မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အမှန်တရား မျိုးစေ့ကြဲခြင်း

ဘုရားသခင့်နိုင်ငံတော်အမှန်တရား မျိုးစေ့ကြဲခြင်း

ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား မျိုးစေ့ကြဲ​ခြင်း

“နံနက်​အချိန်၌​မျိုးစေ့ကို​ကြဲ​လော့။ ည​ဉ့်​ဦး​အချိန်၌​လည်း မ​ကြဲ​ဘဲ​မနေ​နှင့်။”—ဒေ. ၁၁:၆

၁။ မျက်မှောက်ခေတ်တွင် ခရစ်ယာန်​များသည် အဘယ်​သဘောဖြင့်​မျိုးကြဲ​နေကြ​သနည်း။

ရှေးခေတ်​ဟေဗြဲ​လူ့​အဖွဲ့အစည်း​တွင် လယ်ယာ​စိုက်ပျိုးခြင်း​သည် အရေးပါသော​ကဏ္ဍ​တစ်ခု​ဖြစ်​ခဲ့​သည်။ ထို့​ကြောင့် မိမိ၏​လူသား​အသက်တာ​တစ်လျှောက် ကတိထားရာပြည်​၌​နေထိုင်ခဲ့​သော ယေရှုသည် သူ၏​ပုံ​ဥပမာ​များ​တွင် လယ်ယာ​စိုက်ပျိုးခြင်း​အကြောင်း​များ ပါဝင်​စေ​ခဲ့​သည်။ ဥပမာ၊ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဟောပြောခြင်းကို မျိုးစေ့ကြဲ​ခြင်း​နှင့် ကိုယ်တော်​နှိုင်းယှဉ်ခဲ့​သည်။ (မဿဲ ၁၃:၁-၉၊ ၁၈-၂၃; လုကာ ၈:၅-၁၅) ယနေ့​တိုင် လယ်ယာ​စိုက်​ပျိုး​သည့် လူ့​အသိုင်းအဝိုင်း​၌ ကျွန်ုပ်​တို့​နေထိုင်​သည်​ဖြစ်စေ၊ မနေထိုင်​သည်​ဖြစ်စေ ဤနည်းဖြင့်​ဝိညာဉ်​ရေး​မျိုးစေ့ကြဲ​ခြင်း​သည် ခရစ်ယာန်​များ​၏​အရေးအပါဆုံး​လုပ်ငန်း​ဖြစ်သည်။

၂။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် မည်မျှ​အရေးကြီး​သနည်း၊ ယင်းကို​ဆောင်ရွက်ဖို့ မျက်မှောက်ခေတ်​ပြုလုပ်​ခဲ့​ရာ​အချို့​ကား အဘယ်နည်း။

ဤ​နောက်ဆုံး​အချိန်တွင် ကျမ်းစာ​အမှန်တရား​မျိုးကြဲ​ရာ​၌ ပါဝင်​ရခြင်း​သည် အခွင့်ထူး​ကြီး​ဖြစ်သည်။ ဤ​လုပ်ငန်း​၏​အရေးပါမှု​ကို ရောမ ၁၀:၁၄၊ ၁၅ က​ဤသို့​ကောင်းစွာ​ဖော်ပြ​သည်– “ဟောပြောသော​သူ​မ​ရှိလျှင် အဘယ်​သို့​ကြား​နိုင်​မည်​နည်း။ လူကို​မ​စေ​လွှတ်လျှင် အဘယ်​သို့​ဟောပြောနိုင်​မည်​နည်း။ ထိုသို့​နှင့်​အညီ ကျမ်းစာ​လာ​သည်​ကား၊ ‘ငြိမ်သက်ခြင်း​၏​ဝမ်းမြောက်စရာ​သတင်း၊ ကောင်းကျိုး​ချမ်းသာ​၏ ဝမ်းမြောက်စရာ​သတင်းကို ကြား​ပြော​သော​သူ၏​ခြေ​တို့သည် အလွန်​တင့်တယ်​စွ​တကား။’” ဘုရားသခင်​ပေး​သော​ဤ​တာဝန်​ကို​ကျေပွန်​စွာ​ဆောင်ရွက်ရန် အပြုသဘောထား​ရှိ​ခြင်း​သည် တစ်ခါမျှ​ဤမျှ​အရေး​မကြီး​ခဲ့​ဖူး​ပါ။ ထို​အကြောင်းကြောင့် ယေဟောဝါသက်သေ​များသည် ကျမ်းစာ​နှင့် ကျမ်းစာ​အထောက်အကူ​ပြု​စာပေ​များ​ကို ဘာသာ​စကား ၃၄၀ ဖြင့်​ထုတ်ဝေ၊ ဖြန့်ဖြူး​ရာ​တွင် လုံးလုံး​အာရုံနစ်​မြှုပ်​ထား​ကြသည်။ ဤ​စာပေ​များ​ကို​ပြင်ဆင်ခြင်း​အတွက် သူတို့၏​ဌာနချုပ်​နှင့် နိုင်ငံ​အသီးသီး​ရှိ​ဌာနခွဲရုံး​များ​၌ စေတနာ့​ဝန်ထမ်း​သူ ၁၈,၀၀၀ ကျော်​လိုအပ်​သည်။ ထို့​ပြင် ဤ​ကျမ်းစာ​စာပေ​စာတမ်း​ကို ကမ္ဘာ​တစ်ဝန်း​ဝေငှ​ရာ​၌ သက်သေခံ​ခြောက်​သန်း​နီးပါး ပါဝင်​နေကြ​သည်။

၃။ ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကို​ကြဲ​ခြင်း​အားဖြင့် အဘယ်အရာကို​ပြီးမြောက်​လျက်​ရှိ​သနည်း။

ဤ​ကြိုးပမ်း​လုပ်ဆောင်မှု​၏ အသီးအပွင့်​ကား အဘယ်နည်း။ ခရစ်ယာန်​ဘာသာ​၏ အစောပိုင်း​ကာလ​များ​မှာ​ကဲ့သို့ ယနေ့​လူများစွာ​သည် အမှန်တရားကို​သက်ဝင်​ယုံကြည်​နေကြ​သည်။ (တမန်​တော် ၂:၄၁၊ ၄၆၊ ၄၇) သို့သော် ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​၏ နှစ်ခြင်း​ယူ​ခါ​စ​သူတို့​အရေအတွက်​များ​ခြင်း​ထက် သာ၍​အရေးကြီး​သည်​မှာ ဤသို့​များစွာ​သက်သေခံခြင်း​ကြောင့် ယေဟောဝါ​၏​နာမတော်​ကို​သန့်ရှင်း​မြင့်မြတ်​စေပြီး တစ်ဆူတည်း​သော​ဘုရားသခင်​မှန်​အဖြစ် သံသယ​ကင်းရှင်း​ခြင်း​ဖြစ်သည်။ (မဿဲ ၆:၉) ထို့​ထက်​ကား ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဆိုင်ရာ​အသိပညာက များစွာသော​သူတို့၏​ဘဝကို တိုးတက်စေ​ပြီး သူတို့​ကယ်တင်ခြင်း​ရဖို့​ဖြစ်စေ​သည်။—တမန်​တော် ၁၃:၄၇

၄။ တမန်​တော်​များသည် သူတို့​ဟောပြောခဲ့​သူတို့နှင့်​ပတ်သက်​၍ အဘယ်​အတိုင်းအတာ​အထိ စိုးရိမ်​ပူပန်​ခဲ့​ကြ​သနည်း။

တမန်​တော်​များသည် အသက်ပေး​သတင်းကောင်း​၏​အရေးပါမှု​ကို အပြည့်အဝ​အသိအမှတ်ပြု​ခဲ့​ကြ​ပြီး သူတို့​ဟောပြောခဲ့​သူတို့ကို အလေးအနက်​သဘောထားကြ​သည်။ တမန်​တော်​ပေါလု​ရေးသားခဲ့​သော ဤ​စကား​များ​က ယင်းကို​ထင်ရှားစေ​သည်– “သင်တို့ကို​ချစ်သော​ကြောင့် နို့​ထိန်း​သည် မိမိ​သူငယ်​ကို​ကျွေးမွေး​ပြုစု​သကဲ့သို့၊ ငါ​တို့သည် သင်တို့ကို​နှမြော​စုံမက်ခြင်း​နှင့်​တကွ၊ ဘုရားသခင်​၏​ဧဝံဂေလိတရား​ကို​မျှ​မ​က၊ ကိုယ်​အသက်ကို​ပင်​ပေး​ချင်​သော စေတနာ​စိတ်​ရှိကြ​၏။” (၁ သက်သာလောနိတ် ၂:၈) လူတို့၏​အကျိုးကို​အမှန်​လိုလား​ကြောင်း ဤသို့​ဖော်ပြ​ရာ​တွင် ပေါလု​နှင့်​အခြား​တမန်​တော်​များသည် ဤ​အသက်ကယ်​လုပ်ငန်း​၌ များစွာ​ပါဝင်​ခဲ့​ကြသော ယေရှု​နှင့်​ကောင်းကင်တမန်​များ​ကို တုပ​နေကြ​သည်။ ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲခြင်း​တွင် ပါဝင်​ခဲ့​ကြသော ဘုရားသခင်​၏​ကောင်းကင်​ဆိုင်ရာ​ကျေးကျွန်​များ​၏ အရေးပါသော​အပိုင်းကဏ္ဍ​များ​ကို ပြန်​သုံးသပ်​ကာ သူတို့၏​ပုံသက်သေ​က ကျွန်ုပ်​တို့​တာဝန်​ကျေပွန်​ရန် မည်သို့​အားပေး​ကြောင်း ကြည့်​ကြပါစို့။

ယေရှု—ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲသူ

၅။ ယေရှု​မြေကြီးပေါ်​ရှိ​စဉ်​က အဘယ်​လုပ်ငန်း​၌ အဓိက​အာရုံ​စူးစိုက်​လုပ်ဆောင်ခဲ့​သနည်း။

စုံလင်သော​လူသား​ယေရှုသည် သူ့​ခေတ်​မှ​လူ​တို့အတွက် ကာယရေး​အရ ကောင်းမွန်​ရာ​များစွာကို​ပေး​နိုင်သော တန်ခိုး​ရှိ​တော်​မူ​၏။ ဥပမာ၊ ကိုယ်တော့်​ခေတ်​မှ ဆေး​ဘက်​ဆိုင်ရာ​အယူအဆ​လွဲမှား​မှုများ​ကို ရှင်းလင်း​နိုင်စွမ်း​ရှိခဲ့​သည်၊ သို့​မဟုတ် အခြား​သိပ္ပံ​အတတ်​ဆိုင်ရာ လူ့​နားလည်မှု​ကို တိုးတက်စေ​နိုင်စွမ်း​ရှိခဲ့​သည်။ သို့​တိုင် ကိုယ်တော်​၏​အမှုဆောင်ခြင်း​အစောပိုင်းက​ပင် မိမိ၏​တာဝန်​မှာ သတင်းကောင်း​ဟောပြောခြင်း​ဖြစ်​ကြောင်း ရှင်းလင်းစွာ​ဖော်ပြ​ခဲ့​သည်။ (လုကာ ၄:၁၇-၂၁) ထို့​ပြင် ကိုယ်တော်​၏​အမှုဆောင်ခြင်း​အဆုံးပိုင်း​၌ ကိုယ်တော်​က​ဤသို့​ရှင်းပြ​ခဲ့​သည်– “[အမှန်] တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။” (ယောဟန် ၁၈:၃၇) ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲခြင်း​ကို ကိုယ်တော်​အာရုံ​စူးစိုက်​လုပ်ဆောင်ခဲ့​သည်။ ဘုရားသခင်​နှင့်​ကိုယ်တော့်​ရည်ရွယ်ချက်များ​ကို မိမိ၏​တစ်ခေတ်​တည်း​သားများ​အား သွန်သင်​ပေးခြင်း​သည် ယေရှု​ပေး​နိုင်​ခဲ့​သော အခြား​မည်သည့်​ပညာရေး​ထက်​မဆို သာ၍​အရေးကြီး​၏။—ရောမ ၁၁:၃၃-၃၆

၆၊ ၇။ (က) ကောင်းကင်​သို့​မ​တက်​မီ အဘယ်​မှတ်သားဖွယ်​အာမခံချက်ကို ယေရှု​ပေး​ခဲ့​သနည်း၊ ယင်းကို ကိုယ်တော်​မည်သို့​ကျေပွန်​နေ​စေ​သနည်း။ (ခ) ဟောပြောခြင်း​လုပ်ငန်း​အပေါ် ယေရှု၏​သဘောထား​က သင့်ကို​မည်သို့​အကျိုး​သက်ရောက်​သနည်း။

ယေရှုသည် မိမိကိုယ်ကို ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲသူ​အဖြစ် ဖော်ပြ​ခဲ့​သည်။ (ယောဟန် ၄:၃၅-၃၈) ကိုယ်တော်​သည် အခွင့်အရေး​ရ​တိုင်း သတင်းကောင်း​မျိုးစေ့ကြဲ​ခဲ့​သည်။ သစ်တိုင်ပေါ်​သေဆုံး​ခါနီး​၌​ပင် အနာဂတ်​မြေကြီး​ပရဒိသု​ဆိုင်ရာ သတင်းကောင်းကို ကြေညာ​ခဲ့​သည်။ (လုကာ ၂၃:၄၃) ထို့​အပြင် သတင်းကောင်းကို​ဟောပြောဖို့ ကိုယ်တော်​အလွန်​အရေးထား​ခြင်း​သည် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် ကိုယ်တော်​သေဆုံး​ခြင်း​နှင့်အတူ အဆုံးမသတ်​သွားခဲ့​ပါ။ ကောင်းကင်​သို့​ကိုယ်တော်​မ​တက်​မီ ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးစေ့ကို ဆက်လက်​ကြဲ​ဖြန့်​ပြီး တပည့်​ဖြစ်စေ​ဖို့ တမန်​တော်​များ​အား​မိန့်တော်မူ​ခဲ့​သည်။ ထို့နောက် ယေရှုသည် ထူးခြားသောက​တိ​တစ်ခု​ပေး​ခဲ့​သည်။ “ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ​အစဉ်မပြတ်​ရှိသည်” ဟု​ကိုယ်တော်​ဆို​ခဲ့​သည်။—မဿဲ ၂၈:၁၉၊ ၂၀

ဤ​စကား​များ​ဖြင့် သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​ကို “ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် . . . အစဉ်မပြတ်” ထောက်မ၊ ညွှန်ကြား​၍ ကာကွယ်​ပေး​ရန် ယေရှု​တာဝန်ခံ​ခဲ့​သည်။ ယေရှုသည် ကျွန်ုပ်​တို့​ခေတ်​တိုင်အောင် ဧဝံဂေလိ​လုပ်ငန်း​၌ စိတ်ဝင်စား​ဆဲ​ဖြစ်သည်။ ကိုယ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲခြင်း​တွင် ကျွန်ုပ်​တို့၏​တာဝန်ခံ​ခေါင်းဆောင်​ဖြစ်၏။ (မဿဲ ၂၃:၁၀) ခရစ်ယာန်​အသင်းတော်​၏​ဦးခေါင်း​အနေ​နှင့် ကိုယ်တော်​သည် ဤ​ကမ္ဘာချီ​လုပ်ငန်း​အတွက် ယေဟောဝါ​ရှေ့မှောက်၌​တာဝန်ရ​ရှိ​တော်​မူ​သည်။—ဧဖက် ၁:၂၂၊ ၂၃; ကောလောသဲ ၁:၁၈

ကောင်းကင်တမန်​များ သတင်းကောင်း​ကြေညာ​ကြ

၈၊ ၉။ (က) ကောင်းကင်တမန်​များသည် လူ့​မှု​ရေး​ကိစ္စ​များ​ကို အမှန်​စိတ်ဝင်စား​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် အဘယ်​သဘောဖြင့် ကောင်းကင်တမန်​များ​ရှေ့ ပွဲဝင်​သော​သူများ​ဖြစ်​ကြ​သနည်း။

မြေကြီးကို​ဘုရားသခင်​ဖန်ဆင်း​ခဲ့​ချိန်​၌ ကောင်းကင်တမန်​များသည် “တညီတညွတ်​တည်း​သီချင်းဆို​၍၊ . . . ဝမ်းမြောက်​သဖြင့်၊ ကြွေးကြော်​ကြ” ၏။ (ယောဘ ၃၈:၄-၇) ထို​အချိန်​ကတည်းက ဤ​ကောင်းကင်​သတ္တဝါများ​သည် လူ့​မှု​ရေး​ကိစ္စ​များ​၌ အလွန်​စိတ်ဝင်စား​ကြောင်း တင်ပြ​ခဲ့​ကြပြီ။ ဘုရားသခင့်​ကြေညာ​ချက်​များ​ကို လူသားများ​ထံ​ပို့ဆောင်​ရာ​၌ သူတို့ကို​ယေဟောဝါ​အသုံးပြု​ခဲ့​သည်။ (ဆာလံ ၁၀၃:၂၀) အထူးသဖြင့် ကျွန်ုပ်​တို့​ခေတ်တွင် သတင်းကောင်း​ပျံ့နှံ့​စေရန် သူတို့ကို​အသုံးပြု​သည်။ တမန်​တော်​ယောဟန်​ကို​ပေး​ခဲ့​သော​အဆင်းအာရုံ​၌ “မြေကြီး​ပေါ်မှာ​နေသော​သူ​တည်း​ဟူသော အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့အား ထာဝရ​ဧဝံဂေလိတရား​ကို​ဟော​ရသော ကောင်းကင်တမန်​တစ်ပါး​က၊ ‘ဘုရားသခင်​ကို​ကြောက်ရွံ့​၍​ချီးမွမ်း​ကြလော့။ တရား​စီရင်တော်မူ​သော​အချိန် ရောက်လာ​ပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ​နှင့် စမ်းရေ​တွင်း​တို့ကို ဖန်ဆင်း​တော်​မူ​သော​အရှင်ကို ကိုးကွယ်​ကြလော့’ ဟု ကြီးသော​အသံ​နှင့်​ပြောဆို​၍ ကောင်းကင်​အလယ်​၌​ပျံဝဲ​လျက်​ရှိသည်​ကို” သူ​မြင်တွေ့ခဲ့​၏။—ဗျာဒိတ် ၁၄:၆၊ ၇

သမ္မာကျမ်းစာ​က ကောင်းကင်တမန်​များသည် “ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကို အမွေခံ​လတ္တံ့​သော​သူတို့ကို ပြုစု​စေခြင်း​ငှာ၊ စေလွှတ်​တော်​မူ​သော အစေခံ​နာမ်ဝိညာဉ်” များ​ဖြစ်၏​ဟု​ဆို​သည်။ (ဟေဗြဲ ၁:၁၄) ကောင်းကင်တမန်​များသည် မိမိတို့၏​ခန့်အပ်​ခံ​တာဝန်​များ​ကို စိတ်အား​ထက်သန်​စွာ​ထမ်းဆောင်​နေစဉ် ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို​ဂရုစိုက်​ခွင့်​ရရှိ​ကြသည်။ ထင်ထင်ရှားရှား​မြင်သာ​သည့် ဇာတ်ခုံ​ပေါ်​ရှိနေ​ဘိ​သကဲ့သို့ ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို ကောင်းကင်​ပရိသတ်​ရှေ့ ကျွန်ုပ်​တို့​ဆောင်ရွက်​နေကြ​သည်။ (၁ ကောရိန္သု ၄:၉) ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲသူ​များ​အဖြစ် ကျွန်ုပ်​တို့​တစ်ဦးတည်း လုပ်ဆောင်နေ​ခြင်း​မဟုတ်​ကြောင်း သိရခြင်းက အလွန်​အလေးအနက်​စဉ်းစားစရာ​ဖြစ်၍ ဝမ်းသာ​အားရစရာ​ပင်!

ကျွန်ုပ်​တို့၏​အခန်းကဏ္ဍကို စိတ်အား​ထက်သန်​စွာ​ဆောင်ရွက်​ကြ

၁၀။ ဒေ. ၁၁:၆ ပါ​လက်တွေ့ကျ​သော​အကြံပေး​ချက်​ကို ကျွန်ုပ်​တို့၏​ဧဝံဂေလိ​လုပ်ငန်း​နှင့် မည်သို့​သက်ဆိုင်​စေနိုင်​သနည်း။

၁၀ ကျွန်ုပ်​တို့၏​လုပ်ငန်း​ကို ယေရှု​နှင့်​ကောင်းကင်တမန်​များ အဘယ်ကြောင့်​ဤမျှ​စိတ်ဝင်စား​ကြ​ရသနည်း။ အကြောင်းရင်း​တစ်ခု​ကို ယေရှု​က​ဤသို့​ဖော်ပြ​ခဲ့​သည်– “ထို​နည်းတူ​ငါ​ဆိုသည်ကား၊ ဘုရားသခင်​၏​ကောင်းကင်တမန်​တို့သည် နောင်တ​ရသော​လူဆိုး​တစ်ယောက်​၌ ဝမ်းမြောက်ခြင်း​ရှိကြသည်။” (လုကာ ၁၅:၁၀) ကျွန်ုပ်​တို့​လည်း ထို​နည်းတူ လူ​တို့ကို​အမှန်​စိတ်ဝင်စား​ကြသည်။ ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးစေ့ကို အတတ်နိုင်ဆုံး​နေရာအနှံ့​ကြဲ​နေကြ၏။ ကျွန်ုပ်​တို့၏​လုပ်ငန်း​နှင့်​ပတ်သက်​၍ ဒေ. ၁၁:၆ ပါ​စကား​များ​ကို အသုံးပြုနိုင်​သည်။ ထို​တွင်​သမ္မာကျမ်းစာ​က​ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​ထား​သည်– “နံနက်​အချိန်၌​မျိုးစေ့ကို​ကြဲ​လော့။ ည​ဉ့်​ဦး​အချိန်၌​လည်း​မ​ကြဲ​ဘဲ​မနေ​နှင့်။ အကြောင်း​မူ​ကား၊ အဘယ်အရာ​သည်​အကျိုးရှိ​မည်​ကိုလည်း​ကောင်း၊ နှစ်ပါးစလုံး​တို့သည် အညီ​အမျှ​အကျိုးရှိ​မည်​ကိုလည်း​ကောင်း မသိနိုင်။” သို့သော် ကျွန်ုပ်​တို့၏​သတင်းတရားကို လက်ခံသူ​တစ်ဦး​ရှိလျှင် ငြင်းပယ်​သူ အ​ယောက်​တစ်​ရာ သို့​မဟုတ် ထောင်နှင့်ချီ​၍​ပင်​ရှိ​နိုင်​သည်။ သို့သော် ကောင်းကင်တမန်​များ​ကဲ့သို့ ကျွန်ုပ်​တို့သည် ကယ်တင်ခြင်း​သတင်းကို ‘အပြစ်သား​တစ်ဦး’ လက်ခံသည့်​အခါ အလွန်​ဝမ်းမြောက်​ကြသည်။

၁၁။ ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​များသည် မည်မျှ​အကျိုးရှိ​နိုင်​သနည်း။

၁၁ သတင်းကောင်း​ဟောပြောခြင်း​ဆို​ရာ​၌ များစွာ​ပါဝင်​သည်။ ဤ​လုပ်ငန်း​၏​အရေးပါသော အထောက်အကူ​တစ်ခု​မှာ ယေဟောဝါသက်သေ​များ​အသုံးပြု​သော ကျမ်းစာ​အခြေပြု​ပုံနှိပ်​စာစောင်​ဖြစ်သည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် ဤ​စာပေ​စာတမ်း​များသည်​လည်း နေရာတကာ​ပျံ့နှံ့​သော​မျိုးစေ့​များနှင့်​တူ​သည်။ အဘယ်​နေရာ၌ ယင်း​တို့​ဖြစ်မြောက်အောင်​မြင်​မည်​ကို ကျွန်ုပ်​တို့​မသိကြ​ပါ။ တစ်ခါတစ်ရံ စာပေ​တစ်ခု​ကို လူတစ်ဦး​မဖတ်​ရှု​မီ လက်​ပြောင်း​လက်​လွှဲ​ဖြစ်​ခဲ့​ပေမည်။ ယေရှု​နှင့်​ကောင်းကင်တမန်​များသည် အချို့​သော​အခြေအနေ​များ​တွင် စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့​အကျိုးအတွက် ထိုသို့​ဖြစ်ပျက်​ရန် ဖြစ်ရပ်​များ​ကို​ပင် လမ်းညွှန်​ပေး​ပေမည်။ လူ​တို့​လက်ခံ​ယူ​ထားသော​စာပေ​များနှင့်​ပတ်သက်​၍ မထင်မှတ်​ဘဲ အံ့ဖွယ်​အကျိုးဆက်များ​ကို ယေဟောဝါ​ဖြစ်ပေါ်​စေ​ခဲ့​သည့် အတွေ့အကြုံ​အချို့​ကို​သုံးသပ်ကြည့်​ပါ။

စစ်မှန်သော​ဘုရားသခင်​၏​လုပ်ငန်းတော်

၁၂။ မိသားစု​တစ်စု​ကို ယေဟောဝါ​အား​သိကျွမ်း​လာ​စေရန် မဂ္ဂဇင်း​အဟောင်း​တစ်စောင်​က မည်သို့​အထောက်အကူ​ပြု​ခဲ့​သနည်း။

၁၂ ၁၉၅၃ ခုနှစ်​တွင် ရောဘတ်၊ လီလာ​နှင့် သူတို့၏​သားသမီး​များသည် မြို့ကြီး​တစ်မြို့​မှ ယူ.အက်စ်.အေ. ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ကျေးလက်​ရှိ ပျက်စီး​ယိုယွင်း​နေသော လယ်သမား​အိမ်ဟောင်း​တစ်ခု​သို့ ပြောင်းရွှေ့​နေထိုင်ခဲ့​ကြသည်။ ပြောင်းရွှေ့​ပြီး​မကြာမီ ရောဘတ်​သည် လှေကား​အောက်တွင် သန့်စင်​ခန်း​တစ်ခု​ဆောက်​ဖို့ စိတ်​ဆုံးဖြတ်​လိုက်​သည်။ ပျဉ်​ချ​ပ်​အချို့​ကို​ခွာ​ပြီး​နောက် နံရံ​နောက်​တွင် ကြွက်​များ​သိုလှောင်​ထားသော စက္ကူ​အပိုင်းအစ​များ၊ သစ်​ကြား​သီး​အခွံ​များနှင့် အခြား​အမှိုက်​သ​ရိုက်​များ​ကို​တွေ့ရှိ​ခဲ့​သည်။ ယင်း​တို့အားလုံး​အလယ်​၌ ရွှေခေတ်​မဂ္ဂဇင်း​တစ်စောင်​ရှိသည်။ သားသမီး​မွေးမြူခြင်း​အကြောင်း​နှင့်​ဆိုင်သော ဆောင်းပါး​တစ်ပုဒ်​ကို ရောဘတ်​အထူး​စိတ်ဝင်စား​မိ​သည်။ မဂ္ဂဇင်း​၌​ဖော်ပြ​ထားသော ရှင်းလင်း​သည့် ကျမ်းစာ​အခြေပြု​ညွှန်ကြားချက်​ကို သူ​အလွန်​သဘောကျ​သွား​ရာ “ရွှေခေတ်​ဘာသာ” ကို​ဝင်​ကြ​မည်​ဟု လီလာ​အား​သူ​ပြော​ခဲ့​သည်။ အပတ်​အနည်းငယ်​အတွင်း သူတို့​အိမ်​သို့ ယေဟောဝါသက်သေ​များ​ရောက်လာ​ကြသည်၊ သို့သော် ရောဘတ်​က မိမိတို့​မိသားစု​သည် “ရွှေခေတ်​ဘာသာ” ၌​သာ​စိတ်ဝင်စား​ကြောင်း သူတို့ကို​ပြောလိုက်​သည်။ သက်သေခံ​များ​က ရွှေခေတ်​မဂ္ဂဇင်း​ကို ယခု နိုးလော့!ဟူသော​အမည်သစ်​ဖြင့် ထုတ်ဝေ​ကြောင်း ရှင်းပြ​ခဲ့​ကြသည်။ ထို​အခါ ရောဘတ်​နှင့်​လီလာ​တို့သည် သက်သေခံ​များနှင့် ကျမ်းစာ​ကို​မှန်မှန်​စလေ့လာ​ကြ​ပြီး နောက်ဆုံး​နှစ်ခြင်း​ယူ​ခဲ့​ကြသည်။ တစ်ဖန် သူတို့က မိမိတို့​သားသမီး​များ​၌ အမှန်တရား​မျိုးစေ့ကို​ကြဲ​ခဲ့​ကြ​ရာ ကြွယ်ဝ​စွာ​ရိတ်သိမ်း​ခဲ့​ကြ​ရသည်။ ယနေ့ ရောဘတ်​နှင့်​လီလာ​တို့၏ သားသမီး​ခု​နစ်​ဦး​အပါအဝင် ဤ​မိသားစု​မှ​လူ ၂၀ ကျော်​တို့​မှာ ယေဟောဝါ​ဘုရားသခင်​၏ နှစ်ခြင်း​ခံ​ပြီး​သော​ကျေးကျွန်​များ​ဖြစ်နေ​ကြသည်။

၁၃။ ပွာတီရီကို​ရှိ​မောင်နှံစုံ​တစ်စုံ​ကို အဘယ်အရာက သမ္မာကျမ်းစာ​၌ စိတ်ဝင်စားမှု​တိုးပွား​လာ​စေ​ခဲ့​သနည်း။

၁၃ လွန်ခဲ့သော​အနှစ် ၄၀ ခန့်​က၊ ပွာတီရီကို​မှ ဝီလျံ​နှင့်​အေ​ဒါ​တို့သည် ကျမ်းစာ​လေ့လာခြင်း​ကို စိတ်မဝင်စား​ခဲ့​ကြ​ချေ။ ထို​မောင်နှံစုံ​သည် ယေဟောဝါသက်သေ​များ တံခါး​လာ​ခေါက်​တိုင်း အိမ်​၌​မရှိ​ဟန်ဆောင်​နေခဲ့​ကြ​၏။ တစ်နေ့​တွင် အိမ်​၌​ပြုပြင်​ဖို့ လိုအပ်သော​ပစ္စည်း​တစ်ခု​ဝယ်​ရန် အဟောင်း​ဆိုင်​တစ်ဆိုင်​သို့ ဝီလျံ​သွားခဲ့သည်။ ဆိုင်​မှ​ထွက်ခွာ​စဉ်​တွင် အမှိုက်ပုံး​ကြီး​တစ်ခု​တွင် စိမ်း​ဝါ​ရော​င်​တောက်​တောက်​စာအုပ်​တစ်အုပ်​ကို သူ​သတိပြုမိ​ခဲ့​သည်။ ယင်း​ကား ၁၉၄၀ တွင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော ဘာသာ​တရား​ဟူသော​စာအုပ်​ဖြစ်သည်။ ဝီလျံ​သည် ထို​စာအုပ်​ကို​အိမ်ပြန်​ယူသွား​ကာ ဘာသာ​အမှား​နှင့်​အမှန်​မတူ​ကြောင်း​ဖတ်​ရ​၍ ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​သည်။ နောက်​တစ်ကြိမ် ယေဟောဝါသက်သေ​များ​လာသော​အခါ ဝီလျံ​နှင့်​အေ​ဒါ​တို့သည် သူတို့၏​သတင်းတရားကို ဝမ်းမြောက်​စွာ​နားထောင်​ခဲ့​ကြ​ပြီး သူတို့နှင့် ကျမ်းစာ​စတင်​လေ့လာ​တော့​သည်။ လအနည်းငယ်​ကြာပြီးနောက် ၁၉၅၈ ခုနှစ်၊ မြင့်မြတ်​သော​အလိုတော် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​၌ သူတို့​နှစ်ခြင်း​ယူ​ခဲ့​ကြသည်။ ထို​အချိန်​မှ​စ၍​လူ ၅၀ ကျော်​တို့ကို ကျွန်ုပ်​တို့၏​ခရစ်ယာန်​အသင်းအပင်းဝင်​များ​ဖြစ်လာ​စေဖို့ သူတို့​ကူညီပေး​ခဲ့​ကြပြီ။

၁၄။ တွေ့ကြုံမှု​တစ်ခု​က​တင်ပြ​သကဲ့သို့ ကျွန်ုပ်​တို့၏​ကျမ်းစာ​အခြေပြု​စာပေ​သည် အဘယ်​အစွမ်း​တန်ခိုး​ရှိ​သနည်း။

၁၄ ကားလ်​သည် အသက် ၁၁ နှစ်​သာ​ရှိသည့် လူ​တေ​ကလေး​တစ်ဦး​ဖြစ်သည်။ သူသည် အမြဲတစေ​ပြဿနာ​တက်​တတ်​ဟန်​ရှိသည်။ ဂျာမန်​မက်သဒစ်​တရားဟော​ဆရာ​တစ်ဦး​ဖြစ်သော သူ၏​ဖခင်​က လူဆိုးများ​သေ​သည့်​အခါ ငရဲ​၌​လောင်ကျွမ်း​ခံရ​သည်​ဟု သူ့ကို​သင်ကြား​ပေး​ခဲ့​သည်။ ထို့​ကြောင့် ကားလ်​သည် ငရဲ​ကို​အလွန်​ကြောက်ရွံ့​ခဲ့​သည်။ ၁၉၁၇ ခုနှစ်​၏​နေ့​တစ်နေ့​တွင် ကားလ်​သည် လမ်းပေါ်​၌ ပုံနှိပ်​စက္ကူ​အပိုင်းအစ​တစ်ခု​ကို သတိပြုမိ​ခဲ့​ပြီး ကောက်​ဖတ်​ခဲ့​သည်။ ယင်းကို​ဖတ်ရှု​ရင်း “ငရဲ​ကား​အဘယ်နည်း” ဟူသော​မေးခွန်း​ကို အာရုံစိုက်မိ​သည်။ ၎င်း​စာရွက်​မှာ ယနေ့ ယေဟောဝါသက်သေ​များ​ဟူ၍ လူ​တို့​သိ​ကြသော ကျမ်းစာ​ကျောင်းသား​များ က​မ​က​ထ​ပြု​သည့် ငရဲ​အကြောင်း လူထု​ဟောပြောချက်​အတွက် ဖိတ်စာ​တစ်စောင်​ဖြစ်သည်။ တစ်နှစ်​ခန့်​ကြာပြီး​သည့်​အခါ ကျမ်းစာ​လေ့လာမှု​အတော်အတန်​ပြုပြီး​နောက် ကားလ်​သည် နှစ်ခြင်း​ယူပြီး ကျမ်းစာ​ကျောင်းသား​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ၁၉၂၅ ခုနှစ်​တွင် သူသည် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​တွင် အလုပ်လုပ်ဖို့​ဖိတ်ခေါ်​ခံ​ခဲ့​ရ​ကာ—ယခု​ထိ​တိုင်​အမှုထမ်း​ဆဲ​ဖြစ်သည်။ လမ်းပေါ်​မှ​စက္ကူ​တစ်ပိုင်း​ဖြင့် အနှစ်​ရှစ်​ဆယ်​ကျော်​ကြာရှည်​သည့် ခရစ်ယာန်​အသက်တာ​လုပ်ငန်း​တစ်ခု​စတင်​ခဲ့​သည်။

၁၅။ ယေဟောဝါ​သည် သင့်တော်​သလို အဘယ်အရာကို​ပြုလုပ်​နိုင်​သနည်း။

၁၅ မှန်ပါသည်၊ ဤ​အတွေ့အကြုံ​များ​တွင် ကောင်းကင်တမန်​များ​ပါ​မပါ​နှင့် အဘယ်​အတိုင်းအတာ​အထိ တိုက်ရိုက်​ပါဝင်​ခဲ့​ကြောင်းကို​ပိုင်းဖြတ်​ရန် လူ့​စွမ်းပကား​ဖြင့်​မတတ်နိုင်​ပါ။ သို့သော် ယေရှု​နှင့်​ကောင်းကင်တမန်​များသည် ဟောပြောခြင်း​လုပ်ငန်း​၌ တက်ကြွ​လှုပ်ရှား​စွာ​ပါဝင်​နေကြ​ကြောင်း၊ ယေဟောဝါ​သည် ကိစ္စရပ်​များ​ကို သင့်တော်​သလို​လမ်းညွှန်​ပေး​နိုင်​ကြောင်း မည်သည့်​အခါ​မျှ ကျွန်ုပ်​တို့​သံသယ​မရှိသင့်​ပေ။ ကျွန်ုပ်​တို့၏​စာပေ​များ​ကို​ဝေငှ​ပြီး​နောက် မည်သို့​အကျိုး​ဖြစ်ထွန်း​နိုင်​ကြောင်းကို ဤ​တွေ့ကြုံမှု​များနှင့် အလားတူ​တွေ့ကြုံမှု​များ​က ဖော်ပြ​သည်။

ကျွန်ုပ်​တို့ကို ဘဏ္ဍာတော်​အပ်နှင်း​ထား

၁၆။ ၂ ကောရိန္သု ၄:၇ ပါ​စကား​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၆ တမန်​တော်​ပေါလု​က ‘မြေအိုး​ထဲ​မှ​ဘဏ္ဍာ’ အကြောင်း​ပြောပြ​သည်။ ထို​ဘဏ္ဍာ​မှာ ဘုရားသခင်​ပေး​သည့် ဟောပြောခြင်း​တာဝန်ဖြစ်​ပြီး မြေအိုး​များ​မှာ ဤ​ဘဏ္ဍာ​ကို ယေဟောဝါ​ပေးအပ်​ထားသော လူသားများ​ဖြစ်၏။ ထို​လူသားများ​သည် မစုံလင်သူ​များ၊ အစွမ်းအစ​အကန့်အသတ်​သာ​ရှိ​သူများ​ဖြစ်​ကြသော​ကြောင့် ထို​တာဝန်​ပေးအပ်​ခံရ​ခြင်း​အကျိုး​မှာ “တန်ခိုးတော်​၏​ဂုဏ်​အသရေ​သည် ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်” ကြောင်း​ထင်ရှား​ဖို့​အတွက်​ဖြစ်၏​ဟု ပေါလု​ဆက်​ပြောပြ​သည်။ (၂ ကောရိန္သု ၄:၇) မှန်ပါသည်၊ လတ်တလော​လုပ်ဆောင်နေ​သော​လုပ်ငန်း ပြီးမြောက်​စေဖို့ လိုအပ်သော​စွမ်းရည်​ကို ယေဟောဝါ​ပေး​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။

၁၇။ ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးစေ့ကြဲ​နေစဉ် အဘယ်အရာကို ကျွန်ုပ်​တို့​ကြုံတွေ့​ရမည်​နည်း၊ မည်သို့​ဆို​စေ အပြုသဘောထား​ကို အဘယ်ကြောင့်​ဆက်​ထိန်းသိမ်း​သင့်​သနည်း။

၁၇ ကျွန်ုပ်​တို့​မကြာခဏ စွန့်လွှတ်​မှုများ​ပြုလုပ်​ကြ​ရ​ပေမည်။ အချို့​နယ်မြေ​များ​၌​အမှုဆောင်​ရခြင်း​သည် အနေရခက် သို့​မဟုတ် အဆင်မပြေ​ဖြစ်​ပေမည်။ လူ​အများစုမှာ အလွန်အမင်း​ဥပေက္ခာပြု​ပုံ​ပေါ်​၍ ရန်လို​တတ်ကြ​သည့် နယ်မြေ​များ​ပင်​ရှိသည်။ ထိုသို့​သော​အရပ်ဒေသ​များ​၌ အတော်အတန်​ကြိုးစား​ခဲ့​သော်လည်း အောင်မြင်မှု​မ​တွေ့ခဲ့​ရ​ပေ။ သို့သော် ယင်း​သို့​သော​ခက်ခဲ​လှ​သည့် အခြေအနေ​များ​အောက်တွင် ကြိုးစား​ရကျိုးနပ်​ပါ​သည်။ သင်​ကြဲ​သော​မျိုးစေ့​သည် လူ​တို့ကို ယခု​ပင်​ပျော်ရွှင်မှု​ပေး​နိုင်​ရုံ​မ​က အနာဂတ်​တွင် ထာဝရ​အသက်ကို​လည်း​ပေး​နိုင်​ကြောင်း သတိရပါ။ ဆာလံ ၁၂၆:၆ ပါ​ဤ​စကား​များ​မှန်​ကြောင်း ကြိမ်ဖန်​များစွာ​သက်သေထူ​ခဲ့ပြီ– “မျက်ရည်ကျ​လျက် ကြဲ​ရန်​မျိုးစေ့ကို​ဆောင်​၍​ထွက်သွား​သော​သူသည်၊ ကောက်လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်လန်းသော​စိတ်​နှင့် အမှန်​ပြန်လာ​လိမ့်​မည်။”

၁၈။ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်းကို မည်သို့​မပြတ်​အာရုံစိုက်​နိုင်​သနည်း၊ အဘယ်ကြောင့်​အာရုံစိုက်​သင့်​သနည်း။

၁၈ ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးစေ့ကို ရက်ရက်ရောရော​ကြဲ​ရန် သင့်လျော်​သည့်​အခွင့်အရေး​မှန်သမျှကို​ယူ​ကြ​စို့။ ကျွန်ုပ်​တို့သည် မျိုးစေ့​စိုက်​ပျိုး​၍ ရေလောင်း​သော​သူများ​ဖြစ်​ကြသော်လည်း အပင်​ကြီးထွား​စေ​သူ​မှာ ယေဟောဝါ​ဖြစ်​ကြောင်း ဘယ်​သောအခါ​မျှ​မမေ့​ကြ​စို့​နှင့်။ (၁ ကောရိန္သု ၃:၆၊ ၇) သို့သော် ယေရှု​နှင့်​ကောင်းကင်တမန်​များသည် သူတို့၏​လုပ်ငန်း​ကို အပြီး​ဆောင်ရွက်​ကြ​သကဲ့သို့ ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်းကို အပြည့်အဝ​ဆောင်ရွက်ဖို့ ယေဟောဝါ​မျှော်လင့်​တော်​မူ​၏။ (၂ တိမောသေ ၄:၅) ကျွန်ုပ်​တို့၏​သွန်သင်ခြင်း၊ ကျွန်ုပ်​တို့၏​သဘောထား​နှင့် အမှုဆောင်ခြင်း​၌ ကျွန်ုပ်​တို့၏​စိတ်​ထက်သန်မှု​ကို မပြတ်​အာရုံစိုက်​ကြပါစို့။ အဘယ်ကြောင့်​နည်း။ ပေါလု​က​ဤသို့​အဖြေပေး​သည်– “ထို​သို့ပြုလျှင် ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်​လိမ့်​မည်။”—၁ တိမောသေ ၄:၁၆

ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​ခဲ့​ကြ​သနည်း

• ကျွန်ုပ်​တို့၏​မျိုးကြဲခြင်း​လုပ်ငန်း​သည် အဘယ်​နည်းများဖြင့် ကောင်းသော​ရလဒ်များ ဖြစ်ထွန်း​စေ​သနည်း။

• မျက်မှောက်ခေတ်​ဧဝံဂေလိ​လုပ်ငန်း​တွင် ယေရှု​ခရစ်​နှင့် ကောင်းကင်တမန်​များ မည်သို့​ပါဝင်​နေကြ​သနည်း။

• ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား​မျိုးကြဲသူ​များ​အနေ​နှင့် အဘယ်ကြောင့်​ရက်ရော​စွာ​ကြဲ​သင့်​သနည်း။

• ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​တွင် ဥပေက္ခာပြု​မှု သို့​မဟုတ် ရန်လိုမှု​တွေ့ ကြုံ​ရသောအခါ ကြံ့ကြံ့ခံ​ရန် အဘယ်အရာက လှုံ့ဆော်ပေး​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရှေးခေတ်​ဣသရေလ​နိုင်ငံ​မှ လယ်သမားများ​ကဲ့သို့ မျက်မှောက်ခေတ် ခရစ်ယာန်​များသည် ဘုရားသခင့်​နိုင်ငံတော်​မျိုးစေ့ကို ရက်ရော​စွာ​ကြဲ​နေကြ

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် ကျမ်းစာ​အခြေပြု​စာပေ​စာတမ်း​အမျိုးမျိုးကို ဘာသာ​စကား ၃၄၀ ဖြင့်​ထုတ်ဝေ​ဖြန့်ဖြူး​နေကြ