သူတို့တွင် အဘယ်ကြောင့် ကလေးမရှိသနည်း
သူတို့တွင် အဘယ်ကြောင့် ကလေးမရှိသနည်း
မောင်နှံစုံတစ်စုံဖြစ်သည့် ဒိလီနှင့်ဖိုလာ *တို့သည် နိုင်ဂျီးရီးယားရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးတွင် နေထိုင်ကြပြီး ထိုတွင်အမှုဆောင်ကြသည်။ ထိုတွင်အမှုစဆောင်၍ မကြာမီအချိန်တွင် ဖိုလာ၏မိခင်သည် အလည်အပတ်ရောက်လာသည်။ သူ့အတွက် အိပ်မရနိုင်သည့်ညများရှိစေသော ကိစ္စတစ်ရပ်ကိုဆွေးနွေးရန် ခရီးဝေးမှလာခဲ့ခြင်းဖြစ်သည်။
“မင်းတို့ ငါ့အတွက် တကယ်ကောင်းတာတွေ လုပ်ပေးတယ်။ လက်ဆောင်တွေပို့ပေးပြီး ငါ့ဆီကို လာလည်ကြတယ်။ ဒီလိုမေတ္တာပြတာတွေကို ငါအရမ်းတန်ဖိုးထားတယ်။ ဒါပေမဲ့ မင်းတို့ ငါ့အသက်အရွယ်ရောက်လာတဲ့အခါ မင်းတို့အတွက် ဘယ်သူက ဒီလိုလုပ်ပေးမှာလဲဆိုတာကို ငါအမြဲတွေးပူနေရတယ်။ အခုမင်းတို့လက်ထပ်တာ နှစ်နှစ်ရှိနေပြီ၊ မင်းတို့မှာကလေးလည်းမရှိဘူး။ ဗေသလကထွက်ပြီး မိသားစုတစ်ခု တည်ထောင်ဖို့အချိန်တန်ပြီလို့ မထင်ဘူးလား” ဟုသူတို့ကိုပြောခဲ့သည်။
မိခင်ဖြစ်သူက ဤသို့တွေးတောခဲ့သည်– ဒိလီနှင့်ဖိုလာတို့သည် ဗေသလတွင်နေချိန် လုံလောက်ပြီ။ ယခု သူတို့၏အနာဂတ်အတွက် စဉ်းစားရန်အချိန်တန်ပြီ။ သူတို့အလုပ်ကို လုပ်ဆောင်နိုင်သည့် အခြားသူများ အမှန်ပင်ရှိမည်။ ဒိလီနှင့်ဖိုလာတို့သည် အချိန်ပြည့်အမှုဆောင်ခြင်းကို စွန့်လွှတ်စရာမလိုပါ၊ သို့သော် ကလေးယူပြီး မိဘဘဝ၏ပျော်ရွှင်မှုကိုခံစားစေမည့် အခြားအမှုဆောင်ခြင်းလုပ်ငန်းတစ်ရပ်တွင် ပါဝင်နိုင်သည်။
မိခင်၏စိုးရိမ်ပူပန်မှု
မိခင်၏စိုးရိမ်မှုကို နားလည်နိုင်ပါသည်။ ယဉ်ကျေးမှုနှင့် ကာလအချိန်တိုင်း၌ ကလေးယူလိုသည့်ဆန္ဒသည် ဓမ္မတာပင်ဖြစ်သည်။ သားသမီးမွေးဖွားခြင်းသည် ရွှင်လန်းမှုနှင့် မျှော်လင့်ခြင်းဆိုင်ရာ ပြင်းပြသောခံစားချက်ကို ဖြစ်ပေါ်စေသည်။ “ဖွားမြင်သောသားသမီးတို့သည် . . . ဆု” ဖြစ်၏ဟုကျမ်းစာဆိုသည်။ မှန်ပါသည်၊ ကလေးမွေးနိုင်ခြင်းသည် ကျွန်ုပ်တို့၏မေတ္တာရှင်ဖန်ဆင်းသခင်ထံမှ အဖိုးထိုက်သောဆုဖြစ်သည်။—ဆာလံ ၁၂၇:၃။
လူ့အဖွဲ့အစည်းများစွာတွင် အိမ်ထောင်သည်စုံတွဲများသည် သားသမီးယူရန် ကြီးစွာသောလူမှုရေးဖိအား ရင်ဆိုင်ရကြသည်။ ဥပမာ၊ နိုင်ဂျီးရီးယားတွင် ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးသည် ကလေးခြောက်ယောက်မွေးဖွားရာ မင်္ဂလာဆောင်ပွဲများ၌ ဆန္ဒမွန်ပြုသူများသည် ကြင်စဦးဇနီးမောင်နှံတို့ကို အများအားဖြင့်ဤသို့ပြောလေ့ရှိသည်– “အခုအချိန်ကနေ နောက်ကိုးလရောက်တဲ့အခါ မင်းတို့အိမ်မှာ ကလေးငိုသံကြားရမယ်လို့ မျှော်လင့်ပါတယ်။” မင်္ဂလာလက်ဖွဲ့အဖြစ် ကလေးပုခက်ကို သတို့သမီး၊ သတို့သားတို့ရလေ့ရှိသည်။ ယောက္ခမများသည် ပြက္ခဒိန်ကို ဂရုစိုက်ကြည့်တတ်သည်။ သတို့သမီးသည် တစ်နှစ်အတွင်း သို့မဟုတ် တစ်နှစ်ကျော်အထိ ကိုယ်ဝန်မရှိသေးလျှင် သူတို့ကူညီဖြေရှင်းနိုင်မည့် ပြဿနာတစ်ခုခုရှိမရှိ စစ်ဆေးမေးမြန်းတော့သည်။
စုံတွဲတစ်တွဲ အိမ်ထောင်ပြုခြင်းမှာ ကလေးမွေးပြီး မိသားစုအမျိုးအနွယ်ကိုဆက်ရန်အတွက်ဖြစ်သည်ဟု မိခင်အများက ယူမှတ်ထားကြသည်။ ဖိုလာ၏မိခင်က “ကလေးမယူဘူးဆိုရင် ဘာဖြစ်လို့အိမ်ထောင်ပြုတာလဲ။ မင်းကို မွေးခဲ့ရတဲ့သူရှိသလို မင်းလည်း မင်းရဲ့ကလေးမွေးဖို့သင့်တယ်” ဟုသူ့ကိုပြောခဲ့သည်။
၎င်းအပြင် ဆင်ခြင်သုံးသပ်စရာ လက်တွေ့ကျအကြောင်းပြချက်များရှိပါသည်။ အာဖရိကနိုင်ငံများစွာတွင် အသက်ကြီးသူများကိုစောင့်ရှောက်ကြည့်ရှုရန် အစိုးရအစီအစဉ်မရှိသလောက်ပင်။ သားသမီးများငယ်စဉ်က မိဘများသည် သူတို့ကိုကြည့်ရှုပြုစုပေးခဲ့ကြရသကဲ့သို့ မိဘများ အသက်ကြီးသောအခါ သူတို့ကို ကလေးများက ကြည့်ရှုစောင့်ရှောက်ရသည့် ထုံးတမ်းစဉ်လာရှိသည်။ ထို့ကြောင့် ဖိုလာ၏မိခင်က သူ၏ကလေးများတွင် သားသမီးရင်းချာမရှိခဲ့ပါက နောက်ပိုင်းနှစ်များတွင် အထီးကျန်ကာ ချစ်ခံရမည်မဟုတ်ဘဲ ဆင်းရဲမွဲတေပြီး သေသည့်အခါတွင် သင်္ဂြိုဟ်ပေးမည့်သူပင်မရှိ ဖြစ်နိုင်သည်ဟု တွေးတောဆင်ခြင်ခဲ့ခြင်းဖြစ်သည်။
အာဖရိကတစ်လျှောက်တွင် ကလေးမရှိခြင်းသည် ကျိန်စာသင့်ခြင်းဖြစ်သည်ဟု ယူမှတ်လေ့ရှိသည်။ အချို့ဒေသများတွင် အမျိုးသမီးများသည် လက်မထပ်မီပင် သူတို့၏ကလေးမွေးဖွားနိုင်စွမ်းကို သက်
သေပြရကြသည်။ ကိုယ်ဝန်ဆောင်နိုင်စွမ်းမရှိသော အမျိုးသမီးများစွာသည် မြုံနေသည့်သူတို့၏အခြေအနေကို ကြိုးစားပြုပြင်ရန် ဆေးဝါးများကို အပူတပြင်းရှာဖွေတတ်ကြသည်။ဤသဘောထားများကြောင့် တမင်တကာ ကလေးမယူကြသည့် အိမ်ထောင်သည်စုံတွဲများသည် သူတို့ကိုယ်သူတို့ ကောင်းကျိုးမပြုသူများဟု ယူမှတ်ခံရကြသည်။ သူတို့သည် လူ့ခွစာ၊ အမြော်အမြင်ကင်းမဲ့၍ သနားဖွယ်ကောင်းသူများအဖြစ် ရှုမြင်ခံရလေ့ရှိကြသည်။
ရွှင်လန်းမှုနှင့် တာဝန်
သားသမီးပြုစုပျိုးထောင်ခြင်းသည် ပျော်ရွှင်ဖွယ်ဖြစ်ပြီး တာဝန်လည်းဖြစ်ကြောင်းကို ယေဟောဝါ၏လူမျိုး အသိအမှတ်ပြုကြပါသည်။ သမ္မာကျမ်းစာက ၁ တိမောသေ ၅:၈ တွင် ဤသို့ဆိုထားသည်– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူ မည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”
မိဘများသည် မိမိတို့မိသားစု၏ ကာယရေးရော ဝိညာဉ်ရေးအတွက်ကိုပါ စီမံပေးရမည်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှု အတော်အတန်လိုအပ်သည်။ သားသမီးများကို ဘုရားသခင်ပေးသောကြောင့် သူတို့ကို ဘုရားသခင်စောင့်ရှောက်ဖို့ဖြစ်သည်ဟူသော သဘောထား သူတို့တွင်မရှိကြပါ။ ကျမ်းစာမူအရ သားသမီးပြုစုပျိုးထောင်ခြင်းသည် မိဘများကို ဘုရားသခင်ပေးအပ်ထားသည့် အချိန်ပြည့်တာဝန်တစ်ခုဖြစ်သည်; အခြားသူများကို လွှဲအပ်သင့်သည့်တာဝန်မဟုတ်ကြောင်း သူတို့သိထားကြသည်။—တရားဟောရာ ၆:၆၊ ၇။
သားသမီးပြုစုပျိုးထောင်ခြင်းတာဝန်သည် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” ဖြစ်သည့် ဤ “နောက်ဆုံးသောနေ့ရက်များ” တွင် အထူးသဖြင့်ခက်ခဲသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) စီးပွားရေးအခြေအနေ ဆုတ်ယုတ်လာမှုအပြင် လူ့အဖွဲ့အစည်းတွင် ဘုရားတရားမဲ့မှုများ တိုးများလာခြင်းက ယနေ့ သားသမီးပြုစုပျိုးထောင်ခြင်းအတွက် စိန်ခေါ်ချက်များ တိုးများလာစေသည်။ သို့တိုင် ကမ္ဘာတစ်ဝန်းတွင် ခရစ်ယာန်စုံတွဲမြောက်မြားစွာသည် ဤစိန်ခေါ်ချက်ကိုလက်ခံခဲ့ကြပြီး “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ” ဘုရားသခင်ဝတ်၌မွေ့လျော်သည့်ကလေးများကို အောင်မြင်စွာပြုစုပျိုးထောင်နေကြသည်။ (ဧဖက် ၆:၄၊ ကဘ) ယေဟောဝါသည် ထိုမိဘများ၏ကြိုးစားအားထုတ်မှုကို မြတ်နိုးပြီး ကောင်းချီးပေးပါသည်။
အချို့ အဘယ်ကြောင့်သားသမီးမယူကြကြောင်း
အခြားတစ်ဖက်တွင်မူ ခရစ်ယာန်စုံတွဲများစွာတွင် ကလေးမရှိကြပါ။ အချို့မှာ သားသမီးမထွန်းကားသည့်တိုင် သားသမီးမမွေးစားကြပါ။ သားသမီးမွေးဖွားနိုင်စွမ်းရှိသော အခြားသူများမူကား ကလေးမယူရန် စိတ်ဆုံးဖြတ်ထားကြသည်။ ထိုကဲ့သို့သော စုံတွဲများသည် တာဝန်ရှောင်လို၍ သို့မဟုတ် မိဘဖြစ်ခြင်း၏ စိန်ခေါ်ချက်များကိုလက်ခံရမည်ကို စိုးရိမ်သောကြောင့် ကလေးမယူခြင်းမဟုတ်ပါ။ ယင်းအစား သားသမီးပြုစုပျိုးထောင်ခြင်းက သူတို့ကို လုပ်ဆောင်နိုင်စေမည်မဟုတ်သည့် အချိန်ပြည့်ဓမ္မအမှုကို အပြည့်အဝအာရုံစိုက်ရန် စိတ်ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်သည်။ အချို့သည် ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်နေကြသည်။ အခြားသူများမှာမူ နယ်လှည့်လုပ်ငန်း သို့မဟုတ် ဗေသလတွင် ယေဟောဝါ၏အမှုတော်ကို ဆောင်ရွက်နေကြသည်။
ခရစ်ယာန်အားလုံးနည်းတူ အရေးတကြီးလုပ်ဆောင်ရမည့်အလုပ်ရှိသည်ကို သူတို့အသိအမှတ်ပြုကြသည်။ ယေရှုကဤသို့ဆိုခဲ့သည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” ဤလုပ်ငန်းကို ယနေ့လုပ်ဆောင်လျက်ရှိသည်။ “အဆုံး” သည် သတင်းကောင်းကို လက်မခံသူများ ဖျက်ဆီးခံရမည့်အချိန်ဖြစ်သောကြောင့် ယင်းသည် အရေးကြီးသောလုပ်ငန်းဖြစ်သည်။—မဿဲ ၂၄:၁၄; ၂ သက်သာလောနိတ် ၁:၇၊ ၈။
ကျွန်ုပ်တို့၏အချိန်ကာလသည် နောဧနှင့် သူ့မိသားစုကို ရေလွှမ်းမိုးဘေးကြီးမှကယ်နုတ်ပေးရန် ဧရာမသင်္ဘောကြီး ဆောက်လုပ်ခဲ့ရသော အချိန်နှင့် ဆင်တူပါသည်။ (ကမ္ဘာဦး ၆:၁၃-၁၆; မဿဲ ၂၄:၃၇) နောဧ၏သားသုံးယောက်စလုံးသည် အိမ်ထောင်သည်များဖြစ်ကြသော်လည်း ရေလွှမ်းမိုးဘေးပြီးသည်အထိ ကလေးမရှိခဲ့ကြပါ။ အကြောင်းတစ်ကြောင်းမှာ ထိုစုံတွဲများ လတ်တလောလုပ်ဆောင်ရသောအလုပ်၌ သူတို့အာရုံနှင့် ခွန်အားကို အပြည့်အဝစိုက်ထုတ်လိုခဲ့၍ဖြစ်ပေမည်။ နောက်တစ်ကြောင်းမှာ “စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိ” သည့်ယုတ်ညံ့ပြီး အကြမ်းဖက်သော လောကကြီးထဲသို့ ကလေးများကို မမွေးဖွားလာစေလို၍ဖြစ်ပေမည်။—ကမ္ဘာဦး ၆:၅။
ယင်းကြောင့် ယနေ့ ကလေးမွေးဖွားခြင်းကို မှားသည်ဟု ဆိုလိုနေခြင်းမဟုတ်သော်လည်း ယေဟောဝါက မိမိ၏လူမျိုးကို အပ်နှင်းထားသည့် အရေးတကြီးလုပ်ငန်းတွင် ခရစ်ယာန်မောင်နှံစုံများစွာသည် အချိန်ပြည့်ပါဝင်နိုင်ရန် ကလေးမယူကြခြင်းဖြစ်သည်။ အချို့စုံတွဲများသည် အတန်ကြာကာလ ကလေးမယူဘဲနေခဲ့ကြသည်; အခြားသူများမှာမူ ကလေးလုံးဝမယူဖို့ စိတ်ဆုံးဖြတ်ခဲ့ကြပြီး ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် သားသမီးမွေးဖွားခြင်းအခွင့်ကို စိတ်ဝင်စားကြသည်။ ယင်းသည် အမြော်အမြင်ကင်းမဲ့ရာကျသလော။ သူတို့သည် ဘဝရှုံးသူများ ဖြစ်ကြသလော။ သနားစဖွယ်ကောင်းသူများလော။
လုံခြုံပြီး ပျော်ရွှင်သောဘဝအသက်တာများ
အစပိုင်းတွင်ဖော်ပြခဲ့သည့် ဒိလီနှင့်ဖိုလာတို့သည် ယခုအိမ်ထောင်သက် ဆယ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ကလေးမယူရန် ဆက်၍ဆုံးဖြတ်
ထားကြသည်။ “ကျွန်တော်တို့ရဲ့ဆွေမျိုးတွေက ကလေးယူဖို့ တိုက်တွန်းတုန်းပဲ” ဟုဒိလီပြောပြသည်။ “သူတို့ အဓိကပူပန်ပေးတာက ကျွန်တော်တို့ရဲ့ အနာဂတ်လုံခြုံရေးအတွက်ပါ။ သူတို့ရဲ့ထောက်ထားစာနာမှုကို ကျေးဇူးတင်တယ်လို့ ကျွန်တော်တို့ အမြဲပြောပြတဲ့အပြင် ကျွန်တော်တို့အလုပ်ထဲမှာ တကယ့်ကိုပျော်ရွှင်နေကြပါတယ်လို့ လိမ္မာပါးနပ်စွာနဲ့ ရှင်းပြကြရတယ်။ လုံခြုံမှုနဲ့ပတ်သက်ပြီး သစ္စာစောင့်သိတဲ့သူအားလုံးရဲ့ အကျိုးကိုလိုလားတဲ့ ယေဟောဝါအပေါ် ကျွန်တော်တို့ယုံကြည်စိတ်ချနေတဲ့အကြောင်း ပြောပြတယ်။ နောက်တော့လည်း သားသမီးရှိလို့ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ပြုစုစောင့်ရှောက်မှု တကယ်ရလိမ့်မယ်လို့ အာမ,မခံနိုင်တဲ့အကြောင်းကိုလည်း ထည့်ရှင်းပြပေးတယ်။ တချို့ဟာ မိဘတွေကို ဂရုမစိုက်ကြဘူး၊ တခြားသူတွေကျတော့ မကူညီနိုင်ကြဘူး၊ တချို့ဆိုရင် မိဘတွေမသေခင် သေဆုံးသွားတတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အနာဂတ်ကျတော့ ယေဟောဝါကြောင့် သေချာပေါက် စိတ်ချရတယ်။”ဒိလီနှင့် သူ့ကဲ့သို့သော အခြားသူများသည် သစ္စာရှိကျေးကျွန်များအား ယေဟောဝါပေးသော ဤကတိတော်ကို ယုံကြည်စိတ်ချကြသည်– “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား။” (ဟေဗြဲ ၁၃:၅) “ထာဝရဘုရားသည် မကယ်တင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်” ကြောင်းကိုလည်း သူတို့ယုံကြည်ကြသည်။—ဟေရှာယ ၅၉:၁။
ယုံကြည်စိတ်ချရသည့် အခြားအကြောင်းတစ်ခုမှာ မိမိ၏သစ္စာရှိကျေးကျွန်များကို ယေဟောဝါထောက်ပံ့ကူညီပေးပုံကို တွေ့မြင်ရ၍ဖြစ်သည်။ ဘုရင်ဒါဝိဒ်က ဤသို့ရေးခဲ့သည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း . . . ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။” စဉ်းစားကြည့်ပါ။ လုံးလုံး “စွန့်ပစ်ခြင်းကိုခံ” ရသည့် ယေဟောဝါ၏ သစ္စာရှိကျေးကျွန်တစ်ဦးဦးကို သင်သိပါသလော။—ဆာလံ ၃၇:၂၅။
နောက်ကြောင်းကို ဝမ်းနည်းစွာ ပြန်ကြည့်ကြမည့်အစား ယေဟောဝါ၏အမှုတော်နှင့် ခရစ်ယာန်ချင်းတို့အတွက် အမှုဆောင်ခြင်းတွင် မိမိတို့၏ဘဝအသက်တာကို နှစ်မြှုပ်ခဲ့ကြသူများသည် ကျေနပ်မှုဖြင့် ပြန်စဉ်းစားကြသည်။ ညီအစ်ကိုအီးရိုး ယူးမားသည် အချိန်ပြည့်လုပ်ငန်းတွင် ၄၅ နှစ်တိုင်ပါဝင်ခဲ့ပြီး ယခု နိုင်ဂျီးရီးယားတွင် နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုဆောင်နေသည်။ သူကဤသို့ပြောပြသည်– “ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်မှာ ကလေးမရှိပေမဲ့ ယေဟောဝါဟာ ကျွန်တော်တို့ကို ကာယရေးရော ဝိညာဉ်ရေးပါ အမြဲကြည့်ရှုစောင့်ရှောက်တယ်ဆိုတာကို စိတ်ထဲစွဲမှတ်ထားကြတယ်။ ကျွန်တော်တို့ လိုလေသေးမရှိဘူး။ ကျွန်တော်တို့အသက်ကြီးလာတဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော်စွန့်ပစ်မှာမဟုတ်ဘူး။ အချိန်ပြည့်လုပ်ငန်းမှာပါဝင်ခဲ့တဲ့နှစ်တွေဟာ ကျွန်တော်တို့ရဲ့အသက်တာမှာ အပျော်ဆုံးအချိန်ပဲ။ ညီအစ်ကိုတွေအတွက် အမှုဆောင်နိုင်တာကို ကျွန်တော်တို့ကျေးဇူးတင်တယ်၊ ညီအစ်ကိုတွေကလည်း ကျွန်တော်တို့ရဲ့အလုပ်ကို တန်ဖိုးထားလေးမြတ်ကြပြီး ကျွန်တော်တို့ကိုကူညီပေးကြတယ်။”
စုံတွဲများစွာတွင် သွေးသားရင်းချာသားသမီးများ မရှိကြသော်လည်း အခြားနည်းဖြင့် သားသမီးများ—ယေဟောဝါကိုဝတ်ပြုကိုးကွယ်သည့် ခရစ်ယာန်တပည့်တော်များ—မွေးခဲ့ကြပါသည်။ တမန်တော်ယောဟန်သည် အသက် ၁၀၀ ခန့်အရွယ်တွင် ဤသို့ရေးခဲ့သည်– “ငါ၏သားသမီးတို့သည် [အမှန်] တရား၌ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။” (၃ ယောဟန် ၄) ယောဟန်၏ “သားသမီးတို့”—‘အမှန်တရား’ သို့သူပို့ဆောင်ပေးခဲ့သူများ—၏သစ္စာတည်ကြည်မှုသည် သူ့ကိုအလွန်ဝမ်းမြောက်စေခဲ့သည်။
ယနေ့လည်း ထပ်တူဝမ်းမြောက်မှုမျိုး များစွာရှိသည်။ နိုင်ဂျီးရီးယားသူ ဘာနီးစ်သည် အိမ်ထောင်သက် ၁၉ နှစ်ရှိပြီဖြစ်ပြီး ကလေးမယူဖို့ ရွေးချယ်ခဲ့သည်။ သူသည် လွန်ခဲ့သည့် ၁၄ နှစ်လုံးလုံး ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။ သားသမီးမွေးဖွားနိုင်စွမ်းမရှိတော့သည့် အချိန်နီးလာစဉ် သူ၏အသက်တာကို တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မြှုပ်နှံခဲ့ခြင်းကြောင့် နောင်တမရပါ။ သူကဤသို့ပြောပြသည်– “ကျွန်မရဲ့ဝိညာဉ်ရေးသားသမီးတွေ ကြီးပြင်းလာတာကိုတွေ့ရတာ ကျွန်မဝမ်းသာတယ်။ ကျွန်မမှာကလေးအရင်းရှိခဲ့ရင်တောင် သူတို့ဟာ အမှန်တရားသိရှိအောင် ကျွန်မကူညီပေးခဲ့ရတဲ့သူတွေထက် ကျွန်မနဲ့ပိုပြီးရင်းနှီးမှာမဟုတ်ဘူးထင်တယ်။ ကျွန်မကို အမေအရင်းလိုပဲ သူတို့ဆက်ဆံကြတယ်၊ သူတို့ရဲ့ပျော်စရာတွေ၊ ပြဿနာတွေကို ကျွန်မနဲ့ဆွေးနွေးကြပြီး အကြံဉာဏ်တွေတောင်းကြတယ်။ သူတို့စာတွေရေးကြပြီး အချင်းချင်းဆီ ကျွန်မတို့လည်ပတ်ကြတယ်။
“တချို့သူတွေက သားသမီးအရင်းမရှိတာကို အကျိန်ခံရလို့ဆိုပြီး ယူမှတ်ကြတယ်။ အသက်ကြီးတဲ့အခါ ခံရလိမ့်မယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲ့ဒီလိုသဘောမထားဘူး။ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်နေသ၍ ကျွန်မကို ဘုရားသခင်ဆုချပြီး စောင့်ရှောက်လိမ့်မယ်ဆိုတာကို ကျွန်မစိတ်ချတယ်။ ကျွန်မအသက်ကြီးလာတဲ့အခါ ဘယ်တော့မှ ပစ်ထားခံရမှာမဟုတ်ဘူး။”
ဘုရားသခင်၏ချစ်မြတ်နိုးမှုနှင့် တန်ဖိုးထားမှုကိုခံရ
ကလေးရပြီး သားသမီးများကို “[အမှန်] တရား၌ကျင်လည်” ရအောင်ကျွေးမွေးပြုစုနိုင်ခဲ့သူများသည် ကျေးဇူးတင်စရာများစွာရှိသည်။ ထိုကြောင့် ကျမ်းစာက ဤသို့ပြောရခြင်းမှာ အံ့ဩစရာမဟုတ်ပါ– “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖြစ်ပွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ သင်၏မိဘတို့သည် ဝမ်းမြောက်၍ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်”!—သု. ၂၃:၂၄၊ ၂၅။
လောကထဲသို့ သားသမီးမွေးဖွားခြင်းမှရသော ရွှင်လန်းမှုကိုမခံစားခဲ့ကြရသည့် ခရစ်ယာန်များသည် အခြားနည်းလမ်းများဖြင့်
ကောင်းချီးခံစားခဲ့ရကြပြီ။ ထိုစုံတွဲများစွာသည် ကြီးမားသောနည်းလမ်းများဖြင့် ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားတိုးများရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ သူတို့သည် နှစ်များတစ်လျှောက် အတွေ့အကြုံ၊ ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများရရှိခဲ့ကြပြီဖြစ်၍ ၎င်းတို့ဖြင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအတွက် များစွာအထောက်အကူပြုခဲ့ပြီ။ သူတို့မှများစွာသည် လုပ်ငန်းတော်၏ရှေ့တန်းတွင် အမှုဆောင်နေကြသည်။သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ကလေးမယူဘဲနေခဲ့ကြသော်လည်း သူတို့အနစ်နာခံပြုလုပ်ခဲ့သမျှကို အလွန်တန်ဖိုးထားလေးမြတ်သည့် မေတ္တာပြည့်ဝသော ဝိညာဉ်ရေးမိသားစုဖြင့် သူတို့ကို ယေဟောဝါကောင်းချီးပေးထားပါသည်။ ယေရှုပြောသကဲ့သို့ပင်ဖြစ်သည်– “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏ [စာသားအရ၊ “စွန့်လွှတ်၏”]၊ ထိုသူသည် အဆတစ်ရာသောအကျိုးတည်းဟူသော ယခုကာလ၌ . . . အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။”—မာကု ၁၀:၂၉၊ ၃၀။
သစ္စာရှိသူအားလုံးသည် ယေဟောဝါအတွက် အဖိုးထိုက်လှပေသည်! ကလေးရှိသောသူနှင့် ကလေးမရှိသော ထိုကဲ့သို့သော သစ္စာစောင့်သိသူအားလုံးသည် တမန်တော်ပေါလု၏ ဤစကားများကို စိတ်ချနိုင်ကြပါသည်– “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 နာမည်များကို ပြောင်းထားသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သားသမီးမရှိသောစုံတွဲများသည် မေတ္တာပြည့်ဝသော ဝိညာဉ်ရေးမိသားစုဖြင့် ကောင်းချီးခံစားကြရ