မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်သိုးထိန်းများ—‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့’!

ခရစ်ယာန်သိုးထိန်းများ—‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့’!

ခရစ်ယာန်​သိုးထိန်း​များ—‘သင်တို့၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ​ကြလော့’!

“ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏။ ငါသည်​ဆင်းရဲ​မခံရ။” ဤ​စကား​များ​ဖြင့် ဘုရားသခင်​အား အကြွင်းမဲ့ယုံ​ကြည်​စိတ်ချကြောင်း ဒါဝိဒ်​ဖော်ပြ​ခဲ့​သည်။ ယေဟောဝါ​သည် ဝိညာဉ်​ရေး​အရ “စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်” နှင့် “သာယာသော​မြစ်​နား​သို့” သူ့ကို​ခေါ်ဆောင်​သွားပြီး “တရားလမ်း​ထဲ” သို့​လမ်းညွှန်​ပေး​သည်။ ဆန့်ကျင်သူ​များ​ဝန်းရံ​နေသည့်​အခါ ထောက်မမှု​နှင့် အားပေးမှုကို ဒါဝိဒ်​ရရှိသော​ကြောင့် ယေဟောဝါ​အား ဤသို့​ပြောဆို​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်– ‘ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ​ရှိ​တော်​မူ​သည်​ဖြစ်၍ ဘေးအန္တရာယ်​ကို​မကြောက်​ပါ။’ ဤ​ကဲ့သို့​သော အကြီးမြတ်ဆုံး​သိုးထိန်းရှင်​ရှိ​ခြင်း​ကြောင့် ဒါဝိဒ်​သည် “ထာဝရ​ဘုရား​၏​အိမ်တော်မှာ အစဉ်အမြဲ​နေ” ရန်​ဆုံးဖြတ်​ခဲ့​သည်။—ဆာလံ ၂၃:၁-၆

ဘုရားသခင်​၏​တစ်ပါး​တည်း​သော​သားတော်​သည်လည်း ယေဟောဝါ​၏​မေတ္တာပါ​ဂရုစိုက်​မှု​ကို ခံစား​ခဲ့​ရပြီး ကမ္ဘာ​ပေါ်​ခဏတာ​နေထိုင်​စဉ်​အတွင်း မိမိ၏​တပည့်တော်​များနှင့်​ဆက်ဆံ​ရာ​တွင် ဤ​ဂရုစိုက်​မှု​ကို ကိုယ်တော်​အပြည့်အဝ​တင်ပြ​ခဲ့​သည်။ ထို့​ကြောင့် ကျမ်းစာ​က ကိုယ်တော်​ကို “ကောင်းသော​သိုးထိန်း၊” “သိုးထိန်းကြီး၊” “သိုးထိန်း​အကြီး၊” ဟု​ရည်ညွှန်း​ခေါ်ဆို​ထား​သည်။—ယောဟန် ၁၀:၁၁; ဟေဗြဲ ၁၃:၂၀; ၁ ပေတရု ၅:၂-၄

ယေဟောဝါ​နှင့် ယေရှု​ခရစ်​သည် မိမိတို့​အား​ချစ်​မြတ်နိုး​သူများကို ဆက်၍​ထိန်းကျောင်း​နေကြပါ​သည်။ ကိုယ်တော်​၏​ထိန်းကျောင်း​မှု​ကို အသင်းတော်​အတွင်းရှိ လက်ထောက်​သိုးထိန်း​များ​၏ မေတ္တာပါ​သော​အစီအစဉ်​က တင်ပြ​သည်။ ဤ​လက်ထောက်​သိုးထိန်း​များ​ကို ပေါလု​က​ဤသို့​ပြော​ခဲ့​သည်– “သင်တို့သည် ကိုယ်ကို​သတိ​နှင့်​ကြည့်ရှု​ကြလော့။ ဘုရားသခင်​သည် မိမိ [သားတော်] အသွေး​နှင့်​ဝယ်​တော်​မူ​သော အသင်းတော်ကို လုပ်ကျွေး​စေခြင်း​ငှာ၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်ရှု​ကြလော့။”—တမန်​တော် ၂၀:၂၈

ယေဟောဝါ​နှင့် ခရစ်တော်​ယေရှု​ချမှတ်​သော​ပုံစံ​နှင့်​အညီ သိုးတော်စု​ကို​ထိန်းကျောင်း​ခြင်း​သည် လွယ်ကူ​သည့်​လုပ်ငန်း​မဟုတ်သော်လည်း ယခင်​က​ထက် ယခု ပို​၍​အရေးကြီး​နေသည်။ လွန်ခဲ့သော​သုံးနှစ်​အတွင်း နှစ်ခြင်း​ခံ​ခဲ့​သူ သက်သေခံ​တစ်သန်း​ကျော်​ကို သတိရပါ​လေ! ထို​လူသစ်​များသည် နှစ်ပေါင်း​များစွာ​လုပ်ဆောင်​ရာ​မှ​ရရှိ​သည့် ဝိညာဉ်​ရေး​နောက်ခံ​ရှိ​သူများ မဟုတ်​ကြ​ပါ။ ကလေး​အရွယ် သို့​မဟုတ် ဆယ်ကျော်သက်​အရွယ်​သာ​ရှိနေသေး​သည့် သက်သေခံ​များ​ကိုလည်း သတိရပါ။ သူတို့သည် မိဘ​၏​ဂရုစိုက်​မှု​သာမက အသင်းတော်​၏​လက်ထောက်​သိုးထိန်း​များ​၏ ဂရုစိုက်​မှု​ကိုလည်း ရရှိဖို့​လို​နေကြ​သည်။

မှန်​၏၊ ခရစ်ယာန်​တိုင်း​သည် ရွယ်တူချင်း​ဖိအား​အပါအဝင် ပြင်ပ​ဖိစီးမှုများ​ကို ခံ​နေရ​ကြသည်။ စိတ်​အလိုလိုက်​လွန်း​ခြင်း​ဖြစ်သည့် လောက​လမ်းစဉ်​နောက်လိုက်​ရန် ပြင်းထန်​သည့်​ဆွဲအား​များ​ကို အားလုံး​ခုခံ​တိုက်လှန်​ကြ​ရမည်​ဖြစ်သည်။ အချို့​သော​နိုင်ငံ​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​များသည် သူတို့၏​သတင်းစကားကို တုံ့ပြန်မှု​မရှိကြ​ခြင်း​ကြောင့် စိတ်ဓာတ်ကျ​နိုင်​သည်။ ကြေညာသူ​များစွာ​တွင် ဆိုးရွား​သည့်​ကျန်းမာ​ရေး​ပြဿနာ​များ ရှိကြသည်။ အခြားသူများ​မှာ​မူ ငွေကြေး​အခက်အခဲ​များ​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​ကို​ရှေးဦး​ရှာ​ရန်​စိတ်ဆန္ဒ ကင်းမဲ့​နေနိုင်​သည်။ အမှန်ဆိုလျှင် အမှန်တရား​တွင် သက်တမ်းရင့်​သူများ​အပါအဝင် ကျွန်ုပ်​တို့အားလုံး​သည် မေတ္တာပြည့်​ဝ​သော​သိုးထိန်း​များ​၏ အကူအညီ​လိုအပ်​၍၊ ရထိုက်​ကြ​ပါ​သည်။

လျောက်ပတ်​သော​လှုံ့ဆော်မှု

ပထမ​ရာစု​ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– ‘သင်တို့၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ​ကြလော့’! (၂ ကောရိန္သု ၆:၁၁-၁၃) ခရစ်ယာန်​အကြီးအကဲ​များသည် သူတို့၏​သိုးထိန်းခြင်း​တာဝန်​များ​ကို ဂရုစိုက်​ဆောင်ရွက်​ရာ​တွင် ဤ​အကြံပေး​ချက်​ကို​လိုက်နာသင့်​ပေ​သည်။ မည်သို့​ပြုလုပ်​နိုင်​သနည်း။ သိုးထိန်း​များ​ဖြစ်လာ​ရန် အလားအလာ​ရှိ ဓမ္မ​အမှုထမ်းများ​ကော အသို့နည်း။

ခရစ်ယာန်​အကြီးအကဲ​များသည် သိုးတော်စု​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်​ကြ​ရမည်​ဆိုလျှင် သူတို့သည် တာဝန်​သိ​တတ်​သည်ထက် ပိုမို​လှုံ့ဆော်​ခံရ​ရန်လို​သည်။ သူတို့ ဤသို့​ညွှန်ကြားခံ​ရ၏– “ဘုရားသခင်​၏​သိုးတော်စု​ကို ထိန်း​ခြင်း​အမှုမှာ အနိုင်​ထိန်း​ရသော​ကြောင့်​မဟုတ်၊ မစင်ကြယ်​သော​စီးပွား​ကို တပ်မက်သော​ကြောင့်​မဟုတ်ဘဲ အလိုလို​စေတနာ​စိတ်​ရှိ၍ ကြည့်ရှု​အုပ်ထိန်း​ကြလော့။” (၁ ပေတရု ၅:၂) ထို့​ကြောင့် ထိရောက်​စွာ​သိုးထိန်းခြင်း​တွင် အခြားသူများ​အကျိုးကို တလိုတလား၊ စိတ်အား​ထက်သန်​စွာ လုပ်ဆောင်ပေး​ခြင်း​ပါဝင်​သည်။ (ယောဟန် ၂၁:၁၅-၁၇) သိုးများ​၏​လိုအပ်ရာ​များ​ကို တွေ့မြင်​တတ်​ပြီး အလျင်အမြန်​တုံ့ပြန်​ပေးခြင်း​ကို ဆိုလို​သည်။ အခြား​သူများ​နှင့်​ဆက်ဆံ​သည့်​အခါ ဘုရားသခင့်​ဝိညာဉ်​တော်​အသီးများ​ဖြစ်သည့် ခရစ်ယာန်အရည်အသွေးကောင်း​များ တင်ပြခြင်း​ကို​ဆိုလို​သည်။—ဂလာတိ ၅:၂၂၊ ၂၃

သိုးထိန်းခြင်း​လုပ်ငန်း​တွင် တစ်ခါတစ်ရံ ညီအစ်ကို​များ​၏​အိမ်များ​သို့​သွားရောက်​လည်ပတ်ခြင်း ပါဝင်​သည်။ * သို့သော် ‘သူတို့၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေသော’ သိုးထိန်း​များသည် အသုံးတော်ခံ​ကြသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံ သိုးထိန်း​လည်ပတ်မှု​ပြုခြင်း​ထက် ပို​၍​လုပ်ဆောင်ကြ​ခြင်း​ဖြစ်သည်။ သိုးအုပ်​ရှိသူ​များ​ကို​ထိန်းကျောင်း​ရန် အခွင့်အရေး​တိုင်း သူတို့​ယူ​တတ်ကြ​သည်။

အခြား​သူများကို သိုးထိန်း​များ​ဖြစ်လာ​ရန် လေ့ကျင့်​ပေးခြင်း

“ကြီးကြပ်မှူး​အရာ​ကို လှမ်းယူ​နေသော​သူ” အသက်အရွယ်​အမျိုးမျိုး​ရှိ​နိုင်​သည့် မည်သည့်​ညီအစ်ကို​မဆို​သည် “ကောင်းသော​အမှုအရာ​ကို​တောင့်တ” သူ​ဖြစ်သည်။ (၁ တိမောသေ ၃:၁က​ဘ) ဓမ္မ​အမှုထမ်းများ​စွာ​သည် ထပ်ဆင့်​အခွင့်အရေး​များ​ကို​လက်​လှမ်းယူ​ရန် လိုလိုလားလား​ရှိကြောင်း တင်ပြ​ခဲ့​ကြသည်။ ထို့​ကြောင့် “ကြီးကြပ်မှူး​အရာ​ကို လှမ်းယူ” ရာ​တွင် အရေးကြီး​သည့်​ဤ​ခြေလှမ်း​ကို​ယူ​ရန် ဆန္ဒရှိ​သည့် ထို​ညီအစ်ကို​များ​ကို အကြီးအကဲ​များသည် ဝမ်းမြောက်​စွာ​အကူအညီ​ပေး​ကြသည်။ ယင်းက ထိရောက်​သော​သိုးထိန်း​များ​ဖြစ်လာ​ရန် သူတို့ကို​လေ့ကျင့်​ပေးခြင်း​ဖြစ်သည်။

ဘုရားသခင်​၏ မြင့်မားသော​စံနှုန်း​များ​ကို ထက်​ကြပ်​မ​ကွာ​လိုက်လျှောက်ခြင်း​ကြောင့် ယေဟောဝါ​၏​ခရစ်ယာန်​အသင်းတော်သည် ယေဇကျေလ ၃၄:၂-၆ တွင်​ဖော်ပြ​ထားသော သိုးထိန်း​အတုအယောင်​များ​အတွက်​နှင့် အားနည်း​မသွား​ခဲ့​ပါ။ ဤ​သိုးထိန်း​အတုအယောင်​များသည် ယေဟောဝါ​မျက်မှောက်​တော်​တွင် စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်​ပြီး ထိုသို့​ရွံရှာ​ထိုက်​ပေ​သည်။ သိုးများ​ကို​ကျွေးမွေး​မည့်​အစား သူတို့​ချည်း စားသောက်​ခဲ့​ကြသည်။ သူတို့သည် အားနည်း​သော​သိုး​တို့ကို​မစ​ရန်၊ ဖျားနာ​သော​သိုး​တို့ကို ဆေးကု​ရန်၊ အရိုးကျိုး​သော​သိုး​တို့ကို အဝတ်​နှင့်​စည်း​ရန် သို့​မဟုတ် ပျောက်သော​သိုး​တို့ကို တစ်ဖန်ဆောင်​ခဲ့​ကြ​ရန် ပျက်ကွက်​ကြသည်။ သူတို့သည် သိုးထိန်း​များ​အစား ဝံပုလွေ​များနှင့်​ပို​တူ​ကြ​ပြီး သိုးများ​အပေါ် နိုင်ထက်စီးနင်း​ပြုမူ​ခဲ့​ကြသည်။ ဂရုစိုက်​မခံရ​သော​သိုးများ​သည် ကွဲလွင့်​သွားပြီး သူတို့ကို​ဂရုစိုက်​မည့်​သူ​မရှိ ဦးတည်ရာ​မဲ့ လှည့်လည်​သွား​လျက်​နေကြ​သည်။—ယေရမိ ၂၃:၁၊ ၂; နာဟုံ ၃:၁၈; မဿဲ ၉:၃၆

ထို​သစ္စာ​မရှိသော​သိုးထိန်း​များနှင့်​မတူဘဲ ခရစ်ယာန်​သိုးထိန်း​များသည် ယေဟောဝါ​၏​ပုံ​နမူနာကို လိုက်လျှောက်​ကြသည်။ သူတို့သည် ဝိညာဉ်​ရေး​အရ “စိမ်းလန်း​သော​ကျက်စား​ရာ​အရပ်” နှင့် “သာယာသော​မြစ်​နား​သို့” သိုး​တို့ကို​ပို့ဆောင်​ပေး​ရန် ကူညီ​နေကြ​သည်။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို တော်မှန်​စွာ​နားလည်​သဘောပေါက်​ရန်​နှင့် ယင်းကို​လက်တွေ့​ကျင့်သုံး​ရန် အကူအညီ​ပေးခြင်း​အားဖြင့် ‘ဖြောင့်မတ်ခြင်း​တရားလမ်း​ထဲ’ သို့​ပြညွှန်​ပေး​ရန် ကြိုးစား​အားထုတ်​နေကြ​သည်။ ယင်းကို သူတို့​အကျိုး​ဖြစ်ထွန်း​စွာ​လုပ်ဆောင်​နိုင်​ကြသည်၊ အကြောင်း​မှာ သူတို့သည် “ဆုံးမ . . . ပေး​တတ်သော​သူ” များ​ဖြစ်​ကြသည်။—၁ တိမောသေ ၃:၂

အကြီးအကဲ​များ​၏​သွန်သင်ခြင်း​ကို အသင်းတော်​အစည်းအဝေး​များ​အတွင်း စင်မြင့်​ပေါ်​မှ အများအားဖြင့်​ပေး​လေ့​ရှိသည်။ သို့ရာတွင် အကြီးအကဲ​များသည် တစ်ဦးချင်း​စီ​အနေ​ဖြင့်​လည်း သွန်သင်ပေး​သည်။ အချို့​သူများ​သည် တစ်ဦးချင်း​စီ​ကို​သွန်သင်ပေး​ရာ​၌ ပို​၍​တော်​ကြ​ပြီး အခြားသူများ​မှာ​မူ ဟောပြောချက်​များ​ပေး​ရာ​တွင် ပို​၍​အာ​စ​လျှာ​စ​ရှိသည်။ သို့သော် သွန်သင်ပုံ​တစ်မျိုး​တွင် စွမ်းရည်​နည်း​ခြင်း​သည် သွန်သင်သူ​တစ်ဦး​အဖြစ် အရည်အချင်း​မရှိ​ဟု မဆို​နိုင်​ပါ။ အကြီးအကဲ​များသည် သိုးထိန်းခြင်း​အပါအဝင် နည်းလမ်း​အားလုံး​ကို​အသုံးပြုပြီး သွန်သင်​ကြသည်။ သိုးထိန်း​လုပ်ငန်း​အချို့​ကို ဖွဲ့စည်းထား​သည့်​လည်ပတ်မှုများ​ပြု​ချိန်မှာ​ကဲ့သို့ သ​မား​ရိုး​ကျ​နည်း​အတိုင်း​ပြုလုပ်​ကြသည်။ သို့သော် အကျိုးများစွာ​ဖြစ်ထွန်း​သော အလွတ်သဘော​နည်းလမ်းများ​ဖြင့်​လည်း သိုးထိန်း​လုပ်ငန်း​ကို များစွာ​ပြုလုပ်​နိုင်​ပါ​သည်။

တစ်ချိန်​လုံး​သိုးထိန်း​များနှင့် သွန်သင်​သူများ

ဆရာဝန်​တစ်ဦး​သည် သူ၏​အလုပ်ကို​ဆောင်ရွက်ရန် အသိပညာနှင့် အတွေ့အကြုံ​လို​သည်။ သို့သော် ကြင်နာ​မှု၊ ထောက်ထား​စာနာမှု၊ ဂရုစိုက်​မှု၊ စိတ်ရင်းမှန်​နှင့် စိတ်ဝင်စားမှု​ကို တင်ပြ​သည့်​အခါ သူ၏​လူနာများ​သည် ယင်းကို​တန်ဖိုး​ထား​လေးမြတ်​တတ်ကြ​သည်။ ဤ​အရည်အချင်းများ​သည် သူ၏​ပင်ကိုစရိုက်​တွင် ပါဝင်​ရ​ပေမည်။ အလားတူ​အရည်အချင်းများ​သည် ကောင်းသော​သွန်သင်သူ၊ သိုးထိန်း​၏ ပင်ကို​အရည်အသွေး​တွင် ရှိလာ​ရမည်​ဖြစ်​ပြီး သူ၏​နေ့စဉ်​ဘဝ​ပုံစံ​၏ အစိတ်အပိုင်း​ဖြစ်​ရ​ပေမည်။ သွန်သင်သူ​အစစ်အမှန်​တစ်ဦး​သည် မိမိ​ဝန်းကျင်ရှိ​သူများကို သွန်သင်ပေး​ရန်လို​အပ်​တိုင်း သွန်သင်​ဖို့ အသင့်ရှိနေ​ပေမည်။ “အချိန်တန်​၍​ပြော​သော​စကား​သည်လည်း အလွန်​လျောက်ပတ်​ပေ​၏” ဟု​နယပုံပြင် ၁၅:၂၃ က​ဆို​သည်။ “အချိန်တန်” အချိန်​သည် စင်မြင့်​ပေါ်​မှ​ဟောပြော​ချိန်၊ တစ်အိမ်​မှ​တစ်အိမ်​ဟောပြော​ချိန် သို့​မဟုတ် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် စကား​အပြန်အလှန်​ပြောဆိုချိန် သို့​မဟုတ် တယ်လီဖုန်း​ဖြင့် စကားပြော​ချိန်​တို့ ဖြစ်​နိုင်​ပါ​သည်။ ထို​နည်းတူ သိုးထိန်း​ကောင်း​တစ်ဦး​သည် သိုးထိန်း​လည်ပတ်မှု​ပြု​ချိန်​လောက်​သာ​မဟုတ်ဘဲ အချိန်တိုင်း ဂရုစိုက်​တတ်သော​အရည်အသွေးများ​ကို တင်ပြ​ရန် ကြိုးစား​အားထုတ်​၏။ ‘သူ၏​စိတ်နှလုံး​ကို​ကျယ်ဝန်း’ စေ​ခဲ့ပြီ​ဖြစ်​ရာ သိုးများ​ကို​ထိန်းကျောင်း​ရန် အခွင့်အရေးတိုင်းကို​ယူပြီး အခန့်သင့်​အချိန်တွင် သူတို့​လိုအပ်​သည့် ဂရုစိုက်​မှု​ကို​ပေး​မည်​ဖြစ်သည်။ ယင်း​သို့​ပြုခြင်း​က သူ့ကို သိုးများ ချစ်ခင်​မြတ်နိုး​စေ​သည်။—မာကု ၁၀:၄၃

ယခု အကြီးအကဲ​တစ်ဦး​ဖြစ်နေ​သူ ဝတ်​လ်ဖ်​ဂဲ​န်​သည် သူ၏​မိသားစု​ထံ​သို့ အလည်အပတ်​လာသော ဓမ္မ​အမှုထမ်း​နှင့် သူ၏​ဇနီး​တို့ကို ပြန်၍​အမှတ်ရ​သည်။ သူက​ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​ရဲ့​ကလေး​တွေ​ဟာ သူတို့ရဲ့​ဂရုစိုက်​မှု​ကို​ခံ​ခဲ့​ရပြီး အတူတူ​ပေါင်းသင်း​ခဲ့​ရတဲ့ ပျော်စရာ​အချိန်​အတွက် အရမ်း​ကျေနပ်​အားရခဲ့​ကြတယ်။ အခုထိ​ဒီ​အကြောင်း​တွေ​ကို ပြော​နေကြ​တုန်း​ပဲ။” မှန်ပါသည်၊ ဤ​ဓမ္မ​အမှုထမ်း​က ဂရုစိုက်​မှု​ကို တင်ပြ​ခဲ့​၏; ‘သူ၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ’ ခဲ့​သည်။

‘စိတ်နှလုံး​ကျယ်ဝန်း’ စေရန်​အခြား​အခွင့်အရေး​တစ်ခု​မှာ ဖျားနာသူ​များ​ထံ​လည်ပတ်ခြင်း၊ အားပေးစာ​တို​လေး​ပေး​ပို့​ခြင်း သို့​မဟုတ် တယ်လီဖုန်း​ဆက်​ခြင်း၊ သင့်​ဂရုစိုက်​မှု​ကို သူတို့​သိစေ​ရန် တစ်နည်း​နည်းဖြင့်​တင်ပြခြင်း​ဖြင့်​ဖြစ်သည်! လိုအပ်​သည့်​အချိန်တွင် အကူအညီ​ပေး​ပါ။ သူတို့​စကားပြော​ဆိုလို​ပါ​က ဂရုတစိုက်​နားထောင်ပေး​ပါ။ ဒေသခံ​အသင်းတော်တွင်​နှင့် အခြား​နေရာများ​တွင် အပြုသဘောဆောင်​ကာ လှုံ့ဆော်မှု​ဖြစ်စေ​သည့် သီအိုကရက်တစ်​လုပ်ဆောင်မှုများ​အကြောင်း​ပြောပြ​ပါ။ ယေဟောဝါ​အား​ချစ်​မြတ်နိုးသူ​များ​ရရှိ​မည့် ဘုန်း​ကျက်သရေ​ရှိသော အနာဂတ်​ကို အာရုံ​စူးစိုက်​နေ​စေရန် သူတို့အား​ကူညီပေး​ပါ။—၂ ကောရိန္သု ၄:၁၆-၁၈

သိုးထိန်း​လည်ပတ်မှုများ​အပြင်

သိုးထိန်း​လုပ်ငန်း​၏​ရည်ရွယ်ချက်ကို စိတ်ထဲ​စွဲမှတ်​ထား​ကာ ညီအစ်ကို​များ​၏​အိမ်​သို့ သ​မား​ရိုး​ကျ​သိုးထိန်း​လည်ပတ်မှု ပြုလုပ်ခြင်း​သည် အရေးကြီး​သည်​မှန်​သော်လည်း ပြုလုပ်​ရမည့်​အရာများ​တွင် တစ်ပိုင်း​မျှ​သာ​ဖြစ်​ကြောင်း ထင်ရှား​ပါ​သည်။ မေတ္တာပြည့်​ဝ​သော​သိုးထိန်း​တစ်ဦး​သည် အခြေအနေ​အမျိုးမျိုး​အောက်​နှင့် အချိန်​အခါတိုင်း​တွင် ချဉ်းကပ်​ရလွယ်​သူ​ဖြစ်​ခြင်း​အားဖြင့် ‘သူ၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ’ သည်။ ညီအစ်ကို​များနှင့် နွေးထွေး​သည့်​ဆက်ဆံ​ရေး​ပြုစု​ခဲ့​ခြင်း​က အန္တရာယ်​ကြုံတွေ့​ရသည့်​အချိန်​အခါ​များ​တွင် သူတို့၏​မေတ္တာပြည့်​ဝသည့်​ညီအစ်ကို၊ ခရစ်ယာန်​သိုးထိန်း​သည် သူတို့ကို​ကြည့်ရှု​စောင့်ရှောက်​လိမ့်​မည်​ဟု သိထား​၍ အဘယ်​ဘေးအန္တရာယ်​ကို​မျှ​ကြောက်စရာ​မလို​ကြောင်း စိတ်ချ​စေ​သည်။—ဆာလံ ၂၃:၄

မှန်ပါသည်၊ ခရစ်ယာန်​သိုးထိန်း​အားလုံး​တို့ ‘သင်တို့၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ’ ကြ​ပါ။ သင့်​ညီအစ်ကို​များ​ကို စိတ်ရင်း​စေတနာ​မှန်​ဖြင့် ချစ်​မြတ်နိုး​ကြောင်း တင်ပြ​ကြ​ပါ—သူတို့ကို​အားပေးပါ၊ လန်းဆန်းမှု​ရရှိစေ​ပါ၊ သင်​တတ်နိုင်​သည့်​နည်း​အမျိုးမျိုးဖြင့် ဝိညာဉ်​ရေး​ဘက် သူတို့ကို​တည်ဆောက်​ပေး​ပါ။ ယုံကြည်ခြင်း​တွင်​ခိုင်ခံ့​မြဲမြံ​နေကြ​ရန် သူတို့ကို​ကူညီပေး​ပါ။ (ကောလောသဲ ၁:၂၃) ‘သူတို့၏​စိတ်နှလုံး​ကို ကျယ်ဝန်း​စေ’ ကြသော ခရစ်ယာန်​သိုးထိန်း​များ​ရရှိ​ထား​သည့် ကောင်းချီး​ခံစား​ရသော​သိုးများ​သည် လို​လေ​သေး​ရှိကြ​မည်​မဟုတ်ပါ။ သူတို့သည် ဒါဝိဒ်​ကဲ့သို့ ယေဟောဝါ​၏​အိမ်တော်တွင် အစဉ်အမြဲ​နေ​ရန် ဆုံးဖြတ်ချက်​ချ​ကြ​ပါ​လိမ့်​မည်။ (ဆာလံ ၂၃:၁၊) မေတ္တာပြည့်​ဝ​သော​သိုးထိန်း​တစ်ဦး​အနေ​နှင့် အခြား​ထပ်၍​လိုလား​ရာ​ရှိပါ​ဦး​မည်​လော။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 သိုးထိန်း​လည်ပတ်မှု​ပြုလုပ်​ရန်​အတွက် အကြံပြုချက်များ​ကို ကင်းမျှော်စင်၊ စက်တင်ဘာ ၁၅၊ ၁၉၉၃ စာမျက်နှာ ၂၀-၃ နှင့် မတ် ၁၅၊ ၁၉၉၆၊ စာမျက်နှာ ၂၄-၇ တွင်​တွေ့​နိုင်​ပါ​သည်။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ခရစ်ယာန်​သိုးထိန်း​များ

စိတ်အား​ထက်သန်​စွာ​နှင့် တလိုတလား​ဆောင်ရွက်​ကြ

သိုးအုပ်​ကို ကျွေးမွေး​စောင့်ရှောက်​ကြ

အခြားသူများ​လည်း သိုးထိန်း​များ​ဖြစ်လာ​ရန် တက်လှမ်းဖို့ ကူညီပေး​ကြ

ဖျားနာသူ​များ​ထံ​လည်ပတ်​ပြီး ဂရုစိုက်​စောင့်ရှောက်​ကြ

ညီအစ်ကို​များ​ကို အချိန်တိုင်း အကူအညီ​ပေး​ရန် နိုးနိုးကြားကြား​ရှိကြ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လယ်ကွင်း​လုပ်ငန်း​တွင်​ဖြစ်စေ၊ အစည်းအဝေး​များ​တွင်​ဖြစ်စေ၊ ပေါင်းဖော်​ချိန်​များ​တွင်​ဖြစ်စေ

အကြီးအကဲ​များသည် သိုးထိန်း​များ​အမြဲ​ဖြစ်​ကြ