လက်နက်များ တည်ဆောက်ခြင်းမှ အသက်များကယ်ဆယ်ခြင်းသို့
ဘဝအတ္ထုပ္ပတ္တိ
လက်နက်များ တည်ဆောက်ခြင်းမှ အသက်များကယ်ဆယ်ခြင်းသို့
အီစီဒေါရာစ် အီစမိုင်လီဒီစ် ပြောပြသည်
ကျွန်တော်သည် ဒူးထောက်၍ မျက်ရည်ဒလဟောကျနေခဲ့သည်။ “အို၊ ဘုရားသခင်၊ လက်နက်ထုတ်လုပ်ရေးကို ဆက်မလုပ်နိုင်တော့ဘူးဆိုပြီး ကျွန်တော်ရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်က ပြောနေတယ်” ဟုဆုတောင်းခဲ့သည်။ “တခြားအလုပ်ရဖို့ ကြိုးစားရှာတာလည်း မတွေ့ဘူး။ မနက်ဖြန် ထွက်စာတင်လိုက်တော့မယ်။ ကျေးဇူးပြု၍ ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ကလေး လေးယောက်ကို အငတ်ထားတော်မမူပါနဲ့။” ဤအနေအထားသို့ ကျွန်တော် မည်သို့ရောက်ရှိခဲ့သနည်း။
၁၉၃၂ ခုနှစ် ကျွန်တော်မွေးဖွားခဲ့တဲ့ ဂရိမြောက်ပိုင်း၊ ဒရာမာမြို့မှာ ဘဝဟာ အေးဆေးတည်ငြိမ်ခဲ့တယ်။ ကျွန်တော့်ကို အဖေလုပ်စေချင်တာတွေကို ပြောလေ့ရှိတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ဖို့ အဖေအားပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂရိနိုင်ငံဟာ လုယက်တိုက်ခိုက်ခံရပြီးတဲ့နောက် ဂရိအများရဲ့အဆိုက “ငါတို့ပစ္စည်းတွေကို မင်းတို့ခိုးနိုင်ပေမဲ့ ငါတို့စိတ်ထဲမှာရှိတာကို ဘယ်တော့မှမခိုးနိုင်ဘူး” လို့ရေးခဲ့တယ်။ ကျွန်တော်ဟာ အဆင့်မြင့်ပညာကိုသင်ယူပြီး ဘယ်သူမှမခိုးနိုင်တာကို ဆည်းပူးဖို့သန္နိဋ္ဌာန်ချခဲ့တယ်။
လူငယ်ဘဝကတည်းက ဂရိသြသဒေါက်စ်ချာ့ခ်ျက ကမကထပြုဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့အမျိုးမျိုးနဲ့ ကျွန်တော်ပူးပေါင်းခဲ့တယ်။ အဲဒီမှာ အန္တရာယ်ရှိတဲ့ဂိုဏ်းတွေကို ရှောင်ဖို့ ကျွန်တော်တို့ကိုပြောခဲ့တယ်။ အန္တိခရစ်ကိုကိုယ်စားပြုတယ်လို့ပြောကြတဲ့—ယေဟောဝါသက်သေများ—အဖွဲ့တစ်ခုကို ကျွန်တော်အသေအချာမှတ်မိတယ်။
၁၉၅၃ ခုနှစ်မှာ အေသင်မြို့ စက်မှုလက်မှုကျောင်းကနေ ဘွဲ့ရပြီးတဲ့နောက် အလုပ်တစ်ခုရှာပြီး တစ်ချိန်တည်းမှာပဲ ကျောင်းတက်နိုင်ဖို့ ဂျာမနီကိုသွားခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် တခြားနိုင်ငံတွေကိုသွားခဲ့တယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတော့ ဘယ်လ်ဂျီယံဆိပ်ကမ်းမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ ရောက်နေတော့တယ်။ ချာ့ခ်ျတစ်ခုထဲဝင်ပြီး ထိုင်ချလိုက်ပြီးတော့ ကြမ်းပြင်ပေါ် မျက်ရည်ကျတဲ့အထိ ကျွန်တော်ငိုချလိုက်တာကို မှတ်မိသေးတယ်။ တကယ်လို့ ကျွန်တော့်ကို အမေရိကန်ပြည်ထောင်စုကိုရောက်အောင် ဘုရားသခင်ကူညီပေးခဲ့မယ်ဆိုရင် စည်းစိမ်ဥစ္စာမရှာဘဲ ပညာဆည်းပူးပြီး ခရစ်ယာန်ကောင်းတစ်ယောက်၊ နိုင်ငံသားကောင်း
တစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ ဆုတောင်းခဲ့တယ်။ နောက်ဆုံး ၁၉၅၇ ခုနှစ်မှာ အဲဒီကိုရောက်ခဲ့တယ်။အမေရိကန်ပြည်ထောင်စု၌ ဘဝအသစ်
ဘာသာစကားမတတ်တဲ့အပြင် ငွေမရှိတဲ့ နိုင်ငံခြားသားတစ်ယောက်အတွက် အမေရိကန်ပြည်ထောင်စုမှာ ဘဝဆက်ဖို့ တကယ်ခက်ခဲခဲ့တယ်။ ညပိုင်းမှာ အလုပ်နှစ်ခုလုပ်ခဲ့ပြီး နေ့ပိုင်းမှာ ကျောင်းတက်ဖို့ကြိုးစားခဲ့တယ်။ ကောလိပ်အတော်များများကို တက်ခဲ့ပြီး ဘွဲ့တစ်ခုရခဲ့တယ်။ အဲဒီနောက် လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယားတက္ကသိုလ်ကိုတက်ပြီး အသုံးချရူပဗေဒသိပ္ပံဘွဲ့ကိုရခဲ့တယ်။ ပညာဆည်းပူးဖို့ အဖေ့ရဲ့စကားတွေက အဲဒီခက်ခဲတဲ့နှစ်တွေမှာ ကျွန်တော့်အတွက် အားဆေးပဲ။
အဲဒီအချိန်လောက်မှာပဲ ချစ်စဖွယ်ဂရိမိန်းကလေး အဲကာတရီနီနဲ့တွေ့ဆုံခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ နောက်သုံးနှစ်မှာ ကျွန်တော်တို့ရဲ့သားဦးလေး မွေးလာပြီး လေးနှစ်အတွင်းမှာပဲ နောက်ထပ်သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရခဲ့တယ်။ မိသားစုကိုထောက်ပံ့ရင်းနဲ့ တစ်ချိန်တည်းမှာ တက္ကသိုလ်ဆက်တက်ဖို့ဆိုတာ တကယ့်ကိုစိန်ခေါ်ချက်ဖြစ်ခဲ့တယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်နီဗဲလ်က ဒုံးကျည်နဲ့အာကာသကုမ္ပဏီတစ်ခုမှာ ယူ.အက်စ်. လေတပ်အတွက် ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ အဂျင်နာနဲ့ အပိုလိုအစီအစဉ်တွေအပါအဝင် အာကာသပရိုဂျက်အမျိုးမျိုးမှာ ကျွန်တော်ပါဝင်လုပ်ကိုင်ခဲ့ရတယ်။ အပိုလို ၈ နဲ့ အပိုလို ၁၁ အဖွဲ့တွေအတွက် ကျွန်တော်ပါဝင်လုပ်ဆောင်ပေးခဲ့လို့ ဆုတံဆိပ်တွေတောင်ရခဲ့သေးတယ်။ အဲဒီနောက် ပညာဆက်သင်ခဲ့ပြီး စစ်အာကာသပရိုဂျက်အမျိုးမျိုးမှာ အင်တိုက်အားတိုက်လုပ်ခဲ့တယ်။ အဲဒီအချိန်လောက်မှာ ကျွန်တော့်ဘဝဟာ ပြီးပြည့်စုံနေပြီလို့ ထင်မိခဲ့တယ်—ချစ်စရာကောင်းတဲ့ဇနီး၊ လိမ္မာတဲ့ကလေးလေးယောက်၊ ဂုဏ်ရှိတဲ့အလုပ်နဲ့ လှပတဲ့အိမ်နဲ့ပေါ့။
အလျှော့မပေးသော လုပ်ဖော်ဆောင်ဖက်တစ်ဦး
၁၉၆၇ ခုနှစ်အစောပိုင်းမှာ အရမ်းနှိမ့်ချပြီး ကြင်နာတတ်တဲ့ဂျင်မ်ကို အလုပ်မှာ ကျွန်တော်တွေ့ဆုံခဲ့တယ်။ ဂျင်မ်ဟာအမြဲပြုံးနေတတ်ပြီး ကျွန်တော်နဲ့ ခေတ္တအနားယူကော်ဖီသောက်ဖို့ ဖိတ်ခေါ်တာကို ဘယ်တော့မှ မငြင်းခဲ့ဘူး။ အဲဒီအချိန်အခါတွေမှာ သူက အခွင့်အရေးယူပြီး ကျွန်တော့်ကို ကျမ်းစာအကြောင်းပြောပြခဲ့တယ်။ သူဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတယ်လို့ ဂျင်မ်က ကျွန်တော့်ကိုပြောခဲ့တယ်။
ဒီဘာသာရေးအဖွဲ့နဲ့ ဂျင်မ်ပတ်သက်နေတာကိုကြားလိုက်ရလို့ ကျွန်တော်တုန်လှုပ်ခဲ့တယ်။ ဒီလောက်ပေါင်းသင်းလို့ကောင်းတဲ့သူတစ်ယောက်က အန္တိခရစ်ဂိုဏ်းရဲ့သွေးဆောင်မှုကို ဘယ်လိုခံလိုက်ရပါလိမ့်။ ဒါပေမဲ့ ကျွန်တော့်အပေါ်ထားတဲ့ ဂျင်မ်ရဲ့စိတ်ဝင်စားမှုနဲ့ ကြင်နာမှုတွေကို ကျွန်တော်မဖီဆန်နိုင်ခဲ့ဘူး။ နေ့တိုင်းလိုလို ကျွန်တော်ဖတ်ဖို့ သူ့ဆီမှာ တစ်ခုမဟုတ်တစ်ခုရှိနေပုံပဲ။ ဥပမာ၊ တစ်နေ့ ကျွန်တော့်ရုံးခန်းထဲ သူဝင်လာပြီး “အီစီဒေါရာစ်၊ ဒီကင်းမျှော်စင်ဆောင်းပါးက မိသားစုဘဝနှောင်ကြိုးကို ခိုင်မြဲစေဖို့ ဖော်ပြထားတယ်။ အိမ်ကိုယူသွားပြီး ခင်ဗျားဇနီးနဲ့အတူ ဖတ်ကြည့်ပါလား” ဆိုပြီး ပြောခဲ့တယ်။ ဖတ်ကြည့်ပါမယ်လို့ ကျွန်တော်ပြောပေမဲ့ နောက်တော့ အိမ်သာထဲဝင်ပြီး အဲဒီမဂ္ဂဇင်းကို အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲ အမှိုက်ပုံးထဲပစ်ခဲ့တယ်။
သုံးနှစ်အထိ ဂျင်မ်ပေးတဲ့ စာအုပ်နဲ့မဂ္ဂဇင်းမှန်သမျှကို ကျွန်တော်ဖျက်ဆီးပစ်ခဲ့တယ်။ ယေဟောဝါသက်သေတွေကို စိတ်စွန်းကွက်နေပေမဲ့ ဂျင်မ်နဲ့မိတ်မပျက်ရအောင်၊ သူပြောတာတွေကို နားထောင်ပြီး ချက်ချင်းဖယ်ထုတ်လိုက်တာ အကောင်းဆုံးပဲလို့ထင်မိခဲ့တယ်။
ဒါပေမဲ့ ကျွန်တော်ယုံကြည်ကျင့်သုံးနေတာတွေအများဟာ သမ္မာကျမ်းစာအတိုင်းမဟုတ်ဘူးဆိုတာကို အဲဒီဆွေးနွေးခန်းတွေကနေ သိလာခဲ့ရတယ်။ သုံးပါးပေါင်းတစ်ဆူ၊ မီးငရဲနဲ့ မသေနိုင်တဲ့ဝိညာဉ်စိုးလ် သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့မကိုက်ညီဘူးဆိုတာ ကျွန်တော်သဘောပေါက်လာခဲ့တယ်။ (ဒေ. ၉:၁၀; ယေဇကျေလ ၁၈:၄; ယောဟန် ၂၀:၁၇) ဘဝင်မြင့်တဲ့ဂရိသြသဒေါက်စ် [သူ] တစ်ယောက်အနေနဲ့ ဂျင်မ်မှန်တယ်ဆိုတာကို ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်မခံချင်ခဲ့ဘူး။ ဒါပေမဲ့ သူက ကျမ်းစာကိုအမြဲသုံးတဲ့အပြင် ဘယ်တော့မှ ကိုယ်ပိုင်ယူဆချက်မပြောတဲ့အတွက် သူ့မှာ ကျမ်းစာထဲက တန်ဖိုးဖြတ်မရတဲ့သတင်းရှိတယ်ဆိုတာကို နောက်ဆုံးမှပဲ ကျွန်တော်အသိအမှတ်ပြုခဲ့တယ်။
တစ်ခုခုဖြစ်မှန်းကို ကျွန်တော့်ဇနီးက ရိပ်မိပြီး သက်သေခံတွေနဲ့ပေါင်းနေတဲ့ သူငယ်ချင်းနဲ့စကားပြောခဲ့သလားလို့ မေးတတ်တယ်။ ဟုတ်တယ်လို့ ကျွန်တော်ဖြေလိုက်တဲ့အခါ သူက “ယေဟောဝါသက်သေတွေကလွဲလို့ ဘယ်ချာ့ခ်ျကိုမဆို သွားတက်ကြရအောင်” လို့ပြောခဲ့တယ်။ ဒါပေမဲ့ မကြာပါဘူး၊ ကလေးတွေနဲ့အတူ ကျွန်တော့်ဇနီးရယ်၊ ကျွန်တော်ရယ် သက်သေခံတွေရဲ့စည်းဝေးတွေကို မှန်မှန်တက်ရောက်ခဲ့ကြတယ်။
ခက်ခဲသောဆုံးဖြတ်ချက်
ကျမ်းစာကိုကျွန်တော်လေ့လာနေတဲ့အခါ ပရောဖက်ဟေရှာယရဲ့ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ” ဆိုတဲ့စကားကို အမှတ်မထင်တွေ့ခဲ့ရတယ်။ (ဟေရှာယ ၂:၄) ဒါနဲ့ ‘ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ဘုရားသခင်ရဲ့ကျေးကျွန်တစ်ယောက်ဟာ ဖျက်ဆီးရေးလက်နက်တွေကို တီထွင်ထုတ်လုပ်ရေးမှာ ဘယ်လိုအလုပ်လုပ်နိုင်မလဲ’ လို့ ကိုယ့်ကိုယ်ကိုမေးခဲ့တယ်။ (ဆာလံ ၄၆:၉) သိပ်မကြာပါဘူး၊ ကျွန်တော် အလုပ်ပြောင်းရတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
တကယ့်စိန်ခေါ်ချက်ကြီးတစ်ခုဖြစ်တာတော့ အမှန်ပဲ။ ကျွန်တော့်မှာ ဂုဏ်ရှိတဲ့အလုပ်တစ်ခုရှိတယ်။ ဒီအခြေအနေရောက်ဖို့ အနှစ်နှစ်အလလ ကြိုးစားရုန်းကန်အလုပ်လုပ်ခဲ့၊ ပညာရှာယူခဲ့ပြီး အမျိုးမျိုးစွန့်ခဲ့ရတယ်။ ရာထူးတက်သထက်တက်လာပြီး ခုတော့ ကျွန်တော့်အလုပ်ကိုစွန့်ရတော့မယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်လွန်းပြီး ကိုယ်တော်ရဲ့အလိုတော်ကို ဆောင်လိုတဲ့ဆန္ဒအားကြီးတဲ့အတွက် နောက်ဆုံးမှာ အဲဒါကအနိုင်ရခဲ့တယ်။—မဿဲ ၇:၂၁။
ဝါရှင်တန်၊ စီအဲတဲလ်မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ ဟေရှာယ ၂:၄ နဲ့မညီတဲ့ အလုပ်မှာ အတော်ကြာကြာပါဝင်ခဲ့ရတာကို သိလိုက်ရတော့ ကျွန်တော်စိတ်ပျက်မိခဲ့တယ်။ အခြားပရိုဂျက်တွေမှာပဲအလုပ်လုပ်ဖို့ ကျွန်တော့်ကြိုးစားတာ မအောင်မြင်တဲ့အတွက် ကိုယ်ကိုကိုယ်သိတဲ့စိတ်က ပြန်ပြီးနှောင့်ယှက်ခဲ့တယ်။ ကျွန်တော့်အလုပ်ကို ဆက်လုပ်ကိုင်ပြီး တစ်ချိန်ထဲမှာပဲ ကြည်လင်တဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်ကို ထိန်းထားနိုင်မှာမဟုတ်ဘူးဆိုတာကို ကွဲကွဲပြားပြားသိခဲ့တယ်။—၁ ပေတရု ၃:၂၁။
အရေးကြီးတဲ့ပြောင်းလဲမှုတွေ လုပ်ကြရတော့မယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ ခြောက်လအတွင်း ကျွန်တော်တို့ရဲ့ဘဝပုံစံကို ပြောင်းလဲခဲ့ပြီး မိသားစုကုန်ကျစရိတ်ကို တစ်ဝက်အထိ လျှော့ချခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ရဲ့ဇိမ်ခံအိမ်ကြီးကို ရောင်းထုတ်ပြီး ကော်လိုရာဒိုပြည်နယ်၊ ဒဲန်ဗာမြို့မှာ အိမ်ငယ်တစ်လုံးကို ဝယ်ခဲ့တယ်။ အခု နောက်ဆုံးအဆင့် အလုပ်ကထွက်ဖို့ အသင့်ရှိနေပြီ။ ကျွန်တော့်ရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်အခြေအနေကို ရှင်းပြထားတဲ့ နုတ်ထွက်စာကိုရေးတင်ခဲ့တယ်။ အဲဒီညမှာ ကလေးတွေ အိပ်ရာဝင်ပြီးတဲ့နောက် ဒီဆောင်းပါးရဲ့ အစမှာပြောပြခဲ့တဲ့အတိုင်း ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ ဒူးထောက်ပြီး ယေဟောဝါကို ဆုတောင်းခဲ့တယ်။
တစ်လအတွင်း ဒဲန်ဗာမြို့ကို ပြောင်းရွှေ့ခဲ့ပြီး နောက်နှစ်ပတ်အကြာ ၁၉၇၅၊ ဇူလိုင်လမှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော် နှစ်ခြင်းခံခဲ့ကြတယ်။ ခြောက်လလုံးလုံး အလုပ်ရှာမရတဲ့အတွက် ကျွန်တော်တို့စုထားတဲ့ငွေလည်း ကုန်သလောက်ရှိနေပြီ။ သတ္တမလရောက်တော့ ကျွန်တော်တို့ရဲ့လက်ကျန်စုငွေဟာ အိမ်အတွက် လစဉ်ပေးဆပ်ငွေတောင် ပေးဖို့မလောက်တော့ဘူး။ ဘယ်ကျပန်းအလုပ်ကိုမဆို လုပ်ကိုင်ဖို့ စရှာခဲ့တဲ့အခါ မကြာမီမှာ စက်မှုအတတ်ပညာနဲ့ဆိုင်တဲ့အလုပ်ကို ချက်ချင်းရခဲ့တယ်။ လစာက ကျွန်တော်အရင်တုန်းကရခဲ့တဲ့ လစာတစ်ဝက်လောက်ပဲရှိတယ်; ဒါပေမဲ့လည်း ယေဟောဝါဆီမဿဲ ၆:၃၃။
က ကျွန်တော်တောင်းတာထက် ပိုပါတယ်။ ဝိညာဉ်ရေးအကျိုးစီးပွားကို ရှေးဦးထားခဲ့တဲ့အတွက် ကျွန်တော်ပျော်လိုက်တာ!—ယေဟောဝါအား ချစ်မြတ်နိုးရန် ကလေးများကို သွန်သင်ပေးခြင်း
ဒီအချိန်အတွင်းမှာ အဲကာတရီနီနဲ့ ကျွန်တော်ဟာ ဘုရားသခင်ရေးရာမူတွေနဲ့အညီ ကလေးလေးယောက်ကို သွန်သင်ပေးဖို့ စိန်ခေါ်ချက်အလုပ်နဲ့ အလုပ်များနေခဲ့ကြတယ်။ ဝမ်းသာစရာကတော့ ယေဟောဝါအကူအညီနဲ့ သူတို့အားလုံးဟာ အရေးကြီးတဲ့ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ရဲ့အသက်တာကို လုံးလုံးအပ်နှံထားကြတဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဖြစ်လာတာကို မြင်တွေ့ခဲ့ရပါလို့ပဲ။ ကျွန်တော်တို့ရဲ့သားသုံးယောက်စလုံး ခရီစ်တော့စ်၊ လာကီးစ်နဲ့ ဂရက်ဂိုရီတို့ဟာ ခရစ်ယာန်ဓမ္မအမှုထမ်းသင်တန်းကျောင်းဆင်းတွေဖြစ်နေကြပြီး အခုဆိုရင် အသင်းတော်တွေကို လည်ပတ်အားပေးရင်း တာဝန်အသီးသီးထမ်းဆောင်နေကြတယ်။ သမီးတူလာလည်း နယူးယောက် ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်မှာ စေတနာ့ဝန်ထမ်းလုပ်နေတယ်။ သူတို့အားလုံးဟာ ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ တိုးတက်နိုင်တဲ့လုပ်ငန်းတွေနဲ့ လစာများတဲ့အလုပ်တွေကို စွန့်ခဲ့ကြတာမြင်ရတော့ ကျွန်တော်တို့နှလုံးထိမိခဲ့တယ်။
ကလေးပြုစုပျိုးထောင်ရေးမှာ ဘာကဒီလိုအောင်မြင်စေခဲ့တာလဲလို့ လူအများက မေးခဲ့ကြတယ်။ ကလေးတွေကို ပုံသေကားချပ်အတိုင်း သွန်သင်ပေးလို့မရတာကအမှန်ပါပဲ၊ ဒါပေမဲ့ သူတို့ရဲ့နှလုံးတွေထဲမှာ ယေဟောဝါနဲ့အိမ်နီးချင်းတွေကို ချစ်မြတ်နိုးတတ်လာဖို့ ကျွန်တော်တို့ ဝီရိယစိုက်ထုတ်သွန်သင်ပေးခဲ့ကြတယ်။ (တရားဟောရာ ၆:၆၊ ၇; မဿဲ ၂၂:၃၇-၃၉) အလုပ်နဲ့သက်သေမပြဘူးဆိုရင် ယေဟောဝါကို ချစ်ပါတယ်လို့ မပြောနိုင်ဘူးဆိုတာကို ကလေးတွေသိလာခဲ့ကြတယ်။
ရက်သတ္တပတ်ရဲ့တစ်နေ့ အများအားဖြင့်တော့ စနေနေ့မှာ ကျွန်တော်တို့မိသားစုလိုက် ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ခဲ့ကြတယ်။ တနင်္လာညနေစာစားပြီးနောက်မှာ မိသားစုကျမ်းစာသင်အံမှုကို မှန်မှန်ပြုလုပ်ခဲ့တဲ့အပြင် ကလေးတစ်ယောက်ချင်းစီနဲ့လည်း ကျမ်းစာသင်အံမှုပြုလုပ်ခဲ့တယ်။ ကလေးတွေ ငယ်ငယ်တုန်းက သူတို့တစ်ယောက်ချင်းစီနဲ့ တစ်ပတ်မှာခဏခဏ သင်အံမှုတိုတိုလေးတွေပြုလုပ်ခဲ့ပြီး သူတို့ကြီးလာတဲ့အခါ တစ်ပတ်မှာတစ်ကြိမ် အချိန်ကြာကြာ သင်အံမှုပြုလုပ်ပေးခဲ့တယ်။ အဲဒီသင်အံမှုပြုလုပ်နေချိန်တွေမှာ ကျွန်တော်တို့နဲ့ သူတို့ရဲ့ပြဿနာတွေ လွတ်လွတ်လပ်လပ်ဆွေးနွေးပြောဆိုခဲ့ကြတယ်။
မိသားစုလိုက် တည်ဆောက်မှုဖြစ်စေတဲ့ အပန်းဖြေမှုတွေကိုလည်း ကျွန်တော်တို့ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့အတူတူ တူရိယာတီးမှုတ်တာကို နှစ်သက်ကြပြီး ကလေးတစ်ယောက်ချင်းစီက သူတို့ကြိုက်တဲ့သီချင်းတွေကို ဆိုကြတီးခဲ့ကြတယ်။ သီတင်းပတ်အဆုံး အချို့ရက်တွေမှာ တခြားမိသားစုတွေကို ဖိတ်ခေါ်ပြီး တည်ဆောက်မှုဖြစ်စေမယ့် ပေါင်းသင်းမှုတွေပြုလုပ်ခဲ့တယ်။ ခွင့်ရက်တွေမှာလည်း မိသားစုလိုက် ခရီးထွက်ခဲ့ကြတယ်။ ဒီလိုခရီးစဉ်တစ်ခုမှာ ကော်လိုရာဒိုတောင်တွေကို စူးစမ်းလေ့လာခဲ့ရင်း လယ်ကွင်းအမှုဆောင်မှာ ဒေသခံအသင်းတော်တွေနဲ့အတူ နှစ်ပတ် ပါဝင်လုပ်ဆောင်ခဲ့တယ်။ ခရိုင်စည်းဝေးကြီးတွေမှာ ဌာနအမျိုးမျိုးမှာအလုပ်လုပ်ခဲ့ကြတာတွေ၊ ဒေသအသီးသီးမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီခဲ့တာတွေကို ကျွန်တော်တို့ရဲ့ကလေးတွေ သတိရကြတုန်းပဲ။ ကလေးတွေကို ဆွေမျိုးတွေနဲ့တွေ့ဖို့ ဂရိနိုင်ငံကို
အလည်ခေါ်သွားခဲ့တဲ့အခါမှာ ယုံကြည်ခြင်းကြောင့် ထောင်ချခံခဲ့ရတဲ့ သစ္စာရှိသက်သေခံအတော်များများကိုလည်း သူတို့တွေ့ဆုံခွင့်ရခဲ့ကြတယ်။ အဲဒါက သူတို့အတွက် စိတ်စွဲမှတ်စရာဖြစ်စေတဲ့အပြင် အမှန်တရားဘက်မှာ ခိုင်ခိုင်မြဲမြဲသတ္တိရှိရှိရပ်တည်ဖို့ သူတို့ဆုံးဖြတ်ချက်ချဖို့ အကူအညီလည်းဖြစ်စေခဲ့တယ်။တစ်ခါတလေတော့ ကလေးတွေဟာ မတော်မလျော်လုပ်တာတို့ ဒါမှမဟုတ် အပေါင်းအသင်းရွေးမှားတာတို့ရှိခဲ့တယ်။ တစ်ခါတလေကျတော့ အခြေအနေတချို့မှာ ကျွန်တော်တို့က ချုပ်ချယ်လွန်းလို့ သူတို့အတွက် ပြဿနာတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ ‘ယေဟောဝါ၏ . . . စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်း’ ကိုအသုံးပြုတဲ့အခါ ကျွန်တော်တို့အားလုံး တည့်မတ်ပြုပြင်ခံခဲ့ကြရတယ်။—ဧဖက် ၆:၄; ၂ တိမောသေ ၃:၁၆၊ ၁၇။
ကျွန်တော့်အသက်တာတွင် အပျော်ရွှင်ဆုံးအချိန်
ကျွန်တော်တို့ရဲ့ကလေးတွေ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်လာကြပြီးတဲ့နောက် ဒီအသက်ကယ်ဆယ်ရေးလုပ်ငန်းမှာ ဘယ်လိုတိုးချဲ့ပါဝင်နိုင်မလဲလို့ အဲကာတရီနီနဲ့ကျွန်တော် စပြီးအလေးအနက်စဉ်းစားခဲ့ကြတယ်။ ဒါနဲ့ ကျွန်တော်စောစောစီးစီး ပင်စင်ယူပြီးတဲ့နောက် ၁၉၉၄ ခုနှစ်မှာ နှစ်ယောက်စလုံး မှန်မှန်ရှေ့ဆောင် စပြီးလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ခရစ်ယာန်အမှုဆောင်ခြင်းမှာ ဒေသန္တရကောလိပ်နဲ့တက္ကသိုလ်တွေကို လည်ပတ်ခြင်းပါဝင်ပြီး အဲဒီကကျောင်းသူကျောင်းသားတွေကို သက်သေခံခွင့်နဲ့ အချို့နဲ့ကျမ်းစာသင်အံမှုပြုလုပ်ခဲ့တယ်။ သူတို့ရဲ့အခက်အခဲတွေကို ကျွန်တော်စာနာနိုင်တဲ့အတွက်—လွန်ခဲ့တဲ့မကြာသေးခင်နှစ်တွေက အလားတူအခြေအနေမှာ ကျွန်တော်ရှိခဲ့ဖူးလို့—ယေဟောဝါကို သူတို့သိလာစေဖို့ အတော်လေးကိုကူညီပေးနိုင်ခဲ့တယ်။ ချီလီ၊ တရုတ်၊ တူရကီ၊ ထိုင်း၊ ဘရာဇီး၊ ဘိုလစ်ဗီးယား၊ မက္ကစီကို၊ အီဂျစ်နဲ့ အီသီယိုးပီးယားက ကျောင်းသူကျောင်းသားတွေနဲ့ သင်အံမှုလုပ်ခွင့်ရခဲ့တာ တကယ့်ကိုပျော်ရွှင်စရာပဲ! တယ်လီဖုန်းနဲ့သက်သေခံတာ အထူးသဖြင့် ကျွန်တော့်ရဲ့တိုင်းရင်းဘာသာစကားပြောတဲ့သူတွေကို အဲဒီလို သက်သေခံရတာကိုလည်း ကျွန်တော်အတော်ပျော်တယ်။
ဂရိလေသံအတော်ဝဲတာကြောင့်နဲ့ တဖြည်းဖြည်းအသက်ကြီးလာတာတွေကြောင့် ကျွန်တော့်မှာ အားနည်းချို့ငဲ့ချက်တွေ အများကြီးရှိနေပေမဲ့လည်း တတ်နိုင်သလောက်လုပ်ဆောင်ပြီး “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ကြွေးကြော်ခဲ့တဲ့ ဟေရှာယလိုစိတ်ထား မွေးမြူဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ (ဟေရှာယ ၆:၈) ယေဟောဝါထံ သူတို့ရဲ့အသက်တာကို ဆက်ကပ်အပ်နှံဖို့ ဒါဇင်ဝက်ကျော်ကျော်ကို ကူညီပေးခွင့်ရခဲ့တယ်။ အဲဒီအချိန်ဟာ ကျွန်တော်တို့အတွက် တကယ့်ကို အပျော်ရွှင်ဆုံးအချိန်ပါပဲ။
တစ်ချိန်တုန်းက ကျွန်တော့်ဘဝတစ်ခုလုံးဟာ လူသားချင်းတွေကို သတ်ဖြတ်ဖို့အတွက် ကြောက်စရာကောင်းတဲ့လက်နက်တွေတည်ဆောက်တဲ့ အလုပ်နဲ့ပဲချာလပတ်လည်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့မခံစားထိုက်တဲ့ကရုဏာကြောင့် ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက် လမ်းဖွင့်ပေးလို့ ကိုယ်တော့်ရဲ့ဆက်ကပ်အပ်နှံကျေးကျွန်တွေဖြစ်လာပြီး မြေကြီးပရဒိသုပေါ်မှာ ထာဝရအသက်ရနိုင်မယ်ဆိုတဲ့ သတင်းကောင်းကို လူတွေဆီသယ်ဆောင်ပေးဖို့ ကျွန်တော်တို့ရဲ့ဘဝကို အပ်နှံနိုင်ခဲ့တယ်။ စိန်ခေါ်ချက်ဖြစ်တဲ့ ဆုံးဖြတ်ချက်တွေပြုလုပ်ခဲ့ရတဲ့ကိစ္စကို ကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါ မာလခိ ၃:၁၀ ကဒီစကားတွေကို သတိရတယ်– “‘ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။” ကိုယ်တော်ဟာ ကျွန်တော်တို့နှလုံးကျေနပ်ရောင့်ရဲနိုင်တဲ့အထိ အဲဒီလို တကယ်ပဲလုပ်ပေးခဲ့ပါပြီ!
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
လာကီးစ်– ကျွန်တော့်အဖေက ဟန်ဆောင်တာကို ရွံမုန်းတယ်။ သူကိုယ်တိုင် အထူးသဖြင့် မိသားစုအတွက် ပုံသက်သေကောင်းပြတဲ့နေရာမှာ ဟန်မဆောင်ဖို့ အရမ်းကိုကြိုးစားခဲ့တယ်။ မကြာခဏ ကျွန်တော်တို့ကို ဒီလိုပြောခဲ့တယ်– “သားတို့ရဲ့ဘဝကို ယေဟောဝါဆီမှာ ဆက်ကပ်အပ်နှံကြမယ်ဆိုရင် လုပ်ကိုင်စရာတစ်ခုရှိမယ်။ ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်ဖို့ တလိုတလားရှိရမယ်။ ခရစ်ယာန်ဆိုတာ ဒါပါပဲ။” ဒီစကားတွေကို ကျွန်တော်စိတ်စွဲမှတ်ထားခဲ့ပြီး ယေဟောဝါအတွက် ကိုယ်ကျိုးစွန့်တဲ့နေရာမှာ အဖေ့ရဲ့ပုံသက်သေကို လိုက်လျှောက်နိုင်ခဲ့ပါပြီ။
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ခရီစ်တော့စ်– ယေဟောဝါအပေါ် ကျွန်တော့်မိဘတွေရဲ့ စိုးလ်အကြွင်းမဲ့သစ္စာစောင့်သိမှုနဲ့ သူတို့ရဲ့မိဘတာဝန်ကျေပွန်ခဲ့တာတွေကို ကျွန်တော်အရမ်းကျေးဇူးတင်လေးမြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မိသားစုလိုက် အမှုဆောင်တာကအစ အားလပ်ခွင့်ယူတာအဆုံး အစစအရာရာအားလုံး အတူတူလုပ်ဆောင်ခဲ့ကြတယ်။ ကျွန်တော့်မိဘတွေဟာ တခြားအရာအတော်များများမှာ ပါဝင်နိုင်ခဲ့ကြပေမဲ့ သူတို့ရဲ့အသက်တာကို ရိုးရိုးရှင်းရှင်းထားပြီး ခရစ်ယာန်ဓမ္မအမှုမှာ အာရုံစိုက်ခဲ့ကြတယ်။ အခုဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ အပြည့်အဝကျွန်တော်ပါဝင်တဲ့အခါ တကယ့်ကိုပျော်ရွှင်တယ်ဆိုတာ သိပါတယ်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဂရက်ဂိုရီ– ကျွန်တော့်အခြေအနေကို ပြန်ဝေဖန်သုံးသပ်ပြီး အချိန်ပြည့်လုပ်ငန်းတော်ကိုစတင်ဖို့၊ ကျွန်တော့်ရဲ့စိုးရိမ်ကြောက်ရွံ့မှုတွေကို ဘေးဖယ်လိုက်ဖို့နဲ့ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ တိုးချဲ့ပြီးအပြည့်အဝပါဝင်ဖို့ ကျွန်တော့်ကိုလှုံ့ဆော်ပေးခဲ့တာက မိဘတွေရဲ့အားပေးစကားတွေထက် သူတို့ရဲ့ပုံသက်သေနဲ့ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ သူတို့ရဲ့ပျော်ရွှင်မှုကို တွေ့ မြင်ခဲ့ရလို့ပဲဖြစ်တယ်။ ကိုယ်တိုင်ကြိုးစားအားထုတ်လို့ ရရှိတဲ့ရွှင်လန်းမှုအတွက် ကျွန်တော့်မိဘတွေကို ကျေးဇူးတင်ပါတယ်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
တူလာ– ကျွန်မတို့ပိုင်ဆိုင်နိုင်တာတွေထဲမှာ ယေဟောဝါနဲ့ကျွန်မတို့ရဲ့ဆက်ဆံရေးဟာ တန်ဖိုးအရှိဆုံးဖြစ်ပြီး ကျွန်မတို့ရဲ့အကောင်းဆုံးတွေကို ယေဟောဝါထံ ပေးဆပ်ခြင်းကသာ တကယ်ပျော်ရွှင်နိုင်တဲ့ နည်းတစ်နည်းပဲဆိုတာကို မိဘတွေက အမြဲတမ်းအလေးထားပြောပြခဲ့တယ်။ သူတို့ကြောင့် ယေဟောဝါဟာ ကျွန်မတို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်လာခဲ့တာ။ ယေဟောဝါကို ပျော်ရွှင်စေဖို့ သမီးတို့အတတ်နိုင်ဆုံးကြိုးစားခဲ့တာကိုသိရှိပြီး ကြည်လင်တဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်နဲ့ ညအိပ်ရာဝင်နိုင်တာဟာ မဖော်ပြနိုင်လောက်တဲ့ပျော်ရွှင်မှုတစ်ခုဖြစ်တယ်လို့ အဖေက မကြာခဏပြောပြတတ်တယ်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဂရိနိုင်ငံတွင် ကျွန်တော်စစ်သားဖြစ်ခဲ့ချိန် ၁၉၅၁ ခုနှစ်က
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၆၆ ခုနှစ်တွင် အဲကာတရီနီနဲ့အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၉၆ ခုနှစ်တွင် ကျွန်တော့်မိသားစု– (လက်ဝဲမှလက်ယာ၊ နောက်သို့) ဂရက်ဂိုရီ၊ ခရီစ်တော့စ်၊ တူလာ; (ရှေ့) လာကီးစ်၊ အဲကာတရီနီနှင့် ကျွန်တော်