အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်ကင်းမဲ့နေသနည်း
အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်ကင်းမဲ့နေသနည်း
“ဘာသာရေးနှင့် လောကရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ တည်ရှိနေသောအခွင့်အာဏာအပေါ် ကမ္ဘာချီဖီဆန်တော်လှန်မှုကို နောက်ဆုံး ဆယ်စုနှစ်၏ထူးခြားသောဖြစ်ရပ်အဖြစ် တစ်နေ့နေ့တွင် မှတ်တမ်းတင်ခံရမည်မှာ သေချာသည်။”
သမိုင်းပညာရှင်နှင့် ဒဿနိကဗေဒပညာရှင် ဟန်နာအာရန်တ် ရည်ညွှန်းခဲ့သည့် အထက်တွင်ဖော်ပြထားသည့် ဆယ်စုနှစ်ဖြစ်သော ၁၉၆၀ ပြည့်လွန်နှစ်များမှ နှစ်ချီ၍ကုန်လွန်ခဲ့ပြီ။ ယနေ့ အခွင့်အာဏာအပေါ် မလေးစားမှုဒီရေလှိုင်းလုံးကြီးသည် တစ်ခါနှင့်မျှမတူအောင် တက်လာလျက်ရှိသည်။
ဥပမာ၊ လန်ဒန်မှ သည်တိုင်းမ်တွင် မကြာသေးမီက ဤသို့ဖော်ပြသည်– “မိဘအချို့သည် မိမိတို့၏ကလေးများအပေါ် ဆရာသမား၏အခွင့်အာဏာကိုလက်ခံရန် ငြင်းဆန်ကြပြီး သူတို့၏ကလေးကို ကြိုးစားပဲ့ပြင်ဆုံးမသောအခါ သူတို့က ပြစ်တင်ပြောဆိုကြ၏။” သူတို့၏ကလေးများ ကျောင်း၌ စည်းကမ်းကြပ်မတ်ခံရသောအခါ မကြာခဏပင် မိဘတို့သည် ဆရာများကို ခြိမ်းခြောက်ရန်မျှမဟုတ်ဘဲ ရန်မူတိုက်ခိုက်ရန် လာခဲ့ကြသည်။
ဗြိတိန်နိုင်ငံမှ အမျိုးသားကျောင်းအုပ်အသင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဤသို့ပြောကြောင်း ကိုးကားဖော်ပြ၏– “လူအများစုက ‘ငါ့မှာတာဝန်ရှိသည်’ ဟုပြောဆိုမည့်အစား ‘ငါမှာ လုပ်ပိုင်ခွင့်ရှိသည်’ ဟု ဆိုတတ်ကြသည်။” မိမိတို့၏သားသမီးအား အခွင့်အာဏာအပေါ် လေးစားမှုတိုးများလာစေခြင်းကို သွန်သင်ပေးဖို့ပျက်ကွက်သည်သာမက အချို့မိဘတို့သည် သူတို့၏ကလေးငယ်တို့ကို တည့်မတ်ပေးခြင်းမရှိ၊ အခြားသူတို့က တည့်မတ်ပေးခြင်းကိုလည်း လက်မခံကြချေ။ မိမိတို့၏ “လုပ်ပိုင်ခွင့်များ” ဟုဆိုနေကြသော ကလေးများသည် မိဘနှင့် ဆရာသမားနှစ်ဦးစလုံး၏ အခွင့်အာဏာကို မထီမဲ့မြင်ပြုခွင့်ရကြရာ ကြိုတင်ခန့်မှန်းနိုင်သည့်အကျိုးဆက်မှာ “အခွင့်အာဏာအပေါ်လေးစားမှုမရှိ၊ အမှားအမှန်ကိုမခွဲခြားနိုင်သော မျိုးဆက်သစ်တစ်ခုဖြစ်၏” ဟူ၍ ပင်တိုင်ဆောင်းပါးရှင် မာဂရက်ဒရစ္စကိုလ်က ရေးသားခဲ့သည်။
တိုင်းမ်မဂ္ဂဇင်းမှ “ပျက်စီးသွားသောလူမျိုးဆက်” ဆောင်းပါးတွင် ရုရှားလူငယ်များစွာ၏ စိတ်ဓာတ်ကျမှုကို ထိပ်တန်းရက်ပ်ဂီတသမားတစ်ဦး ပြောဆိုခဲ့သည့် ဤစကားဖြင့်အတိအကျဖော်ပြခဲ့သည်– “ဘယ်အရာမှ တာရှည်မတည်မြဲ၊ ဘယ်အရာမှ မျှတမှုမရှိတဲ့ ဒီကမ္ဘာကြီးထဲမှာ မွေးဖွားလာတဲ့ ဘယ်သူမဆိုဟာ လူ့အသင်းအပင်းကို ဘယ်လိုအယုံအကြည်ရှိနိုင်ပါ့မလဲ။” လူမှုရေးပညာရှင် မစ်ကယ်လ် တိုပါလိုဗ်က ဤစကားကိုသဘောတူညီခဲ့သည်– “ဤလူငယ်များသည် မိုက်မဲကြသည်မဟုတ်ပါ။ သူတို့၏မိဘများသည် အစိုးရ၏လိမ်လည်လှည့်ဖြားခံခဲ့ရသည်ကို တွေ့မြင်ကြ၏၊ သူတို့စုဆောင်းထားသမျှနှင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရခြင်းကို တွေ့ဖူးကြပြီ။ အခွင့်အာဏာရှိသူတို့အပေါ် လေးစားမှုကို သူတို့ထံမှ မျှော်လင့်နိုင်ပါမည်လော။”
သို့သော် အာဏာပိုင်တို့အပေါ် အယုံအကြည်ကင်းမဲ့ခြင်းမှာ လူငယ့်မျိုးနွယ်ဆက်သာဖြစ်သည်ဟု ကောက်ချက်ချပါက မှားသွားပေလိမ့်မည်။ ယနေ့ အသက်အရွယ်မရွေး လူအပေါင်းသည် မည်သည့်အာဏာပိုင်မျိုးကိုမဆို အယုံအကြည်မရှိ၊ မခန့်မညားပင်ပြုလုပ်ကြ၏။ ထိုကြောင့် မည်သည့်အခွင့်အာဏာကိုမျှ ယုံကြည်စိတ်ချ၍မရနိုင်ဟု ဆိုလိုပါသလော။ တော်မှန်လျောက်ပတ်စွာ အသုံးချမည်ဆိုလျှင် အခွင့်အာဏာသည် ကောင်းမှုအတွက်စွမ်းပကားဖြစ်နိုင်၏၊ ၎င်းအား အခြားသူတို့၏လုပ်ရပ်များကို “ထိန်းချုပ်၊ စီရင် သို့မဟုတ် တားဆီးရန် အခွင့်တန်ခိုး သို့မဟုတ် ပိုင်ဆိုင်ခွင့်” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၎င်းသည် တစ်ယောက်စီကိုလည်းကောင်း၊ အများပြည်သူကိုလည်းကောင်း အကျိုးပြုနိုင်သည်။ ထိုသို့ မည်သို့ဖြစ်နိုင်ကြောင်း နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။