မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် အမှန်သေချာ!

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် အမှန်သေချာ!

ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက် အမှန်​သေချာ!

“သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်​ဟူ၍ . . . အကျွန်ုပ်​လည်း ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​ပါ​၏။”—တမန်​တော် ၂၄:၁၅

၁။ ကျွန်ုပ်​တို့သည် ရှင်ပြန်ထမြောက်ခြင်း​တွင် အဘယ်ကြောင့်​မျှော်လင့်​နိုင်​သနည်း။

ယေဟောဝါ​သည် ရှင်ပြန်ထမြောက်ခြင်း​ကို ကျွန်ုပ်​တို့​မျှော်လင့်​ကြ​ရန် ခိုင်လုံ​သော​အကြောင်း​ပေး​ထား​တော်​မူ​၏။ လူသေများ ပြန်ရှင်​လာ​မည်​ဖြစ်​ကြောင်း ကိုယ်တော်​ကတိ​ရှိ​ထား​သည်။ သေခြင်း​၌​အိပ်ပျော်နေသူ​တို့​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​သည် အမှန်တကယ်​ပြည့်စုံ​လိမ့်​မည်။ (ဟေရှာယ ၅၅:၁၁; လုကာ ၁၈:၂၇) အမှန်​မှာ၊ ဘုရားသခင်​သည် လူသေ​တို့ကို​ပြန်ရှင်​စေရန် မိမိ၏​တန်ခိုးတော်​ကို ပြသ​ခဲ့​ပြီး​ဖြစ်သည်။

၂။ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​က ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။

သားတော်၊ ယေရှု​ခရစ်​အားဖြင့် လူသေများ ရှင်ပြန်ထမြောက်​စေရန် ဘုရားသခင့်​ပြင်ဆင်​ပေး​ချက်​ကို ယုံကြည်ခြင်းက ဖိစီးမှု​ခံရ​ချိန်​များ​တွင် သက်သာမှု​ရရှိ​စေနိုင်​သည်။ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်ကို စိတ်ချ​နိုင်​ခြင်း​က သေရေးရှင်ရေး​တွင်​ပင် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​အပေါ် သစ္စာ​စောင့်သိ​နိုင်​ဖို့​လည်း ကူညီပေး​နိုင်၏။ သမ္မာကျမ်းစာ​၌ မှတ်တမ်း​တင်ထားသော အသက်ပြန်ရှင်​လာ​ခြင်း​အကြောင်း​များ​ကို သုံးသပ်ကြည့်​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​မှာ ပိုမို​ခိုင်ခံ့​လာ​လိမ့်​မည်​ဖြစ်သည်။ ဤ​အံ့ဖွယ်ရာ​အားလုံး​မှာ အကြီးမြတ်ဆုံး​သခင် ယေဟောဝါ​ထံ​တော်​မှ တန်ခိုးတော်​အားဖြင့် ပြီးမြောက်​အောင်မြင်​ခဲ့​ပါ​သည်။

ရှင်ပြန်ထမြောက်ခြင်း​ဖြင့် လူသေ​တို့ကို သူတို့​ပြန်​ရရှိခဲ့

၃။ ဇရတ္တ​မြို့မှ မုဆိုးမ​တစ်ဦး၏​သား သေဆုံး​သွားသော​အခါ ဧလိယ​သည် အဘယ်​အမှုကိုပြု​ရန် တန်ခိုး​ရရှိခဲ့​သနည်း။

ယေဟောဝါ​၏ ခရစ်ယာန်​ခေတ်​မတိုင်မီ​က​သက်သေခံ​များ တင်ပြ​ခဲ့​ကြသော ယုံကြည်ခြင်း​အကြောင်း စိတ်​လှုပ်ရှား​ဖွယ်​ပြန်ပြောင်း​ဆင်ခြင်​ရာ​တွင် တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “မိန်းမ​တို့သည်​လည်း၊ သေခြင်း​မှ​ထမြောက်​သော မိမိတို့​သေ​သူများကို​ရ​ပြန်​ကြ​၏။” (ဟေဗြဲ ၁၁:၃၅သမ္မာ; ၁၂:၁) သူတို့​ထဲ​မှ​တစ်ဦး​မှာ ခါ​နာ​န်​ပြည်၊ ဇရတ္တ​မြို့ရှိ ဆင်းရဲသော​မုဆိုးမ​တစ်ဦး​ဖြစ်သည်။ သူသည် ဘုရားသခင်​၏​ပရောဖက် ဧလိယ​ကို​ဧည့်ဝတ်ပြု​ခဲ့​ခြင်း​ကြောင့် သူနှင့် သူ့​သားကို​သေစေနိုင်​သည့် အငတ်ဘေး​တွင် သူ၏​ဂျုံ​နှင့်​ဆီ​မှာ အံ့ဖွယ်​နည်းဖြင့်​မပြတ်​ခဲ့​ပါ။ နောက်ပိုင်း ကလေး​သေဆုံး​သွားသော​အခါ ဧလိယ​သည် အိပ်ရာပေါ်​၌ သူ့ကို​ထားပြီး​လျှင် သူငယ်​အပေါ်မှာ မိမိကိုယ်ကို​သုံးကြိမ်​ဆန့်​လျက် “အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ဤ​သူငယ်​၏​ဝိညာဉ်​ကို တစ်ဖန်​ဝင်​စေတော်မူ​ပါ” ဟု​တောင်းပန်​ခဲ့​သည်။ ဘုရားသခင်​သည် ဝိညာဉ်​စိုးလ် သို့​မဟုတ် အသက်ကို သူငယ်​အထဲ​ပြန်ရောက်​စေ​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၇:၈-၂၄) ရှင်ပြန်ထမြောက်ခြင်း​ဆိုင်ရာ ဦးဆုံး​မှတ်တမ်းတင်​ချက်​ဖြစ်သည့် ထို​မုဆိုးမ​၏​ချစ်လှစွာ​သော​သားကို သူ့​ယုံကြည်ခြင်း​ကြောင့် ဆု​ပေးခြင်း​ခံ​ခဲ့​ရသည့်​အခါ သူ၏​ပျော်ရွှင်မှု​ကို စဉ်းစား​ကြည့်​ပါ!

၄။ ရှုနင်​မြို့၌ အဘယ်​အံ့ဖွယ်​အမှုကို ဧလိရှဲ​ပြု​ခဲ့​သနည်း။

ရှင်ပြန်ထမြောက်ခြင်း​အားဖြင့် သေလွန်​သော​သူကို​ပြန်​ရခဲ့​သည့် အခြား​အမျိုးသမီး​တစ်ဦး​မှာ ရှုနင်​မြို့၌​နေထိုင်သူ​ဖြစ်၏။ အိုမင်း​နေ​သူ၏​ဇနီးသည် ပရောဖက်​ဧလိရှဲ​နှင့် သူ၏​လက်ထောက်​ကို ကြင်နာ​မှု​ပြ​ခဲ့​လေ​သည်။ သူသည် သား​တစ်ဦး​ရခြင်း​ဖြင့် ကောင်းချီး​ခံစားရ​သည်။ သို့သော် နှစ်​အတန်​ကြာသော် ထို​ပရောဖက်​ကို​သူ​ဆင့်ခေါ်​ခဲ့​ရာ သူငယ်​သေဆုံး​နေသည်​ကို တွေ့မြင်​ခဲ့​ရသည်။ ဧလိရှဲ​က​ဆုတောင်း၍ တစ်စုံတစ်ရာ​ကို​လုပ်ဆောင်ခဲ့​ပြီး​နောက် “သူငယ်​အသား​သည် နွေး​စ​ရှိ၏။” သူငယ်​သည် “ခု​နစ်​ကြိမ်​ချေဆတ်​၍ မျက်စိ​ကို​ဖွင့်​၏။” ဤ​ရှင်ပြန်ထမြောက်ခြင်း​က မိခင်​နှင့်​သား နှစ်ဦးစလုံး​ကို မလွဲဧကန် အလွန်​ဝမ်းမြောက်​စေ​ခဲ့​ပေမည်။ (၄ ဓမ္မ​ရာဇဝင် ၄:၈-၃၇; ၈:၁-၆) သို့သော် “သာ၍​မြတ်သော​ထမြောက်ခြင်း” ဖြစ်သည့် နောက်​တစ်ဖန် ဘယ်​သောအခါ​မျှ သေ​ရန်​အကြောင်း​မရှိသည့် မြေကြီးပေါ်​ပြန်ရှင်​လာ​ကြသောအခါ အမှန်ပင်​ပျော်ရွှင်​လိုက်​ကြ​မည်​ဖြစ်​ခြင်း! ရှင်ပြန်ထမြောက်ခြင်း​၏ မေတ္တာ​ရှိသော​ဘုရားသခင်၊ ယေဟောဝါ​အား တကယ်​ပင်​ကျေးဇူး​တင်စရာ အကြောင်းပါ​တကား!—ဟေဗြဲ ၁၁:၃၅

၅။ ဧလိရှဲ​သေဆုံး​သွားပြီး​နောက်​၌​ပင် အံ့ဖွယ်အမှု​တစ်ခု​၌ သူ​မည်သို့​ပါဝင်​ခဲ့​သနည်း။

ဧလိရှဲ​သေဆုံး​၍ မြေ​မြှုပ်​သင်္ဂြိုဟ်​ခံရ​ပြီး​နောက်​၌​ပင် ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် သူ၏​အရိုးများ​ကို တန်ခိုး​ရှိစေခဲ့​၏။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ဣသရေလလူ​တို့သည် လူတစ်ယောက်ကို​သင်္ဂြိုဟ်​စဉ်​တွင်၊ မောဘ​တပ်​လာ​သည်ကို​မြင်လျှင်၊ အလောင်းကို ဧလိရှဲ​သင်္ချိုင်းတွင်း​၌​ချထား​ကြ​၏။ သေ​သော​သူသည် အောက်​သို့​ရောက်​၍၊ ဧလိရှဲ​အရိုး​တို့ကို​ထိ​သောအခါ၊ အသက်ရှင်​ပြန်​သဖြင့် မတ်တတ်ထ​၏။” (၄ ဓမ္မ​ရာဇဝင် ၁၃:၂၀၊ ၂၁) ထို​သူ​မှာ အမှန်တကယ်​အံ့အားသင့်​ပြီး ဝမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း! ယေဟောဝါ​ဘုရားသခင်​၏ မပျက်ကွက်​နိုင်သော​ရည်ရွယ်တော်မူချက်​နှင့်​အညီ ကျွန်ုပ်​တို့​ချစ်​မြတ်နိုး​ရသူ​များ အသက်ပြန်ရှင်​လာသော​အခါ မည်မျှ​ဝမ်းမြောက်​ကြလိမ့်မည်​ကို စဉ်းစား​ကြည့်​ပါ​တကား!

ဘုရားသခင့်​သားတော်​သည် လူသေများ​ကို ပြန်ရှင်​စေ​ခဲ့

၆။ နာဣန​မြို့အနီး​တွင် အဘယ်​အံ့ဖွယ်​အမှုကို ယေရှု​ပြု​တော်​မူ​ခဲ့​သနည်း၊ ဤ​ဖြစ်ရပ်​က ကျွန်ုပ်​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​နိုင်​သနည်း။

ဘုရားသခင့်​သားတော်၊ ယေရှု​ခရစ်​က ထာဝရ​အသက်​ရ​ရန်​အလားအလာ​ဖြင့် လူသေများ​ထမြောက်​လာနိုင်​ကြောင်း ယုံကြည်​ရန်​အတွက် ခိုင်လုံ​သော​အကြောင်း​များ​ကို ကျွန်ုပ်​တို့အား ပေး​ထား​တော်​မူ​၏။ နာဣန​မြို့အနီး​၌ ဖြစ်ပွား​ခဲ့​သော ဖြစ်ရပ်​တစ်ခု​က ယင်း​သို့​သော​အံ့ဖွယ်အမှု​သည် ဘုရားသခင်​ပေး​သောတန်​ခိုး​တော်​အားဖြင့် ဖြစ်​နိုင်​ကြောင်း ကျွန်ုပ်​တို့​သိလာ​စေရန် ကူညီပေး​နိုင်၏။ တစ်ခါ​တွင် လူငယ်​တစ်ဦး၏​အလောင်းကို​သင်္ဂြိုဟ်​ရန် မြို့ပြင်​သို့​ယူဆောင်​လာ​ကြ​သည့် ငိုကြွေး​နေကြ​သော အသုဘ​ပို့ဆောင်​သူတို့နှင့် ယေရှု​ဆုံတွေ့​ခဲ့​သည်။ သူသည် မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်သည်။ ယေရှု​က “မ​ငို​နှင့်” ဟု​သူ့ကို​မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်​သည် တ​လား​ကို​တို့​လျက် “အချင်း​လုလင်၊ ထ​လော့၊ သင့်​အား​ငါ​အမိန့်​ရှိသည်” ဟု​ဆို​၏။ ထို​အခါ သူသည် ထိုင်၍​စကားပြော​လေ​သည်။ (လုကာ ၇:၁၁-၁၅) ဤ​အံ့ဖွယ်အမှု​က ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​သည် သေချာ​ကြောင်း ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို အမှန်တကယ်​ပင်​ထောက်ခံ​ပေး​၏။

၇။ ယာ​ဣ​ရု​၏​သမီး​နှင့်​ပတ်သက်​၍ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

ကပေရနောင်​မြို့ရှိ တရား​ဇရပ်မှူး​တစ်ဦး​ဖြစ်သော ယာ​ဣ​ရု​နှင့်​ပတ်သက်​သည့် ဖြစ်ရပ်​တစ်ခု​ကိုလည်း သုံးသပ်ကြည့်​ပါ။ သူသည် သေလုမြောပါး​ဖြစ်နေ​သော မိမိ​ချစ်​လှ​သည့် ၁၂ နှစ်အရွယ်​သမီး​ငယ်​ကို လာ​ကူညီပေး​ရန် ယေရှု​ထံ​သွား​၍ တောင်းဆို​ခဲ့​သည်။ မကြာမီ ထို​သူငယ်မ သေဆုံး​သွားပြီ​ဖြစ်​ကြောင်း သတင်းရ​လေ​၏။ ဝမ်းနည်းပူဆွေး​နေသော​ယာ​ဣ​ရု​ကို ယုံကြည်ခြင်း​ရှိ​ရန် အားပေး​လျက် ယေရှုသည် လူအုပ်​ငိုကြွေး​နေရာ သူ၏​အိမ်​သို့ သူနှင့်​အတူ လိုက်​လာ​ခဲ့​သည်။ ယေရှု​က သူတို့ကို “သူငယ်​သေ​သည်မဟုတ် အိပ်ပျော်​သည်” ဟူ၍​မိန့်တော်မူသော​အခါ သူတို့​ရယ်မော​ခဲ့​ကြ​၏။ အမှန်​မှာ သူသည် သေဆုံး​သွားပေ​ပြီ၊ သို့သော် အိပ်မောကျ​နေ​သူ​တစ်ဦး​ကို နိုးထ​စေနိုင်​သကဲ့သို့ လူ​တို့ကို​လည်း သေ​ရာ​မှ​ပြန်ရှင်​စေနိုင်​ကြောင်း ပြသ​တော့​မည်​ဖြစ်သည်။ ထို​သူငယ်မ​၏​လက်ကို​ကိုင်​လျက် ကိုယ်တော်​က “မိန်းမငယ်​ထ​လော့!” ဟု​မိန့်တော်မူ၏။ သူသည် ချက်ချင်း​ထ၍ “မိဘတို့​သည်​မိန်းမော​တွေဝေ” ၍​အလွန်​ဝမ်းမြောက်​ကြသည်။ (မာကု ၅:၃၅-၄၃; လုကာ ၈:၄၉-၅၆) မြေကြီး​ပရဒိသု​တွင် မိမိတို့၏​ချစ်​မြတ်နိုး​ရသော​သေလွန်သူ​များ ပြန်ရှင်​လာ​သည့်​အခါ မိသားစုဝင်​များသည် မလွဲဧကန် “အလွန်​မိန်းမော​တွေဝေ” ကြ​ပေမည်။

၈။ လာဇရု​၏​သင်္ချိုင်းဂူ​တွင် ယေရှု အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း။

လာဇရု​၏​သင်္ချိုင်းဂူ​သို့ ယေရှု​ရောက်ရှိ​လာ၍ အဝင်ဝ​မှ​ကျောက်တုံး​ကို ဖယ်ရှား​စေ​ခဲ့​ချိန်​၌ သူ​သေဆုံး​ခဲ့​သည်​မှာ လေး​ရက်​ရှိ​ပေ​ပြီ။ ကိုယ်တော်​သည် ဘုရားသခင်​ပေးသနား​သောတန်​ခိုး​ကို မှီခို​အားထားကြောင်း လူ​တို့​တွေ့မြင်​ကြ​စေရန် လူအများရှေ့​ဆုတောင်း​ပြီး​နောက် “လာဇရု​ထွက်၍​လာ​လော့” ဟု ကျယ်​သော​အသံ​ဖြင့်​မိန့်တော်မူသည်။ ထို​အခါ သူ​ထွက်​လာ​ခဲ့​ပါ​သည်​တကား! သူ၏​လက်​ခြေ​တို့​မှာ အဝတ်​ဖြင့်​ပတ်​ထား​ဆဲ​ဖြစ်​ပြီး မျက်နှာ​လည်း ပဝါ​နှင့်​စည်းလျက်ရှိ​သေး​သည်။ ယင်းကြောင့် ယေရှု​က “သူ့ကို​ဖြေ​၍​လွှတ်​ကြလော့” ဟု​မိန့်တော်မူ၏။ လာဇရု​အစ်မ​များ​ဖြစ်​ကြသော မာရိနှင့် မာသ​တို့ကို နှစ်သိမ့်​ပေး​ရန်​ရောက်ရှိ​နေ​သူများစွာ​တို့​မှာ ဤ​အံ့ဖွယ်​အမှုကို​တွေ့​မြင်ကြ​ပြီး ယေရှုကို​ယုံကြည်​လာ​ကြ​လေ​သည်။ (ယောဟန် ၁၁:၁-၄၅) ဤ​မှတ်တမ်းက ဘုရားသခင့်​ကမ္ဘာသစ်​တွင် သင်​ချစ်​မြတ်နိုး​ရသော​သေလွန်သူ​များ ပြန်ထ​လာနိုင်​မည်​ဟူသော​မျှော်လင့်ချက်ကို တိုးများ​လာ​စေ​သည်မဟုတ်​ပေ​လော။

၉။ ယခု ယေရှုသည် လူသေ​တို့ကို ရှင်ပြန်ထမြောက်​စေနိုင်​ကြောင်း အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။

နှစ်ခြင်း​ဆရာ​ယောဟန်​သည် ထောင်​ထဲ​၌​ရောက်နေ​သောအခါ ယေရှု​က သူ့​ထံ ဤ​အားပေး​စကား​ပို့​ခဲ့​သည်– “မျက်စိကန်း​သော​သူတို့သည် မျက်စိ​မြင်ရ​ကြ​၏၊ . . . သေ​သော​သူတို့သည် ထမြောက်ခြင်း​သို့​ရောက်​ရ​ကြ​၏။” (မဿဲ ၁၁:၄-၆) မြေကြီးပေါ် ယေရှု​ရှိ​စဉ်​က လူသေများ​ကို​ရှင်ပြန်ထမြောက်​စေ​ခဲ့​ရာ ဘုရားသခင်​တန်ခိုး​အပ်နှင်း​ခံရ​သော တန်ခိုး​ကြီး​သည့် နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ကိုယ်တော်​သည် ထို​အမှုကို အမှန်ပင်​ပြုလုပ်​နိုင်​တော်​မူ​မည်။ ယေရှုသည် “ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း” ဖြစ်၏၊ မဝေးတော့​သည့်​အနာဂတ်​၌ “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍၊ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့” သည်ကို​သိထားရ​ခြင်း​က အမှန်ပင်​နှစ်သိမ့်မှု​ကြီး​ပါ​တကား!—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅

အခြား​ရှင်ပြန်ထမြောက်ခြင်း​များ​က ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို အားဖြည့်ပေး

၁၀။ တမန်​တော်​တစ်ပါး ပထမဦးဆုံး​အကြိမ် ရှင်ပြန်ထမြောက်​စေ​ခဲ့​ခြင်း​အကြောင်းကို သင်​မည်သို့​ဖော်ပြ​မည်​နည်း။

၁၀ ယေရှုသည် မိမိ၏​တမန်​တော်​များ​ကို ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူများ​အဖြစ် စေလွှတ်​တော်​မူ​ခဲ့​သောအခါ သူက “သေ​သော​သူတို့ကို ထမြောက်​စေ​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၁၀:၅-၈) မှန်ပါသည်၊ ထိုသို့​ပြု​ရန် သူတို့သည် ဘုရားသခင့်​တန်ခိုးတော်​ကို မှီခို​အားထားကြ​ရ၏။ စီ.အီး. ၃၆ တွင် ယုပ္ပေ​မြို့ရှိ ဘုရားတရား​ကြည်ညို​သော​အမျိုးသမီး ဒေါ်ကာ (တဗိသ) သည် သေခြင်း​၌​အိပ်ပျော်​သွား​သည်။ သူသည် ဆင်းရဲသော​မုဆိုးမများ​အတွက် အဝတ်အစား​များ​ကို ချုပ်​ပေးခြင်း​အပါအဝင် ကောင်းမှု​များ​ပြု​ခဲ့​ရာ ထို​သူများ​အတွင်း​တွင် သူ၏​သေဆုံးမှု​က များစွာသော​ငိုကြွေး​မှု​ကို​ဖြစ်စေ​၏။ တပည့်တော်​များသည် သူ့ကို​သင်္ဂြိုဟ်​ရန်​ပြင်ဆင်​ကြ​ပြီး စိတ်သက်သာရာ​သက်သာ​ကြောင်း​အတွက် တမန်​တော်​ပေတရု​ထံ လူ​လွှတ်​၍​ဖိတ်ခေါ်​ခဲ့​သည်။ (တမန်​တော် ၉:၃၂-၃၈) သူသည် လူအပေါင်း​ကို အထက်ခန်း​မှ​ထွက်​စေပြီး​နောက် ဆုတောင်း၍ “တဗိသ၊ ထ​လော့!” ဟု​ပြောဆို​သည်။ တဗိသ​သည် မျက်စိ​ဖွင့်​လျက် ထ​ထိုင်​လေ​ရာ ပေတရု​က သူ့​လက်ကို​ကိုင်​၍ ဆွဲ​ထူ​လေ​သည်။ တမန်​တော်​တစ်ပါး ပထမ​ဆုံး​အကြိမ် ရှင်ပြန်ထမြောက်​စေ​ခဲ့​သော ဤ​သတင်းက လူများစွာ​တို့ကို ယုံကြည်သူများ​ဖြစ်စေ​ခဲ့​၏။ (တမန်​တော် ၉:၃၉-၄၂) ယင်းက ရှင်ပြန်ထမြောက်ခြင်း​ကို မျှော်လင့်​ရန်​အကြောင်း ထပ်၍​လည်း​တိုးများ​လာ​စေ​သည်။

၁၁။ သမ္မာကျမ်းစာ​မှတ်တမ်း​၌ နောက်ဆုံး​ရှင်ပြန်ထမြောက်ခြင်း​အကြောင်း​ကား အဘယ်နည်း။

၁၁ သမ္မာကျမ်းစာ​၌ မှတ်တမ်း​တင်ထားသော နောက်ဆုံး​ရှင်ပြန်ထမြောက်ခြင်း​သည် တ​ရော​မြို့၌​ဖြစ်ပျက်​ခဲ့​သည်။ ပေါလု​၏​တတိယ​အကြိမ်မြောက် ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​တွင် ထို​မြို့၌​ရပ်နား​ခဲ့​သောအခါ သန်း​ခေါင်​တိုင်​အထိ သူ​ဟောပြော​လေ​သည်။ မောပန်း​နွမ်း​နယ်​မှု၊ မီးခွက်​များစွာ​၏​အပူရှိန်​နှင့် စည်းဝေးရာ​နေရာ၌ လူအုပ်​ပြွတ်သိပ်​နေသော အခြေအနေ​တို့​ကြောင့် ဥတု​ခု​အမည်​ရှိ လုလင်​တစ်ဦး​သည် အိပ်ပျော်​သွားပြီး တတိယ​အထပ် ပြတင်းပေါက်​မှ ကျ​သွားခဲ့သည်။ သူ့ကို ‘ပွေ့ချီ​လိုက်​ရာ’ သူသည် သတိလစ်​ခြင်း​မျှ​သာ​မဟုတ်ဘဲ ‘သေနေ​သည်ကို တွေ့​ကြ​၏။’ ထို​အခါ​ပေါလု​သည် ဥတု​ခု​၏​အပေါ်​သို့ ကိုယ်ကို​လှဲ​လျက်​ပွေ့ဖက်​ပြီး​နောက် ကြည့်ရှု​နေသူတို့​အား “အုတ်အုတ်သဲသဲ​မပြု​ကြ​နှင့်။ သူသည်​အသက်​ရှိ၏” ဟု​ဆို​သည်။ ထို​လူရွယ်​သည် ပြန်​အသက်ရှင်​လာပြီ​ဟု ပေါလု​ဆိုလို​နေခြင်း​ဖြစ်သည်။ ထို​တွင်​ရှိသူတို့​သည် “အလွန်​သက်သာခြင်း​ရှိကြ​၏။” (တမန်​တော် ၂၀:၇-၁၂) ယနေ့ ဘုရားသခင်​ကျေးကျွန်​များ​အနေ​နှင့် ယခင်​က သူတို့နှင့်​အတူ ဘုရားသခင့်​လုပ်ငန်းတော်တွင် တွဲဖက်​လုပ်ဆောင်ခဲ့​ကြ​သူတို့သည် ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက် ပြည့်စုံခြင်း​ကြုံတွေ့​ရ​လိမ့်​မည်​ကို သိထားကြ​ခြင်း​ကြောင့် များစွာ​နှစ်သိမ့်မှု​ရရှိကြ​၏။

ရှင်ပြန်ထမြောက်ခြင်း—ကြာမြင့်စွာ​ကတည်းက တည်ရှိ​ခဲ့​သော​မျှော်လင့်ချက်

၁၂။ ရောမ​ဘုရင်ခံ ဖေလဇ်​မင်း​ရှေ့တွင် ပေါလု​သည် အဘယ်​ယုံကြည်​စိတ်ချမှု​ကို ဖော်ထုတ်​ပြောပြ​ခဲ့​သနည်း။

၁၂ ရောမ​ဘုရင်ခံ ဖေလဇ်​မင်း​ရှေ့တွင် ရုံးတင်​ခံရသော​အခါ ပေါလု​ဤသို့​သက်သေခံ​ခဲ့​သည်– “ပညတ္တိကျမ်း၊ အနာဂတ္တိ​ကျမ်း​တို့​၌ စီရင်​ရေးထားသမျှ​တို့ကို အကျွန်ုပ်​ယုံပါ​၏။ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်​ဟူ၍ . . . အကျွန်ုပ်​လည်း ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​ပါ​၏။” (တမန်​တော် ၂၄:၁၄၊ ၁၅) “ပညတ္တိကျမ်း” ကဲ့သို့​သော ဘုရားသခင့်​စကားတော်​အပိုင်း​များ​က သေလွန်သူ​များ ပြန်ရှင်​လာ​ခြင်း​အကြောင်းကို မည်သို့​ညွှန်ပြ​သနည်း။

၁၃။ ပထမဦးဆုံး​ပရောဖက်ပြုချက်​ကို ဘုရားသခင်​ပေး​သောအခါ ကိုယ်တော်​သည် ရှင်ပြန်ထမြောက်ခြင်း​ကို ရည်​စောင်​ကြောင်း အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၃ ဘုရားသခင်​ကိုယ်တော်တိုင် ဧဒင်ဥယျာဉ်​၌ ဦးဆုံး​ပရောဖက်ပြုချက်​ကို​ပေး​သောအခါ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်ကို ရည်​စောင်​၍​မိန့်တော်မူ​ခဲ့​၏။ “စာတန်” တည်း​ဟူသော “ရှေး​မြွေ​ဟောင်း” ကို​ပြစ်ဒဏ်ချ​မှတ်​ရာ​၌ ဘုရားသခင်​က​ဤသို့​မြွက်ဆို​ခဲ့​သည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း၊ ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်။” (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၁၄၊ ၁၅) မိန်းမ​အမျိုးအနွယ်​၏​ဖနောင့်​ကို ကြိတ်​ခြင်း​က ယေရှု​ခရစ်​အား သတ်ပစ်​ခြင်း​ကို​ဆိုလို​၏။ ထို့နောက်​တွင် မြွေ​၏​ခေါင်း​ကို အမျိုးအနွယ်​ကြိတ်​ရမည်​ဆိုလျှင် ခရစ်တော်​သည် သေခြင်း​မှ​ထမြောက်​ရ​ပေ​လိမ့်​မည်။

၁၄။ ယေဟောဝါ​သည် ‘လူသေ​တို့၏​ဘုရားသခင်​မဟုတ်၊ အသက်ရှင်​သူတို့၏​ဘုရားသခင်’ မည်သို့​ဖြစ်သနည်း။

၁၄ ယေရှု​က ဤသို့​ကြွေးကြော်​ခဲ့​သည်– ‘မောရှေ​သည် ထာဝရ​ဘုရား​ကို ‘အာဗြဟံ​၏​ဘုရားသခင်၊ ဣဇာက်​၏​ဘုရားသခင်၊ ယာကုပ်​၏​ဘုရားသခင်’ ဟု ချုံ​ခန်း​၌​ခေါ်ဝေါ်​သောအခါ သေလွန်​သော​သူတို့သည် ထမြောက်​ကြောင်းကို ဖော်ပြ​ခဲ့ပြီ။ ဘုရားသခင်​သည် သေနေ​သော​သူတို့၏​ဘုရားသခင်​မဟုတ်။ အသက်ရှင်​သော​သူတို့၏​ဘုရားသခင် ဖြစ်​တော်​မူ​၏။ ထို​သူအပေါင်း​တို့သည် ဘုရားသခင်​၌​အသက်ရှင်​ကြသည်။’ (လုကာ ၂၀:၂၇၊ ၃၇၊ ၃၈; ထွက်မြောက်ရာ ၃:၆) အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​သည် သေလွန်​ကြပြီ​ဖြစ်သော်လည်း သူတို့ကို ဘုရားသခင် ရှင်ပြန်ထမြောက်​စေရန်​ရည်ရွယ်​ထား​တော်​မူ​ချက်​သည် ပြည့်စုံ​ရန်​သေချာ​လွန်း​ရ​ကာ ကိုယ်တော်​အတွက် သူတို့သည် အသက်ရှင်​လျက်​ရှိသကဲ့သို့​ဖြစ်သည်။

၁၅။ အာဗြဟံ​သည် ရှင်ပြန်ထမြောက်ခြင်း​ကို ယုံကြည်​ရန်​အကြောင်း အဘယ်ကြောင့်​ရှိ​သနည်း။

၁၅ အာဗြဟံ​၌ ရှင်ပြန်ထမြောက်ခြင်း​ကို မျှော်လင့်​ရန်​အကြောင်း​ရှိသည်၊ အကြောင်း​မှာ သူနှင့် ဇနီး​ဖြစ်သူ​စာရာ​သည် အလွန်​အိုမင်း​ပြီး သားသမီး​ရနိုင်​စွမ်း​နှင့်​စပ်လျဉ်း၍ သူတို့သည်​အသေ​ကဲ့သို့​ဖြစ်နေ​သောအခါ ဘုရားသခင်​သည် အံ့ဖွယ်​နည်းဖြင့် သူတို့၏​မျိုးပွား​နိုင်စွမ်း​အခွင့်​ကို ပြန်ပေး​ခဲ့​သည်။ ယင်းသည် ရှင်ပြန်ထမြောက်ခြင်း​ကဲ့သို့​ဖြစ်သည်။ (ကမ္ဘာဦး ၁၈:၉-၁၁; ၂၁:၁-၃ ဟေဗြဲ ၁၁:၁၁၊ ၁၂) သူတို့၏​သား၊ ဣဇာက် အသက် ၂၅ နှစ်​ရှိသော​အခါ သူ့ကို​ပူဇော်​ရန် အာဗြဟံ​ကို ဘုရားသခင်​မိန့်တော်မူ​ခဲ့​၏။ သို့သော် အာဗြဟံ​သည် ဣဇာက်​ကို​သတ်မည့်ဆဲဆဲ​တွင် ယေဟောဝါ​၏​ကောင်းကင်တမန်​က သူ၏​လက်ကို​ဆီးတား​ခဲ့​သည်။ အာဗြဟံ​သည် “[ဣဇာက်​ကို] သေခြင်း​မှ​ထမြောက်​စေခြင်း​ငှာ၊ ဘုရားသခင်​တတ်နိုင်​တော်​မူ​သည်ကို . . . အောက်မေ့​၏။ ထို​သားကို ပုံစကား​အားဖြင့် သေခြင်း​ထဲ​က​ရ၏။”—ဟေဗြဲ ၁၁:၁၇-၁၉; ကမ္ဘာဦး ၂၂:၁-၁၈

၁၆။ ယခု အာဗြဟံ​သည် သေခြင်း​၌​အိပ်ပျော်​လျက် အဘယ်အရာကို​စောင့်မျှော်​နေသနည်း။

၁၆ ကတိထားရာ​မျိုးနွယ်​ဖြစ်သော မေရှိယ​၏ အုပ်ချုပ်မှု​အောက်​၌ ရှင်ပြန်ထမြောက်ခြင်း​ကို အာဗြဟံ​မျှော်လင့်​ခဲ့​သည်။ ဘုရားသခင့်​သားတော်​သည် လူသား​ဘဝ​မတိုင်မီ​က​တည်ရှိရာ​အပေါ်​စီး​မြင်ကွင်း​မှ အာဗြဟံ​၏​ယုံကြည်ခြင်းကို သတိပြု​ခဲ့​သည်။ ထို့​ကြောင့် လူသား​ယေရှု​ခရစ်​ဖြစ်လာ​သည့်​အခါ ကိုယ်တော်​သည် ဂျူး​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​၏– “သင်တို့​အဘ​အာဗြဟံ​သည် ငါ​ကြွလာ​မည့်​အချိန်ကာလ​ကို​မြော်မြင်​ခြင်း​ငှာ အလွန်​အလိုရှိ၏။” (ယောဟန် ၈:၅၆-၅၈; သု. ၈:၃၀၊ ၃၁) ယခု အာဗြဟံ​သည် သေခြင်း​၌​အိပ်ပျော်​နေပြီး ဘုရားသခင့်​မေရှိယနိုင်ငံတော်​အောက်တွင် မြေကြီးပေါ်​သို့ ရှင်ပြန်ထမြောက်​လာရန် စောင့်မျှော်​လျက်​ရှိသည်။—ဟေဗြဲ ၁၁:၈-၁၀၊ ၁၃

ပညတ္တိကျမ်း​နှင့် ဆာလံကျမ်း​မှ သက်သေခံချက်

၁၇။ “ပညတ္တိကျမ်း. . . တို့​၌ စီရင်​ရေးထားသမျှ​တို့” သည် ယေရှု​ခရစ်​၏​ရှင်ပြန်ထမြောက်ခြင်း​ကို မည်သို့​ညွှန်ပြ​ခဲ့​သနည်း။

၁၇ ပေါလု​၏​ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​သည် “ပညတ္တိကျမ်း . . . တို့​၌ စီရင်​ရေးထားသမျှ​တို့” နှင့်​ညီညွတ်​သည်။ ဘုရားသခင်​က ဣသရေလ​လူမျိုး​ကို ဤသို့​မိန့်တော်မူသည်– “သင်တို့သည် . . . စပါး​ကို​ရိတ်​သောအခါ အ​ဦး​ရိတ်​သော​ကောက်လှိုင်း​တစ်​စည်း​ကို ယဇ်ပုရောဟိတ်ထံ​သို့​ဆောင်​ခဲ့​ရမည်။ သင်တို့သည် စိတ်တော်နှင့်​တွေ့​ခြင်း​ငှာ ယဇ်ပုရောဟိတ်​သည် . . . [နိသန်လ ၁၆ ရက်​တွင်] ထို​ကောက်လှိုင်း​ကို ထာဝရ​ဘုရား​ရှေ့တော်၌ ချီလွှဲ​ရမည်။ (ဝတ်ပြုရာ ၂၃:၉-၁၄) စိတ်ထဲ​တွင်​ဤ​ပညတ်​ရှိ​ကာ ဤသို့​ပေါလု​ရေးသားခဲ့​ခြင်း​ဖြစ်​ပေမည်– “ခရစ်တော်​သည် သေခြင်း​မှ​ထမြောက်​တော်​မူ​၍၊ အိပ်ပျော်​သော​သူတို့တွင် အ​ဦး​သီး​သော​အသီး​ဖြစ်​တော်​မူ​၏။” “အ​ဦး​သီး​သော​အသီး” အဖြစ် ယေရှုသည် စီ.အီး. ၃၃၊ နိသန်လ ၁၆ ရက်​နေ့တွင် ရှင်ပြန်ထမြောက်​ခဲ့​သည်။ နောက်ပိုင်း​တွင် ကိုယ်တော်​ရောက်ရှိချိန်​အတွင်း ‘နောက်​အသီးများ’ ဖြစ်သော ကိုယ်တော်​၏​ဘိသိက်ခံ​နောက်လိုက်​များ ရှင်ပြန်ထမြောက်​လာ​ကြလိမ့်မည်။—၁ ကောရိန္သု ၁၅:၂၀-၂၃; ၂ ကောရိန္သု ၁:၂၁; ၁ ယောဟန် ၂:၂၀၊ ၂၇

၁၈။ ဆာလံကျမ်း​တွင် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​ကို တင်ကူး​ဟောထား​ကြောင်း ပေတရု မည်သို့​ပြသ​ခဲ့​သနည်း။

၁၈ ဆာလံကျမ်း​က​လည်း ရှင်ပြန်ထမြောက်ခြင်း​ကို ထောက်ခံ​သည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​သည် ဆာလံ ၁၆:၈-၁၁ မှ​ကိုးကား​၍ ဤသို့​ပြောဆို​ခဲ့​သည်– “[ခရစ်တော်] ကို​အကြောင်းပြု​လျက် ဒါဝိဒ်​မင်း​က၊ ‘ငါသည်​ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်ပြု​၏။ အကြောင်း​မူ​ကား၊ ငါ့​လက်ယာဘက်​၌ တည်ရှိ​တော်​မူ​သည်​ဖြစ်၍ ငါသည်​လှုပ်ရှားခြင်း​မရှိ​ရ။ ထို​ကြောင့် ငါ့​စိတ်နှလုံး​သည် သာယာခြင်း၊ ငါ့​ဝိညာဉ်​သည်လည်း ရွှင်လန်းခြင်း​ရှိ၏။ ထို​မှတစ်ပါး ငါ့​အသား​သည် မျှော်လင့်​လျက် ကျိန်းဝပ်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ကိုယ်တော်​သည် အကျွန်ုပ်၏​ဝိညာဉ်​ကို မရ​ဏာ​နိုင်ငံ​၌ ပစ်ထား​တော်​မ​မူ။ ကိုယ်တော်​၏​သန့်ရှင်းသော​သူအား​လည်း ပုပ်စပ်ခြင်း​ကို ရှိစေ​တော်​မ​မူ။’” ပေတရု​က ဆက်၍ “ခရစ်တော်​၏​ထမြောက်ခြင်း​အကြောင်းကို ရည်မှတ်​လျက်၊ ထို​ခရစ်တော်​၏​စိတ်​ဝိညာဉ်​ကို မရ​ဏာ​နိုင်ငံ​၌​ပစ်ထား​တော်​မ​မူ။ အသား​သည်လည်း ပုပ်စပ်ခြင်း​သို့​မ​ရောက်​ဟု [ဒါဝိဒ်​သည်] အနာ​ဂ​တံသ​ဉာဏ်​နှင့်​ဟော​လေ​၏။ ထို​ယေရှုကို ဘုရားသခင်​ထမြောက်​စေတော်မူ​သည်” ဟု​ပြော​ခဲ့​၏။—တမန်​တော် ၂:၂၅-၃၂

၁၉၊ ၂၀။ ဆာလံ ၁၁၈:၂၂ ကို အဘယ်​အချိန်၌ ပေတရု​ကိုးကား​ခဲ့​သနည်း၊ ယင်းက ယေရှု၏​သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း​နှင့် မည်သို့​သက်ဆိုင်​ခဲ့​သနည်း။

၁၉ ရက်​အနည်းငယ်​ကြာပြီးနောက် ပေတရု​သည် ဆဲန်ဟီဒရင်​ရှေ့မှောက်၌​ရပ်​ကာ ဆာလံကျမ်း​မှ ထပ်မံ​၍​ကိုးကား​ခဲ့​ပြန်​သည်။ ခြေမစွမ်း​မသန်​သော​သူတောင်းစား​ကို မည်သို့​ကုသ​ပေး​ခဲ့​ကြောင်း မေးမြန်း​ကြသောအခါ တမန်​တော်​က ဤသို့​ဖြေကြား​ခဲ့​သည်– “သင်တို့သည် လက်ဝါးကပ်တိုင်​မှာ​ကွပ်မျက်​၍၊ ဘုရားသခင်​သည် သေခြင်း​မှ​ထမြောက်​စေတော်မူ​သော နာဇရက်​မြို့သား ယေရှု​ခရစ်​၏​နာမတော်​အားဖြင့် ဤ​သူသည် သင်တို့​မျက်မှောက်​၌ ကျန်းမာ​လျက်​ရှိသည်​ကို သင်တို့​မှ​စ၍ ဣသရေလလူ​အပေါင်း​တို့ သိမှတ်​ကြလော့။ ထို​သခင် [ယေရှု] ကား၊ ‘သင်တို့သည်​တိုက်​ကို​တည်လုပ်​သောအခါ ပယ်​ထား​၍၊ နောက်​တစ်ဖန် တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ပြန်​သော​ကျောက်ဖြစ်​တော်​မူ​၏။’ ထို​သခင်​မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်း​အမှုကို မတတ်နိုင်။ ထို​သခင်၏​နာမတော်​မှတစ်ပါး ငါ​တို့ကို​ကယ်တင်​နိုင်သော​နာမ​တစ်စုံတစ်ခု​မျှ ကောင်းကင်​အောက် လူ​တို့​တွင်​မ​ပေါ်​မရှိ။”—တမန်​တော် ၄:၁၀-၁၂

၂၀ ထို​တွင် ပေတရု​က ဆာလံ ၁၁၈:၂၂ မှ​ကိုးကားခြင်း​ဖြစ်​ပြီး ယင်း​တွင်​ဖော်ပြ​ထား​ရာ​မှာ ယေရှု၏​သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း​နှင့် သက်ဆိုင်ပုံ​ကို​ပြော​ခဲ့​သည်။ ဘာသာရေး​ခေါင်းဆောင်​များ​၏ လှုံ့ဆော်မှု​ဖြင့် ဂျူး​တို့သည် ယေရှုကို​ငြင်းပယ်​ခဲ့​ကြ​၏။ (ယောဟန် ၁၉:၁၄-၁၈; တမန်​တော် ၃:၁၄၊ ၁၅) ‘တိုက်​ကို​တည်လုပ်​သူတို့ ကျောက်​ကို​ငြင်းပယ်​ကြ​ခြင်း‘ က ခရစ်တော်​၏​သေခြင်းကို​ဖြစ်စေ​ခဲ့​သော်လည်း ‘ထို​ကျောက်​မှာ တိုက်​ထောင့်​အထွတ်​ဖျား​သို့ ရောက်​ခြင်း’ က ကောင်းကင်​၌ ဘုန်းထွန်းတောက်​ခြင်း​အဖြစ်သို့ ကိုယ်တော်​အား ထမြောက်​စေခြင်း​ကို သရုပ်ဖော်​သည်။ ဆာလံဆရာ​တင်ကူး​ပြော​ခဲ့​သကဲ့သို့ပင် “ထို​အမှုသည် ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ပြု​တော်​မူ​သော​အမှု​ဖြစ်၏။” (ဆာလံ ၁၁၈:၂၃) အဆိုပါ “ကျောက်” ကို​တိုက်​ထောင့်​အထွတ်​ဖျား​ဖြစ်စေ​ခြင်း​က ကိုယ်တော်​အား မင်းလောင်း​မင်းလျာ​အဖြစ် ချီးမြှောက်​ခြင်း​ပါဝင်​သည်။—ဧဖက် ၁:၁၉၊ ၂၀

ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​ဖြင့် ထောက်မ​ခံရ​ခြင်း

၂၁၊ ၂၂။ ယောဘ ၁၄:၁၃-၁၅ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း အဘယ်​မျှော်လင့်ချက်ကို ယောဘ​ဖော်ပြ​ခဲ့​သနည်း၊ ၎င်း​က ယနေ့ ကျန်ရစ်သူ​တို့ကို မည်သို့​နှစ်သိမ့်မှု​ပေး​နိုင်​သနည်း။

၂၁ သေခြင်း​မှ​ထမြောက်​လာ​သူတစ်ယောက်ကို​မျှ ကျွန်ုပ်​တို့​ကိုယ်တွေ့​တစ်ခါမျှ​မမြင်ဖူး​ခဲ့​ကြသော်လည်း ရှင်ပြန်ထမြောက်ခြင်း​ကို စိတ်ချ​စေသည့် သမ္မာကျမ်းစာ​မှတ်တမ်း​အချို့​ကို ကျွန်ုပ်​တို့​သတိပြုမိ​ခဲ့​ကြပြီ။ သို့​ဖြစ်၍ ဖြောင့်မတ်​သော​သူ​ယောဘ ဖော်ပြ​ပြောဆို​ခဲ့​သည့် မျှော်လင့်ချက်ကို ကျွန်ုပ်​တို့​ယုံကြည်​မျှော်လင့်​နိုင်​ကြ​၏။ သူသည် ဆင်းရဲ​ဝေဒနာ ခံ​ခဲ့​ရသောအခါ ဤသို့​တောင်းပန်​ခဲ့​သည်– “ကိုယ်တော် [ယေဟောဝါ] သည် အကျွန်ုပ်​ကို သင်္ချိုင်းတွင်း​၌ ဝှက်ထား​တော်​မူ​ပါစေ။ . . . အကျွန်ုပ်​ကို​အောက်မေ့​စ​ရာ​အချိန်ကို ချိန်းချက်​တော်​မူ​ပါစေ။ လူသည်​သေ​လျှင် အသက်ရှင်​ပြန်ပါ​လိမ့်​မည်​လော။ . . . အကျွန်ုပ်​ကို​ခေါ်တော်မူ​ပါ။ အကျွန်ုပ်​ပြန်လျှောက်​ပါ​မည်။ ကိုယ်တိုင်​ဖန်ဆင်း​တော်​မူ​သော​အရာ​ကို သနားခြင်း​စိတ်​ရှိ​တော်​မူ​ပါ။” (ယောဘ ၁၄:၁၃-၁၅) ဘုရားသခင်​သည် ‘မိမိ၏​ဖန်ဆင်း​တော်​မူ​သော​အရာ​ကို သနားခြင်း​စိတ်​ရှိ’ ၍ ယောဘ​ကို​ထမြောက်​စေရန် အလွန်​ပင်​အလို​ရှိသည်။ ယင်း​ကား ကျွန်ုပ်​တို့အတွက် ကောင်းမြတ်လှ​သော​မျှော်လင့်ချက်ပါ​တကား!

၂၂ ဘုရားသခင်​ကို​ကြောက်ရွံ့​သော မိသားစု​မှ​တစ်ဦး​သည် ယောဘ​ကဲ့သို့​ပင် ပြင်းထန်​စွာ​ဖျားနာ​ကာ ရန်သူ​တည်း​ဟူသော​သေခြင်း​၌ အရှုံး​ခံ​လိုက်ရ​ပေမည်။ လာဇရု​သေဆုံး​သွား​ရာ​၌ ယေရှု​ပင် ငိုကြွေး​ခဲ့​သကဲ့သို့ ကျန်ရစ်သူ​တို့သည် ဝမ်းနည်း​ငိုကြွေး​ကြ​ပေမည်။ (ယောဟန် ၁၁:၃၅) သို့သော် ဘုရားသခင်​သည် ခေါ်တော်မူ​၍ မိမိ၏​မှတ်ဉာဏ်​တွင်ရှိသော​သူတို့ ပြန်ထူး​မည်​ကို​သိရှိ​ရခြင်း​မှာ မည်မျှ​နှစ်သိမ့်​စ​ရာ​ပါ​တကား! ထို​အခါ သူတို့သည် ဖျားနာ သို့​မဟုတ် ချို့ယွင်း​လျက်​မဟုတ်ဘဲ ကျန်း​ကျန်းမာ​မာ​ဖြင့် ခရီး​ဝေး​မှ​ပြန်လာ​သည့်​အလား ဖြစ်​ပေ​လိမ့်​မည်။

၂၃။ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်ကို ယုံကြည်​စိတ်ချကြောင်း အချို့​မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

၂၃ အသက်​ကြီးရင့်​ပြီး သစ္စာ​ရှိသော ခရစ်ယာန်​တစ်ဦး သေဆုံး​သွားခြင်းက ယုံကြည်သူချင်း​တို့ကို ဤသို့​ရေးသား​ရန် လှုံ့ဆော်ပေး​ခံ​ခဲ့​ရ၏– “သင်၏​မိခင်​ဖြစ်သူကို ဆုံးရှုံး​လိုက်ရ​ခြင်း​အတွက် ကျွန်ုပ်​တို့၏ တကယ့်​အတွင်း​ထဲ​မှ​ကိုယ်ချင်းစာ​နာ​စိတ်​ကို ကျေးဇူးပြု​၍​လက်ခံပါ။ လှပပြီး အားအင်ပြည့်​နေ​မည့် သူ့ကို ကျွန်ုပ်​တို့​ပြန်လည်​ကြိုဆို​ရမည့်​အချိန်​သည် မဝေးတော့​ပါ!” မိမိတို့၏​သားကို ဆုံးရှုံး​ခဲ့​ရသော မိဘတို့​က ဤသို့​ဆို​သည်– “ဂျေ​ဆင် နိုးထ​လာမယ့်​အချိန်ကို ကျွန်တော်​တို့ တကယ်​စောင့်မျှော်​နေတယ်! သူ့​ပတ်ပတ်လည်​ကို​သူ​ကြည့်​မှာ​ဖြစ်​ပြီး သူ​အရမ်း​တောင့်တ​ခဲ့​တဲ့ ပရဒိသု​ကို​တွေ့​မှာပဲ။ . . . သူ့ကို​ချစ်​မြတ်နိုး​ခဲ့​တဲ့ ကျွန်တော်​တို့​တစ်​တွေ အဲဒီ​နေရာမှာ​ရှိနေကြ​ဖို့​အတွက်​လည်း တကယ့်​လှုံ့ဆော်မှု​တစ်ရပ်​ပါ​ပဲ။” မှန်ပါသည်၊ ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​သည် မုချ​ဧကန်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည့်​အတွက် တကယ်​ပင်​ကျေးဇူး​တင်စရာ​ပါ​တကား!

သင့်​အဖြေ​ကား အဘယ်နည်း

• လူသေများ​ကို ရှင်ပြန်ထမြောက်​စေရန် ဘုရားသခင့်​ပြင်ဆင်​ပေး​ချက်​ကို ယုံကြည်ခြင်းက ကျွန်ုပ်​တို့ကို အဘယ်​အကျိုး​ရရှိ​စေနိုင်​သနည်း။

• သမ္မာကျမ်းစာ​၌ မှတ်တမ်း​တင်ထားသော အဘယ်​ဖြစ်ရပ်​များ​က ရှင်ပြန်ထမြောက်ခြင်း​ကို မျှော်လင့်​စေ​သနည်း။

• ရှင်ပြန်ထမြောက်ခြင်း​သည် ကြာမြင့်စွာ​ကတည်းက တည်ရှိ​ခဲ့​သော မျှော်လင့်ချက်​တစ်ခု​ဖြစ်​ကြောင်း အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

• လူသေ​နှင့်​ပတ်သက်​၍ အဘယ်​အားပေးမှု​ဖြစ်စေ​သော မျှော်လင့်ချက်ကို ကျွန်ုပ်​တို့​ခံယူ​ထား​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါ​ထံ​တော်​မှ တန်ခိုး​အားဖြင့် ဧလိယ​သည် မုဆိုးမ​၏​သားငယ်ကို အသက်ပြန်ရှင်​စေ​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယာ​ဣ​ရု​၏​သမီးကို ယေရှု ထမြောက်​စေ​ခဲ့​သောအခါ သူ၏​မိဘများသည် ပြော​မပြ​နိုင်​လောက်​အောင် ဝမ်းမြောက်​ခဲ့​ကြ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​က ယေရှုသည် သေ​ရာ​မှ​ရှင်ပြန်ထမြောက်​ခဲ့ပြီ​ဖြစ်​ကြောင်း ရဲရင့်စွာ​သက်သေခံ​ခဲ့