မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိုင်ဝမ်လယ်ကွင်းများတွင် သတင်းကောင်းကြေညာခြင်း

တိုင်ဝမ်လယ်ကွင်းများတွင် သတင်းကောင်းကြေညာခြင်း

ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ရှိသော​လူစား​ဖြစ်​ကြ

တိုင်​ဝ​မ်​လယ်ကွင်းများ​တွင် သတင်းကောင်း​ကြေညာ​ခြင်း

တိုင်​ဝ​မ်​ကျွန်း​တွင် နှစ်စဉ်​စပါး​နှစ်​သီး​စား​ထွက်​စေရန် အများအားဖြင့် မိုး​ရေ​လုံလောက်​သည်။ သို့သော် တစ်ခါတစ်ရံ မိုးရွာ​ရမည့်​အချိန်တွင် မိုး​မ​ရွာ​သည့်​အခါ ပျိုးပင်​များ​သေကျေပျက်စီး​ရသည်။ ထိုသို့​ဖြစ်ပျက်​သောအခါ လယ်သမား​သည် လက်လျှော့​သလော။ လက်မလျှော့​ပါ။ ဇွဲရှိ​ဖို့​လို​ကြောင်း သူသိ​သည်။ လယ်ကွင်းတွင် ပျိုးပင်​အသစ်များ​ကို​စိုက်​ပျိုး​ပါ​သည်။ ထို​အခါ အခြေအနေ​ကောင်း​လျှင် လယ်သမား​သည် သီးနှံများ​စွာ​ရိတ်သိမ်း​ရ​ပေမည်။ ဝိညာဉ်​ရေး​အရ​စိုက်ပျိုးခြင်း​နှင့် ရိတ်သိမ်းခြင်း​သည်လည်း တစ်ခါတစ်ရံ အလွန်​ပင်​တူ​သည်။

ဝိညာဉ်​ရေး​ရိတ်သိမ်း​မှု​တွင် ဇွဲရှိ​ခြင်း

တိုင်​ဝ​မ်​ရှိ​ယေဟောဝါသက်သေ​များသည် အကျိုး​ဖြစ်ထွန်း​ပုံ​မရ​သည့် ဒေသ​အချို့​တွင် ကျမ်းစာ​သမ္မာတရား​မျိုးစေ့ စိုက်​ပျိုး​ပြီး​ရိတ်သိမ်း​ရန် နှစ်များ​တစ်လျှောက် ကြိုးစား​လုပ်ဆောင်ခဲ့​ကြသည်။ သာဓက​တစ်ရပ်​မှာ မီ​အောလီ ခရိုင်​မှ​ဖြစ်သည်။ ထို​ဒေသ​တွင် အခါ​အား​လျော်​စွာ သက်သေ​ခံရန်​ကြိုးစား​အားထုတ်မှုကို တုံ့ပြန်မှု​သိပ်​မရှိ​လှ​ပေ။ ထို့​ကြောင့် ၁၉၇၃ တွင်​ထို​နေရာ၌ အချိန်ပြည့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အမှုဆောင်ရန် အထူး​ရှေ့ဆောင်​မောင်နှံစုံ​တစ်စုံ​ကို တာဝန်​ပေးအပ်​ခဲ့​သည်။ အစပိုင်း​တွင် သတင်းကောင်းကို အချို့​စိတ်ဝင်စား​ပုံ​ရှိသည်။ သို့သော် မကြာမီ​ပင် သူတို့၏​စိတ်ဝင်စားမှု​လျော့နည်း​သွား​သည်။ သို့​နှင့် ၎င်း​အထူး​ရှေ့ဆောင်​များသည် အခြား​ဒေသ​တစ်ခု​တွင် တာဝန်​ပေးအပ်​ခံရ​သည်။

၁၉၉၁ တွင် အခြား​အထူး​ရှေ့ဆောင်​ညီအစ်မ​နှစ်ဦး​သည် ထို​နေရာတွင်​တာဝန်ကျ​လေ​သည်။ ဤ​အကြိမ်လည်း ဝိညာဉ်​ရေး​အရ​ကြီးထွား​ဖို့​အတွက် ရာသီ​မဟုတ်​သေး​ကြောင်း အခြေအနေ​များ​က​ဖော်ပြ​သည်။ နှစ်​အနည်းငယ်​ကြာလေ​သော် ပို​၍​သီးပွင့်​ဖြစ်ထွန်း​မည့်​ပုံ​ရှိသော အခြား​လယ်ကွင်းများ​သို့ ထို​အထူး​ရှေ့ဆောင်​များလည်း တာဝန်​လွှဲပြောင်း​ခံ​ခဲ့​ရသည်။ သို့ဖြင့် ထို​မြေယာ​သည် အတန်ကြာ​လယ်​ရိုင်း​ဖြစ်​ခဲ့​ရသည်။

ထပ်မံ​ကြိုးပမ်းမှု​များ အောင်မြင်မှု​ရ

၁၉၉၈ စက်တင်ဘာ​တွင် တိုင်​ဝ​မ်​ရှိ အလွန်​ကျယ်ပြန့်​သည့် ခန့်အပ်​မထား​သော​ရပ်ကွက်တွင် ပို​သီးပွင့်​ဖြစ်ထွန်း​မည့်​နေရာများ​ကို​ရှာဖွေ​ရန် ကြိုးစား​အားထုတ်​ဖို့ ဆုံးဖြတ်​ခဲ့​ကြသည်။ ယင်းကို မည်သို့​ပြုလုပ်​ကြ​မည်​နည်း။ လူဦးရေ​ပို​များ​သည့် ခန့်အပ်​မထား​သော​ရပ်ကွက်​များ​တွင် အမှုဆောင်ရန် ယာယီ​အထူး​ရှေ့ဆောင် ၄၀ ကို​တာဝန်​ခန့်အပ်​ခြင်း​အားဖြင့်​ဖြစ်သည်။

၎င်း​ကင်ပိန်း​အတွက်​ရွေးချယ်သော​နယ်မြေ​များ​တွင် မီ​အောလီ​ခရိုင်​ရှိ ကပ်လျက်​မြို့​နှစ်မြို့ ပါဝင်​ခဲ့​သည်။ ထို​နယ်မြေ​တွင် သုံးလ​ခန့် အစမ်း​သဘောဖြင့်​အမှုဆောင်​ကြ​ရန် တစ်ကိုယ်ရေ​ညီအစ်မ​လေးဦး​ကို စေလွှတ်ခဲ့​သည်။ သူတို့​ရောက်​ပြီး​မကြာမီ စိတ်ဝင်စားသူ​များ​အကြောင်း အားရစရာ​သတင်း​များ ရေးပို့​ခဲ့​ကြသည်။ ထို​နယ်မြေမှာ သူတို့ရှေ့​ဆောင်​ခဲ့​ကြ​သည့်​သုံးလ​အကုန်​တွင် အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​စွာ​ကို သူတို့​ကျင်းပ​နေကြ​သည်။ အနီးအနား​ရှိ​အသင်းတော်​မှ အကြီးအကဲ​တစ်ဦး၏​အကူအညီ​ဖြင့် စာအုပ်ကြီး​သင်တန်း​အုပ်စု​တစ်ခု​ကိုလည်း သူတို့ ဖွဲ့စည်း​ခဲ့​သည်။

ထို​ညီအစ်မ​များ​မှ​သုံးဦးသည် ကောင်းစွာ​ကြီးထွား​လာ​နေသည့် နုနယ်​သော “ပျိုးပင်​များ” ကို​ဆက်၍​ပြုစု​လို​ကြ​ကြောင်း ဖော်ပြ​ခဲ့​သည်။ သို့​ဖြစ်၍ သူတို့​ထဲ​မှ​နှစ်ဦး​သည် အထူး​ရှေ့ဆောင်​များ​အဖြစ် အမြဲ​အမှုဆောင်​ကြ​ရန် ခန့်အပ်​ခံရ​ပြီး တတိယ​တစ်ယောက်​မှာ​မူ မှန်မှန်ရှေ့ဆောင်​အဖြစ် ထို​နေရာတွင် ဆက်​အမှုဆောင်ခဲ့သည်။ အနီးအနား​ရှိ​အသင်းတော်​မှ​အကြီးအကဲ​တစ်ဦး​သည် သူတို့ကို​ကူညီပေး​ရန် ထို​နယ်မြေ​သို့​ပြောင်းရွှေ့​နေထိုင်ခဲ့​သည်။ ထို​ဒေသ​တွင် ပထမ​ဆုံးသော လူထု​ဟောပြောချက်ကို တက်ရောက်သူ ၆၀ ကျော်​ရှိခဲ့​သည်။ ယခု အနီးအနား​ရှိ​အသင်းတော်သည် တနင်္ဂနွေ​အစည်းအဝေး​များ​အပြင် စာအုပ်ကြီး​သင်တန်း​များ မှန်မှန်​ကျင်းပ​ရန် ဤ​အုပ်စုငယ်​အသစ်​ကို ကူညီပေး​လျက်​ရှိသည်။ မကြာမီ ထို​ဒေသ​တွင် အသင်းတော်သစ်​တစ်ခု တည်ထောင်​နိုင်​စ​ရာ​အကြောင်း​ရှိသည်။

ဇွဲရှိ​ခြင်း​က တိုင်​ဝ​မ်​၏​အခြား​ဒေသ​များ​၌ ကောင်းချီး​များ​ခံစား​စေ

အခြား​ဒေသ​များသည်​လည်း အလားတူ​တုံ့ပြန်​ခဲ့​ကြသည်။ ကျွန်း​၏​အရှေ့မြောက်ဘက်​ရှိ အီလန်ခရိုင်​တွင် ယာယီ​အထူး​ရှေ့ဆောင်​များ​အမှုဆောင်ခဲ့​သည့်​ဒေသ​၌ အသင်းတော်​စာအုပ်ကြီး​သင်တန်း​အသစ်​တစ်ခု​ကို တည်ထောင်​ခဲ့​ရသည်။

တစ်​ညနေခင်း​တွင် တစ်အိမ်​မှ​တစ်အိမ်​သက်သေခံ​သွား​နေစဉ် ယာယီ​အထူး​ရှေ့ဆောင်​တစ်ယောက်​သည် လူငယ်​တစ်ယောက်​နှင့်​တွေ့ဆုံ​ပြီး အသင်းတော်​အစည်းအဝေး​များ​ကို​ဖော်ပြ​သည့် လက်ကမ်း​ကြော်ငြာ​တစ်စောင်​ကို​ပြ​ခဲ့​သည်။ သူက ချက်ချင်း​ပင် “မနက်ဖြန်​ညနေ​အစည်းအဝေး​ကို ကျွန်တော်​တက်​လို့​ရမလား။ ရမယ်​ဆိုရင် ကျွန်တော်​ဘာ​ဝတ်​လာ​သင့်သလဲ” ဟု​မေးခဲ့သည်။ ဤ​ရှေ့ဆောင်​ညီအစ်မ​သည် စိတ်ဝင်စား​သူများ​နှင့် ကျမ်းစာ​သင်အံမှု​ရှစ်ခု​ကို အပတ်စဉ်​ကျင်းပ​ခဲ့​ရသည်။ ကျမ်းစာ​သင်သား​အချို့​သည် နှစ်ခြင်း​ခံရန်​ပန်းတိုင်​ထားပြီး မကြာမီတွင် သတင်းကောင်း​ကြွေးကြော်​သူများ​ဖြစ်လာ​ရန် စီစဉ်​နေကြ​သည်။

ထို​မြို့ရှိ​အခြားသူ​တစ်ဦး​မှာ ချာ့ခ်ျ​ကို နှစ်ချီ၍​မှန်မှန်​တက်ရောက်​ခဲ့​သော်လည်း သူ့ကို​ကျမ်းစာ​သင်ပေး​မည့်​သူ တစ်ယောက်ကို​မျှ​မ​တွေ့ ခဲ့​ချေ။ ကျမ်းစာ​သင်အံမှု​အစီအစဉ်​အကြောင်း သူ​ကြား​သည့်​အခါ ထို​အခွင့်အရေး​ကို ချက်ချင်း​ယူ​ခဲ့​သည်။ သင်ခန်းစာ​ကို​ကြိုတင်​ပြင်ဆင်​ရန် သူ့ကို​အားပေးခဲ့​၏။ သင်အံမှု​ကျင်းပ​ရန် ယာယီ​အထူး​ရှေ့ဆောင်​ရောက်လာသော​အခါ ဤ​သူသည် မှတ်စု​စာအုပ်​တစ်အုပ်​ဝယ်ထား​ပြီး ယင်း​တွင် သင်တန်း​ဆောင်းပါး​မှ ပုံနှိပ်​မေးခွန်းများကို​ရေး​၍ “အိမ်စာ” ပြုလုပ်​ထား​သည်ကို တွေ့ ရှိခဲ့​ရသည်။ ထို့နောက် မေးခွန်း​တစ်ခုစီ​၏​အဖြေကို သူ​ရေးချ​ထား​၏။ ထို့​ပြင် သင်ခန်းစာ​တွင်​ပါ​သော ညွှန်း​ထား​သည့်​ကျမ်းချက်​အားလုံး​ကိုလည်း သူ၏​မှတ်စု​စာအုပ်​တွင် ကူးရေး​ထား​သည်။ ပထမ​အကြိမ်​သင်အံမှု​ကျင်းပ​ရန် ညီအစ်မ​ရောက်ရှိ​လာချိန်​တွင် ထို​အမျိုးသမီး​သည် ပထမ​သင်ခန်းစာ​သုံးခု​ကို ပြင်ဆင်​ထား​နှင့်​ပြီး​သား​ဖြစ်သည်!

တိုင်​ဝ​မ်​အလယ်ပိုင်း ဒေါင်း​ရှီ​မြို့၌​လည်း အလားတူ​အကျိုး​ဖြစ်ထွန်း​မှု​ရရှိခဲ့သည်။ ယာယီ​အထူး​ရှေ့ဆောင်​များသည် ထို​နေရာတွင် သူတို့​အမှုဆောင်ခဲ့​သည့်​သုံးလ​အတွင်း ဘရိုရှာ ၂,၀၀၀ ကျော်​ဝေငှ​ခဲ့​ရသည်။ တတိယ​လ​တွင် သူတို့သည် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၁၆ ခု​ကျင်းပ​လျက်​ရှိကြသည်။ ၁၉၉၉ စက်တင်ဘာ ၂၁ ရက်​တွင် တိုင်​ဝ​မ်​ကျွန်း​ဗဟို​တွင် လှုပ်​ခဲ့​သည့်​မြေငလျင်​ကြောင့် ၎င်း​မြို့​သည် အကြီးအကျယ်​ပျက်စီး​ခဲ့​ရသည်၊ သို့သော် စိတ်ဝင်စားသူ​အချို့​သည် အနီးဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​အစည်းအဝေး​တက်​ရန် တစ်​နာရီ​ကြာ​သွား​ရ​သော်လည်း ဝိညာဉ်ရေးတွင် သူတို့​ဆက်​တိုးတက်​လျက်​ရှိသည်။ မှန်ပါသည်၊ အသီးအနှံ​ဖြစ်စေ၊ ဝိညာဉ်​ရေး​အရ​ဖြစ်စေ အသီးများစွာ​ရိတ်သိမ်း​ရ​ရန် ဇွဲရှိ​ဖို့​လိုအပ်​ပါ​သည်။

[စာမျက်နှာ ၈ ပါ​ပုံစာ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တရုတ်

တိုင်​ဝ​မ် ရေလက်ကြား

တိုင်​ဝ​မ်

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.