မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဘဝ အဓိပ္ပာယ်ပို၍ ရှိနိုင်ပုံ

သင့်ဘဝ အဓိပ္ပာယ်ပို၍ ရှိနိုင်ပုံ

သင့်​ဘဝ အဓိပ္ပာယ်​ပို​၍ ရှိ​နိုင်​ပုံ

ရှေးခေတ်​ဆိုရိုး​စကား​တစ်ခု​က ဤသို့​ဆို​သည်– “ငွေ​ရ​တတ်​ခြင်း​ငှာ မကြိုးစား​နှင့်၊ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ ပျောက်​တတ်သော​အရာ​ကို စေ့စေ့​မျက်မှောက်ပြု​သင့်​သလော။ အကယ်စင်စစ် ရွှေ​လင်း​တ​သည် မိုးကောင်းကင်​သို့​ပျံ​တတ်​သကဲ့သို့၊ ထို​အရာ​သည် အတောင်​တို့ကို​လုပ်​၍ ပျံ​သွား​တတ်၏။” (သု. ၂၃:၄၊ ၅) တစ်နည်း​အားဖြင့်​ဆိုလျှင် ကြွယ်ဝ​ချမ်းသာ​လာဖို့ မ​နား​မနေ​ကြိုးစား​ခြင်း​သည် ပညာ​မရှိပါ၊ အကြောင်း​မှာ စည်းစိမ်ဥစ္စာ​သည် လင်းယုန်​ငှက်​၏​အတောင်များ​အပေါ်​တွင် ရှိနေ​သည့်​အလား ပျံ​သွား​နိုင်သော​ကြောင့်​ဖြစ်၏။

ကျမ်းစာ​ဖော်ပြ​သကဲ့သို့ ရုပ်ပစ္စည်း​သည် အလျင်အမြန်​ကွယ်ပျောက်​သွား​နိုင်​သည်။ သဘာဝဘေးဒဏ်၊ စီးပွားရေး​ကျဆင်း​မှု သို့​မဟုတ် ကြိုတင်​မမြင်နိုင်​သော အခြား​အဖြစ်အပျက်​များ​ကြောင့် ည​တွင်း​ချင်း ပျောက်လွင့်​သွား​နိုင်​ပေ​သည်။ ထို့​အပြင် စည်းစိမ်​ချမ်းသာ​စုဆောင်း​မိ​သူများ​ပင် မကြာခဏ​စိတ်ပျက်​အားလျော့​ခဲ့​ကြ​ရသည်။ နိုင်ငံရေးသမား​များ၊ အားကစားသမား​များနှင့် မင်းမျိုး​မင်း​နွယ်​များ​ကို ဖျော်ဖြေ​ရသည့်​အလုပ်လုပ်သူ ဂျွန်​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။

ဂျွန်​က​ဆို​သည်– “ကျွန်တော့်​ကိုယ်ကို အလုပ်​ထဲမှာ​ပဲ​နစ်​မြုပ်​ထားခဲ့​တယ်။ ငွေကြေး​အရ ကျွန်တော်​အဆင်ပြေ​ခဲ့တယ်၊ ဇိမ်​ခံ​ဟိုတယ်​တွေ​မှာ​နေခဲ့ရ​ပြီး တစ်ခါ​တ​လေ သီးသန့်​ဂျက်​လေယာဉ်​နဲ့​တောင် အလုပ်သွား​ခဲ့​ရတယ်။ အစကတော့ ဒါတွေကို​ကျွန်တော်​အရသာ​တွေ့ခဲ့​တယ်၊ ဒါပေမဲ့ တဖြည်းဖြည်း​နဲ့ ငြီးငွေ့​လာ​မိတယ်။ ကျွန်တော်​ဖျော်ဖြေ​ရတဲ့​လူတွေဟာ အပေါ်ယံ​သ​မား​တွေ​ဖြစ်ပုံရ​တယ်။ ကျွန်တော့်​ဘဝမှာ အဓိပ္ပာယ်​မရှိခဲ့ဘူး။”

ဂျွန်​တွေ့ရှိ​ခဲ့​သကဲ့သို့ ဝိညာဉ်​ရေးရာ​အရည်အသွေးများ ကင်းမဲ့​သော​ဘဝ​သည် ရောင့်ရဲ​တင်းတိမ်​မှုမရှိ​ပါ။ ယေရှု​ခရစ်​၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​တွင် တည်မြဲသော​ပျော်ရွှင်မှု ခံစား​နိုင်​ပုံ​ကို ကိုယ်တော်​တင်ပြ​ခဲ့​သည်။ ကိုယ်တော်​က​ဤသို့​ဆို​ခဲ့​သည်– “စိတ်နှလုံး​နှိမ့်ချသော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့၏​နိုင်ငံ​ဖြစ်၏။” (မဿဲ ၅:၃) သို့​ဖြစ်၍ ဝိညာဉ်​ရေးရာ​ကို ရှေးဦး​ထားခြင်း​သည် ပညာရှိ​၏။ သို့သော် အခြား​အကြောင်း​များ​က​လည်း ဘဝကို​ပို​၍​အဓိပ္ပာယ်​ရှိစေ​နိုင်​သည်။

သင့်​မိသားစု​နှင့် မိတ်ဆွေများ အမှန်​အရေးပါ

သင့်​မိသားစု​နှင့် အဆက်အသွယ်​မရှိ၊ ရင်းနှီးသော​မိတ်ဆွေများ​မ​ရှိလျှင် ဘဝကို​မွေ့လျော်​ပါ​မည်​လော။ လုံးဝ​မွေ့လျော်​မည်​မဟုတ်​ချေ။ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ချစ်တတ်​ဖို့​နှင့် အချစ်ခံ​ရဖို့ အလိုဆန္ဒ​ဖြင့် ကျွန်ုပ်​တို့ကို​ဖန်ဆင်း​ခဲ့​၏။ ယင်းကြောင့် “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်” ခြင်း​၏​အရေးပါမှု​ကို ယေရှု​ပေါ်လွင်​စေ​ခဲ့​ခြင်း​ဖြစ်သည်။ (မဿဲ ၂၂:၃၉) မိသားစု​ဟူသည် ဘုရားသခင်​၏​ဆုကျေးဇူး​တစ်ခု​ဖြစ်​ပြီး တစ်ကိုယ်​ကောင်း​မ​ဆန်​သော​မေတ္တာကို​တင်ပြ​ရန် အကောင်းဆုံး​နေရာ​ဖြစ်သည်။—ဧဖက် ၃:၁၄၊ ၁၅

ကျွန်ုပ်​တို့၏​မိသားစု​သည် ဘဝကို အဘယ်​နည်းဖြင့် အဓိပ္ပာယ်​ပို​၍​ရှိစေ​နိုင်​မည်​နည်း။ စည်းလုံး​သော​မိသားစု​တစ်ခု​ကို နေ့စဉ်​အသက်တာ​၏ ဖိစီးမှုများ​မှ လန်းဆန်းဖွယ်​ခိုလှုံရာ​ပေး​သည့် လှပသော​ဥယျာဉ်​တစ်ခု​နှင့် နှိုင်းယှဉ်​နိုင်​ပေ​သည်။ အလားတူ၊ အထီးကျန်​စိတ်​ကို ပပျောက်​စေနိုင်​သည့် လန်းဆန်း​စေသော​ပေါင်းသင်းမှု​နှင့် နွေးထွေးမှု​တို့ကို မိသားစု​အတွင်း​၌ ရှာတွေ့နိုင်​၏။ မှန်ပါသည်၊ မိသားစု​တစ်ခု​သည် ယင်း​သို့​သော​နားခိုရာ​နေရာတစ်ခု အလိုလို​ဖြစ်သည်​မဟုတ်ပါ။ သို့သော် ကျွန်ုပ်​တို့၏​မိသားစု​နှောင်ကြိုး​ကို ပိုမို​ခိုင်မြဲ​စေ​၍ တစ်ဦး​နှင့်​တစ်ဦး​ပိုမို​ရင်းနှီး​လာ​ကြ​စဉ် ဘဝ​သည် ပိုမို​စိုပြေ​လာ​လေ​သည်။ ဥပမာ၊ ကျွန်ုပ်​တို့၏​အိမ်ထောင်ဖက်​ကို မေတ္တာ​နှင့် လေးစားမှု​တင်ပြ​ဖို့​ပေး​သော အချိန်​နှင့် ဂရုစိုက်​မှု​တို့သည် အဆုံး​၌ တန်ဖိုး​ကြီးမားသော​အကျိုးကျေးဇူးများ​ကို ဖြစ်ထွန်း​စေနိုင်​သော နေ့စဉ် ရင်းနှီး​မြှုပ်နှံ​မှုများ​ဖြစ်သည်။—ဧဖက် ၅:၃၃

ကျွန်ုပ်​တို့​၌​သားသမီး​များ​ရှိ​မည်​ဆိုလျှင် သူတို့​ကြီးပြင်း​လာစေဖို့ ပတ်ဝန်းကျင်​အခြေအနေ​မှန်​ရှိစေရန် ကြိုးစား​သင့်​သည်။ သူတို့ကို​အချိန်ပေး​ခြင်း၊ ဆက်သွယ်ရေး​လမ်းကြောင်းကို ဖွင့်​ထားခြင်း​နှင့် ဝိညာဉ်​ရေး​ညွှန်ကြားချက်​များ​ပေးခြင်း​တို့သည် ခွန်​အားစိုက်ထုတ်စရာ​လို​ပေမည်။ သို့သော် ထိုသို့​သော​အချိန်​နှင့် ကြိုးစား​အားထုတ်မှု​က ကျွန်ုပ်​တို့ကို အကြီးအကျယ်​ကျေနပ်​ရောင့်ရဲ​စေနိုင်​သည်။ အောင်မြင်​သော​မိဘများသည် သားသမီး​များ​ကို ကောင်းစွာ​စောင့်ရှောက်​သင့်​သော ဘုရားသခင့်​ထံ​တော်​မှ ကောင်းချီး၊ အမွေဥစ္စာ​တစ်ခု​အဖြစ် ရှုမြင်​ကြသည်။—ဆာလံ ၁၂၇:၃

ကျေနပ်ဖွယ်​ကောင်း​၍ အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​ရှိစေရန် မိတ်ဆွေကောင်း​များ​က​လည်း အထောက်အကူ​ပြု​သည်။ (သု. ၂၇:၉) စာနာစိတ်​တင်ပြခြင်း​အားဖြင့် မိတ်ဆွေ​များစွာ​ရရှိနိုင်​သည်။ (၁ ပေတရု ၃:၈) မိတ်ဆွေစစ်​များသည် ကျွန်ုပ်​တို့​လဲ​သောအခါ ကူ​၍​ထူ​မပေး​ကြသည်။ (ဒေ. ၄:၉၊ ၁၀) ထို့​အပြင် “အဆွေ​ခင်ပွန်း​သည် . . . ဒုက္ခ​ကာလ​အဖို့ မွေးဖွား​လျက်​ရှိ၏။”—သု. ၁၇:၁၇

မိတ်ဆွေစစ်​ဖြစ်​ခြင်း​သည် တကယ်​ကျေနပ်ဖွယ်​ပင်! မိတ်ဆွေ​တစ်ဦး​နှင့်အတူ​ရှုစား​သော နေဝင်ချိန်​သည် ပို​၍​ရင်သပ်​ရှုမောဖွယ်​ဖြစ်၏၊ သူနှင့်​အတူ​စား​သော​အစာ​သည် ပို​၍​အရသာ​ရှိ​ကာ သူနှင့်​အတူ​နားဆင်​သော​တေးသံ​သည် ပို​၍​သာယာနာပျော်​ဖွယ်​ဖြစ်သည်။ မှန်ပါသည်၊ ရင်းနှီးသော​မိသားစု​နှင့် ယုံကြည်​စိတ်ချ​ရသော​မိတ်ဆွေများ​သည် အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ၏ အသွင်​နှစ်ခု​မျှ​သာ​ဖြစ်၏။ ကျွန်ုပ်​တို့၏​ဘဝ ပို​၍​အဓိပ္ပာယ်​ရှိစေ​နိုင်​မည့် အခြား​အဘယ်​ပြင်ဆင်​ပေး​ချက်​များ​ကို ဘုရားသခင်​ပြုလုပ်​ပေး​ထား​သေး​သနည်း။

ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေးခြင်း

အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သကဲ့သို့ ယေရှု​ခရစ်​သည် ပျော်ရွှင်မှု​နှင့် ဝိညာဉ်​ရေး​လိုအပ်​နေကြောင်း သိရှိခြင်း​ကို ဆက်စပ်​ခဲ့​သည်။ ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား​ဆိုင်ရာ ဂုဏ်​အရည်အချင်း နှစ်မျိုး​စ​လုံး​ဖြင့် ကျွန်ုပ်​တို့​ဖန်ဆင်း​ခံ​ခဲ့​ရပြီ။ ထို့​ကြောင့် သမ္မာကျမ်းစာ​က “ဝိညာဉ်​လူ” သို့​မဟုတ် “စိတ်နှလုံး​၏​အတွင်းလူ” အကြောင်း​ဖော်ညွှန်း​ထား​သည်။—၁ ကောရိန္သု ၂:၁၅; ၁ ပေတရု ၃:၃၊ ၄

ဒဗလျူ.အီး.ဗိုင်း​၏ ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​အရ ပုံဆောင်​နှလုံး​သည် “ဆင်ခြင်တုံ​တရား​နှင့် စိတ်ပိုင်း​ဆိုင်ရာ​လက္ခဏာ နှစ်ခုစလုံး​ဖြစ်သော စိတ်ပိုင်း​နှင့် ကိုယ်ကျင့်တရား​ဆိုင်ရာ လုပ်ဆောင်မှု​တစ်ခုလုံး” ကို​ကိုယ်စား​ပြု​သည်။ ဗိုင်း​က ဤသို့​ထပ်ဆင့်​ရှင်းပြ​ခဲ့​သည်– “တစ်နည်း​အားဖြင့်၊ နှလုံးကို ကိုယ်ပိုင်​အသက်တာ​၏ ပုန်းကွယ်​နေသော အသက်​ရင်းမြစ်​များ​အတွက် ပုံဆောင်​အသုံးပြုလေ့​ရှိသည်။” ၎င်း​စာအုပ်​က “နှလုံး​သည် နက်ရှိုင်း​သော အတွင်းပိုင်း​၌​ရှိနေ​ရာ ‘ပုန်းကွယ်​သူ’ . . . တကယ့်​သူ” ဖြစ်​ကြောင်းကို​လည်း ဖော်ပြ​သည်။

“ဝိညာဉ်​လူ” နှင့် “စိတ်နှလုံး​၏​အတွင်းလူ” ဖြစ်သော ‘ပုန်းကွယ်​သူ’ ၏​လိုအပ်ချက်​များ​ကို မည်သို့​ဖြည့်ဆည်း​ပေး​နိုင်​သနည်း။ “ထာဝရ​ဘုရား​သည် ဘုရားသခင်​ဖြစ်​တော်​မူ​သည်​ဟု သိမှတ်​ကြလော့။ ထာဝရ​ဘုရား​သည် ငါ​တို့ကို​ဖန်ဆင်း​တော်​မူ​၍၊ ငါ​တို့၏​အရှင်ဖြစ်​တော်​မူ​၏။ ငါ​တို့သည်​လည်း ထာဝရ​ဘုရား​၏​လူ​ဖြစ်​ကြ​၏။ အထံတော်​၌​ကျက်စား​သော သိုးစု​လည်း​ဖြစ်​ကြ​၏” ဟု​သီဆို​ခဲ့​သူ မှုတ်သွင်းခံ​ဆာလံဆရာ​၏ လိုရင်းချက်​ကို ကျွန်ုပ်​တို့​သဘောပေါက်​လက်ခံ​ကြသောအခါ အရေးပါသော​ခြေလှမ်းလှမ်း​ပြီး ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​ကြသည်။ (ဆာလံ ၁၀၀:၃) ယင်းကို အကျိုးသင့်အကြောင်းသင့် အသိအမှတ်​ပြုခြင်း​က ဘုရားသခင်​ထံ​စာရင်း​ရှင်း​ဖို့ ကျွန်ုပ်​တို့​၌​တာဝန်​ရှိကြောင်း ကောက်ချက်​ချ​စေ​သည်။ ကျွန်ုပ်​တို့သည် ‘ကိုယ်တော်​၏​လူ၊ အထံတော်​၌​ကျက်စား​သော​သိုးစု’ တွင်​ပါဝင်​လိုလျှင် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​နှင့်​အညီ လုပ်ဆောင်ကြ​ရမည်။

ယင်းက အကျိုးယုတ်​စေ​သလော။ မဟုတ်ပါ၊ အကြောင်း​မှာ ကျွန်ုပ်​တို့၏​အကျင့်အကြံ​သည် ဘုရားသခင်​အတွက် အရေးပါ​ကြောင်း​သတိပြုမိ​ခြင်း​က ကျွန်ုပ်​တို့၏​ဘဝကို အဓိပ္ပာယ်​ပို​ရှိစေသည်။ ယင်းက ပို​၍​ကောင်းသော​သူများ​ဖြစ်လာ​ရန် ကျွန်ုပ်​တို့အား အားပေး​လှုံ့ဆော်​သည်—အမှန်ပင်​ထား​သင့်​သော​ပန်းတိုင်​တစ်ခု​ပင်။ ဆာလံ ၁၁၂:၁ က “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​၍၊ ပညတ်တော်​တို့​၌ မွေ့လျော်​သော​သူသည် မင်္ဂလာ​ရှိ၏” ဟု​ဆို​သည်။ ဘုရားသခင်​ကို ရိုသေ​ခန့်ညား​၍ ကြောက်ရွံ့​ခြင်း​နှင့် ကိုယ်တော်​၏​မိန့်မှာချက်​များ​ကို နှလုံး​ပါ​စွာ​နာခံခြင်း​တို့​က ကျွန်ုပ်​တို့၏​ဘဝကို ပို​၍​အဓိပ္ပာယ်​ရှိစေ​နိုင်​သည်။

ဘုရားသခင်​အား​နာခံခြင်း​က ကျွန်ုပ်​တို့ကို အဘယ်ကြောင့်​ကျေနပ်မှု​ရှိစေ​သနည်း။ အကြောင်း​မှာ လူသား​အားလုံး​ကို ဘုရားသခင်​ပေးအပ်​ထားသော ဆုကျေးဇူး​တစ်ခု​ဖြစ်သည့် ကိုယ်ကို​ကိုယ်​သိသောစိတ် ကျွန်ုပ်​တို့​၌​ရှိသောကြောင့်​ဖြစ်သည်။ ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ကျွန်ုပ်​တို့​ပြုလုပ်​ခဲ့​ရာ သို့​မဟုတ် ပြုလုပ်​ဖို့​စဉ်းစား​နေသည့်​အရာမှာ သင့်​မသင့်​ဖော်ပြ​သော ကိုယ်ကျင့်တရား​ကို​စစ်ဆေး​သော​စိတ်​ဖြစ်သည်။ ပူပန်​နေသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​၏​ဝေဒနာ​ကို ကျွန်ုပ်​တို့အားလုံး​ကြုံဖူး​ခဲ့​ကြသည်။ (ရောမ ၂:၁၅) သို့သော် ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် ကျွန်ုပ်​တို့ကို​ဆုချ​နိုင်၏။ ဘုရားသခင်​နှင့် လူသားချင်း​တို့​အပေါ် ကိုယ်ကျိုး​မငဲ့ဘဲ​လုပ်ဆောင်​သောအခါ ကျွန်ုပ်​တို့​ရောင့်ရဲ​ကျေနပ်စိတ်​ရှိကြသည်။ “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိ” ကြောင်း​တွေ့ရှိ​ကြသည်။ (တမန်​တော် ၂၀:၃၅) ယင်း​သို့​ဖြစ်​ရသည့် အရေးပါသော​အကြောင်းရင်း​တစ်ခု​ရှိသည်။

လူသားချင်း​တို့၏​လိုအင်ဆန္ဒ​နှင့် လိုအပ်ရာ​များသည် ကျွန်ုပ်​တို့ကို​အကျိုး​သက်ရောက်​စေရန် ဖန်ဆင်း​ရှင်​ပြုလုပ်​ထား​သည်။ အခြားသူ​ကို​ကူညီ​ပေးခြင်း​က ကျွန်ုပ်​တို့​ကိုယ်နှိုက်​၏​နှလုံး​တွင် ပျော်ရွှင်မှု​ရှိစေသည်။ ထို့​အပြင် လိုအပ်​နေ​သူ​တစ်ဦး​ကို ကျွန်ုပ်​တို့​ပေးကမ်း​သောအခါ ကိုယ်တော်​အား​ကျေးဇူးပြု​သည်​ဟု ဘုရားသခင်​ယူမှတ်​ကြောင်း သမ္မာကျမ်းစာ​က​စိတ်ချ​စေ​သည်။—သု. ၁၉:၁၇

အတွင်းစိတ်​ကျေနပ်မှု​ပေး​သည့်​အပြင် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို အာရုံစိုက်​ခြင်း​သည် လက်တွေ့ကျ​သည့်​နည်းဖြင့် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​နိုင်​သလော။ ထောက်ကူ​ပေး​နိုင်​သည်​ဟု ရေ​မွန်​အမည်​ရှိသော အရှေ့အလယ်ပိုင်း​မှ လုပ်ငန်းရှင်​တစ်ဦး​ယုံကြည်​သည်။ “ငွေရှာ​ဖို့​က ကျွန်တော့်​ရဲ့​တစ်ပင်တိုင် ပန်းတိုင်​ဖြစ်​ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်​တစ်ဆူ​ရှိပြီး ကျမ်းစာ​က ကိုယ်တော်​ရဲ့​အလိုတော်​များ​ဖော်ပြ​တာ​ကို ကျွန်တော်​လက်ခံ​လိုက်​ချိန်​ကစပြီး ကျွန်တော်​ဟာ အရင်​နဲ့​မတူ​တော့​ဘူး။ အခု​ဆိုရင် ဝမ်းစာရှာ​တာ​က ကျွန်တော့်​ဘဝမှာ ဒုတိယ​နေရာယူ​တယ်။ ဘုရားသခင်​နှစ်သက်တာကို ကြိုးစား​ပြုလုပ်​လို့ ဖျက်ဆီး​တတ်​တဲ့​မုန်းတီးစိတ်​ကို ကျွန်တော်​ဖျောက်ဖျက်​နိုင်​ခဲ့ပြီ။ ပဋိပက္ခ​တစ်ခု​ဖြစ်​ခဲ့​ချိန်​အတွင်း ကျွန်တော့်​အဖေ သေဆုံး​သွားခဲ့​ရပေမဲ့ တရားခံ​တွေ​ကို ပြန်​လက်စားချေ​ချင်စိတ်​မရှိပါဘူး။”

ရေ​မွန်​တွေ့ရှိ​ခဲ့​သကဲ့သို့ “ဝိညာဉ်​လူ” ၏​လိုအပ်ရာ​များ​ကို ကောင်းစွာ​ဂရုစိုက်​ခြင်း​က နက်ရှိုင်း​သော​စိတ်ဒဏ်ရာ​များ​ကို ကုစား​ပေး​နိုင်​သည်။ သို့သော် နေ့စဉ်​တွေ့ကြုံ​ရသော​ပြဿနာ​များ​ကို မဖြေရှင်း​လျှင် ဘဝ​သည် လုံးလုံးလျားလျား​ကျေနပ်ဖွယ်​ကောင်း​မည်​မဟုတ်ပါ။

“ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ရရှိနိုင်

မနားတမ်း​လှုပ်ရှား​နေသော ဤ​လောကကြီး​တွင် အခက်အခဲ​မရှိသည့်​နေ့ မရှိသလောက်​ဖြစ်သည်။ မတော်တဆမှုများ​ဖြစ်၏၊ အစီအစဉ်များ​ပျက်​ပြီး လူ​တို့​ကြောင့် ကျွန်ုပ်​တို့​စိတ်ပျက်​ကြ​ရသည်။ ဤ​ဟန့်တား​မှုများ​က ကျွန်ုပ်​တို့ကို ပျော်ရွှင်မှု​ကင်းမဲ့​စေ​ပေမည်။ သို့သော် ယေဟောဝါ​ဘုရားသခင့်​အမှုတော်ထမ်း​သူတို့သည် အတွင်း​ကျေနပ်​ရောင့်ရဲမှု​ဖြစ်သော “ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ရှိ​မည်​ဟု ကျမ်းစာ​က​ကတိပြု​ထား​သည်။ ဤ​ငြိမ်သက်ခြင်း​ကို မည်သို့​ရယူ​ကြ​သနည်း။

တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင်မ​လိမ့်​မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ့်​ပြဿနာ​ကိုယ် ထမ်း​ဖို့​ကြိုးစား​နေ​မည့်​အစား ကျွန်ုပ်​တို့၏​နေ့စဉ်​ဝန်ထုပ်ဝန်ပိုး​များ​ကို ဘုရားသခင်​၌​ချထား​လျက် စွဲစွဲမြဲမြဲ​ဆုတောင်း​ဖို့​လို​သည်။ (ဆာလံ ၅၅:၂၂) ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့​တိုးတက်​ကာ ကျွန်ုပ်​တို့ကို​ဘုရားသခင် ထောက်မ​ကူညီပေး​နေ​ပုံ​ကို ပိုင်းခြား​သိမြင်​လာ​သည်​နှင့်​အမျှ သားတော် ယေရှု​ခရစ်​မှ​တစ်ဆင့် အသနားခံခြင်း​ကို ကိုယ်တော်​ဖြေကြား​ကြောင်း ယုံကြည်ခြင်း​သည် တိုးပွား​လာ​ပါ​လိမ့်​မည်။—ယောဟန် ၁၄:၆၊ ၁၄; ၂ သက်သာလောနိတ် ၁:၃

“[ဆုတောင်းချက်] ကို​နားထောင်​တော်​မူ​သော​ဘုရား[သခင်]” ဖြစ်သော ယေဟောဝါ​ဘုရားသခင်​၌ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို ဆောက်​တည်​ပြီး​နောက် တာ​ရှည်​ဖျားနာ​မှု၊ အသက်အရွယ်​ကြီးရင့်​ခြင်း သို့​မဟုတ် ပူဆွေး​ဝမ်းနည်းမှု​စ​သည့် စမ်းသပ်မှု​များ​ကို ပို​၍​ဖြေရှင်း​နိုင်​ကြသည်။ (ဆာလံ ၆၅:၂) သို့ရာတွင် အမှန်တကယ်​ပင်​အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​ရှိဖို့​အတွက် အနာဂတ်​ကိုလည်း ထည့်တွက်​ရ​ပေမည်။

ရှေ့တွင်​ရှိ​မျှော်လင့်ချက်၌ ဝမ်းမြောက်ခြင်း

သမ္မာကျမ်းစာ​က နာခံမှု​ရှိသော​လူ့​မိသားစု​အပေါ် ဂရုတစိုက်​အုပ်ချုပ်​မည့် ဖြောင့်မတ်​သော​ကောင်းကင်​အစိုးရ၊ “မိုးကောင်းကင်သစ်​နှင့် မြေကြီး​သစ်” ကို​ကတိပြု​ထား​သည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင်​ကတိပြု​သော ထို​ကမ္ဘာသစ်​တွင် စစ်​နှင့်​မတရားမှု​အစား ငြိမ်သက်ခြင်း​နှင့်​တရား​မျှတမှု​တို့ နေရာယူ​ပါ​လိမ့်​မည်။ ယင်းသည် တဒင်္ဂ​လိုအင်​မျှ​သာ​မဟုတ်ဘဲ နေ့စဉ်​ကြီးထွား​လာနိုင်​သော ခံယူ​ချက်​တစ်ခု​ဖြစ်သည်။ အမှန်ပင်​ကောင်းသော​သတင်း​ဖြစ်​ပြီး ရွှင်လန်းစရာ​အကြောင်းရင်း​တစ်ခု​ဖြစ်သည်။—ရောမ ၁၂:၁၂; တိတု ၁:၂

အစ​တွင်​ဖော်ပြ​ထားသော ဂျွန်​သည် ယခု သူ၏​ဘဝမှာ အဓိပ္ပာယ်​ပို​ရှိသည်​ဟု​ခံစားရ​သည်။ သူ​ဤသို့​ပြောပြ​သည်– “ကျွန်တော်​တစ်ခါ​မှ ဘာသာ​တရား​သိပ်​မ​ကိုင်းရှိုင်း​ခဲ့​ပေမဲ့ ဘုရားသခင်​ကို အမြဲ​ယုံကြည်​ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေ​နှစ်ယောက် ကျွန်တော့်​အိမ်​ရောက်လာ​တဲ့​အထိ အဲဒီ​ယုံကြည်ချက်​နဲ့​ပတ်သက်ပြီး ဘာမှ​မ​လုပ်ခဲ့ဘူး။ ‘ကျွန်တော်​တို့ ဒီမှာ​ဘာလုပ်​နေကြ​တာလဲ။ ကျွန်တော်​တို့​ဘယ်​ကို​သွား​ကြ​မှာ​လဲ’ ဆို​တဲ့​မေးခွန်းတွေနဲ့ သူတို့ကို​တရ​စပ်​မေးခဲ့တယ်။ ကျေနပ်စရာ​ကောင်း​တဲ့ ကျမ်းစာ​အဖြေ​တွေ​က ကျွန်တော့်​ဘဝမှာ ဦးဆုံး​အကြိမ် ရည်ရွယ်ချက်​ရှိလာ​စေတယ်။ အဲဒါ​က အစ​ပဲ။ အမှန်တရားကို​ငတ်မွတ်​လာပြီး ကျွန်တော့်​ရဲ့​ဘဝ​စံနှုန်း​တစ်ခုလုံး​ကို ပြောင်းလဲ​စေ​ခဲ့တယ်။ စည်းစိမ်ဥစ္စာ​မရှိတော့​ပေမဲ့ ဝိညာဉ်​ရေး​သန်း​ကြွယ်​သူဌေး​လို့ ကိုယ့်​ကိုယ်ကို​ထင်​နေတယ်။”

အသင်​သည် ဂျွန်​ကဲ့သို့ ဝိညာဉ်​ရေး​အစွမ်းအစ​ကို နှစ်ပေါင်း​များစွာ တိမ်​မြုပ်​နေ​စေ​ခဲ့​ပေမည်။ သို့သော် “ဉာဏ်​နှင့်ယှဉ်သော​စိတ်နှလုံး” ကို​ဖြစ်ထွန်း​စေခြင်း​အားဖြင့် ယင်းကို ပြန်လည်​ဖော်ထုတ်​နိုင်​သည်။ (ဆာလံ ၉၀:၁၂သ​မ) စိတ်ပိုင်း​ဖြတ်၍ ကြိုးစား​ခြင်း​ဖြင့် စစ်မှန်သော​ပျော်ရွှင်မှု၊ ငြိမ်သက်မှု​နှင့် မျှော်လင့်ချက်​ရှိ​နိုင်​ပေ​သည်။ (ရောမ ၁၅:၁၃) မှန်ပါသည်၊ သင့်​ဘဝ​သည်လည်း အဓိပ္ပာယ်​ပို​၍​ရှိ​ပေ​လိမ့်​မည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဆုတောင်းခြင်း​က “ဘုရားသခင်​၏ ငြိမ်သက်ခြင်း” ရရှိ​စေနိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အဘယ်အရာက မိသားစု​ဘဝကို ပို​၍​ကျေနပ်​နှစ်သိမ့်​စေနိုင်​ကြောင်း သင်​သိပါသလော