မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ

ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်၌ ဩဇာ​တန်ခိုး​ရှိ

‘ငါသည် . . . အရာခပ်သိမ်း အရှုံး​ခံ​၍ . . . ကိုယ်တော် [ယေရှု​ခရစ်] ကိုလည်း​ကောင်း၊ ရှင်ပြန်ထမြောက်​တော်​မူ​ခြင်း တန်ခိုး​ကိုလည်း​ကောင်း ကျွမ်းဝင်​လေ​သည်။’—ဖိလိပ္ပိ ၃:၈-၁၁၊ သ​မ။

၁၊ ၂။ (က) လွန်ခဲ့သော​နှစ်များ​က ထမြောက်ခြင်း​ကို တရားဟော​ဆရာ​တစ်ဦး မည်သို့​ပုံဖော်​ခဲ့​သနည်း။ (ခ) ထမြောက်ခြင်း​သည် မည်သို့​ဖြစ်လာ​မည်​နည်း။

၁၈၉၀ ပြည့်လွန်​နှစ်များ​၏ အစောပိုင်း​တွင် အမေရိကန်​ပြည်ထောင်စု၊ ဘ​ရွတ်​က​လင်၊ နယူးယောက်​ရှိ တရားဟော​ဆရာ​တစ်ဦး​ဟော​ကြား​သည့် ထူးခြားသော​တရားဟော​ပြော​ချက်​တစ်ခု​ကို သတင်းစာ​က​ဖော်ပြ​ထား​၏။ လူ့​ခန္ဓာကိုယ်​သည် မီး​ဖြင့် သို့​မဟုတ် မတော်တဆမှု​ဖြင့် ပျက်စီး​သွားပါစေ၊ သားရဲ​အစာ သို့​မဟုတ် မြေ​သြဇာ​ပင်​ဖြစ်သွား​ပါစေ ရှင်ပြန်ထမြောက်ခြင်း​တွင် ၎င်းကို ဖွဲ့စည်း​ခဲ့​သော အရိုးများ​နှင့်​အသား​အားလုံး​ကို ပြန်လည်​စုစည်း​ပေး​၍ အသက်သွင်း​ပေးခြင်း​ပါဝင်​သည်​ဟု သူက​ပြော​ခဲ့​သည်။ ထို​တရားဟော​ဆရာ​က တစ်စုံတစ်ရာ​သော ၂၄ နာရီ​ရက်​တစ်ရက်​အတွင်း သန်းနှင့်ချီ​သော​လူသေ​တို့၏ လက်​များ၊ လက်မောင်း​များ၊ ခြေထောက်၊ လက်ချောင်း​များ၊ အရိုးများ၊ ကြွက်သား​အကြောမျှင်​များနှင့် အရေပြား​တို့သည် လေထု​တွင် မဲ​လာ​မည်​ဟု​ဆို​သည်။ ဤ​အစိတ်အပိုင်း​များ​က မူလ​ကိုယ်ခန္ဓာ​၏ အခြား​အစိတ်အပိုင်း​များ​ကို ရှာဖွေ​လိမ့်​မည်​ဖြစ်သည်။ ထို​နောက် ထမြောက်​လာသော ကိုယ်ခန္ဓာ​များ​ထဲ​တွင်​နေထိုင်ရန် ကောင်းကင်​နှင့်​ငရဲ​တို့​မှ ဝိညာဉ်​များ​ရောက်လာ​လိမ့်​မည်​ဟု​ဆို​၏။

မူလ​အက်တမ်​များ ပြန်လည်​ဖွဲ့စည်းခြင်း​ဖြင့် ရှင်ပြန်ထမြောက်ခြင်း​မှာ ယုတ္တိမရှိ​ပါ၊ လူ​တို့​တွင်​လည်း မသေ​နိုင်သော​စိုးလ်​တစ်ခု​မရှိ​ချေ။ (ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ထမြောက်​စေတော်မူ​သော​ဘုရားသခင်၊ ယေဟောဝါ​သည် မူလ​လူ့​ခန္ဓာကိုယ်​တစ်ခု​၌ ဖွဲ့စည်းထား​သည့်​ဒြပ်စင်​များ​ကို ပြန်လည်​စုစည်း​ရန် လို​မည်​မဟုတ်ပေ။ ကိုယ်တော်​သည် ထမြောက်​လာ​သူတို့​အတွက် လူ့​ခန္ဓာကိုယ်​အသစ်များ​ကို ပြုလုပ်​ပေး​နိုင်​တော်​မူ​၏။ ယေဟောဝါ​သည် ထာဝရ​အသက်​ရစေ​နိုင်သော​အခွင့်​နှင့်အတူ လူသေများ​ကို ပြန်ရှင်​လာ​စေရန် မိမိ၏​သားတော် ယေရှု​ခရစ်​ကို တန်ခိုး​အာဏာ​အပ်နှင်း​ပေး​တော်​မူ​သည်။ (ယောဟန် ၅:၂၆) သို့​ဖြစ်၍ ယေရှု​က​ဤသို့​မိန့်တော်မူ၏– “ငါသည်​ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။ ငါ့ကို​ယုံကြည်​သော​သူသည် သေလွန်​သော်လည်း ရှင်​လိမ့်​မည်။” (ယောဟန် ၁၁:၂၅၊ ၂၆) စိတ်နှလုံး​နွေးထွေး​စ​ရာ ကတိတော်​ပါ​တကား! ယင်းက ယေဟောဝါ​၏ သစ္စာရှိ​သက်သေ​များ​အဖြစ် စမ်းသပ်​စုံစမ်းမှု​များ​ကို​ခံရပ်​ရန် သေခြင်းကို​ပင်​ရင်ဆိုင်ဖို့ ကျွန်ုပ်​တို့ကို ခွန်အား​ဖြစ်စေ​သည်။

၃။ ပေါလု​သည် ထမြောက်ခြင်း​အကြောင်းကို ထုချေ​ပေး​ရန် အဘယ်ကြောင့်​လိုအပ်​ခဲ့​သနည်း။

ထမြောက်ခြင်း​သည် ဂရိ​အတွေးအခေါ်​ပညာရှင် ပ​လေ​တို​၏​ခံယူ​ချက်​ဖြစ်သည့် လူ​တို့​တွင် မသေ​နိုင်သော​ဝိညာဉ်​ရှိသည်​ဟူသော အယူအဆ​နှင့် မကိုက်ညီ​ချေ။ သို့​ဖြစ်၍ အေ​သင်​မြို့ရှိ အာရေ​တောင်ပေါ်​၌ ယေရှု​အား​ရည်​စောင်​၍ ဘုရားသခင်​သည် ကိုယ်တော်​အား​ထမြောက်​စေ​ခဲ့ပြီ​ဟု အထင်ကရ​ဂရိ​များ​ကို တမန်​တော်​ပေါလု သက်သေခံ​ခဲ့​သောအခါ မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။ “သေ​သော​သူတို့၏​ထမြောက်ခြင်း​အကြောင်းကို ကြား​ရ​လျှင်၊ အချို့​တို့သည်​ကဲ့ရဲ့​ကြ​၏” ဟု မှတ်တမ်းက​ဖော်ပြ​သည်။ (တမန်​တော် ၁၇:၂၉-၃၄) ရှင်ပြန်ထမြောက်​ခဲ့​ပြီး​ဖြစ်သော​ယေရှု​ခရစ်​ကို တွေ့မြင်​သူများစွာ​မှာ အသက်ရှင်​ဆဲ​ရှိကြ​ပြီး ကိုယ်တော်​သည် သေ​ရာ​မှ​ထမြောက်​ခဲ့​ကြောင်း ကဲ့ရဲ့​မှုများ​ကြား​မှ သက်သေခံ​ခဲ့​သည်။ သို့သော် ကောရိန္သု​အသင်းတော်​နှင့် ပေါင်းသင်း​နေကြ​သော မှောက်မှား​သည့်​သွန်သင်သူ​များသည် ထမြောက်ခြင်း​ကို​ငြင်းပယ်​ကြ​၏။ သို့​ဖြစ်၍ ပေါလု​က ၁ ကောရိန္သု အခန်းကြီး ၁၅ တွင် ဤ​ခရစ်ယာန်​သွန်သင်ချက်​ကို ပြင်းပြင်းထန်ထန်​ခုခံ​ကာကွယ်​ပြောဆို​ခဲ့​သည်။ သူ၏​အကြောင်းပြချက်​များ​ကို အသေအချာ​လေ့လာခြင်း​က ထမြောက်ခြင်း​မျှော်လင့်ချက်​သည် သေချာ​ကြောင်း​နှင့် တန်ခိုး​ပါ​ကြောင်းကို သံသယ​ကင်း​စေ​သည်။

ယေရှု​ထမြောက်ခြင်း​၏ ခိုင်လုံ​သော​သာဓက

၄။ ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မျက်မြင်​သက်သေ​ကို ပေါလု​ဖော်ပြ​ခဲ့​သနည်း။

ပေါလု​သည် သူ၏​ထုချေ​ချက်​ကို မည်သို့​နိဒါန်း​ပျိုး​ခဲ့​ကြောင်း သတိပြုပါ။ (၁ ကောရိန္သု ၁၅:၁-၁၁) ကောရိန္သု​မြို့သား​များသည် ရည်ရွယ်ချက်​ရှိ​ရှိ​ဖြင့် ယုံကြည်သူများ​ဖြစ်လာ​ကြ​ရိုး​မှန်​လျှင် ကယ်တင်ခြင်း​သတင်းကောင်းကို စွဲကိုင်​ထား​ကြ​မည်​သာ။ ခရစ်တော်​သည် ကျွန်ုပ်​တို့​အပြစ်​အတွက် အသေခံ​တော်​မူ​၍ သင်္ဂြိုဟ်​ခံရ​ပြီး​မှ ထမြောက်​တော်​မူ​ခဲ့​၏။ အမှန်​မှာ၊ ထမြောက်​တော်​ခဲ့​သော​ယေရှုကို ကေဖ (ပေတရု) မြင်ပြီး​မှ “တစ်ကျိပ်​နှစ်ပါး​သော​သူတို့သည်” မြင်ခဲ့​ကြ​ရ၏။ (ယောဟန် ၂၀:၁၉-၂၃) နောက်ထပ် ၅၀၀ ခန့်​သည်လည်း ကိုယ်တော်​အား​မြင်ခဲ့​ချိန်​တွင် ကိုယ်တော်​က “ငါ့​တပည့်​ဖြစ်စေ” ကြ​ဟု​မိန့်တော်မူ​ခဲ့​ခြင်း​ဖြစ်​ပေမည်။ (မဿဲ ၂၈:၁၉၊ ၂၀) အခြား​သစ္စာရှိ​တမန်​တော်​များ​နည်းတူ ယာကုပ်​လည်း ကိုယ်တော့်​ကို​တွေ့မြင်​ခဲ့​သည်။ (တမန်​တော် ၁:၆-၁၁) ဒမာသက်​မြို့အနီး​တွင် ရှောလုသည် “အချိန်​မတော်မတန်​ဖွား​သော​သူ​ကဲ့သို့”—နာမ်ဝိညာဉ်​အဖြစ်သို့ ထမြောက်ခြင်း​ခံရ​ဘိ​သကဲ့သို့—ယေရှုကို​တွေ့မြင်​ခဲ့​၏။ (တမန်​တော် ၉:၁-၉) ကောရိန္သု​မြို့သား​များ​ကို ပေါလု​ဟောပြောခဲ့​၍ သူတို့သည် သတင်းကောင်းကို​လက်ခံခဲ့​ကြ​ရာ ယုံကြည်သူများ​ဖြစ်လာ​ခဲ့​ကြသည်။

၅။ ၁ ကောရိန္သု ၁၅:၁၂-၁၉ တွင်​မှတ်တမ်း​တင်ထားသော ပေါလု​၏​စဉ်းစား​ဆင်ခြင်မှု​ကား အဘယ်နည်း။

ပေါလု​၏​စဉ်းစား​ဆင်ခြင်​ပုံ​ကို သတိပြုပါ။ (၁ ကောရိန္သု ၁၅:၁၂-၁၉) ယေရှု ထမြောက်​ပြီ​ဟု မျက်မြင်​သက်သေ​များ​က ဟောပြောနေကြ​ရာ ထမြောက်ခြင်း​မရှိ​ဟု မည်သို့​ဆိုနိုင်​မည်​နည်း။ ယေရှုသည် သေ​ရာ​မှ မထမြောက်​ခဲ့​လျှင် ကျွန်ုပ်​တို့၏ ဟောပြောခြင်း​နှင့် ကျွန်ုပ်​တို့​ယုံကြည်ခြင်း​သည် အကျိုးမရှိ၊ ဘုရားသခင်​သည် ခရစ်တော်​ကို ထမြောက်​စေ​ခဲ့ပြီ​ဟု​ဆို​ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​အား​ဆန့်ကျင်​ကာ မမှန်​သော​သက်သေ​ဖြစ်​ကြ​မည်။ လူသေ​တို့သည် ထမြောက်ခြင်း​မခံရ​လျှင် ‘ကျွန်ုပ်​တို့သည် အပြစ်​အောက်​၌​ရှိနေကြ​သေး​ရာ’ ခရစ်တော်​၌​သေလွန်သူ​တို့​မှာ ဆုံးရှုံး​ကြ​ပေ​ပြီ။ ထို​ထက်​ကား “ငါ​တို့သည် ခရစ်တော်​ကို​အမှီပြု၍ ယခု​ဘဝ​၌​သာ မျှော်လင့်​စ​ရာ​ရှိလျှင်၊ အခြားသော​သူအပေါင်းတို့ထက် သာ၍​ဆင်းရဲသော​သူ​ဖြစ်​ကြ​၏။”

၆။ (က) ပေါလု​သည် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​ကို အခိုင်အမာ​ထောက်ခံ​၍ မည်သို့​ပြောဆို​ခဲ့​သနည်း။ (ခ) “နောက်ဆုံးသော​ရန်သူ” ကား​အဘယ်နည်း၊ မည်သို့​ပယ်ရှားခြင်း​ခံရ​မည်​နည်း။

ပေါလု​သည် ယေရှု၏​ထမြောက်ခြင်း​ကို အခိုင်အမာ​ထောက်ခံ​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၂၀-၂၈) ခရစ်တော်​သည် သေခြင်း​၌​အိပ်ပျော်​သူတို့တွင် “အ​ဦး​သီး​သော​အသီး” ဖြစ်သည်​အား​လျော်​စွာ အခြားသူ​တို့သည်​လည်း ထမြောက်​ကြ​ရ​လိမ့်​မည်။ သေခြင်း​သည် လူ​အာဒံ​၏​မနာခံမှု​ရလဒ်​ဖြစ်သည်​အတိုင်း ထမြောက်ခြင်း​သည် လူသား​ယေရှု​အားဖြင့်​ဖြစ်သည်။ ကိုယ်တော်​ရောက်ရှိ​သောအခါ ကိုယ်တော်​နှင့်​သက်ဆိုင်သူ​တို့သည် ထမြောက်​ခံ​ကြ​ရဖို့​ဖြစ်သည်။ ယေဟောဝါ​သည် မိမိ၏​ရန်သူ​အားလုံး​ကို ခြေ​အောက်​၌​ချ​မထား​မီ​တိုင်အောင် ဘုရားသခင့်​အုပ်စိုးပိုင်သမှု​ကို ဆန့်ကျင်​၍ ဘုရင်​အဖြစ်​အုပ်ချုပ်​လျက်​ရှိသော “အထွတ်အမြတ်​အာဏာတန်ခိုး​အမျိုးမျိုးကို” ခရစ်တော်​သည် ပယ်ရှင်း​ပစ်​ပေမည်။ အာဒံ​မှ​အမွေ​ရခဲ့​သည့် “နောက်ဆုံးသော​ရန်သူ” သေခြင်း​ပင်​လျှင် ယေရှု၏​ယဇ်​သကာ​အကျိုး​အားဖြင့် ပယ်ရှား​ပစ်​ခြင်း​ခံရ​မည်။ ထို​အခါ ခရစ်တော်​သည် မိမိ၏​ဘုရားသခင်​တည်း​ဟူသော ခမည်းတော်​၌ ဘုရားသခင့်​နိုင်ငံတော်​ကို​အပ်ပေး​၍ “ခပ်သိမ်း​သော​အရာ​တို့ကို သူ့​အောက်​၌​ချထား​တော်​မူ​သော​သူ၏ အုပ်စိုးတော်မူခြင်း​ကို” ကိုယ်တိုင်​ဝန်ခံ​လျက် “ဘုရားသခင်​သည် အလုံးစုံ​ဖြစ်​တော်​မူ​မည်။”

သေလွန်သူ​တို့အတွက် နှစ်ခြင်း​ကား​အဘယ်နည်း

၇။ “သေလွန်​သော​သူတို့၏​ကိုယ်စား [နှစ်ခြင်း]ကို​ခံ​သော​သူတို့” ကား မည်သူ​များ​နည်း၊ ယင်းက သူတို့​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ထမြောက်ခြင်း​ကို ဆန့်ကျင်သူ​တို့သည် ဤသို့​မေးမြန်း​ခံ​ကြ​ရသည်– “သေလွန်​သော​သူတို့၏​ကိုယ်စား [နှစ်ခြင်း]ကို​ခံ​သော​သူတို့သည် အဘယ်​သို့​ပြု​ရမည်​နည်း။” (၁ ကောရိန္သု ၁၅:၂၉) ယေရှု၏​တပည့်တော်​များသည် ကိုယ်တိုင်​ကိုယ်​ကျ လေ့လာ​ယုံကြည်၍ နှစ်ခြင်း​ယူ​ကြ​ရမည်​ဖြစ်​ရာ အသက်ရှင်​သူတို့သည် သေလွန်သူ​တို့​ကိုယ်စား နှစ်ခြင်း​ယူ​ကြ​ရမည်​ဟူ၍ ပေါလု​ဆိုလို​ခဲ့​ခြင်း​မဟုတ်​ချေ။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၂:၄၁) ဘိသိက်ခံ​ခရစ်ယာန်​များသည် သေခြင်းနှင့် ထမြောက်ခြင်း​သို့​ဦးတည်​သည့် အသက်တာ​ဘဝတွင် ကိုယ်ကို​ကိုယ်​နှစ်မြှုပ်​ထားခြင်း​ဖြင့် “သေလွန်​သော​သူတို့၏​ကိုယ်စား [နှစ်ခြင်း]ကို​ခံ” ကြ​၏။ ဤ​နှစ်ခြင်း​အမျိုးအစား​မှာ ဘုရားသခင့်​ဝိညာဉ်တော်သည် သူတို့တွင် ကောင်းကင်​ဆိုင်ရာ​မျှော်လင့်ချက် ဦးဆုံး​ရှိစေ​သည့်​အချိန်​မှ​စ၍ ကောင်းကင်​သို့ မသေ​နိုင်သော​နာမ်ဝိညာဉ်​အသက်တာ​ရရှိစေရန် သေ​ရာ​မှ​ထမြောက်​စေသည့်​အချိန်၌ ပြီးဆုံး​လေ​သည်။—ရောမ ၆:၃-၅; ၈:၁၆၊ ၁၇; ၁ ကောရိန္သု ၆:၁၄

၈။ စာတန်​နှင့် သူ့​ကျေးကျွန်​များ​က ခရစ်ယာန်​များ​ကို​သတ်ပစ်​လျှင်​ပင် သူတို့သည် အဘယ်အရာကို စိတ်ချ​နိုင်​သနည်း။

ပေါလု​၏​စကား​များ ဖော်ပြ​သကဲ့သို့ပင် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​ကြောင့် ခရစ်ယာန်​များ အမြဲ​ရင်ဆိုင်​ကြ​ရသော ဘေးအန္တရာယ်​နှင့် သေခြင်းကို ထမြောက်ခြင်း​မျှော်လင့်ချက်​က ခံရပ်​စေ​သည်။ (၁ ကောရိန္သု ၁၅:၃၀၊ ၃၁) စာတန်​နှင့် သူ့​ကျေးကျွန်​တို့သည် သူတို့ကို အသေ​သတ်​စေရန် ယေဟောဝါ​ခွင့်ပြု​ခဲ့​မည်​ဆိုလျှင် မိမိတို့​အား ကိုယ်တော်​ထမြောက်​စေနိုင်​ကြောင်း သူတို့​သိထားကြ​၏။ ယေဟောဝါ​တစ်ပါး​တည်း​သာ​လျှင် ထာဝရ​ပျက်စီးခြင်း​ကို ပုံဆောင်​သော ဂေဟင်္နာ​၌ သူတို့၏​စိုးလ် သို့​မဟုတ် အသက်ကို လုံးလုံး​ဖျက်ဆီး​ပစ်​နိုင်​သည်။—လုကာ ၁၂:၅

နိုးနိုးကြားကြား​ရှိ​ရန်လို​အပ်

၉။ ထမြောက်ခြင်း​မျှော်လင့်ချက်​သည် ကျွန်ုပ်​တို့​ဘဝတွင် ထောက်မ​သော​သြဇာ​တန်ခိုး​ဖြစ်​လိုလျှင် အဘယ်အရာကို ကျွန်ုပ်​တို့​ရှောင်ရှား​ကြ​ရမည်​နည်း။

ထမြောက်ခြင်း​မျှော်လင့်ချက်​က ပေါလု​ကို ထောက်မ​ပေး​ခဲ့​၏။ ဧဖက်​မြို့၌​ရှိ​စဉ် သူ၏​ရန်သူများ​က အရီနာကွင်း​ထဲ​သို့ သားရဲများ​နှင့်​တိုက်ခိုက်​ရန် သူ့ကို​ပစ်ချ​ခဲ့​ကြ​ပေမည်။ (၁ ကောရိန္သု ၁၅:၃၂) ထိုသို့​ဖြစ်​ခဲ့​လျှင် ခြင်္သေ့​များ​ရန်​မှ ဒံယေလ​လွတ်မြောက်​လာ​သကဲ့သို့ပင် သူလည်း ကယ်လွှတ်​ခြင်း​ခံ​ခဲ့​ရ၏။ (ဒံယေလ ၆:၁၆-၂၂; ဟေဗြဲ ၁၁:၃၂၊ ၃၃) ပေါလု​၌ ထမြောက်ခြင်း​မျှော်လင့်ချက်​ရှိခဲ့​သောကြောင့် ဟေရှာယ​ခေတ်​က အယူဖောက်ပြန်သူ ယုဒ​တို့၏​သဘောထားမျိုး သူ၌​မရှိခဲ့​ချေ။ သူတို့က “ငါ​တို့သည် စား​ကြ​ကုန်​အံ့၊ သောက်​ကြ​ကုန်​အံ့၊ နက်ဖြန်​သေရ​ကြ​မည်” ဟု​ပြော​ခဲ့​ကြသည်။ (ဟေရှာယ ၂၂:၁၃) ပေါလု​၌​ကဲ့သို့ ထမြောက်ခြင်း​မျှော်လင့်ချက်ကို ကျွန်ုပ်​တို့၏​အသက်တာတွင် ထောက်မ​ပေး​သော​သြဇာ​တန်ခိုး​ဖြစ်စေ​ဖို့​ဆိုလျှင် ယင်း​သို့​သော ကျန်း​ခံ့​မှုမရှိ​သည့်​သဘောထားမျိုး​ရှိသူ​များ​ကို ကျွန်ုပ်​တို့​ရှောင်ရှား​ကြ​ရမည်​ဖြစ်သည်။ “အ​လွဲ​မယူ​ကြ​နှင့်” ဟု​ပေါလု​သတိပေး​ခဲ့​သည်။ “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့ ယိုယွင်း​တတ်၏။” (၁ ကောရိန္သု ၁၅:၃၃) မှန်သည်၊ ဤ​မူ​ကား ဘဝ၏​ကဏ္ဍအသီးသီး​နှင့် သက်ဆိုင်​ပေ​သည်။

၁၀။ ကျွန်ုပ်​တို့၏​ထမြောက်ခြင်း​မျှော်လင့်ချက်ကို မည်သို့​ရှင်သန်​စေနိုင်​သနည်း။

၁၀ ထမြောက်ခြင်း​ကို သံသယဝင်​သူတို့အား ပေါလု​က ဤသို့​ပြော​ခဲ့​သည်– “တရား​သဖြင့်​နိုးကြ​လော့။ [မကောင်းမှု]ကို​မပြု​ကြ​နှင့်။ အချို့​သော​သူတို့သည် ဘုရားသခင်​ကို​မသိကြ။ ထိုသို့​ဆို​သော် သင်တို့ကို ရှက်ကြောက်​စေခြင်း​ငှာ ငါ​ဆို​၏။” (၁ ကောရိန္သု ၁၅:၃၄) ‘အမှု​ကုန်​ရသည့် ဤ​ကာလ’ တွင် ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့် ခရစ်တော်​အား သိကျွမ်းခြင်း​ပညာ​နှင့်​အညီ ပြုမူ​လုပ်ဆောင်ရန်​လိုအပ်​ပေ​သည်။ (ဒံယေလ ၁၂:၄; ယောဟန် ၁၇:၃) ယင်းက ကျွန်ုပ်​တို့၏​ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်ကို ရှင်သန်​နေ​စေ​လိမ့်​မည်။

အဘယ်​ခန္ဓာကိုယ်​ဖြင့် ထမြောက်​သနည်း

၁၁။ ပေါလု​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​၏ ထမြောက်ခြင်း​ကို မည်သို့​ပုံဖော်​သနည်း။

၁၁ ထို့နောက် ပေါလု​က မေးခွန်း​အချို့​ကို ဖြေကြား​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၃၅-၄၁) ရှင်ပြန်ထမြောက်ခြင်း​ကို သံသယဝင်​စေလို၍ တစ်ဦး​တစ်ယောက်​က ဤသို့​မေးမြန်း​ပေမည်– “သေလွန်​သော​သူတို့သည် အဘယ်​သို့​ထမြောက်​ကြ​မည်​နည်း။ အဘယ်​သို့​သော​ကိုယ်​နှင့် ပေါ်လာ​ကြ​မည်​နည်း။” ပေါလု​ဖော်ပြ​သကဲ့သို့ပင် မြေ​၌​မျိုးစေ့​စိုက်​သောအခါ မျိုးစေ့​ပျက်​၍ အညှောက်​ထွက်​လေ​သည်။ အလားတူ ဝိညာဉ်​တော်​ဖွား လူသား​တစ်ဦး​သည် သေရ​မည်​ဖြစ်သည်။ အပင်​သည် မျိုးစေ့​မှ အထည်​ကိုယ်​အသစ်​ဖြင့် ထွက်​လာ​သကဲ့သို့ပင် ဘိသိက်ခံ​ခရစ်ယာန်​တစ်ဦး၏ ထမြောက်​လာသော​ခန္ဓာကိုယ်​သည် လူ​ကိုယ်ခန္ဓာ​နှင့် မတူ​ပေ။ ထို​သူ​မသေမီ​က ဘဝ​ပုံစံ​မျိုး သူ၌​ရှိစေ​ကာ​မူ ဤ​သူသည် ကောင်းကင်​၌​နေထိုင်​နိုင်သော နာမ်ဝိညာဉ်​ခန္ဓာကိုယ်​ဖြင့် အသစ်​သော​သူ​တစ်ဦး​အဖြစ် ထမြောက်​လာ​လေ​သည်။ မြေကြီးပေါ်​သို့ ထမြောက်​လာ​ကြ​သူတို့မှာ​မူ လူ့​ကိုယ်ခန္ဓာ​ဖြင့် ဓမ္မတာ​အတိုင်း ထမြောက်​လာ​ကြလိမ့်မည်။

၁၂။ ‘ကောင်းကင်​ကိုယ်​များ’ နှင့် ‘မြေကြီး​ကိုယ်​များ’ ဟူသော​အခေါ်အဝေါ်​ကား အဘယ်အရာကို​ဆိုလို​သနည်း။

၁၂ ပေါလု​ပြော​သကဲ့သို့ပင် လူ့​အသား​သည် တိရစ္ဆာန်​အသား​နှင့် ကွာခြား​ပေ​သည်။ တိရစ္ဆာန်​များ​၏​အသား​ပင်​လျှင် မတူကြ​ချေ။ (ကမ္ဘာဦး ၁:၂၀-၂၅) နာမ်ဝိညာဉ်​သတ္တဝါများ​၏ ‘ကောင်းကင်​ကိုယ်​များ’ နှင့် သွေးသား ‘မြေကြီး​ကိုယ်​များ’ ၏ ဂုဏ်​အသရေ​မှာ​မတူ​ပါ။ နေ၊ လ၊ ကြယ်​တို့၏​ဂုဏ်​အသရေ​တို့သည်​လည်း ကွဲပြား​ခြားနား​ကြသည်။ သို့သော် ထမြောက်​သော ဘိသိက်ခံ​တို့​မှာ​မူ ဂုဏ်​အသရေ​သာ၍​များစွာ​ရှိကြ​၏။

၁၃။ ၁ ကောရိန္သု ၁၅:၄၂-၄၄ အရ အဘယ်အရာ​သည် စိုက်​ခြင်း၊ အဘယ်အရာ​သည် ထမြောက်ခြင်း​ခံရ​သနည်း။

၁၃ ကွဲပြားမှု​များ​ကို ဖော်ပြ​ခဲ့ပြီ​ဖြစ်​ရာ ပေါလု​က ဤသို့​ထပ်ဆင့်​သည်– “ထို​နည်းတူ သေ​သော​သူတို့၏ ထမြောက်ခြင်း​အကြောင်းအရာ​ဖြစ်၏။” (၁ ကောရိန္သု ၁၅:၄၂-၄၄) သူ​ဤသို့​ပြော​ခဲ့​သည်– “ကိုယ်​သည် စိုက်​သောအခါ၊ ပုပ်​တတ်သော​သဘော​ရှိ၏။ ထမြောက်​သောအခါ မ​ပုပ်​နိုင်သော​အဖြစ်​၌​တည်​၏။” ဤ​တွင် အုပ်စု​လိုက်​အနေ​ဖြင့် ဘိသိက်ခံ​တို့ကို ပေါလု​ဆိုလို​နေခြင်း​ဖြစ်​ပေမည်။ သေဆုံး​ချိန်​၌ ပုပ်ပျက်​ခြင်း​ဖြင့်​စိုက်​ရာ၊ ထမြောက်​သောအခါ အပြစ်​မှ​လွတ်ခြင်း​ဖြစ်သည့် မ​ပုပ်​နိုင်သော​အဖြစ်​၌​တည်ရှိ​၏။ လောကက ဂုဏ်​မတင်​ကြသော်လည်း ကောင်းကင်​အသက်တာ​သို့ ထမြောက်​ခဲ့​ကြ​ကာ ခရစ်တော်​နှင့်အတူ ဘုန်း​တန်ခိုး​ထင်ရှား​ကြ​ရ၏။ (တမန်​တော် ၅:၄၁; ကောလောသဲ ၃:၄) သေဆုံး​၍​စိုက်​ခံရသော​အခါ “ဇာတိ​ပကတိ​ကိုယ်”၊ ထမြောက်​သောအခါ “ဝိညာဏ​ကိုယ်” ဖြစ်၏။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကိစ္စ​တွင် ထိုသို့​ဖြစ်​နိုင်​ခြင်း​ကြောင့် အခြားသူ​တို့သည် မြေကြီးပေါ်​သို့ အသက်ပြန်ရှင်​လာနိုင်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။

၁၄။ ခရစ်တော်​နှင့် အာဒံ​ကို ပေါလု မည်သို့​နှိုင်းယှဉ်​ပြ​ခဲ့​သနည်း။

၁၄ ထို့နောက် ခရစ်တော်​နှင့် အာဒံ​ကို ပေါလု​နှိုင်းယှဉ်​ပြ​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၄၅-၄၉) ပထမ​လူ​အာဒံသည် “အသက်ရှင်​သော​သတ္တဝါ​ဖြစ်၏။” (ကမ္ဘာဦး ၂:၇) “နောက်ဆုံး​ဖြစ်သော​လူ​အာဒံ”—ယေရှု—သည် “အသက်ရှင်​စေ​တတ်သော​ဝိညာဉ်​ဖြစ်၏။” ကိုယ်တော်​သည် ဦးဆုံး​အနေ​နှင့် ဘိသိက်ခံ​နောက်လိုက်​များ​အတွက် မိမိ၏​အသက်ကို ရွေးနုတ်ဖိုး​ပူဇော်​သကာ​အဖြစ် ပေးဆက်​ခဲ့​သည်။ (မာကု ၁၀:၄၅) လူသား​အနေ​ဖြင့် သူတို့သည် ‘မြေကြီးသား​တို့၏​ပုံသဏ္ဌာန်​ကို ဆောင်’ ကြသော်လည်း သူတို့​ထမြောက်​လာ​ကြသောအခါ နောက်ဆုံး​အာဒံ​နှင့် တူ​သွား​ကြ​မည်။ မှန်ပါသည်၊ ယေရှု၏​ပူဇော်​သကာ​သည် မြေကြီးပေါ် ရှင်ပြန်ထမြောက်​လာ​ကြ​မည့်​သူတို့​အပါအဝင် နာခံမှု​ရှိသူ​အပေါင်း​တို့ကို အကျိုး​ခံစား​စေမည်​ဖြစ်သည်။—၁ ယောဟန် ၂:၁၊ ၂

၁၅။ ဘိသိက်ခံ​ခရစ်ယာန်​များသည် အဘယ်ကြောင့် အသွေးအသား​ဖြင့် မထမြောက်​ကြ​သနည်း၊ ယေရှု​ရောက်ရှိချိန်​အတွင်း သူတို့​မည်သို့​ထမြောက်​ခဲ့​ကြ​သနည်း။

၁၅ ဘိသိက်ခံ​ခရစ်ယာန်​များ သေဆုံး​သွားသော​အခါ သူတို့သည် လူ့​အသွေးအသား​ဖြင့် မထမြောက်​လာ​ကြ​ပါ။ (၁ ကောရိန္သု ၁၅:၅၀-၅၃) ပုပ်ပျက်​နိုင်သော အသွေးအသား​ကိုယ်ခန္ဓာ​သည် မ​ပုပ်ပျက်​ခြင်း​နှင့် ကောင်းကင်​နိုင်ငံတော်​ကို အမွေမခံ​နိုင်​ပေ။ ဘိသိက်ခံ​အချို့​သည် သေခြင်း​၌ ကြာမြင့်စွာ​အိပ်ပျော်​နေစရာ​မလို​ချေ။ ယေရှု​ရောက်ရှိချိန်​အတွင်း သူတို့၏​မြေကြီး​အသက်တာကို သစ္စာရှိ​ရှိပြီး​စီး​သွားခြင်း​ဖြင့် သူတို့သည် “တစ်ခဏ​ခြင်း​တွင် မျက်စိ​တစ်မှိတ်​၌ . . . ပြောင်းလဲခြင်း​သို့​ရောက်​ရ​ကြ​မည်။” သူတို့သည် မ​ပုပ်​မပျက်၊ ဂုဏ်​အသရေ​ဖြင့် နာမ်ဝိညာဉ်​အသက်တာ​သို့ ချက်ချင်း​ထမြောက်​ကြလိမ့်မည်။ နောက်ဆုံး​တွင် ခရစ်တော်​၏​ကောင်းကင် “သတို့သမီး” အရေအတွက်​မှာ ၁၄၄,၀၀၀ ရှိ​လိမ့်​မည်။—ဗျာဒိတ် ၁၄:၁; ၁၉:၇-၉; ၂၁:၉; ၁ သက်သာလောနိတ် ၄:၁၅-၁၇

သေခြင်းကို အောင်​ခြင်း!

၁၆။ ပေါလု​နှင့် အစောပိုင်း​ပရောဖက်​များ​အရ အပြစ်သား​အာဒံ​မှ အမွေ​ရခဲ့​သော သေခြင်း မည်သို့​ဖြစ်သွား​မည်​နည်း။

၁၆ သေခြင်း​သည် ထာဝစဉ်​ဝါးမျို​ခံရ​မည်​ဟု ပေါလု​က အောင်မြင်စွာ​ကြွေးကြော်​ခဲ့​၏။ (၁ ကောရိန္သု ၁၅:၅၄-၅၇) ပုပ်​တတ်​၍ သေတတ်​သော​အရာ​သည် မ​ပုပ်​နိုင်သော၊ မသေ​နိုင်သော​အဖြစ်သို့ ဝင်ရောက်​သောအခါ “သေခြင်း​သည် အောင်​ခြင်း​၌​နစ်​မြုပ်​ပြီ” ဟူသော​စကား​များ ပြည့်စုံ​ပေ​လိမ့်​မည်။ “အို​သေ​မင်း၊ သင်၏​လက်နက်​သည် အဘယ်​မှာ​ရှိ​သနည်း။ အို​မရ​ဏာ​နိုင်ငံ၊ သင်၏​အောင်​ခြင်း​သည် အဘယ်​မှာ​ရှိ​သနည်း။” (ဟေရှာယ ၂၅:၈; ဟောရှေ ၁၃:၁၄) သေခြင်းကို​ဖြစ်စေ​သော လက်နက်​မှာ အပြစ်​ဖြစ်​ပြီး အပြစ်​၏​အမှီသဟဲ​မှာ အပြစ်ပြု​သူတို့ကို သေဒဏ်​ချမှတ်​သည့် ပညတ်တရား​ဖြစ်၏။ သို့သော် ယေရှု၏​ပူဇော်​သကာ​နှင့် ရှင်ပြန်ထမြောက်ခြင်း​ကြောင့် အပြစ်သား​အာဒံ​မှ​အမွေ​ရခဲ့​သော သေခြင်း​သည် အောင်နိုင်သူ​ဖြစ်​တော့​မည်​မဟုတ်​ချေ။—ရောမ ၅:၁၂; ၆:၂၃

၁၇။ ၁ ကောရိန္သု ၁၅:၅၈ ပါ​စကား​များသည် ယနေ့ မည်သို့​သက်ဆိုင်​သနည်း။

၁၇ ပေါလု​က “ထို​ကြောင့် ငါ​ချစ်သော​ညီအစ်ကို​တို့၊ သင်တို့သည် သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်၍ အကျိုး​ကြီး​သည်ကို​သိမှတ်​သဖြင့် တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍၊ မရွေ့လျော့ မတိမ်းယိမ်း​ဘဲ​လျက်၊ သခင်​ဘုရား​၏​အမှုတော်ကို ကြိုးစား​အားထုတ်​ကြလော့” ဟု​ပြော​ခဲ့​သည်။ (၁ ကောရိန္သု ၁၅:၅၈) ထိုစကား​များသည် ယနေ့ ဘိသိက်ခံ​အကြွင်းအကျန်​နှင့် ယေရှု၏ “အခြားသိုး” တို့သည် ဤ​နောက်ဆုံး​ကာလ​တွင် သေဆုံး​သွား​ကြ​လင့်​ကစား သူတို့နှင့်​သက်ဆိုင်​၏။ (ယောဟန် ၁၀:၁၆) သူတို့ကို ရှင်ပြန်ထမြောက်ခြင်း​က စောင့်ကြို​လျက်​ရှိရာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​အဖြစ် သူတို့၏​ဆောင်ရွက်မှု​မှာ အချည်းနှီး​မဖြစ်​ချေ။ သို့​ဖြစ်၍ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် “အို​မရ​ဏာ​နိုင်ငံ၊ သင်၏​အောင်မြင်ခြင်း​သည် အဘယ်​မှာ​ရှိ​သနည်း” ဟု​ဝမ်းမြောက်​စွာ ကြွေးကြော်​နိုင်​သည့်​နေ့ရက်​ကို စောင့်မျှော်​နေစဉ် သခင်​ဘုရား​၏​လုပ်ငန်း​၌ ဆက်လက်​အလုပ်များ​နေကြပါ​စို့။

ထမြောက်ခြင်း​မျှော်လင့်ချက် ပြည့်စုံ!

၁၈။ ပေါလု​၏ ထမြောက်ခြင်း​မျှော်လင့်ချက်​သည် မည်မျှ​ခိုင်မြဲ​သနည်း။

၁၈ ၁ ကောရိန္သု အခန်းကြီး ၁၅ တွင်​မှတ်တမ်း​တင်ထားသော ပေါလု​၏​စကား​များ​က ထမြောက်ခြင်း​မျှော်လင့်ချက်​သည် သူ၏​ဘဝ​အသက်တာ​၌ ဩဇာ​တန်ခိုး​ရှိကြောင်း ထင်ရှား​သည်။ ယေရှုသည် သေခြင်း​မှ​ထမြောက်​ခဲ့​ကြောင်း​နှင့် အခြားသူ​တို့သည်​လည်း လူသား​တို့​သွား​ရာ သင်္ချိုင်း​မှ​လွတ်မြောက်​လာ​ကြလိမ့်မည်​ဖြစ်​ကြောင်းကို ခြွင်းချက်​မရှိ သူ​ယုံကြည်​စိတ်ချ​ခဲ့​၏။ ယင်း​သို့​သော ခိုင်မာ​သည့်​ယုံကြည်​စိတ်ချမှု သင်၌​ရှိပါ​သလော။ ပေါလု​သည် ကိုယ်ကျိုး​စီးပွား​ကို “အမှိုက်​သ​ရိုက် [သတင်းကောင်း]” ထင်မှတ်​ကာ ‘ခရစ်တော်​နှင့် ထမြောက်​တော်​မူ​ခြင်း​၏​တန်ခိုး’ ကို​သိကျွမ်း​နိုင်​မည်​အကြောင်း ‘ခပ်သိမ်း​သော​အရာ​တို့ကို အရှုံး​ခံ’ ခဲ့​သည်။ တမန်​တော်​သည် ‘သေခြင်း​မှ စောစောထ​မြောက်​ခွင့်’ ကို​ရ​ရန်​မျှော်လင့်ချက်​ဖြင့် ခရစ်တော်​ကဲ့သို့​ပင် အသေခံဖို့​တလိုတလား​ရှိခဲ့​၏။ ယင်းကို “ပထမ​ထမြောက်ခြင်း” ဟု​လည်း​ခေါ်ဆို​ကာ ယေရှု၏ ၁၄၄,၀၀၀ ဘိသိက်ခံ​နောက်လိုက်​များ တွေ့ကြုံ​ကြ​ရသည်။ သူတို့သည် ကောင်းကင်​၌ နာမ်ဝိညာဉ်​အသက်တာ​သို့ ထမြောက်​ကြ​ပြီး “ကြွင်း​သော​လူသေ​တို့” သည် စင်စစ်​အားဖြင့် မြေကြီးပေါ်​သို့ ထမြောက်​လာ​ကြလိမ့်မည်။—ဖိလိပ္ပိ ၃:၈-၁၁; ဗျာဒိတ် ၇:၄; ၂၀:၅၊ ၆

၁၉၊ ၂၀။ (က) သမ္မာကျမ်းစာ​မှတ်တမ်း​မှ အဘယ်သူ​တို့သည် မြေကြီး​အသက်တာ​သို့ ထမြောက်​လာ​ကြ​မည်​နည်း။ (ခ) မည်သူ​ထမြောက်​လာ​မည်​ကို သင်​စောင့်မျှော်​နေပါ​သနည်း။

၁၉ သေ​သည့်​အထိ သစ္စာ​စောင့်သိ​ခဲ့​ကြသော ဘိသိက်ခံ​များ​အတွက် ထမြောက်ခြင်း​မျှော်လင့်ချက်​သည် အမှန်တကယ်​ဂုဏ်​အသရေ​ရှိ အဖြစ်မှန်​တစ်ခု​ဖြစ်လာ​သည်။ (ရောမ ၈:၁၈; ၁ သက်သာလောနိတ် ၄:၁၅-၁၈; ဗျာဒိတ် ၂:၁၀) “ကြီးစွာ​သော​ဆင်းရဲ” ကို​ကပ်ကျော်​သူတို့သည် ‘သမုဒ္ဒရာ​က မိမိ​၌​ရှိသော​လူသေ​တို့ကို အပ်ပေး​၍ မရ​ဏာ​နှင့်​မရ​ဏာ​နိုင်ငံ​သည်လည်း မိမိတို့​၌​ရှိသော​လူသေ​တို့ကို အပ်ပေး​ကြ’ ခြင်း​ကို​တွေ့မြင်​သည့်​အခါ ကမ္ဘာ​ပေါ် ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက် အကောင်အထည်​ပေါ်လာ​ခြင်း​ကို တွေ့​ကြ​ရ​လိမ့်​မည်။ (ဗျာဒိတ် ၇:၉၊ ၁၃၊ ၁၄; ၂၀:၁၃) မြေကြီးပေါ် အသက်ရှင်​ရာ​သို့ ထမြောက်​လာ​ကြ​သူတို့တွင် သား​ခု​နစ်​ယောက်​နှင့် သမီး​သုံးယောက်​ဆုံးရှုံး​ခဲ့​ရသော ယောဘ​ပါဝင်​ပေ​လိမ့်​မည်။ သူတို့ကို ကြိုဆို​ရခြင်း​အတွက် သူ၏​ပျော်ရွှင်မှု​ကို​စဉ်းစား​ကြည့်​ပါ—သူတို့​သည်လည်း နောက်ထပ် ညီအစ်ကို​ခု​နစ်​ယောက်​နှင့် ချောမော​လှပသော ညီအစ်မ​သုံးယောက်​ရှိကြောင်း သိရ​ခြင်း​အတွက် မည်မျှ​ဝမ်းသာ​လိုက်​ကြ​မည်​ဖြစ်​ခြင်း!—ယောဘ ၁:၁၊ ၂၊ ၁၈၊ ၁၉; ၄၂:၁၂-၁၅

၂၀ အာဗြဟံ​နှင့်​စာရာ၊ ဣဇာက်နှင့်ရေဗက္ကာ၊ “ပရောဖက်​အပေါင်း​တို့” အပါအဝင် အခြား​များစွာသော​သူတို့သည် မြေကြီးပေါ်​သို့ ထမြောက်​လာ​ကြ​ခြင်း​မှာ တကယ့်​ကောင်းချီး​ပါ​တကား! (လုကာ ၁၃:၂၈) ထို​ပရောဖက်​များ​တွင် တစ်ဦး​မှာ မေရှိယ​အုပ်ချုပ်​သည့်​အခါ ထမြောက်​လိမ့်​မည်​ဟု ကတိတော်​ရရှိခဲ့​သည့် ဒံယေလ​ဖြစ်သည်။ လွန်ခဲ့သော​နှစ်ပေါင်း ၂,၅၀၀ ခန့်​က ဒံယေလ​သည် သင်္ချိုင်း​၌ အနားယူ​ခဲ့ပြီ​ဖြစ်သော်လည်း ထမြောက်ခြင်း​အစွမ်း​တန်ခိုး​ဖြင့် သူသည် မကြာမီ “မြေကြီး​တစ်ပြင်လုံး​တွင် မင်း​အရာ​၌​ခန့်” ထားခြင်း​ခံရ​သူ​တစ်ဦး​အဖြစ် ‘သူ၏​အရိပ်​အရာ​ကို​ခံ​၍ ပေါ်​ရ​လိမ့်​မည်။’ (ဒံယေလ ၁၂:၁၃; ဆာလံ ၄၅:၁၆) ရှေးခေတ်​က​သစ္စာရှိ​သူများကို​သာမက သင့်ထံ​မှ ရန်သူ​သေ​မင်း ခေါ်ဆောင်​သွားခဲ့​သည့် သင်၏​အဖေ၊ အမေ၊ သားသမီး သို့​မဟုတ် ချစ်​မြတ်နိုး​ရသော အခြား​သူများကို​ကြိုဆို​ရခြင်း​မှာ မည်မျှ​စိတ်​လှုပ်ရှား​ဖွယ်​ကောင်း​ပါ​မည်​တကား!

၂၁။ ကျွန်ုပ်​တို့သည် အခြားသူ​တို့အတွက် ကောင်းမှု​ပြုခြင်း၌ အဘယ်ကြောင့်​မ​နှောင့်နှေး​သင့်​သနည်း။

၂၁ ကျွန်ုပ်​တို့၏​မိတ်ဆွေများ​နှင့် ချစ်​မြတ်နိုး​ရသူ​အချို့​သည် ဆယ်စုနှစ်​ပေါင်း​များစွာ ဘုရားသခင့်​အမှုတော်ထမ်း​ခဲ့​ကြ​ကာ အသက်​ကြီးရင့်​နေကြပြီ။ အိုမင်း​ခြင်း​ကြောင့် ဘဝ၏​စိန်ခေါ်ချက်​များ​ကို သူတို့​ရင်ဆိုင်​ရ​ခက်ခဲ​ပေ​လိမ့်​မည်။ ယခု​အချိန်တွင် ဤသူတို့ကို ကျွန်ုပ်​တို့​တတ်နိုင်​သမျှ​ကူညီ​ပေးခြင်း​က တကယ်​မေတ္တာပါ​တကား! သို့ပြုလျှင် သူတို့သည် သေခြင်း​၏​သားကောင်​ဖြစ်​ကောင်း​ဖြစ်​ရ​လျှင် တစ်နည်း​နည်းဖြင့် သူတို့​အပေါ် တာဝန်​မ​ကျေပွန်​ခဲ့​ဟူ၍ ကျွန်ုပ်​တို့​နောင်တ​ရ​စ​ရာ​အကြောင်း ရှိကြ​လိမ့်​မည်​မဟုတ်​ချေ။ (ဒေ. ၉:၁၁; ၁၂:၁-၇; ၁ တိမောသေ ၅:၃၊) သူတို့၏​အသက်အရွယ် သို့​မဟုတ် အခြေအနေ​များ​မည်သို့​ပင်​ရှိပါစေ အခြားသူ​တို့အတွက် ကျွန်ုပ်​တို့​ပြုလုပ်​ပေး​ခဲ့​သော​ကောင်းမှု​များ​ကို ယေဟောဝါ ဘယ်​သောအခါ​မျှ မေ့​တော်​မူ​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ ပေါလု​က “ငါ​တို့သည် အဆင်သင့်​သည်​အတိုင်း ယုံကြည်ခြင်း​၏​အိမ်သူအိမ်သား​တို့​၌ အထူးသဖြင့်​ကျေးဇူးပြု​လျက်၊ ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု​ကြ​ကုန်​အံ့။”—ဂလာတိ ၆:၁၀; ဟေဗြဲ ၆:၁၀

၂၂။ ထမြောက်ခြင်း​မျှော်လင့်ချက် မပြည့်စုံ​မချင်း အဘယ်အရာကို​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​သင့်​သနည်း။

၂၂ ယေဟောဝါ​သည် “သနားခြင်း​ကရုဏာ​၏​အဘ၊ သက်သာခြင်း​အမျိုးမျိုး​တို့၏​အရှင်” ဖြစ်​တော်​မူ​၏။ (၂ ကောရိန္သု ၁:၃၊ ၄) ကိုယ်တော်​၏​စကားတော်​သည် ကျွန်ုပ်​တို့အတွက်​နှစ်သိမ့်မှု​ဖြစ်စေ​ပြီး ဩဇာ​တန်ခိုး​ရှိသော ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​နှင့် အခြား​သူတို့ကို​နှစ်သိမ့်​ပေး​ရန် ကူညီပေး​သည်။ လူသေများ ကမ္ဘာ​ပေါ်​သို့ ထမြောက်​လာ​ခြင်း​ဖြင့် ထို​မျှော်လင့်ချက်​ပြည့်စုံ​သည်ကို မျက်မြင်​ကိုယ်တွေ့ တွေ့မြင်​ရသည့်​အထိ ကျွန်ုပ်​တို့သည် ရှင်ပြန်ထမြောက်ခြင်း​၌ ယုံကြည်ခြင်း​ရှိခဲ့​သော ပေါလု​ကဲ့သို့​ဖြစ်​ကြ​စို့​လေ။ ကိုယ်တော်​အား ထမြောက်​ပေး​ရန် ဘုရားသခင့်​တန်ခိုးတော်​ကို မျှော်လင့်​သည်​အတိုင်း အကျိုး​ခံစား​ခဲ့​ရသော​ယေရှုကို အထူးသဖြင့်​အတုယူ​ကြပါစို့။ အောက်မေ့​ရာ သင်္ချိုင်းဂူ​များ​၌​ရှိသူတို့​သည် မကြာမီ ခရစ်တော်​၏​အသံကို​ကြား​၍ ထွက်​လာ​ကြ​ရ​လိမ့်​မည်။ ယင်းက ကျွန်ုပ်​တို့ကို နှစ်သိမ့်မှု​နှင့် ပျော်ရွှင်မှု​ဖြစ်ပါ​လေ​စေ။ ထို​ထက်​ကား ကျွန်ုပ်​တို့၏​သခင် ယေရှု​ခရစ်​အားဖြင့် သေခြင်းကို​အောင်​စေ​ခဲ့​သော ယေဟောဝါ​အား ကျွန်ုပ်​တို့ ကျေးဇူး​တင်​ကြပါစို့!

သင့်​အဖြေ​ကား​အဘယ်နည်း

• ယေရှု၏​ထမြောက်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မျက်မြင်​သက်သေ​ကို ပေါလု​ဖော်ပြ​ခဲ့​သနည်း။

• “နောက်ဆုံး​ရန်သူ” ကား​မည်သူ​နည်း၊ မည်သို့​ပယ်ရှားခြင်း​ခံရ​မည်​နည်း။

• ဘိသိက်ခံ​ခရစ်ယာန်​များ​ကိစ္စ​တွင် အဘယ်အရာကို​စိုက်​ပြီး အဘယ်အရာ​ထမြောက်​သနည်း။

• သမ္မာကျမ်းစာ​၌ မှတ်တမ်းတင်​ခံရ​သူတို့ မြေကြီးပေါ်​သို့​ထမြောက်​လာ​ကြသောအခါ သင် မည်သူ​တို့ကို​တွေ့ဆုံ​လို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တမန်​တော်​ပေါလု​သည် ရှင်ပြန်ထမြောက်ခြင်း​အကြောင်းကို ပိုင်နိုင်​စွာ​ထုချေ​ပေး​ခဲ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ယောဘ​နှင့် သူ၏​မိသားစု​အပြင် အခြားသူ​မြောက်မြားစွာ​တို့၏ ရှင်ပြန်ထမြောက်ခြင်း​သည် အတိုင်းမသိ​များစွာသော ဝမ်းမြောက်မှု​ကို ဖြစ်စေ​လိမ့်​မည်