ရောင့်တက်ခြင်းက အရှက်ကွဲစေ
ရောင့်တက်ခြင်းက အရှက်ကွဲစေ
“မာနထောင်လွှား [“ရောင့်တက်၊” ကဘ] သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏။”—သု. ၁၁:၂။
၁၊ ၂။ ရောင့်တက်ခြင်းဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်နည်းများဖြင့် အန္တရာယ်ကျရောက်စေသနည်း။
မနာလိုစိတ်ဝင်သော လေဝိသားတစ်ဦးသည် ယေဟောဝါခန့်အပ်ထားသော အခွင့်အာဏာရှိသူတို့အား ဆန့်ကျင်ပုန်ကန်သည့်လူအုပ်ကို ဦးဆောင်လေသည်။ ရည်မှန်းချက်ကြီးသော မင်းသားတစ်ဦးသည် ဖခင်ဖြစ်သူ၏ထီးနန်းကိုလုယူရန် မရိုးမသားကြံစည်လေသည်။ စိတ်မရှည်နိုင်သော ရှင်ဘုရင်တစ်ပါးသည် ဘုရားသခင့်ပရောဖက်၏ ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များကို ပမာဏမပြုဘဲနေသည်။ ဤဣသရေလလူသုံးဦးစလုံးတွင် ရောင့်တက်သောစရိုက်ရှိသည်။
၂ ရောင့်တက်ခြင်းသည် အားလုံးကို အန္တရာယ်ရှိစေသော နှလုံး၏စရိုက်လက္ခဏာတစ်ခုဖြစ်သည်။ (ဆာလံ ၁၉:၁၃) ရောင့်တက်သူတစ်ဦးသည် ပြုလုပ်ဖို့ အခွင့်အာဏာမရှိဘဲ ရဲရဲတင်းတင်းပြုမူတတ်သည်။ ယင်းက အန္တရာယ်ကျရောက်စေလေ့ရှိသည်။ အမှန်ဆိုလျှင် ရောင့်တက်ခြင်းသည် ရှင်ဘုရင်များကိုပျက်စီးစေပြီး အင်ပါယာများကို ကျဆုံးစေခဲ့ပြီ။ (ယေရမိ ၅၀:၂၉၊ ၃၁၊ ၃၂; ဒံယေလ ၅:၂၀) ယေဟောဝါ၏ကျေးကျွန်အချို့ကိုပင် ကျော့မိစေခဲ့ပြီး ပျက်စီးခြင်းသို့ ရောက်စေခဲ့သည်။
၃။ ရောင့်တက်ခြင်းအန္တရာယ်များအကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း။
၃ သမ္မာကျမ်းစာက ခိုင်လုံသောအကြောင်းဖြင့် ဤသို့ဖော်ပြသည်– “မာနထောင်လွှား [“ရောင့်တက်၊” ကဘ] သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏။” (သု. ၁၁:၂) သမ္မာကျမ်းစာက ဤနယပုံပြင်ကျမ်း၏မှန်ကန်မှုကို အတည်ပြုသည့် ပုံနမူနာများဖော်ပြပေးပါသည်။ ၎င်းပုံနမူနာအချို့ကို သုံးသပ်ခြင်းက သင့်လျော်သည့်ဘောင်များ ကျော်လွန်ခြင်းအန္တရာယ်ကို သိမြင်စေပါလိမ့်မည်။ ထို့ကြောင့် အစတွင်ဖော်ပြထားသောပုဂ္ဂိုလ်သုံးဦးကို မနာလိုခြင်း၊ ရည်မှန်းချက်ကြီးခြင်းနှင့် စိတ်မရှည်ခြင်းတို့က အရှက်ရစေရန် ရောင့်တက်စွာ မည်သို့ပြုမူစေခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။
ကောရ —မနာလိုစိတ်ဝင်သည့်ပုန်ကန်သူ
၄။ (က) ကောရကား မည်သူနည်း၊ အဘယ်သမိုင်းဝင်ဖြစ်ရပ်များ၌ သူအမှန်ပါဝင်ခဲ့သနည်း။ (ခ) သက်ကြီးပိုင်းတွင် ကောရသည် အဘယ်ဆိုးသောလုပ်ရပ်ကို ကျူးလွန်ခဲ့သနည်း။
၄ ကောရသည် မောရှေ၊ အာရုန်တို့နှင့် တစ်ဝမ်းကွဲတော်သည့် လေဝိအမျိုး ကောဟတ်သားတစ်ဦးဖြစ်သည်။ သူသည် ယေဟောဝါကို ဆယ်စုနှစ်များစွာ သစ္စာရှိခဲ့ကြောင်းထင်ရှားသည်။ ကောရသည် ပင်လယ်နီမှ အံ့ဖွယ်နည်းဖြင့် လွတ်မြောက်လာခဲ့သူတို့တွင် တစ်ဦးပါဝင်ပြီး သိနာတောင်တွင် နွားရုပ်ကိုးကွယ်ခဲ့သူ ဣသရေလလူတို့ကို ယေဟောဝါတရားစီရင်ရာ၌ ပါဝင်ခဲ့ဖွယ်ရှိသည်။ (ထွက်မြောက်ရာ ၃၂:၂၆) သို့သော် တဖြည်းဖြည်းနှင့် ကောရသည် ရုဗင်အနွယ် ဒါသန်၊ အဘိရံနှင့်သြနတို့အပါအဝင် ဣသရေလအမျိုးသားအကြီးအကဲ ၂၅၀ တို့နှင့်တကွ မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်ပုန်ကန်ရာ၌ ဦးဆောင်သူဖြစ်လာခဲ့သည်။ * မောရှေနှင့်အာရုန်တို့ကို သူတို့ကဤသို့ဆိုခဲ့ကြသည်– “သင်တို့သည် အမှုတော်ကိုစောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့်ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်း။”—တောလည်ရာ ၁၆:၁-၃။
၅၊ ၆။ (က) ကောရသည် မောရှေနှင့်အာရုန်တို့ကို အဘယ်ကြောင့်ပုန်ကန်ခဲ့သနည်း။ (ခ) ကောရသည် ဘုရားသခင့်အစီအစဉ်၌ မိမိကိုယ်နှိုက်၏နေရာကို အထင်သေးဖွယ်ရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၅ ကောရသည် နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ပြီးနောက် အဘယ်ကြောင့်ပုန်ကန်ခဲ့သနည်း။ မောရှေသည် “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” သောကြောင့် ဣသရေလလူမျိုးအပေါ် သူ၏ဦးဆောင်မှုသည် ဖိနှိပ်မှုဖြစ်မည်မဟုတ်သည်မှာ သေချာသည်။ (တောလည်ရာ ၁၂:၃) သို့သော် ကောရသည် မောရှေနှင့်အာရုန်ကို မနာလိုဖြစ်၍ သူတို့၏ပေါ်လွင်မှုကို မကျေမနပ်ဖြစ်ကာ သူတို့သည် ပရိသတ်အပေါ် နိုင်လိုမင်းထက်၊ တစ်ကိုယ်ကောင်းဆန်စွာ မိမိတို့ကိုယ်ကိုချီးမြှောက်ခဲ့ကြသည်ဟု—မှားယွင်းစွာ—ပြောဆိုခဲ့ပုံပေါ်သည်။—ဆာလံ ၁၀၆:၁၆။
၆ ကောရ၏ ဖြစ်နိုင်ဖွယ်ရှိသောပြဿနာတစ်ခုမှာ ဘုရားသခင့်အစီအစဉ်တွင် မိမိ၏အခွင့်ထူးကို မြတ်နိုးမှုမရှိခြင်းဖြစ်ပေမည်။ လေဝိအမျိုး ကောဟတ်သားများသည် ယဇ်ပုရောဟိတ်များမဟုတ်ကြသည်မှာ မှန်သော်လည်း သူတို့သည် ဘုရားသခင့်ပညတ်တော်ကို သွန်သင်သူများဖြစ်ကြ၏။ တဲတော်ကို သယ်ယူပို့ဆောင်ရသည့်အခါ သူတို့သည်လည်း တဲတော်အသုံးအဆောင်နှင့် တန်ဆာများကို သယ်ဆောင်ကြရသည်။ ယင်းတာဝန်သည် အသေးအဖွဲမဟုတ်ပါ၊ အကြောင်းမှာ သန့်ရှင်းသောတန်ဆာများကို ဘာသာရေးအရလည်းကောင်း၊ ကိုယ်ကျင့်တရားအရလည်းကောင်း သန့်ရှင်းသူများသာလျှင် ကိုင်ဆောင်နိုင်သည်။ (ဟေရှာယ ၅၂:၁၁) ထို့ကြောင့် မောရှေသည် ကောရနှင့် ရင်ဆိုင်ခဲ့သောအခါ သင့်တာဝန်ကိုသင် လုံးဝအရေးမပါဟု ရှုမြင်ရလောက်အောင် ယဇ်ပုရောဟိတ်အရာကိုလည်း ရှာရခြင်းလောဟု မေးနေသည့်သဘောသက်ရောက်သည်။ (တောလည်ရာ ၁၆:၉၊ ၁၀) ဂုဏ်အရှိဆုံးမှာ အထူးဂုဏ်ဒြပ် သို့မဟုတ် ရာထူး တစ်ခုခုရရှိခြင်းမဟုတ်ဘဲ—ယေဟောဝါ၏အစီအစဉ်နှင့်အညီ ကိုယ်တော်အား သစ္စာရှိစွာအမှုထမ်းခြင်းဖြစ်ကြောင်းကို ကောရသဘောမပေါက်ခဲ့ခြင်းဖြစ်ပေသည်။—ဆာလံ ၈၄:၁၀။
၇။ (က) ကောရနှင့် သူ၏လူတို့ကို မောရှေ မည်သို့ဖြေရှင်းခဲ့သနည်း။ (ခ) ကောရ၏ပုန်ကန်မှုက အဘယ်ဘေးအန္တရာယ်ဖြင့် အဆုံးသတ်စေခဲ့သနည်း။
၇ မောရှေက နောက်တစ်နေ့နံနက်တွင် လင်ပန်းများနှင့် အမွှေးနံ့သာပါလျက် စည်းဝေးရာတဲတော်၌ စုရုံးကြရန် ကောရနှင့် သူ၏လူတို့ကိုဖိတ်ခေါ်ခဲ့သည်။ ကောရနှင့် သူ့လူတို့သည် ယဇ်ပုရောဟိတ်များ မဟုတ်ကြသောကြောင့် နံ့သာပေါင်းကိုပူဇော်ရန် အခွင့်အာဏာမရှိကြပါ။ သူတို့သည် မီးလင်ပန်းများနှင့် အမွှေးနံ့သာယူလာခဲ့ကြမည်ဆိုလျှင်—ထိုကိစ္စကိုတစ်ညလုံး သုံးသပ်ပြီးနောက်၌ပင်—မိမိတို့သည် ယဇ်ပုရောဟိတ်များ ဖြစ်ခွင့်ရှိသည်ဟု သူတို့ယူမှတ်ဆဲဖြစ်ကြောင်း ထင်ရှားစေပေမည်။ နောက်တစ်နေ့နံနက်၌ သူတို့ရောက်ရှိလာသောအခါ ယေဟောဝါသည် မှန်ကန်စွာပင် အမျက်တော်ပြခဲ့သည်။ ရုဗင်အမျိုးမှာမူ “မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ . . . ကို မျို လေ၏။ ကောရအပါအဝင် ကျန်ကြွင်းသူတို့မှာ ဘုရားသခင်ထံတော်မှမီးဖြင့် လောင်ကျွမ်းခံခဲ့ကြရသည်။ (တရားဟောရာ ၁၁:၆; တောလည်ရာ ၁၆:၁၆-၃၅; ၂၆:၁၀) ကောရ၏ရောင့်တက်ခြင်းက အဆုံးစွန်အရှက်ကွဲခြင်း—ဘုရားသခင်၏မနှစ်မြို့မှု—ကိုခံရစေခဲ့သည်!
“ငြူစူ . . . ချင်သောသဘော” ကိုတွန်းလှန်လော့
၈။ ခရစ်ယာန်များအကြားတွင် “ငြူစူ . . . ချင်သောသဘော” မည်သို့ပေါ်လာနိုင်သနည်း။
၈ ကောရ၏အကြောင်းသည် ကျွန်ုပ်တို့အတွက် သတိပေးချက်တစ်ခုဖြစ်၏။ “ငြူစူ . . . ချင်သောသဘော” သည် မစုံလင်သောလူသားများ၌ ရှိနေသောကြောင့် ခရစ်ယာန်အသင်းတော်၌ပင် ပေါ်လာနိုင်သည်။ (ယာကုပ် ၄:၅) ဥပမာ၊ ကျွန်ုပ်တို့သည် ရာထူးကို လိုလားပေမည်။ ကျွန်ုပ်တို့လိုလားသောအခွင့်ထူးများ ရရှိထားသူတို့ကို ကောရကဲ့သို့ မနာလိုဖြစ်မိပေမည်။ သို့မဟုတ် ဒယောတရပ်အမည်ရှိ ပထမရာစုမှ ခရစ်ယာန်တစ်ဦးကဲ့သို့ ဖြစ်လာနိုင်သည်။ သူသည် တမန်တော်ဆိုင်ရာအခွင့်အာဏာကို အလွန်အမင်းအပြစ်ရှာခဲ့သည်မှာ အကြီးအမှူးဖြစ်လိုခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ ဒယောတရပ်သည် “အကဲအမှူးလုပ်ချင်” သည်ဟု ယောဟန်က အမှန်အတိုင်းရေးသားခဲ့သည်။—၃ ယောဟန် ၉။
၉။ (က) အသင်းတော်တာဝန်များအပေါ် အဘယ်သဘောထားကို ကျွန်ုပ်တို့ရှောင်ဖို့လိုသနည်း။ (ခ) ဘုရားသခင့်အစီအစဉ်၌ ကျွန်ုပ်တို့၏နေရာနှင့်ပတ်သက်၍ သင့်လျော်သောအမြင်ကား အဘယ်နည်း။
၉ အမှန်မှာ၊ ခရစ်ယာန်အမျိုးသားတစ်ဦးသည် အသင်းတော်တာဝန်များကို တောင့်တခြင်းသည်မမှားပါ။ ပေါလုက ထိုလမ်းစဉ်ကိုလိုက်ရန် အားပေးတိုက်တွန်းခြင်းပင်ပြုခဲ့သည်။ (၁ တိမောသေ ၃:၁) သို့ရာတွင် လုပ်ငန်းတော်အခွင့်အရေးများကို ရသင့်ရထိုက်သော ရင်ထိုးတံဆိပ်များအဖြစ်၊ ၎င်းတို့ကိုရရှိခြင်းကြောင့် ရာထူးတစ်ဆင့်တိုးတက်ဘိသကဲ့သို့ ဘယ်သောအခါမျှ မယူမှတ်သင့်ပေ။ ယေရှုက ဤသို့ဆိုသည်ကိုသတိရပါ– “သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။” (မဿဲ ၂၀:၂၈) ရှင်းနေသည်မှာ၊ ကိုယ်တော်၏အဖွဲ့အစည်းတွင် ဘုရားသခင်ရှေ့ ကျွန်ုပ်တို့၏တန်ဖိုးသည် “ရာထူး” အပေါ်မူတည်သည့်အလား ကြီးမားသောတာဝန်ရှိသူတို့ကို မနာလိုဖြစ်ခြင်းသည်မှားပေမည်။ ယေရှုက “သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟုဆိုခဲ့သည်။ (မဿဲ ၂၃:၈) မှန်ပါသည်၊ ကြေညာသူ သို့မဟုတ် ရှေ့ဆောင်ဖြစ်စေ၊ နှစ်ခြင်းခံခါစ သို့မဟုတ် လုပ်သက်ရင့် သမာဓိစောင့်သိသူဖြစ်စေ ယေဟောဝါကိုစိုးလ်အကြွင်းမဲ့အမှုထမ်းသူအားလုံးသည် ကိုယ်တော်၏အစီအစဉ်၌ အဖိုးတန်နေရာရှိကြသည်။ (လုကာ ၁၀:၂၇; ၁၂:၆၊ ၇; ဂလာတိ ၃:၂၈; ဟေဗြဲ ၆:၁၀) “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့” ဟူသော ကျမ်းစာအကြံပေးချက်ကို လိုက်နာဖို့ကြိုးစားနေကြသူ သန်းပေါင်းများစွာတို့နှင့်အတူ ပခုံးချင်းယှဉ်၍ အမှုတော်ဆောင်ရခြင်းသည် အမှန်ပင်ကောင်းချီးတစ်ခုဖြစ်သည်။—၁ ပေတရု ၅:၅။
အဗရှလုံ—ရည်မှန်းချက်ကြီးသော အခွင့်အရေးသမား
၁၀။ အဗရှလုံကား မည်သူနည်း၊ တရားစီရင်ခြင်းခံဖို့ ရှင်ဘုရင်ထံသို့လာသောသူတို့၏ မျက်နှာသာရရန် သူမည်သို့ကြိုးစားမြှောက်ပင့်ပြောဆိုခဲ့သနည်း။
၁၀ ဘုရင်ဒါဝိဒ်၏ တတိယသားတော် အဗရှလုံ၏ဘဝလမ်းစဉ်သည် ရည်မှန်းချက်ကြီးခြင်းဆိုင်ရာ ရုပ်ပြသင်ခန်းစာတစ်ခုဖြစ်သည်။ အကောက်ကြံသော ဤအခွင့်အရေးသမားသည် တရားစီရင်ခံဖို့ ရှင်ဘုရင်ထံလာသူတို့၏မျက်နှာသာရရန် ကြိုးစားမြှောက်ပင့်ပြောဆိုခဲ့သည်။ သူသည် ဦးဆုံးအနေနှင့် လူတို့၏လိုအပ်ချက်များကို ဒါဝိဒ်စိတ်မဝင်စားဟု စောင်းပါးရိတ်ခြည်ပြောဆိုခဲ့သည်။ ထို့နောက် ဉာဏ်ဆင်မနေတော့ဘဲ သူ့ရည်မှန်းချက်ကို တိုက်ရိုက်ဖော်ထုတ်လေသည်။ “ငါသည် ဤပြည်၌ တရားစီရင်သောမင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့ကို ငါ့ထံသို့လာ၍ ငါသည် တရားသဖြင့်စီရင်မည်” ဟုအဗရှလုံဆိုသည်။ အဗရှလုံ၏စဉ်းလဲသောဉာဏ်ဆင်မှုမှာ နည်းပေါင်းစုံဖြစ်သည်။ ကျမ်းစာကဤသို့ဆို၏– “လူတစ်စုံတစ်ယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကိုကိုင်လျက် နမ်းလေ့ရှိ၏။ ထိုသို့စီရင်တော်မူခြင်းကိုခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသားအပေါင်းတို့အား အဗရှလုံပြု . . . ၏။” အဘယ်ရလဒ်ရသနည်း။ ‘အဗရှလုံသည် ဣသရေလအမျိုးသားအပေါင်းတို့၏ . . . စိတ်နှလုံးကိုခိုးလေ၏။’—၂ ဓမ္မရာဇဝင် ၁၅:၁-၆။
၁၁။ အဗရှလုံသည် ဒါဝိဒ်၏ရာဇပလ္လင်ကိုလုယူဖို့ မည်သို့ကြိုးပမ်းခဲ့သနည်း။
၁၁ အဗရှလုံသည် ခမည်းတော်၏နန်းရိုက်ရာကို လုယူဖို့ဆုံးဖြတ်၂ ဓမ္မရာဇဝင် ၁၃:၂၈၊ ၂၉) သို့သော် အဗရှလုံသည် ထိုအချိန်ကတည်းက ရာဇပလ္လင်ကိုမျက်စိကျခဲ့ပြီး အာမနုန်အားသတ်ဖြတ်ခြင်းကို ပြိုင်ဘက်တစ်ဦးအား ဖယ်ရှားပစ်ဖို့ အဆင်ပြေသောနည်းအဖြစ် ရှုမြင်ခဲ့ပေမည်။ * မည်သို့ပင်ဖြစ်စေ အချိန်တန်သောအခါ အဗရှလုံလှုပ်ရှားလေတော့သည်။ မိမိနန်းထိုင်တော်မူပြီဟု နိုင်ငံတစ်ဝန်းတွင် ကြေညာစေခဲ့၏။—၂ ဓမ္မရာဇဝင် ၁၅:၁၀။
ခဲ့သည်။ သူသည် အစောပိုင်းငါးနှစ်က ဒါဝိဒ်၏သားဦးအာမနုန်ကို သတ်ပစ်ခဲ့သည်၊ အပေါ်ယံအားဖြင့် အဗရှလုံ၏နှမတာမာကို မုဒိမ်းကျင့်မှုအတွက် လက်စားချေခြင်းဟုထင်ရသည်။ (၁၂။ အဗရှလုံ၏ရောင့်တက်ခြင်းက မည်သို့အရှက်ကွဲခြင်းဖြစ်စေခဲ့ကြောင်း ရှင်းပြပါ။
၁၂ “အဗရှလုံနောက်သို့လိုက်သောသူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီး” သောကြောင့် အဗရှလုံသည် ခေတ္တအောင်မြင်ခဲ့သည်။ အတန်ကြာလေသော် ဘုရင်ဒါဝိဒ်သည် သူ၏အသက်အတွက် မလွှဲမရှောင်သာ ထွက်ပြေးရတော့သည်။ (၂ ဓမ္မရာဇဝင် ၁၅:၁၂-၁၇) သို့သော် မကြာမီ အဗရှလုံသည် ယွာဘ၏လက်ချက်ဖြင့်အသတ်ခံရပြီး မြေတွင်းထဲသို့ပစ်ချခံရကာ ကျောက်ပုံဖြင့်ဖုံးအုပ်ခံရသောအခါ သူ၏တက်လှမ်းကြိုးပမ်းမှုတိုခဲ့သည်။ စဉ်းစားကြည့်ပါ—ရှင်ဘုရင်ဖြစ်လိုသော ဤရည်ရွယ်ချက်ကြီးမားသူသည် သေဆုံးရာ၌ သင့်လျော်စွာသင်္ဂြိုဟ်ခြင်းကိုပင် မခံခဲ့ရပေ။ * ရောင့်တက်ခြင်းက အဗရှလုံကို အမှန်ပင်အရှက်ကွဲစေခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၈:၉-၁၇။
ကိုယ်ကျိုးရှာသည့် ရည်မှန်းချက်ကိုရှောင်လော့
၁၃။ ရည်မှန်းချက်ကြီးသောစိတ်သည် ခရစ်ယာန်တစ်ဦး၏နှလုံးတွင် မည်သို့အမြစ်တွယ်နိုင်သနည်း။
၁၃ အဗရှလုံ အာဏာတက်လာခြင်းနှင့် နောက်ပိုင်းကျရှုံးခဲ့ရခြင်းက ကျွန်ုပ်တို့အတွက်သင်ခန်းစာဖြစ်သည်။ စည်းမစောင့်သော မျက်မှောက်ခေတ်ကမ္ဘာတွင် လူတို့သည် မိမိတို့၏အထက်လူကြီးများကို မြှောက်ပင့်ခယကာ အထင်ကြီးစေဖို့၊ အခွင့်အရေး သို့မဟုတ် ရာထူးတစ်ခုခုရဖို့သက်သက် လူကြီးမျက်နှာရအောင် ကြိုးပမ်းတတ်ကြသည်။ တစ်ကြိမ်တည်းတွင် မျက်နှာရရန်နှင့် ထောက်မမှုရရန်မျှော်လင့်လျက် သူတို့၏လက်အောက်ခံများထံ၌ ဝါကြွားပြောဆိုတတ်ကြပေသည်။ ကျွန်ုပ်တို့သတိမပြုလျှင် ထိုသို့သောရည်မှန်းချက်ကြီးသည့်စိတ်ထားသည် ကျွန်ုပ်တို့နှလုံးထဲအမြစ်စွဲသွားနိုင်သည်။ ပထမရာစုမှအချို့သူတို့စပ်ကြား ယင်းသို့ဖြစ်ပျက်ခဲ့ရာ တမန်တော်များသည် ထိုသူတို့ကိုပြင်းပြင်းထန်ထန်သတိပေးဖို့ လိုအပ်ခဲ့ပုံရှိသည်။—ဂလာတိ ၄:၁၇; ၃ ယောဟန် ၉၊ ၁၀။
၁၄။ ရည်မှန်းချက်ကြီးသည့် မိမိကိုယ်ကိုချီးမြှောက်သည့်စိတ်ကို ကျွန်ုပ်တို့အဘယ်ကြောင့်ရှောင်သင့်သနည်း။
၁၄ ယေဟောဝါ၏အဖွဲ့အစည်းတွင် “ကိုယ်ဂုဏ်အသရေကိုရှာ” ဖို့ကြိုးစားပြီး မိမိကိုယ်ကိုချီးမြှောက်သည့် အကြံသမားများအတွက် နေရာမရှိပါ။ (သု. ၂၅:၂၇) အမှန်ဆိုလျှင် ကျမ်းစာကဤသို့သတိပေးထားသည်– “ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။” (ဆာလံ ၁၂:၄) အဗရှလုံ၌ ချော့မော့သောနှုတ်ခမ်းရှိသည်။ သူလိုချင်တပ်မက်သော အခွင့်အာဏာကိုရဖို့အတွက် သူမျက်နှာသာရလိုသူများကို မြှောက်ပင့်ပြောဆိုခဲ့သည်။ ယင်းနှင့်ဆန့်ကျင်လျက် “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့” ဟူသောပေါလု၏အကြံပေးချက်ကို လိုက်နာကြသည့် ညီအစ်ကိုအသင်းအပင်းအလယ်၌ ရှိနေရခြင်းသည် ကြီးမားလှသောကောင်းချီးပါတကား!—ဖိလိပ္ပိ ၂:၃။
ရှောလု—စိတ်မရှည်သောရှင်ဘုရင်တစ်ပါး
၁၅။ ရှောလုသည် တစ်ချိန်ကကျိုးနွံမှုရှိကြောင်းကို မည်သို့တင်ပြခဲ့သနည်း။
၁၅ နောက်ပိုင်းတွင် ဣသရေလဘုရင်ဖြစ်လာသော ရှောလုသည် တစ်ချိန်ကကျိုးနွံမှုရှိခဲ့သည်။ ဥပမာ၊ သူ၏ငယ်ရွယ်စဉ်နှစ်များအတွင်း အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင့်ပရောဖက်ရှမွေလက သူ့ကိုချီးမွမ်းပြောဆိုသောအခါ ရှောလုက နှိမ့်ချစွာဤသို့တုံ့ပြန်ခဲ့သည်– “အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်ယာမိန်အမျိုးသား ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်ယာမိန်အဆွေအမျိုးအပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့်ဤသို့ပြောပါသနည်း။”—၁ ဓမ္မရာဇဝင် ၉:၂၁။
၁၆။ ရှောလုသည် စိတ်မရှည်သောသဘောထားကို အဘယ်နည်းဖြင့်ဖော်ပြခဲ့သနည်း။
၁၆ သို့သော်၊ နောက်ပိုင်းတွင် ရှောလု၏ကျိုးနွံခြင်းပျောက်သွားသည်။ ဖိလိတ္တိလူမျိုးတို့နှင့်စစ်ဖြစ်စဉ် ဂိလဂါလမြို့သို့ သူဆုတ်ခွာသွားခဲ့ပြီး ထိုတွင် ဘုရားသခင်နှင့်မိတ်သဟာယယဇ်ပူဇော်ရန် ရှမွေလအလာကိုစောင့်မျှော်ဖို့ဖြစ်သည်။ ချိန်းချက်ထားချိန်၌ ရှမွေလရောက်မလာသောအခါ ရှောလုသည် မီးရှို့ရာယဇ်ကို ရောင့်တက်စွာပူဇော်လေသည်။ သူပူဇော်ပြီးသည်နှင့် ရှမွေလရောက်လာသည်။ ရှမွေလက “သင်သည် အဘယ်သို့ပြုသနည်း” ဟုမေးလေ၏။ ရှောလုကဤသို့ပြန်ဖြေသည်– “လူများတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြောင်း၊ ၁ ဓမ္မရာဇဝင် ၁၃:၈-၁၂။
ကိုယ်တော်သည် ချိန်းချက်သောအချိန်၌မရောက်ကြောင်း . . . ကို သိမြင် . . . သဖြင့် ကိုယ်ကိုအနိုင်ပြု၍ မီးရှို့ရာယဇ်ကိုပူဇော်မိပြီ။”—၁၇။ (က) ရှောလု၏လုပ်ရပ်များသည် မြင်မြင်ခြင်းတွင် မှန်ကန်သည်ဟု အဘယ်ကြောင့်ထင်ရသနည်း။ (ခ) ယေဟောဝါသည် ရှောလု၏စိတ်မရှည်သောလုပ်ရပ်ကို အဘယ်ကြောင့်ပြစ်တင်ဆုံးမခဲ့သနည်း။
၁၇ ရှောလု၏လုပ်ရပ်များသည် မြင်မြင်ချင်းတွင် မှန်ကန်ပုံရှိပေမည်။ ဘုရားသခင့်လူတို့မှာ သူတို့၏ဆိုးရွားလှသောအခြေအနေကြောင့် “ကျဉ်းမြောင်းလျက်” “အလွန်ဆင်းရဲခံ” နေကြရပြီး တုန်လှုပ်နေကြ၏။ (၁ ဓမ္မရာဇဝင် ၁၃:၆၊ ၇) မှန်ပါသည်၊ အခြေအနေခွင့်ပြုသည့်အခါ အစပြုလုပ်ဆောင်ခြင်းသည် မမှားပါ။ * သို့သော် ယေဟောဝါသည် နှလုံးများနှင့် ကျွန်ုပ်တို့၏အတွင်းအကျဆုံး သဘောထားများကို သိမြင်နိုင်ကြောင်း သတိရပါ။ (၁ ဓမ္မရာဇဝင် ၁၆:၇) ထို့ကြောင့် ကျမ်းစာမှတ်တမ်း၌ တိုက်ရိုက်ဖော်ပြမထားသော ရှောလုနှင့်ပတ်သက်သည့် အကြောင်းအချို့ကို ကိုယ်တော်သိမြင်ပေမည်။ ဥပမာ၊ ရှောလု၏စိတ်မရှည်မှုသည် မာနထောင်လွှားခြင်းကြောင့်ဖြစ်ကြောင်း ယေဟောဝါသိမြင်ပေမည်။ ဣသရေလလူမျိုးအပေါင်း၏ဘုရင်ဖြစ်သော မိမိသည် အသက်ကြီးရင့်၍ ဖင့်နွှဲနေသည့် ပရောဖက်တစ်ပါးအဖြစ် သူရှုမြင်သူတစ်ဦးအား စောင့်ဆိုင်းရခြင်းကို ရှောလုအလွန်စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်မိပေမည်! မည်သို့ပင်ဖြစ်စေ ရှမွေလ၏နှေးကွေးခြင်းက ကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်လုပ်ဆောင်ရန်နှင့် သူရရှိထားသော ညွှန်ကြားချက်အတိအကျကို ပမာဏမပြုဘဲနေခွင့်ရှိစေသည်ဟု ရှောလုယူဆခဲ့ပေမည်။ ရလဒ်ကားအဘယ်နည်း။ ရှမွေလသည် ရှောလု၏အစပြုလုပ်ဆောင်မှုကို မချီးမွမ်းခဲ့ချေ။ ချီးမွမ်းမည့်အစား “သင်၏အာဏာမတည်ရ။ . . . အကြောင်းမူကား သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်” ဟုပြစ်တင်ဆုံးမခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၃:၁၃၊ ၁၄) တစ်ဖန် ရောင့်တက်ခြင်းက အရှက်ကွဲစေပြန်သည်။
စိတ်မရှည်ခြင်းကို သတိပြုရှောင်ရှားပါ
၁၈၊ ၁၉။ (က) စိတ်မရှည်ခြင်းသည် ဘုရားသခင်၏မျက်မှောက်ခေတ်ကျေးကျွန်တစ်ဦးကို မည်သို့ရောင့်တက်စွာပြုမူစေနိုင်ကြောင်း ရှင်းပြပါ။ (ခ) ခရစ်ယာန်အသင်းတော်၏ လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အဘယ်အရာကိုကျွန်ုပ်တို့သတိရသင့်သနည်း။
၁၈ ရှောလု၏ရောင့်တက်သော လုပ်ရပ်အကြောင်းသည် ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင့်နှုတ်မြွက်စကားတော်၌ မှတ်တမ်းတင်ထားခဲ့ပြီ။ (၁ ကောရိန္သု ၁၀:၁၁) ညီအစ်ကိုများ၏ မစုံလင်မှုများကြောင့် စိတ်တိုဖို့ အလွန်လွယ်ကူပေသည်။ ကိစ္စရပ်များကို မှန်ကန်စွာကိုင်တွယ်ဖို့ဆိုလျှင် ကိုယ်တိုင်ကိုယ်ကျလုပ်ရမည်ဟု ယူမှတ်လျက် ရှောလုကဲ့သို့ ကျွန်ုပ်တို့စိတ်မရှည်ဖြစ်လာနိုင်ပေသည်။ ဥပမာ၊ ညီအစ်ကိုတစ်ဦးသည် တစ်စုံတစ်ရာသော ဖွဲ့စည်းမှုဆိုင်ရာ အတတ်ပညာ၌ ထူးချွန်သည်ဆိုပါစို့။ သူသည် အချိန်တိကျ၍ အသင်းတော်လုပ်ထုံးလုပ်နည်းများကို နောက်ဆုံးညွှန်ကြားထားသည့်အတိုင်း လိုက်လျှောက်မည်၊ အဟောအပြောကောင်း၍ သွန်သင်နိုင်သည့်စွမ်းရည်ရှိ၏။ တစ်ကြိမ်တည်းတွင် အခြားသူများသည် မိမိ၏အသေးစိတ်ကျသောစံနှုန်းများကို လိုက်မမီကြဘဲ သူလိုလားသလို မစွမ်းဆောင်နိုင်ကြဟု သူယူမှတ်ပေမည်။ ယင်းကြောင့် စိတ်မရှည်ကြောင်း တင်ပြခွင့်ရစေသလော။ မိမိသာမကြိုးပမ်းလျှင် အဘယ်အရာမျှမပြီးစီးဘဲ အသင်းတော် ယိမ်းယိုင်လိမ့်မည်ဟု သွယ်ဝိုက်ပြောဆိုကာ သူ၏ညီအစ်ကိုများကိုဝေဖန်သင့်သလော။ သို့ပြုခြင်းက ရောင့်တက်ခြင်းဖြစ်ပေမည်။
၁၉ အမှန်ဆိုလျှင် ခရစ်ယာန်အသင်းတော်တစ်ခုကို အဘယ်အရာက တစ်ပေါင်းတစ်စည်းတည်းဖြစ်စေသနည်း။ စီမံအုပ်ချုပ်မှု ကျွမ်းကျင်မှုများလော။ စွမ်းဆောင်နိုင်မှုလော။ အသိပညာနက်နဲမှုလော။ မှန်ပါ၏၊ ဤအရာများသည် အသင်းတော်လုပ်ငန်းစဉ်ချောမွေ့ဖို့ အထောက်အကူဖြစ်စေသည်။ (၁ ကောရိန္သု ၁၄:၄၀; ဖိလိပ္ပိ ၃:၁၆; ၂ ပေတရု ၃:၁၈) သို့သော်၊ ယေရှုက မိမိ၏နောက်လိုက်များသည် သူတို့၏မေတ္တာအားဖြင့် အဓိကခွဲခြားသိမြင်ခံရကြမည်ဟုဆိုခဲ့သည်။ (ယောဟန် ၁၃:၃၅) ထိုအကြောင်းကြောင့် ဂရုစိုက်တတ်သောအကြီးအကဲများသည် စည်းစနစ်ကျကြသော်ငြားလည်း အသင်းတော်ဟူသည် တင်းကျပ်သောစီမံအုပ်ချုပ်မှုလိုအပ်သည့် လုပ်ငန်းတစ်ခုမဟုတ်ဘဲ ကြင်နာမှုလိုအပ်သောသိုးအုပ်ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိနားလည်ကြသည်။ (ဟေရှာယ ၃၂:၁၊ ၂; ၄၀:၁၁) အဆိုပါမူများကို ရောင့်တက်စွာလျစ်လျူရှုခြင်းကား အငြင်းပွားမှုဖြစ်စေလေ့ရှိသည်။ ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင့်ရေးရာ စည်းစနစ်ကျခြင်းသည် ငြိမ်သက်ခြင်းကိုဖြစ်ပေါ်စေသည်။—၁ ကောရိန္သု ၁၄:၃၃; ဂလာတိ ၆:၁၆။
၂၀။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို သုံးသပ်မည်နည်း။
၂၀ နယပုံပြင် ၁၁:၂ (ကဘ) တွင်ဖော်ပြသကဲ့သို့ ရောင့်တက်ခြင်းက အရှက်ကွဲစေကြောင်းကို ကောရ၊ အဗရှလုံနှင့် ရှောလုတို့အကြောင်း ကျမ်းစာမှတ်တမ်းများကဖော်ပြသည်။ သို့သော် ထိုကျမ်းချက်ကပင် ထပ်ဆင့်၍ဤသို့ဆိုထားသည်– “ဉာဏ်ပညာသည် ကျိုးနွံသူတို့နှင့်ရှိ၏။” ကျိုးနွံခြင်းကား အဘယ်နည်း။ သမ္မာကျမ်းစာမှ အဘယ်ပုံနမူနာများက ဤအရည်အချင်းအပေါ် အလင်းဖြာရန်ထောက်ကူနိုင်ပြီး ကျိုးနွံခြင်းကို ယနေ့မည်သို့တင်ပြနိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါး၌ ဆွေးနွေးသုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ရုဗင်သည် ယာကုပ်၏သားဦးဖြစ်ကာ ပုန်ကန်ရန် ကောရလမ်းလွှဲစေခဲ့သည့် သူ၏သားမြေးများသည် မောရှေ—လေဝိအနွယ်တစ်ဦး—ကသူတို့အပေါ် အုပ်ချုပ်မှုအာဏာရရှိထားခြင်းကို မကျေမနပ်ဖြစ်နိုင်ဖွယ်ရှိသည်။
^ အပိုဒ်၊ 11 ဒါဝိဒ်၏ဒုတိယသားတော် ခိလပ်မှာ မွေးဖွားပြီးနောက် ဖော်ပြခံရခြင်းမရှိပေ။ အဗရှလုံမပုန်ကန်မီ တစ်ချိန်ချိန်က သူသေဆုံးခဲ့ခြင်းဖြစ်ပေမည်။
^ အပိုဒ်၊ 12 ကျမ်းစာခေတ်က သေဆုံးသွားသူတစ်ဦးကို မြှုပ်နှံသင်္ဂြိုဟ်ခြင်းသည် အတော်ပင်အရေးပါသောလုပ်ရပ်တစ်ခုဖြစ်ခဲ့၏။ ထို့ကြောင့် သင်္ဂြိုဟ်မခံရခြင်းသည် ဘေးသင့်ခြင်းဖြစ်ပြီး ဘုရားသခင့်မျက်နှာသာတော်မခံရသည့် အဓိပ္ပာယ်ရှိသည်။—ယေရမိ ၂၅:၃၂၊ ၃၃။
^ အပိုဒ်၊ 17 ဥပမာ၊ ဖိနဟပ်သည် ဣသရေလလူ ထောင်ပေါင်းများစွာအား သေစေခဲ့သည့် ဘေးဒဏ်ရပ်တန့်စေဖို့ လျင်မြန်စွာ အရေးယူလုပ်ဆောင်ခဲ့၏၊ ဒါဝိဒ်သည် ဆာလောင်မွတ်သိပ်နေသော သူ၏လူတို့အား “ဘုရားသခင်၏အိမ်တော်” မှရှေ့တော်မုန့်ကို မိမိနှင့်အတူစားဖို့ တိုက်တွန်းခဲ့သည်။ ဘုရားသခင်သည် ထိုလုပ်ဆောင်မှုနှစ်ခုစလုံးကို ရောင့်တက်မှုအဖြစ် အပြစ်မစီရင်ခဲ့ပါ။—မဿဲ ၁၂:၂-၄; တောလည်ရာ ၂၅:၇-၉; ၁ ဓမ္မရာဇဝင် ၂၁:၁-၆။
သင်မှတ်မိသလော
• ရောင့်တက်ခြင်းကား အဘယ်နည်း။
• မနာလိုဖြစ်ခြင်းက ကောရကို မည်သို့ရောင့်တက်စွာပြုမူစေခဲ့သနည်း။
• ရည်မှန်းချက်ကြီးသော အဗရှလုံ၏မှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
• ရှောလုတင်ပြခဲ့သော စိတ်မရှည်ခြင်းကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါပုံစာ]
ရှောလုသည် စိတ်မရှည်ဖြစ်လာပြီး ရောင့်တက်စွာပြုမူခဲ့