာကို စောဒကတက်ကြ” ဟု မော်တော်ကားဘန်ပါကပ်ခွာတစ်ခုတွင် ရေးထားသည်။ သင်သိထားမည်ဖြစ်သည့်အတိုင်း ၎င်းတို့သည် ယနေ့လွှမ်းမိုးနေသောအခြေအနေတစ်ခု၏ ထင်ဟပ်ချက်နှစ်ခုမျှဖြစ်သေးသည်။ ယေဘုယျအားဖြင့် မိဘဆရာသမားများ၊ အလုပ်ရှင်နှင့်အစိုးရအရာရှိများကို ရိုသေလေးစားမှုကင်းမဲ့ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် သမားရိုးကျဖြစ်နေသည်။၊
၂ အချို့က ပခုံးတွန့်ပြကာ ‘အခွင့်အာဏာရှိသူတွေက ရိုသေလေးစားထိုက်သူတွေမှမဟုတ်တာ’ ဟုဆိုပေမည်။ . . . တစ်ခါတစ်ရံ ဤအဆိုကို ငြင်းဖို့ခက်ပေမည်။အကျင့်ပျက်. . .အရာရှိများ၊ တပ်မက်လုံးကြီးသောအလုပ်ရှင်များ၊ အရည်အချင်းမရှိသောဆရာများ နှင့် ရုန့်ရင်းကြမ်းတမ်းသောမိဘများ၏သတင်းကို ကျွန်ုပ်တို့ မှန်မှန်ကြားနေကြရသည်။ ဝမ်းသာစရာမှာ အသင်းတော်မှ အခွင့်အာဏာရှိသူများကို အလားတူအမြင်မျိုးရှိသည့်ခရစ်ယာန် နည်းပါသည်။—မဿဲ ၂၄:၄၅-၄၇။
၃၊ ၄။ ခရစ်ယာန်တို့သည် အခွင့်အာဏာရထားသူများကို အဘယ်ကြောင့် ရိုသေလေးစားမှုပြသင့်သနည်း။
၃ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် လောကအခွင့်အာဏာရှိသူများကို ရိုသေလေးစားရန် “ရှောင်လွှဲ၍မရသောအကြောင်းရင်း” ရှိသည်။ တမန်တော်ပေါလုက ခရစ်ယာန်များအား “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း” ဟုမှာကြားထားသည်။ (ရောမ ၁၃:၁၊ ၂၊ ၅၊ ကဘ; ၁ ပေတရု ၂:၁၃-၁၅) မိသားစုတွင် အခွင့်အာဏာရှိသူများကို နာခံရန် ခိုင်လုံသောအကြောင်းရင်းကိုလည်း ပေါလုက ဤသို့ပြသခဲ့သည်– “အချင်းမိန်းမတို့၊ သခင်ဘုရား၌လျောက်ပတ်သည်အတိုင်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သားသမီးတို့ မိဘစကားကို အရာရာ၌နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၁၈၊ ၂၀) အသင်းတော်အကြီးအကဲများအား ‘ဘုရားသခင့်အသင်းတော်ကို ထိန်းကျောင်းပေးရန် သန့်ရှင်းသောဝိညာဉ်တော်က ကြီးကြပ်မှူးများအဖြစ် ခန့်အပ်ထား’ သောကြောင့် သူတို့ကို ကျွန်ုပ်တို့ရိုသေလေးစားထိုက်သည်။ (တမန်တော် ၂၀:၂၈၊ ကဘ) အခွင့်အာဏာရှိလူသားများကို ကျွန်ုပ်တို့ရိုသေလေးစားကြခြင်းမှာ ယေဟောဝါကို ရိုသေလေးမြတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏အခွင့်အာဏာကို ရိုသေလေးမြတ်ခြင်းသည် ကျွန်ုပ်တို့၏ဘဝတွင် အမြဲဦးထိပ်ထားရာဖြစ်ရမည်ကားအမှန်။—တမန်တော် ၅:၂၉။
၄ ယေဟောဝါ၏ အထွတ်အထိပ်အာဏာတော်ကို ကျွန်ုပ်တို့စိတ်ထဲတွင်ထားကာ အခွင့်အာဏာရှိသူများကို ရိုသေလေးစားသူများနှင့် ရိုသေလေးစားမှုမရှိသူတို့၏နမူနာများကို သုံးသပ်ကြည့်ကြစို့။
မရိုမသေပြုမှုကြောင့် အပယ်ခံရ
၅။ မိခါလသည် ဒါဝိဒ်ကို မည်သို့မရိုမသေပြုခဲ့သနည်း၊ ယင်းကြောင့် မည်သို့ဖြစ်သွားသနည်း။
၅ ဘုရင်ဒါဝိဒ်၏ရာဇဝင်မှ ယေဟောဝါသည် ဘုရားသခင်ပေးအခွင့်အာဏာရှိသူများအား အထင်အမြင်သေးသူများအပေါ် မည်သို့သဘောထားသည်ကို သိရှိနိုင်ပါသည်။ ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ သယ်လာချိန်တွင် သူ၏ဇနီး မိခါလက “ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။” မိခါလအနေဖြင့် ဒါဝိဒ်သည် မိသားစုဦးစီးဖြစ်ရုံမျှမက နိုင်ငံ့ဘုရင်လည်းဖြစ်ကြောင်း သိမှတ်သင့်သည်။ သို့သော် သူ၏စိတ်ဓာတ်ကို ထေ့ငေါ့သောလေသံဖြင့် ဤသို့ဆိုသည်– “လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့ ယနေ့ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည် ယနေ့အဘယ်မျှလောက် ဘုန်းကြီးတော်မူ၂ ဓမ္မရာဇဝင် ၆:၁၄-၂၃။
ပါသည်တကား။” ယင်း၏အကျိုးဆက်မှာ မိခါလသည် တစ်သက်လုံး သွားဖွားခွင့်ဆုံးရှုံးခဲ့ရလေသည်။—၆။ ယေဟောဝါသည် မိမိ၏ဘိသိက်ခံအား ကောရ မလေးမခန့်ပြုမှုကို မည်သို့ရှုမြင်တော်မူသနည်း။
၆ ဘုရားသခင်ခန့်အပ်ထားသော သီအိုကရက်တစ်ဦးဆောင်မှုကို ရိုသေလေးမြတ်မှုမရှိသည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောနမူနာတစ်ရပ်မှာ ကောရ၏နမူနာဖြစ်သည်။ ကောဟပ်အမျိုးအနေနှင့် ဝတ်ပြုရာတဲတော်တွင် ယေဟောဝါ၏အမှုတော်ထမ်းရခြင်းသည် အမှန်ပင်အခွင့်ထူးလှပေသည်! သို့တိုင် သူသည် ဘုရားသခင့်ဘိသိက်ခံ ဣသရေလလူမျိုး၏ခေါင်းဆောင်များဖြစ်သော မောရှေနှင့်အာရုန်တို့ကို အပြစ်ရှာခဲ့သည်။ ကောရသည် ဣသရေလလူမျိုး၏ အခြားအကြီးအမှူးတို့ကိုပါစည်းရုံးကာ မောရှေနှင့်အာရုန်တို့ကို ပြောင်ပြောင်တင်းတင်းနှင့် ဤသို့ဆိုသည်– “ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက်ရသနည်း။” ကောရနှင့်သူ့အားထောက်ခံသူများကို ယေဟောဝါမည်သို့ ရှုမြင်တော်မူခဲ့သနည်း။ ဘုရားသခင်က သူတို့၏အပြုအမူကို ယေဟောဝါကိုယ်တော်တိုင်အား မရိုမသေပြုသည်ဟု ရှုမြင်တော်မူသည်။ ကောရနှင့် အကဲအမှူး ၂၅၀ တို့သည် သူတို့ဘက်ပါသူအားလုံး မြေမျိုခံရသည်ကို တွေ့ မြင်ကြရပြီးနောက် သူတို့လည်း ယေဟောဝါထံမှမီးကျပြီး လောင်ကျွမ်းဖျက်ဆီးခံရကြလေသည်။—တောလည်ရာ ၁၆:၁-၃၊ ၂၈-၃၅။
၇။ “ထူးချွန်သောတမန်တော်များ” သည် ပေါလု၏အခွင့်အာဏာကို ပြစ်တင်ဝေဖန်စရာအကြောင်း ရှိသလော။
၇ ပထမရာစုခရစ်ယာန်အသင်းတော်တွင် သီအိုကရက်တစ်အခွင့်အာဏာကို ပမာမခန့်ပြုသူများရှိခဲ့သည်။ ကောရိန္သုအသင်းတော်မှ “ထူးချွန်သောတမန်တော်တို့” သည် ပေါလုကို မခန့်လေးစားပြုခဲ့ကြသည်။ ပေါလု၏စကားပြောစွမ်းရည်နှင့်ပတ်သက်ပြီး “ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကိုပြောသောသူဖြစ်သည်” ဟု သူတို့က ကဲ့ရဲ့ခဲ့ကြသည်။ (၂ ကောရိန္သု ၁၀:၁၀; ၁၁:၅၊ သမ) ပေါလုသည် အဟောအပြောကောင်းသူဖြစ်စေ၊ မကောင်းသူဖြစ်စေ တမန်တော်တစ်ယောက်အနေနှင့် လေးစားထိုက်သူဖြစ်သည်။ သို့သော် ပေါလု၏စကားသည် အမှန်ပင် အချည်းနှီးဖြစ်သလော။ ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် ပေါလု၏လူထုဟောပြောချက်များသည် အဟောအပြောကောင်းသူဖြစ်ကြောင်း ပြသသည်။ “ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကို လေ့ကျက်” သောဟေရုဒ်အဂြိပ္ပ ၂ နှင့် အတိုချုပ်ဆွေးနွေးခန်း၏ရလဒ်အနေဖြင့် ဘုရင်က “သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည် ခရစ်ယာန်ဖြစ်လုပြီ”! ဟုပြောရသည့်အထိ ပေါလုစွမ်းဆောင်နိုင်ခဲ့သည်။ (တမန်တော် ၁၃:၁၅-၄၃; ၁၇:၂၂-၃၄; ၂၆:၁-၂၈) သို့တိုင် ကောရိန္သုရှိ ထူးချွန်သောတမန်တော်များက သူ့အား အချည်းနှီးသောစကားကိုပြောသောသူဟု စွပ်စွဲခဲ့ကြသည်! သူတို့၏သဘောထားကို ယေဟောဝါမည်သို့ ရှုမြင်တော်မူသနည်း။ ဧဖက်အသင်းတော်၏ကြီးကြပ်မှူးများထံပါးလိုက်သည့်အမှာစာတွင် ယေရှုခရစ်က ‘တမန်တော်မဟုတ်ဘဲ တမန်တော်ဟုဆို’ သူများ၏သွေးဆောင်မှုကိုလက်မခံသူများအား ချီးမွမ်းခဲ့သည်။—ဗျာဒိတ် ၂:၂။
မစုံလင်သော်လည်း ရိုသေလေးစားပါ
၈။ ဒါဝိဒ်သည် ရှောလုအား ယေဟောဝါပေးသနားထားသည့်အခွင့်အာဏာကို ရိုသေလေးစားကြောင်း မည်သို့ပြခဲ့သနည်း။
၈ အခွင့်အာဏာရှိသူများက မိမိတို့၏အခွင့်အာဏာကို တလွဲအသုံးပြု သို့မဟုတ် အလွန်အကျွံအသုံးပြုသည့်အခါ၌ပင် ၎င်းတို့ကို ရိုသေလေးစားခဲ့သည့် နမူနာများစွာ ကျမ်းစာထဲတွင် ပါရှိသည်။ ဒါဝိဒ်သည် အဆိုပါစံနမူနာကောင်းတစ်ရပ်ဖြစ်သည်။ သူအမှုထမ်းနေသော ဘုရင်ရှောလုသည် ဒါဝိဒ်၏အောင်မြင်မှုကို မနာလိုစိတ်ဝင်လာပြီး သူ့အားသတ်ရန်ရှာကြံနေသည်။ (၁ ဓမ္မရာဇဝင် ၁၈:၈-၁၂; ၁၉:၉-၁၁; ၂၃:၂၆) သို့တိုင် ရှောလုကို သတ်နိုင်ခွင့်ရသော်လည်း ဒါဝိဒ်ကဤသို့ဆိုသည်– “ထာဝရဘုရားပေးတော်မူသောဘိသိက်ကိုခံသော ငါ့အရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကိုထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရားဆီးတားတော်မူပါစေသော။” (၁ ဓမ္မရာဇဝင် ၂၄:၃-၆; ၂၆:၇-၁၃) ဒါဝိဒ်သည် ရှောလုမှားနေသည်ကို သိသော်လည်း သူ့အား တရားစီရင်ရန် ယေဟောဝါ၏လက်တော်တွင် ထားသည်။ (၁ ဓမ္မရာဇဝင် ၂၄:၁၂၊ ၁၅; ၂၆:၂၂-၂၄) သူသည် ရှောလုနှင့်ပတ်သက်၍သော်လည်းကောင်း၊ ရှောလုကိုသော်လည်းကောင်း ရင့်သီးရိုင်းစိုင်းစွာပြောဆိုခြင်းမရှိပေ။
၉။ (က) ရှောလု၏မတရားပြုမှုကိုခံရစဉ် ဒါဝိဒ်မည်သို့ ခံစားခဲ့ရသနည်း။ (ခ) ရှောလုကို ဒါဝိဒ်အမှန်တကယ်ရိုသေလေးစားကြောင်း မည်သို့ပြောနိုင်သနည်း။
၉ ဒါဝိဒ်သည် မတရားခံနေရချိန်တွင် စိတ်ဓာတ်ကျခဲ့ပါသလော။ “ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကိုရှာကြပါ၏” ဟုယေဟောဝါထံ ဒါဝိဒ်ဟစ်ကြွေးခဲ့သည်။ (ဆာလံ ၅၄:၃) ယေဟောဝါထံ ဤသို့သူရင်ဖွင့်ခဲ့သည်– “အိုအကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ . . . အားကြီးသောသူတို့သည် အကျွန်ုပ်တစ် ဖက်၌ စည်းဝေးကြပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်မှားယွင်းသောကြောင့်မဟုတ်ပါ။ အကျွန်ုပ်အပြစ်ကြောင့်မဟုတ်ပါ။ အကျွန်ုပ်၌အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကိုကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။” (ဆာလံ ၅၉:၁-၄) သင်သည် အခွင့်အာဏာရှိသူအပေါ် အဘယ်အမှားမျှမပြုလုပ်ခဲ့ဘဲနှင့် သူက သင့်ကို အပြစ်မြင်နေသည်ဟု အလားတူခံစားရဖူးသလော။ ဒါဝိဒ်သည် ရှောလုကို လေးစားမှုမပြဘဲမနေခဲ့ပါ။ ရှောလုသေဆုံးချိန်တွင် ခုန်ပေါက်မြူးပျော်မည့်အစား ဤငိုချင်းတစ်ပုဒ်ကို ဒါဝိဒ်ရေးစပ်ခဲ့သည်– “ရှောလုနှင့်ယောနသန်သည် ချစ်တတ်သောသဘောရှိ၍ အသက်ရှင်စဉ်အခါ မိတ်ဆွေဖြစ် . . . ၏။ သူတို့သည် ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက်ခွန်အားကြီးကြ၏။ အိုဣသရေလအမျိုးသမီးတို့၊ ရှောလုကိုငိုကြွေးကြလော့။” (၂ ဓမ္မရာဇဝင် ၁:၂၃၊ ၂၄) ဒါဝိဒ်သည် ရှောလု၏ မတရားသဖြင့်ပြုမှုကိုခံခဲ့ရလျက်ပင် ယေဟောဝါ၏ဘိသိက်ခံကို အမှန်တကယ်ရိုသေလေးစားမှုပြသည့် စံနမူနာကောင်းတစ်ရပ်ပေတည်း!
၁၀။ ပေါလုသည် အုပ်ချုပ်ရေးအဖွဲ့၏ ဘုရားသခင်ပေးအခွင့်အာဏာကို ရိုသေလေးစားမှုပြရာတွင် အဘယ်ပုံသက်သေကောင်းထားခဲ့သနည်း၊ ယင်းကြောင့် အဘယ်အရာဖြစ်ခဲ့သနည်း။
၁၀ ခရစ်ယာန်ခေတ်တွင် ဘုရားသခင်ပေးအခွင့်အာဏာရှိသူများကို ရိုသေလေးစားသည့် ထင်ရှားသောပုံသက်သေများကိုလည်း ကျွန်ုပ်တို့တွေ့ရသည်။ ဥပမာ၊ ပေါလုကို ကြည့်ပါ။ သူသည် ပထမရာစု ခရစ်ယာန်အသင်းတော်အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်များကို လေးစားခဲ့သည်။ ယေရုရှလင်မြို့သို့ ပေါလုနောက်ဆုံးလည်ပတ်ချိန်အတွင်း အုပ်ချုပ်ရေးအဖွဲ့က သူသည် မောရှေပညတ်အပေါ် မုန်းတီးမှုအစွဲမရှိကြောင်း အခြားသူများကိုသိစေရန် အစဉ်အလာအတိုင်း စင်ကြယ်ခြင်းအမှုကိုပြုရန် သူ့အား အကြံပြုခဲ့သည်။ ပေါလုက ဤသို့စဉ်းစားနိုင်သည်– ‘ဒီညီအစ်ကိုတွေပဲ အရင်တစ်ခါက ငါ့အတွက် အသက်အန္တရာယ်ရှိချိန်မှာ ယေရုရှလင်မြို့ကထွက်သွားဖို့ ငါ့ကို ညွှန်ကြားခဲ့တယ်။ ခုတော့ မောရှေပညတ်ကို ငါလေးစားပါတယ်ဆိုတာကို လူတွေရှေ့မှာ ပြခိုင်းချင်ပြန်ပြီ။ ပညတ်တရားကို မလိုက်ကြပါတော့နဲ့လို့ ဂလာတိညီအစ်ကိုတွေဆီ ငါစာရေးလိုက်ပြီးပြီ။ ငါဗိမာန်တော်ကိုသွားမယ်ဆိုရင် အရေဖျားလှီးတဲ့အုပ်စုကို ငါအလျှော့ပေးလိုက်လျောနေတယ်လို့ တခြားသူတွေ တလွဲထင်ကြတော့မှာပဲ။’ သို့သော် ဤသို့ ပေါလုမတွေးခဲ့သည်မှာ ထင်ရှားသည်။ ခရစ်ယာန်မူများကို အလျှော့ပေးလိုက်လျောမှုမရှိသောကြောင့် သူသည် ပထမရာစုအုပ်ချုပ်ရေးအဖွဲ့၏ အကြံဉာဏ်ကို လေးစားစွာလိုက်နာခဲ့သည်။ လက်ငင်းရလဒ်မှာ ဂျူးလူရမ်းကားအုပ်စု၏လက်မှ ပေါလုကိုကယ်ခဲ့ရပြီးနောက် သူထောင်နှစ်နှစ်ကျခဲ့ရသည်။ အဆုံး၌ကား ဘုရားသခင်၏အလိုတော် အထမြောက်ခဲ့သည်။ ပေါလုသည် ကဲသရိမြို့ရှိ အထက်အရာရှိများကို သက်သေခံခွင့်ရရှိပြီးနောက် ကဲသာဘုရင်ကိုယ်တိုင်၏ရှေ့တွင် သက်သေခံရန် အစိုးရစရိတ်ဖြင့် ရောမမြို့သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။—တမန်တော် ၉:၂၆-၃၀; ၂၁:၂၀-၂၆; ၂၃:၁၁; ၂၄:၂၇; ဂလာတိ ၂:၁၂; ၄:၉၊ ၁၀။
သင် ရိုသေလေးစားမှုပြသလော
၁၁။ ကျွန်ုပ်တို့သည် လောကအာဏာပိုင်များကို ရိုသေလေးစားမှု မည်သို့ပြနိုင်သနည်း။
၁၁ သင်သည် အခွင့်အာဏာရှိသူများကို သင့်တော်သောရိုသေလေးစားမှုပြသလော။ ခရစ်ယာန်တို့သည် “ရိုသေထိုက်သောသူကို ရိုသေကြ” ရန်မိန့်မှာခံရသည်။ အမှန်မှာ၊ “အစိုးရသောမင်းအာဏာစက်” ၏အုပ်စိုးခြင်းကိုဝန်ခံခြင်းတွင် အခွန်ပေးရုံသာမကဘဲ ကျွန်ုပ်တို့၏အကျင့်အကြံ၊ အပြောအဆိုတို့ ဖြင့်လည်း အာဏာပိုင်များကိုလေးစားကြောင်းပြခြင်းပါဝင်သည်။ (ရောမ ၁၃:၁-၇) . . . ကြမ်းတမ်းသည့်အစိုးရအရာရှိများနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရချိန်တွင် မည်သို့တုံ့ ပြန်ကြသနည်း။ မက္ကစီကိုနိုင်ငံ၊ ချီအာပါ့စ်ပြည်နယ်တွင် ရပ်ကွက်တစ်ခု၏အာဏာပိုင်များသည် ယေဟောဝါသက်သေမိသားစု ၅၇ စုပိုင်ဆိုင်သည့် လယ်ယာမြေများကို သိမ်းယူလိုက်သည်၊ အကြောင်းမှာ၊ ဤခရစ်ယာန်တို့သည် အချို့သောဘာသာရေးပွဲများတွင် မပါဝင်ကြသောကြောင့်ဖြစ်သည်။ ဤပြဿနာကိုဖြေရှင်းရန်ကျင်းပသည့် အစည်းအဝေးများတွင် သက်သေခံတို့သည် သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပြီး သိက္ခာရှိရှိ၊ တလေးတစားနှင့် အမြဲပြောဆိုဆွေးနွေးကြသည်။ တစ်နှစ်အကြာတွင် သူတို့ဘက်မှ ဆုံးဖြတ်ပေးလိုက်သည်။ သူတို့၏သဘောထားကြောင့် ဘေးမှကြည့်ရှုသူအချို့ ယေဟောဝါသက်သေဖြစ်ချင်လာသည့်အထိ ၎င်းတို့၏ရိုသေလေးစားမှုကို ခံခဲ့ကြရသည်။
၁၂။ မိမိ၏မယုံကြည်သူခင်ပွန်းကို ‘နက်ရှိုင်းစွာရိုသေလေးစားခြင်း’ သည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ မိသားစုတွင် ဘုရားသခင်ပေးအခွင့်အာဏာကို လေးစားကြောင်း မည်သို့ ပြနိုင်သနည်း။ ဆင်းရဲဝေဒနာခံခြင်းတွင် ယေရှု၏စံနမူနာကို ဆွေးနွေးပြီးနောက် တမန်တော်ပေတရုက ဤသို့ဆိုသည်– “အထက်ကဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သို့ပြု၍၊ နှုတ်[မြွက်]တရားကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ ခြင်းနှင့် [“နက်ရှိုင်းသောရိုသေလေးစားမှုနှင့်အတူ၊” ကဘ] စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။” (၁ ပေတရု ၃:၁၊ ၂; ဧဖက် ၅:၂၂-၂၄) ဤတွင် ပေတရုက အချို့လင်သားတို့သည် ရိုသေထိုက်သူများမဟုတ်လျှင်ပင် ဇနီးသည်များအနေဖြင့် မိမိ၏လင်သားကို “နက်ရှိုင်းသောရိုသေလေးစားမှု” နှင့်အတူ လက်အောက်ခံရန်အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။ ဇနီးသည်၏ရိုသေလေးစားသောသဘောက မယုံကြည်သူလင်သားကို မိမိဘက်ပါအောင်သိမ်းသွင်းနိုင်ပေမည်။
၁၃။ ဇနီးသည်များသည် မိမိတို့၏ခင်ပွန်းများကို မည်သို့ရိုသေလေးစားနိုင်ကြသနည်း။
၁၃ ဤကျမ်းချက်များ၏ရှေ့နောက်စကား၌ ယုံကြည်ခြင်းတင်ပြရာတွင် ထင်ရှားသောစံနမူနာတစ်ရပ်ဖြစ်သော အာဗြဟံ၏ဇနီး စာရာ၏ပုံသက်သေကို ပေတရုက အာရုံစိုက်စေသည်။ (ရောမ ၄:၁၆၊ ၁၇; ဂလာတိ ၃:၆-၉; ၁ ပေတရု ၃:၆) ယုံကြည်သူခင်ပွန်းသည်များရှိသည့် ဇနီးသည်များသည် မယုံကြည်သူအိမ်ထောင်ဖက်များရှိသည့် ဇနီးသည်များလောက် မိမိတို့၏ခင်ပွန်းများကို ရိုသေလေးစားမှုမပြဘဲနေသင့်သလော။ ကိစ္စရပ်တစ်ခုခုတွင် ခင်ပွန်းသည်နှင့် သဘောထားချင်းမညီညွတ်လျှင်ကော။ ဤတွင် ယေဘုယျအားဖြင့် လက်တွေ့ကျင့်သုံးနိုင်သည့် အကြံဉာဏ်ကို ယေရှုပေးခဲ့သည်– “အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။” (မဿဲ ၅:၄၁) သင်သည် လင်သား၏အလိုဆန္ဒကိုလိုက်ခြင်းဖြင့် ရိုသေလေးစားမှုပြပါသလော။ ယင်းသို့ ပြုရန်ခက်ခဲလွန်းသည်ဟုထင်ရလျှင် ၎င်းနှင့်ပတ်သက်၍ သင့်ခံစားချက်များကို သူအားပြောပြပါ။ သင့်ခံစားချက်ကို သူသိမှာပါဟု မယူဆထားပါနှင့်။ သို့သော် သင့်ဆန္ဒကို သူ့အားတင်ပြသည့်အခါ တရိုတသေတင်ပြပါ။ ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့မှာကြားသည်– “လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကိုသိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။”—ကောလောသဲ ၄:၆။
၁၄။ မိဘကို ရိုသေလေးစားမှုပြခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၄ အသင်ကလေးများကော အသို့နည်း။ ဘုရားသခင့်စကားတော်က ဤသို့မိန့်မှာသည်– “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သောပထမပညတ်ဖြစ်၏။” (ဧဖက် ၆:၁-၃) မိဘစကားကို နားထောင်ခြင်းနှင့် ‘မိဘတို့ကို ရိုသေလေးစားခြင်း’ တို့သည် ကြောင်းတူသံကွဲစကားစုများဖြစ်ကြောင်း သတိပြုပါ။ “ရိုသေ” ဟူ၍ပြန်ဆိုသော ဂရိစကားလုံးသည် “တန်ဖိုးထားသည်” သို့မဟုတ် “တန်ဖိုးသတ်မှတ်သည်” ဟူသည့်အဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့် နာခံခြင်းဟူသည် သင့်အတွက် အကျိုးသင့်အကြောင်းသင့်ဖြစ်ပုံမရသည့် မိဘတို့၏စည်းမျဉ်းများကို စိတ်မပါဘဲလိုက်နာနေခြင်းထက်မကလိုအပ်ပါသည်။ သင့်မိဘများကို အလွန်ကြည်ညိုလေးမြတ်ရန်နှင့် သူတို့၏လမ်းညွှန်မှုကို တန်ဖိုးထားရန် ဘုရားသခင်က သင့်ကိုတောင်းဆိုတော်မူသည်။—သု. ၁၅:၅။
၁၅။ သားသမီးဖြစ်သူတို့သည် မိဘများမှားသည်ဟုခံစားရလျှင်ပင် မည်သို့ဆက်၍ရိုသေလေးစားမှုပြနိုင်သနည်း။
၁၅ သင့်မိဘများသည် သူတို့အပေါ် သင့်ရိုသေလေးစားမှုပျောက်သွားစေလောက်သည့် အမှုတစ်ခုခုကို ပြုမိလျှင်ကော အသို့နည်း။ သူတို့၏ရှုထောင့်မှရှုမြင်တတ်ရန် ကြိုးစားပါ။ သူတို့သည် သင့်ကို ‘မွေးဖွားပေး’ ကာ ကျွေးမွေးထောက်ပံ့ခဲ့သည်မဟုတ်လော။ (သု. ၂၃:၂၂) သင့်ကိုသူတို့ချစ်ကြသည်မဟုတ်လော။ (ဟေဗြဲ ၁၂:၇-၁၁) သင့်မိဘများကို တရိုတသေဖြင့် သင့်ခံစားချက်ကို နူးညံ့သိမ်မွေ့စွာ ရှင်းပြ ပါ။ သင်မကြိုက်သည့်ပုံစံဖြင့် သူတို့တုံ့ပြန်လျှင်ပင် သူတို့ကို မလေးမစားပြောဆိုခြင်းကို ရှောင်ပါ။ (သု. ၂၄:၂၉) ဘုရင်ရှောလုသည် ဘုရားသခင့်သွန်သင်ချက်မှ သွေဖည်သွားသည့်အချိန်၌ပင် ရှောလုကို ဒါဝိဒ်ဆက်လေးစားခဲ့ကြောင်း သတိရပါ။ သင့်ခံစားချက်များနှင့်ပတ်သက်၍ ယေဟောဝါထံတော်တွင် အကူအညီတောင်းခံပါ။ “ရှေ့တော်၌စိတ်နှလုံးကိုဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏” ဟုဒါဝိဒ်ဆိုသည်။—ဆာလံ ၆၂:၈; မြည်တမ်းစကား ၃:၂၅-၂၇။
ဦးဆောင်နေသူများကို ရိုသေပါ
၁၆။ ဆရာအတုအယောင်များနှင့် ကောင်းကင်တမန်များ၏နမူနာများမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၁၆ အသင်းတော်အကြီးအကဲများကို ဝိညာဉ်တော်က ခန့်အပ်ထားသည်၊ သို့သော်လည်း သူတို့သည် မစုံလင်ဆဲ၊ အမှားပြုဆဲဖြစ်သည်။ (ဆာလံ ၁၃၀:၃; ဒေ. ၇:၂၀; တမန်တော် ၂၀:၂၈; ယာကုပ် ၃:၂) ရလဒ်အနေနှင့် အသင်းတော်ရှိအချို့သူများသည် အကြီးအကဲများကို မကျေမနပ်ဖြစ်ကြပေသည်။ အသင်းတော်တွင် ကိစ္စရပ်တစ်ခုကို မှန်မှန်ကန်ကန်မကိုင်တွယ်၊ သို့မဟုတ် အနည်းဆုံးတော့ ထိုသို့ဖြစ်ပုံရှိသည်ဟု သင်ခံစားရလျှင် မည်သို့တုံ့ပြန်သင့်သနည်း။ ပထမရာစုမှ ဆရာအတုအယောင်များနှင့် ကောင်းကင်တမန်တို့၏ကွာခြားမှုကို သတိပြုပါ– “ထိုသူတို့ [ဆရာအတုအယောင်တို့] သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။ ကောင်းကင်တမန်တို့မူကား၊ သူတို့ထက်ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ [“ယေဟောဝါကို ရိုသေလေးစားသောကြောင့်၊” ကဘ] သူတို့အား ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကို မပြုကြ။” (၂ ပေတရု ၂:၁၀-၁၃) ဆရာအတုအယောင်များသည် “ဘုန်းကြီးသောသူတို့”—ပထမရာစုခရစ်ယာန်အသင်းတော်တွင် အခွင့်အာဏာပေးအပ်ခံရသောအကြီးအကဲများ—ကို ကဲ့ရဲ့ပြစ်တင်သော်လည်း ကောင်းကင်တမန်များမူ ညီအစ်ကိုအချင်းချင်းသွေးကွဲအောင်လုပ်သည့် ဆရာအတုအယောင်များကို မကဲ့ရဲ့ကြပါ။ လူသားများထက် ရာထူးအဆင့်မြင့်ပြီး တရားမျှတမှုဘက်တွင် သာ၍ပြတ်သားသော ကောင်းကင်တမန်များသည် အသင်းတော်တွင် ဖြစ်ပျက်နေသမျှကို သိရှိကြပါသည်။ သို့တိုင် “ယေဟောဝါကို ရိုသေလေးစားသောကြောင့်” တရားစီရင်မှုကို ဘုရားသခင့်လက်ထဲအပ်ထားလိုက်ကြသည်။—ဟေဗြဲ ၂:၆၊ ၇; ယုဒ ၉။
၁၇။ အကြီးအကဲများမှားသည်ဟု သင်ခံစားရသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သင့်ယုံကြည်ခြင်းသည် မည်သို့ပါဝင်ပတ်သက်လာသနည်း။
၁၇ ကိစ္စရပ်တစ်ခုကို ကိုင်တွယ်သင့်သည့်အတိုင်း မကိုင်တွယ်လျှင်ပင် ခရစ်ယာန်အသင်းတော်၏ဦးခေါင်းဖြစ်သော ယေရှုခရစ်ကို ကျွန်ုပ်တို့ယုံကြည်သင့်သည်မဟုတ်သလော။ ကိုယ်တော်သည် မိမိ၏ကမ္ဘာချီအသင်းတော်တွင် အဘယ်အရာဖြစ်ပျက်နေသည်ကို မသိရှိဘဲနေပါမည်လော။ ကိုယ်တော်၏ အခြေအနေကိုင်တွယ်နည်းကို လေးစားတန်ဖိုးထားကာ ကိစ္စရပ်များကိုထိန်းချုပ်နိုင်သည့် ကိုယ်တော်၏စွမ်းရည်ကို အသိအမှတ်မပြုဘဲနေသင့်သလော။ မှန်ပါသည်၊ ‘ကျွန်ုပ်တို့ကား မည်သူဖြစ်၍ ကိုယ်နှင့်ဆိုင်သောသူကို စစ်ကြောစီရင်ရသနည်း။’ (ယာကုပ် ၄:၁၂၊ သမ္မာ; ၁ ကောရိန္သု ၁၁:၃; ကောလောသဲ ၁:၁၈) သင့်စိုးရိမ်မှုများကို ဆုတောင်းခြင်းဖြင့် ယေဟောဝါအားတင်ပြပါလေ။
၁၈၊ ၁၉။ အကြီးအကဲတစ်ဦး အမှားပြုခဲ့သည်ဟု သင်ခံစားရလျှင် သင်အဘယ်အရာပြုနိုင်သနည်း။
၁၈ လူ့မစုံလင်မှုကြောင့် အခက်အခဲများ သို့မဟုတ် ပြဿနာများ ပေါ်လာနိုင်သည်။ အကြီးအကဲတစ်ဦးအမှားပြုမိပြီး အချို့သူများကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည့်အခါများပင် ရှိနိုင်သည်။ ဤကဲ့သို့သောအခြေအနေများအောက်တွင် အလျင်စလိုပြုမူလိုက်ခြင်းသည် အခြေအနေကို ပြောင်းလဲသွားစေမည်မဟုတ်ပေ။ ပြဿနာပို၍ကြီးလာရုံသာရှိမည်။ ဝိညာဉ်ရေးဘက်ပိုင်းခြားသိမြင်မှုရှိသူများသည် ယေဟောဝါ၏အချိန်နှင့် နည်းလမ်းတော်တို့ဖြင့် တည့်မတ်ပေး၂ တိမောသေ ၃:၁၆; ဟေဗြဲ ၁၂:၇-၁၁။
ကာ လိုအပ်သော ဆုံးမပဲ့ပြင်မှုများကို လိုအပ်သလိုပေးရန် ကိုယ်တော်အား စောင့်ဆိုင်းကြမည်။—၁၉ ကိစ္စတစ်ခုခုကြောင့် သင်စိတ်ဓာတ်ကျလျှင်ကော။ အသင်းတော်ရှိ အခြားသူများကိုပြောမည့်အစား အကြီးအကဲများထံ တလေးတစားချဉ်းကပ်ပြီး အကူအညီတောင်းဆိုပါလေ။ ပြစ်တင်ဝေဖန်မှုမပြုဘဲ သင် မည်သို့စိတ်ထိခိုက်နေကြောင်းကို ရှင်းပြပါ။ သူတို့နှင့် အမြဲပင် “စိတ်တညီတညွတ်တည်းရှိ” ပြီး သူတို့ကို သင်ရင်ဖွင့်ရာတွင် အမြဲရိုသေလေးစားပါ။ (၁ ပေတရု ၃:၈) ထေ့ငေါ့မပြောဘဲ သူတို့၏ခရစ်ယာန်ရင့်သန်မှုကို ယုံကြည်စိတ်ချပါ။ ကြင်နာစွာဖြင့် သူတို့ပေးသော ကျမ်းစာနှင့်ညီသည့် အဘယ်အားပေးမှုကိုမဆို တန်ဖိုးထားလေးမြတ်ပါ။ အခြားပြုပြင်စရာများလိုအပ်ကြောင်း ထင်ရှားလျှင်ပင် ကောင်းမွန်ရာ၊ မှန်ကန်ရာကိုပြုလုပ်ရန် အကြီးအကဲများကို ယေဟောဝါလမ်းညွှန်လိမ့်မည်ကို ယုံကြည်စိတ်ချပါ။—ဂလာတိ ၆:၁၀; ၂ သက်သာလောနိတ် ၃:၁၃။
၂၀။ နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်မည်နည်း။
၂၀ သို့သော် အခွင့်အာဏာရှိသူများကို ရိုသေလေးစားခြင်းနှင့်ပတ်သက်၍ သုံးသပ်ရန် အခြားကဏ္ဍတစ်ခုရှိသေးသည်။ အခွင့်အာဏာရှိသူများသည် သူတို့ကြည့်ရှုစောင့်ရှောက်ပေးရသူများကို ရိုသေလေးစားမှုမပြသင့်ပေလော။ ယင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြစို့။
သင်မည်သို့ဖြေဆိုမည်နည်း
• အခွင့်အာဏာရှိသူများကို ရိုသေလေးစားရန် အဘယ်အကြောင်းကောင်းရှိသနည်း။
• ယေဟောဝါနှင့် ယေရှုတို့သည် ဘုရားသခင်ပေးအခွင့်အာဏာရှိသူများအား ရိုသေလေးစားမှုမရှိသူတို့ကို မည်သို့သဘောထားသနည်း။
• ဘုရားသခင်ပေးအခွင့်အာဏာရှိသူများအပေါ် ရိုသေလေးစားမှုရှိခဲ့သည့် အဘယ်စံနမူနာကောင်းများ ကျွန်ုပ်တို့တွင်ရှိသနည်း။
• ကျွန်ုပ်တို့အပေါ် အခွင့်အာဏာရှိသူတစ်ဦးသည် အမှားပြုခဲ့မိသည်ဟုထင်ရပါက ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
စာရာသည် အာဗြဟံ၏အခွင့်အာဏာကို နက်ရှိုင်းစွာရိုသေလေးစားခဲ့ပြီး ပျော်ရွှင်ခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
မိခါလသည် မိသားစုဦးစီးနှင့် ဘုရင်အဖြစ် ဒါဝိဒ်၏အခွင့်အာဏာကို ရိုသေလေးစားရန် ပျက်ကွက်ခဲ့သည်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
“ထာဝရဘုရားပေးတော်မူသောဘိသိက်ခံကို . . . ထိခိုက်ခြင်းငှာ ငါ့လက်ဆန့်သောအမှုကို ထာဝရဘုရားဆီးတားတော်မူပါစေသော”
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သင့်စိုးရိမ်မှုများကို ဆုတောင်းခြင်းဖြင့် ယေဟောဝါအားတင်ပြပါလေ