မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဘဝသည် ပို၍အဓိပ္ပာယ်ရှိနိုင်သလော

သင့်ဘဝသည် ပို၍အဓိပ္ပာယ်ရှိနိုင်သလော

သင့်​ဘဝ​သည် ပို​၍​အဓိပ္ပာယ်​ရှိ​နိုင်​သလော

တန်ဖိုး​အစစ်အမှန်​သည် ဖော်ပြ​ထား​သည့်​အတိုင်း အမြဲ​မဟုတ်​တတ်​ပါ။ အမေရိကန်​ပြည်ထောင်စု​တွင် ထုတ်လုပ်သည့်​တန်ဖိုး​အမြင့်ဆုံး​ငွေ​စက္ကူ​မှာ ဒေါ်လာ ၁၀,၀၀၀ တန်​ဟု​ဖော်ပြ​ထား​သည်။ သို့သော် ယင်းကို​ရိုက်နှိပ်​ထားသော​စက္ကူ​မှာ တန်ဖိုး​အနည်းငယ်​သာ​ရှိ၏။

ပင်ကို​တန်ဖိုး​အနည်းငယ်​သာ​ရှိသော စက္ကူ​စ​များသည် သင့်​ဘဝကို စစ်မှန်သော​အဓိပ္ပာယ်​ပေး​နိုင်​ပါ​မည်​လော​ဟု သင်​စဉ်းစား​ခဲ့​ဖူး​သလော။ ပေး​နိုင်​သည်​ဟု လူအများ​ယူဆကြ​သည်။ ငွေ​ရနိုင်​သ၍​ရရှိ​နိုင်​ဖို့ နေ့ရောညပါ​အလုပ်လုပ်​ကြ​သူ သန်းပေါင်း​များစွာ​ရှိသည်။ တစ်ခါတစ်ရံ ငွေ​ရှာဖွေ​ဖို့​အတွက် မိမိတို့၏​ကျန်းမာ​ရေး၊ မိမိတို့၏​မိတ်ဆွေများ​နှင့် မိမိတို့၏​မိသားစုကို​ပင် စွန့်လွှတ်​ကြ​ရသည်။ သို့ဖြင့် အဘယ်​အကျိုးရှိ​သနည်း။ ငွေ—သို့​မဟုတ် ငွေ​နှင့်​ကျွန်ုပ်​တို့​ဝယ်ယူ​နိုင်ရာ​သည်—စစ်မှန်​၍ တည်မြဲသော​ကျေနပ်မှု ပေး​နိုင်​သလော။

သုတေသီ​များ​အရ ရုပ်ပစ္စည်း​ရှိ​ခြင်း​အပေါ်​အခြေပြု​သော ကျေနပ်မှု​ကို ကျွန်ုပ်​တို့​အာရုံစိုက်​လေ ၎င်းကို​ရှာတွေ့​ဖို့ အကြောင်း​နည်း​လေ​ဖြစ်၏။ သတင်းစာ​ဆရာ အယ်​လ်ဖီ ခေါ​န်​က ဤသို့​မှတ်ချက်ချ​သည်– “ကျေနပ်​ရောင့်ရဲခြင်း​ကို ရောင်းဝယ်​၍​မရပါ။ . . . ဘဝတွင် ချမ်းသာ​ကြွယ်ဝခြင်း​ကို ဦးစားပေး​သူများ​သည် စိုးရိမ်​ပူပန်မှု​နှင့် စိတ်ဓာတ်ကျ​မှု​အပြင် ကျန်းမာ​ရေး​မကောင်းခြင်း​ကို များစွာ​တွေ့ကြုံ​တတ်ကြ​သည်။”—အင်​တာ​နေ​ရှင်​နယ် ဟ​ယ်​ရ​ယ်လ် ထ​ရီ​ဘျွန်း။

အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​ဟူသည် ငွေ​အပြင် အခြား​အရာရှိ​ဖို့​လိုအပ်ကြောင်း သုတေသီ​များ​က သိရှိ​နေကြပြီ​ဖြစ်သော်လည်း လူအများ​က ထိုသို့​မယူဆ​ကြ​ချေ။ ယင်းသည် အံ့ဩစရာ​မဟုတ်ပါ၊ အကြောင်း​မှာ အနောက်​တိုင်းနိုင်ငံ​များ​၌ နေထိုင်သူ​တို့သည် တစ်နေ့​လျှင် ကြော်ငြာ​သတင်း ၃,၀၀၀ ခန့်​ကို တွေ့မြင်​ကြားသိ​နေကြ​ရ၏။ ကား သို့​မဟုတ် သကြားလုံး ကြော်ငြာ​ပင်​ဖြစ်ပါစေ အရင်းခံ​သဘောတရား​မှာ ‘ဤ​ပစ္စည်း​ကို​ဝယ်ပါ၊ သို့ပြုလျှင် သင်​ပို​၍​ပျော်ရွှင်​လိမ့်​မည်’ ဖြစ်၏။

ရုပ်ပစ္စည်း​များ​၏​တန်ဖိုး​များ​ကို တိုး၍​မြှင့်တင်​နေခြင်း​၏ ရလဒ်​ကား​အဘယ်နည်း။ ဝိညာဉ်​ရေး​စံနှုန်း​များ​ကို လျစ်လျူရှု​စေ​၏! န​ယူးစ်ဝိခ်​မဂ္ဂဇင်း​မှ သတင်း​တစ်ပုဒ်​အရ ဂျာမနီ​နိုင်ငံ၊ ကိုလုံး​မြို့မှ ဂိုဏ်းချုပ်​က “ကျွန်ုပ်​တို့၏​အဖွဲ့အစည်း​တွင် ဘုရားသခင်​အကြောင်း ဆွေးနွေးခြင်း​မရှိတော့​ပါ” ဟု​မကြာသေးမီ​က ကြေညာ​ခဲ့​သည်။

သင်သည် သင့်​ခွန်အား​ရှိသမျှ​နီးပါး​ကို အသက်မွေး​မှု​၌ မြှုပ်နှံထား​ခဲ့ပြီ​ဖြစ်​မည်။ အခြား​အဘယ်အရာ​တစ်ခု​ကို​မျှ ပြုလုပ်​ဖို့ အချိန်​မရှိ​ဟု သင်​ခံစားရ​ကောင်း ခံစားရ​ပေမည်။ သို့သော် ဘဝ​ဟူသည် ကျန်းမာ​ရေး သို့​မဟုတ် အသက်အရွယ်​ကြောင့် ငြီးငွေ့စရာ​အလုပ်​တစ်ခု​ကို ဆက်​မ​လုပ်ကိုင်​နိုင်​တော့​သည်​အထိ လုပ်ကိုင်​နေရ​ခြင်း​ကို​မဆိုလို​ကြောင်း တစ်ခါတစ်ရံ သင်​ခံစားရ​ပေမည်။

ဝိညာဉ်​ရေးရာ​ကို ပို​၍​အာရုံစိုက်​ခြင်း​က ကျေနပ်မှု​တိုးများ​လာ​စေနိုင်​သလော။ အဘယ်အရာက သင့်​ဘဝကို ပို​၍​အဓိပ္ပာယ်​ရှိစေ​မည်​နည်း။