မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တိအုတ်မြို့တွင် ညှဉ်းပန်းမှုက တိုးပွားစေ

အန္တိအုတ်မြို့တွင် ညှဉ်းပန်းမှုက တိုးပွားစေ

အန္တိအုတ်မြို့​တွင် ညှဉ်းပန်းမှု​က တိုးပွား​စေ

အာဇာနည်​အဖြစ် သတေဖန်​အသတ်ခံရ​ပြီး​နောက် ညှဉ်းပန်းမှု ရုတ်တရက်​ဖြစ်ပွား​သောအခါ ယေရှု၏​တပည့်​များစွာတို့သည် ယေရုရှလင်​မှ ထွက်ပြေး​ခဲ့​ကြသည်။ သူတို့​ခိုလှုံ​ခဲ့​သော​နေရာတစ်ခု​မှာ မြောက်ဘက်​မိုင် ၃၅၀ ခန့်​ရှိ ရှုရိ​ပြည်၊ အန္တိအုတ်မြို့​ဖြစ်သည်။ (တမန်​တော် ၁၁:၁၉) နောက်ဆက်တွဲ​အဖြစ်အပျက်​များသည် ခရစ်ယာန်​သမိုင်းကြောင်း​တစ်ခုလုံး​ကို အကျိုး​သက်ရောက်မှု​ရှိစေခဲ့​၏။ ဖြစ်ပျက်​ရာ​ကို နားလည်​သဘောပေါက်​ရန် အန္တိအုတ်မြို့​အကြောင်းကို အနည်းငယ်​သိထား​လျှင် ကောင်း​ပေ​သည်။

ရောမ​အင်ပါယာ​၏​မြို့များ​တွင် ရောမမြို့​နှင့်​အလက်ဇန္ဒြီးယား​မြို့​တို့​သာ အရွယ်အစား၊ စည်ပင်​ပေါကြွယ်​မှု​နှင့် အရေးပါမှု​တို့​နှင့်​ပတ်သက်​၍ အန္တိအုတ်မြို့​ထက် သာလွန်​ခဲ့​သည်။ ရှုရိ​ပြည်​၏​အဆိုပါ​မြို့တော်​သည် မြေထဲပင်လယ်​၏ အရှေ့မြောက်ဘက်​ထောင့်​တွင် ကြီးစိုး​ခဲ့​သည်။ အန္တိအုတ်မြို့ (မျက်မှောက်ခေတ် တူရကီ​နိုင်ငံ၊ အန်​တ​ကီ​ယား​မြို့) သည်​မိုင် ၂၀ ဝေးသည့် ၎င်း​၏​ပင်လယ်​ဆိပ်ကမ်း စ​လူး​ရှာ​ပိုင်​အစ်​ရီ​ယာ​နှင့် ဆက်သွယ်​ပေး​သည့် သင်္ဘော​များ​သွားလာ​နိုင်သော အော့​ရာ​န်​တီ​ဇ်​မြစ်​ပေါ်​တွင် တည်ရှိ​သည်။ ၎င်း​သည် ရောမမြို့​နှင့် ယူဖရေးတီး​စ်​မြစ်ဝှမ်း​ကြား​ရှိ အရေးအပါဆုံး​သော ကူး​သန်း​ရောင်းဝယ်ရေး​လမ်းကြောင်း​တစ်ခု​ကို ထိန်းချုပ်​ခဲ့​သည်။ ကူး​သန်း​ရောင်းဝယ်ရေး​ဗဟို​အဖြစ် အင်ပါယာ​တစ်ခုလုံး​နှင့် အရောင်းအဝယ်​ပြု​လုပ်ခဲ့​ပြီး ရောမ​ကမ္ဘာ​နေရာအနှံ့​မှ ဘာသာရေး​အဖွဲ့​များ​၏ လှုပ်ရှားမှု​သတင်းကို သယ်ဆောင်​ခဲ့​ကြသော လူမျိုး​ခပ်သိမ်း​၏​အသွားအလာ​ကိုလည်း တွေ့မြင်​ခဲ့​ရ၏။

အန္တိအုတ်မြို့​တွင် ဂရိ​ဘာသာ​တရား​နှင့် အတွေးအခေါ်​ပညာ ထွန်းကား​ခဲ့​သည်။ သို့ရာတွင် “ခရစ်တော်​၏​အချိန်တွင် လူတို့သည် သူတို့၏​ပြဿနာ​များနှင့် ရည်မှန်းချက်​များ​အတွက် ဘာသာရေး​စိတ်​ကျေနပ်မှု​ကို လွတ်လပ်​စွာ ရှာဖွေ​ကြသည်​နှင့်​အမျှ ရှေး​ဘာသာရေး​ဂိုဏ်းဂဏ​များနှင့် အတွေးအခေါ်​ပညာ​များသည် တစ်ဦးချင်း​စီ​၏ ယုံကြည်ချက်​ဖြစ်လာ​ရန် ဦးတည်​ခဲ့​သည်” ဟု​သမိုင်း​ပညာရှင် ဂလ​န်ဗီလ်​ဒေါ​င်​နီ​က​ဆို​သည်။ (ရှု​ရှိ​ပြည် အန္တိအုတ်မြို့​သမိုင်း) လူအများသည် ဘုရားသခင်​တစ်ဆူတည်း​ရှိသည်​ဟူသော​အယူဝါဒ၊ ဓလေ့​ထုံးတမ်းများ​နှင့် ယုဒ​ကျင့်ဝတ်​တို့​၌ စိတ်​ကျေနပ်မှု တွေ့ရှိ​ခဲ့​ကြသည်။

ဘီ.စီ.အီး. ၃၀၀ ပြည့်နှစ်​၌ အန္တိအုတ်မြို့​တည်​ချိန်​ကတည်းက ဂျူး​အုပ်စုကြီး​သည် ထို​တွင် နေထိုင်ခဲ့​ကြသည်။ ၎င်း​အုပ်စု​သည် လူဦးရေ​၏ ၁၀ ရာခိုင်နှုန်း​ထက်မက​ဖြစ်​ပြီး ခန့်မှန်းခြေ​အရ ၂၀,၀၀၀ မှ ၆၀,၀၀၀ အထိ​ရှိသည်​ဟု​ဆို​၏။ ၎င်း​မြို့တွင် ဂျူး​များနေ​ထိုင်​ကြ​ရန် ဆ​လူးဆိဒ်​မင်းဆက်​များ​က အားပေး​အား​မြှောက်​ပြု​၍ နိုင်ငံသား​အခွင့်အရေး​များ​ကို အပြည့်အဝ​ပေး​ထား​သည်​ဟု သမိုင်း​ဆရာ​ဂျိုစီဖတ်စ်​က​ဆို​၏။ ထို​အချိန်၌ ဟေဗြဲ​ကျမ်း​စာစောင်​များ​ကို ဂရိ​ဘာသာ​ဖြင့် ရရှိနိုင်​သည်။ ၎င်း​သည် ဂျူး​မေရှိယ​ဆိုင်ရာ စိတ်အားကြီး​ခြင်း​တွင် ထောက်ခံသူ​များ​၏ စိတ်ဝင်စားမှု​ကို နှိုးဆွ​ပေး​ခဲ့​သည်။ ထို့​ကြာ​င့် ဂရိ​လူ​တို့​တွင် ဘာသာဝင် များစွာ​ရှိခဲ့​သည်။ ဤ​အကြောင်း​အားလုံး​ကြောင့် အန္တိအုတ်မြို့​သည် ခရစ်ယာန်​တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​အတွက် တိုးပွား​ထွန်းကားသော​နေရာ​ဖြစ်​ခဲ့​၏။

တစ်ပါး​အမျိုးသားများ​ကို သက်သေခံခြင်း

ယေရုရှလင်​မှ ကွဲလွင့်​သွား​ကြသော ညှဉ်းပန်း​ခံရ​သည့် ယေရှု၏​တပည့်​နောက်လိုက်​အများစု​သည် ဂျူး​များနှင့်​သာ သူတို့၏​ယုံကြည်ခြင်းကို ဝေမျှ​ပြောပြ​ခဲ့​ကြသည်။ သို့သော် အန္တိအုတ်မြို့​တွင် ကုပရု​ပြည်​နှင့် ကုရေနေ​ပြည်​မှ တပည့်​အချို့​သည် ‘ဂရိ​တို့အား’ ဟောပြောခဲ့​ကြ​၏။ (တမန်တော် ၁၁:၂၀) ဂရိ​စကားပြော​ဂျူး​များနှင့် ဘာသာဝင်​သူတို့ကို စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲ​မှ​စ၍ ဟောပြောခဲ့​သည်​မှန်​သော်လည်း အန္တိအုတ်မြို့​၌ ဟောပြောခြင်းသည် ထူးခြား​ပုံ​ရသည်။ ဂျူး​များ​ကို​သာ ဟောပြောခြင်း​မဟုတ်ပေ။ မှန်ပါသည်၊ တစ်ပါး​အမျိုးသား​ကော်နေလိ​နှင့် သူ၏​မိသားစု​သည် တပည့်​များ​ဖြစ်နေ​ကြ​ပေ​ပြီ။ သို့သော် ယေဟောဝါ​ထံ​မှ​အဆင်းအာရုံ​ရပြီး​မှ တစ်ပါး​အမျိုးသားများ သို့​မဟုတ် လူမျိုးခြား​များ​ကို ဟောပြောခြင်းသည် သင့်လျော်​ကြောင်း တမန်​တော်​ပေတရု ယုံကြည်​စိတ်ချ​ခဲ့​သည်။—တမန်​တော် ၁၀:၁-၄၈

ကြီးမား​ပြီး ရှေးကျ​သော​ဂျူး​ရပ်ကွက်​ဖြစ်သည့်​အပြင် ဂျူး​များနှင့် တစ်ပါး​အမျိုးသားများ​စပ်ကြား ရန်လိုမှု​မရှိသည့် မြို့​တစ်မြို့​ဖြစ်​ရာ ဂျူး​မဟုတ်​သူများကို သက်သေခံ​ခဲ့​ကာ သတင်းကောင်းကို တလိုတလား​တုံ့ပြန်​ခဲ့​ကြသည်။ အန္တိအုတ်မြို့​သည် ထိုသို့​ဖြစ်လာ​စေရန် အခြေအနေ​ပေး​သဖြင့် “လူအပေါင်း​တို့သည် ယုံကြည်” သူများ​ဖြစ်လာ​ခဲ့​ကြသည်။ (တမန်​တော် ၁၁:၂၁) အယူမှား​ဘုရား​များ​ကို ကိုးကွယ်​ခဲ့​သည့် ဘာသာဝင်​များသည် ခရစ်ယာန်​များ​ဖြစ်လာ​ကြသောအခါ အယူမှား​ဘုရား​များ​ကို ကိုးကွယ်​ဆဲ​ရှိ အခြား​တစ်ပါး​အမျိုးသားများ​ကို သက်သေ​ခံရန် ထူးခြား​စွာ​အသင့်ရှိနေ​ကြ​၏။

အန္တိအုတ်မြို့​၏​အခြေအနေ​များ​ကို ကြား​ရ​ကြသောအခါ ယေရုရှလင်​အသင်းတော်သည် စူးစမ်း​ရန် ဗာနဗ​ကို စေလွှတ်ခဲ့​သည်။ သူ့ကို​ရွေးချယ်ခြင်း​သည် ပညာရှိ​ရုံ​မ​က မေတ္တာ​ရှိရာ​လည်း​ကျ​သည်။ သူသည် ဂျူး​မဟုတ်​သူများကို စတင်​ဟောပြောခဲ့​သူ​အချို့​နည်းတူ ဆိုက်ပရပ်စ်​ကျွန်းသား​တစ်ဦး​ဖြစ်သည်။ သို့ဖြင့် ဗာနဗ​သည် အန္တိအုတ်မြို့​ရှိ တစ်ပါး​အမျိုးသားများ​ကြား​တွင် နေသာ​ထိုင်​သာ​ရှိ​လိမ့်​ဖြစ်သည်။ သူတို့ကလည်း မိမိတို့​လူမျိုးစု​နှင့် အကျွမ်းတဝင်​ရှိသူ​အဖြစ် သူ့ကို ရှုမြင်ကြ​ပေမည်။ * သူသည် မိမိတို့​လုပ်ဆောင်နေ​သော​အလုပ်ကို ထောက်ခံ​နိုင်​ပေမည်။ ထို့​ကြောင့် “သူသည်​ရောက်​၍ ဘုရားသခင်​၏​ကျေးဇူးတော်​ကို​မြင်လျှင် ဝမ်းမြောက်​ဝမ်းသာ​ခြင်း​ရှိ၍ ထို​သူအပေါင်း​တို့သည် ယုံကြည်​သော​စိတ်​နှင့် ဘုရားသခင်​ကို မှီဝဲ​ဆည်းကပ်​မည်​အကြောင်း တိုက်တွန်း​နှိုးဆော်” သောအခါ “လူများ​အပေါင်းတို့သည် သခင်​ဘုရားထံ​သို့ ဝင်စား​ကြ​၏။”—တမန်​တော် ၁၁:၂၂-၂၄

“အန္တိအုတ်မြို့​တွင် အစောပိုင်း​လုပ်ငန်း​အောင်မြင်မှု​၏ ဖြစ်​နိုင်​ခြေ​အကြောင်း​များ​မှာ ဤ​မြို့ရှိ ခရစ်ယာန်​သာသနာပြု​များသည် ယေရုရှလင်​မြို့၌ သူတို့​ကြုံတွေ့​ရသော ဂျူး​အယူသီး​သူများကို ကြောက်စရာ​မလို​ခြင်း; ထို့​ပြင် ရှုရိ​ပြည်​၏​မြို့တော်​ဖြစ်သော ဤ​မြို့ကို စစ်​တပ်မှူး​က အုပ်ချုပ်​ခဲ့​ပြီး (အနည်းဆုံး​အဆိုပါ​အချိန်တွင်) လက်ထောက်​ဘုရင်ခံ​များသည် ထို​ဂျူး​အယူသီး​သူများကို တားမြစ်​နိုင်စွမ်း​ရှိ​ပုံ​မရ​သော ယေရုရှလင်​မြို့မှာ​ကဲ့သို့ လူအုပ်​ရမ်းကားမှု ဖြစ်ပွား​စ​ရာ​အကြောင်း​မရှိဘဲ စည်းကမ်း​သေ​ဝပ်​မှု ပို​၍​ရှိ​ပုံ​ရသော​ကြောင့်​ဖြစ်​မည်” ဟု​သမိုင်း​ပညာရှင် ဒေါ​င်​နီ​က​ဖော်ပြ​သည်။

ဤသို့​အခွင့်သာ​ချိန်​နှင့် အလုပ်​များစွာ​လုပ်ရန်​ရှိ​နေချိန်​တွင် အကူအညီ​လို​သည်ကို ဗာနဗ​သိရှိ​နိုင်​ဖွယ်​ရှိပြီး သူ၏​မိတ်ဆွေ ရှောလု​ကို သတိရ​ခဲ့​ပေမည်။ ရှောလု သို့​မဟုတ် ပေါလု​ကို​မှ အဘယ်ကြောင့်​သတိရ​ခဲ့​သနည်း။ ပေါလု​သည် တမန်​တော် ၁၂ ပါး​တွင်​မပါ​သော်လည်း တစ်ပါး​အမျိုးသားများ​၌ တမန်​တော်​အရာ​ကို ရရှိ​ထားသော​ကြောင့်​ဖြစ်​ပေမည်။ (တမန်​တော် ၉:၁၅၊ ၂၇; ရောမ ၁:၅-၇; ဗျာဒိတ် ၂၁:၁၄) ထို့​ကြောင့် ပေါလု​သည် တစ်ပါး​အမျိုးသား​တို့၏ အန္တိအုတ်မြို့​တွင် သတင်းကောင်းကို ကြွေးကြော်​ဖို့ လုပ်ဖော်ဆောင်ဖက်​ကောင်း​တစ်ဦး​ဖြစ်​ရန် အသင့်တော်ဆုံး​ဖြစ်​ပေ​သည်။ (ဂလာတိ ၁:၁၆) သို့​ဖြစ်၍ ဗာနဗ​သည် တာရှု​မြို့​သို့​သွားပြီး ရှောလု​ကို​ရှာဖွေ​ကာ အန္တိအုတ်မြို့​သို့ ခေါ်လာ​ခဲ့​သည်။—တမန်​တော် ၁၁:၂၅၊ ၂၆; စာမျက်နှာ ၂၆-၇ ရှိ​လေးထောင့်ကွက်​ရှု။

ဘုရားသခင်​ညွှန်ကြားမှု​ဖြင့် ခရစ်ယာန်​များ​ဟု​အခေါ်​ခံ​ခဲ့​ရ

ဗာနဗ​နှင့်​ရှောလု​တို့သည် တစ်နှစ်​ပတ်လုံး “လူများ​အပေါင်း​တို့အား ဆုံးမ . . . ကြ​၏။ တပည့်တော်​တို့သည်​လည်း ခရစ်ယာန်​ဟူ၍ ခေါ်ဝေါ်​သမုတ်ခြင်း​ကို အန္တိအုတ်မြို့​၌ အ​ဦး​ခံရ​ကြ​၏။” ဂျူး​များသည် ယေရှုကို မေရှိယ သို့​မဟုတ် ခရစ်တော်​အဖြစ် ငြင်းပယ်​ကြသော​ကြောင့် ယေရှု၏​နောက်လိုက်​များ​ကို ခရစ်ယာန်​များ (ဂရိ) သို့​မဟုတ် မေရှိယ​ဝါဒီ​များ (ဟေဗြဲ) ဟူ၍​ခေါ်ဆို​ခြင်း​ဖြင့် ကိုယ်တော့်​အား တစ်နည်း​အားဖြင့် အသိအမှတ်ပြု​ရာ​ကျ​မည်​ဖြစ်သော​ကြောင့် ကိုယ်တော်​၏​နောက်လိုက်​များ​ကို ခရစ်ယာန်​များ​ဟူ၍ ဦးဆုံး​ခေါ်ဝေါ်​ခဲ့​ကြ​မည်​မဟုတ်ပေ။ အယူမှား​သူများ​က အ​ပြောင်​အ​ပြ​က်၊ သို့​မဟုတ် မ​ထီး​လေးစား​သော​သဘောဖြင့် သူတို့ကို ခရစ်ယာန်​များ​ဟူ၍ အမည်ပေး​ခဲ့​သည်​ဟု အချို့​က​ထင်မှတ်​ကြသည်။ သို့သော် ခရစ်ယာန်​များ​ဟူသော​အမည်​ကို ဘုရားသခင်​ပေး​ခဲ့​သည်​ဟု သမ္မာကျမ်း​က​ဖော်ပြ​သည်။—တမန်​တော် ၁၁:၂၆

ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် အများအားဖြင့် “ခေါ်ဝေါ်​ခဲ့​သည်” ဟု​ဘာသာ​ပြန်ဆို​ထားသော အမည်သစ်​နှင့်​ဆက်စပ်​အသုံးပြု​ခဲ့​သည့် ကြိယာ​သည် သဘာဝ​ထက်​လွန်ကဲ​သော၊ ဗျာဒိတ်တော်၊ သို့​မဟုတ် မြင့်မြတ်မှု​တစ်ခုခု​နှင့်​ဆိုင်သော၊ အစဉ်​ဆက်စပ်​အသုံးပြုလျက်​ရှိသည်။ သို့ဖြင့် ကျမ်း​ပညာရှင်​များသည် ယင်းကို “ဗျာဒိတ်တော်​သံ​ပေး​ရန်၊” “ဘုရားသခင်​ရေးရာ​ရင်းနှီးမှု၊” သို့​မဟုတ် “ဘုရားသခင်​မိန့်မှာ​ရန် သို့​မဟုတ် သတိပေး​ဆုံးမ​ရန်၊ ကောင်းကင်​မှ သွန်သင်​ရန်” ဟူ၍​ပြန်ဆို​သည်။ ထို့​ကြောင့် ယေရှု၏​နောက်လိုက်​များ​ကို ‘ဘုရားသခင့်​ညွှန်ကြားမှု​ဖြင့်’ ခရစ်ယာန်​များ​ဟု​ခေါ်ဝေါ်​ခဲ့​ကြ​ရာ ယေဟောဝါ​သည် ထို​အမည်​ကို​မှည့်​ရန် ရှောလု​နှင့်​ဗာနဗ​တို့ကို ညွှန်ကြား​ခဲ့​နိုင်​ဖွယ်​ရှိသည်။

အဆိုပါ​အမည်သစ်​ကို ဆက်၍​အသုံးပြု​ခဲ့​ကြ​၏။ ယခု ယေရှု၏​တပည့်​များ​ကို ဂျူး​ဘာသာရေး​အဖွဲ့​တစ်ခု​အဖြစ် အထင်​မမှား​နိုင်​တော့​ချေ၊ သူတို့သည် ၎င်းနှင့် အလွန်​ကွဲပြား​ခြားနား​ကြသည်။ စီ.အီး. ၅၈ ခန့်​တွင် ခရစ်ယာန်​များ​ကား မည်သူ​မည်ဝါ​များ​ဖြစ်​ကြသည်​ကို ရောမ​အရာရှိများ​က ကောင်းစွာ​သိရှိ​ကြ​လေ​သည်။ (တမန်​တော် ၂၆:၂၈) သမိုင်း​ပညာရှင် တက်စီတပ်စ်​အရ စီ.အီး. ၆၄ တိုင်​လေ​သော် ထို​အမည်​သည် ရောမ​ပြည်သူပြည်သား​များ သုံးလေ့​သုံး​ထ​ရှိသည့်​စကားလုံး​ဖြစ်​ခဲ့​သည်။

မိမိ၏​သစ္စာရှိ​သူများကို ယေဟောဝါ​အသုံးပြု

သတင်းကောင်းသည် အန္တိအုတ်မြို့​တွင် လွန်​စွာ​တိုးတက်​ခဲ့​သည်။ ယေဟောဝါ​၏​ကောင်းချီး​နှင့် ယေရှု၏​နောက်လိုက်​များ ဇွဲရှိ​ရှိ​ဆက်​ဟောပြောခဲ့​ခြင်း​တို့​ကြောင့် အန္တိအုတ်မြို့​သည် ပထမ​ရာစု​ခရစ်ယာန်​များ​၏ အချက်အချာ​မြို့​ဖြစ်လာ​ခဲ့​သည်။ ဘုရားသခင်​သည် ဝေးလံ​သော​အရပ်ဒေသ​များ​သို့ သတင်းကောင်း​ပျံ့နှံ့​သွားစေရန် ထို​နေရာ​ရှိ​အသင်းတော်ကို ခြေကန်ခုံ​အဖြစ် အသုံးပြု​ခဲ့​သည်။ ဥပမာ၊ အန္တိအုတ်မြို့​သည် တမန်​တော်​ပေါလု​၏ မြေ​စမ်း​ခရမ်း​ပျိုး ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​အသီးသီး​၏ စတင်​ထွက်ခွာ​ရာ​အရပ်​ဖြစ်​ခဲ့​၏။

မျက်မှောက်ခေတ်​အချိန်တွင် ဆန့်ကျင်မှု​များ​ကြား ဇွဲ​နှင့် စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​တို့​က စစ်မှန်သော​ခရစ်ယာန်​ဘာသာ​တရားကို ပျံ့နှံ့​သွား​စေ​ရာ လူများစွာ​သည် သတင်းကောင်းကို​ကြားနာ​ကြ​ရပြီး ယင်းကို​တန်ဖိုး​ထား​ကြောင်း ဖော်ပြ​နိုင်​စေ​ခဲ့ပြီ။ * ထို့​ကြောင့် သင်သည် စင်ကြယ်သော​ဝတ်ပြုရေးကို ထောက်ခံ​နေသော​ကြောင့် ဆန့်ကျင်မှု​ကို ကြုံတွေ့​နေရ​လျှင် ယင်းကို ခွင့်ပြု​ထား​ရသည့်​အကြောင်းရင်း​များ ယေဟောဝါ​၌​ရှိသည်​ကို စွဲမှတ်​ထား​ပါ။ ပထမ​ရာစု​တွင်​ကဲ့သို့ ယနေ့ လူ​တို့ကို ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ကြားနာ​စေပြီး ၎င်း​ဘက်​ရပ်တည်​ရန် အခွင့်အရေး​ပေး​ရမည်​ဖြစ်သည်။ ယေဟောဝါ​၏​အမှုတော်ကို သစ္စာရှိ​ရှိ​ဆက်၍​ထမ်းဆောင်​မည်​ဟူသော သင်၏​သန္နိ​ဋ္ဌာန်​သည် တစ်ဦး​တစ်ယောက်ကို တိကျ​မှန်ကန်သော အမှန်တရား​အသိပညာ​ရရှိစေရန် လိုအပ်​သည့် အထောက်အကူ​ပင်​ဖြစ်နေ​ပေမည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 မိုးတိမ်​ကင်းစင်​သော​နေ့တွင် အန္တိအုတ်​အနောက်​တောင်ဘက်​ရှိ ကာ​စ်​စီ​အဲ​စ်​တောင်ပေါ်​မှ ကုပရု​ကျွန်း​ကို​မြင်နိုင်​၏။

[စာမျက်နှာ ၂၆၊ ၂၇ ပါ လေးထောင့်​တွက်/ရုပ်ပုံ]

ရှောလု​၏ “တိမ်​မြုပ်​နေသော​နှစ်များ”

စီ.အီး. ၄၅ ခုနှစ်​ခန့်​က အန္တိအုတ်မြို့​သို့ ရှောလု​မ​ပြောင်းရွှေ့​မီ တမန်တော်ဝတ္ထု​တွင် သူ့​အကြောင်း နောက်ဆုံး​ဖော်ပြချက်​သည် ယေရုရှလင်​မြို့တွင် သူ့ကို​လုပ်ကြံ​ရန်​ကြံစည်​မှု​ပျက်ပြား​ခဲ့​ပြီး ယုံကြည်သူချင်း​များ​က တာရှု​မြို့​သို့ သူ့ကို ပို့ဆောင်​ခဲ့​ချိန်​ဖြစ်သည်။ (တမန်​တော် ၉:၂၈-၃၀; ၁၁:၂၅) သို့ရာတွင် ၎င်း​သည် အစောပိုင်း​ကိုးနှစ် စီ.အီး. ၃၆ ခုနှစ်​ခန့်​က​ဖြစ်၏။ ရှောလု​၏​တိမ်​မြုပ်​နေသော​နှစ်များ​ဟု အမည်ပေး​ထားသော ထို​အချိန်​အတောအတွင်း သူ​အဘယ်အရာကို​ပြုလုပ်​ခဲ့​သနည်း။

ရှောလုသည် ယေရုရှလင်​မြို့မှ ရှုရိ​ပြည်​နှင့် ကိ​လိ​ကိ​ပြည်​သို့ ထွက်သွား​ခဲ့​ပြီး​နောက် ယုဒပြည်​ရှိ​အသင်းတော်များ​က “ငါ​တို့ကို​ညှဉ်းဆဲ​ဖူး​သော​သူသည် အထက်​က မိမိ​ဖျက်ဆီး​သော​ယုံကြည်ခြင်း​တရားကို ယခု​မိမိ​ဟောပြော​သည်” ဟု​ကြားသိ​ခဲ့​ကြ​ရသည်။ (ဂလာတိ ၁:၂၁-၂၃) ၎င်း​ဖော်ပြချက်​မှာ အန္တိအုတ်မြို့​တွင် ဗာနဗ​နှင့် ရှောလု​လုပ်ဆောင်ခဲ့​သော​အမှုကို ရည်ညွှန်း​နေ​မည်​ဖြစ်သော်လည်း ထို​အချိန်​မတိုင်မီ​က​လည်း သူ​အချိန်ဖြုန်း​ခဲ့​မည်​မဟုတ်​သည်​ကား သေချာ​၏။ စီ.အီး. ၄၉ တိုင်​လေ​သော် ရှုရိ​ပြည်​နှင့် ကိ​လိ​ကိ​ပြည်​တို့​တွင် အသင်းတော်များ​စွာ​ရှိနေပြီ​ဖြစ်သည်။ အသင်းတော်​တစ်ခု​သည် အန္တိအုတ်မြို့​ဖြစ်၏၊ သို့သော် အခြား​အသင်းတော်များ​သည် ရှောလု​၏​တိမ်​မြုပ်​နေသော​နှစ်များ​ဟု ခေါ်ဆို​ကြ​သည့်​အချိန်အတွင်း သူ၏​လုပ်ဆောင်မှုများ​၏​အကျိုးဆက်​ဟု အချို့​က​ထင်မှတ်​ကြသည်။—တမန်​တော် ၁၁:၂၆; ၁၅:၂၃၊ ၄၁

ရှောလု​၏​အသက်တာ​၌ ထူးခြားသော​အဖြစ်အပျက်​များသည် တစ်ချိန်တည်း​တွင်​ဖြစ်​မည်​ဟု ကျမ်း​ပညာရှင်​အချို့​က ယုံကြည်​ကြသည်။ ‘ခရစ်တော်​၏​အမှုဆောင်’ တစ်ဦး​အနေ​နှင့် ကြုံတွေ့ ခဲ့​ရသော​အခက်အခဲ​များစွာကို သူ၏​ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ချိန်​အတွင်း အချိန်​နှင့်​နေရာ​သတ်မှတ်​ရန် ခက်ခဲ​ပါ​သည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇) ရှောလုသည် မည်သည့်​အချိန်တွင် ဂျူး​တို့​လက်​တွင် ငါး​ကြိမ်​တိုင် ၃၉ ချက်​အရိုက်ခံ​ခဲ့​ရသနည်း။ အဘယ်​နေရာတွင် ကြိမ်လုံး​ဖြင့် သုံးကြိမ်​အရိုက်ခံ​ခဲ့​ရသနည်း။ အဘယ်​နေရာတွင် ‘အကြိမ်ကြိမ်’ အကျဉ်း​ချ​ခံ​ခဲ့​ရသနည်း။ နောက်ပိုင်း၌ ရောမ​တွင် သူ​အကျဉ်း​ချ​ခံ​ခဲ့​ရသည်။ သူသည် ဖိလိပ္ပိ​မြို့တွင် တစ်ကြိမ်​အရိုက်ခံရ​ပြီး ထောင်ချ​ခံ​ခဲ့​ရသည့် မှတ်တမ်း​ရှိသည်။ သို့ရာတွင် အခြား​အဖြစ်အပျက်​များ​ကော အသို့နည်း။ (တမန်​တော် ၁၆:၂၂၊ ၂၃) ၎င်း​အချိန်အတွင်း ရှောလုသည် “ဘာသာရေး​အာဏာပိုင်​များနှင့် မြို့​ပြ​အာဏာပိုင်​များ​က ညှဉ်းပန်း​ကြ​ရသည့်​အထိ ဒို​င်​အာ​စ​ပေါ​ရား​နယ်​ရှိ တရား​ဇရပ်​များ​တွင် ခရစ်တော်​အကြောင်း သက်သေခံ​နေသည်” ဟု​စာရေး​ဆရာ​တစ်ဦး​က ဖော်ပြ​သည်။

ရှောလုသည် သင်္ဘော​ပျက်​ခြင်း​ကို သုံးကြိမ်​ကြုံတွေ့​ခဲ့​ရ​သော်လည်း ကောရိန္သု​မြို့သား​များ​ထံ စာရေး​၍ သူ၏​အခက်အခဲ​တစ်ခု​ချင်း​စီ​ကို ဖော်ပြ​ပြီး​နောက်​မှ​ဖြစ်ပျက်​သည့် သင်္ဘော​ပျက်​ခြင်း​တစ်ခု​အကြောင်းကို​သာ သမ္မာကျမ်းစာ​က အသေးစိတ်​ဖော်ပြ​သည်။ (တမန်​တော် ၂၇:၂၇-၄၄) ထို့​ကြောင့် အခြား​သုံးခု​သည် ကျွန်ုပ်​တို့​လုံးဝ​မသိ​ရသော ရေကြောင်း​ခရီးစဉ်​များ​အတွင်း ဖြစ်ပျက်​ခဲ့​ဖွယ်​ရှိသည်။ အဆိုပါ​အဖြစ်အပျက်​တစ်ခုခု သို့​မဟုတ် အားလုံး​သည် “တိမ်​မြုပ်​နေသော​နှစ်များ” အတွင်း​ဖြစ်ပျက်​ခဲ့​လျှင် ယုဒပြည်​သို့ သတင်း​ပြန်ရောက်​ဖို့​မှာ အံ့ဩစရာ​မဟုတ်ပါ!

ထို​အချိန်တွင်​ဖြစ်ပျက်​ခဲ့​ပုံ​ရှိသည့် နောက်​အဖြစ်အပျက်​တစ်ခု​ကို ၂ ကောရိန္သု ၁၂:၂-၅ တွင်​ဖော်ပြ​ထား​သည်။ ‘တစ်ဆယ့်​လေးနှစ်​အထက်​က ခရစ်တော်​၏​တပည့်ဖြစ်​သော လူတစ်ယောက်ကို တတိယ​ကောင်းကင်၊ ပရဒိသု​ဘုံ​သို့ ချီဆောင်​၍ လူ​မပြော​အပ် မပြော​နိုင်သော​စကား​ကို ကြားစေ​ခဲ့​ကြောင်း ငါ​သိ​၏’ ဟူ၍​ရှောလု​ဆို​ခဲ့​သည်။ ရှောလုသည် သူ့​အကြောင်းကို ပြောပြ​နေ​ပုံ​ရှိသည်။ ၎င်းကို စီ.အီး. ၅၅ ခုနှစ်​ခန့်​က သူ​ရေးခဲ့​သဖြင့် ထို​နှစ်​မတိုင်မီ ၁၄ နှစ်​သည် “တိမ်​မြုပ်​နေသော​နှစ်များ” အလယ် စီ.အီး. ၄၁ တွင်​ဖြစ်​ပေ​လိမ့်​မည်။

ထို​အဆင်းအာရုံ​က ရှောလု​ကို ထူးခြားသော​ထိုးထွင်း​သိမြင်မှု အမှန်​ရရှိစေ​ခဲ့​မည်။ သူ့ကို “တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော​တမန်​တော်” ဖြစ်စေ​ဖို့​အတွက်​လော။ (ရောမ ၁၁:၁၃) ၎င်း​က နောက်ပိုင်း​တွင် သူ၏​တွေးတော၊ ရေးသားပုံ​နှင့် စကားပြော​ဆို​ပုံ​တို့ကို အကျိုး​သက်ရောက်​ခဲ့​သလော။ ရှောလု ဘာသာ​ပြောင်း​ပြီး အန္တိအုတ်မြို့​သို့ သူ့ကို​ခေါ်​လိုက်​သည့် ကြား​နှစ်များ​အတွင်း​အဖြစ်အပျက်​တို့​က အနာဂတ်​တွင် သူ​ထမ်းဆောင်​ရမည့်​တာဝန်​များ​အတွက် သူ့ကို လေ့ကျင့်ပေး​ပြီး ရင့်ကျက်​စေ​ခဲ့​သလော။ ဤ​မေးခွန်းများ​၏​အဖြေ​များသည် မည်သို့​ပင်​ဖြစ်ပါစေ၊ အန္တိအုတ်မြို့​တွင် ဟောပြောခြင်း​လုပ်ငန်း​၌ ဝိုင်းဝန်း​ကူညီ​ဦးဆောင်​ရန် ရှောလု​ကို ဗာနဗ​ခေါ်​လိုက်​သည့်​အချိန်တွင် ဇွဲ​လုံ့လ​ရှိသော​ရှောလုသည် တာဝန်​ကျေပွန်​မည့်​သူ​ဖြစ်​ရန် အရည်အချင်း​အပြည့်​ရှိသူ​ဖြစ်သည်။—တမန်​တော် ၁၁:၁၉-၂၆

[စာမျက်နှာ ၂၅ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ရှုရိ

အော့​ရာ​န်​တီ​ဇ်

န္တိ​အုတ်

စ​လူး​ရှာ

အ​ကုပရု​ပြည်

မြေထဲပင်လယ်

ယေရုရှလင်

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အပေါ်– မျက်မှောက်ခေတ် အန္တိအုတ်မြို့

အလယ်– စ​လူး​ရှာ​၏​တောင်ပိုင်း​မြင်ကွင်း

အောက်– စ​လူး​ရှာ​၏​ဆိပ်ကမ်း​တံတိုင်း