မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံသက်သေကောင်းများ—ယင်းတို့မှ သင်အကျိုး ရရှိနေသလော

ပုံသက်သေကောင်းများ—ယင်းတို့မှ သင်အကျိုး ရရှိနေသလော

ပုံသက်သေ​ကောင်း​များ—ယင်း​တို့​မှ သင်​အကျိုး ရရှိ​နေ​သလော

“မာကေဒေါနိ​ပြည်၊ အာခါယ​ပြည်​၌ ယုံကြည်​သော​သူအပေါင်း​တို့အား သင်တို့သည် ပုံသက်သေ​ပေး​သော​သူ​ဖြစ်​ကြ​၏။” တမန်​တော်​ပေါလု​သည် သက်သာလောနိတ်​မြို့တွင်​နေထိုင်ကြ​သော သစ္စာရှိ​ခရစ်ယာန်​များ​ထံ အဆိုပါ​စကား​များ​ကို​ရေးပို့​ခဲ့​သည်။ ယုံကြည်သူချင်း​များ​အတွက် သူတို့​ပြသ​ခဲ့​သော​ပုံသက်သေ​သည် အမှန်ပင်​ချီးကျူးထိုက်​ဖွယ်​ဖြစ်သည်။ သို့သော် သက်သာလောနိတ်​မြို့သား​များ​ကိုယ်တိုင် ပေါလု​နှင့်​သူ၏​လုပ်ဖော်ဆောင်ဖက်​များ ပြသ​ခဲ့​သော​ပုံသက်သေ​ကို အတုယူ​ခဲ့​ကြ​ခြင်း​ဖြစ်သည်။ ပေါလု​က “ငါ​တို့သည် သင်တို့​နှင့်အတူ​နေသော​အခါ သင်တို့​အတွက် အဘယ်​သို့​သော​သူ​ဖြစ်သည်​ကို သင်တို့​သိ​ကြသည်​နှင့်​အညီ၊ ငါ​တို့​ဟောပြောသော ဧဝံဂေလိတရား​သည် သင်တို့၌ စကား​သက်​သက်​ဖြစ်သည်​မဟုတ်။ တန်ခိုး​နှင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဝိစိကိစ္ဆာ[စိတ်​နှစ်ခွ​ဖြစ်​ခြင်း] မရှိဘဲ အမှန်​သိခြင်း​နှင့်​လည်းကောင်း ပြည့်စုံသော​တရား​ဖြစ်၏။ သင်တို့သည် . . . ငါ​တို့​ကဲ့သို့​သော​သူ . . . ဖြစ်​ကြ​၏” ဟု​ပြောဆို​ခဲ့​သည်။—၁ သက်သာလောနိတ် ၁:၅-၇

မှန်​၏၊ ပေါလု​သည် တရားဟော​ခြင်း​ထက်မက လုပ်ဆောင်ခဲ့​သည်။ သူ၏​အသက်တာ​ကိုယ်နှိုက်​သည် လှုံ့ဆော်မှု​တစ်ရပ်​ဖြစ်သည်—ယုံကြည်ခြင်း​နှင့် ခံနိုင်ရည်​ရှိ​ခြင်း၊ ကိုယ်ကျိုး​စွန့်​ခြင်း​ပုံသက်သေ​ပင်။ ဤ​အကြောင်းကြောင့် ပေါလု​နှင့်​သူ၏​လုပ်ဖော်ဆောင်ဖက်​များသည် သက်သာလောနိတ်​မြို့သား​များ​၏​အသက်တာတွင် တန်ခိုး​ပါ​သော​သြဇာ​သက်ရောက်​ပြီး “ကြီးစွာ​သော​ဆင်းရဲခြင်း” တွင်​အမှန်တရားကို​လက်ခံရန် သူတို့အား​လှုံ့ဆော်ပေး​ခဲ့​သည်။ သို့သော် ပေါလု​နှင့်​သူ၏​လုပ်ဖော်ချင်း​များ​သာ ထို​ယုံကြည်သူများ​အတွက် အပြုသဘော​ပါ ဩဇာ​သက်ရောက်​သူများ မဟုတ်​ခဲ့​ချေ။ ဆင်းရဲခြင်း​ကြား ခံနိုင်ရည်​ရှိခဲ့​ကြသော အခြားသူများ​၏​ပုံသက်သေ​သည်လည်း အားပေးမှု​တစ်ခု​ဖြစ်​ခဲ့​၏။ “ယုဒပြည်​၌ ယေရှု​ခရစ်​၏​ဘာသာ​ကို​ခံယူ​သော ဘုရားသခင်​၏​သင်းဝင်သူ​တို့သည် ယုဒ​လူ​တို့​လက်​မှ ဆင်းရဲခံ​ရသကဲ့သို့ ညီအစ်ကို​တို့ သင်တို့သည် မိမိတို့​အမျိုးသားချင်း​တို့​လက်​မှ ထို​နည်းတူ​ခံရ​သော​အားဖြင့် ယုဒပြည်​၌​ရှိသော တပည့်တော်​ကဲ့သို့​သော​သူ​ဖြစ်​ကြ​၏” ဟူ၍ သက်သာလောနိတ်​မြို့သား​များ​ထံ ပေါလု​စာရေး​ခဲ့​သည်။—၁ သက်သာလောနိတ် ၂:၁၄

ခရစ်တော်​ယေရှု—အထင်ရှားဆုံး​စံ​ထား​အပ်​သူ

ပေါလု​ကိုယ်တိုင်​ပင် တုပထိုက်​သော​ပုံသက်သေ​ကို​ချမှတ်​ခဲ့​သော်လည်း ခရစ်ယာန်​များ​လိုက်လျှောက်သင့်​သည့် အဓိက​ပုံသက်သေ​မှာ ယေရှု​ခရစ်​ဖြစ်​ကြောင်းကို သူ​ထောက်ပြ​ရန် မပျက်ကွက်​ခဲ့​ချေ။ (၁ သက်သာလောနိတ် ၁:၆) ခရစ်တော်​သည် ကျွန်ုပ်​တို့၏​အထင်ရှားဆုံး​သော စံ​ထား​အပ်​သူ​ဖြစ်​ခဲ့ပြီ၊ ယခု​လည်း​ဖြစ်​ဆဲ​ပင်။ “ထိုသို့​အလို​ငှာ သင်တို့ကို​ခေါ်တော်မူ​ပြီ။ ခရစ်တော်​သည် ငါ​တို့အတွက် ခံ​တော်​မူ​သည်​ဖြစ်၍ ခြေ . . . ရာ​ကို​လိုက်လျှောက်​စေခြင်း​ငှာ ပုံသက်သေ​ကို​ထား​တော်​မူ​ပြီ” ဟု​တမန်​တော်​ပေတရု​ရေးသားခဲ့​သည်။—၁ ပေတရု ၂:၂၁

သို့သော် ယေရှုသည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​က လူသား​တစ်ဦး​အနေ​ဖြင့် သူ၏​အသက်တာ​ပြီးဆုံး​ခဲ့​သည်။ ယခု ကိုယ်တော်​သည် မသေ​နိုင်သော​နာမ်ဝိညာဉ်သား​တစ်ဦး​အဖြစ် “အလင်း​ထဲ​၌​နေ​တော်​မူ” ၏။ ဤ​နည်း​အားဖြင့် ကိုယ်တော်​ကို “အဘယ်သူမျှ​မမြင်ဖူး​ရာ၊ မမြင်နိုင်​ရာ။” (၁ တိမောသေ ၆:၁၆) သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် ကိုယ်တော်​ကို မည်သို့​တုပ​နိုင်​သနည်း။ တစ်နည်း​မှာ ယေရှု၏​ဘဝ​အသက်တာ​အကြောင်းပါ ကျမ်းစာ​မှတ်တမ်း​လေးခု​ကို လေ့လာခြင်း​အားဖြင့်​ဖြစ်သည်။ ခရစ်ဝင်​ကျမ်း​များသည် ကိုယ်တော်​၏​ဥပဓိရုပ်၊ ဘဝ​လမ်းစဉ်​နှင့် “စိတ်သဘော” တို့ကို ထိုးထွင်း​သိမြင်​စေ​သည်။ (ဖိလိပ္ပိ ၂:၅-၈) ယေရှု၏​ဘဝ​အသက်တာ​မှ​အဖြစ်အပျက်​များ​ကို အသေးစိတ်​ဖော်ပြ​သည်​သာမက ခုနှစ်​သက္ကရာဇ်စဉ်​အတိုင်း ဆွေးနွေး​တင်ပြ​ထား​သည့် အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား စာအုပ်​ကို ဂရုတစိုက်​လေ့လာခြင်း​အားဖြင့်လည်း ထပ်ဆင့်၍​ထိုးထွင်း​သိမြင်​နိုင်​သည်။ *

ယေရှု၏​ကိုယ်ကျိုး​စွန့်​ပုံသက်သေ​သည် တမန်​တော်​ပေါလု​အပေါ် တန်ခိုး​ပါ​သော​အကျိုး​သက်ရောက်မှု​ရှိခဲ့​၏။ ကောရိန္သု​ခရစ်ယာန်​များ​ကို သူ​ဤသို့​ပြော​ခဲ့​သည်– “သင်တို့​စိတ်​ဝိညာဉ်​၏​အကျိုး​အလို​ငှာ ငါသည် ကိုယ်​ဥစ္စာ​ကိုလည်း​ကောင်း၊ ကိုယ်ကို​လည်းကောင်း ကုန်​စေခြင်း​ငှာ အလွန်​စေတနာ​ရှိ၏။” (၂ ကောရိန္သု ၁၂:၁၅) အမှန်တကယ်​ပင် ခရစ်တော်​ကဲ့သို့ စိတ်ထား​မျိုး​ပါ​တကား! ခရစ်တော်​၏​စုံလင်သော​ပုံသက်သေ​ကို သုံးသပ်​စဉ် ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်တွင် ကိုယ်တော့်​ကို​တုပ​ရန် ကျွန်ုပ်​တို့​လည်း လှုံ့ဆော်​ခံရ​သင့်​သည်။

ဥပမာ၊ စား​ဝတ်​နေ​ရေး​အတွက် ဘုရားသခင်​၏​ကတိတော်​ကို ကျွန်ုပ်​တို့​ယုံကြည်​အားထား​သင့်​ကြောင်း ယေရှု​သွန်သင်​ပေး​ခဲ့​သည်။ သို့ရာတွင် ထို​ထက်မက ကိုယ်တော်​လုပ်ဆောင်ခဲ့​၏။ ယေဟောဝါ​အား ဤသို့​ယုံကြည်​စိတ်ချကြောင်း​ကို နေ့စဉ်​နေ့တိုင်း ကိုယ်တော်​တင်ပြ​ခဲ့​သည်။ “မြေခွေး​သည် မြေတွင်း​ရှိ၏။ မိုးကောင်းကင်​၌ ကျင်လည်​သော​ငှက်​သည် နား​နေရာ​အရပ်​ရှိ၏။ လူသား​မူ​ကား၊ ခေါင်းချ​ရာ​မျှ​မရှိ” ဟူ၍ ကိုယ်တော်​မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၅; ၈:၂၀) ရုပ်ပိုင်းဆိုင်ရာ​စိုးရိမ်​ပူပန်မှု​များသည် သင့်​အတွေးအခေါ်၊ အပြု​အမူ​များ​ကို စိုးမိုး​နေ​သလော။ သို့​မဟုတ် ဘုရားသခင့်​နိုင်ငံတော်​ကို သင်​ရှေးဦး​ရှာနေ​သည်ကို သင်​အသက်ရှင်ပုံ​က ထင်ရှားပြ​နေ​သလော။ ယေဟောဝါ​၏​လုပ်ငန်းတော်​အပေါ် သင်၏​စိတ်ထား​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ကျွန်ုပ်​တို့၏​စံ​ထား​အပ်​သူ ယေရှု​ကဲ့သို့​ဖြစ်သလော။ ယေရှုသည် ဇွဲ​အကြောင်း​ဟောပြော​ရုံ​သာမက ရဲ​ရဲ​တောက်​ဇွဲ​ကို ကြိမ်ဖန်​များစွာ​တင်ပြ​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ယောဟန် ၂:၁၄-၁၇) ထို့​ပြင် မေတ္တာ​နှင့်​ပတ်သက်​၍ ယေရှု​တင်ပြ​ခဲ့​သည့် ပုံသက်သေ​သည် အမှန်တကယ်​ကောင်းမြတ်​လှပေစွ​တကား! ကိုယ်တော်​သည် တပည့်တော်​များ​အတွက် မိမိ​အသက်ကို​ပင် စွန့်ခဲ့​သည်​တကား! (ယောဟန် ၁၅:၁၃) သင်သည် သင့်​ခရစ်ယာန်​ညီအစ်ကို​များ​ကို မေတ္တာပြ​ခြင်း​အားဖြင့် ယေရှုကို​တုပ​နေ​သလော။ သို့​မဟုတ် သင်၏​မေတ္တာသည် လူ​အချို့​၏​မစုံလင်မှု​များ​ကြောင့် အဟန့်အတား​ခံ​နေရ​သလော။

ခရစ်တော်​၏​ပုံသက်သေ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်ရန် ကြိုးစား​ရာ​၌ တစ်ခါတစ်ရံ​ပျက်ကွက်​ပေ​လိမ့်​မည်။ သို့သော် “သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်” ရန်​ကျွန်ုပ်​တို့၏​ကြိုးစား​အားထုတ်မှုကို ယေဟောဝါ​နှစ်သက်​မည်​မှာ​အမှန်။—ရောမ ၁၃:၁၄

‘သိုးတော်စု​ရှေ့မှာ ပုံသက်သေ​ပြ​သော​သူများ’

ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ဖြစ်​နိုင်​သူများ အသင်းတော်တွင် ယနေ့​ရှိသလော။ အမှန်တကယ်​ပင်​ရှိပါ​သည်! အထူးသဖြင့် တာဝန်​ထမ်းဆောင်​ရန် ခန့်အပ်​ခံရ​သော ညီအစ်ကို​များသည် ပုံသက်သေ​ပြ​ရမည်​ဖြစ်သည်။ ခန့်အပ်​ခံ​အကြီးအကဲ​အသီးသီး​တို့သည် “အပြစ်တင်​ခွင့်​နှင့်​ကင်းလွတ်​သော​သူ” ဖြစ်​ရမည်ဟု ကရေတေ​ကျွန်း​ရှိ​အသင်းတော်များ​တွင် အမှုထမ်းဆောင်​ပြီး ကြီးကြပ်မှူး​များ​ကို​ခန့်အပ်​ခဲ့​သူ တိတု​ကို ပေါလု​ပြော​ခဲ့​သည်။ (တိတု ၁:၅၊ ၆) အလားတူ​ပင် တမန်​တော်​ပေတရု​သည် “သိုးတော်စု​ရှေ့မှာ ပုံသက်သေ​ကို​ပြ” ကြ​ရန် “သင်း​အုပ်” များ​ကို သတိပေး​ဆုံးမ​ခဲ့​၏။ (၁ ပေတရု ၅:၁-၃) ဓမ္မ​အမှုထမ်းများ​အဖြစ် အမှုထမ်းဆောင်​နေ​သူများ​ကော အသို့နည်း။ သူတို့​သည်လည်း “သင်းထောက်​အမှုကို ကောင်းစွာ​ရွက်​ဆောင်သော​သူ” ဖြစ်​ကြ​ရမည်။—၁ တိမောသေ ၃:၁၃

မှန်ပါသည်၊ အကြီးအကဲ သို့​မဟုတ် ဓမ္မ​အမှုထမ်း​တိုင်း​သည် ခရစ်ယာန်​ဓမ္မ​အမှု​၏​ကဏ္ဍ​တိုင်း​တွင် အထူး​ကောင်းမွန်သော​စွမ်းရည်​ရှိ​လိမ့်​မည်​ဟု မျှော်လင့်ခြင်းသည် လက်တွေ့​မကျ​ပါ။ ရောမ​မှ​ခရစ်ယာန်​များ​ကို ပေါလု​က ဤသို့​ပြော​ခဲ့​သည်– “ပေး​တော်​မူ​သော ကျေးဇူးတော်​အတိုင်း ငါ​တို့သည် အသီးသီးအပြားပြား​သော​ဆု​များ​ကို ခံရ​သည်။” (ရောမ ၁၂:၆) ညီအစ်ကို​များသည် ကဏ္ဍအသီးသီး​တွင် တစ်မျိုးစီ​ထူးခြား​ကြသည်။ အကြီးအကဲ​များသည် အရာ​ရာ​တွင် စုံလင်စွာ​ပြုမူ​ပြောဆို​လိမ့်​မည်​ဟု မျှော်လင့်ခြင်းသည် အကျိုးသင့်အကြောင်းသင့်​မဖြစ်​ချေ။ ယာကုပ် ၃:၂ တွင်​သမ္မာကျမ်းစာ​က “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏” ဟု​ဆို​သည်။ “စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား၊ စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏။” သို့သော် အကြီးအကဲ​များသည် မစုံလင်မှု​များ​ရှိ​လင့်​ကစား တိမောသေ​ကဲ့သို့ “စကားပြော​ခြင်း၊ ကျင့်ကြံ​ပြုမူခြင်း၊ သူတစ်ပါးကို​ချစ်ခြင်း၊ ဝိညာဉ်​သဘော​ရှိ​ခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်​ခြင်း​အရာ​မှာ ယုံကြည်​သော​သူတို့အား ပုံသက်သေ​ကို​ပြ” နိုင်​ကြ​ပါ​သည်။ (၁ တိမောသေ ၄:၁၂) အကြီးအကဲ​များသည် ထိုသို့​ပြုလုပ်​ကြသောအခါ သိုးတော်စု​သည် ဟေဗြဲ ၁၃:၇ တွင်​ပါ​သော ဤ​သတိပေး​ဆုံးမ​စကား​ကို တလိုတလား​လိုက်လျှောက်​လိမ့်​မည်– “သင်တို့အား​ဟောပြော​၍၊ သင်တို့ကို​အုပ်​သော​သူတို့ကို အောက်မေ့​ကြလော့။ သူတို့သည် အဘယ်​သို့​ကျင့်ကြံ​ပြုမူ . . . သည်ကို စေ့စေ့​ဆင်ခြင်​လျက်၊ သူတို့၏​ယုံကြည်ခြင်းကို​မီအောင်လိုက်​ကြလော့။”

အခြား​မျက်မှောက်ခေတ်​ပုံသက်သေ​များ

လွန်ခဲ့သော​ဆယ်စုနှစ်​အနည်းငယ်​တစ်လျှောက်​တွင် မရေမတွက်​နိုင်သော​အခြားသူများ​က မိမိတို့သည် ပုံသက်သေ​ကောင်း​များ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​ကြပြီ။ တိုင်းတစ်ပါး​လယ်ကွင်းများ​၌ ခရစ်ယာန်​တာဝန်​ကို ဆောင်ရွက်ရန် “အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယား​ဟူသော တစ်ပါးပါး​ကို​စွန့်” ခဲ့​ကြသော ထောင်နှင့်ချီ​သော​ကိုယ်ကျိုး​စွန့်​သာသနာပြု​များနှင့်​ပတ်သက်​၍​ကော။ (မဿဲ ၁၉:၂၉) နယ်လှည့်​ကြီးကြပ်မှူး​များနှင့် သူတို့၏​ဇနီး​များ၊ ကင်းမျှော်စင်​အသင်းမ​ရုံး​များ​တွင် စေတနာ့​ဝန်ထမ်း​များ​အဖြစ် လုပ်ဆောင်နေ​ကြသော အမျိုးသားများ​နှင့်​အမျိုးသမီးများ၊ အသင်းတော်များ​တွင် အမှုဆောင်​နေကြ​သော ရှေ့ဆောင်​များ​ကိုလည်း စဉ်းစား​ကြည့်​ပါ။ ထိုသို့​သော​ပုံသက်သေ​များသည် သူတစ်ပါးကို လှုံ့ဆော်ပေး​နိုင်​သလော။ အာရှ​မှ ခရစ်ယာန်​ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​သည် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​၏ ရှစ်​ကြိမ်​မြောက်​သင်တန်း​မှ ခရစ်ယာန်​သာသနာပြု​တစ်ဦး​ကို ပြန်ပြောင်း​သတိရ​သည်။ ဤ​သစ္စာရှိ​ညီအစ်ကို​သည် “ခြင်အုပ်​နဲ့ စွတ်စို​အို​က်​စပ်​စပ်​ဒဏ်​ကို ခံရပ်​ဖို့ တလိုတလား​ရှိခဲ့တယ်။ . . . သူဟာ အင်္ဂလန်​ကဖြစ်​ပေမဲ့ သူရဲ့​တရုတ်​စကား​နဲ့ မ​လေး​စကား​ပြောနိုင်စွမ်း​က တကယ့်ကို​စွဲမှတ်စရာ​ဖြစ်တယ်” ဟု​သူ​ပြောပြ​ခဲ့​၏။ ဤ​ပုံသက်သေ​ကောင်း​၏ အကျိုး​သက်ရောက်မှု​ကား​အဘယ်နည်း။ “သူရဲ့​အေးဆေး​တည်ငြိမ်​တဲ့​စိတ်​နဲ့ ယုံကြည်​စိတ်ချမှု​က ကျွန်တော်​ကြီး​လာတဲ့အခါ ခရစ်ယာန်​သာသနာပြု​ဖြစ်ချင်​တဲ့​စိတ်​ကို ဖြစ်ပေါ်​စေ​ခဲ့တယ်” ဟု​ထို​ညီအစ်ကို​က​ပြောပြ​ခဲ့​သည်။ အဆိုပါ​ညီအစ်ကို​သည် ခရစ်ယာန်​သာသနာပြု​တစ်ဦး​ဖြစ်လာ​ခဲ့​သည်​မှာ အံ့ဩစရာ​မဟုတ်​ချေ။

ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​များ​မှ ဘဝ​အတ္ထုပ္ပတ္တိ​များစွာ​၏​စာရင်း​ကို ကင်းမျှော်စင်​စာအုပ်​စာပေ​အညွှန်း တွင်​ပါရှိ​သည်။ ယင်း​အတ္ထုပ္ပတ္တိ​များ​က လောက​အလုပ်များ​နှင့် ပန်းတိုင်​များ​ကို​စွန့်ခဲ့​သူများ၊ အားနည်းချက်များ​ကို​အောင်မြင်​ခဲ့​သူများ၊ ဥပဓိရုပ်​ပြောင်းလဲ​ခဲ့​သူများ​နှင့် လုံ့လ​ဝီရိယ၊ ခံနိုင်ရည်၊ သစ္စာစောင့်သိမှု၊ နှိမ့်ချမှု​နှင့် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို ပြသ​ခဲ့​သူများ​အကြောင်း ပြောပြ​သည်။ ဤ​မှတ်တမ်းများ​နှင့်​ပတ်သက်​၍ စာရှုသူ​တစ်ဦး​က ဤသို့​ရေးခဲ့​သည်– “တခြား​သူတွေရဲ့​အကြောင်းကို ဖတ်​ပြီး​တဲ့​အခါ ကျွန်မ​ကို ပို​စိတ်​နှိမ့်ချ​စေပြီး ကျေးဇူး​သိတတ်တဲ့​ခရစ်ယာန်​တစ်ဦး ဖြစ်စေ​ခဲ့​တဲ့​အပြင် ကိုယ့်​ကိုယ်ကို အလွန်​အထင်ကြီး​ဖို့ ဒါမှ​မဟုတ် ကိုယ်ကျိုး​မ​ရှာ​ဖို့ ကူညီပေး​တယ်။”

ထို့​ပြင် သင့်​အသင်းတော်​ထဲ​မှ ပုံသက်သေ​ကောင်း​များ​ဖြစ်သူ မိသားစု​၏​ကာယရေး​နှင့်​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို အစဉ်မပြတ်​ကြည့်ရှု​ပြုစုပေး​သော အိမ်ထောင်ဦးစီး​များ; ခရစ်ယာန်​ဓမ္မ​အမှု​တွင် တက်ကြွ​စွာ​ပါဝင်​နေကြ​စဉ် သားသမီး​မွေးမြူရေး​ဖိစီးမှုများ​ကို ကိုင်တွယ်​ဖြေရှင်း​နေကြ​ရသော ကြင်ဖော်​မဲ့​မိခင်များ​အပါအဝင် ညီအစ်မ​များ; ကျန်းမာ​ရေး​ချို့ယွင်း​လာ​လင့်​ကစား ဆက်၍​သစ္စာရှိ​ကြသော သက်ကြီးရွယ်အို၊ မမာ​မ​ကျန်း​ဖြစ်နေ​ကြ​သူများ​၏ ပုံသက်သေ​ကောင်း​များ​ကိုလည်း မမေ့​ကြ​ပါ​နှင့်။ ဤသို့​သော​ပုံသက်သေ​များ​က သင့်ကို​လှုံ့ဆော်ပေး​သည်မဟုတ်​ပေ​လော။

မှန်​၏၊ ဤ​လောကတွင် မကောင်းသော​ပုံသက်သေ​များ ပြည့်နှက်​နေသည်။ (၂ တိမောသေ ၃:၁၃) မည်သို့​ပင်​ဖြစ်ပါစေ၊ ယုဒနယ်တွင်​နေထိုင်ခဲ့​ကြသော ခရစ်ယာန်​များ​ထံ ပေါလု​၏​တိုက်တွန်းချက်​ကို သုံးသပ်ကြည့်​ပါ။ ရှေး​သစ္စာရှိ​အမျိုးသားများ​နှင့်​အမျိုးသမီးများ​စွာ​တို့၏ စံ​ထား​အပ်သော​အပြုအမူကို ပြန်​ပြောပြ​ပြီး​နောက် တမန်​တော်​ပေါလု​က သူတို့ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ထို​ကြောင့်၊ ဤမျှ​လောက်​များစွာသော သက်သေအပေါင်း​တို့သည် ငါ​တို့ကို​ဝိုင်းရံ​လျက်​ရှိကြသည်​ဖြစ်၍ . . . ငါ​တို့​မျက်မှောက်​၌​ထားသော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ​ပြေးကြ​ကုန်​အံ့။ ယုံကြည်ခြင်းကို အစအဦး​စီရင်၍ စုံလင်​စေတော်မူ​သော​သခင်​ယေရှုကို စေ့စေ့​ထောက်ရှု​ကြ​ကုန်​အံ့။” (ဟေဗြဲ ၁၂:၁၊ ၂) ယနေ့ ခရစ်ယာန်​များ​ကိုလည်း ရှေးခေတ်​နှင့်​မျက်မှောက်ခေတ် ပုံသက်သေ​ကောင်း “များစွာ” ဝိုင်းရံ​လျက်​ရှိသည်။ ၎င်း​တို့​မှ အသင် အမှန်ပင်​အကျိုး​ခံစား​နေရ​ပါသလော။ သင်သည် ‘မကောင်းသော​နည်းကို မလိုက်​ဘဲ၊ ကောင်းသော​နည်းကို​သာ​လိုက်’ ရန်​ဆုံးဖြတ်ထား​လျှင် အမှန်ပင်​အကျိုး​ခံစား​နိုင်​မည်​ဖြစ်သည်။—၃ ယောဟန် ၁၁

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း၊ မြန်မာ​မှ ထုတ်ဝေ​သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အကြီးအကဲ သို့​မဟုတ် ဓမ္မ​အမှုထမ်း​တိုင်း​သည် ခရစ်ယာန် ဓမ္မ​အမှု​၏​ကဏ္ဍ​တိုင်း​တွင် ထူးချွန်​သော​စွမ်းရည်​ရှိ​လိမ့်​မည်​ဟု မျှော်လင့် ခြင်း​သည် လက်တွေ့​မကျ​ပါ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အကြီးအကဲ​များသည် “သိုးတော်စု​ရှေ့မှာ ပုံသက်သေ” များ​ဖြစ်​ကြ​ရ