မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတွင်းငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်သလော

အတွင်းငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်သလော

အတွင်း​ငြိမ်သက်မှု​ကို သင်​ရှာတွေ့ နိုင်​သလော

၁၈၅၄ ခုနှစ်​က အမေရိကန်​ကလောင်ရှင် ဟဲန်​န​ရီ သ​ရိုး​က ဤသို့​ရေးသားခဲ့​သည်– “လူအများစု​သည် စိတ်ပျက်​မှု​ကို ကြိတ်မှိတ်ခံ​စား​နေကြ​ရသည်။”

ထင်ရှား​နေသည်​ကား သူ့​ခေတ်တွင် လူအများစု​သည် အတွင်း​ငြိမ်သက်မှု​မရှိခဲ့​ကြ​ချေ။ သို့သော် ၎င်း​သည် အနှစ် ၁၅၀ နီးပါး​ခန့်​က​ဖြစ်သည်။ ယနေ့ အခြေအနေ​မှာ ထူးခြား​သွားပြီ​လော။ သို့​မဟုတ် သ​ရိုး​၏​စကား​များသည် သက်ဆိုင်​နေဆဲ​လော။ အသင်​ကိုယ်တိုင်​ကော အသို့နည်း။ သင်သည် ကျေနပ်​ရောင့်ရဲ၊ ငြိမ်သက်မှု​ရှိသလော။ သို့​မဟုတ် သင်သည် မ​လုံမ​ခြုံ၊ အနာဂတ်​ကို​သေချာ​မသိ၊ သ​ရိုး​၏​စကား​ကို​စကားပြေ​ပြန်ဆို​ရ​လျှင် ‘ကြိတ်မှိတ်​ပြီး​စိတ်ပျက်’ နေ​သလော။

ဝမ်းနည်းစရာမှာ ကမ္ဘာ​ပေါ်​တွင် လူ​တို့ကို အတွင်း​ငြိမ်သက်မှု​မရှိစေ​သော​အရာ မြောက်မြားစွာ​ရှိသည်။ အချို့​ကို ဖော်ပြ​ကြ​စို့။ နိုင်ငံ​များစွာ​တွင် အလုပ်​လက်မဲ့​ဖြစ်​ခြင်း​နှင့် ဝင်ငွေ​နည်း​ခြင်း​က ဆင်းရဲခြင်း​နှင့်​တကွ စီးပွားပျက်​စေ​သည်။ အခြား​နိုင်ငံ​များ​တွင်​မူ လူအများသည် မိမိတို့၏​ခွန်အား​ကို ချမ်းသာ​ကြွယ်ဝ​ဖို့​နှင့် စည်းစိမ်ဥစ္စာ​ရရှိဖို့​အတွက် အဓိက​အသုံးပြု​ကြသည်။ သို့သော် ၎င်းနှင့်​ဒွန်တွဲ​သည့် အပြိုင်အဆိုင်​ဘဝ​ပုံစံ​က အတွင်း​ငြိမ်သက်မှု​ကို​မဟုတ်ဘဲ စိုးရိမ်​ပူပန်မှု​ကို ဖြစ်စေ​လေ့​ရှိ၏။ ဖျားနာ​မှု၊ ရာဇဝတ်မှု၊ မတရားမှု၊ ဖိနှိပ်မှု​တို့​က​လည်း ငြိမ်သက်မှု​ကင်းဝေး​စေ​သည်။ လူများစွာ​သည် ကမ္ဘာ​ပေါ်​၌ ဤ​အတိုင်း​ဖြစ်နေ​သည်ကို မလိုလား​ကြ​ချေ။ အန်​တိုနီ​အို​သည် ဘရာဇီး​ရှိ ဆော်​ပေါ​လို​မြို့မှ စက်ရုံ​ကြီး​တစ်ရုံ​၏ အလုပ်သမား​ခေါင်းဆောင်​ဖြစ်​ခဲ့​သည်။ လူနေမှု​အခြေအနေ​များ​ကို တိုးတက်စေ​ရန်​မျှော်လင့်ချက်​ဖြင့် သ​ပိတ်​မှော​က်​မှုများ​နှင့် ဆန္ဒ​ပြပွဲများ​တွင် သူပါ​ဝင်​ခဲ့​သော်လည်း ယင်းက သူ့ကို​အတွင်း​ငြိမ်သက်မှု မရှိစေ​ခဲ့​ချေ။

အတွင်း​ငြိမ်သက်မှု​ကို သူတို့​ရှာဖွေခဲ့​ကြ

အချို့​က အိမ်ထောင်ရေး​သည် သူတို့၏​ဘဝတွင် အေးချမ်းမှု​အနည်းငယ်​ရှိစေ​မည်​ဟု​မျှော်လင့်​သော်လည်း သူတို့​စိတ်ပျက်​ခဲ့​ကြ​ရ​ပေမည်။ မာ​ကော့စ်​သည် အောင်မြင်​သော​စီးပွားရေး​သ​မား​တစ်ဦး​ဖြစ်​ခဲ့​သည်။ * သူသည် နိုင်ငံရေး​တွင် ပါဝင်​လာပြီး စက်​မှု​ထွန်းကားသော​မြို့​တစ်မြို့​၏ မြို့တော်ဝန်​ဖြစ်လာ​ခဲ့​သည်။ သို့သော် သူ့​မိသားစု​ဘဝမှာ ပြိုကွဲ​လျက်​ရှိသည်။ သူ့​ကလေး​များသည် အိမ်​မှ​ထွက်ခွာ​သွား​ကြ​ပြီး​နောက် သူနှင့် သူ၏​ဇနီးသည် ပြန်ပေါင်း​စပ်​၍​မဖြစ်​နိုင်သော သဘော​ကွဲလွဲ​မှုများ​ကြောင့် သီးခြားနေ​ခဲ့​ကြသည်။

ဘရာဇီး​နိုင်ငံ၊ စ​ဗေး​ဒေါ​မြို့မှ လမ်းပေါ်​နေ ကလေး​တစ်ဦး​ဖြစ်သူ ဂါ​ဇန်​သည် စွန့်စား​လို​စိတ်​ရှိခဲ့​သည်။ သူသည် ထရပ်​ယာဉ်မောင်း​များနှင့် တစ်မြို့​မှ​တစ်မြို့ ခြေဦး​တည့်​ရာ​လိုက်သွား​ခဲ့​သည်။ မကြာမီ​ပင် သူသည် မူးယစ်​ဆေးစွဲ​သူ​တစ်ဦး​ဖြစ်လာ​ပြီး သူ၏​အကျင့်ဆိုး​ကို​ဆက်​ရန်​အတွက် ခိုး​ခဲ့​ရသည်။ သူ​အကြိမ်​များစွာ အဖမ်းခံ​ခဲ့​ရသည်။ သို့သော် ရန်လိုသော၊ အကြမ်းဖက်​စိတ်ဓာတ်​ရှိ​လင့်​ကစား ဂါ​ဇန်​သည် အတွင်း​ငြိမ်သက်မှု​ကို တမ်းတ​ခဲ့​သည်။ ယင်းကို သူ​တွေ့ရှိ​နိုင်​ပါ​မည်​လော။

ဗန်​နီး​ယား​သည် ငယ်ရွယ်စဉ်​တွင် သူ့​မိခင်​ကွယ်လွန်​သွားခဲ့​ရာ ဖျားနာ​နေသော​ညီမငယ်​ကို ပြုစုပေး​ရခြင်း​အပါအဝင် အိမ်ထောင်​တာဝန်​မှာ ဗန်​နီး​ယား​အပေါ်​ကျရောက်​လာ​သည်။ ဗန်​နီး​ယား​သည် ချာ့ခ်ျ​တက်​သော်လည်း ဘုရားသခင်​စွန့်ပစ်​ထား​သည်​ဟု ခံစားရ​သည်။ သူ့မှာ အမှန်ပင် စိတ်​ငြိမ်သက်မှု​မရှိခဲ့​ချေ။

မာ​စီ​လို​ဆို​သူသည်​လည်း​ရှိသည်။ ဤ​သူက အပျော်အပါး​အလွန်​မက်​သည်။ အခြား​လူငယ်များနှင့်​အတူ ပါတီ​တက်ပြီး ကခုန်၊ သောက်​စား၊ မူးယစ်​ဆေး​အလွဲသုံးခြင်း​ကို နှစ်သက်ခဲ့​သည်။ တစ်ကြိမ်​တွင် ခိုက်ရန်​ဖြစ်ပွားမှု​တစ်ခု​၌ သူပါ​ဝင်​ခဲ့​ပြီး အခြား​လူငယ်​တစ်ဦး​ကို ဒဏ်ရာ​ရစေ​ခဲ့​သည်။ ထို့နောက်​တွင် သူသည် မိမိ​ပြုလုပ်​ခဲ့​ရာ​အတွက် ပြင်းပြင်းထန်ထန်​နောင်တ​ရပြီး ဘုရားသခင်​ထံ အကူအညီ​ရ​ရန် ဆုတောင်း​ခဲ့​သည်။ ဤ​သူသည်​လည်း စိတ်​ငြိမ်သက်မှု ရရှိ​လို​ခဲ့​သည်။

ဤ​ဖြစ်ရပ်​များ​က စိတ်​ငြိမ်သက်မှု ပပျောက်​စေနိုင်​သည့် အခြေအနေ​အချို့​ကို​ဖော်ပြ​သည်။ အလုပ်သမား​ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ လမ်းပေါ်​နေ​ကလေး၊ အလုပ်​ဝန်ပိနေ​သော​သမီး​နှင့် ပါတီ​တက်​သူတို့​ရရှိ​လို​ကြသော အတွင်း​ငြိမ်သက်မှု​ကို သူတို့​ရရှိနိုင်​မည့်​နည်းလမ်း တစ်ခုခု​ရှိပါ​သလော။ သူတို့​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့အတွက် သင်ခန်းစာ​တစ်ခုခု​ရှိ​နိုင်​သလော။ နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​တွေ့ရှိ​ကြ​ရမည့်​အတိုင်း ထို​မေးခွန်း​နှစ်ခုစလုံး​အတွက်​အဖြေ​မှာ ရှိပါ​သည်​ဟူ၍​ဖြစ်၏။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 နာမည်​အချို့​ကို ပြောင်း​ထား​ပါ​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

အတွင်း​ငြိမ်သက်မှု​ကို သင်​တမ်းတ​ပါသလော