“သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏”
“သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏”
“သင်တို့မူကား ရဗ္ဗိအခေါ် မခံကြနှင့်။ ဆရာတစ်ပါးတည်းရှိလျက် သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏။” —မဿဲ ၂၃:၈၊ သမ။
၁။ အဘယ်ကိစ္စရပ်ကို ကျွန်ုပ်တို့ အလေးထားစဉ်းစားထိုက်သနည်း။
“ခရစ်ယာန်သာသနာပြုနှင့် ဗေသလအိမ်သား၊ မည်သူ့ကို ပို၍လေးမြတ်ထိုက်သလဲ” ဟု အရှေ့တိုင်း နိုင်ငံတစ်ခုမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဩစတြေးလျမှ ခရစ်ယာန်သာသနာပြုတစ်ဦးအား စိတ်ရိုးခံဖြင့်မေးလိုက်သည်။ တိုင်းတစ်ပါးမှသာသနာပြုတစ်ဦးနှင့် ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးတွင် အမှုထမ်းနေသည့် ဒေသခံအမှုတော်ဆောင်တစ်ဦးတို့တွင် မည်သူ့ကို ပို၍ရိုသေလေးစားသင့်သည်ကို သူ သိချင်လေသည်။ လူတန်းစားခွဲတတ်သည့်ယဉ်ကျေးမှုကို ထင်ဟပ်ပြသော အဆိုပါစိတ်ရိုးခံမေးခွန်းကြောင့် ခရစ်ယာန်သာသနာပြုဖြစ်သူ အံ့အားသင့်သွားသည်။ သို့ရာတွင် မည်သူသာ၍ကြီးသနည်းဟူသည့်မေးခွန်းမှာ လူများသည် မည်သည့်သြဇာအာဏာအဆင့်များ၌ရှိကြသည်ကို သိလိုသည့်ဆန္ဒမှဖြစ်ပေါ်လာသည်။
၂။ ဝတ်ပြုသူချင်းများအပေါ် ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။
၂ ဤကိစ္စသည် အသစ်အဆန်းလုံးဝမဟုတ်ပေ။ ယေရှု၏တပည့်တော်များပင် မည်သူအကြီးဆုံးဖြစ်သည်နှင့်ပတ်သက်၍ အဆက်မပြတ်အငြင်းပွားနေခဲ့ကြသည်။ (မဿဲ ၂၀:၂၀-၂၄; မာကု ၉:၃၃-၃၇; လုကာ ၂၂:၂၄-၂၇) သူတို့သည်လည်း ပထမရာစုဂျူးဘာသာရေးစနစ်၏ လူတန်းစားခွဲခြားတတ်သည့်ယဉ်ကျေးမှုမှ ပေါက်ဖွားလာသူများဖြစ်ကြသည်။ ဤလူ့အဖွဲ့အစည်းကို စိတ်ထဲတွင်ထားကာ ယေရှုက မိမိတပည့်တော်များကို ဤသို့ဆုံးမခဲ့သည်– “သင်တို့မူကား ရဗ္ဗိအခေါ် မခံကြနှင့်။ ဆရာတစ်ပါးတည်းရှိလျက် သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏။” (မဿဲ ၂၃:၈၊ သမ) “ဆရာ” ဟုအဓိပ္ပာယ်ရသော “ရဗ္ဗိ” ဟူသည့်ဘာသာရေးဂုဏ်ပုဒ်သည် “ထိုဂုဏ်ပုဒ်ပိုင်ဆိုင်သူများတွင် ဂုဏ်မာနတက်စေတတ်ကာ သူတစ်ပါးထက်သာသည်ဟူသည့်သဘောထား ဝင်စေတတ်သည်၊ ယင်းဂုဏ်ပုဒ်မပိုင်ဆိုင်သူတို့တွင် သဝန်တိုစိတ်ဝင်စေကာ နိမ့်ကျနေသည်ဟုခံစားစေသည်; ယင်း၏ စိတ်နေသဘောထားတစ်ရပ်လုံးသည် ‘ခရစ်တော်တွင်ရှိသည့် ပင်ကိုစိတ်ထား’ နှင့်ဆန့်ကျင်သည်” ဟု ကျမ်းစာပညာရှင် အဲလ်ဘတ် ဘာန်စ်က ဖော်ပြသည်။ အမှန်မှာ၊ ခရစ်ယာန်တို့သည် အချင်းချင်းအထဲမှ ကြီးကြပ်မှူးများကို မြှောက်ပင့်ခေါ်ဝေါ်သည့်ဂုဏ်ပုဒ်တစ်ခုအဖြစ် “အကြီးအကဲ” စကားလုံးကိုအသုံးပြုကာ “အကြီးအကဲ မည်သူမည်ဝါ” ဟုခေါ်ဝေါ်ခြင်းကို ရှောင်ကြသည်။ (ယောဘ ၃၂:၂၁၊ ၂၂) တစ်ဖက်တွင်မူ၊ အကြီးအကဲများသည် မိမိ၏သစ္စာရှိဝတ်ပြုသူများကို လေးမြတ်ကြောင်းပြတော်မူသည့် ယေဟောဝါနှင့် မိမိ၏သစ္စာရှိနောက်တော်လိုက်များကို လေးမြတ်ကြောင်းပြတော်မူသည့် ယေရှုခရစ်တို့ကဲ့သို့ ကျန်အသင်းတော်သားများကို ယေရှုဆုံးမစကား၏သဘောတရားနှင့်အညီ လေးမြတ်ကြပါသည်။
ယေဟောဝါနှင့် ယေရှုတို့၏စံနမူနာ
၃။ ယေဟောဝါသည် မိမိ၏နာမ်ဝိညာဉ်သတ္တဝါများကို မည်သို့လေးမြတ်ကြောင်းပြတော်မူခဲ့သနည်း။
၃ ယေဟောဝါသည် “အမြင့်ဆုံးသောဘုရား[သခင်]” ဖြစ်တော်မူသော်လည်း မိမိ၏လုပ်ဆောင်မှုများအစချီကတည်းက မိမိဖန်ဆင်းထားသည့်သတ္တဝါများကို ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့ကို လေးမြတ်ကြောင်းပြသတော်မူခဲ့သည်။ (ဆာလံ ၈၃:၁၈) ပထမလူသားကို ကိုယ်တော်ဖန်ဆင်းချိန်တွင် မိမိ၏တစ်ပါးတည်းသောသားတော်ကို “လုပ်သားချုပ်” အနေဖြင့် ထိုစီမံကိန်း၌ ထည့်အသုံးပြုတော်မူခဲ့သည်။ (သု. ၈:၂၇-၃၀၊ ကဘ; ကမ္ဘာဦး ၁:၂၆) ယေဟောဝါသည် ဆိုးညစ်သောဘုရင်အာဟပ်ကို သုတ်သင်ပစ်မည်ဟု ဆုံးဖြတ်လိုက်သောအခါ မည်သို့ဖျက်ဆီးပစ်လျှင်ကောင်းမည်နှင့်ပတ်သက်၍ ကောင်းကင်တမန်များကိုပင် ထုတ်ဖော်ပြောကြားစေတော်မူခဲ့သည်။—၃ ဓမ္မရာဇဝင် ၂၂:၁၉-၂၃။
၄၊ ၅။ ယေဟောဝါသည် ဖန်ဆင်းခံလူသားများကို မည်သို့လေးမြတ်ကြောင်းတင်ပြတော်မူသနည်း။
၄ ယေဟောဝါသည် စကြဝဠာ၏အကြီးမြင့်ဆုံး အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အနေနှင့် စိုးစံလျက်ရှိတော်မူသည်။ (တရားဟောရာ ၃:၂၄) ကိုယ်တော်သည် လူသားတို့နှင့် ဆွေးနွေးတိုင်ပင်ရန်မလိုချေ။ သို့တိုင် သူတို့ကိုဂရုစိုက်ရန် ကိုယ်ကို နှိမ့်ချရသည်ဟု ဆိုရပေမည်။ “ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊ ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွ . . . ပေးတော်မူ၏။”—ဆာလံ ၁၁၃:၅-၈။
၅ ယေဟောဝါသည် သောဒုံနှင့်ဂေါမောရမြို့တို့ကို သုတ်သင်ပယ်ရှင်းမပစ်မီ အာဗြဟံ၏မေးခွန်းများကို ကိုယ်တော်နားထောင်တော်မူကာ သူ၏တရားမျှတစိတ်ကို ကျေနပ်လောက်အောင်ဖြည့်ဆည်းပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၃-၃၃) ယေဟောဝါသည် အာဗြဟံတောင်းခံချက်များပြုပြီးနောက် အဆုံးတွင်အဘယ်သို့ဖြစ်မည်ကို သိထားနှင့်ပြီးသော်လည်း အာဗြဟံကို စိတ်ရှည်ရှည်နားထောင်ပေးကာ သူ၏ကျိုးကြောင်းဆင်ခြင်မှုကို လက်ခံတော်မူခဲ့သည်။
၆။ ဟဗက္ကုတ်က မေးခွန်းတစ်ခုမေးသောအခါ ယေဟောဝါသည် လေးမြတ်မှုပြခဲ့ခြင်း၏ရလဒ်ကား အဘယ်နည်း။
၆ ယေဟောဝါသည် ဤသို့တောင်းဆိုသော ဟဗက္ကုတ်၏စကားကိုလည်း နားထောင်တော်မူခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည်ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။” ဤမေးခွန်းသည် မိမိ၏အခွင့်အာဏာကို စိန်ခေါ်ခြင်းဖြစ်သည်ဟု ယေဟောဝါ သဘောထားတော်မူသလော။ မထားပါ၊ ဟဗက္ကုတ်၏မေးခွန်းများသည် မေးသင့်မေးထိုက်ရာဟု သဘောထားတော်မူပြီး တရားစီရင်ရန် ခါလဒဲလူများကို နှိုးဆော်မည့် မိမိ၏ရည်ရွယ်တော်မူချက်ကို ဖော်ပြတော်မူခဲ့သည်။ ‘ဤကြိုဟောထားသော တရားစီချက်သည် နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်’ ဟု ပရောဖက်ကို ကိုယ်တော် ထပ်၍စိတ်ချစေခဲ့သည်။ (ဟဗက္ကုတ် ၁:၁၊ ၂၊ ၅၊ ၆၊ ၁၃၊ ၁၄; ၂:၂၊ ၃) ဟဗက္ကုတ်၏စိုးရိမ်မှုများကို အလေးထားစဉ်းစားကာ ဖြေကြားပေးခြင်းအားဖြင့် ယေဟောဝါသည် ပရောဖက်ကို လေးမြတ်ကြောင်းပြတော်မူခဲ့သည်။ ရလဒ်အနေနှင့် စိတ်ရှုပ်ထွေးနေသော ပရောဖက်သည် မိမိအားဘုရားသခင်ကယ်တင်မည်ကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် စိတ်ကြည်လင် ရွှင်ပျလာလေသည်။ ယင်းသည် ယနေ့ ယေဟောဝါ၌ ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုတိုးလာစေသည့် မှုတ်သွင်းခံဟဗက္ကုတ်ကျမ်းတွင် ထင်ဟပ်နေသည်။—ဟဗက္ကုတ် ၃:၁၈၊ ၁၉။
၇။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ပေတရု၏အခန်းကဏ္ဍသည် အဘယ်ကြောင့် ထူးခြားသနည်း။
၇ အခြားသူများကို ရိုသေလေးစားမှုပြရာတွင် နောက်စံနမူနာကောင်းတစ်ရပ်မှာ ယေရှုခရစ်ဖြစ်သည်။ ယေရှုက မိမိတပည့်တော်များအား “အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်” ဟုမိန့်ကြားခဲ့သည်။ (မဿဲ ၁၀:၃၂၊ ၃၃) သို့သော် ကိုယ်တော်သစ္စာဖောက်ခံရသည့်ညတွင် တပည့်တော်အားလုံး ကိုယ်တော်ကို စွန့်၍ထွက်ပြေးသွားကြသည်သာမက တမန်တော်ပေတရုသည် ကိုယ်တော်အား သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့သည်။ (မဿဲ ၂၆:၃၄၊ ၃၅၊ ၆၉-၇၅) ယေရှုသည် အပြင်ပန်းအသွင်အပြင်ထက်မကကြည့်ရှုတော်မူပြီး ပေတရု၏ရင်တွင်းခံစားချက်များ၊ သူ၏နက်ရှိုင်းသောနောင်တတို့ကို သတိပြုတော်မူခဲ့သည်။ (လုကာ ၂၂:၆၁၊ ၆၂) နောက် ၅၁ ရက်မျှအကြာ ပင်တေကုတ္တေပွဲနေ့တွင် ခရစ်တော်သည် နောင်တရသော တမန်တော်ကို ယေရှု၏တပည့်တော် ၁၂၀ ကိုကိုယ်စားပြုစေကာ “ကောင်းကင်နိုင်ငံတော်၏သော့တို့” မှပထမဆုံးသော့ကို အသုံးပြုခွင့်ပေးခြင်းအားဖြင့် သူ့အားဂုဏ်ပြုခဲ့သည်။ (မဿဲ ၁၆:၁၉; တမန်တော် ၂:၁၄-၄၀) ပေတရုသည် ‘သတိတရားပြန်ရကာ ညီအစ်ကိုများကို ခွန်အားဖြည့်တင်းပေး’ ရန် အခွင့်ပေးခံခဲ့ရသည်။—လုကာ ၂၂:၃၁-၃၃။
မိသားစုဝင်များကို လေးမြတ်ခြင်း
၈၊ ၉။ ဇနီးဖြစ်သူကို လေးမြတ်မှုပြရာတွင် လင်သားဖြစ်သူသည် ယေဟောဝါနှင့် ယေရှုတို့ကို မည်သို့တုပနိုင်သနည်း။
၁ ပေတရု ၃:၇၊ သမ္မာ) သစ်သားပစ္စည်းထက် အမှန်ကွဲလွယ်သောကြွေထည်ပစ္စည်းတစ်ခု ကိုင်တွယ်ခြင်းကို မြင်ယောင်ကြည့်ပါ။ ယင်းကို သင်ပို၍ဂရုစိုက်ကိုင်တွယ်မည်မဟုတ်လော။ လင်သားဖြစ်သူသည် မိသားစုကိစ္စရပ်များကို ဆုံးဖြတ်သည့်အခါ မိမိဇနီးသည်၏အယူအဆများကို နားထောင်ပေးခြင်းဖြင့် ယေဟောဝါအားတုပနိုင်ပါသည်။ ယေဟောဝါသည် အချိန်ယူကာ အာဗြဟံနှင့်ကျိုးကြောင်းဆင်ခြင်ခဲ့သည်ကို ပြန်သတိရပါ။ မစုံလင်သူဖြစ်သော လင်သားဖြစ်သူသည် ကိစ္စရပ်၏ တာသွားမှုနယ်ပယ်တစ်ခုလုံးကို မသိမြင်နိုင်ပေ။ သို့ဖြစ်၍ ဇနီးသည်၏သဘောကို စိတ်ရိုးခံဖြင့် ထောက်ထားစဉ်းစားကာ သူ့အားလေးမြတ်ခြင်းသည် ပညာရှိရာကျမည်မဟုတ်လော။
၈ လင်ယောက်ျားများနှင့် မိဘဖြစ်သူတို့သည် ဘုရားသခင်ပေးအခွင့်အာဏာကို ကျင့်သုံးရာတွင် ယေဟောဝါနှင့်ယေရှုတို့ကို တုပသင့်သည်။ ပေတရုက ဤသို့မှာကြားသည်– “ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောကိရိယာတန်ဆာကဲ့သို့မှတ်လျက် ထောက်ထားညှာတာ [“၍လေးမြတ်၊” သမ] ကြလော့။” (၉ ယောက်ျားတို့၏အခွင့်အာဏာ အလွန်လွှမ်းမိုးသည့်နိုင်ငံများတွင် ဇနီးသည်ဖြစ်သူသည် မိမိ၏ရင်တွင်းခံစားချက်များကို ဖွင့်ချရန် အလွန်တရာကြီးမားသည့်အတားအဆီးတစ်ခုကို ကျော်လွှားရနိုင်ကြောင်း လင်သားဖြစ်သူတစ်ဦး စိတ်စွဲမှတ်ထားရမည်။ ယေရှုခရစ်သည် ကမ္ဘာပေါ်ရှိစဉ် မိမိ၏သတို့သမီးလောင်းအတန်းအစားဖြစ်သော တပည့်တော်များနှင့်ဆက်ဆံပုံဆက်ဆံနည်းကို တုပပါ။ ကိုယ်တော်သည် သူတို့ကို ကြင်နာပြီး သူတို့၏လိုအပ်ရာများကို ထုတ်မပြောကြမီပင် သူတို့၏ ကာယရေးနှင့်ဝိညာဉ်ရေးကန့်သတ်မှုများကို ထည့်သွင်းစဉ်းစားပေးသည်။ (မာကု ၆:၃၁; ယောဟန် ၁၆:၁၂၊ ၁၃; ဧဖက် ၅:၂၈-၃၀) ထို့အပြင် သင်နှင့်သင့်မိသားစုအတွက် ဇနီးဖြစ်သူလုပ်ဆောင်ပေးနေရာများကို တွေ့ မြင်ရန် အချိန်ယူပါ၊ အပြောနှင့်အလုပ်အားဖြင့် ၎င်းတို့ကို သင်တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြပါ။ ယေဟောဝါနှင့်ယေရှုတို့နှစ်ဦးစလုံးသည် လေးမြတ်ထိုက်သူ၊ ချီးမွမ်းထိုက်သူ၊ ကောင်းချီးပေးထိုက်သူများကို ထိုက်သင့်သလိုပြုတော်မူခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၃:၁၀-၁၄; ယောဘ ၄၂:၁၂-၁၅; မာကု ၁၂:၄၁-၄၄; ယောဟန် ၁၂:၃-၈) လင်သားဖြစ်သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လာပြီးနောက် အရှေ့တိုင်းမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မယောက်ျားဟာ ကျွန်မရှေ့သုံးလေးလှမ်းလောက်ကနေခွာလျှောက်လေ့ရှိခဲ့တယ်၊ သယ်စရာတွေကို ကျွန်မပဲသယ်ခဲ့ရတယ်။ ခုတော့ အိတ်တွေကို သူကပဲသယ်ပေးပြီး ကျွန်မလုပ်တဲ့အိမ်အလုပ်တွေအတွက် သူကျေးဇူးတင်တာကို ဖော်ပြတယ်!” စိတ်ရိုးခံဖြင့် ကျေးဇူးတင်စကားတစ်ခွန်းပြောလိုက်ခြင်းက ဇနီးသည်ဖြစ်သူသည် မိမိတန်ဖိုးထားခံရကြောင်း ခံစားစေရန် များစွာထောက်ကူပေးသည်။—သု. ၃၁:၂၈။
၁၀၊ ၁၁။ ပုန်ကန်သော ဣသရေလလူမျိုးနှင့်ဆက်ဆံရာတွင် ယေဟောဝါ၏ စံနမူနာကောင်းမှ မိဘများသည် အဘယ်အရာသင်ယူနိုင်သနည်း။
၁၀ မိဘဖြစ်သူတို့သည် သားသမီးနှင့်ဆက်ဆံရာတွင် အထူးသဖြင့် အပြစ်ဖော်ပြဆုံးမဖို့လိုအပ်သည့်အခါ ဘုရားသခင်၏စံနမူနာကို တုပသင့်သည်။ ဆိုးသောလမ်းများမှပြန်၍လှည့်လာကြရန် “ယေဟောဝါသည် ဣသရေလနှင့်ယုဒတို့ကို မပြတ်သတိပေးတော်မူ” သော်လည်း လူတို့သည် “လည်ပင်းဆက်၍ခိုင်မာနေ” ကြသည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၃-၁၅၊ ကဘ) ဣသရေလလူမျိုးသည် “ကိုယ်တော်ကိုနှုတ်ဖြင့်ချော့မော့၍၊ လျှာဖြင့်လည်း မုသာစကားကိုလျှောက်ဆိုကြ၏။” မိဘအများက သူတို့၏သားသမီးတို့သည် တစ်ခါတစ်ရံ ထိုအတိုင်းပင် ပြုနေကြသည်ဟု ခံစားကြရပေမည်။ ဣသရေလလူမျိုးသည် “ဘုရားသခင်ကို အဖန်ဖန်စုံစမ်း” ပြီး စိတ်နာစေခဲ့ကြ၏။ သို့တိုင် ကိုယ်တော်သည် “ကရုဏာ [သနားခြင်း] စိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။”—ဆာလံ ၇၈:၃၆-၄၁။
၁၁ ယေဟောဝါသည် ဣသရေလလူမျိုးကို ဤသို့ပင် မေတ္တာရပ်ခံခဲ့သည်– “လာကြ။ ဆွေးနွေးဆင်ခြင်ကြကုန်အံ့။ သင်တို့အပြစ်သည် အဝတ်နီနှင့်တူသော်လည်း၊ မိုးပွင့်ကဲ့သို့ဖြူနိုင်စရာရှိ၏။” (ဟေရှာယ ၁:၁၈၊ သမ္မာ) မိမိဘက်မှအမှားအယွင်းမရှိသော်လည်း ယေဟောဝါသည် ပုန်ကန်သောဣသရေလလူမျိုးကို လာ၍ဆွေးနွေးဆင်ခြင်ရန် ဖိတ်ခေါ်တော်မူသည်။ မိဘတို့သည် သားသမီးနှင့်ဆက်ဆံရာတွင် အလွန်တုပထိုက်သည့် သဘောထားတစ်ရပ်ပင်! အခြေအနေက လိုအပ်လာမည်ဆိုလျှင် ကိစ္စရပ်နှင့်ပတ်သက်ပြီး သူတို့ဘက်မှပြောစရာများကို နားထောင်ပေးခြင်းဖြင့် သူတို့အား ဂုဏ်တင်ကာ အဘယ်ကြောင့် ပြောင်းလဲဖို့လိုသည်တို့ကို သူတို့နှင့်ဆင်ခြင်ပါ။
၁၂။ (က) ကျွန်ုပ်တို့သည် မိမိတို့၏သားသမီးကို ယေဟောဝါထက်လေးမြတ်ခြင်းကို အဘယ်ကြောင့်ရှောင်သင့်သနည်း။ (ခ) ကျွန်ုပ်တို့သားသမီးတို့ကို အပြစ်ဖော်ပြဆုံးမသည့်အခါ သူတို့၏သိက္ခာကို လေးစားရမည်ဆိုလျှင် အဘယ်အရာလိုအပ်မည်နည်း။
၁ ဓမ္မရာဇဝင် ၂:၂၉) သို့တိုင် ပြုပြင်ဆုံးမမှု၏နောက်ဝယ်ရှိ မေတ္တာစိတ်ထားကို လူငယ်လူရွယ်တို့ တွေ့ မြင်ရန်လိုသည်။ သူတို့ကို မိဘများချစ်မြတ်နိုးကြောင်း သူတို့သဘောပေါက်သင့်သည်။ ပေါလုက ဖခင်ဖြစ်သူများကို ဤသို့မှာကြားသည်– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) မိဘအခွင့်အာဏာကို လက်ဝယ်ထားရှိသည်မှန်သော်လည်း ဖော်ပြနေသည့်အဓိကအချက်မှာ အလွန်အကြမ်းကိုင်မှုကြောင့် သားသမီးအား ဒေါသထွက်စေမည့်အစား ဖခင်သည် သူတို့သိက္ခာကိုထောက်ထားရန်လိုကြောင်းဖြစ်သည်။ မှန်ပါသည်၊ သားသမီး၏သိက္ခာကို ထည့်စဉ်းစားပေးနိုင်ရန် မိဘတို့အပိုင်းမှ အချိန်နှင့်အားထုတ်ကြိုးပမ်းမှုလိုအပ်သည်၊ သို့သော် ထိုသို့ပြုလုပ်ခြင်း၏အသီးအပွင့်များသည် စွန့်လွှတ်ခဲ့ရသမျှ အကျိုးနပ်ပါသည်။
၁၂ တစ်ခါတစ်ရံ ကလေးများကို ခိုင်မာစွာသွန်သင်ပေးရန် လိုအပ်သည်မှာ အမှန်ပင်။ ‘မိမိသားတို့ကို ယေဟောဝါထက်ချီးမြှောက်’ သည့် ဧလိကဲ့သို့ မိဘမျိုး မဖြစ်လိုကြပါ။ (၁၃။ မိသားစုတွင် အသက်အရွယ်ကြီးရင့်သူများနှင့်ပတ်သက်၍ ကျမ်းစာ၏သဘောထားကားအဘယ်နည်း။
၁၃ မိသားစုဝင်များကို လေးမြတ်ခြင်းဟူသည် မိမိ၏ဇနီးနှင့်သားသမီးကို ဂုဏ်တင်ခြင်းထက်မက တာသွားသည်။ “အသက်ကြီးလာချိန်တွင် သင့်သားသမီးစကားကိုနားထောင်” ဟုဂျပန်စကားပုံတစ်ခုက ဆိုသည်။ ထိုစကားပုံ၏အဓိကဆိုလိုချက်မှာ အသက်အရွယ်ကြီးသောမိဘတို့သည် မိဘအခွင့်အာဏာကို အလွန်အကျွံအသုံးမပြုဘဲ အရွယ်ရောက်နေပြီဖြစ်သောသားသမီးတို့၏စကားကို ဂရုပြုသင့်ကြောင်းဖြစ်သည်။ မိဘတို့သည် သားသမီးစကား နားထောင်ပေးခြင်းဖြင့် သူတို့ကို လေးမြတ်ကြောင်းဖော်ပြခြင်းမှာ ကျမ်းစာနှင့်ညီသည်မှန်သည့်တိုင် သားသမီးတို့ကလည်း မိမိတို့ထက်အသက်ကြီးသော မိသားစုဝင်များကို မလေးမစားမပြုသင့်ပေ။ “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဟုနယပုံပြင် ၂၃:၂၂ ကဆိုသည်။ ဘုရင်ရှောလမုန်သည် ဤပညာရှိစကားနှင့်အညီ အသက်ရှင်နေထိုင်ပြီး မိခင်ဖြစ်သူက တစ်စုံတစ်ခုတောင်းဆိုရန်လာသောအခါ လေးမြတ်ရိုသေမှုပြခဲ့သည်။ ရှောလမုန်သည် မိမိ၏လက်ယာဘက်တွင် ပလ္လင်ချစေပြီး အသက်ကြီးနေသော မိခင်ဗာသရှေဘ ပြောစရာရှိသည်များကို နားထောင်ခဲ့သည်။—၃ ဓမ္မရာဇဝင် ၂:၁၉၊ ၂၀။
၁၄။ အသင်းတော်တွင် အသက်ကြီးရင့်သော အသင်းသားများကို ကျွန်ုပ်တို့မည်သို့ လေးမြတ်ကြောင်းပြနိုင်သနည်း။
၁၄ ကျွန်ုပ်တို့၏ ကျယ်ပြန့်သောဝိညာဉ်ရေးမိသားစုတွင် အသက်အရွယ်ကြီးသော အသင်းတော်သားများကို လေးမြတ်ရိုသေမှုပြရာတွင် “ဦးဆောင်” ဖို့ ကျွန်ုပ်တို့တွင် အခွင့်သာသည့်အနေအထား၌ရှိနေကြသည်။ (ရောမ ၁၂:၁၀၊ ကဘ) ယခင်ကလောက် သူတို့လုပ်နိုင်ချင်မှလုပ်နိုင်မည်ဖြစ်ရာ ယင်းက သူတို့ကို စိတ်ပျက်အားလျော့စေပေမည်။ (ဒေ. ၁၂:၁-၇) မသန်မစွမ်းဆောင်တွင် အိပ်ရာထဲလဲနေသည့် အသက်အရွယ်ကြီးသော ဘိသိက်ခံသက်သေခံတစ်ဦးက သူ၏စိတ်ပျက်အားလျော့မှုကို တစ်ခါက ဤသို့ဖော်ပြခဲ့သည်– “အမှုတော်ပြန်လုပ်ဆောင်နိုင်အောင် မြန်မြန်အသက်တာကုန်ဆုံးချင်လာပြီ။” ထိုကဲ့သို့သော အသက်အရွယ်ကြီးရင့်သူများကို ကျွန်ုပ်တို့သင့်လျော်စွာ အသိအမှတ်ပြု၍ လေးမြတ်ခြင်းသည် သူတို့အားကူညီရာရောက်နိုင်သည်။ ဣသရေလလူမျိုးသည် ဤသို့မိန့်မှာခံရသည်– “ဆံပင်ဖြူသောသူရှေ့မှာထရမည်။ အသက်ကြီးသောသူ၏မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကိုကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။” (ဝတ်ပြုရာ ၁၉:၃၂) အသက်ကြီးသူများ မရှိလျှင်မဖြစ်၊ သူတို့ကို တန်ဖိုးထားကြောင်း ဖော်ပြခြင်းဖြင့် ထောက်ထားစာနာမှုပြပါ။ ‘ထခြင်း’ တွင် လွန်ခဲ့သည့်နှစ်များစွာက သူတို့ ပြီးမြောက်အောင်မြင်ခဲ့ရာများ ပြန်ပြောပြသည်ကို ထိုင်ပြီးနားထောင်ပေးခြင်းပါဝင်နိုင်သည်။ ယင်းသို့ပြုခြင်းက အသက်ကြီးသူများကို ဂုဏ်တင်ပေးရာကျမည်သာမက ကျွန်ုပ်တို့ကိုယ်တိုင်၏ဝိညာဉ်ရေးဘဝကိုလည်း ကုံလုံကြွယ်ဝလာစေပေမည်။
ရိုသေလေးမြတ်မှုပြရာတွင် ‘ဦးဆောင်ပါ’
၁၅။ အသင်းတော်သားများကို ဂုဏ်တင်ရန် အကြီးအကဲများ အဘယ်အရာပြုနိုင်သနည်း။
၁၅ အကြီးအကဲများသည် ပုံသက်သေကောင်းပြကြသောအခါ အသင်းတော်သည် စည်ကားသိုက်မြိုက်၏။ (၁ ပေတရု ၅:၂၊ ၃) ဂရုစိုက်တတ်သောအကြီးအကဲများသည် အလုပ်ရှုပ်သည့်ကြားမှပင် လူငယ်လူရွယ်များ၊ အိမ်ထောင်ဦးစီးများ၊ ကြင်ဖော်မဲ့မိဘများ၊ အိမ်ရှင်မများနှင့် အသက်အရွယ်ကြီးရင့်သူများတွင် ပြဿနာရှိရှိ၊ မရှိရှိ သူတို့ထံ ဦးဆောင်၍ချဉ်းကပ်ကြသည်။ အကြီးအကဲတို့သည် အသင်းတော်သားများ ပြောချင်သည့်စကားများကို နားထောင်ပေးရုံသာမက သူတို့တတ်နိုင်သမျှကိုပြုကြသည့်အတွက် ချီးမွမ်းပေးကြသည်။ ညီအစ်ကိုညီအစ်မတစ်ဦးပြုမူဆောင်ရွက်ရာကို တန်ဖိုးထားတတ်သည့် မျက်စိရှင်သောအကြီးအကဲတစ်ဦးသည် ကမ္ဘာပေါ်ရှိ မိမိ၏သတ္တဝါများကို တန်ဖိုးထားသော ယေဟောဝါအား တုပနေပါသည်။
၁၆။ အသင်းတော်ရှိ အခြားသူများနှင့်အတူ အကြီးအကဲများအား လေးမြတ်ထိုက်သူများအဖြစ် ကျွန်ုပ်တို့အဘယ်ကြောင့် သဘောထားသင့်သနည်း။
၁၆ အကြီးအကဲများသည် ယေဟောဝါအား တုပခြင်းဖြင့် ပေါလု၏ဤအမှာစကားကို လက်တွေ့ကျင့်သုံးရာတွင် ပုံသက်သေကောင်းပြကြသည်– “ညီအစ်ကိုရင်းမေတ္တာဖြင့် တစ်ဦးကိုတစ်ဦး တွယ်တာစုံမက်ကြလော့။ တစ်ဦးကိုတစ်ဦးလေးမြတ်ရာတွင် ဦးဆောင်ကြလော့။” (ရောမ ၁၂:၁၀၊ ကဘ) လူတန်းစားခွဲခြားတတ်သည့်နိုင်ငံများတွင်နေထိုင်သည့် အကြီးအကဲများအတွက် ဤသို့ပြုရန် ပိုခက်ခဲနိုင်သည်။ ဥပမာ၊ အရှေ့တိုင်းနိုင်ငံတစ်ခုတွင် “ညီအစ်ကို” ဟုဆိုသောစကားလုံးနှစ်လုံးရှိပြီး တစ်လုံးမှာ ဂုဏ်တင်မှုပြရန်အတွက်ဖြစ်ပြီး၊ ကျန်တစ်လုံးမှာ သာမန်အတွက်ဖြစ်သည်။ မကြာသေးမီကအထိ အသင်းတော်သား များသည် အကြီးအကဲများနှင့် အသက်ကြီးသူများကို ဂုဏ်တင်မှုပြရန်အသုံးအနှုန်းကို အသုံးပြုခဲ့ကြပြီး အခြားသူများအတွက်မူ သာမန်အသုံးအနှုန်းကို အသုံးပြုခဲ့ကြသည်။ သို့သော် အချိန်အခါတိုင်းတွင် သာမန်အသုံးအနှုန်းကိုသာ အသုံးပြုကြရန် သူတို့အားပေးခံရကြသည်၊ အကြောင်းမှာ နောက်တော်လိုက်များကို ယေရှုပြောသည့်အတိုင်း “သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏။” (မဿဲ ၂၃:၈၊ သမ) ဤခွဲခြားမှုသည် အခြားနိုင်ငံများတွင် ဤမျှသိသာထင်ရှားမည်မဟုတ်သော်လည်း လူတန်းစားခွဲလိုသည့် လူ့သဘောကို ကျွန်ုပ်တို့အားလုံး သတိထားရန်လိုသည်။—ယာကုပ် ၂:၄။
၁၇။ (က) အကြီးအကဲများသည် အဘယ်ကြောင့်ချဉ်းကပ်ရလွယ်သူများဖြစ်သင့်သနည်း။ (ခ) အကြီးအကဲတို့သည် အသင်းတော်သားများနှင့်ဆက်ဆံရာတွင် အဘယ်နည်းများဖြင့် ယေဟောဝါကို တုပနိုင်သနည်း။
၁၇ အချို့သောအကြီးအကဲများကို ‘နှစ်ဆသောလေးမြတ်မှု’ ရထိုက်သူများအဖြစ် ဆက်ဆံရန် ပေါလုက ကျွန်ုပ်တို့ကို အားပေးထားသည်မှာမှန်သော်လည်း သူတို့သည် ညီအစ်ကိုများဖြစ်နေဆဲပင်။ (၁ တိမောသေ ၅:၁၇၊ သမ္မာ) ကျွန်ုပ်တို့သည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏ ‘ကျေးဇူးပလ္လင်တော်သို့ ရဲရင့်သောစိတ်နှင့် တိုးဝင်ချဉ်းကပ်’ နိုင်ကြလျှင် ယေဟောဝါအားတုပရမည့် အကြီးအကဲများထံ မချဉ်းကပ်ရဲစရာရှိသင့်ပါသလော။ (ဟေဗြဲ ၄:၁၆; ဧဖက် ၅:၁) ကြီးကြပ်မှူးတို့သည် မိမိတို့ထံ အခြားသူများ သွန်သင်ချက်ခံယူရန် သို့မဟုတ် အကြံပြုချက်ပေးရန် ဘယ်နှစ်ကြိမ်လာရောက်သည်ကို တွက်ကြည့်ခြင်းဖြင့် မိမိတို့ မည်မျှချဉ်းကပ်လွယ်သည်ကို ချိန်ဆတွက်ချက်ကြည့်နိုင်ပါသည်။ ယေဟောဝါသည် မိမိ၏စီမံကိန်းများတွင် အခြားသူများကို ပါဝင်စေပုံမှ သင်ခန်းစာယူပါ။ ကိုယ်တော်သည် တာဝန်များလွှဲအပ်ခန့်ထားပေးခြင်းဖြင့် အခြားသူများကို ဂုဏ်တင်ခဲ့သည်။ အခြားသက်သေခံတစ်ဦးကပေးသည့် အကြံပြုချက်အချို့သည် လက်တွေ့ကျပုံမရလျှင်ပင် အကြီးအကဲများသည် သူတို့၏စိုးရိမ်မကင်းစိတ်အတွက် ကျေးဇူးတင်လေးမြတ်သင့်သည်။ အာဗြဟံ၏စူးစမ်းမေးမြန်းမှုများနှင့် ဟဗက္ကုတ်၏ စိတ်ဓာတ်ကျဟစ်ကြွေးမှုတို့ကို ယေဟောဝါမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း သတိရပါ။
၁၈။ အကြီးအကဲများသည် အကူအညီလိုနေသူများကို ပြန်လည်ပြုပြင်ပေးရာတွင် ယေဟောဝါအား မည်သို့တုပနိုင်သနည်း။
၁၈ ခရစ်ယာန်ချင်းအချို့သည် ပြန်လည်ပြုပြင်စရာလိုသည်။ (ဂလာတိ ၆:၁) သို့သော် သူတို့သည် ယေဟောဝါ၏မျက်မှောက်တော်တွင် တန်ဖိုးရှိနေဆဲဖြစ်ကြရာ သိက္ခာရှိရှိဆက်ဆံခံထိုက်ဆဲဖြစ်သည်။ “သွန်သင်ချက်ပေးသူက တလေးတစား ဆက်ဆံတဲ့အခါ သူ့ဆီ ချဉ်းကပ်ရဲတယ်” ဟု သက်သေခံတစ်ဦးဆိုသည်။ လူအများသည် သိက္ခာရှိရှိဆက်ဆံခံရသည့်အခါ သွန်သင်ချက်ကို ကောင်းစွာလက်ခံယူတတ်ကြသည်။ အချိန် ပိုကုန်နိုင်သည်၊ သို့သော် ခြေလှမ်းမှားခဲ့သူများကို နားထောင်ပေးခြင်းဖြင့် လိုအပ်သောမည်သည့်သွန်သင်ချက်ကိုမဆိုလက်ခံရန် သူတို့အတွက် ပိုလွယ်ကူစေသည်။ ယေဟောဝါသည် ဣသရေလလူမျိုးအပေါ် ကရုဏာထားကာ အထပ်ထပ်အပြန်ပြန် သူတို့နှင့်ဆင်ခြင်ဆွေးနွေးခဲ့ပုံကို စိတ်စွဲမှတ်ထားပါလေ။ (၂ ရာဇဝင်ချုပ် ၃၆:၁၅; တိတု ၃:၂) နားလည်မှု၊ စာနာထောက်ထားမှုတို့ဖြင့်ပေးသော သွန်သင်ချက်သည် အကူအညီလိုနေသူတို့၏နှလုံးသားကို ထိမိလိမ့်မည်။—သု. ၁၇:၁၇; ဖိလိပ္ပိ ၂:၂၊ ၃; ၁ ပေတရု ၃:၈။
၁၉။ ခရစ်ယာန်များနည်းတူ မယုံကြည်သူများကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။
၁၉ အခြားသူများအား လေးမြတ်မှုတင်ပြခြင်းဟူသည် နောင်တွင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးညီအစ်ကိုများဖြစ်လာနိုင်သူတို့အထိ သက်ဆိုင်သည်။ ထိုသူတို့သည် ကျွန်ုပ်တို့၏သတင်းတရားကို လက်ခံရန် ယခုနှေးကွေးနေနိုင်ဖွယ်ရှိသော်လည်း ကျွန်ုပ်တို့သည် သူတို့အပေါ် စိတ်ရှည်ဖို့နှင့် လူသားများအနေနှင့် သူတို့၏သိက္ခာကို အသိအမှတ်ပြုရန် လိုအပ်နေဆဲဖြစ်သည်။ ယေဟောဝါသည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ” ၏။ (၂ ပေတရု ၃:၉) ကျွန်ုပ်တို့တွင် ယေဟောဝါ၏သဘောထား မရှိသင့်ပေလော။ လူအများ၏အနေအထားကိုကြည့်လျှင် မိမိတို့ဘက်မှ အိမ်နီးချင်းကောင်းပီသရန် အမြဲကြိုးစားကြမည်ဆိုလျှင် သက်သေခံဖို့လမ်းစ ပွင့်လာနိုင်သည်။ ဝိညာဉ်ရေးထိခိုက်မှုရှိနိုင်သည့်ပေါင်းသင်းမှုမျိုးကို ကျွန်ုပ်တို့ရှောင်ကြမည်မှာ မှန်ပါသည်။ (၁ ကောရိန္သု ၁၅:၃၃) သို့တိုင် ကျွန်ုပ်တို့သည် မိမိတို့နည်းတူမယုံကြည်သူများကို အထင်အမြင်မသေးဘဲ “သနားကြင်နာစိတ်” ပြကြသည်။—တမန်တော် ၂၇:၃၊ သတင်းကောင်း။
၂၀။ ယေဟောဝါနှင့်ယေရှုတို့၏စံနမူနာက ကျွန်ုပ်တို့ကို မည်သည့်အရာပြုရန် တွန်းအားပေးသင့်သနည်း။
၂၀ မှန်ပါသည်၊ ယေဟောဝါနှင့် ယေရှုခရစ်ကပါ ကျွန်ုပ်တို့တစ်ဦးစီကို လေးစားထိုက်သူများအဖြစ် ယူမှတ်တော်မူသည်။ သူတို့၏ပြုမူပုံကို အမြဲသတိရကြပြီး အချင်းချင်းကိုလေးမြတ်မှုပြရာတွင် အလားတူ ဦးဆောင်နိုင်ကြပါစေ။ “သင်တို့ရှိသမျှသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟူသည့် ကျွန်ုပ်တို့၏သခင်ယေရှုခရစ်၏စကားကို အမြဲစိတ်စွဲမှတ်ထားနိုင်ကြပါစေ။—မဿဲ ၂၃:၈၊ သမ။
သင်မည်သို့ဖြေဆိုမည်နည်း
• ဝတ်ပြုသူချင်းတို့အပေါ် သင်မည်သို့သဘောထားသင့်သနည်း။
• ယေဟောဝါနှင့်ယေရှုတို့၏စံနမူနာတော်က အခြားသူများကို လေးမြတ်ကြောင်းပြရန် သင့်အား မည်သို့လှုံ့ဆော်ပေးသနည်း။
• လင်သားများနှင့်မိဘများသည် အခြားသူများကို လေးမြတ်ကြောင်း မည်သို့ပြနိုင်သနည်း။
• ခရစ်ယာန်ချင်းတို့ကို မိမိတို့၏ညီအစ်ကိုများအဖြစ်သဘောထားခြင်းက အကြီးအကဲများ မည်သို့ပြုမူရန် တွန်းအားပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျေးဇူးတင်ကြောင်းပြောကာ သင့်ဇနီးသည်ကို လေးမြတ်ပါ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သင့်သားသမီးတို့၏စကားကို နားထောင်ပေးခြင်းဖြင့် သူတို့ကိုဂုဏ်တင်ပါ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အသင်းတော်သားများကို သိက္ခာရှိရှိဆက်ဆံပါ