မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျင့်ယိုယွင်းသောလောကတွင် သင်စင်ကြယ်စွာနေနိုင်

အကျင့်ယိုယွင်းသောလောကတွင် သင်စင်ကြယ်စွာနေနိုင်

အကျင့်​ယိုယွင်းသော​လောကတွင် သင်​စင်ကြယ်​စွာ​နေနိုင်

သူသည် အသားညို​၍ ရုပ်​ဖြောင့်​သည်။ အခြားသူ​တစ်ဦး​မူ ပင်ကိုစွမ်းရည်​ရှိပြီး လှပသော​အမျိုးသမီး​ဖြစ်သည်။ သူတို့​နှစ်ဦးစလုံး​သည် ကုမ္ပဏီ​တစ်ခု​တည်း​တွင် အလုပ်လုပ်​ကြသည်။ အမျိုးသမီး​သည် ထို​အမျိုးသားကို အရေးပေး​လွန်း​၏။ အမျိုးသား​က​လည်း ထို​အမျိုးသမီးကို ချီးမွမ်း​မြှောက်ပင့်​နေသည်။ တစ်ဦး​ကိုတစ်​ဦး လက်ဆောင်​များ​ဝယ်​ပေး​ကြသည်။ မကြာမီ သူတို့​ချစ်​ကြိုက်​ခဲ့​သည်။ ၎င်းနောက် ထို​အမျိုးသမီးကို​ရ​ရန် သူ့​ဇနီး​ကို​စွန့်ခဲ့​သည်။ နောက်ဆုံး​၌ ၎င်း​အမျိုးသမီး​သည် မိမိ​ခင်ပွန်း​နှင့်​ဆက်​ပေါင်း​ပြီး ထို​ချစ်​ကြိုက်​ရေး​ကို​ရပ်တန့်​ပစ်​ရန် ဆုံးဖြတ်​ခဲ့​သည်။ အမျိုးသား​မှာ​မူ သူ့​ဇနီး​နှင့် စိတ်မပါ​တ​ပါ ကြိုး​စား၍​ပြန်ပေါင်း​၏။ သို့သော် နောင်တ​စစ်​မဟုတ်သည့်​အတွက် သူ၏​အိမ်ထောင်ရေး မအောင်မြင်​ခဲ့​ချေ။ ထို​အချစ်​ရေး​တွင်​ပါဝင်​ပတ်သက်​သူအား​လုံး ဘဝ​ဆက်​ခဲ့​ကြသော်လည်း ဒဏ်ရာ​ဒဏ်ချက်​များ​ရခဲ့​ကြ​၏။

လိင်ဆိုင်ရာ​အကျင့်ကောင်း​မှု​ကို အကျင့်​သီလ​ကောင်း​တစ်ခု​အဖြစ် ဤ​လောကက မယူမှတ်​တော့​ချေ။ မချုပ်တည်း​ဘဲ အပျော်အပါး​နှင့် စိတ်​ကျေနပ်မှု​တို့ကို လိုက်စားခြင်း​သည် အစဉ်အလာ​ဖြစ်နေ​သည်။ “သူ့​မယား​ကို​ပြစ်မှားခြင်း​သည် နေရာတကာ​၌ ဖြစ်ပျက်​နေ​ပုံ​ရှိပြီး အချို့​ဖြစ်ရပ်​များ​တွင် အိမ်ထောင်ပြု​သကဲ့သို့ပင် သာမန်​ကိစ္စ​ဖြစ်နေ​သည်” ဟု​ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​က ဖော်ပြ​သည်။

သို့ရာတွင် ယေဟောဝါ​ဘုရားသခင်​သည် အိမ်ထောင်ပြုခြင်း​အမှုကို “ခပ်သိမ်း​သော​သူတို့၌ . . . အသရေ​ရှိစေ” လို​သည့်​အပြင် သစ္စာ​သံဝါသပြု​ခြင်း​အမှုကို “မ​ညစ်ညူး​စေ” လို​ပါ။ (ဟေဗြဲ ၁၃:၄) သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “အ​လွဲ​မယူ​ကြ​နှင့်။ မတရားသော​မေထုန်​၌​မှီဝဲ​သော​သူ၊ . . . ကိုးကွယ်​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်​ကို​ပြုသောသူ၊ ထို​အမှုကို​ခံ​သော​သူ . . . တို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) ထို့​ကြောင့် ဘုရားသခင်​၏​မျက်နှာသာတော်​ရရှိရန် ဤ​အကျင့်​ယိုယွင်းသော​လောကတွင် ကျင့်ဝတ်​ဆိုင်ရာ​သန့်ရှင်းမှုကို ထိန်းသိမ်း​ထား​ဖို့​လို​သည်။

ကျွန်ုပ်​တို့ကို ဝိုင်းရံ​နေသော ဖောက်ပြန်​ယိုယွင်း​သည့်​သြဇာ​မှ ကိုယ့်​ကိုယ်ကို မည်သို့​ကာကွယ်​နိုင်​မည်​နည်း။ ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​သည် နယပုံပြင်​ကျမ်း​၏ အခန်းကြီး ၅ တွင် အဖြေ​များ​ပေး​ထား​ပါ​သည်။ အဘယ်​သို့​ပြောဆို​ထား​သည်ကို ဆန်းစစ်​ကြည့်​ကြ​စို့​လေ။

သင့်ကို​ကာကွယ်​ရန် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း

“ငါ့​သား၊ သင်သည် စဉ်းစား​ဆင်ခြင်​နိုင်သော စွမ်းရည်​ရှိ၍၊ သင်၏​နှုတ်ခမ်းသည် သိပ္ပံ​အတတ်ကို စောင့်​မည်​အကြောင်း၊ ငါ့​ဉာဏ်ပညာ​ကို​မှတ်ကျုံး​၍ ငါ​ပေး​သော​ပိုင်းခြား​သိမြင်မှု​သို့ သင့်​နား​ကို​လှည့်​လော့” ဟု​ဣသရေလ​ရှင်ဘုရင်​က စတင်​ပြောဆို​သွား​သည်။သု. ၅:၁၊ ၂က​ဘ။

အကျင့်​ယိုယွင်း​ရန် သွေးဆောင်​ခံရ​ခြင်း​ကို ငြင်းပယ်​ဖို့ ဉာဏ်ပညာ—ကျမ်းစာ​အသိပညာကို အသုံးချ​နိုင်စွမ်း—နှင့် ပိုင်းခြား​သိမြင်မှု သို့​မဟုတ် ကောင်း​မကောင်း​ကို ခွဲခြား​သိမြင်ပြီး လမ်းမှန်​ကို​ရွေးချယ်​နိုင်စွမ်း ရှိဖို့လို​သည်။ ကျွန်ုပ်​တို့၏​စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို စောင့်ထိန်း​ရန် ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​ကို ဂရုစိုက်​ဖို့ တိုက်တွန်း​ထား​ပါ​သည်။ မည်သို့​ဂရုစိုက်​နိုင်​မည်​နည်း။ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို လေ့လာ​သည့်​အခါ ကိစ္စရပ်​များ​ကို ယေဟောဝါ​မည်သို့​ဆောင်ရွက်​သည်ကို မှတ်သား​ထားပြီး ကိုယ်တော်​၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​များ​ကို နား​စိုက်​ရန်လို​သည်။ ဤသို့​ပြုလုပ်ခြင်း​ဖြင့် နည်းလမ်း​မှန်​အတိုင်း ကျွန်ုပ်​တို့​စဉ်းစားတတ်​လာပေမည်။ ဤသို့​ပြု​၍​ရသော စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​သည် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ၊ အသိပညာ​တို့​နှင့် ကိုက်ညီ​ပေမည်။ ၎င်းကို​သင့်လျော်​စွာ​လက်တွေ့​ကျင့်သုံး​ပါ​က အဆိုပါ​စွမ်းရည်​သည် ကိုယ်ကျင့်တရား​ပျက်ပြား​ရန် သွေးဆောင်မှု​ထောင်ချောက်များ​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​ပါ​သည်။

ချောမွတ်​သော​စကား​ကို​သတိပြု

မသန့်ရှင်း​သော​လောကတွင် စင်ကြယ်သော​ကိုယ်ကျင့်တရား​ကို ထိန်းထား​ရန် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း မရှိမဖြစ်​လိုအပ်​ရသည့် အကြောင်း​ရင်း​မှာ အကျင့်​ယိုယွင်း​သူတို့၏​နည်းလမ်းများ​သည် သွေးဆောင်​တတ်သော​ကြောင့်​ဖြစ်သည်။ “အမျိုး​ပျက်​သော​မိန်းမ​၏​နှုတ်ခမ်းသည် ပျား​လ​ပို့​ကဲ့သို့​ယို​တတ်​၍ သူ​ပြော​သော​စကား​သည် ဆီ​ထက်​ချော​သော်လည်း၊ အဆုံး​၌​ကား သူသည် ဘင်းခါးရွက်​ကဲ့သို့​ခါး​၍ သန်လျက်နှင့်​အမျှ​ထက်​၏” ဟူ၍ ရှောလမုန်​သတိပေး​သည်။သု. ၅:၃၊ ၄

ဤ​နယပုံပြင်​တွင် ထင်ရာစိုင်း​လုပ်တတ်​သူကို “အမျိုး​ပျက်​သော​မိန်းမ”—ပြည့်တန်ဆာ—အဖြစ်​သရုပ်ဖော်​ထား​သည်။ * သူ၏​သားကောင်​ကို​သွေးဆောင်​ရန် သူ​အသုံးပြုသည့်​စကား​များသည် ပျား​လ​ပို့​ထက်မက​ချို​ပြီး သံလွင်ဆီ​ထက် ချောမွတ်​သည်။ အကျင့်​ယိုယွင်းသော​လိင်​ဆွဲဆောင်မှု​အများ​သည် ဤနည်းဖြင့် စတင်​တတ်​သည်မဟုတ်​ပေ​လော။ ဥပမာ၊ ချစ်စရာ​ကောင်းသော ၂၇ နှစ်အရွယ်​ရှိ အတွင်းရေးမှူး​အေမီ​၏ အတွေ့အကြုံကို သုံးသပ်ကြည့်​ပါ။ သူက ဤသို့​ပြောပြ​သည်– “အလုပ်​က ဒီ​အမျိုးသား​တစ်ယောက်​ဟာ ကျွန်မ​ကို အတော်လေး​ဂရုစိုက်​ပြီး အခွင့်အရေး​ရ​တိုင်း ချီးမွမ်း​တယ်။ ကိုယ့်ကို​ဂရုစိုက်​တာ​ကို​တော့ ကြိုက်​တာပေါ့။ ဒါပေမဲ့ သူ့ရဲ့​စိတ်ဝင်စားမှု​က လိင်​အတွက်​သက်​သက်​ပဲ​ဆိုတာ​ကို ကျွန်မ​ကောင်းကောင်း​သိတယ်။ သူ့ရဲ့​သွေးဆောင်မှုတွေကို ကျွန်မ​သတိထား​နေမှာ​ပါ။” သွေးဆောင်​သူတို့၏ သဘော​သကာ​ယ​မှန်​ကို မသိ​ရှိ​မီ သူတို့၏ မြှောက်ပင့်​စကား​များသည် တကယ်​ဆွဲဆောင်မှု​ဖြစ်သည်။ ယင်းကြောင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ကျင့်သုံး​ရန်လို​၏။

အကျင့်​ယိုယွင်းမှု​၏ အကျိုးဆက်များ​မှာ ဘင်းခါးရွက်​ကဲ့သို့​ခါး​၍ သန်လျက်နှင့်​အမျှ​ထက်—နာကျင်​ထိခိုက်​နိုင်​ပြီး သေစေနိုင်—သည်။ ထိုသို့​အကျင့်ပျက်​ခြင်း​၏ ကြေကွဲဖွယ်​အကျိုးဆက်များ​မှာ ကိုယ်ကို​ကိုယ်​သိသောစိတ် နှောင့်ယှက်​ခံရ​ခြင်း၊ မလိုလား​ဖွယ်​ကိုယ်ဝန်​ရခြင်း၊ သို့​မဟုတ် လိင်ဆက်ဆံ​၍ ကူးစက်​ရောဂါ​ရခြင်း​တို့​ဖြစ်၏။ ဖောက်ပြန်သူ​၏​အိမ်ထောင်ဖက် ခံစားရ​မည့် အလွန်​စိတ်ထိခိုက်မှု​ကိုလည်း ထည့်​စဉ်းစား​ကြည့်​ပါ။ တစ်ကြိမ်​တည်း​သော သစ္စာဖောက်​မှု​က တစ်သက်တာလုံး စိတ်ထိခိုက်​စ​ရာ​ဖြစ်​နိုင်​သည်။ မှန်​၏၊ အကျင့်​ယိုယွင်းမှု​သည် နာကျင်စေ​သည်။

ထင်ရာစိုင်း​လုပ်တတ်​သော​မိန်းမ​၏ ဘဝ​ပုံစံ​နှင့်​ပတ်သက်​၍ ပညာရှိ​ရှင်ဘုရင်​က ဤသို့​ဆက်​ပြော​သည်– “သူ၏​ခြေ​တို့သည် သေခြင်း​သို့​ဆင်း​၍ သူ​သွားရာလမ်း​သည် မရ​ဏာ​နိုင်ငံ​သို့​ရောက်​တတ်၏။ သင်သည် အသက်​လမ်းကို မဆင်​ခြင်​ရအောင် သူ့​ထုံးစံ​ဓလေ့​တို့သည် တရွေ့ရွေ့​ပြောင်းလဲ​သဖြင့် သင်သည် နားမလည်​နိုင်​ရ။” (သု. ၅:၅၊ ၆) အကျင့်​ယိုယွင်းသော​မိန်းမ​၏​လမ်းစဉ်​များသည် သေခြင်း—သူ​သွားရာလမ်း​မှာ သင်္ချိုင်း​ဖြစ်သည့် ရှီး​အိုး​လ်—သို့​ပို့ဆောင်​သည်။ လိင်ဆက်ဆံ​၍​ရသော​ကူးစက်​ရောဂါ​များ​တွင် အထူးသဖြင့် အေအိုင်ဒီအက်စ်​သည် အလွန်​ပြန့်ပွား​နေသော​ကြောင့် အဆိုပါ​စကား​များသည် တကယ်​ကို​မှန်​လိုက်​လေ​ခြင်း! သူ၏​အကျိုး​ရလဒ်​မှာ သူ၏​မှားယွင်းသော​လမ်းစဉ်​များ​၌ လိုက်ပါ​သူများ​နှင့် အတူတူ​ပင်​ဖြစ်သည်။

စိုးရိမ်​ပူပန်​စိတ်ဖြင့် ရှင်ဘုရင်​သည် ဤသို့​တိုက်တွန်း​လေ​သည်– “သို့​ဖြစ်၍ ငါ့​သားတို့၊ ငါ့​စကား​ကို​နားထောင်​ကြလော့။ ငါ​ဟောပြောချက်​တို့ကို မ​ပယ်​ကြ​နှင့်။ ထိုသို့​သော​မိန်းမကို ဝေး​စွာ​ရှောင်​သွားလော့။ သူ့​နေရာ​တံခါးဝ​သို့ မ​ချဉ်း​နှင့်။”—သု. ၅:၇၊ ၈

အကျင့်​ယိုယွင်း​သူများ​၏​ဩဇာ​အောက်​မှ ဝေး​နိုင်​သမျှ ဝေးဝေး​နေဖို့လို​သည်။ ယုတ်ညံ့​သော​တေးဂီတ​ကို​နားထောင်ခြင်း၊ အကျင့်ပျက်​ပြား​သော ဖျော်ဖြေမှု​ကို​ရှုစားခြင်း၊ သို့​မဟုတ် ညစ်ညမ်း​သော​ရုပ်ပုံ၊ စာပေ​များ​ကို ကြည့်​ခြင်း​တို့​ဖြင့် သူတို့၏​လမ်းစဉ်​ကို​လိုက်​ဖို့ ကိုယ့်​ကိုယ်ကို အဘယ်ကြောင့်​ခွင့်ပြု​ရမှာ​နည်း။ (သု. ၆:၂၇; ၁ ကောရိန္သု ၁၅:၃၃; ဧဖက် ၅:၃-၅) ပရောပရည်​ပြုလုပ်ခြင်း၊ သို့​မဟုတ် ဣန္ဒြေ​ကင်းမဲ့​စွာ ဝတ်စား​ဖြီးလိမ်း​ခြင်း​ဖြင့် သူတို့၏​အာရုံစိုက်​စ​ရာ​ဖြစ်​လို​ခြင်း​သည် တကယ်​မိုက်မဲ​လိုက်​လေ​ခြင်း!—၁ တိမောသေ ၄:၈; ၁ ပေတရု ၃:၃၊ ၄

ကြီးမား​လွန်း​သော ဆုံးရှုံး​နစ်နာမှု

ထင်ရာစိုင်း​ပြုလုပ်​တတ်​သူကို ဝေးဝေး​မှ​ရှောင်သင့်​သည့် အခြား​အကြောင်းရင်း​တစ်ခု​ကား အဘယ်နည်း။ ရှောလမုန်က ဤသို့​ဖြေဆို​သည်– “သင်သည် ကိုယ်​ဂုဏ်​အသရေ​ကို သူတစ်ပါး​၌​လည်းကောင်း၊ ကိုယ်​အသက်ကို ကြမ်းတမ်းသော​သူတို့၌​လည်းကောင်း အပ်​လိမ့်​မည်။ တစ်ပါး​အမျိုးသား​တို့သည် သင်၏​စည်းစိမ်​နှင့် ပြည့်ဝ​ကြလိမ့်မည်။ သင်​လုပ်​၍​ရသော​ဥစ္စာ​သည် တစ်ပါး​အမျိုးသား​အိမ်​သို့ ရောက်​လိမ့်​မည်။ နောက်ဆုံး​၌ သင့်​အသား၊ သင့်ကိုယ်​ကာယ​ဆွေးမြေ့” သွား​မည်​ဖြစ်သည်။—သု. ၅:၉-၁၁

ထိုသို့​ဖြင့် ရှောလမုန်​သည် အကျင့်​ယိုယွင်းမှု​နောက်​ပါသွား​ခြင်း​၏ ဆုံးရှုံး​နစ်နာမှု​ကြီး​ကို အလေးအနက်​ဖော်ပြ​ထား​သည်။ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​နှင့် ဂုဏ်​သိက္ခာ​ပျက်ပြား​ခြင်း၊ သို့​မဟုတ် ကိုယ့်​ကိုယ်ကို​လေးစားမှု​ကင်းမဲ့​ခြင်း​တို့သည် ဒွန်တွဲ​နေသည်။ ကိုယ်​ကိုယ်တိုင်၊ သို့​မဟုတ် အခြားသူ​တစ်ဦး၏​ယိုယွင်းသော သွေးသား​တပ်မက်​စိတ်​ဖြေ​စ​ရာ​ဖြစ်​ခြင်း​သည် အမှန်တကယ်​ပင် အသရေပျက်​စ​ရာ​ဖြစ်သည်​မဟုတ်လော။ မိမိ​အိမ်ထောင်ဖက်​မဟုတ်​သူနှင့် လိင်​ဘက်​ရင်းနှီးခြင်း​သည် ကိုယ့်​ကိုယ်ကို​လေးစားမှု​မရှိကြောင်း ဖော်ပြ​ရာ​မကျ​ပေ​လော။

‘ကျွန်ုပ်​တို့​အသက်၊ ကျွန်ုပ်​တို့​အစွမ်း၊ ကျွန်ုပ်​တို့​လုပ်ကိုင်​၍​ရသော ပစ္စည်းဥစ္စာ​ကို သူစိမ်း​များ သို့​မဟုတ် တစ်ပါး​အမျိုးသား​အိမ်​သို့ ရောက်’ စေခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ကိုးကားချက်​တစ်ခု​က ဤသို့​ဆို​သည်– “အဆိုပါ​အခန်းငယ်​များ​၏ လိုရင်းချက်​ထင်ရှား​သည်– သစ္စာမဲ့​ခြင်း​၏ ဆုံးရှုံး​နစ်နာမှု ကြီးမား​ပေ​သည်; အကြောင်း​မှာ ရာထူး၊ ဩဇာ၊ စည်းစိမ်ဥစ္စာ​အစ​ရှိသည့် ကျွန်ုပ်​တို့​ကြိုးစား​စုဆောင်း​ထား​သမျှ​သည် ထိုသို့​သော​မိန်းမ​၏ ဥစ္စာ​တပ်မက်မှု​ကြောင့်​ဖြစ်စေ၊ ရပ်ရွာ​သိက္ခာ​ကျ​မှု​အတွက် နစ်နာကြေး​ပေး​ရန် တောင်းဆိုခြင်း​ကြောင့်​ဖြစ်စေ ဆုံးရှုံး​သွား​နိုင်​သည်။” မတရားမေထုန်​ပြုခြင်း​သည် များစွာ​နစ်နာ​နိုင်​ပါ​သည်​တကား!

မိမိ၏​ဂုဏ်​သိက္ခာ​ဆုံးရှုံး​ကာ ဥစ္စာ​ပစ္စည်း​များလည်း ကုန်ခန်း​သွားပြီ​ဖြစ်​ရာ မိုက်မဲ​သူ​တစ်ဦး​သည် ဤသို့​ညည်းညူ​ပေမည်– “ငါသည် သွန်သင်ခြင်း​ကို မုန်း​လေ​ပြီ​တကား။ ဆုံးမခြင်း​ကို စိတ်နှလုံး​ထဲမှာ မထီမဲ့မြင်​ပြု​လေ​ပြီ​တကား။ ငါ့​ဆရာ​တို့၏​စကား​ကို နားမထောင်​ဘဲ၊ ငါ့​အားသွန်​သင်​သော​သူတို့၏​စကား​ကို နား​မခံ​ဘဲ နေ​လေ​ပြီ​တကား။ စည်းဝေး​သော​ပရိသတ်​များ​အလယ်​၌ [မကောင်းမှု] မျိုးကို ကုန်စင်​လု​သည်​တိုင်အောင် ငါ​ပြု​လေ​ပြီ​တကား။”—သု. ၅:၁၂-၁၄

အချိန်တန်​လေ​သော် အပြစ်ပြု​သူသည် ကျမ်း​ပညာရှင်​တစ်ဦး ဆို​ခဲ့​သည့်​အတိုင်း ‘အကယ်၍​သာ’ ကို ထပ်ခါတလဲ ဤသို့​ရွတ်ဆို​ပေ​လိမ့်​မည်– “အကယ်၍​သာ အဖေ့​စကား နားထောင်​ခဲ့ရင်; အကယ်၍​သာ ကိုယ့်​နည်း​ကိုယ့်​ဟန် မ​လုပ်ခဲ့ရင်; အကယ်၍​သာ တခြား​သူတွေရဲ့ အကြံပေး​ချက်​ကို ခံယူ​ခဲ့ရင် ကောင်း​မှာပဲ။” သို့ရာတွင် ဤသို့​သဘောပေါက်​နားလည်ခြင်း​သည် လွန်​စွာ​နောက်ကျ​လေ​ပြီ။ ယခု မစင်ကြယ်​သူ၏​ဘဝ​သည် ပျက်စီး​သွား​သည့်​အပြင် နာမည်​လည်း​ပျက်​နေပြီ။ အကျင့်​ယိုယွင်းမှု​၏ ဝါးမျို​ခြင်း​မခံရမီ ထိုသို့​ပြုခြင်း​၏​ဆုံးရှုံး​နစ်နာမှု​ကြီး​ကို ဆင်ခြင်​သုံးသပ်ရန် အမှန်တကယ်​အရေးကြီး​လှ​ပါ​သည်​တကား!

“ကိုယ်​ဆိုင်သော​ရေ​အိုး​ကို​သုံး”

လိင်ဆက်ဆံခြင်း​အကြောင်းကို သမ္မာကျမ်းစာ​က နှုတ်ဆိတ်​နေ​သလော။ လုံးဝ​မဟုတ်ပါ။ ယောက်ျား​တစ်ဦး​နှင့်​မိန်းမ​တစ်ဦး ချစ်ခြင်း​၏​စိတ်​လှုပ်ရှားမှု​နှင့်​ပီတိ​သည် ဘုရားသခင်​ထံ​မှ ဆုကျေးဇူး​များ​ဖြစ်သည်။ သို့​တိုင် အဆိုပါ​ဆက်ဆံမှု​မျိုးကို အိမ်ထောင်ဖက်​များ​သာ ခံစား​ကြ​ရဖို့​ဖြစ်၏။ ထို့​ကြောင့် အိမ်ထောင်သည်​အမျိုးသား​တစ်ဦး​ကို ရှောလမုန်က ဤသို့​တိုက်တွန်း​သည်– “ကိုယ်​ဆိုင်သော​ရေ​အိုး​ကို​သုံး​၍ ကိုယ်​ရေတွင်း​ထဲ​က​ထွက်​သော စမ်းရေ​ကို​သောက်​လော့။ သင်၏​စမ်းရေ​များပြား၍ လမ်းများ​အနားမှာ​စီး​သော မြစ်များ​ဖြစ်စေ​လော့။ တစ်ပါး​အမျိုးသား​နှင့်​ပေါင်းဖက်​၍ မဆိုင်​စေ​ဘဲ၊ ကိုယ်​တစ်ပါး​တည်း​သာ​ဆိုင်​စေ​လော့။”—သု. ၅:၁၅-၁၇

ချစ်​မြတ်နိုး​ရသော​ဇနီး​ကို “ကိုယ်​ဆိုင်သော​ရေ​အိုး၊” “ကိုယ်​ရေတွင်း” ဟူ၍ ကဗျာ​ဆန်​ဆန်​ဖော်ပြ​ထား​သည်။ သူနှင့်​လိင်ဆက်ဆံခြင်း​သည် လန်းဆန်း​စေသော​ရေ​ကို သောက်သုံး​ရခြင်း​နှင့် ပုံ​နှိုင်း​ထား​သည်။ လူထု​သုံးဆောင်​ရန်​နေရာများ​တွင်​ရှိသည့် ရေ​နှင့်​မတူဘဲ ရေ​အိုး​တစ်​အိုး၊ သို့​မဟုတ် ရေတွင်း​တစ်​တွင်း​ကို ကိုယ်ပိုင်​ဆိုင်ရာ​အဖြစ် ယူမှတ်​ကြသည်။ ထို့​ပြင် အခြား​မိန်းမ​များ​ကို​ဆိုလို​သည့် လူအများ​နေရာ​တို့​၌ မျိုးစေ့ကြဲ​မည့်​အစား မိမိ​အိမ်​တွင်ရှိသော မိမိ​ဇနီး​နှင့် ကလေး​များ​ဖွား​ရန် ယောက်ျား​ကို​အကြံပြု​ထား​သည်။ ယောက်ျား​ကို အကြံပြု​သည်​မှာ သူ၏​ဇနီး​အပေါ် သစ္စာရှိ​ရမည်​ဟူ၍​ဖြစ်​ကြောင်း ထင်ရှား​ပါ​သည်။

ပညာရှိ​က ဆက်၍​ဤသို့​ဆို​သည်– “သင်၏​စမ်းရေ​တွင်း​၌ မင်္ဂလာ​ရှိစေ​၍ အသက်အရွယ်​ပျို​စဉ်​ကာလ၊ ပေါင်းဖော်သော​မယား​နှင့်အတူ ပျော်မွေ့​လော့။ သူသည် စုံမက်​တတ်သော​သမင်​မ၊ နှစ်လိုဖွယ်​သော​ဒရယ်​မ​ကဲ့သို့​ဖြစ်၍ သူ၏​သားမြတ်​တို့သည် သင်၏​အလိုဆန္ဒကို အစဉ်​ပြေစေ​၍ သူ့ကို​ချစ်သော​စိတ်​နှင့် အစဉ်​ယစ်​မူး​လျက်​နေလော့။”—သု. ၅:၁၈၊ ၁၉

“စမ်းရေ​တွင်း” သည်​ကာ​မ​ဆန္ဒ​ဖြည့်စွက်​ရာ​ရင်းမြစ်ကို ရည်ညွှန်း၏။ မိမိ​အိမ်ထောင်ဖက်​နှင့် လိင်ဆိုင်ရာ​သာယာမှု​ရခြင်း​သည် ဘုရားသခင်​ပေး​သော “မင်္ဂလာ” ဖြစ်သည်။ ထို့​ကြောင့် အသက်အရွယ်​ပျို​စဉ်​ကာလ​တွင် ပေါင်းဖော်သော​ဇနီး​နှင့်အတူ ပျော်မွေ့​ရန် ယောက်ျား​ကို တိုက်တွန်း​၏။ သူ့​အတွက် ဇနီး​ဖြစ်သူ​သည် စုံမက်​စ​ရာ လှပသော​သမင်​မ၊ နှစ်လိုဖွယ်​ကောင်း​၍ ကျက်သရေ​ရှိသော ဒရယ်​မ​ပ​မာ​ဖြစ်သည်။

ရှောလမုန်​သည် အဖြေ​မလို​သော နောက်ထပ်​မေးခွန်း​နှစ်ခု​ကို ဤသို့​ထုတ်ခဲ့​သည်– “ငါ့​သား၊ သင်သည် အမျိုး​ပျက်​သော​မိန်းမ​နှင့် အဘယ်ကြောင့်​ယစ်​မူး​သနည်း။ ပြည့်တန်ဆာမ​၏​ရင်​ပတ်​ကို အဘယ်ကြောင့်​ဖက်ယမ်း​သနည်း။” (သု. ၅:၂၀) မှန်ပါသည်၊ အိမ်ထောင်သည်​တစ်ဦး​သည် အလုပ်ခွင်​၌​ဖြစ်စေ၊ ကျောင်း​၌​ဖြစ်စေ၊ အခြား​မည်သည့်​နေရာ၌​ဖြစ်စေ တွေ့ဆုံ​ရသော မိမိ​အိမ်ထောင်ဖက်​မဟုတ်​သူများ​နှင့် လိင်ဆက်ဆံ​ရန် အဘယ်ကြောင့်​သွေးဆောင်မှု​ခံ​သင့်​မှာ​နည်း။

အိမ်ထောင်သည် ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု​က ဤသို့​အကြံပေး​သည်– “ညီအစ်ကို​တို့၊ ငါ​ဆိုသည်ကား ကျန်ကြွင်း​သော​ကာလ​သည် ကျဉ်းကျပ်​သည်​ဖြစ်၍ မယား​ရှိသောသူ​သည် မယား​မရှိ​သကဲ့သို့​ဖြစ်​ရမည်။” (၁ ကောရိန္သု ၇:၂၉) ၎င်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ယေရှု​ခရစ်​၏​နောက်လိုက်​များသည် ‘ဘုရားသခင့်​နိုင်ငံတော်​ကို ရှေ့​ဦးစွာရှာ’ ကြ​ရမည်​ဖြစ်သည်။ (မဿဲ ၆:၃၃) ထို့​ကြောင့် လက်ထပ်​ပြီး​သော​ဇနီး​မောင်နှံ​များသည် သူတို့၏​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ဒုတိယ​နေရာတွင်​ထား​ရှိ​ရသည့်​အထိ တစ်ဦး​ကိုတစ်​ဦး အလွန်​အရေးပေး​လွန်းနေ​ကြဖို့​မဟုတ်ပါ။။

စိတ်​ချုပ်တည်း​ခြင်း​လိုအပ်

သွေးသား​တပ်မက်​သည့် စိတ်ဆန္ဒ​များ​ကို ထိန်းချုပ်​နိုင်၏။ ယေဟောဝါ​၏​မျက်နှာသာ ရ​လို​သူများ ထိုသို့​ပြု​ကြ​ရမည်။ “ဘုရားသခင်​၏​အလိုတော်​ဟူ​မူ​ကား၊ သင်တို့သည် မတရားသော​မေထုန်​ကို​ကြ​ဉ်​ရှောင်​၍ သန့်ရှင်း​စေခြင်း​ငှာ . . . သင်တို့​အပေါင်း​သည် သန့်ရှင်းခြင်း၊ အသရေ​တင့်တယ်ခြင်း​နှင့် မိမိကိုယ်ကို​မိမိ​ထိန်း​တတ်​စေခြင်း” ငှာ​ဖြစ်သည်ဟု တမန်​တော်​ပေါလု​က သတိပေး​ဆုံးမ​ခဲ့​သည်။—၁ သက်သာလောနိတ် ၄:၃-၅

သို့​ဆိုလျှင် လူငယ်များသည် သွေးသား​ဆန္ဒ​များ ဦးဆုံး​ပေါ်ပေါက်​လာ​သည်​နှင့် အလျင်စလို​အိမ်ထောင်​မပြု​သင့်​ပါ။ အိမ်ထောင်ပြု​ရာ​တွင် ကတိကဝတ်​ပြု​ဖို့​လို​သည့်​အပြင် ယင်းက​တိ​နှင့်​အညီ​နေထိုင်​နိုင်​ရန် ရင့်ကျက်​ဖို့​လို​သည်။ (ကမ္ဘာဦး ၂:၂၄) သွေးသား​တပ်မက်​စိတ်​ပြင်းထန်​ကာ ချင့်ချိန်​နိုင်စွမ်း လွဲမှား​နိုင်​ချိန်​ဖြစ်သော “လူငယ့်​ပွင့်လန်း​စ​အရွယ်ကို​ကျော်လွန်” သည့်​အထိ စောင့်နေ​ခြင်း​သည် သာ၍​ကောင်း​သည်။ (၁ ကောရိန္သု ၇:၃၆က​ဘ) အိမ်ထောင်ပြု​လို​သော အရွယ်ရောက်​သူ​တစ်ဦး​သည် အိမ်ထောင်ပြု​နိုင်​မည့်​သူ မရရှိ​နိုင်သော​ကြောင့်​သာ မတရားသော​မေထုန်ပြု​ခြင်း​သည် တကယ့်ကို​ပညာ​မဲ့ပြီး အပြစ်ရှိ​လိုက်​လေ​ခြင်း!

‘မိမိ​ပြုသော [မကောင်းမှု] အပြစ်​ဖြင့် ဖမ်းမိ​ခြင်း . . . ကို​ခံရ​လိမ့်​မည်’

လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှု မှားယွင်း​ရသည့် အခြေခံ​အကြောင်းရင်း​မှာ အသက်​ပေးရှင်၊ လူသားများ​ကို လိင်ဆက်ဆံခြင်း​သတ္တိ ပေးသနား​သော​အရှင် ယေဟောဝါ​သည် ယင်းကို​မကြိုက်​နှစ်သက်သော​ကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ကိုယ်ကျင့်တရား​စင်ကြယ်​ဖို့​အတွက် အထက်​သန်​ဆုံး​လှုံ့ဆော်ပေး​ချက်​ကို ဘုရင်​ရှောလမုန် ဤသို့​ဖော်ပြ​သည်– “လူ​သွားလာ​သမျှ​သော​လမ်း​တို့သည် ထာဝရ​ဘုရား​မျက်မှောက်တော်၌​ရှိကြ​၍ သွားလာ​သမျှ​သော​အခြင်းအရာ​တို့ကို စူးစမ်း​တော်​မူ​၏။” (သု. ၅:၂၁) မှန်သည်၊ “ငါ​တို့ကို စစ်ကြော​စီရင်တော်မူ​သော” ဘုရားသခင်​ရှေ့တော်၌ မည်သည့်​အရာ​ကို​မျှ ဖုံးကွယ်​၍​မရပါ။ (ဟေဗြဲ ၄:၁၃) မည်သည့်​လိင်ဆိုင်ရာ​မသန့်ရှင်းမှု​ကို​မဆို၊ မည်သို့​ပင်​လျှို့ဝှက်​ထား​ပါစေ၊ ၎င်း​၏​ကာယရေး​နှင့်၊ လူမှုရေး​အကျိုးဆက်များ​သည် မည်သို့​ပင်​ရှိပါစေ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို အမှန်​ပျက်ပြား​စေပါ​မည်။ တရား​မဝင်​သာယာမှု​ကို အခိုက်အတန့်​ခံစား​ရန်​အတွက် ဘုရားသခင်​နှင့်​သင့်မြတ်မှု​ကို လက်လွတ်​ဆုံးရှုံး​ခံ​ခြင်း​သည် တကယ်​မိုက်မဲ​လိုက်​လေ​ခြင်း!

အရှက်အကြောက်​မဲ့​စွာ အကျင့်​ယိုယွင်း​သူ​အချို့​သည် ပြစ်ဒဏ်​မခံရ​ပုံ​ပေါက်​နိုင်​သည်—သို့ရာတွင် ကြာ​မည်​မဟုတ်ပါ။ “အဓမ္မ[တရား​မဲ့] လူသည် မိမိ​ပြုသော [မကောင်းမှု] အပြစ်​ဖြင့် ဖမ်းမိ​ခြင်း၊ မိမိ​အပြစ်​ကြိုး​တို့​ဖြင့် ချည်နှောင်ခြင်း​ကို ခံရ​လိမ့်​မည်။ သူသည် အလွန်​မိုက်​သောကြောင့် မှားယွင်း​၍ သွန်သင်ခြင်း​ကို​မခံရ​ဘဲ သေသွား​ရ​လိမ့်​မည်” ဟု​ရှောလမုန်​ဆို​သည်။—သု. ၅:၂၂၊ ၂၃

ကျွန်ုပ်​တို့​မှ မည်သူ​မဆို​သည် အဘယ်ကြောင့်​မှားယွင်း​ရမည်​နည်း။ အမှန်​ဆို​ရ​လျှင် နယပုံပြင်​ကျမ်း​က ဤ​လောက​၏ ဖြားယောင်း​သွေးဆောင်​နည်း​များ​ကို ကြိုတင်​သတိပေး​ထား​ပါ​သည်။ ထို့​ပြင် လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှုက ကျွန်ုပ်​တို့၏​ကျန်းမာ​ရေး၊ စည်းစိမ်ဥစ္စာ၊ ခွန်အား​နှင့် ဂုဏ်​သိက္ခာ​စ​သည်​တို့​မှ ပေးဆက်​ရလေ့​ရှိသည့်​အ​ခ​ကိုလည်း ဖော်ပြ​ထား​သည်။ ရှင်းလင်းစွာ ဤသို့​ကြိုတင်​မြော်မြင်​ထား​ရာ “အကယ်၍​သာ” ဟူသော​စကား​ကို ထပ်ခါတလဲ​ရွတ်ဆို​ရသည့် အခြေအနေ​မျိုး ပေါ်ပေါက်​စ​ရာ​အကြောင်း​မရှိ​ချေ။ မှန်​၏၊ ယေဟောဝါ​၏​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​၌ ဖော်ပြ​ပေး​ထားသော ကိုယ်တော်​၏​ဆုံးမ​စကား​ကို လိုက်လျှောက်ခြင်း​ဖြင့် အကျင့်​ယိုယွင်းသော​လောကတွင် စင်ကြယ်သော​ကိုယ်ကျင့်တရား​ကို ကျွန်ုပ်​တို့​ထိန်းသိမ်း​ထား​နိုင်​မည်​ဖြစ်သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 “အမျိုး​ပျက်” ဟူသော​စကားလုံး​ကို ပညတ်တော်​မှ​သွေဖည်​သွား​သဖြင့် ယေဟောဝါ​ထံ​တော်​မှ ဝေးကွာ​သွား​သူတို့နှင့်​ပတ်သက်​၍ အသုံးပြု​ခဲ့​သည်။ ထို့​ကြောင့် ပြည့်တန်ဆာ​ကို “အမျိုး​ပျက်​သော​မိန်းမ” ဟု​ဖော်ညွှန်း​၏။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အကျင့်​ယိုယွင်းမှု​၏ နောက်ဆက်တွဲ​အကျိုးများ​မှာ ဘင်းခါးရွက်​ကဲ့သို့​ခါး​၏

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

“အသက်အရွယ်​ပျို​စဉ်​ကာလ၊ ပေါင်းဖော်သော​မယား​နှင့်အတူ ပျော်မွေ့​လော့”