ကျွန်ုပ်တို့မျှော်လင့်ရာများ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သင့်သနည်း
ကျွန်ုပ်တို့မျှော်လင့်ရာများ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သင့်သနည်း
မျှော်လင့်ချက်များပြည့်စုံလာပြီး ရည်မှန်းချက်များပြည့်ဝအောင်မြင်လာပါက စိတ်ကျေနပ်ရောင့်ရဲမှုရှိစေသည်။ သို့သော် ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် မျှော်လင့်ချက်အများအပြားသည် ကျွန်ုပ်တို့၏ဆန္ဒအတိုင်း ဖြစ်မလာကြောင်းကို ဝန်ခံရပေမည်။ ဘဝတွင် စိတ်ပျက်ဖွယ်ရာများ ထပ်ခါတလဲပြန်ဖြစ်ပျက်ခြင်းက မိမိကိုယ်ကိုနှင့် အခြားသူများကိုပင် အမျက်ဒေါသထွက်လာစေနိုင်သည်။ ပညာရှိတစ်ဦးက– “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကိုပူပန်စေတတ်၏” ဟုလျောက်ပတ်စွာဖော်ပြခဲ့သည်။—သု. ၁၃:၁၂။
စိတ်ပျက်စေနိုင်သည့် အကြောင်းအချို့ကား အဘယ်နည်း။ ကျွန်ုပ်တို့မျှော်လင့်ရာများသည် အကျိုးသင့်အကြောင်းသင့်ရှိစေရန် မည်သို့လုပ်ဆောင်နိုင်သနည်း။ ထို့ပြင် ယင်းသို့ပြုခြင်းသည် ကျွန်ုပ်တို့အကျိုးအတွက် အဘယ်ကြောင့်ဖြစ်သနည်း။
မျှော်လင့်ရာများနှင့် စိတ်ပျက်ဖွယ်ရာများ
ယခုခေတ် လျင်မြန်လှသည့်ဘဝပုံစံကြောင့် အလျဉ်မီရန် ပို၍ကြိုးစားလေ နောက်ကျကျန်ရစ်လေ ဖြစ်ပုံရှိသည်။ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားကို မရပ်မနားစိုက်ထုတ်ပေးနေရပြီး ရည်ရွယ်ထားသည့်အတိုင်း မဖြစ်လာသည့်အခါ ကိုယ့်ကိုယ်ကိုအပြစ်တင်တတ်ကြပေသည်။ အခြားသူများကို ကျွန်ုပ်တို့ စိတ်ပျက်စေပြီဟု စ၍ပင် ခံစားလာနိုင်ပေသည်။ သားသမီးပြုစုပျိုးထောင်ခြင်း၏ ဖိစီးမှုကိုသိရှိသူ ဇနီးလည်းဖြစ်၊ မိခင်လည်းဖြစ်သည့် စင်သီယာက “ကလေးတွေကို ကျွန်မဆုံးမပုံဟာ တစ်သမတ်တည်းမရှိတာရယ် သူတို့ကို ကောင်းကောင်းမလေ့ကျင့်ပေးဘူးလို့ခံစားရတာတွေက မခံမရပ်နိုင်စရာဖြစ်စေတယ်” ဟုပြောသည်။ ဆယ်ကျော်သက်အရွယ် စတက်ဖနီက သူ၏ပညာရေးနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ကျွန်မလုပ်ချင်တာတွေကိုလုပ်ဖို့ အချိန်မလုံလောက်ဘူး၊ အဲဒါက ကျွန်မကို စိတ်တိုစေတယ်။”
အကျိုးသင့်အကြောင်းသင့်မရှိဘဲ အလွန့်အလွန်မျှော်လင့်ခြင်းသည် လွယ်လွယ်ဖြင့် ပြီးပြည့်စုံလင်မှုဝါဒသို့ပြောင်းသွားနိုင်ပြီး ယင်းက အလွန်စိတ်ပျက်ဖွယ်ဖြစ်နိုင်သည်။ လူငယ်အိမ်ထောင်သည်တစ်ဦးဖြစ်သူ ဘင်က “ကျွန်တော့်ရဲ့အပြုအမူတွေ၊ အတွေးအခေါ်တွေ ဒါမှမဟုတ် ခံစားချက်တွေကို ပြန်ဆန်းစစ်ကြည့်တဲ့အခါ အဲဒီထက်ပိုကောင်းစေနိုင်တယ်ဆိုတာကို ကျွန်တော်အမြဲမြင်တယ်။ ပြီးပြည့်စုံလင်နိုင်ဖို့ ကျွန်တော်အမြဲတမ်းရှာကြံတဲ့အတွက် စိတ်တိုစရာ၊ အလိုမကျစရာနဲ့ စိတ်ပျက်စရာပဲဖြစ်စေတယ်” ဟုဝန်ခံသည်။ ခရစ်ယာန်ဇနီးသည်ဖြစ်သူဂေးလ်က– “ပြီးပြည့်စုံလင်မှုဝါဒီများရဲ့ အတွေးအခေါ်က မအောင်မြင်မှုကို ခွင့်မပြုဘူး။ ကျွန်မတို့ဟာ အလွန်ကောင်းတဲ့မိခင်တွေ၊ အလွန်ကောင်းတဲ့မိန်းမတွေ ဖြစ်ချင်ကြတယ်။ ကျွန်မတို့ပျော်နိုင်ဖို့ လုပ်သမျှအကျိုးရှိရမယ်၊ ဒါကြောင့် အလဟဿဖြစ်တဲ့အလုပ်ဟာ ကျွန်မတို့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်။”
ထို့ပြင် စိတ်ဓာတ်ကျစေသော အခြားအကြောင်းတစ်ခုမှာ ကျန်းမာရေးချို့တဲ့မှုနှင့် အသက်အရွယ်ကြီးရင့်မှုဖြစ်သည်။ လျော့နည်းလာသောလှုပ်ရှားမှုနှင့် ခွန်အားတို့က ကျွန်ုပ်တို့၏ကန့်သတ်ချက်များကိုဖော်ပြပြီး စိတ်ဓာတ်ကျမှုကို ပို၍တိုးပွားစေသည်။ “ကျွန်မ,မဖျားခင်က အလွယ်တကူလုပ်နေကျအလုပ်တွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက် ကိုယ့်ကိုယ်ကို ဒေါသထွက်မိတယ်” ဟုအဲလစ်ဇဘက်ကဝန်ခံသည်။
အထက်ပါတို့သည် စိတ်ဓာတ်ကျခြင်းကို အစပျိုးနိုင်သည့်အရာအချို့ဖြစ်သည်။ ၎င်းခံစားချက်များကို မထိန်းချုပ်လျှင် အခြားသူများသည် ကျွန်ုပ်တို့ကိုတန်ဖိုးမထားဟူ၍ပင် ထင်စေနိုင်သည်။ ထိုကြောင့် စိတ်ဓာတ်ကျခြင်းကိုဖြေရှင်းရန်နှင့် အကျိုးသင့်အကြောင်းသင့်မျှော်လင့်တတ်ရန် အပြုသဘောပါသည့် အဘယ်နည်းလမ်းများကို ကျွန်ုပ်တို့လိုက်လျှောက်နိုင်ကြမည်နည်း။
အကျိုးသင့်အကြောင်းသင့်ရှိသော မျှော်လင့်ချက်များ ပြုစုပျိုးထောင်ရန် နည်းလမ်းများ
ပထမဦးစွာ ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိပြီး နားလည်မှုရှိကြောင်းသတိရပါ။ “ငါတို့ ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟု ဆာလံ ၁၀၃:၁၄ ကသတိပေးသည်။ ယေဟောဝါသည် ကျွန်ုပ်တို့စွမ်းဆောင်နိုင်မှုများနှင့် ကန့်သတ်ချက်များကိုသိရှိထားရာ ကျွန်ုပ်တို့တတ်နိုင်သောအရာကိုသာ ကိုယ်တော်မျှော်လင့်တော်မူသည်။ ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုတော်မူရာတစ်ခုမှာ ‘[ကျွန်ုပ်တို့] ဘုရားသခင်နှင့်အတူ စိတ်နှိမ့်ချစွာသွားလာခြင်း’ ဖြစ်သည်။—မိက္ခာ ၆:၈၊ သမ္မာ။
ယေဟောဝါသည် မိမိထံဆုတောင်းခြင်းဖြင့် မှီခိုအားထားရန်လည်း တိုက်တွန်းသည်။ (ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇) သို့သော် ယင်းကကျွန်ုပ်တို့ကို မည်သို့ကူညီနိုင်သနည်း။ ဆုတောင်း ခြင်းက ကျွန်ုပ်တို့၏အတွေးအခေါ်ကို တည်ငြိမ်စေ၍ ဟန်ချက်ညီစေသည်။ စိတ်အားထက်သန်စွာဆုတောင်းခြင်းသည် အကူအညီလိုအပ်နေကြောင်း အသိအမှတ်ပြုခြင်းဖြစ်၍ ယင်းသည် ကျိုးနွံခြင်းနှင့် နှိမ့်ချခြင်း၏အမှတ်လက္ခဏာဖြစ်သည်။ ယေဟောဝါသည် ချစ်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်းနှင့် ချုပ်တည်းခြင်းပါဝင်သော ဝိညာဉ်အသီးများသီးစေသည့် သန့်ရှင်းသောဝိညာဉ်တော်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားရန် စိတ်အားထက်သန်တော်မူသည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃) ဆုတောင်းခြင်းသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားလျော့မှုကိုလည်း လျော့နည်းစေပါသည်။ ဆုတောင်းခြင်းအားဖြင့် “တခြားဘယ်နေရာကမှမရနိုင်တဲ့ နှစ်သိမ့်မှုကိုရတယ်” ဟု အဲလစ်ဇဘက်ကပြောပြသည်။ ကယ်ဗင်းကလည်း သဘောတူစွာနှင့် “ပြဿနာကိုဖြေရှင်းနိုင်ဖို့ ငြိမ်သက်တဲ့နှလုံးနဲ့ ကြည်လင်တဲ့စိတ်အတွက် ကျွန်တော်ဆုတောင်းတယ်။ ကျွန်တော့်ကို ယေဟောဝါဘယ်တော့မှစွန့်ပစ်မထားဘူး” ဟုပြောသည်။ တမန်တော်ပေါလုသည် ဆုတောင်းခြင်း၏ တန်ဖိုးကိုသိခဲ့သည်။ ယင်းကြောင့် သူကဤသို့အကြံပြုသည်– “သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါနှင့်ဆက်သွယ်ခြင်းသည် မိမိကိုယ်တိုင်နှင့် အခြားသူများထံမှ အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်တတ်ရန်ကူညီပေးရာ၌ အမှန်ပင်များစွာတာသွားသည်။
သို့သော် ရံဖန်ရံခါ စိတ်ချယုံကြည်နိုင်ဖွယ်စကားများကို ချက်ချင်းကြားနာလိုကြသည်။ အချိန်တန်၍ပြောသောစကားသည် လျောက်ပတ်ပေ၏။ ယုံကြည်စိတ်ချရပြီး ရင့်ကျက်သည့်မိတ်ဆွေတစ်ဦးနှင့် အတွင်းရေးနှီးနှောခြင်းသည် စိတ်ဓာတ်ကျ သို့မဟုတ် စိုးရိမ်နေစေသည့်အရာကို အမြင်သစ်ဖြင့်ရှုမြင်ရန် အကူအညီပေးသည်။ (သု. ၁၅:၂၃; ၁၇:၁၇; ၂၇:၉) စိတ်ပျက်စရာများကို ရင်ဆိုင်နေကြရသောလူငယ်များသည် မိဘ၏အကြံပေးချက်ကို ရယူခြင်းက ဟန်ချက်ညီမှုရှိစေကြောင်း သိလာကြသည်။ ကန်ဒီက ဤသို့ကျေးဇူးတင်စွာအသိမှတ်ပြုခဲ့သည်– “ကျွန်မမိဘတွေရဲ့ မေတ္တာပါတဲ့ညွှန်ကြားမှုက ကျွန်မကို ပိုအကျိုးသင့်အကြောင်းသင့်ရှိစေပြီး ဟန်ချက်ညီစေခဲ့တဲ့အတွက် ကျွန်မကို ပေါင်းသင်းလို့ကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေတယ်။” မှန်ပါသည်၊ နယပုံပြင် ၁:၈၊ ၉ ပါသတိပေးချက်သည် အခန့်သင့်ဆုံးဖြစ်သည်– “ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲဖြစ်ကြလိမ့်မည်။”
ပြီးပြည့်စုံလင်မှုဝါဒီအတွေးအခေါ်၏ အကျိုးဆက်ကို ဤဆိုရိုးစကားက ဆီလျော်စွာအကျဉ်းချုပ်တင်ပြသည်– “မိမိသတ်မှတ်ထားချက်နှင့်အညီ တစ်ထပ်တည်းကျရန် မျှော်လင့်ခြင်းသည် စိတ်ပျက်စရာကို လက်ယပ်ခေါ်ခြင်းသာဖြစ်မည်။” ယင်းကိုရှောင်ကြဉ်ရန် အတွေးအခေါ်ကိုပြုပြင်ဖို့လိုသည်။ စိတ်နှိမ့်ချခြင်းနှင့် ကျိုးနွံခြင်း—ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို အရှိအတိုင်းရှုမြင်တတ်ခြင်း—က ကျွန်ုပ်တို့တွင် ဟန်ချက်ညီပြီး အကျိုးသင့်အကြောင်းသင့်ရှိသည့် မျှော်လင့်ချက်ကို အမှန်ပင်ပျိုးထောင်ပေးမည်။ ထို့ကြောင့် “[ကိုယ့်ကိုယ်ကို] ထင်သင့်သည်အတိုင်းထက်လွန်၍မထင်” ရန်ရောမ ၁၂:၃ က လျောက်ပတ်စွာသတိပေးထားသည်။ ထပ်ဆင့်၍ ဖိလိပ္ပိ ၂:၃ တွင်လည်း နှိမ့်ချသောစိတ်ရှိရန်နှင့် သူတစ်ပါးသည် ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ဟုယူမှတ်ရန် အားပေးထားသည်။
အစောပိုင်းကဖော်ပြခဲ့သည့် အဲလစ်ဇဘက်သည် နေထိုင်မကောင်းခြင်းကြောင့် မိမိကိုယ်မိမိစိတ်မရှည်နိုင်ဖြစ်ခဲ့သည်။ သူသည် ကိစ္စရပ်များအပေါ် ယေဟောဝါ၏ရှုမြင်ပုံကိုသိရန်နှင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ကိုယ်တော်မမေ့ကြောင်း သိရှိခြင်းမှ စိတ်သက်သာမှုရရန် အချိန်လိုအပ်ခဲ့သည်။ ကောလင်းသည် အင်အားဆုတ်ယုတ်စေသောရောဂါကြောင့် မလှုပ်ရှားနိုင်ဖြစ်ခဲ့သည်။ ကျန်းမာရေးကောင်းစဉ်က သူလုပ်ဆောင်ခဲ့သော အမှုတော်ဆောင်ခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိ၏ဆောင်ရွက်မှုသည် တန်ဖိုးမရှိသလောက်ဖြစ်သည်ဟု အစပိုင်းက သူခံစားခဲ့ရသည်။ သို့သော် ၂ ကောရိန္သု ၈:၁၂ ကဲ့သို့သောကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ယင်းခံစားချက်များကို သူဖျောက်ဖျက်နိုင်ခဲ့သည်။ ၎င်းအခန်းငယ်က ဤသို့ဆိုသည်– “အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဖွယ်ဖြစ်၏။” “အရင်လောက် ကျွန်တော်မပေးနိုင်တော့ပေမဲ့လည်း အခုထိပေးနိုင်ပြီး အဲဒါကို ယေဟောဝါလက်ခံတာပဲ” ဟု ကောလင်းကဆိုသည်။ “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ကင်းတော်မူသည်မဟုတ်” ဟုဟေဗြဲ ၆:၁၀ [ကဘ] တွင် ကျွန်ုပ်တို့ကိုသတိပေးထားသည်။
ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များသည် အကျိုးသင့်အကြောင်းသင့်ရှိမရှိ မည်သို့ပိုင်းဖြတ်နိုင်မည်နည်း။ မိမိကိုယ်ကို ဤသို့မေးမြန်းပါ၊ ‘ငါ့မျှော်လင့်ရာတွေဟာ ဘုရားသခင့်မျှော်လင့်ရာတွေနဲ့ ကိုက်ညီရဲ့လား။’ ဂလာတိ ၆:၄ ကဤသို့ဆိုသည်– “လူတိုင်း ကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။” ယေရှုက “ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏” ဟုဆိုခဲ့ကြောင်းသတိရပါ။ မှန်ပါသည်၊ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့မှာ ထမ်းစရာထမ်းပိုးရှိသော်လည်း ၎င်းသည် “ထမ်းလွယ်” ပြီး “ပေါ့” သည်၊ ၎င်းကို ကောင်းမွန်စွာထမ်းရွက်တတ်လျှင် လန်းဆန်းမှုရစေမည်ဟု ယေရှုကတိပြုခဲ့သည်။—မဿဲ ၁၁:၂၈-၃၀။
အကျိုးသင့်အကြောင်းသင့်မျှော်လင့်ချက်များက ဆုကျေးဇူးများရစေ
အကျိုးသင့်အကြောင်းသင့်မျှော်လင့်ခြင်းကို ကျွန်ုပ်တို့ကြိုးစားပြုစုပျိုးထောင်ကြစဉ် ဘုရားသခင့်စကားတော်မှဆုံးမချက်ကို နားနယပုံပြင် ၄:၂၁၊ ၂၂ ကသင့်လျော်စွာ ဤသို့တိုက်တွန်းထားသည်– “အကြောင်းမူကား ထိုတရားစကားကိုတွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။”
ထောင်ပြီး လိုက်လျှောက်ခြင်းမှ ယခုနှင့် ထာဝရဆုကျေးဇူးများ ရရှိစေသည်။ တစ်ခုမှာ ကျွန်ုပ်တို့၏ကာယရေးကို အထူးအကျိုးပြုသည်။ ယေဟောဝါ၏သတိပေးချက်များမှ အကျိုးခံစားခဲ့ရသူ ဂျယ်နီဖာက– “ကျွန်မမှာအသက်တာအတွက် ခွန်အားနဲ့စိတ်အားထက်သန်မှု ပိုရှိလာပြီ” ဟုဝန်ခံသည်။ ကျွန်ုပ်တို့၏မျက်စိနှင့်နှလုံးတို့ဖြင့် ယေဟောဝါ၏မိန့်တော်မူချက်များကို အာရုံစူးစိုက်ရန်အခြားအကျိုးကျေးဇူးမှာ စိတ်ဓာတ်ရေးရာနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးဖြစ်သည်။ “ကျွန်မစိတ်နှလုံးနဲ့ ဘုရားသခင့်စကားတော်ကို အာရုံစိုက်တဲ့အခါ ပိုပျော်ရွှင်တဲ့သူတစ်ယောက် အမြဲဖြစ်လာတာကို သတိထားမိတယ်” ဟု ထရီဇာကပြောပြသည်။ မှန်ပါသည်၊ ဘဝတွင် စိတ်ပျက်စရာများ တွေ့ကြုံရဆဲပင်။ သို့တိုင် ၎င်းတို့ကို ပို၍လွယ်ကူစွာ ခံရပ်နိုင်ပေလိမ့်မည်။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟု ယာကုပ် ၄:၈ ကတိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ဘဝစိန်ခေါ်ချက်များနှင့်ရင်ဆိုင်ရသောအခါ ခိုင်ခံ့စေပြီး ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာကိုပေးမည်ဟုလည်း ယေဟောဝါကတိပြုထားသည်။—ဆာလံ ၂၉:၁၁။
အကျိုးသင့်အကြောင်းသင့်မျှော်လင့်ချက်များရှိထားခြင်းက ဝိညာဉ်ရေးတည်ငြိမ်မှုကို ရှိနေစေသည်။ ၎င်းသည်လည်း ကောင်းချီးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘဝတွင် သာ၍အရေးကြီးသောအရာများအပေါ် ရှင်းလင်းသောအမြင် ထားရှိနိုင်သည်။ (ဖိလိပ္ပိ ၁:၁၀၊ ကဘ) ထိုအခါ ကျွန်ုပ်တို့၏ပန်းတိုင်များသည် လက်တွေ့ကျပြီး ယုတ္တိရှိသည့်အတွက် ရွှင်လန်းမှုနှင့်ရောင့်ရဲမှုကို သာ၍ရရှိစေသည်။ ယေဟောဝါသည် အကောင်းဆုံးကို ဖြစ်စေမည်ဟုသိထားကြရာ ကိုယ်တော်ထံ မိမိကိုယ်ကိုအပ်နှံရန် ပို၍လိုလိုလားလားရှိကြမည်ဖြစ်သည်။ “ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့” ဟု ပေတရုဆိုသည်။ (၁ ပေတရု ၅:၆) ယေဟောဝါ၏ ဂုဏ်တင်ခြင်းကိုခံရသည်ထက် အခြားသာလွန်သောဆုကျေးဇူး ရှိနိုင်ပါဦးမည်လော။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
အကျိုးသင့်အကြောင်းသင့်မျှော်လင့်ချက်များကို ပြုစုပျိုးထောင်ခြင်းသည် စိတ်ပျက်စရာများနှင့် စိတ်ဓာတ်ကျမှုကိုဖြေရှင်းရန် ကူညီပေးနိုင်