မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကိုချစ်မြတ်နိုးသူများ ကိုယ်တော်အတွက် အဖိုးထိုက်

ယေဟောဝါကိုချစ်မြတ်နိုးသူများ ကိုယ်တော်အတွက် အဖိုးထိုက်

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​များ ကိုယ်တော်​အတွက် အဖိုးထိုက်

လက်ဘနွန်​သည် ကျမ်းစာ​ခေတ်​ကတည်းက ၎င်း​၏​သယံဇာတ​ပစ္စည်း​များ​ကြောင့် ကျော်ကြား​ခဲ့​သည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၆၀:၁၃) အထူးသဖြင့် ၎င်း​၏​ခန့်ညား​ထည်ဝါ​သော အာရဇ်ပင်​များ​ကို လှပ​ခြင်း၊ ရနံ့​မွှေး​ခြင်း​နှင့် ကြာရှည်​ခိုင်ခံ့ခြင်း​တို့အတွက်​ကြောင့် ဆောက်လုပ်ရေး​ပစ္စည်း​အဖြစ် လူကြိုက်များ​ပြီး အလွန်​တန်ဖိုး​ထားခဲ့​ကြသည်။ ပထမ​ရာစု​တွင် ထို​ထက်​ပို​၍​အဖိုးထိုက်​သော အရာတစ်ခု လက်ဘနွန်​မှ​ပေါ်ထွက်​ခဲ့​သည်။ လက်ဘနွန်​၏ ရှေးကျ​သော​နယ်မြေ​တွင်​ရှိသည့် တုရု​မြို့​နှင့် ဇိဒုန်​မြို့မှ “လူများ​အပေါင်းတို့သည် [ယေရှု] ပြု​တော်​မူသမျှ​ကို​ကြား​လျှင် အထံတော်​သို့​လာ​ကြ​၏” ဟု​မာကု​ခရစ်ဝင်​ကျမ်း​က မှတ်တမ်း​တင်ထား​သည်။—မာကု ၃:၈

အလားတူ ယနေ့လည်း လက်ဘနွန်​တွင် ယေဟောဝါ​ရှေ့တော်၌ အလွန်​အဖိုးထိုက်သည့်​အသီးများ ဆက်​သီးပွင့်​လျက်​ရှိသည်။ အောက်ပါ​တွေ့ ကြုံ​မှုများ​က ယင်းကို​ပေါ်လွင်​စေ​သည်။

• ဝိုင်​စ​မ်​အမည်​ရှိ သက်သေခံ​လူငယ်​တစ်ဦး​သည် ကျောင်း​၌ သူ၏​အတန်း​တွင် မိနစ်-၃၀ ဟောပြော​ခွင့်​ရသည်။ ဝိုင်​စ​မ်​သည် ယင်းကို သက်သေ​ခံရန် အခွင့်ကောင်း​ဖြစ်သည်ဟု ဆုံးဖြတ်​ခဲ့​သည်။ ထို့​ကြောင့် သူသည် အသက်—ဤ​တွင်​မည်သို့​ရောက်ရှိ​ခဲ့​သနည်း။ ဆင့်ကဲဖြစ်စဉ်​အားဖြင့်​လော၊ ဖန်ဆင်း​ခြင်း​အားဖြင့်​လော [လိပ်] စာအုပ်​ကို​သုံး​၍ ဖန်ဆင်း​ခြင်း​အကြောင်း ဟောပြောချက်​တစ်ခု ပြင်ဆင်​ခဲ့​သည်။ သို့သော် ဝိုင်​စ​မ်​၏​ဆရာ​သည် အကြောင်းအရာကို​တွေ့သော​အခါ ၎င်း​သည် အလွန်​အရေးကြီး​သည့်​အကြောင်း​ဖြစ်သော​ကြောင့် ဝိုင်​စ​မ်​အနေ​နှင့် သူ၏​ဟောပြောချက်ကို ၄၅ မိနစ်​အထိ အချိန်​တိုး​ယူ​နိုင်​ကြောင်း ပြော​ခဲ့​သည်။

ဟောပြောချက်ကို ဝိုင်​စ​မ် စတင်​ပြော​သောအခါ သူ၏​ဆရာ​က ရပ်​ခိုင်း​ပြီး ကျောင်းအုပ်​ကြီး​ကို မှာ​လိုက်​သည်။ မကြာမီ ကျောင်းအုပ်​ကြီး​ရောက်လာ​ပြီး ဝိုင်​စ​မ်​သည် ပြန်​စ​ပြော​ခဲ့​ရသည်။ ဟောပြောချက်​၏​နိဒါန်း​တွင် ဝိုင်​စ​မ်​ထုတ်​သည့်​မေးခွန်းများကို သူ​နားထောင်​နေစဉ် ကျောင်းအုပ်​သည် စိတ်​လှုပ်ရှား​လာ​ကာ ၎င်း​ဟောပြောချက်​၏ မိတ္တူ​ကို ကျောင်းသား​အားလုံး​ရ​သင့်​သည်​ဟု ပြော​ခဲ့​သည်။

ခဏအကြာ​တွင် အတန်း​ရှေ့​ဖြတ်သွား​သည့် အခြား​ဆရာ​တစ်ယောက်​သည် စာသင်​ခန်း​မှ စိတ်​လှုပ်ရှားမှု​ကို သတိပြုမိ​ပြီး အဘယ်အရာ​ဖြစ်ပျက်​နေကြောင်း မေးမြန်းခဲ့​သည်။ သူ့ကို​ပြောပြ​သောအခါ သူက ဝိုင်​စ​မ်​သည် ဖန်ဆင်း​ခြင်း​ကို သက်သေပြ​ရန်​ကြိုးစား​ခြင်း​လော၊ ဆင့်ကဲဖြစ်စဉ်​ကို​လော​ဟု မေးခဲ့သည်။ “ဖန်ဆင်း​ခြင်း” ဟု​ဖြေ​ခဲ့​သည်။ ဝိုင်​စ​မ်​သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း ဆရာ​သိရှိ​သောအခါ အတန်းသား​များ​ကို သူက “သိပ္ပံ​ပညာ​ဟာ ဆင့်ကဲဖြစ်စဉ်​ကို​မဟုတ်ဘဲ ဖန်ဆင်း​ခြင်း​ကို​ထောက်ခံတယ်​ဆိုတာ​ကို သူ့​ဟောပြောချက်​ကနေ မင်းတို့​သိ​ရလိမ့်မယ်” ဟု​ပြော​ခဲ့​သည်။

ဖြစ်​ပုံ​မှာ ထို​ဆရာ​၌ ဖန်ဆင်း​ခြင်း​စာအုပ်​ရှိပြီး တက္ကသိုလ်​တွင် ပို့ချ​ရန် ယင်းကို​သူ​အသုံးပြု​နေကြောင်း သိလိုက်ရ​သည်! မ​ထွက်ခွာ​ခင် သူက ဝိုင်​စ​မ်​သည် မိမိ၏​အတန်းသား​များ​ကို ပြောပြ​နိုင်​ရန် သူ၏​တပည့်​များနှင့်​အတူ နောက်​နေ့​ပြန်​လာ၍​ရ​မရ မေးခဲ့သည်။ ယင်းက ယေဟောဝါ​အတွက် ကောင်းမွန်သော​သက်သေခံချက် နောက်ထပ်​တစ်ခု​ဖြစ်ပေါ်​စေ​ခဲ့​သည်။

• နှစ်​ဆယ့်နှစ်​နှစ်အရွယ် နီ​နာ​သည် အမှန်တရား​ရေ​ဆာငတ်​နေခဲ့​သည်။ တစ်နေ့​၌ သူ၏​ဝမ်းကွဲ​တစ်ယောက်​က သူ့ကို​ကျမ်းစာ​တစ်အုပ်​ပေး​ပြီး ပင်​တီ​ကော့​စ​တယ်​လ်​ချာ့ခ်ျ​နှင့် မိတ်ဆက်​ပေး​ခဲ့​သည်။ နီ​နာ​သည် ကျမ်းစာ​ကို​နှစ်ခြိုက်​အားရ​စွာ​ဖတ်​သောအခါ ခရစ်ယာန်​များသည် ဟောပြော​ရမည်​ဖြစ်​ကြောင်းကို သူ​ဖတ်​သည့်​အရာ​မှ​သိရှိ​လာသော​ကြောင့် သူသိ​ထား​ရာ​များ​ကို အသိ​မိတ်ဆွေများ​အား စတင်​ဟောပြောခဲ့​သည်။ သူ​ဟောပြောခဲ့သည့်​အကြောင်းကို ကြား​သူ​တိုင်း​က “မင်း ယေဟောဝါသက်သေ​တစ်ယောက်​လား” ဟု​သူ့ကို​မေးခဲ့သည်။ ထို​အခါ သူ​စိတ်ရှုပ်​ထွေး​သွားခဲ့သည်။

ခြောက်​နှစ်​ကြာပြီးနောက် ယေဟောဝါသက်သေ​များသည် နီ​နာ​၏​အိမ်​သို့​ရောက်လာ​ပြီး ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ပြောပြ​သည်။ အစပိုင်း​၌ သူတို့၏​သွန်သင်ချက်​ကို အပြစ်ရှာ​ဖို့ သူ​ကြိုးစား​ခဲ့​သည်။ သို့သော် သူတို့၏​အဖြေ​အားလုံး​သည် ကျိုးကြောင်း​ဆီလျော်​ပြီး ကျမ်းစာ​ကို​အခြေခံ​ကြောင်း သူ​တွေ့ရှိ​ခဲ့​ရသည်။

နောက်ဆုံး​တွင် နီ​နာ​သိလာ​ခဲ့​ရသည့် ဘုရားသခင့်​နာမတော်​မှာ ယေဟောဝါ​ဖြစ်​ကြောင်း၊ ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ အစ​ရှိသည်​တို့​ကြောင့် သူသည် အမှန်တရားကို​တွေ့ ရှိခဲ့​ပြီ​ဖြစ်​ကြောင်း သေချာ​စေ​ခဲ့​သည်။ သူ၏​အသက်တာကို ဘုရားသခင်​ထံ​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​သည်။ နီ​နာ​သည် လွန်​ခဲ့​သည့်​ခု​နစ်​နှစ်​အတွင်း အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​အဖြစ် အမှုဆောင်ခဲ့​ပြီ။ မှန်ပါသည်၊ ယေဟောဝါ​သည် ကိုယ်တော်​အား အမှန်ချစ်​သူများကို ကောင်းချီး​ပေး​တော်​မူ​သည်။—၁ ကောရိန္သု ၂:၉