အပြစ်ချည်းမြင်သူများ—သင့်ကိုလွှမ်းမိုးခဲ့သလော
အပြစ်ချည်းမြင်သူများ—သင့်ကိုလွှမ်းမိုးခဲ့သလော
“အပြစ်ချည်းမြင်သူသည် လူတစ်ဦး၏ကောင်းရာကို ဘယ်သောအခါမျှမမြင်၊ အဆိုးကိုမူကား အမြဲမြင်တတ်သူဖြစ်သည်။ သူသည် အလင်းကွယ်၍ အမှောင်ထဲတွင်ကျက်စားသော လူ့ဇီးကွက်ဖြစ်ပြီး ပုပ်စပ်ရာကိုရှာဖွေကာ ကောင်းမြတ်ရာကို ဘယ်သောအခါမျှမမြင်တတ်ချေ။” ဤစကားသည် ၁၉ ရာစုမှ အမေရိကန်ခရစ်ယာန်ဓမ္မဆရာ ဟင်နရီဝေါ့ဒ်ဘီချာ၏စကားဖြစ်သည်ဟု ဆိုကြသည်။ ၎င်းသည် မျက်မှောက်ခေတ်အပြစ်ချည်းမြင်သူတစ်ဦး၏စိတ်ဓာတ်ကို အတိအကျဖော်ညွှန်းသည်ဟု လူများယူမှတ်ကြ၏။ သို့သော် “အပြစ်ချည်းမြင်သူ” ဟူသောစကားလုံးသည် ရှေးဂရိနိုင်ငံမှအစပြုခဲ့၍ ထိုသို့သောစိတ်ထားရှိသူတစ်ဦးကိုသာ ဖော်ညွှန်းသည်မဟုတ်ပေ။ ရာစုနှစ်များစွာတိုင်အောင် အတွေးအခေါ်ပညာရှင်များအဖွဲ့တစ်ဖွဲ့ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
အပြစ်ချည်းမြင်သူများ၏ အတွေးအခေါ်သည် မည်သို့စတင်ပေါ်ပေါက်ခဲ့သနည်း။ သူတို့သည် အဘယ်အရာကို သွန်သင်ပေးခဲ့ကြသနည်း။ ခရစ်ယာန်တစ်ဦးတွင် အပြစ်ချည်းမြင်သူတစ်ဦး၏စရိုက်များရှိလျှင် ကောင်းမည်လော။
ရှေးအပြစ်ချည်းမြင်သူများ—သူတို့၏ဇာစ်မြစ်နှင့်ယုံကြည်ချက်များ
ရှေးဂရိနိုင်ငံသည် ဆွေးနွေးပွဲ၊ စကားရည်လုပွဲ ပြုလုပ်ရာအရပ်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ်အထိ ရာစုနှစ်များတစ်လျှောက် ဆိုကရေးတီး၊ ပလေတိုနှင့် အရစ္စတိုတယ်အစရှိသူတို့သည် သူတို့ကို နာမည်ကျော်ကြားစေခဲ့သည့် အတွေးအခေါ်များကို စတင်ဖော်ပြခဲ့ကြ၏။ သူတို့၏သွန်သင်ချက်များသည် လူတို့အပေါ် အကြီးအကျယ်အကျိုးသက်ရောက်ခဲ့ရာ အနောက်တိုင်းယဉ်ကျေးမှုတွင် ၎င်းသဘောတရားများကို တွေ့ရှိနေရဆဲဖြစ်သည်။
စည်းစိမ်ဥစ္စာရှာဖွေခြင်း သို့မဟုတ် ကာမဂုဏ်ခံစားခြင်းတို့တွင် တည်မြဲသောပျော်ရွှင်မှုကို မတွေ့ရှိနိုင်ဟု ဆိုကရေးတီး (ဘီ.စီ.အီး. ၄၇၀-၃၉၉) ကစောဒကတက်ခဲ့၏။ မွန်မြတ်ရာကိုရှာပုံတော်ဖွင့်မှသာ ပျော်ရွှင်မှုအစစ်အမှန်ရရှိနိုင်ကြောင်း သူက အခိုင်အမာပြောဆိုခဲ့သည်။ မွန်မြတ်ရာသည် အကောင်းတကာ့အကောင်းဆုံးဖြစ်သည်ဟု ဆိုကရေးတီးယူမှတ်ခဲ့သည်။ ၎င်းပန်းတိုင်သို့ ရောက်ရှိရန်အတွက် သူသည် ဇိမ်ခံပစ္စည်းများနှင့် မလိုအပ်သောကြိုးစားအားထုတ်မှုများကို ငြင်းပယ်ခဲ့သည်။ ယင်းတို့သည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ဟု သူထင်မှတ်ခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကို လုံးလုံးလျားလျားငြင်းပယ်ပြီး တော်သင့်ရုံမျှ ရိုးရှင်းခြိုးခြုံစွာ နေထိုင်ခဲ့သည်။
ဆိုကရေးတီးသည် ဆိုကရေးတီးနည်းပညာဟု ကျော်ကြားလာသော သွန်သင်နည်းသစ်တစ်ခုကို ပြုစုခဲ့သည်။ အတွေးအခေါ်သမားအများစုက အတွေးအခေါ်တစ်ခုကို တင်ပြ၍ ယင်းကိုထောက်ခံသည့်အချက်အလက်များကို ဖော်ပြခဲ့ကြသော်လည်း ဆိုကရေးတီးသည် ၎င်းနှင့်ဆန့်ကျင်ဘက်ပြုလုပ်ခဲ့သည်။ သူသည် အခြားအတွေးအခေါ်ပညာရှင်များ၏ သီအိုရီများကိုနားထောင်၍ သူတို့၏အတွေးအခေါ်အမှားများကို ထောက်ပြရန် ကြိုးစားခဲ့၏။ ဤနည်းကား သူတစ်ပါးကို အပြစ်ရှာ၊ မခန့်လေးစားပြုလိုစိတ် ဖြစ်ပေါ်လာစေခဲ့သည်။
ဆိုကရေးတီး၏နောက်လိုက်များတွင် အဲန်တီးသနစ္စအမည်ရှိ အတွေးအခေါ်ပညာရှင်တစ်ဦး (ဘီ.စီ.အီး. ၄၄၅-၃၆၅ ခန့်) ပါဝင်သည်။ သူနှင့် အခြားသူများစွာတို့က မွန်မြတ်ရာသည် တစ်ခုတည်းသောကောင်းမှုဖြစ်သည်ဟု ပြောဆိုခြင်းဖြင့် ဆိုကရေးတီး၏အခြေခံသွန်သင်ချက်ကို ထပ်ဆင့်ခဲ့၏။ ဤသူတို့အတွက် အပျော်အပါးလိုက်စားခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမျှမက ဆိုးရွားမှုတစ်ခုပင်ဖြစ်သည်။ သူတို့သည် လူမှုရေးအလွန်အမင်းခေါင်းပါးလာကာ လူလူချင်းကို အကြီးအကျယ်အထင်အမြင်သေးခဲ့ကြသည်။ သို့ဖြင့် သူတို့သည် အပြစ်ချည်းမြင်သူများဟု အမည်တွင်လာလေသည်။ အပြစ်ချည်းမြင်သူဟူသောအမည်သည် သူတို့၏သုန်မှုန်ပြီးမောက်မာသော အပြုအမူကိုလှစ်ဟဖော်ပြသည့် ဂရိစကားလုံး (ကိုင်နီကော့စ်) မှဆင်းသက်လာပုံရှိနိုင်သည်။ ၎င်းကား “ခွေးနှင့်တူသည်” ဟူသောအဓိပ္ပာယ်ရသည်။ *
သူတို့၏ဘဝလမ်းစဉ်အပေါ် အကျိုးသက်ရောက်မှု
စည်းစိမ်ဥစ္စာရှာခြင်းနှင့် စိတ်အလိုလိုက်ခြင်းတို့ကို ဆန့်ကျင်ခြင်းကဲ့သို့ အပြစ်ချည်းမြင်သူအတွေးအခေါ်၏ ဤအခြေခံအပိုင်းများကို ချီးကျူးထိုက်ဖွယ်အဖြစ် ရှုမြင်ခဲ့ကြမည်ဖြစ်သော်လည်း အပြစ်ချည်းမြင်သူများသည် သူတို့၏အတွေးအခေါ်များကို တစ်ဖက်စွန်းရောက်စေခဲ့ကြသည်။ ယင်းသည် နာမည်အကျော်ကြားဆုံး အပြစ်ချည်းမြင်သူ အတွေးအခေါ်ပညာရှင် ဒိုင်အောဂျနီးစ်၏အသက်တာတွင် ပေါ်လွင်ပါသည်။
ဒိုင်အောဂျနီးစ်သည် ပင်လယ်နက်ပေါ်ရှိ ဆဲနိုပီမြို့တွင် ဘီ.စီ.အီး. ၄၁၂ ခုနှစ်၌ မွေးဖွားခဲ့၏။ သူသည် ဖခင်နှင့်အတူ အေသင်မြို့သို့ပြောင်းရွှေ့ပြီးနောက် အပြစ်ချည်းမြင်သူများ၏ သွန်သင်ချက်များကိုသိရှိလာခဲ့သည်။ ဒိုင်အောဂျနီးစ်ကို အဲန်တီးသနစ္စက သင်ကြားပေးခဲ့ရာ သူသည် အပြစ်ချည်းမြင်သူအတွေးအခေါ်၏ လောင်းရိပ်မိလာခဲ့သည်။ ဆိုကရေးတီးသည် ရိုးစင်းစွာ နေထိုင်ခဲ့ပြီး အဲန်တီးသနစ္စမူကား အလွန်ခြိုးခြုံစွာနေခဲ့သည်။ သို့သော် ဒိုင်အောဂျနီးစ်မှာမူ အလွန့်အလွန်ခြိုးခြုံစွာ နေထိုင်ခဲ့၏။ ဒိုင်အောဂျနီးစ်သည် စည်းစိမ်များစွန့်ကြောင်းကို သိသာထင်ရှားစေရန် စည်ပိုင်းအတွင်း တစ်ခဏနေထိုင်ခဲ့သည်ဟု ဆိုစမှတ်ပြုကြသည်!
အကောင်းတကာ့အကောင်းဆုံးကို ရှာပုံတော်ဖွင့်ခြင်းငှာ ဒိုင်အောဂျနီးစ်သည် မီးညှိထားသောမီးအိမ်တစ်လုံးနှင့် နေ့ခင်းကြောင်တောင်တွင် မွန်မြတ်သူတစ်ဦးကို အေသင်မြို့တစ်ခွင် လမ်းလျှောက်၍ ရှာဖွေခဲ့သည်ဟုဆိုကြသည်! ဤသို့သောအပြုအမူသည် အာရုံစိုက်ခြင်းခံရ၏၊ ဤမည်ကား ဒိုင်အောဂျနီးစ်နှင့် အခြားအပြစ်ချည်းမြင်သူများ၏ သွန်သင်နည်းတစ်ခုဖြစ်ခဲ့သည်။ တစ်ချိန်က မဟာအလက်ဇန္ဒြားသည် အဘယ်အရာကိုအလိုချင်ဆုံးလဲဟု ဒိုင်အောဂျနီးစ်ကို မေးခဲ့သည်ဟု ဆိုစမှတ်ရှိခဲ့သည်။ အများအဆိုအရ ဒိုင်အောဂျနီးစ်က နေရောင်မပိတ်ဆို့စေရန် အလက်ဇန္ဒြားဘေးဖယ်ပေးပါဟုသာ ပြောခဲ့ကြောင်းဆိုသည်!
ဒိုင်အောဂျနီးစ်နှင့် အခြားအပြစ်ချည်းမြင်သူများသည် သူတောင်းစားသဖွယ် နေထိုင်ခဲ့ကြသည်။ သူတို့တွင် လူတို့နှင့်ပေါင်းသင်းဆက်ဆံမှုအတွက် အချိန်မရှိခဲ့သည့်အပြင် နိုင်ငံသားများ၏တာဝန်ကိုလည်း ငြင်းပယ်ခဲ့ကြသည်။ ဆိုကရေးတီး၏အချေအတင်ပြောဆိုနည်း လွှမ်းမိုးခံရပုံရှိ၍ သူတို့သည် သူတစ်ပါးကို အလွန်မခန့်လေးစားပြုလာခဲ့ကြ၏။ ဒိုင်အောဂျနီးစ်သည် စော်ကားမော်ကားပြောဆိုတတ်သူအဖြစ် နာမည်ကြီးခဲ့သည်။ အပြစ်ချည်းမြင်သူများသည် “ခွေးနှင့်တူသည်” ဟူသောအမည်ရလာကြ၏၊ ဒိုင်အောဂျနီးစ်ကိုမူကား ခွေးဟုပင်ခေါ်ဆိုခဲ့ကြသည်။ သူသည် အသက် ၉၀ ခန့်ရှိချိန် ဘီ.စီ.အီး. ၃၂၀ ၌ကွယ်လွန်ခဲ့သည်။ သူ၏အုတ်ဂူပေါ်တွင် ခွေးပုံသဏ္ဌာန် စကျင်ကျောက်တိုင်ကို စိုက်ထူခဲ့သည်။
အပြစ်ချည်းမြင်သူအတွေးအခေါ်၏ အသွင်အပြင်အချို့ကို အခြားအတွေးအခေါ်ပညာရှင်အုပ်စုများက လက်ခံယူခဲ့ကြသည်။ သို့သော် အချိန်တန်သောအခါ ဒိုင်အောဂျနီးစ်နှင့် နောက်ပိုင်းတွင် သူ၏နောက်လိုက်များဖြစ်လာသူတို့၏ ထူးခြားသောအကျင့်များကြောင့် အပြစ်ချည်းမြင်သူအဖွဲ့သည် နာမည်ပျက်လာခဲ့ရ၏။ နောက်ဆုံး၌ ၎င်းအဖွဲ့သည် လုံးဝပျောက်ကွယ်သွားလေသည်။
ယနေ့ အပြစ်ချည်းမြင်သူများ—သူတို့၏စရိုက်များကို သင်ပြသသင့်သလော
အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန်က မျက်မှောက်ခေတ်အပြစ်ချည်းမြင်သူတစ်ဦးကို “စော်ကားမော်ကားပြောသူ သို့မဟုတ် ဝေဖန်ပြစ်တင်တတ်သူအဖြစ်၊ . . . လူ့သဘောနှင့်အပြုအမူများ၏ ရိုးသားမှန်ကန်မှု၊ သို့မဟုတ် ကောင်းမြတ်မှုတို့ကို အယုံအကြည်ကင်းမဲ့သောသဘောရှိပြီး ပြောင်လှောင်သရော်၊ ငေါ့တော့တော့စကားများဖြင့် ယင်းစိတ်ထားများကိုဖော်ပြ ပြောဆိုတတ်သူ၊ မထီလေးစားနှင့်အပြစ်ရှာသူအဖြစ်” ဖော်ညွှန်းထားသည်။ လောကတစ်ခွင်တွင် ဤအကျင့်စရိုက်များ ပေါ်လွင်ထင်ရှားနေသော်လည်း ယင်းတို့သည် ခရစ်ယာန်ဥပဓိရုပ်နှင့် သဟဇာတမဖြစ်ပါ။ အောက်ဖော်ပြပါ သမ္မာကျမ်းစာသွန်သင်ချက်များနှင့်မူများကို သုံးသပ်ကြည့်ပါ။
“ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘောရှိတော်မူ၏။ အစဉ်မပြတ်အပြစ်တင်တော်မူသည်မဟုတ်၊ အငြိုးကိုအမြဲထားတော်မူသည်မဟုတ်။” (ဆာလံ ၁၀၃:၈၊ ၉) ခရစ်ယာန်များသည် “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြ” ရမည်ဟုမှာကြားခံရကြသည်။ (ဧဖက် ၅:၁) . . . တန်ခိုးရှင်ဘုရားသခင်သည် “စော်ကားမော်ကားပြောဆို၊ ပြစ်တင်ဝေဖန်” မည့်အစား သနားခြင်းကရုဏာကြွယ်ဝစွာတင်ပြရန် ရွေးချယ်လျှင် ခရစ်ယာန်များလည်း ထိုနည်းတူပြုမူကြရန် အမှန်တကယ်ပင်ကြိုးစားသင့်သည်။
ယေဟောဝါ၏ပုံသဏ္ဌာန်တော်အတိုင်းဖြစ်သည့် ယေရှုခရစ်သည် ‘ခြေရာကို အနီးကပ်လိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူ’ ခဲ့သည်။ (၁ ပေတရု ၂:၂၁; ဟေဗြဲ ၁:၃) တစ်ခါတစ်ရံ ယေရှုသည် ဘာသာရေးမှားယွင်းမှုများကို လှစ်ဟဖော်ပြခဲ့ကာ လောက၏အကျင့်ဆိုးများကို ဖော်ထုတ်ခဲ့သည်။ (ယောဟန် ၇:၇) သို့တိုင် ကိုယ်တော်သည် စိတ်ရင်းမှန်သူများကို ချီးမွမ်းစကားပြောဆိုခဲ့သည်။ ဥပမာ၊ နာသနေလနှင့်ပတ်သက်၍ ကိုယ်တော်က “လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့” ဟူ၍မိန့်ဆိုခဲ့၏။ (ယောဟန် ၁:၄၇) ယေရှုသည် အံ့ဖွယ်အမှုပြုလုပ်သောအခါ လက်ခံရရှိသူ၏ယုံကြည်ခြင်းကို အာရုံစိုက်စေခဲ့သည်။ (မဿဲ ၉:၂၂) ထို့ပြင် အမျိုးသမီးတစ်ဦး၏ကျေးဇူးတင်လေးမြတ်မှုကို အချို့က ဖြုန်းတီးမှုဟု ယူဆခဲ့ကြသောအခါ ယေရှုသည် သူ၏စိတ်သဘောကို အပြစ်မမြင်ခဲ့ဘဲ “ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၆-၁၃) ယေရှုသည် မိမိ၏နောက်လိုက်များကို “အဆုံးတိုင်အောင်ချစ်တော်မူ” ပြီးယုံကြည်ကိုးစားထိုက်သော မိတ်ဆွေတစ်ဦးဖြစ်သည့်အပြင် ချစ်ခင်ကြင်နာတတ်သောအဖော်လည်းဖြစ်ခဲ့၏။—ယောဟန် ၁၃:၁။
ယေရှုသည် စုံလင်သောကြောင့် မစုံလင်သူများကို အလွယ်တကူအပြစ်မြင်နိုင်သည်။ သို့သော် ကိုယ်တော်သည် မယုံသင်္ကာ အပြစ်ရှာစိတ်ဓာတ်မျိုး တင်ပြမည့်အစား လူတို့ကို သက်သာစေရန် ကြိုးစားခဲ့၏။—“[မေတ္တာသည်] ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။” (၁ ကောရိန္သု ၁၃:၇) ထိုဖော်ပြချက်သည် သူတစ်ပါး၏စိတ်သဘောနှင့်အပြုအမူများကို စစ်ကြောတတ်သည့် အပြစ်ရှာသမား၏စိတ်သဘောနှင့် လားလားကြီးဆန့်ကျင်သည်။ မှန်ပါသည်၊ ဤလောကတွင် မရိုးသားသူများ ပြည့်နှက်လျက်ရှိသည်; ထို့ကြောင့် သတိရှိဖို့လိုသည်။ (သု. ၁၄:၁၅) မည်သို့ပင်ဖြစ်ပါစေ၊ မေတ္တာသည် လွန်ကျွံစွာသံသယမရှိတတ်ဘဲ ယုံကြည်ကိုးစားတတ်သောကြောင့် ယုံကြည်ရန် အသင့်ရှိသည်။
ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ချစ်မြတ်နိုးကာ ယုံကြည်ကိုးစားတော်မူသည်။ ကိုယ်တော်သည် သူတို့ထက်ပင် သူတို့၏ချို့ယွင်းချက်များကို သိတော်မူသည်။ သို့သော် ယေဟောဝါသည် မိမိ၏လူတို့ကို ဘယ်သောအခါမျှ သံသယနှင့် မဆက်ဆံ၊ သူတို့တတ်နိုင်သည်ထက် ပိုလုပ်ဆောင်ရန် ကိုယ်တော်မမျှော်လင့်ချေ။ (ဆာလံ ၁၀၃:၁၃၊ ၁၄) ထို့ပြင် ဘုရားသခင်သည် လူသားများတွင် ကောင်းရာမွန်ရာကို ရှာကြည့်ကာ မစုံလင်သော်လည်း သစ္စာစောင့်သိသော မိမိ၏ကျေးကျွန်များကို ယုံကြည်စိတ်ချစွာဖြင့် အခွင့်အရေးများနှင့် လုပ်ပိုင်ခွင့်များ ပေးအပ်သည်။—၃ ဓမ္မရာဇဝင် ၁၄:၁၃; ဆာလံ ၈၂:၆။
“ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။” (ယေရမိ ၁၇:၁၀) ယေဟောဝါသည် လူ့နှလုံးကိုအတိအကျသိနိုင်တော်မူသည်။ ကျွန်ုပ်တို့ကား မသိနိုင်ပေ။ ထို့ကြောင့် အခြားသူများတွင် တစ်စုံတစ်ရာသောရည်ရွယ်ချက်များရှိသည်ဟု မဆိုကြဖို့ရန် ဂရုစိုက်ရကြမည်။
ကျွန်ုပ်တို့တွင် အပြစ်ချည်းမြင်သူစိတ်ဓာတ်ကို အမြစ်တွယ်စေပြီး နောက်ဆုံး၌ ကျွန်ုပ်တို့၏အတွေးအခေါ်ကို လွှမ်းမိုးခွင့်ပြုခြင်းသည် ကျွန်ုပ်တို့နှင့်ယုံကြည်သူချင်းများကြားတွင် စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်လာစေနိုင်သည်။ ယင်းသည် ခရစ်ယာန်အသင်းတော်၏ငြိမ်သက်မှုကို ပြိုကွဲသွားစေနိုင်သည်။ ထို့ကြောင့် တပည့်တော်များနှင့် ဆက်ဆံရာတွင် လက်တွေ့ကျပြီး အပြုသဘောရှိခဲ့သည့် ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ကြစို့လေ။ ကိုယ်တော်သည် တပည့်တော်များ၏ ယုံကြည်စိတ်ချအပ်သောမိတ်ဆွေ ဖြစ်လာခဲ့လေ၏။—ယောဟန် ၁၅:၁၁-၁၅။
“သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့။” (လုကာ ၆:၃၁) ယေရှုခရစ်၏အဆိုပါဆုံးမစကားကို လက်တွေ့ကျင့်သုံးရန် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့အားလုံးသည် ကြင်နာပြီးရိုသေစွာပြောဆိုဆက်ဆံခံရခြင်းကို နှစ်သက်ကြ၏။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် သူတစ်ပါးကို ကြင်နာပြီးရိုသေစွာ ပြောဆိုသင့်သည်မှာအမှန်ပင်။ ယေရှုသည် ဘာသာရေးခေါင်းဆောင်များ၏ မှားယွင်းသောသွန်သင်ချက်များကို ပိုင်နိုင်စွာဖော်ထုတ်ခဲ့သောအခါ၌ပင် အပြစ်ရှာသောသဘောမျိုးဖြင့် ဘယ်သောအခါမျှမပြုလုပ်ခဲ့ချေ။—မဿဲ ၂၃:၁၃-၃၆။
အပြစ်ချည်းမြင်သဘောထားကို တွန်းလှန်နည်းများ
ကျွန်ုပ်တို့သည် စိတ်ဓာတ်ကျဆင်းမှုများ ကြုံတွေ့ခဲ့ရဖူးလျှင် အပြစ်ချည်းမြင်သဘောထား၏လွှမ်းမိုးမှုကိုခံရရန် လွယ်ကူလာပေမည်။ ယေဟောဝါသည် မစုံလင်သောသူများနှင့် ယုံကြည်စိတ်ချစွာဆက်ဆံခဲ့ကြောင်းကို သဘောပေါက်ခြင်းအားဖြင့် အဆိုပါသဘောထားကို ကျွန်ုပ်တို့တွန်းလှန်နိုင်ကြ၏။ ဤသို့ပြုခြင်းဖြင့် ဘုရားသခင်ကိုဝတ်ပြုသူအချင်းချင်းသည် ကောင်းမှုကိုကြိုးစားပြုလုပ်နေကြသည့် မစုံလင်သောလူသားချင်းဖြစ်ကြသည်ကို လက်ခံနိုင်ရန် အကူအညီရပေမည်။
နာကြည်းဖွယ်အတွေ့အကြုံများက လူတို့ကိုအယုံအကြည်ကင်းမဲ့စေတတ်သည်။ မှန်ပါ၏၊ မစုံလင်သူများကို ကျွန်ုပ်တို့ ပုံအပ်ယုံကြည်ခြင်းသည် ပညာမဲ့ရာကျသည်။ (ဆာလံ ၁၄၆:၃၊ ၄) သို့တိုင် ခရစ်ယာန်အသင်းတော်တွင် အရိုးခံစိတ်ဖြင့် အားပေးလိုသူ များစွာရှိကြပေမည်။ ကိုယ်ပိုင်မိသားစုများ ဆုံးရှုံးခဲ့ကြသူတို့အတွက် အမိ၊ အဖ၊ ညီအစ်ကိုညီအစ်မနှင့် သားသမီးများသဖွယ်ဖြစ်ကြသော ထောင်နှင့်ချီသူတို့ကို ထည့်စဉ်းစားကြည့်ပါလေ။ (မာကု ၁၀:၃၀) စိတ်သောကရောက်ချိန်များ၌ မိတ်ဆွေစစ်များဖြစ်ကြောင်း ထင်ရှားစွာတင်ပြခဲ့သောသူများစွာကို ထည့်စဉ်းစားကြည့်ပါ။ *—သု. ၁၈:၂၄။
ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟုမိန့်တော်မူခဲ့သောကြောင့် ယေရှု၏နောက်လိုက်များကို ခွဲခြားဖော်ပြသည်ကား အပြစ်ချည်းမြင်သဘောထားမဟုတ်ဘဲ ညီအစ်ကိုချင်းမေတ္တာဖြစ်သည်။ (ယောဟန် ၁၃:၃၅) ထို့ကြောင့် ခရစ်ယာန်ချင်းများကို မေတ္တာပြကြစို့လေ၊ အချင်းချင်း၏ အရည်အချင်းကောင်းများကို ဂရုစိုက်ကြည့်ကြစို့လေ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အပြစ်ချည်းမြင်သူ၏အကျင့်စရိုက်များကို ရှောင်ရှားနိုင်ရန် အထောက်အကူရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 ဖြစ်နိုင်သေးသည်ကား အပြစ်ချည်းမြင်သူအမည်သည် အဲန်တီးသနစ္စသွန်သင်ခဲ့သည့် အေသင်မြို့ရှိ ကိုင်နိုဆာဂျီစ်အားကစားရုံအမည်မှဖြစ်ပေါ်လာခြင်းဖြစ်သည်။
^ အပိုဒ်၊ 27 ၁၉၉၉၊ မေ ၁၅ ကင်းမျှော်စင်မှ “ခရစ်ယာန်အသင်းတော်—နှစ်သိမ့်မှုပေးရာရင်းမြစ်” ဆောင်းပါးရှု။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အကျော်ကြားဆုံး အပြစ်ချည်းမြင်သူ ဒိုင်အောဂျနီးစ်
[Credit Line]
မဟာအမျိုးသားများနှင့် ကျော်ကြားသောအမျိုးသမီးများ စာအုပ်မှ