“ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏”
“ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏”
“သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချ [“ကျိုးနွံ”၊ ကဘ] သောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါးအဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။”—မိက္ခာ ၆:၈။
၁၊ ၂။ ကျိုးနွံခြင်းကားအဘယ်နည်း၊ ရောင့်တက်ခြင်းနှင့် မည်သို့ကွာခြားသနည်း။
ထင်ရှားသောပုဂ္ဂိုလ် တမန်တော်တစ်ပါးသည် မိမိထံအာရုံစူးစိုက်ရန်မပြု။ ရဲရင့်သောဣသရေလတရားသူကြီးတစ်ဦးက သူ့ကိုယ်သူ အဖ၏အိမ်ထောင်၌ အငယ်ဆုံးသောသူဟု ခေါ်ဆိုသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားက မိမိ၌ အတိုင်းအဆမရှိတန်ခိုးအာဏာ မရှိကြောင်း ဝန်ခံသည်။ ဤပုဂ္ဂိုလ်အသီးသီးတို့သည် ကျိုးနွံခြင်းကို တင်ပြကြသည်။
၂ ကျိုးနွံခြင်းသည် ရောင့်တက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ကျိုးနွံသူသည် မိမိ၏အရည်အချင်းများနှင့် အရည်အသွေးကို အလွန်အကျွံမထင်ဘဲ အထင်ကြီးလွန်းခြင်း သို့မဟုတ် ပလွှားဝင့်ဝါခြင်းမရှိပါ။ ကျိုးနွံသူသည် မာနထောင်လွှား၊ ဝါကြွား၊ ရည်မှန်းချက်ကြီးမည့်အစား မိမိ၏ကန့်သတ်မှုများကို အမြဲသိရှိသည်။ ထို့ကြောင့် သူသည် အခြားသူများ၏ခံစားချက်များနှင့် ရှုမြင်ပုံများကို လေးစား၍ ထိုက်သင့်စွာ ထောက်ထားစာနာတတ်သည်။
၃။ ဉာဏ်ပညာသည် အဘယ်နည်းဖြင့် ‘ကျိုးနွံသူတို့၌’ ရှိသနည်း။
၃ အကြောင်းကောင်းဖြင့် ကျမ်းစာကဤသို့ဖော်ပြသည်– “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏။” (သု. ၁၁:၂၊ ကဘ) ကျိုးနွံသူသည် ဘုရားသခင်နှစ်သက်သောလမ်းစဉ်ကိုလိုက်လျှောက်ကာ အရှက်ကွဲစေတတ်သော ရောင့်တက်သည့်စိတ်ကို ရှောင်ကြဉ်သောကြောင့် ပညာရှိသည်။ (သု. ၈:၁၃; ၁ ပေတရု ၅:၅) ကျိုးနွံခြင်း၏ဉာဏ်ပညာရှိပုံကို ဘုရားသခင့်ကျေးကျွန် အတော်များများ၏ ဘဝလမ်းစဉ်က ထောက်ခံသည်။ အဖွင့်စာပိုဒ်၌ဖော်ပြထားသော ပုံနမူနာသုံးခုကို သုံးသပ်ကြည့်ကြစို့။
ပေါလု—“အစေအပါ” တစ်ဦးနှင့် “ဘဏ္ဍာစိုး” တစ်ဦး
၄။ အဘယ်ထူးခြားသောအခွင့်ထူးများကို ပေါလုခံစားခဲ့ရသနည်း။
၄ ပေါလုသည် အစောပိုင်းခရစ်ယာန်များအကြား၌ ပေါ်လွင်သူတစ်ဦးဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းကို နားလည်နိုင်ပါသည်။ သူသည် အမှုတော်ဆောင်ချိန်အတောအတွင်း မိုင်ပေါင်းထောင်ချီ၍ ပင်လယ်ခရီး၊ ကုန်းကြောင်းခရီးသွားခဲ့ပြီး အသင်းတော်များစွာကို တည်ထောင်ခဲ့သည်။ ထို့အပြင် ယေဟောဝါသည် ပေါလုကို အဆင်းအာရုံများမြင်စေပြီး နိုင်ငံခြားဘာသာစကားများ ပြောဆိုနိုင်သည့်စွမ်းရည်ဖြင့် ကောင်းချီးပေးခဲ့သည်။ (၁ ကောရိန္သု ၁၄:၁၈; ၂ ကောရိန္သု ၁၂:၁-၅) ကိုယ်တော်သည် ယခု ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင်ပါဝင်သည့် စာ ၁၄ စောင်ကို ရေးသားရန်လည်း ပေါလုအား ဝိညာဉ်တော်မှုတ်သွင်းခဲ့သည်။ ပေါလု၏ကြိုးစားအားထုတ်မှုများသည် အခြားတမန်တော်အားလုံး၏ လုပ်ဆောင်ချက်များထက် သာလွန်သည်ဟု ဆိုနိုင်သည်မှာထင်ရှား၏။—၁ ကောရိန္သု ၁၅:၁၀။
၅။ ပေါလုသည် မိမိကိုယ်ကို ကျိုးနွံစွာမြင်တတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။
၅ ပေါလုသည် ခရစ်ယာန်လုပ်ငန်း၏ရှေ့တန်းတွင် ရှိနေခဲ့ခြင်းကြောင့် သူသည် လူအများ၏အာရုံစိုက်မှု၌ ပျော်မွေ့နေမည်၊ အာဏာပြနေမည်ဟူ၍ပင် အချို့ကယူမှတ်ကြပေမည်။ သို့သော် ပေါလုသည် ကျိုးနွံသောကြောင့် ထိုသို့မပြုခဲ့ချေ။ သူသည် မိမိကိုယ်ကို “အညံ့ဆုံးသောတမန်တော်” ဟုခေါ်ဆိုခဲ့ပြီး ဤသို့ထပ်လောင်းပြောဆိုသည်– “ငါသည် အထက်က ဘုရားသခင်၏အသင်းတော်ကိုညှဉ်းဆဲသောကြောင့်၊ . . . တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုမခံထိုက်။” ၁ ကောရိန္သု ၁၅:၉) ပေါလုသည် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခဲ့သူတစ်ဦးအနေနှင့် လုပ်ငန်းတော်ဆိုင်ရာအခွင့်ထူးများကို ခံစားရဖို့မဆိုထားနှင့် ဘုရားသခင်နှင့်ဆက်ဆံခွင့်ရှိခြင်းမှာ မခံစားထိုက်သော ကရုဏာတော် ကြင်နာမှုကြောင့်သာဖြစ်ကြောင်း သူတစ်ခါမျှမမေ့ခဲ့ပါ။ (ယောဟန် ၆:၄၄; ဧဖက် ၂:၈) ထို့ကြောင့် ပေါလုသည် အမှုတော်ဆောင်ရာတွင် ထူးကဲစွာပြီးမြောက်အောင်မြင်ခဲ့သောကြောင့် သူတစ်ပါးထက်သာလွန်သည်ဟု မယူမှတ်ခဲ့ပါ။—၁ ကောရိန္သု ၉:၁၆။
(၆။ ပေါလုသည် ကောရိန္သုမြို့သားများနှင့်ဆက်ဆံရာတွင် ကျိုးနွံခြင်းကို မည်သို့တင်ပြခဲ့သနည်း။
၆ ပေါလု၏ကျိုးနွံခြင်းသည် ကောရိန္သုမြို့သားများနှင့်ဆက်ဆံရာ၌ အထူးသဖြင့်ပေါ်လွင်သည်။ သူတို့ထဲမှ အချို့သူတို့သည် အာပေါလု၊ ကေဖနှင့် ပေါလုကိုယ်တိုင်ပင် အပါအဝင် ပေါ်လွင်သောဦးစီးကြီးကြပ်မှူးများဟု သူတို့ယူမှတ်ထားကြသူတို့ကို စွဲလမ်းနေကြသည်မှာ ထင်ရှားသည်။ (၁ ကောရိန္သု ၁:၁၁-၁၅) သို့သော် ပေါလုသည် ကောရိန္သုမြို့သားများ၏ချီးမွမ်းမှုကို တောင်းခံခြင်းသော်လည်းကောင်း၊ သူတို့၏လေးစားကြည်ညိုမှုကို အမြတ်ထုတ်ခြင်းသော်လည်းကောင်း မပြုခဲ့ပါ။ သူတို့ထံလည်ပတ်သောအခါ သူသည် မိမိကိုယ်ကို “ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာ” ဖြင့် မိတ်မဆက်ခဲ့ပါ။ ယင်းအစား၊ ပေါလုသည် မိမိကိုယ်တိုင်နှင့် မိမိ၏အပေါင်းပါများနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်– “ခရစ်တော်၏ အစေအပါကဲ့သို့လည်းကောင်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကိုစောင့်သော ဘဏ္ဍာစိုးကဲ့သို့လည်းကောင်း သူတစ်ပါးသည် ငါတို့ကိုမှတ်ပါစေ။” *—၁ ကောရိန္သု ၂:၁-၅; ၄:၁။
၇။ ပေါလုသည် သွန်သင်မှုပေးသည့်အခါ၌ပင် ကျိုးနွံခြင်းကို မည်သို့တင်ပြခဲ့သနည်း။
၇ ပေါလုသည် ပြင်းထန်သည့်ဆုံးမမှုနှင့် ညွှန်ကြားမှုပေးခဲ့ရသည့်အခါ၌ပင် ကျိုးနွံခြင်းကိုတင်ပြခဲ့သည်။ သူသည် ခရစ်ယာန်ချင်းများကို မိမိ၏တမန်တော်အခွင့်အာဏာ အရှိန်အဝါအားဖြင့်မဟုတ်ဘဲ “ဘုရားသခင်၏ကရုဏာတော် [ကြင်နာမှု] ကို ထောက်ထား” ၍ “မေတ္တာအားဖြင့်” တောင်းပန်ခဲ့သည်။ (ရောမ ၁၂:၁၊ ၂; ဖိလေမုန် ၈၊ ၉) ပေါလုသည် ဤသို့အဘယ်ကြောင့် ပြုခဲ့သနည်း။ အကြောင်းမှာ မိမိကိုယ်ကို ‘သူတို့၏ယုံကြည်ခြင်းကိုအစိုးရ’ သူတစ်ဦးကဲ့သို့မဟုတ်ဘဲ ညီအစ်ကိုများ၏ ‘လုပ်ဖော်ဆောင်ဖက်ချင်း’ တစ်ဦးအဖြစ် အမှန်ပင်ရှုမြင်ခဲ့သောကြောင့်ဖြစ်၏။ (၂ ကောရိန္သု ၁:၂၄) ပထမရာစုခရစ်ယာန်အသင်းတော်က ပေါလုကို အထူးချစ်မြတ်နိုးခဲ့ကြခြင်းမှာ သူ၏ကျိုးနွံမှုကြောင့် အမှန်ဖြစ်ပေမည်။—တမန်တော် ၂၀:၃၆-၃၈။
ကျွန်ုပ်တို့၏အခွင့်ထူးများကို ကျိုးနွံစွာရှုမြင်ခြင်း
၈၊ ၉။ (က) ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ကျိုးနွံသည့်အမြင် အဘယ်ကြောင့်ရှိသင့်သနည်း။ (ခ) တာဝန်အတော်အတန်ရရှိထားသူတို့သည် ကျိုးနွံခြင်းကို မည်သို့တင်ပြနိုင်ကြသနည်း။
၈ ပေါလုသည် မျက်မှောက်ခေတ်ခရစ်ယာန်များအတွက် ကောင်းသောပုံသက်သေတစ်ခုချမှတ်ခဲ့သည်။ ကျွန်ုပ်တို့သည် မည်သည့်တာဝန်များ အပ်နှင်းခံရသည်ဖြစ်ပါစေ အခြားသူများထက် မိမိသာလွန်သည်ဟု မည်သူမျှမယူမှတ်သင့်ချေ။ ပေါလုက “အကြင်သူသည် ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကိုလှည့်ဖြားသောသူဖြစ်၏။” (ဂလာတိ ၆:၃) အဘယ်ကြောင့်နည်း။ အကြောင်းမှာ “လူအပေါင်းတို့သည် [အပြစ်]ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃; ၅:၁၂) မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံးသည် အာဒံထံမှ မစုံလင်မှုနှင့် သေခြင်းကိုအမွေခံခဲ့ကြကြောင်း ဘယ်သောအခါမျှမမေ့သင့်ပေ။ အထူးအခွင့်အရေးများက ကျွန်ုပ်တို့၏ အပြစ်ရှိသောနိမ့်ကျသည့်အခြေအနေမှ ကျွန်ုပ်တို့ကိုမြှင့်တင်မပေးပါ။ (ဒေ. ၉:၂) ပေါလု၏အဖြစ်တွင်ကဲ့သို့ပင် လူသားများသည် အခွင့်ထူးအရာ၌ ကိုယ်တော့်အမှုထမ်းဖို့မဆိုထားနှင့် ဘုရားသခင်နှင့်ဆက်ဆံရေးရှိနိုင်ခြင်းမှာ မခံစားထိုက်သော ကရုဏာတော် [ကြင်နာမှု] ကြောင့်သာဖြစ်သည်။—ရောမ ၃:၁၂၊ ၂၄။
၉ ယင်းကိုသိရှိနားလည်လျက် ကျိုးနွံသူတစ်ဦးသည် မိမိ၏အခွင့်ထူးများအပေါ် အကြည်ဆိုက်နေခြင်းသော်လည်းကောင်း မိမိ၏ပြီးမြောက်အောင်မြင်မှုများကို ဝါကြွားခြင်းသော်လည်းကောင်း မပြုပါ။ (၁ ကောရိန္သု ၄:၇) သွန်သင်ချက် သို့မဟုတ် ညွှန်ကြားချက်ပေးသည့်အခါ သခင်တစ်ဦးကဲ့သို့မဟုတ်ဘဲ လုပ်ဖော်ဆောင်ဖက်ချင်းအဖြစ်ပေးသည်။ လုပ်ငန်းတာဝန်အချို့ကို ထူးချွန်စွာဆောင်ရွက်နိုင်သူတစ်ဦးသည် ယုံကြည်သူချင်းတို့၏ ချီးမွမ်းမှုကိုတောင်းခံခြင်း၊ သို့မဟုတ် သူတို့၏လေးစားကြည်ညိုမှုကို အမြတ်ထုတ်ခြင်းသည် တကယ်မှားပေမည်။ (သု. ၂၅:၂၇; မဿဲ ၆:၂-၄) တန်ဖိုးရှိသည့်တစ်ခုတည်းသောချီးမွမ်းမှုသည် အခြားသူများထံမှလာကာ ၎င်းကိုမတောင်းခံဘဲရခြင်းဖြစ်သင့်သည်။ ထိုသို့ချီးမွမ်းခံရလျှင်လည်း ယင်းကြောင့် မိမိတို့ကိုယ်ကို ထင်သင့်သည်ထက် လွန်၍မထင်စေသင့်ပါ။—သု. ၂၇:၂; ရောမ ၁၂:၃။
၁၀။ နိမ့်ကျသည်ဟုထင်ရသူအချို့သည် အမှန်အားဖြင့် “ယုံကြည်ခြင်းနှင့်ကြွယ်ဝ” နေနိုင်ပုံကို ရှင်းပြပါ။
၁၀ တာဝန်အတော်အတန် အပ်နှင်းခံရသောအခါ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများနှင့် အရည်အချင်းများကြောင့်သာလျှင် အသင်းတော်တိုးတက်နေသည်ဟူသော အမြင်မျိုးရှိခြင်းငှာ မိမိတို့ကိုယ်ကိုအလွန်အကျွံ အရေးပေးခြင်းကိုရှောင်ရန် ကျိုးနွံခြင်းက ထောက်ကူပေးပါလိမ့်မည်။ ဥပမာ၊ ကျွန်ုပ်တို့သည် သွန်သင်ခြင်း၌ အလွန်ထူးချွန်ပေမည်။ (ဧဖက် ၄:၁၁၊ ၁၂) သို့သော် ကျိုးနွံစိတ်ဖြင့် ကျွန်ုပ်တို့အသိအမှတ်ပြုရမည်ကား အသင်းတော်အစည်းအဝေး၌ သင်ယူခဲ့ရသော အကြီးမားဆုံးသင်ခန်းစာအချို့မှာ စင်မြင့်ပေါ်မှမဟုတ်ကြောင်းဖြစ်သည်။ သာဓကအနေနှင့် မိမိ၏သားသမီးများကိုခေါ်ဆောင်ကာ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ မှန်မှန်လာသည့် ကြင်ဖော်မဲ့မိဘတစ်ဦး၊ သို့မဟုတ် မထိုက်မတန်ဟု အမြဲလိုလိုခံစားရသည့်ကြားမှ အစည်းအဝေးများကို သစ္စာရှိရှိလာတက်သည့် စိတ်ဓာတ်ကျသူ၊ သို့မဟုတ် ကျောင်းနှင့် အခြားနေရာများတွင် မကောင်းသည့်သြဇာလွှမ်းမိုးမှုများ ခံနေရသည့်ကြားမှ ဝိညာဉ်ရေးဘက် မှန်မှန်တိုးတက်နေသည့် လူငယ်ကို သင်မြင်သောအခါ အားပေးမခံရပေလော။ (ဆာလံ ၈၄:၁၀) ဤသူတို့သည် လူတို့၏အာရုံစူးစိုက်မှုအောက် ရှိချင်မှရှိမည်။ သူတို့ရင်ဆိုင်ရသော သမာဓိစောင့်သိခြင်း စမ်းသပ်မှုများကို အများအားဖြင့် အခြားသူများသတိမပြုမိကြပါ။ သို့တိုင် ပို၍ပေါ်လွင်သူများကဲ့သို့ပင် သူတို့သည် “ယုံကြည်ခြင်းနှင့်ကြွယ်ဝ” နေကြပေမည်။ (ယာကုပ် ၂:၅၊ ကဘ) အမှန်မှာ၊ သစ္စာရှိခြင်းက နောက်ဆုံးတွင် ယေဟောဝါ၏မျက်နှာသာတော်ရစေသည်။—မဿဲ ၁၀:၂၂; ၁ ကောရိန္သု ၄:၂။
ဂိဒေါင်—သူ့ဖခင်၏အိမ်ထောင်၌ “အငယ်ဆုံး” သောသူ
၁၁။ ဂိဒေါင်သည် ဘုရားသခင့်ကောင်းကင်တမန်နှင့် စကားပြောဆိုရာ၌ ကျိုးနွံခြင်းကို အဘယ်နည်းဖြင့်တင်ပြခဲ့သနည်း။
၁၁ မနာရှေအမျိုးမှ ခွန်အားကြီးသောလူရွယ် ဂိဒေါင်သည် ဣသရေလလူတို့၏သမိုင်းတွင် ကသောင်းကနင်းဖြစ်နေချိန်အတွင်း အသက်ရှင်ခဲ့သည်။ ဘုရားသခင့်လူမျိုးတော်သည် မိဒျန်လူတို့လက်တွင် ခုနစ်နှစ်ဆင်းရဲခံခဲ့ကြရ၏။ သို့သော် မိမိ၏လူမျိုးတော်ကိုကယ်လွှတ်ရန် ယခု အချိန်တိုင်လေပြီ။ ထို့ကြောင့် ကောင်းကင်တမန်တစ်ပါးသည် ဂိဒေါင်ထံသို့ ကိုယ်ထင်ရှားပြ၍ ဤသို့ဆိုခဲ့သည်– “ရဲစွမ်းသတ္တိရှိသော အချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။” ဂိဒေါင်သည် ကျိုးနွံစိတ်ရှိသောကြောင့် မမျှော်လင့်သော ဤဂုဏ်ပြုချီးမွမ်းစကားကြောင့် ပီတိဖြစ်မနေပါ။ ယင်းအစား ကောင်းကင်တမန်ကို လေးစားစွာ ဤသို့ပြောခဲ့သည်– “အိုအရှင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့် အတူရှိတော်မူသည်မှန်လျှင်၊ အဘယ်ကြောင့်ဤအမှုကြီး ရောက်ရပါသနည်း။” ကောင်းကင်တမန်သည် ကိစ္စရပ်များကိုရှင်းပြကာ ဂိဒေါင်ကိုဤသို့ပြောခဲ့သည်– “ဣသရေလလူတို့ကို၊ မိဒျန်လူတို့လက်မှကယ်လွှတ်လော့။” ဂိဒေါင် မည်သို့တုံ့ပြန်ခဲ့သနည်း။ တရားသူကြီး ၆:၁၁-၁၅၊ သမ္မာ။
အမျိုးသားအာဇာနည်ဖြစ်ဖို့ အခွင့်အရေးယူပြီး တာဝန်ကို မက်မောစွာ လက်ခံလိုက်မည့်အစား ဂိဒေါင်က ဤသို့ဖြေဆိုခဲ့သည်– “အိုအရှင်၊ အကျွန်ုပ်သည် ဣသရေလလူတို့ကို အဘယ်သို့ကယ်လွှတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအနွယ်၌ အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း၊ အဘအိမ်ထောင်၌ အငယ်ဆုံး၊ အညံ့ဆုံးသောသူဖြစ်ပါ၏။” တကယ်ကျိုးနွံခြင်းပါတကား!—၁၂။ ဂိဒေါင်သည် သူ၏တာဝန်ကိုထမ်းဆောင်ရာ၌ ပညာသတိရှိခြင်းကို မည်သို့တင်ပြခဲ့သနည်း။
၁၂ ယေဟောဝါသည် ဂိဒေါင်ကို တိုက်ပွဲသို့မစေလွှတ်မီ စမ်းသပ်ခဲ့၏။ မည်သို့အားဖြင့်နည်း။ ဂိဒေါင်သည် သူ့ဖခင်တည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကိုဖြိုဖျက်၍ ယဇ်ပလ္လင်အနားရှိ အာရှရပင်ကိုခုတ်လှဲရန် မှာကြားခံခဲ့ရသည်။ ဤတာဝန်ကိုဆောင်ရွက်ဖို့ သတ္တိရှိရမည့်အပြင် တာဝန်ကိုဆောင်ရွက်ရာ၌ ဂိဒေါင်သည် ကျိုးနွံခြင်းနှင့် ပညာသတိရှိခြင်းကိုလည်း တင်ပြခဲ့သည်။ ဂိဒေါင်သည် လူမြင်ကွင်းတွင်ပြုလုပ်မည့်အစား မည်သူမျှအမှုမထားနိုင်မည့် ညကိုအကွယ်အကာပြု၍ ထိုအမှုကိုလုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဂိဒေါင်သည် သူ၏တာဝန်ကို သတိဝီရိယရှိရှိလုံ့လဖြင့် အစပြုခဲ့သည်။ သူ၏ကျွန်ဆယ်ဦးကို တစ်ပါတည်းခေါ်ဆောင်သွားခဲ့သည်၊ အချို့သူတို့ရပ်စောင့်စဉ် ကျန်သူတို့အကူအညီဖြင့် ယဇ်ပလ္လင်နှင့် အာရှရပင်ကိုဖျက်ဆီးဖို့ဖြစ်နိုင်သည်။ * မည်သို့ပင်ဖြစ်စေ ဂိဒေါင်သည် ယေဟောဝါ၏ကောင်းချီးဖြင့် သူ့တာဝန်ကိုဆောင်ရွက်ခဲ့ပြီး အချိန်တန်သော် မိဒျန်လူတို့လက်မှ ဣသရေလလူတို့ကို ကယ်လွှတ်ရန် ဘုရားသခင်၏အသုံးပြုခြင်းကို ခံခဲ့ရသည်။—တရားသူကြီး ၆:၂၅-၂၇။
ကျိုးနွံခြင်းနှင့် ပညာသတိတင်ပြခြင်း
၁၃၊ ၁၄။ (က) လုပ်ငန်းတော်အခွင့်ထူးတစ်ခု ပေးအပ်ခံရသောအခါ ကျိုးနွံခြင်းကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။ (ခ) ညီအစ်ကို အေ. အိပ်ခ်ျ. မက္ခမီလန်သည် ကျိုးနွံခြင်းကိုတင်ပြရာ၌ ကောင်းသောပုံသက်သေကို မည်သို့တင်ပြခဲ့သနည်း။
၁၃ ဂိဒေါင်၏ကျိုးနွံခြင်းမှ ကျွန်ုပ်တို့သင်ယူစရာများစွာရှိ၏။ ဥပမာ၊ လုပ်ငန်းတော်အခွင့်ထူးတစ်ခု ကမ်းလှမ်းခံရသောအခါ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ ရရှိမည့်ထင်ပေါ်မှု သို့မဟုတ် ဂုဏ်ကို ဦးဆုံးစဉ်းစားသလော။ သို့မဟုတ် တာဝန်တစ်ခု၏တောင်းဆိုချက်
များကို ဖြည့်စွက်နိုင်မနိုင် ကျိုးနွံစွာဆုတောင်းကာ ဆင်ခြင်သုံးသပ်သလော။ ၁၉၆၆ တွင်မြေကြီးအသက်တာ ပြီးဆုံးသွားသည့် ညီအစ်ကို အေ. အိပ်ခ်ျ. မက္ခမီလန်သည် ဤကိစ္စတွင် ပုံသက်သေကောင်းချမှတ်ခဲ့သည်။ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ စီ.တီ. ရပ်စဲလ်က မိမိမရှိချိန်၌ လုပ်ငန်းတော်ကို မည်သူတာဝန်ယူမည်နှင့်ပတ်သက်၍ သူ၏ထင်မြင်ချက်ကို တစ်ကြိမ်ကမေးခဲ့ဖူးသည်။ ဆက်၍ဆွေးနွေးရာ၌ သူတာဝန်ယူရန် အတော်ပင်အဆင်ပြေမည်ဖြစ်သော်လည်း ညီအစ်ကို မက္ခမီလန်သည် မိမိနှင့်သင့်လျော်ကြောင်း တစ်ကြိမ်မျှအကြံမပြုခဲ့ပါ။ အဆုံး၌ ညီအစ်ကိုရပ်စဲလ်က ထိုတာဝန်ကိုလက်ခံဖို့စဉ်းစားရန် ညီအစ်ကို မက္ခမီလန်အားဖိတ်ခေါ်ခဲ့သည်။ နှစ်များကြာပြီးနောက် ညီအစ်ကို မက္ခမီလန်ကဤသို့ရေးသားခဲ့သည်– “ကျွန်တော်ကြက်သေသေပြီးရပ်နေမိတယ်။ နောက်ဆုံးမှာ သူ့ကို ကျွန်တော်တတ်နိုင်သမျှ ထောက်ကူပေးမယ်လို့မပြောခင် ဒီတာဝန်ကိုလက်ခံယူဖို့ အလွန်အလေးအနက်ထား စဉ်းစားပြီး အတော်ကြာကြာဆုတောင်းခဲ့တယ်။”၁၄ များမကြာမီ ညီအစ်ကိုရပ်စဲလ် ကွယ်လွန်သွားခဲ့ရာ ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌနေရာမှာ လစ်လပ်လျက်ရှိသည်။ ညီအစ်ကို မက္ခမီလန်သည် ညီအစ်ကိုရပ်စဲလ်၏ နောက်ဆုံးဟောပြောခြင်း ခရီးစဉ်အတောအတွင်း တာဝန်ခံဖြစ်သောကြောင့် ညီအစ်ကိုတစ်ဦးက သူ့ကိုဤသို့ပြောခဲ့သည်– “မက်ခ်၊ ခင်ဗျားကိုယ်တိုင် ဥက္ကဋ္ဌနေရာဆက်ခံဖို့ အခွင့်ကောင်းရှိနေတယ်။ ခင်ဗျားဟာ ညီအစ်ကိုရပ်စဲလ်မရှိတော့တဲ့အခါ သူ့ရဲ့အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့အပြင် ခင်ဗျားပြောတဲ့အတိုင်းလုပ်ကိုင်ကြဖို့ ကျွန်တော်တို့အားလုံးကို သူမှာထားတယ်။ အခု သူကတော့ထွက်ခွာသွားခဲ့ပြီး ဘယ်တော့မှပြန်မလာတော့ဘူး။ ဆက်တာဝန်ယူရမယ့်လူက ခင်ဗျားပဲထင်တယ်။” ညီအစ်ကို မက္ခမီလန်က ဤသို့ပြန်ပြောခဲ့သည်– “ဒီကိစ္စကို အဲဒီနည်းနဲ့မရှုမြင်ရဘူး ညီအစ်ကို။ ဒီအလုပ်ဟာ သခင်ရဲ့အလုပ်ဖြစ်ပြီး သခင်ရဲ့အဖွဲ့အစည်းမှာ ရနိုင်တဲ့အရာဟာ သင့်တော်တယ်လို့ သခင်ယူမှတ်တဲ့အရာပဲဖြစ်တယ်; ကျွန်တော်တော့ ဒီအလုပ်ကိုလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။” ထို့နောက် ညီအစ်ကို မက္ခမီလန်သည် ထိုအရာကိုခံယူဖို့ အခြားသူတစ်ဦးအားထောက်ခံပေးခဲ့သည်။ ဂိဒေါင်ကဲ့သို့ပင် သူ့ကိုယ်သူ ကျိုးနွံသောအမြင်ဖြင့် ကြည့်မြင်ခဲ့ရာ ကျွန်ုပ်တို့လည်း ထိုသို့ကြည့်မြင်တတ်သင့်သည်။
၁၅။ အခြားသူများကိုဟောပြောသောအခါ ပိုင်းခြားသိမြင်မှုကိုအသုံးပြုနိုင်သော လက်တွေ့ကျနည်းအချို့ကားအဘယ်နည်း။
၁၅ ကျွန်ုပ်တို့လည်း မိမိတို့တာဝန်ကို ကျိုးနွံစွာထမ်းဆောင်သင့်သည်။ ဂိဒေါင်သည် ပညာသတိရှိ၍ မိမိအားဆန့်ကျင်သူတို့ကို မလိုအပ်ဘဲလျက် အမျက်မထွက်စေရန် ကြိုးစားခဲ့သည်။ အလားတူ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် သူတစ်ပါးကိုပြောဆိုရာ၌ ကျိုးနွံ၍ ပညာသတိရှိသင့်သည်။ “မြို့ရိုးမြို့ပြတို့” နှင့် ‘တွေးဆဆင်ခြင်ခြင်းများ’ ကိုမှောက်လှန်သည့် ဝိညာဉ်ရေးစစ်ပွဲ၌ ကျွန်ုပ်တို့ပါဝင်နေကြသည်မှာ မှန်ပါသည်။ (၂ ကောရိန္သု ၁၀:၄၊ ၅) သို့သော် သူတစ်ပါးကိုအထင်အမြင်သေးစွာ ပြောဆိုခြင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏သတင်းတရားကြောင့် စိတ်ထိခိုက်သွားစရာအကြောင်း မဖြစ်ပေါ်စေသင့်ပါ။ ယင်းအစား သူတို့၏အမြင်ကိုလေးစားပြီး နှစ်ဖက်သဘောတူနိုင်သည့်အရာကို အလေးအနက်ဖော်ပြကာ သတင်းကောင်း၏ အပြုသဘောပါကဏ္ဍများကို အာရုံစိုက်သင့်သည်။—တမန်တော် ၂၂:၁-၃; ၁ ကောရိန္သု ၉:၂၂; ဗျာဒိတ် ၂၁:၄။
ယေရှု—ကျိုးနွံခြင်းဆိုင်ရာ အကောင်းမြတ်ဆုံးပုံနမူနာ
၁၆။ ယေရှုသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ကျိုးနွံသည့်အမြင်ရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။
၁၆ ကျိုးနွံခြင်းဆိုင်ရာ အကောင်းဆုံးပုံနမူနာမှာ ယေရှုခရစ်၏ပုံန * ကိုယ်တော်သည် ခမည်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်ငြားလည်း အချို့ကိစ္စရပ်များမှာ မိမိ၏အခွင့်အာဏာနယ်ပယ်ထက် ကျော်လွန်ကြောင်း အသိအမှတ်ပြုရန် ဝန်မလေးခဲ့ချေ။ (ယောဟန် ၁:၁၄) ဥပမာ၊ ယာကုပ်နှင့် ယောဟန်တို့၏မိခင်က ယေရှု၏နိုင်ငံတော်တွင် မိမိ၏သားနှစ်ဦးကို ကိုယ်တော်၏ဘေး၌ ထိုင်ခွင့်တောင်းသောအခါ ယေရှုကဤသို့ဆိုခဲ့သည်– “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား ငါပေးပိုင်သည်မဟုတ်။” (မဿဲ ၂၀:၂၀-၂၃၊ ကဘ) အခြားတစ်ကြိမ်တွင် ယေရှုကအရှိအတိုင်း ဤသို့ဝန်ခံခဲ့သည်– “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ . . . ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။”—ယောဟန် ၅:၃၀; ၁၄:၂၈; ဖိလိပ္ပိ ၂:၅၊ ၆။
မူနာဖြစ်သည်။၁၇။ ယေရှုသည် အခြားသူတို့နှင့်ဆက်ဆံရာတွင် ကျိုးနွံမှုကို မည်သို့တင်ပြခဲ့သနည်း။
၁၇ ယေရှုသည် မစုံလင်သောလူသားများထက် အရာရာ၌ သာလွန်တော်မူပြီး ကိုယ်တော်၏ခမည်းတော်၊ ယေဟောဝါထံတော်မှ ပြိုင်ဘက်ကင်းသော အခွင့်အာဏာကို ရရှိထားသည်။ သို့ရာတွင် ယေရှုသည် မိမိ၏နောက်လိုက်များနှင့် ဆက်ဆံရာ၌ ကျိုးနွံမှုရှိခဲ့သည်။ ကိုယ်တော်သည် မိမိ၏အသိပညာကို အထင်ကြီးနိုင်ဖွယ်နည်းဖြင့် ဖော်ပြကာ သူတစ်ပါးကို မလွှမ်းမိုးခဲ့ပါ။ ကိုယ်တော်သည် နားလည်ခံစားမှုနှင့် စာနာထောက်ထားမှုကို တင်ပြခဲ့ပြီးလူတို့၏လိုအပ်ရာများကို ထည့်တွက်စဉ်းစားပေးခဲ့သည်။ (မဿဲ ၁၅:၃၂; ၂၆:၄၀၊ ၄၁; မာကု ၆:၃၁) ထို့ကြောင့် ယေရှုသည်စုံလင်တော်မူသော်လည်း ကိုယ်တော်သည် စုံလင်မှုကို မရမကမတောင်းဆိုခဲ့ပေ။ တပည့်တော်များပေးဆက်နိုင်သည်ထက် တစ်ခါမျှ ပို၍မတောင်းဆိုခဲ့ပါ၊ သူတို့ခံယူနိုင်သည်ထက် သူတို့အပေါ် တစ်ခါမျှပို၍မတင်ခဲ့ချေ။ (ယောဟန် ၁၆:၁၂) ထို့ကြောင့် ကိုယ်တော်အား စိတ်လန်းဆန်းစေသူအဖြစ် လူအများသိရှိခံစားခဲ့ကြရသည်မှာ အံ့အားသင့်စရာမဟုတ်ပေ!—မဿဲ ၁၁:၂၉။
ကျိုးနွံခြင်းဆိုင်ရာ ယေရှု၏ပုံနမူနာကိုတုပလော့
၁၈၊ ၁၉။ ယေရှု၏ကျိုးနွံခြင်းကို (က) မိမိတို့ကိုယ်ကိုရှုမြင်ပုံ၌ (ခ) အခြားသူများကိုဆက်ဆံပုံ၌ မည်သို့တုပနိုင်သနည်း။
၁၈ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားက ကျိုးနွံခြင်းတင်ပြခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့မူကား ပို၍ပင်တင်ပြသင့်ပေသည်။ မစုံလင်သောလူသားများသည် အကြွင်းမဲ့အခွင့်အာဏာကို မိမိတို့လုံးဝမပိုင်ဆိုင်ကြောင်း ဝန်ခံဖို့ တွန့်ဆုတ်လေ့ရှိကြသည်။ သို့သော် ခရစ်ယာန်များသည် ယေရှုကိုတုပသည့်အနေဖြင့် ကျိုးနွံဖို့ကြိုးပမ်းကြသည်။ သူတို့သည် အရည်အချင်းရှိသူတို့ကို တာဝန်ပေးဖို့ မာနကြီးလွန်းသည်မဟုတ်; အခွင့်အာဏာရှိသူတို့၏ ညွှန်ကြားချက်ကို လက်မခံလိုသူများလည်း မဟုတ်ကြပါ။ သူတို့သည် ဝိုင်းဝန်းကူညီစိတ်ကိုတင်ပြကြပြီး အသင်းတော်တွင် အရာခပ်သိမ်း “တင့်တယ်လျောက်ပတ်စွာ” ဖြစ်စေရန် ခွင့်ပြုကြသည်။—၁ ကောရိန္သု ၁၄:၄၀။
၁၉ ကျိုးနွံခြင်းက အခြားသူများထံမှ အကျိုးသင့်အကြောင်းသင့်မျှော်လင့်ရန်နှင့် သူတို့၏လိုအပ်ရာများကို ထောက်ထားစာနာတတ်ရန်လည်း ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးပါလိမ့်မည်။ (ဖိလိပ္ပိ ၄:၅) အခြားသူများ၌မရှိသော အရည်အချင်းနှင့် အားသာချက်အချို့ ကျွန်ုပ်တို့၌ရှိနေပေမည်။ သို့တိုင် ကျွန်ုပ်တို့သည် ကျိုးနွံသောသူများဖြစ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ဖြစ်စေလိုသည့်အတိုင်း သူတစ်ပါးကပြုလုပ်ပေးဖို့ အမြဲမျှော်လင့်ကြမည်မဟုတ်ပါ။ လူတစ်ဦးစီ၌ ကိုယ်ပိုင်ကန့်သတ်မှုများရှိကြောင်း သိထားကာ ကျိုးနွံစွာ သူတစ်ပါး၏အားနည်းချက်များကို ခွင့်လွှတ်ပေမည်။ ပေတရုက ဤသို့ရေးသားခဲ့သည်– “အခြားသောအမှုအရာထက်မက၊ အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”—၁ ပေတရု ၄:၈။
၂၀။ ကျိုးနွံမှုမရှိခြင်းသို့ တိမ်းညွတ်သည့် အဘယ်စိတ်ထားကိုမဆို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။
၂၀ ကျွန်ုပ်တို့သင်ယူခဲ့သည့်အတိုင်း ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်အတူ အမှန်ပင်ရှိ၏။ သို့သော် အသင်၌ ကျိုးနွံမှုမရှိခြင်း သို့မဟုတ် ရောင့်တက်ခြင်းဘက် တိမ်းညွတ်သောစိတ်ထားများရှိကြောင်း တွေ့ရှိရလျှင် အသို့နည်း။ စိတ်ဓာတ်မကျပါနှင့်။ သို့ဖြစ်မည့်အစား ‘ရောင့်တက်သောအမှုတို့မှလည်း ကိုယ်တော်၏ကျွန်အား ဆီးတားတော်မူပါ။ . . . အပြစ်သည် အကျွန်ုပ်ကိုအစိုးမရပါစေနှင့်’ ဟုဆုတောင်းခဲ့သော ဒါဝိဒ်၏ပုံသက်သေကို လိုက်လျှောက်ပါ။ (ဆာလံ ၁၉:၁၃) ပေါလု၊ ဂိဒေါင်နှင့်—အားလုံတို့ထက်—ယေရှုခရစ် ကဲ့သို့သောသူတို့၏ ယုံကြည်ခြင်းကို တုပခြင်းအားဖြင့် “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏” ဟူသောစကား၏ မှန်ကန်မှုကို ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံကြရပါလိမ့်မည်။—သု. ၁၁:၂၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 “အစေအပါများ” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် သင်္ဘောကြီးတစ်ခုပေါ်မှ တက်ခတ်သမားများထိုင်ရာ ခုံတန်းအနိမ့်တွင် လှော်ခတ်သည့်ကျွန်တစ်ဦးကို ရည်ညွှန်းနိုင်သည်။ ယင်းနှင့်ဆန့်ကျင်လျက် “ဘဏ္ဍာစိုးများ” သည် ခြံမြေကို ကြည့်ရှုစောင့်ထိန်းခြင်းအပါအဝင် သာ၍များသောတာဝန်များ အပ်နှင်းခံရပေမည်။ မည်သို့ပင်ဖြစ်စေ လှေသူကြီးအများစု၏အမြင်တွင် ဘဏ္ဍာစိုးသည် လှေထိုးသမားနည်းတူ ကျွန်ပြုခံရသူသာဖြစ်သည်။
^ အပိုဒ်၊ 12 ဂိဒေါင်၏ပညာသတိရှိခြင်းနှင့် သတိဝီရိယရှိခြင်းကို သူရဲဘောနည်းသည့်လက္ခဏာအဖြစ် အထင်မမှားသင့်ပါ။ သို့ဖြစ်မည့်အစား ဟေဗြဲ ၁၁:၃၂-၃၈ ၌သူ၏သတ္တိကိုအတည်ပြုကာ ဂိဒေါင်ကို “အားကြီးခြင်းသို့ရောက်” ၍ “စစ်တိုက်ခြင်း၌ခွန်အားနှင့်ပြည့်စုံ” သူတို့တွင် တစ်ဦးပါဝင်စေသည်။
^ အပိုဒ်၊ 16 ကျိုးနွံခြင်းတွင် မိမိ၏ကန့်သတ်မှုများကို အသိအမှတ်ပြုခြင်းပါဝင်သည်ဖြစ်ရာ ယေဟောဝါအား ကျိုးနွံသောအရှင်အဖြစ် မဆိုနိုင်ချေ။ သို့သော် ကိုယ်တော်သည် နှိမ့်ချတော်မူ၏။—ဆာလံ ၁၈:၃၅။
သင်မှတ်မိသလော
• ကျိုးနွံခြင်းကား အဘယ်နည်း။
• ပေါလု၏ကျိုးနွံခြင်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
• ကျိုးနွံခြင်းနှင့်ပတ်သက်၍ ဂိဒေါင်၏ပုံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
• ယေရှုသည် ကျိုးနွံခြင်းဆိုင်ရာ အကြီးမြတ်ဆုံးပုံနမူနာကို မည်သို့တင်ပြခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပေါလု၏ကျိုးနွံမှုက ခရစ်ယာန်ချင်းများ၏ ချစ်ခင်မှုကိုခံစားစေခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဂိဒေါင်သည် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ရာ၌ ပညာသတိကိုအသုံးပြုခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘုရားသခင့်သားတော် ယေရှုသည် ပြုလေရာရာ၌ ကျိုးနွံခြင်းကိုတင်ပြ